Menu & Search

အနာဂတ်အတွက် ထိုးတဲ့ခေါင်းလောင်း

October 8, 2020

ကိုဗစ်-၁၉ ကမ္ဘာပေါ်ကိုရောက်ရှိလာတာ အခုဆိုရင် ၁၀ လနီးပါးရှိပါပြီ။ ကမ္ဘာအရပ်ရပ်မှာ ၁၀ လသား ကိုဗစ်-၁၉က ဒုက္ခပေးတာ အကြီးအကျယ်ပါပဲ။ ရောဂါပိုး ကူးစက်ခံရသူ ၃၁ သန်း၊ သေဆုံးသူ ၉၇၀,ဝဝဝ ကျော်နဲ့ နိုင်ငံအသီးသီးရဲ့ ကျန်းမာရေး စနစ်တွေကို အကြီးအကျယ် စိန်ခေါ်နေပါတယ်။ ကျန်းမာရေးစနစ်တခုတည်း မဟုတ်ပါဘူး။ စီးပွားရေးကိုကြည့်ပါဦး။ အမေရိကန်မှာ ပြီးခဲ့တဲ့ ဧပြီတလအတွင်း သန်း ၂၀ ကျော်သော အမေရိကန်ပြည်သူတွေ အလုပ်ပြုတ်ကုန်တယ်။ ဥရောပမှာ အလုပ်လက်မဲ့ နှုန်း ၉ ရာခိုင်နှုန်းအထိ တက်လာတယ်။ အာရှတိုက်ဟာ ၂၀၂၀ အတွက် စီးပွားရေး တိုးတက်မှု မရှိနိုင်ဘူးလို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းကြတယ်။ လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင်လည်း ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးမှာ၊ အိမ်တွင်း အကြမ်းဖက်မှုတွေရှိမှာ၊ ထိခိုက်ခံစားလွယ်သူတွေအနေနဲ့ ပိုပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှာတွေကို စိုးရိမ်လို့နေပါတယ်။ ပညာရေးဘက်မှာလည်း ၁ ဒသမ ၅ ဘီလီယံ အရေအတွက်ရှိတဲ့ ကလေးနဲ့ လူငယ်တွေဟာ ကိုဗစ်ကြောင့် ကျောင်းပြင်ပရောက် နေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မတ်လကနေ ဩဂုတ်လလယ်အထိကို ပထမလှိုင်းလို့ပြောကြပြီး ဩဂုတ်လလယ်ကနေ အခုအချိန်အထိကို ဒုတိယလှိုင်းလို့ ပြောဆိုနေကြပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံအသီးသီးခံစားနေရသလို မြန်မာပြည်ကိုလည်း ကိုဗစ်-၁၉ရဲ့ ရိုက်ခတ်မှုတွေ ရှိပါတယ်။ လူပေါင်း ၈,ဝဝဝ ကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၁၅၀ ခန့် ရှိပါပြီ။ နှစ်ပေါင်းများစွာ ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ်ကို ပြန်လည်ပြုပြင်ဆဲ ကာလဖြစ်လို့ ကျန်းမာရေးကိုရိုက်ခတ်မှုဟာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုတွေကလည်း သက်သာမယ့်အနေအထားမှာ မရှိပါဘူး။ ကမ္ဘာ့ဘဏ်က လုပ်ငန်းပေါင်း ၅၀ဝ ခန့်က ရယူခဲ့တဲ့ စစ်တမ်းတခုအရ မြန်မာနိုင်ငံမှာ မတ်လ အတွင်းမှာ ယာယီပိတ်သိမ်းလိုက်ရတဲ့လုပ်ငန်း ၁၆ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ရောင်းအားတွေ ၈၀ ရာခိုင်နှုန်းကျော် ကျသွားတယ်။ ငွေကြေးစီးဆင်းမှု မလုံလောက် တာကို စစ်တမ်းကောက်ယူခဲ့တာမှာ လုပ်ငန်းပေါင်း ၅၀ဝ ရဲ့ ထက်ဝက်ခန့်ဟာ ကြုံတွေ့ ခဲ့ရတယ်။

ဒီရောဂါပိုးဟာ ဘယ်သူမှမကြုံဖူးတဲ့ ရောဂါအသစ်ဖြစ်တာကြောင့် ဆေးပညာ ရှုထောင့်ကနေ ပိုမိုရှာဖွေစရာတွေများသလို သူ့ကြောင့် ကပ်ရောဂါအသွင် ဖြစ်လာတဲ့ အခါမှာ ကျန်းမာရေး၊ ပညာရေး၊ စီပွားရေး၊ လူ့အခွင့်အရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံ ထိခိုက်မှုနည်းအောင် ဘယ်လို အုပ်ချုပ်စီမံဆောင်ရွက်မလဲဆိုတာ ရှာဖွေနေကြဆဲပါ။ ကာကွယ်ဆေးလိုမျိုး သေချာရေရာတဲ့ဖြေရှင်းချက်မျိုး မရှိခင်အထိ ဒီရောဂါပိုးကြောင့် ကဏ္ဍပေါင်းစုံကို ရိုက်ခတ်နေမှုဟာ ရှိနေဦးမှာဖြစ်ပါတယ်။

နိုင်ငံအသီးသီးမှာ သူနဲ့သက်ဆိုင်တဲ့ နောက်ခံအသီးသီး ရှိတဲ့အတွက် တနိုင်ငံက အလုပ်ဖြစ်တဲ့ စီမံမှုပုံစံဟာ တခြားနိုင်ငံက ပုံတူကူးဖို့လည်း မဖြစ်နိုင်ပြန်ပါဘူး။ ဒါပေမဲ့ ပေါ်လစီချမှတ်သူတွေ၊ တာဝန်ရှိသူတွေဟာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာ တွေကို ကြိုတင်တွက်ချက်ထားပြီး မိမိနိုင်ငံသူ၊ နိုင်ငံသားတွေ ခံနိုင်ရည်ရှိဖို့အတွက် ပြင်ဆင်စီမံထားဖို့ လိုပါတယ်။ ကျန်းမာရေးတခုတည်းကို ဦးစားပေးတာ၊ ကျန်းမာရေး မှာလည်း ကိုဗစ်တခုတည်းကိုပဲ ဦးစားပေးတာမျိုးတွေ မလုပ်မိဖို့လိုပါတယ်။

 

ကိုဗစ်၁၉အလွန် အနာဂတ်ပြဿနာများ

နောက် ၁၈ လအတွင်း ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကမ္ဘာ့စီးပွားရေးဖိုရမ်က သုံးသပ်ထားတဲ့ အစီရင်ခံစာတခု မေလအတွင်းက ထွက်ပေါ်လာပါတယ်။ ဒီ အစီရင်ခံစာထဲမှာ စီးပွားရေးဆိုင်ရာ၊ လူမှုဘဝဆိုင်ရာ၊ ပထဝီနိုင်ငံရေးဆိုင်ရာ၊  နည်းပညာ ဆိုင်ရာတွေမှာ အန္တရာယ်ဖြစ်တန်စွမ်းရှိမှုတွေကို ကျွမ်းကျင်သူ ၃၅၀ ဦးထံကနေ သုံးသပ်ချက်တွေကို ကောက်ယူခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာ အန္တရာယ်တွေက ထိပ်ဆုံးက ပြေးနေပါတယ်။ ကြာရှည်တဲ့ စီးပွားရေးပျက်ကပ်ဆိုက်ရောက်မှာ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တန့်ပျက်သုဉ်းသွားမှာ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်နာလန်မထူမှာ အစရှိသဖြင့် ဖြစ်ပါတယ်။ လူမှုဘဝဆိုင်ရာ အန္တရာယ်တွေ ထဲမှာတော့ ဒီရောဂါပိုး ဒါမှမဟုတ် အလားသဏ္ဍာန်တူ အစုလိုက်အပြုံလိုက် ထပ်ဖြစ် မှာနဲ့ အစိုးရတွေက အရေးပေါ်အခြေအနေ အာဏာအသုံးပြုတာ၊ တနည်းအားဖြင့် လူထုလွတ်လပ်ခွင့် ဆုံးရှုံးသွားမယ့် အန္တရာယ်တွေ က စိုးရိမ်စရာ ဖြစ်လို့နေပါတယ်။

ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်တွေအနေနဲ့ ကတော့ နိုင်ငံ တနိုင်ငံနဲ့တနိုင်ငံ ကူးလူးဆက်ဆံတာ၊ ကုန်စည်စီးဆင်းတာတွေ ပိုပြီးတင်းကျပ်လာမှာ၊ ကပ်ရောဂါကိုအကြောင်းပြုပြီး ပထဝီနိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေ ဖန်တီးလာမှာ၊ နိုင်ငံတကာအကူအညီတွေ ကျဆင်းပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ အကျပ်အတည်းတွေတွေ့တာ စတာတွေ ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ ပြဿနာတွေအနေနဲ့ကတော့ နည်းပညာကို ပိုပြီး မှီခိုလာကြတဲ့အတွက် Cyberattacks တွေ၊ အင်တာနက်ကနေ လိမ်လည် တာတွေ၊ လူအင်အားမလိုဘဲ နည်းပညာနဲ့ အလုပ် လုပ်တာတွေ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။

 

ဒါတွေကို အနာဂတ်မှာ ဘယ်လိုကျော်လွှားကြမလဲ။ 

GPMB (Global Preparedness Monitoring Board) က လက်တလော ထွက်ရှိလာတဲ့ A World in Disorder က နိုင်ငံ့ခေါင်းဆောင်တွေ သတိထားရမယ့် အချက်တွေဟာ စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ ဒီအဖွဲ့ကြီးက A World at Risk ဆိုတဲ့ Report ကို ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ ထုတ်ခဲ့ပြီး ကမ္ဘာကြီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ဖြစ်ပွားနိုင်ခြေရှိနေတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေကို သူတို့ ထောက်ခံတင်ပြထားတဲ့ အချက်တွေကို လေ့လာကြည့်ရအောင်ပါ။

၁။        တာဝန်ယူစိတ်ရှိသော ခေါင်းဆောင်မှု

            (Responsible Leadership)

နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ အထောက်ထားတွေကိုအခြေပြုတဲ့ (Evidence-Based) ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန်ချဖို့၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေတွေကို နိုင်ငံရေးအတွက် အသုံးမချဖို့ တိုက်တွန်းထားပါတယ်။ လူမှုဘဝလုံခြုံရေး အစီအမံတွေ ကို ကြိုတင်စီမံဆောင်ရွက်ဖို့နဲ့ ဒီလိုအခြေအနေတွေမှာ နိုင်ငံသူနိုင်ငံသားများ ပိုပြီး စည်းလုံးအောင် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ နိုင်ငံတော်အဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး တဦးကို ထားရှိပြီး ဒီလိုအခြေအနေတွေ ကြုံလာခဲ့ရင် အစိုးရတရပ်လုံး (Whole-of-Government)၊ ပြည်သူလူထုတရပ်လုံး (Whole-of-Society) ကဏ္ဍအစုံအလင် ပါဝင် ဆောင်ရွက်နိုင်အောင် ကြိုတင်စီမံထားဖို့ အကြံပေးထားပါတယ်။

ကဏ္ဍအစုံအလင်ဆိုရာမှာ စီးပွားရေးဆိုင်ရာနဲ့ လူမှုဘဝဆိုင်ရာ တုံ့ပြန်ချက်တွေ ကို ခေါင်းဆောင်တွေအနေနဲ့ ဦးစားပေးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ထိခိုက်ခံစားရတဲ့ စီးပွားရေးကို ပြန်လည်တည့်မတ်လာဖို့ ငွေကြေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုများများ ပြုလုပ်နိုင်တဲ့ အခွင့်အရေးနဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဝန်ထုပ်ဝန်ပိုးနည်းအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆေးနဲ့ဆေးဝါးဆိုင်ရာ အခွန်အတုတ်နဲ့ ကုန်သွယ်ရေးမူဝါဒတွေကို သုံးသပ်ပြုပြင်ပြီး မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါးဆေးပစ္စည်းတွေ နိုင်ငံအတွင်း ရရှိနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

လူမှုဘဝဆိုင်ရာ ဦးစားပေး ဆောင်ရွက်မှုတွေအနေနဲ့ ချက်ချင်းပြုလုပ်ရမယ့် လုပ်ငန်းတွေနဲ့ ရေရှည်အတွက် ပြုလုပ်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ ကပ်ရောဂါကို ရေတိုတုံ့ပြန်မှုအနေနဲ့ ရောဂါပိုးစစ်ဆေးနိုင်ဖို့ စီစဉ်တာနဲ့ ကုသမှုပေးနိုင်ဖို့ ဆောင်ရွက်တာ၊ ကပ်ရောဂါဖြစ်နေစဉ် လူမှုဘဝ ဖူလုံရေးအတွက် လိုအပ်တဲ့ အိမ်ထောင်စုတွေကို စားနပ်ရိက္ခာထောက်ပံ့တာ အစရှိတာတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ရေရှည်ပြုလုပ်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် အောက်မှာ ဆက်လက်ဆွေးနွေးပါမယ်။

 

၂။         ပြည်သူများ၏ ထပ်တူပြု ပူးပေါင်းပါဝင်မှု

            (Engaged Citizenship)

နိုင်ငံတော်ရဲ့ ဦးဆောင်မှုနောက်ကို ပြည်သူတွေကလည်း တက်တက်ကြွကြွ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း အရေးပေါ်အခြေအနေ ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေကို ပြင်ဆင်ထားဖို့၊ အရပ်ဘက် အဖွဲ့အစည်းတွေကို ခိုင်မာတောင့်တင်းအောင်ပံ့ပိုးပေးဖို့ အစရှိတာတွေကို အစိုးရတွေက တာဝန်ယူ ဆောင်ရွက်ဖို့အတွက် တိုက်တွန်းအရေးဆိုရမှာ ဖြစ်ပါတယ်။ လူတဦးချင်း တယောက်ချင်းအနေနဲ့လည်း မိမိတို့ကိုယ်ကိုယ် စောင့်ရှောက်တတ်ဖို့၊ မှန်ကန်တဲ့ သတင်းအချက်အလက်တွေရဖို့၊ မိမိတို့မိသားစုနဲ့ မိမိတို့ရဲ့လူထုကို အသိပေးဖြန့်ဝေနိုင်ဖို့ တာဝန်ယူနိုင်ရမှာဖြစ်ပါတယ်။ ကပ်ဘေးဆိုင်ရာ တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းလာတဲ့ ဒေသတွင်း၊ နိုင်ငံတွင်း စည်းမျဉ်းစည်းကမ်းတွေကို အားလုံးလိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒါဟာ အခုကျနော်တို့နိုင်ငံမှာ အများပြောနေကြတဲ့ “ပြည်သူသာအဓိက”ဆိုတဲ့ သဘောတရားပါ။ သူ့ချည်းတော့ လုံလောက်မှုမရှိပါဘူး။ အပေါ်မှာပြောခဲ့တဲ့ ခေါင်း ဆောင်မှုနဲ့ အောက်မှာ ဆက်လက်ဆွေးနွေးမယ့်စနစ်တွေ ကောင်းမွန်ရှင်သန်အောင် ပြုလုပ်ဆောင်ရွက်ဖို့တွေလည်း အထူးလိုအပ်ပါသေးတယ်။

 

၃။        ခိုင်မာသန်စွမ်းပြီး လျင်မြန်စွာတုံ့ပြန်နိုင်သော စနစ်များတည်ထောင်ခြင်း

            (Agile Systems)

အခုဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပညာရှင်အများက ကပ်ရောဂါဘေးကို ခြေချုပ်ချ (Lockdown) ပြီး တုံ့ပြန်တာထက် Smart Containment လုပ်သင့်တယ်လို့ ဆို လာပါတယ်။ ဒီ Smart Containment ဗျူဟာဟာ ရောဂါရဲ့အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး တခြားကဏ္ဍတွေအတွက် လိုအပ်တဲ့ ပေါ်လစီ အတိုးအလျှော့ ကို နိုင်ငံ့ခေါင်းဆောင်တွေက ဆုံးဖြတ်ချက်ချပေးကြရတာပါ။ ဥပမာ-ရောဂါရဲ့ဒဏ်ကို မခံနိုင်မယ့် လူကြီးပိုင်းတွေ၊ ရောဂါအခံရှိသူတွေကို အကာအကွယ် အစီအမံတွေလုပ်ပြီး လူငယ်၊ လူလတ်တွေနဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို ဆက်လက်လည်ပတ်စေတာမျိုး၊ ရောဂါရဲ့အားနည်းချက်ကို အခွင့်ယူပြီး ရောဂါရှိသူက ရောဂါမဖြန့်နိုင်တဲ့အချိန် အလုပ်လုပ်ပြီး ရောဂါဖြန့်နိုင်လောက်တဲ့အချိန်မှာ အိမ်ကနေ အလုပ်လုပ်တာမျိုး (4 Work Day, 10 Work from Home)၊ ရောဂါဖြစ်ပွားသူ အရေအတွက် များပြားလာတဲ့အခါ ကျန်းမာရေးစနစ်ကို မပြိုလဲသွားအောင် တကယ့်လက်တွေ့ အခြေအနေနဲ့ကိုက်တဲ့ ဆေးပညာလုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ်ဆောင်ရွက်တာမျိုး၊ ဆေးပညာ လုပ်ဆောင်ချက်တွေအရ တင်းကျပ်မယ်၊ ပိုးရှိသမျှ အကုန် ဆေးရုံတင်မယ်ဆိုရင်လည်း နောက်ထပ်ရောဂါပိုးအသစ်ရှိသူတွေ နည်းအောင် ကာလတခုအထိ အုပ်ချုပ်ရေး ဘက်က တင်းကျပ်ပေးတာမျိုး အစရှိတာတွေ ပါပါတယ်။

ဒါတွေဟာ နိုင်ငံတနိုင်ငံအနေနဲ့ အခုဖြစ် အခု ထလုပ်လို့ ရတာမျိုးတွေချည်းမဟုတ်တော့ နိုင်ငံခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ ဒီစနစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် ကတိကဝတ်တွေ လိုပါတယ်။ နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများအနေနဲ့ Health in All Policies(ပေါ်လစီများချမှတ်ရာတွင် ကျန်းမာရေးရှုထောင့် မှ ထည့်သွင်းစဉ်းစားခြင်း)၊ One Health Approach (လူနှင့် တိရိစ္ဆာန်များတွင် ကျန်းမာရေး ပြဿနာများ အပြန်အလှန် ချိတ်ဆက်နေမှုကို ရှုမြင်သည့် နည်းလမ်းများ)ကို အလေးပေး ဆောင်ရွက်ကြရမှာ ဖြစ်ပါသည်။ မိမိတို့နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရည်အချင်းနဲ့ လူအင်အား အရင်းမြစ်တွေကို ဖြည့်ဆည်းဆောင်ရွက်ထားဖို့ လိုပါတယ်။ ရေရှည်အစီအမံများအနေနဲ့  အားလုံး လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ရနိုင်ရေး၊ လူမှုဘဝဖူလုံရေး အစီအမံတွေ စနစ်တကျ တည်ဆောက်ထားရေး အစရှိသဖြင့် လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံအတော်များများမှာ ဒီစနစ်တွေကို ဆောင်ရွက်ရာမှာ (အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ပြင်ဆင်မှုတွေအတွက် ဆောင်ရွက်ရာမှာ) တခြားသော စီးပွားရေး၊ လူမှုရေးကဏ္ဍတွေကို များစွာထည့်မတွက်ဘဲ တသီး တသန့် ဖြစ်နေလေ့ရှိပါတယ်။ ဖြစ်လာတဲ့ ကပ်ရောဂါဘေးကို ကဏ္ဍစုံဆောင်ရွက်နိုင်တဲ့စနစ်ဖြစ် အောင်၊ လျင်လျင်မြန်မြန်တုံ့ပြန်နိုင်အောင် တည် ဆောက်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ UHC (Universal Health Coverage) အားလုံးလက်လှမ်းမီ လွှမ်းခြုံနိုင်တဲ့  ကျန်းမာရေး စနစ်ဆိုတာဟာ အရေးပေါ်အခြေအနေတွေ ကျရောက်လာတဲ့အခါ ကျန်းမာရေးစနစ်က လျင်မြန်စွာ တုံ့ပြန်နိုင်အောင် ဆောင်ရွက်ခြင်းလည်း ပါဝင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

 

၄။        ကပ်ရောဂါဘေးအန္တရာယ်ကို ကာကွယ်ရန်နှင့် တုံ့ပြန်နိုင်ရန် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံရေး

            (Sustainable Investment in Prevention and Preparedness, Commensurate with the Scale of Pandemic Threat)

ကိုဗစ်-၁၉ကို သင်ခန်းစာရယူပြီး နောင်အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ရောဂါဘေးတွေအတွက် နိုင်ငံတော်ရဲ့ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်မယ့်စနစ် တည်ဆောက်ထားဖို့ စဉ်ဆက်မပြတ် ရင်နှီးမြှုပ်နှံကြဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါတွေ ကျရောက်တဲ့အခါ အသုံးပြုလို့ရမယ့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်ရန်ပုံငွေတွေ သတ်မှတ်ထားဖို့လည်း ပါဝင်ပါတယ်။ ကိုဗစ်ကပ်ရောဂါကို တုံ့ပြန့်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၁ ထရီလီယံထက်မနည်း ကုန်မယ်လို့ ခန့်မှန်းကြပါတယ်။ ကိုဗစ်ကြောင့် နောက်ဆက်တွဲ ဖြစ်မယ့် ဝင်ငွေလျော့သွားမှုက အမေရိကန်ဒေါ် ၁၀ ထရီလီယံလောက် ရှိပါမယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ ကပ်ရောဂါမဖြစ်ခင်ကတည်းက ကြိုတင်ပြီး ငွေကြေး ရင်းနှီးမြှုပ်နှံခြင်းဟာ အကျိုးရလဒ်များစွာ ရှိကြောင်းကို မီးမောင်းထိုးထားပါတယ်။

 

၅။        ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေနေများအတွက် အမှန်တကယ် အလုပ်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုစနစ် တည်ဆောက်ရေး

            (Robust Global Governance for Health Emergencies)

ဒါကတော့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အဓိက သက်ဆိုင်တဲ့အပိုင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂဟာ ကိုဗစ်ကိစ္စမှာ ဦးဆောင်ကဏ္ဍကပါနိုင်ဖို့ အတော်လေး ရုန်းကန်ရပါတယ်။ ကိုဗစ်အစောပိုင်းကာလက နိုင်ငံတကာအတွက် ကျန်းမာရေးဆိုင် ရာ အရေးပေါ်ကိစ္စတခုအနေနဲ့ စိုးရိမ်စရာဖြစ်တယ်ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မှတ်ချက်ဟာ နိုင်ငံတော်တော်များများအတွက် ဝေဝါးစရာ ဖြစ်ခဲ့ပါတယ်။ ဒီမှတ်ချက် ကို ပေါ့ပေါ့တန်တန်တွေးတဲ့ နိုင်ငံတွေအနေနဲ့ တင်ကူးပြင်ဆင်စရာတွေ မပြင်ဆင်နိုင် ခဲ့ပါဘူး။ နောက်ထပ်ကြေညာချက်မှာလည်း ကိုဗစ်ဟာ ကပ်ရောဂါအသွင် ဆောင်တယ်လို့သာ ပြောခဲ့ပြန်ပါတယ်။

ကျန်းမာရေးလုံခြုံမှုအတွက် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် ဆိုတာကလည်း အပြောလွယ်သလောက် လုပ်ဖို့အလွန်ခက်ပါတယ်။ နိုင်ငံအသီးသီးရဲ့ ကတိကဝတ်တွေ၊ နိုင်ငံတကာ ဥပဒေကြောင်းဆိုင်ရာတွေ၊ အကျိုးစီးပွားတွေနဲ့ ပတ်သက်နေတာမို့ အလွယ်တကူ တည်ဆောက်ဖန်တီးလို့မရပါဘူး။ ဒါပေမဲ့လည်း နိုင်ငံတကာ ခေါင်း ဆောင်တွေအနေနဲ့ နောင်လာမယ့် ကပ်ရောဂါတွေကို ထိခိုက်မှုအနည်းဆုံးနဲ့ ကျော် လွှားနိုင်ဖို့ရာ အခုလက်ရှိ ရှိနေတဲ့ က္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှု စီမံအုပ်ချုပ်မှုထက် ပိုကောင်းတဲ့စနစ်တစ်ခု လိုအပ်နေပြီး အလေးပေးဆောင်ရွက်ဖို့ လိုနေပြီလို့ တပ်လှန့်ထားပါတယ်။

ဒီတော့ ကပ်ရောဂါကို ကျော်လွှားဖို့ဆိုတာ ပြည်သူချည်းပဲ လုပ်ရမှာမဟုတ်သလို အစိုးရတွေကပဲ ဆောင်ရွက်လို့ ပြီးမြောက်နိုင်တာမျိုး မဟုတ်ပါဘူး။ အားလုံး တက်ညီလက်ညီ ဆောင်ရွက်ရတာမျိုးပါ။ အခုဆိုရင် ပညာရှင်တွေက ကိုဗစ်ကိစ္စကို အခြေပြု ပြီး ကိုဗစ်အလွန်ကာလ လူသားတွေ၊ ခေါင်းဆောင်တွေရှိရမယ့် အရည်အချင်း လေးမျိုးကို ပြောဆိုလာကြပါတယ်။ ဒါတွေကတော့ အနာဂတ်အခြေအနေကို သိမြင် အောင်လုပ်တာ (Future Literacy)၊ ပြဿနာတခုတည်းကို၊ စနစ်တခုတည်းကို ဦးမတည်ဘဲ ဗဟုစနစ်စုံတွေးခေါ်တတ်တာ (Systems Thinking)၊ အခုလက်ရှိအချိန်မှာ ပြနေတဲ့ သက်သေတွေ၊ သဲလွန်စတွေကို အခြေခံပြီး နောင်ဖြစ်လာမယ့် အရာတွေ အတွက် ပြင်ဆင်တာ(Anticipation)၊ ပြင်ဆင်တဲ့အခါမှာ အနာဂတ်ပြဿနာတွေ အတွက် တီထွင်မှုတွေ၊ ပြင်ဆင်မှုတွေကို အခုတည်းက ပြုလုပ်နိုင်တာ (Strategic Foresight) စတာတွေပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဘေးဟာ ကမ္ဘာပေါ်မှာ တဦးတယောက်ကို ခြိမ်းခြောက်နေသရွေ့ ကျနော်တို့အားလုံး အခြိမ်းခြောက်ခံနေရမှာပါပဲ။ ဒီတော့ ကျနော်တို့လုပ်နိုင်တာက အနာဂတ်အတွက် လူ့အသိုင်းအဝိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဖို့ပါပဲ။ ဒီလို ပြင်ဆင်ဖို့အတွက် ကိုဗစ်ထိုးတဲ့ ခေါင်းလောင်းသံတွေ ကျနော်တို့ ကြားနေရပါပြီ။

 

စာညွှန်း

https://www.voanews.com/episode/how-has-covid-19-impacted-global-economy4287541

https://interactive.unwomen.org/multimedia/explainer/covid19/en/index.html

https://www.worldbank.org/en/country/myanmar/brief/myanmar-covid-19-monitoringplatform-keeping-myanmar-informed-amid-uncertainty

https://www.weforum.org/agenda/2020/07/covid19-future-economic-societalgeopolitical-risks/

https://apps.who.int/gpmb/annual_report.html

https://www.unescap.org/resources/impact-and-policy-responses-covid-19-asia-andpacific

https://www.worldbank.org/en/topic/poverty/brief/smart-containment-how-lowincome-countries-can-tailor-their-covid-19-response

https://www.hks.harvard.edu/centers/cid/publications/smart-containment-with-activelearning

https://www.weforum.org/agenda/2020/08/the-four-skills-to-make-the-world-betterafter-covid-19/

Ko Si

ကိုစည်သည် နိုင်ငံတကာအဖွဲ့အစည်းတခုတွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ ဆရာဝန်တဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဖွံ့ဖြိုးရေးဘာသာရပ်များကို လေ့လာသူတဦးဖြစ်ပြီး မြန်မာနိုင်ငံအတွက် အားလုံးလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ပဋိပက္ခဖြစ်ပွားသောဒေသများ၌ အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search