Menu & Search

ကျန်းမာရေးအကျပ်အတည်း စီမံခန့်ခွဲမှုကို ဦးစားပေး၍ ဖြေရှင်းကျော်လွှားရမည့် ကိုဗစ်ဒုတိယလှိုင်း

October 8, 2020

ကိုဗစ် ပထမလှိုင်းကာလတွင် မိမိတို့ မြန်မာနိုင်ငံအတွက် ရောဂါကပ်ဘေး အကျပ်အတည်းနှင့် စီးပွားကပ်ဘေးကာလ အကျပ်အတည်းတို့ကို ရှေ့ဆင့် နောက်ဆင့် ထိခိုက်ခံစားခဲ့ရသည် ဆိုသော်လည်း ထိုစဉ်က ရာသီဥတုအခြေအနေ၊ ကိုဗစ် ရောဂါပိုး ထပ်ဆင့်မပွားသေးသည့် အခြေအနေတို့ကြောင့် အခြားနိုင်ငံများစွာနှင့် နှိုင်းယှဉ်ပါက ပြင်းထန်စွာ ထိခိုက်ခံစားရသည့် နိုင်ငံများအထဲတွင် မပါဝင်ခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်သည်။

ထိုကြောင့် ယင်းကာလ၌ ရောဂါကပ်ဘေး အကျပ်အတည်းနှင့် စီးပွားကပ်ဘေး အကျပ်အတည်းတို့ကို ထိခိုက်ခံစားရမှုများကို သက်သာအောင် ထိန်းညှိ ချိန်ဆ၍ လျှော့ချနိုင်သည့် အခွင့်အလမ်းနှင့် အခြားနိုင်ငံကြီးများနည်းတူ အရှိန်မြင့်လာနိုင် သည့် ကိုဗစ် ဒုတိယလှိုင်းအတွက် “ကြိုတင်ပြင်ဆင်ချိန် အခွင့်အလမ်း” ရရှိခဲ့သည်ဟု ဆိုနိုင်သည်။

သို့ရာတွင် ကိုဗစ် ပထမလှိုင်းက မိမိတို့နိုင်ငံအတွက် အထိမနာခဲ့သည့် အခြေအနေကြောင့် ပြည်သူများက ပေါ့လျော့လာခဲ့ပြီး စက်တင်ဘာလအတွင်း၌ ကိုဗစ် ရောဂါပိုး ကူးစက်လာသူ ဆယ်ဆကျော် များလာပြီး အသက်ဆုံးရှုံးသူ ဆယ့်ငါးဆ ကျော် မြင့်တက်လာချိန်၌ အခြားနိုင်ငံထက် သာလွန်ကောင်းမွန်အောင် အသင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသော ကျန်းမာရေး ကြိုတင်ပြင်ဆင်ထားမှုနှင့် အစီအမံများက ကိုဗစ် ဒုတိယလှိုင်းအတွက် ပြည့်စုံလုံလောက်ခြင်း မရှိတော့သည်ကို တွေ့ရှိလာရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ခြုံငုံ သုံးသပ်မှု အခြေအနေ စာတမ်းများပါ သုတေသနပြုချက်များအရ တွေ့ဆုံမေးမြန်းခြင်းခံရသူ ၅၉၇ ဦး အနက် ၈၇ ရာခိုင်နှုန်းက ကိုဗစ်ရောဂါဗဟုသုတ အနည်းငယ်သာရှိပြီး ၂၇ ရာခိုင်နှုန်းကသာ ရောဂါဖြစ်ပွားရခြင်းကို မှန်ကန်စွာ ဖြေနိုင်ကြောင်း၊ ဝန်ကြီးဌာန၏ မှန်ကန်သော သတင်းအချက်အလက်ရရှိသူ ၂၅ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက အထွေထွေပိုင်း ရေးသားဖော်ပြရာ၌ အသွားအလာ ကန့်သတ်၍ ရောဂါစောင့်ကြပ် ကြည့်ရှုလျက်ရှိသည့် နေရာများကို စနစ်တကျ “စီမံခန့်ခွဲမှု မရှိလျှင်” သော်လည်းကောင်း၊ ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်သူများကို အချိန်နှင့်တပြေးညီ ရှာဖွေဖော်ထုတ်ခြင်း မပြုလျှင်သော်လည်းကောင်း၊ ကူးစက်မှု ပိုမိုများလာနိုင်ကြောင်း ဖော်ပြထားသဖြင့် ယင်းအချက်များသည် ကိုဗစ် ဒုတိယလှိုင်းကြောင့် ထိခိုက်မှု ပြင်းထန်ရသည့် အချက်များတွင် ထည့်သွင်းစဉ်းစားသင့်သော အချက်များဟု ယူဆပါသည်။

ညင်သာသော ကိုဗစ်ပထမလှိုင်းမှ ပြင်းထန်သော ဒုတိယလှိုင်းသို့

ကိုဗစ် ပထမလှိုင်းသည် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် ကူးစက်လာခဲ့ပြီး ကိုဗစ်ရောဂါပိုး ကူးစက်ခြင်းခံရသူ နှစ်ဦးကို စတင်တွေ့ ရှိခဲ့သည်။ ထိုအချိန်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်အထိ ပိုးတွေ့လူနာ ၁၄၆ ဦးနှင့် သေဆုံးလူနာ ငါးဦးသာ ရှိသေးသည်ကို တွေ့ရှိရသည်။ ထိုကြောင့် ကိုဗစ် ပထမလှိုင်းသည် မိမိတို့နိုင်ငံအတွက် အခြားနိုင်ငံများကဲ့သို့ ပြင်းထန်ခြင်းမရှိဘဲ ညင်သာသော လှိုင်းဒဏ်ကိုသာ ခံစားခဲ့ရသည်ဟု ဆိုနိုင်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပုံမှန်ထုတ်ပြန်နေသော စာရင်းများအရ အောက်ပါအတိုင်း တွေ့ရှိရသည်။

ထူးခြားချက်တခုမှာ ရခိုင်ပြည်နယ်သည် ဩဂုတ် ၁၅ ရက်အထိ ကိုဗစ်ပိုးတွေ့ ဓာတ်ခွဲအတည်ပြုလူနာ ၁၆ ဦးသာ ရှိခဲ့ရာမှ ဩဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၆ ရက် အထိ ကိုဗစ်ပိုးတွေ့ ဓာတ်ခွဲအတည်ပြုလူနာ ၇၈၉ ဦးအထိ တိုးလာခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လာသူများ၏ ၅၃ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည့် လူ ၂,၅၄၇ ဦးကို ဓာတ်ခွဲစမ်းသပ်ရန် ဆက်သွယ်စုံစမ်း ခေါ်ယူမရရှိခဲ့သည့် ဖြစ်စဉ်တရပ် ပေါ်ပေါက်ခဲ့သည်။

ထိုအချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ကိုဗစ်ဒုတိယလှိုင်းသည် အရှိန်ပြင်းစွာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဆက်စပ် လေ့လာသုံးသပ် တွေ့ရှိရသည်။

ကိုဗစ်ဒုတိယလှိုင်း၏ အလားအလာနှင့် ဘက်စုံ အကျပ်အတည်းများ

စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Organization for Economic Co-operation and Development, OECD) က ကိုဗစ်ဒုတိယလှိုင်း ရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ၊ ကိုဗစ် အကျိုးဆက်များသည် ပြင်း ထန်ပြီး ရေရှည်ဖြစ်လိမ့်မည်ဟု သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ နီးကပ်နေသော ရွေးကောက်ပွဲ နှင့် အစိုးရအပြောင်းအလဲကာလ အနည်းဆုံး ခြောက်လမှတနှစ်အထိ အသားမကျနိုင်သည့် ကာလအတွင်း အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်တွေ့ကြုံခံစားရမည့် အလားအလာ ရှိနေသည်။

ကိုဗစ်ရောဂါ ကူးစက်မှု အရှိန်မြင့်လာပြီး အချိန်ကာလ ကြာမြင့်လာသည်နှင့် မူလ ထိခိုက်ခံစားနေရသော ရောဂါကပ်ဘေး အကျပ်အတည်း နှင့် စီးပွားကပ်ဘေး အကျပ်အတည်းတို့အပြင်-

– ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေး အကျပ်အတည်း၊

– ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု ဝန်ဆောင်မှု နှင့် အလုပ်အကိုင် အကျပ်အတည်း၊

– အခြေခံလူတန်းစားများ၏ စားဝတ်နေရေး၊ လူမှုစီးပွား အကျပ်အတည်း၊

– ပညာသင်ကြားရေး အကျပ်အတည်း၊

– ကျန်းမာရေးနှင့် အုပ်ချုပ်ရေးတို့အကြား စီမံခန့်ခွဲမှု အကျပ်အတည်း စသည့် ဘက်စုံအကျပ်အတည်း ပြဿနာများ ဆက်နွှယ်ဖြစ်ပေါ် တိုးပွားလာနိုင်သည့် အလားအလာရှိသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သော “၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့မက်ခရိုစီးပွားရေး အန္တရာယ်မြေပုံ (The World Macroeconomic Risk Map in 2020)” အရ မြန်မာနိုင်ငံက မက်ခရိုစီးပွားရေးအန္တရာယ် အမြင့်ဆုံးရှိနိုင်ငံ ၇၈ နိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးစွန့်စားမှု (Political risk)၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စီးပွားရေးပတ်ဝန်းကျင် (Structural business environment)၊ စီးပွားဖြစ်အန္တရာယ် (Commercial risk)၊ ငွေကြေးဆိုင်ရာ အန္တရာယ် (Financing risk) များ ရှိနေသည်ဟု ဖော်ပြထားသည်။

ထိုအကျပ်အတည်း ပြဿနာများ၊ အန္တရာယ်များ ကျရောက်လာရခြင်း၏ အဓိက အကြောင်းရင်းသည် ကုန်သွယ်ရေး စစ်ပွဲကာလနှင့် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုပြဿနာကို ဦးစွာဖြေရှင်း ကျော်လွှားနိုင်မှသာလျှင် ကျန်ကဏ္ဍစုံ ဘက်စုံ အကျပ်အတည်းများကို ဖြေရှင်းနိုင်မည် ဖြစ်သောကြောင့် ဦးစားပေးအဖြစ် “ကျန်းမာရေးအကျပ်အတည်း စီမံခန့်ခွဲမှု (Health Crisis Management)” ကို အလေးထား စီမံဖြေရှင်းရန် လိုအပ်လာသည်ဟု ရှုမြင်သည်။

ကျန်းမာရေးစနစ်ကို အကဲဖြတ်သုံးသပ်ပြင်ဆင်၍ ကိုဗစ်ဒဏ်တွန်းလှန်

ပြင်းထန်သော ကိုဗစ် ဒုတိယလှိုင်းသည် မြန်မာ့ရာသီဥတု အပြောင်းအလဲ၌ ကိုဗစ်ရောဂါပိုး ဆင့်ပွားမျိုးဆက်သစ်များဖြင့် ရုတ်ခြည်းဝင်ရောက်တိုက်ခိုက်ခြင်း ခံလိုက်ရချိန်တွင် ကိုဗစ်ကို ခံနိုင်ရည်ရှိသည်ဟုဆိုပြီး ပေါ့လျော့နေခဲ့မိသော မိမိတို့နိုင်ငံ အတွက် မမျှော်လင့်သော ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုနှင့် စီမံခန့်ခွဲမှု အကျပ်အတည်းကို ရင်ဆိုင်လိုက်ရသည်။

ကြီးမားသည့် ဆုံးရှုံးမှုပြဿနာ ရင်ဆိုင်တွေ့ကြုံလာလျှင် ပုံမှန် လုပ်ဆောင်နေလျက်ရှိသော လုပ်ပုံကိုင်ပုံ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် လုပ်ဆောင်မည်ဆိုပါက ပိုမို၍ ထိခိုက်ဆုံးရှုံးနိုင်သောကြောင့် ကြီးမားသည့် ဆုံးရှုံးမှုအကျပ်အတည်းကို ရှောင်ရှား ကျော်လွှားနိုင်ရန်အတွက် မိမိတို့၏အားနည်းချက်ကို ပြန်လည် အကဲဖြတ် သုံးသပ်ပြီး စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြင်ဆင် ကြိုးစားကြရမည် ဖြစ်သည်။

တပ်စခန်းတခု အလစ်အငိုက် အတိုက်ခိုက်ခံရပြီးနောက် ဆုံးရှုံးမှုရှိလာတိုင်း တိုက်ပွဲလေ့လာ သင်ခန်းစာဖော်ထုတ်ချက်ကို တပ်မတော်တွင် ပြုလုပ်လေ့ ရှိသည်။ နယ်ဘက်တွင်မူ သဘာဝဘေးအန္တရာယ် တခုခုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်တိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းလေ့လာ အစီရင်ခံစာ တင်ပြစေလေ့ ရှိသည်။

နိုင်ငံတကာ အဖွဲ့အစည်းများတွင် နိုင်ငံများ၏ ကျန်းမာရေး အကျပ်အတည်း စီမံခန့်ခွဲမှု အားသာချက်၊ အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှု (Case Study/Analysis) ပြုလုပ်ပြီး အောင်မြင်မှု၊ ဆုံးရှုံးမှု သင်ခန်းစာများကို သုတေသနစာတမ်းများအဖြစ် ထုတ်ဝေလေ့ ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကျပ်အတည်းစီမံခန့်ခွဲမှုအတွက် ကျန်းမာရေးစနစ်၏ စွမ်းရည်ကို အကဲဖြတ်ရာတွင် –

“ကြိုတင်ပြင်ဆင်မှုကို အလေးထား အကဲဖြတ်ရန်” နှင့် –

– ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှု

– ကျန်းမာရေးလုပ်သား အင်အား

– ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ

– ကာကွယ်ဆေးနှင့် နည်းပညာ

– ကျန်းမာရေး သတင်းအချက်အလက်

– ကျန်းမာရေး ဘဏ္ဍာငွေကြေး

– ကျန်းမာရေးဝန်ဆောင်မှု စသည့်အချက်များကို အကဲဖြတ်ရန် အကြံပြုထားသည်။

ထိုသို့ အကဲဖြတ်ပြီးနောက် နိုင်ငံများ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုကို အထောက်အကူပြုစေရန်အတွက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် “COVID-19 မဟာဗျူဟာ ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအမံ (COVID-19 Strategic Preparedness and Response Plan, SPRP)” ဖြင့် အစီအမံရေးဆွဲနည်း (Planning Guideline) ကို ထုတ်ပြန်ပေးခဲ့သည်။

သို့ရာတွင်  မိမိတို့  မြန်မာနိုင်ငံသည် အစီအမံ (Plan) ကို ယခုထိ  ရေးဆွဲမှု မပြုသေးဘဲ ကော်မတီအစည်းအဝေးဖြင့် ပေါ်ပေါက်လာသော ပြဿနာများကို သင့်သလို စီမံဖြေရှင်းနေဆဲ ဖြစ်သည်ကို တွေ့ရှိရသည်။

မိမိတို့ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါကပ်ဘေးကို တုံ့ပြန်ကျော်လွှားရန် ပြင်ဆင် စီမံခဲ့ပုံများနှင့်စပ်လျဉ်း၍ ကြားဖြတ် လေ့လာသုံးသပ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ “COVID-19 မဟာဗျူဟာ ပြင်ဆင်မှုနှင့် တုံ့ပြန်မှု အစီအမံ” အကြံပြု လမ်းညွှန်ချက်များနှင့် ယှဉ်ထိုးလျက် ပြန်လည်လေ့လာသုံးသပ်တွေ့ရှိချက် အချို့မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

နိုင်ငံအဆင့် ညှိနှိုင်းခြင်း၊ စီစဉ်ခြင်းနှင့် စောင့်ကြည့်ခြင်း (Country-level coordination, planning, and monitoring) အပိုင်း၌ ဒုတိယသမ္မတ ဦးဆောင်သည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီကို စတင်ဖွဲ့ချိန်မှ ယခုထိ သက်ဝင်လှုပ်ရှား ပါဝင်ဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီက တာဝန်ပေးအပ် ပေါင်းစပ်ညှိနှိုင်းမှုမရှိခြင်း၊ တပ်မတော် ဆေးဘက်ဆိုင်ရာအကူအညီကို ပေါင်းစပ်ညှိနှိုင်း တာဝန်ပေးမှုမရှိခြင်းတို့က ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုတွင် အခြားနိုင်ငံကဲ့သို့ စုစည်းညီညွတ်မှု မရှိကြောင်းတွေ့ရှိရသည်။ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို ရေးဆွဲအကောင် အထည်ဖော်နေသော်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံ (Planning) လုံးဝ မရှိသေးကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် တာဝန်ရှိသူများက ပြောကြားနေသည့် “ထိန်းချုပ်ရေး မဟာဗျူဟာ”နှင့် “ကွင်းဆက်ဖြတ်ကုသရေး နောက်ဆုံးပေါ် မဟာဗျူဟာ” စသည်တို့ကို အစီအမံ (Plan) ရေးဆွဲ ထည့်သွင်း ထုတ်ပြန်ထားခြင်း မရှိသေးသောကြောင့် အောက်ခြေမြို့နယ်များ၌ မေးမြန်းကြည့်ရာ အသေးစိတ်မသိကြသဖြင့် လိုက်နာ အကောင်အထည်ဖော်ရန် အခက်အခဲရှိနိုင်သည်ကို  လေ့လာတွေ့ရှိရသည်။ အစီအမံ (Plan) ရေးဆွဲဆောင်ရွက်ခြင်း မဟုတ်သောကြောင့် စောင့်ကြည့်မှု (Monitoring) ရှိသော်လည်း ကဏ္ဍအလိုက် ဒေသအလိုက် စနစ် (System) လိုအပ်နေသည်။

အန္တရာယ်ဆက်သွယ်ရေးနှင့် ရပ်ရွာလူထု ပူးပေါင်းပါဝင်မှု (Risk communication and community engagement) အပိုင်း၌ အစီအမံ (Plan) ရေးဆွဲ ထုတ်ပြန် လေ့ကျင့်ဇာတ်တိုက်ထားမှု မရှိခြင်း၏ အကျိုးဆက်အဖြစ် ကိုဗစ်ပထမလှိုင်းအစနှင့် ဒုတိယလှိုင်းအစတို့တွင် အချို့မြို့နယ်၊ ရပ်ကွက်တို့လမ်းများကို ပိတ်ဆို့မှုများကို တကျောင်း တဂါထာ၊ တရွာတပုဒ်ဆန်း တွေ့ရှိခဲ့ရသည်။ အလုပ်ရုံစက်ရုံလုပ်ငန်းများက အစိုးရ၏ ရုတ်ခြည်းထုတ်ပြန်သော အုပ်ချုပ်ရေးအမိန့် များကို သဘောပေါက်နားလည်ခြင်းမရှိသည့် ပြဿနာများ ကြုံတွေ့ခဲ့သည်။ ဤ အပိုင်းနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းလုပ်ငန်းများကို ရပ်ရွာလူထု အခြေပြုသည့်နည်းလမ်းဖြင့် ပြုလုပ်သင့်သည်။ ၎င်းတို့သည် စိုးရိမ်မှုများ၊ ကောလာဟလများနှင့် သတင်းအမှားများကို ဖော်ထုတ်ရန်နှင့် တုံ့ပြန်ရန်အတွက် ရပ်ရွာလူထု၏ တုံ့ပြန်ချက်များအရ အမြဲတမ်း ပိုမိုကောင်းမွန်သော အသိပေးမှုများ ပြုလုပ်သင့်သည်”ဟု ဖော်ပြထားသည်။

စောင့်ကြည့်ကြီးကြပ်ရေး၊ လျင်မြန်သော တုံ့ပြန်မှုအဖွဲ့များ (Surveillance, rapid-response teams, and case investigation) အပိုင်း၌ အရှေ့ဘက် တံခါးကိုသာ စောင့်ကြည့်နိုင်ခဲ့ပြီး အနောက်ဘက်တံခါးကိုမူ စောင့်ကြည့်ရန် အားနည်းခဲ့ကြောင်း တာဝန်ရှိသူတို့က ဝန်ခံပြောကြားခဲ့သည်။

ဝင်ပေါက်အချက်များ (Points of entry) အပိုင်း၌ အနောက်ဘက် တံခါးမှလွဲ၍ ကျန်တံခါးများကို ထိန်းချုပ်နိုင်ခဲ့သည်။

အမျိုးသားဓာတ်ခွဲခန်းများ၊ ရောဂါကူးစက်မှုကို ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း (National laboratories: Infection prevention and control) အပိုင်း၌ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဓာတ်ခွဲစမ်းသပ်မှုပြုနိုင်သည့် အားနည်းချက်ရှိကြောင်း တွေ့ရှိရသည်။ အစိုးရအင်အားဖြင့် မနိုင်နင်းပါက ပုဂ္ဂလိကကဏ္ဍအားကို ရယူပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည်။

ဖြစ်ရပ်မှန် စီမံခန့်ခွဲမှု (Case management) အပိုင်း၌ ရခိုင်ပြည်နယ်မှ ပြန်လာသူ ၂,၅၄၇ ဦးကို ဓာတ်ခွဲစမ်းသပ် ခွဲခြားထိန်းချုပ် စီမံခန့်ခွဲမှု မပြုနိုင်ခဲ့သည့် အားနည်းချက်ကို တွေ့ရှိရသည်။

စစ်ဆင်ရေး အထောက်အပံ့နှင့် ထောက်ပံ့ပို့ဆောင်ရေး (Operations support and logistics) ပိုင်း၌ ယခုထက် ကူးစက်သူ ပိုများလာချိန်တွင် အခက်အခဲ တွေ့ရှိနိုင်သည်။ အထူးသဖြင့် Facility Quarantine နေရာ၊  အဆောက်အဦး၊  ဆေးနှင့် ဆေးပစ္စည်း ကိရိယာ၊ ဆရာဝန် သူနာပြု လိုအပ်ချက်၊ ဝန်ထမ်းများနှင့် လူနာများ စားသောက်ရေး လိုအပ်ချက် စသည်တို့ကို ဝန်နှင့်အား ချိန်ဆ၍ စီမံခန့်ခွဲရန် လိုအပ်ချက် အကျပ်အတည်း ပြဿနာများ ရှိနေသည်ကို တွေ့ရှိနိုင်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးကို အိမ်တွင်နေရန် (Stay at Home)  ရက်သတ္တ နှစ်ပတ်ကြာ လုပ်ခွင့်ရမည့် လုပ်ငန်းများနှင့် စည်းကမ်းချက်များကို အမိန့်စာ ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်စာ အပါအဝင် အစိုးရနှင့် ဝန်ကြီးဋ္ဌာနများ၏ ယခင် ထုတ်ပြန် ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပြည်သူများက ရှင်းလင်းတိကျစွာ သဘောပေါက် နားလည်မှု မရှိခြင်း၊ ပြန်လည်တင်ပြ မေးမြန်းနေရခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်။

ထိုသို့ အခက်အခဲများ ကြုံတွေ့နေရခြင်း၏ အဓိကအကြောင်းရင်းသည် မူဝါဒနှင့် လုပ်ငန်းစဉ်အစီအမံ (Plan) ကြိုတင်ရေးဆွဲ ချမှတ်ထားရန် လိုအပ်ခြင်း၊ ထိုအစီအမံကို အောက်ခြေအထိ ချပြရှင်းလင်းထား၍ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဇာတ်တိုက် လေ့ကျင့်ထားရန် လိုအပ်ခြင်းစသည့် စီမံခန့်ခွဲအုပ်ချုပ်လုပ်ကိုင်ပုံ အားနည်းမှုကြောင့် ဖြစ်သည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးစင်တာ (IGC)၏ “ကိုရိုနာဗိုင်းရပ်စ် မူဝါဒဆိုင်ရာ တုံ့ပြန်မှု လိုအပ်ချက်များနှင့် မြန်မာနိုင်ငံအတွက် ရွေးချယ်စရာများ (Coronavirus policy response needs and options for Myanmar)” စာတမ်းတွင် အစိုးရသည် အထက်အောက်၊ ဒေါင်လိုက်နှင့် ဘေးတိုက် ဆက်သွယ်ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းရန်၊ တင်းကျပ်သော စစ်ဆေးခြင်းနှင့် အဆက်အသွယ် ခြေရာကောက်ခြင်းစနစ်ကို အကောင်အထည်ဖော်ရန် စွမ်းရည်အားနည်းနေကြောင်း ထောက်ပြထားသည်။

ထိုအားနည်းချက်များအကြားမှ သိသာထင်ရှားသော အားသာချက်သည် ကိုဗစ် ကာလအတွင်း ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဒေသ အုပ်ချုပ်ရေးနှင့် ပရဟိတ လူမှုအဖွဲ့အစည်းများက ရှိသည့် လူအင်အား၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၊ အုပ်ချုပ်ထောက်ပံ့မှု မပြည့်စုံသည့်ကြားမှ စိတ်ဓာတ်ကောင်းကောင်း၊ စေတနာကောင်းကောင်းဖြင့် ပြည်သူ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေမှုပင် ဖြစ်သည်။

အားကောင်းသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖြင့် ကျန်းမာရေးအကျပ်အတည်း စီမံခန့်ခွဲမှုပြုလုပ်

ကိုဗစ် ရောဂါကပ်ဘေး စစ်ဆင်ရေးသည် ရေတိုစစ်ပွဲ မဟုတ်၊ ရေရှည်စစ်ပွဲ ဖြစ်နေသောကြောင့်လည်းကောင်း၊ ဒေသအလိုက် ရောဂါပိုး ကူးစက်ပျံ့နှံ့မှု သဘာဝနှင့် ပိုင်းဖြတ်ထိန်းချုပ်ရန် လိုအပ်ချက်ကြောင့်လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများက မြို့နယ်အလိုက် ဆေးခန်း (Fever Clinic) နှင့် နေအိမ် သံသယရှိသူများကို ဆက်သွယ် ထိန်းချုပ်ကုသမှုစနစ် “လူနာဝန်ဆောင်မှု (Patient Service Delivery) စနစ်” အားကောင်းရန် လိုအပ်လာသည်ကို တွေ့ရှိရသည်။

ထိုအချိန် မတိုင်မီကပင် ယခင် သမ္မတ ဦးသိန်းစိန် အစိုးရက မြို့နယ်ကျန်းမာရေး ဦးစီးဌာနများကို မြို့နယ်တိုင်း၌ ကုသရေးဆေးရုံများနှင့် မတွဲဖက်ဘဲ၊ တိုးချဲ့ ဖွင့်လှစ်ရန် စီမံပေးခဲ့သည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ကျန်းမာရေးစနစ်များနှင့် မူဝါဒများဆိုင်ရာ အာရှ-ပစိဖိတ် စောင့်ကြည့်လေ့လာရေးအဖွဲ့) က အားလုံးလွှမ်းခြုံနိုင်သော ကျန်းမာရေးစနစ်အတွက် မြန်မာနိုင်ငံသည် မြို့နယ်ကျန်းမာရေး စောင့်ရှောက်မှု စွမ်းဆောင်ရည်အပေါ် အာရုံစူးစိုက် အားဖြည့်တည်ဆောက်ရန် အကြံပြုထားသည်။

ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(OECD)က ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးရင်းနှီးမြှုပ်နှံမှုများအဖြစ်-

– ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို ပိုမိုအားကောင်းလာစေရန်နှင့် ဆေးပစ္စည်းကိရိယာများ ပိုမိုထောက်ပံ့ရန်၊

– ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကန့်သတ်ရန် စမ်းသပ်ခြင်း၊ ခြေရာခံခြင်းကို မြှင့်တင်လုပ်ဆောင်ရန်၊

– ကာကွယ်ဆေးနှင့် ကုသမှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုရန်တို့ ပြုလုပ်ရန် အကြံပြုတိုက်တွန်းထားသည်။

နိုင်ငံတော်က ကိုဗစ်ကြောင့်ထိခိုက်မှုကို ကုစားနိုးထလာစေရန်(Stimulus Package) အဖြစ် နိုင်ငံတကာချေးငွေ၊ အကူအညီများ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါးကို ရယူတုံ့ပြန်ရန် စီမံထားပြီးဖြစ်သောကြောင့် ကျန်းမာရေးကဏ္ဍ ပိုမို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်၍ ကျန်းမာရေးအကျပ်အတည်း စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေရန် လူအား၊ ငွေအား၊ ဆေးနှင့် ဆေးပစ္စည်း ပုံအောသုံးပြီး တိုက်ခိုက်ချေမှုန်းရမည့် အချိန်သို့ ရောက်ရှိလာပြီဟု ရှုမြင်ပါသည်။

နိုင်ငံအများစုသည် ကျန်းမာရေး အကျပ်အတည်း စီမံခန့်ခွဲမှုကို ဦးစားပေးလျက် ကိုဗစ်ရောဂါကို ပိတ်ဆို့ထိန်းချုပ်နိုင်မှု အတိုင်းအတာနှင့် ထိရောက်မှုစွမ်းရည်တို့အရ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးကွေးစေပြီး ပြည်သူတို့ အသက်ဆုံးရှုံးမှုကို ဦးစွာ လျှော့ချနိုင်ကြသော်လည်း နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းနှင့် အခြားသော အကျပ်အတည်းများကို ရေရှည် ဆက်လက်စီမံခန့်ခွဲဖြေရှင်းရန် လိုအပ်နေသည်။

အကျပ်အတည်း စီမံခန့်ခွဲမှု ဆိုသည်မှာ လူ့ဘောင် အဖွဲ့အစည်းတခုအတွင်း ပါဝင်ပတ်သက်သူများ အားလုံးကို ထိခိုက်နစ်နာစေမည့် အန္တရာယ် ဖြစ်စေနိုင်သော၊ မမျှော်လင့်သော ဖြစ်ရပ်တခုကို ကိုင်တွယ်ဖြေရှင်းသည့် လုပ်ငန်းစဉ်ဖြစ်သည့်အားလျော်စွာ-

– အဖွဲ့အစည်းကို ခြိမ်းခြောက်လာသည့် အန္တရာယ် အတိုင်းအတာပမာဏကို မျှော်မှန်းတွက်ချက်ခြင်း၊

– အချိန်တိုအတွင်း ဆုံးဖြတ် တုံ့ပြန်ခြင်းတို့ကို မှန်ကန်စွာ ချင့်ချိန်တွက်ချက် ဆုံးဖြတ်ရန် လိုအပ်သည်။

အထူးသဖြင့် ရောဂါကပ်ဘေး အကျပ်အတည်းနှင့် စီးပွားကပ်ဘေး အကျပ်အတည်း စီမံခန့်ခွဲရာ၌ “အချိန်ဇယားအလိုက် လုပ်ငန်းအဆင့် (Timing and Sequencing)” မှန်ကန်စွာ ထိန်းညှိနိုင်မှုမရှိပါက ပြည်သူလူထုသည် အခက်အခဲ အန္တရာယ်များ လျော့ပါးခြင်းမရှိဘဲ ပိုမိုခက်ခဲ ကျပ်တည်းလာစေတတ်သည်ကို သတိပြုရမည်ဖြစသည်။ ထိုသို့ “အချိန်ဇယားအလိုက် လုပ်ငန်းအဆင့် (Timing and Sequencing)”မှန်ကန်စွာထိန်းညှိနိုင်ရန်အတွက် စေ့စပ်သေချာသော “ကြိုတင်ပြင်ဆင်ခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း အစီအမံ (Preparedness and Prevention Plan)” မရှိမဖြစ် လိုအပ်သည်။ ထို “ကြိုတင်ပြင်ဆင်ခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း အစီအမံ (Preparedness and Prevention Plan)” ရေးဆွဲ အကောင်အထည်ဖော်သည့်အခါ လက်တွေ့မြေပြင်၌ အစိုးရဌာန ဝန်ထမ်းများနှင့် ပြည်သူများအကြား အပြန်အလှန် နားလည် သဘောပေါက်၍ လွယ်ကူရှင်းလင်း အဆင်ပြေချောမွေ့မှသာ လုပ်ငန်းများ ချောမွေ့အောင်မြင်နိုင်သည်။

အစီအမံ (Plan)ကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် လက်အောက် ဝန်ကြီးဌာနများ၊  တိုင်းဒေသကြီး ပြည်နယ် အစိုးရများအကြား ကွပ်ကဲမှု၊ ကြီးကြပ်မှု၊ ဆက်သွယ်မှု၊ သတင်းအချက်အလက် အပြန်အလှန်ရယူမှု (Command, Control, Communication, Information, C3I) ဟန်ချက်ညီ အပြန်အလှန် ဆက်သွယ် ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းပြီး တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်း မဖြစ်ရန်လိုသည်။

အစိုးရ အဖွဲ့အစည်းများအတွင်း အချင်းချင်း ပေါင်းစပ် ညှိနှိုင်းမှု အားကောင်းမှသာလျှင် အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား ဆက်သွယ် ဆောင်ရွက်မှု (Community Coordinated Care for Covid-4C) အဆင်ပြေ ချောမွေ့မည် ဖြစ်သည်။ သို့မှသာ ကိုဗစ် ဒုတိယလှိုင်း အဓိက စိန်ခေါ်မှုဖြစ်သည့် “ကျန်းမာရေး အကျပ်အတည်းကို စီမံခန့်ခွဲခြင်း (Health Crisis Management)” လုပ်ငန်းများ ချောမွေ့ အောင်မြင်နိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ဤဆောင်းပါးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကျပ်အတည်း စီမံခန့်ခွဲမှုအတွက် ကျန်းမာရေးစနစ်၏ စွမ်းရည်ကို အကဲဖြတ်နည်း အကြံပြုချက်၊ ကိုဗစ်-၁၉ မဟာဗျူဟာပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအမံ မဏ္ဍိုင် ရှစ်ရပ် အကြံပြုချက် စသည့် အချက်များအနက် မိမိတို့နိုင်ငံနှင့် ဆီလျော်ပြီး လက်တွေ့ကျင့်သုံး အောင်မြင်နိုင်မည့် အချက်များကို ကောက်နုတ်ရယူ အစီအမံရေးဆွဲ၍ မိမိတို့နိုင်ငံ ကျန်းမာရေး အကျပ်အတည်း စီမံခန့်ခွဲမှု ကောင်းကောင်းဖြင့် ကိုဗစ် ဒုတိယလှိုင်းကို ကျော်လွှား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သင့်သည်ဟု ရှုမြင်ပါသည်။

အကိုးအကား

COVID-19 Strategic Preparedness and Response Plan (Operational Planning Guidelines to Support Country Preparedness and Response) WHO.

Toolkit for assessing health-system capacity for crisis management (WHO).

What are the challenges facing Myanmar in progressing towards Universal Health Coverage? (WHO)

Coronavirus policy response needs and options for Myanmar (IGC).

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်¼၁၉ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်မှုအခြေ အနေ စာတမ်းများ

Tin Naing Thein

ဦးတင်နိုင်သိန်းသည် သမ္မတရုံးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနများတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search