Menu & Search

ရောဂါအသစ်က ရောဂါအဟောင်းတွေအပေါ် ဘာတွေသက်ရောက်နိုင်သလဲ

October 8, 2020

လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ၏ သက်ရောက်မှုမှာ ကြီးမား ကျယ်ပြန့်ပြီး ပြင်းထန်လှသည်။ လူမှုဘဝများအပေါ် ဘက်ပေါင်းစုံမှ သက်ရောက်မှုဖြစ်ပေါ်နေပြီး ဆက်လက် ဖြစ်ပေါ်နေမည့် အခြေအနေလည်း ဖြစ်သည်။ ရှေ့ဆက်ဖြစ်လာမည့် သက်ရောက်မှုများအပေါ် ခန့်မှန်းရန် ခက်ခဲလှသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ ခန့်မှန်းချက်များအပေါ် မှတ်ချက်ပြုထားသည့် အဆိုတခုကို ကိုးကားရလျှင် “ကျိန်းသေတာတော့ လက်ရှိခန့်မှန်းချက်တွေ အကုန်လွဲမယ် ဆိုတာ ပါပဲ” ဆိုခြင်းကပင် မှန်သည်ဟု ဆိုရမလို ဖြစ်နေပါလိမ့်မည်။ သို့သော် အနာဂတ် ဖြစ်တန်ရာများကို မှန်းဆပြင်ဆင်၍ ကပ်ရောဂါကို ကျော်ဖြတ်ရသည်သာ ဖြစ်သည်။

ပြည်ကြီးခင်အဖွဲ့အနေဖြင့် အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့် တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာလရှည် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် နေရာဒေသ အများအပြားတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ကပ်ရောဂါ အရှိန်မြင့်လာချိန်တွင် ဆောင်ရွက်နေသော လုပ်ငန်းများအပေါ် သက်ရောက်မှု အနည်းနှင့်အများ ရှိလာပြီ ဖြစ်သည်။ အဆိုပါသက်ရောက်မှုများကို ကဏ္ဍအလိုက် ဆွေးနွေးပါမည်။

 

ကိုဗစ်၁၉၏ တီဘီရောဂါအပေါ် သက်ရောက်မှု

တီဘီရောဂါသည် ကမ္ဘာ့အကြီးဆုံး ကူးစက်ရောဂါတမျိုး ဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာ့လူဦးရေ ၁ ဒသမ ၅ သန်းခန့်သည် တီဘီရောဂါဖြင့် သေဆုံးလျက် ရှိကြပါသည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများသည် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း လူများစွာသည် တီဘီရောဂါ ကူးစက်မှုကို ဆက်လက်ခံစားနေရဆဲ ဖြစ်သည်။

ယခုအချိန်တွက် ကိုဗစ်-၁၉၏ သက်ရောက်မှုများကို ကမ္ဘာ့နိုင်ငံတဝန်းလုံး ခံစားနေရပါသည်။ ကိုဗစ်-၁၉ကူးစက်ခြင်း မတိုင်မီကပင် နှစ်စဉ်နှစ်တိုင်း လူဦးရေ သန်း ၁၀ဝ ခန့်သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်စပ်သော ကုန်ကျစရိတ်များကြောင့် လူသန်းပေါင်းများစွာသည် ဆင်းရဲမွဲတေမှုသို့ တွန်းပို့ခြင်း ခံရလျက်ရှိပါသည်။ ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်သည် ၎င်းတို့လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို မရရှိခဲ့ကြပါ။

အထူးသဖြင့် ကလေးသူငယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ခုခံအားကျဆင်းမှု ရောဂါဝေဒနာရှင်များနှင့် အတူနေ မိသားစုဝင်များ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည်များ စသည့် ထိခိုက်မှုများသော အုပ်စုဝင်များသည် ကိုဗစ်-၁၉ကြောင့် ကျန်းမာရေးနှင့် လူမှု၊ စီးပွားရေးတို့တွင် ထိခိုက် ခံစားနေကြရပါသည်။ အဆိုပါ အုပ်စု ဝင်များသည် တီဘီရောဂါကြောင့် အဆိုးရွားဆုံးသော သက်ရောက်မှု ခံစားရသူ များနှင့်လည်း အတူတူပင် ဖြစ်ပါသည်။

ဖော်ပြပါ ထိခိုက်လွယ်သော သို့မဟုတ် “ဘေးဖယ်” ထားပြီးသားသူများ (Vulnerable and Marginalized) တွင် ကိုဗစ်-၁၉ နှင့် တီဘီရောဂါ ဝန်ဆောင်မှုများကို လက်လှမ်းမီ ရရှိနိုင်ရန်အတွက် စိန်ခေါ်မှုများနှင့် အတားအဆီးများစွာ ရှိနေပါသည်။

တီဘီဖြစ်ပွားမှုအများဆုံး နိုင်ငံတနိုင်ငံဖြစ်သော (မြန်မာနိုင်ငံ၏ အိမ်နီးချင်း) အိန္ဒိယနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလာခြင်းကြောင့် တီဘီရောဂါ ရှာဖွေကုသရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီမှ ဇွန်အထိ ကြားကာလအတွင်း တီဘီလူနာ ရှာဖွေတွေ့ရှိမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ကြားကာလအတွင်း ရှာဖွေတွေ့ရှိမှုနှုန်းအောက် ၂၅ ရာခိုင်နှုန်း ကျဆင်းသွား ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသည် တီဘီ၊ ဆေးယဉ်ပါးတီဘီနှင့် တီဘီ၊ အိပ်ချ်အိုင်ဗီ ယှဉ်တွဲဖြစ်ပွားမှု အများဆုံးနိုင်ငံပေါင်း ၃၀ တွင် တနိုင်ငံအပါအဝင် ဖြစ်သည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့တီဘီ ရောဂါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းမှာ လူဦးရေတသိန်း တွင် ၃၃၈ ဦးနှင့် တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ၃၉ ဦး ရှိပါသည်။

မြန်မာတနိုင်ငံလုံး ဆေးယဉ်ပါးတီဘီ၏ လူနာထက်ဝက်ကျော်နှင့် ရိုးရိုးတီဘီ လေးပုံတပုံသည်  ရန်ကုန်မြို့တွင် နေထိုင်ကြသဖြင့် ရန်ကုန်မြို့သည် တီဘီရောဂါအတွက် ဝန်ထုပ်ဝန်ပိုးအနေဖြင့် ထမ်းထားရသည့်နေရာ ဖြစ်နေသည်။

တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်သည့်နေရာတွင် ဝန်ဆောင်မှု ပေးရန်အတွက် ရောဂါဖြစ်သူကို ရှာဖွေဖော်ထုတ်ပြီး ဆေးကုသမှုခံယူရန် လုပ်ဆောင်ရခြင်းသည် မူလကတည်းက မလွယ်ကူသည့်လုပ်ငန်း ဖြစ်သည်။ လူအများက တီဘီ ရောဂါ ကုသရန်ဆိုပါက ပတ်ဝန်းကျင်၏ခွဲခြားမှုများကို ကြောက်သည့်အတွက်  မလာချင်ကြသည်ကို တွေ့နေရပါသည်။

ပြည်ကြီးခင် လူမှုရေး အဖွဲ့အစည်းအနေဖြင့် ပြည်သူလူထု အခြေပြု၊ လူနာဗဟိုပြု ဆေးယဉ်ပါး တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်ကို ရန်ကုန်ရှိ  မြို့နယ် ၂၁ခုတွင်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် ကို သွားလာရန်ခက်ခဲသော ချင်းပြည်နယ်ရှိ မြို့ နယ်သုံးခုတွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အရှိန်အဟုန်မြှင့် တီဘီရောဂါ ကွင်း ဆင်းရှာဖွေခြင်း စသည့်လုပ်ငန်းများကို အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် (National TB Program) ၏ လမ်းညွှန်မှုဖြင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to health fund) တို့၏အထောက်အပံ့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ တီဘီလူနာ ၁၈၇ ဦး ရှာဖွေတွေ့ရှိခဲ့ပြီး တီဘီ၊ ဆေးယဉ်ပါးတီဘီ လူနာစုစုပေါင်း ၈၈၈ ဦးတို့အား ၂၀၁၉ ခုနှစ်အတွင်း အထောက်အပံ့များ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

တီဘီရောဂါသည် လေမှတဆင့် ကူးစက်တတ် သောရောဂါ ဖြစ်သည့်အပြင် တီဘီဌာနများတွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆင်တူသော တီဘီသံသယ လူနာများအဖြစ် လာရောက် ပြသနိုင်သောကြောင့် ရောဂါကူးစက်မှု မခံရစေရန် Infection Control and Prevention measure (IPC) ကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ တီဘီရောဂါ ရှာဖွေကုသ ရေး လုပ်ငန်းများဖြစ်သည့် တီဘီရောဂါအကြောင်း အသိပညာပေးခြင်း (Mass Health education)၊ တီဘီသံသယလူနာများအား ညွှန်းပို့ခြင်း (Presumptive referral)၊ ရွေ့လျား တီဘီရောဂါ ရှာဖွေကုသခြင်း (Active case finding activity by mobile team) နှင့် တီဘီလူနာများအား အိမ်တိုင်ရာရောက် ဆေးတိုက် ကျွေးခြင်း (DOTS provision) စသည့် လုပ်ငန်းများအပေါ်တွင် သက်ရောက်မှုများ ဖြစ် ပေါ်ခဲ့ပါသည်။

ပြည်ကြီးခင်၏ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်ဝင် မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ  တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖျားနာကုဆေးခန်းများနှင့် တွဲဖက်၍ တီဘီရောဂါ ရှာဖွေကုသခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် ဆေးယဉ်ပါး တီဘီလူနာများအတွက်  လစဉ် ခရီးစရိတ်နှင့် အာဟာရစရိတ်များ ထောက်ပံ့ပေးခြင်း၊ တီဘီဆေး ကိုယ်တိုင်ထုတ်ယူရန် အဆင်မပြေသော လူနာများအား တီဘီဆေး ပံ့ပိုးပေးခြင်းတို့ကို စေတနာ့ဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက် ရှိပါသည်။

တီဘီရောဂါအတွက် မူလကတည်းက လူများသည် ဖျားနာဆေးကုခန်းများသို့ မလာချင်ကြခြင်းများ ရှိသည့်နည်းတူ ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်နေချိန်မှာတွင်လည်း ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုကို စိုးရိမ်သဖြင့် မလာဘဲ နေကြသည်ကို တွေ့ရှိရသည်။ တီဘီရောဂါအတွက် ခွဲခြားခံနေရသူများသည် ကိုဗစ်ကြောင့် ဆက်၍ ခွဲခြားခံရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

တီဘီရောဂါတိုက်ဖျက်ရေး ဆက်လက်လုပ်ဆောင်ရန်နှင့် စီမံကိန်းလုပ်ငန်များ အပေါ်တွင် ကိုဗစ်-၁၉၏ သက်ရောက်မှုကို လျှော့ချနိုင်ရန် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ စွမ်းရည်ကို တိုးမြှင့်ပေးခြင်းနှင့် လုံလောက်သော Personal Protective Equipment (PPE) များ၊ မရှိမဖြစ် လိုအပ်သောဆေးဝါးများ မပြတ်လပ် စေရန်မှာ အထူးပင် အရေးကြီးပါသည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ သတ်မှတ်ခဲ့ သော ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်မှ စ၍ အချို့သော တီဘီရောဂါ ရှာဖွေတိုက်ဖျက်ရေး လုပ်ငန်းများကို ခေတ္တယာယီ ရပ်ဆိုင်းထားခဲ့ရသည်။ ထိုသို့ ရပ်ဆိုင်းခဲ့ရသဖြင့် တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့ရပါသည်။ ယခုအချိန်ကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ခံရသူများ သိသိသာသာ တိုးပွားလာချိန်တွင် လည်း  တီဘီရောဂါရှာဖွေရေးလုပ်ငန်းများကို ဆက်လက် ရပ်ဆိုင်းထားရပါသည်။

ထို့ကြောင့် တီဘီရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ နှစ်ခုလုံးသည် အရေးကြီးသော ကူးစက်ရောဂါများ ဖြစ်သည့်အလျောက် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များကိုလည်း လျစ်လျူရှုမထားဘဲ အစဉ်တစိုက် လုပ်ဆောင်သွားနိုင်ရန် အရေးကြီး လှပါသည်။

 

ကိုဗစ်၁၉၏ အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါအပေါ် သက်ရောက်မှု

အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံသည် အိပ်ချ်အိုင်ဗီ ပိုးကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်း (National Strategic Plan for HIV/AIDS) များ ရေးဆွဲဆောင်ရွက်လာခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်သည် မဟာဗျူဟာ စီမံကိန်း သုံးကြိမ်မြောက် ပြီးဆုံးမည့်နှစ် ဖြစ်သည်။ စီမံကိန်းတခုလျှင် ငါးနှစ် သက်တမ်း ဖြစ်သည့်အတွက် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့သည်မှာ ၁၅ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် လေးကြိမ်မြောက် မဟာဗျူဟာစီမံကိန်းအသစ် (National Strategic Plan for HIV/AIDS, 2021-2025) စတင်မည့် နှစ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါ ကူးစက်ပြန့်ပွားမှုများအား ၂၀၃၀ ပြည့် နှစ်တွင် အဆုံးသတ် ရပ်တန့်စေရေး ရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးပမ်းလျက် ရှိပါသည်။ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရသူဦးရေ ၂၄၀,၀ဝဝ ခန့်ရှိပြီး အသက် ၁၅-၄၉ နှစ်ကြား လူများတွင် ရောဂါဖြစ်ပွားမှုနှုန်း (Adult HIV prevalence) မှာ ဝ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း အချက်အလက်များအရ သိရှိရပါသည်။ ရောဂါပိုး အသစ်ကူးစက်ခံရမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်သည် မူးယစ်ဆေး ထိုးသွင်းသူများ (PWID- People who inject drugs)၊ အမျိုးသမီး လိင် အလုပ်သမများ (FSW- Female Sex Workers) နှင့် အမျိုးသားချင်း လိင်ဆက်ဆံသူများ (MSM- Men who have sex with men) စသည့် ဦးတည်အုပ်စုများ (Key affected populations) အတွင်း ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။

သုတေသနစစ်တမ်းများအရ အိပ်ချ်အိုင်ဗီပိုး ကူးစက်မှုနှုန်းသည် မူးယစ်ဆေး ထိုးသွင်းသူများတွင် ၃၄ ဒသမ ၉ ရာခိုင်နှုန်း (IBBS 2017)၊  အမျိုးသမီး လိင်အလုပ်သမ များတွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်း (IBBS 2015) နှင့် အမျိုးသားချင်း လိင်ဆက်ဆံသူ များတွင် ၁၁ ဒသမ ၆ ရာခိုင်နှုန်း (IBBS 2015) ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် လည်း စီမံကိန်းတွင် အဆိုပါ ဦးတည်အုပ်စုများကို ဦးစားပေးအနေဖြင့် ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေးဆွဲထားခြင်း ဖြစ်သည်။ အိပ်ချ် အိုင်ဗီပိုး ကူးစက်ခံရသူ နှစ်သိန်းကျော်ရှိသည့်အနက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာအထိ စာရင်းများအရ အိပ်ချ်အိုင်ဗီပိုးရှိသူ ၁၇၅,၀၀၀ ကျော်ကို ကုသမှုပေးထားနိုင်ပြီ ဖြစ် ပါသည်။ မြန်မာနိုင်ငံ၏ အိပ်ချ်အိုင်ဗီရောဂါပိုး ကူးစက်ခံရမှု (HIV new infections) အခြေအနေသည် တနိုင်ငံလုံး တပြေးညီဖြစ်ပွားနေခြင်း မဟုတ်ဘဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မ္တလေးတိုင်း ဒေသကြီးနှင့် ရန် ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်မားဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။

ပြည်ကြီးခင် အဖွဲ့အစည်းအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အမျိုးသား ခုခံကျ-ကာလသား တိုက်ဖျက်ရေး စီမံချက်တို့နှင့် ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့နယ်ပေါင်း ၂၈ ခုတွင် Key Population Service Center များ ဖွင့်လှစ်၍ အိပ်ချ်အိုင်ဗီ ကာကွယ်ရေး နှင့် ပြုစုကုသ စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါသည်။ ထိုသို့ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၀ ပြည့်နှစ် မတ်လ မှ စတင်၍ ယနေ့အချိန်ထိ တိုးတက်များပြားလာသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် လူအများ၏ စိုးရိမ်ပူပန်မှု များပြားလာခဲ့ပြီး စီးပွားရေး၊ လူမှုရေး နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့လာရပါသည်။

အိပ်ချ်အိုင်ဗီ ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် ချမှတ်ထားသော ရည်မှန်းချက် များအတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် ခက်ခဲလာသည်။ ထို့ပြင် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများမှာလည်း ရပ်တန့်သလောက် ဖြစ်နေခဲ့ပါသည်။ အိပ်ချ်အိုင်ဗီ ဆိုင်ရာ အသိပညာပေးခြင်း (Awareness raising)၊ အခမဲ့ ကွန်ဒုံးဖြန့်ဝေခြင်းလုပ်ငန်း (Comprehensive Condom Program)၊ ကာလသား ရောဂါရှိ-မရှိ စမ်းသပ် စစ်ဆေး ပြီး ကုသပေးခြင်းလုပ်ငန်း (STI testing and treatment) နှင့် အိပ်ချ်အိုင်ဗီပိုး ကူးစက် ခံရခြင်း ရှိ-မရှိ ဆွေးနွေးအကြံပေးခြင်းနှင့် သွေးစစ်ဆေးခြင်းလုပ်ငန်း (HIV Counselling and Testing services) များကိုလည်း ခက်ခက်ခဲခဲ ဆောင်ရွက်နေရပါသည်။ ယခု စက်တင်ဘာလတွင် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းရောက်လာသည့်အခါ ပို၍ ခက်ခဲလာပြီဖြစ်ပါသည်။ ကိုဗစ်-၁၉ အတည်ပြု လူနာများရှိလာသည့် မြို့နယ်များတွင် အသွား အလာ ကန့်သတ်မှုများ ရှိလာသည့်အတွက် စင်တာများ ဖွင့်လှစ်ထားသော်လည်း လုပ်ငန်း ဆောင်ရွက်ရန် ခက်ခဲလာပါသည်။ ကပ်ရောဂါ ကာလအတွင်း ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းခွင် များဖြစ်သည့် ကာရာအိုကေခန်း၊ အနှိပ်ခန်းများ ပိတ်ထားခြင်း၊ အလှပြင်ဆိုင်များ ပိတ်ထားခြင်း၊ ဦးတည်အုပ်စုများ စုဝေးရာ နေရာများ လျော့နည်း လာခြင်းနှင့် အလုပ်နေရာ ရွှေ့ပြောင်းလုပ်ကိုင်မှု များပြားလာခြင်းတို့ကြောင့် အိပ်ချ်အိုင်ဗီဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ပေးရာတွင် စိန်ခေါ်မှု များ တွေ့ကြုံလာရပါသည်။ ထို့အပြင် ပုံမှန်ပြုလုပ် ကျင်းပနေကျ ပွဲတော်များ (ရိုးရာနတ်ပွဲများ) ရပ် တန့်သွားသည့်အတွက် ဦးတည်အုပ်စုများ၏ စုဝေး ရာ နေရာများ ပြောင်းလဲကုန်သည်။ နယ်မြို့များ တွင် ဦးတည်အုပ်စုများ၏ အဓိက စီးပွားရေး ဖြစ် သော အလှပြင်ဆိုင်များ ရပ်တန့်သွားခြင်း၊ ဒေသတွင်း နတ်ပွဲများလည်း ရပ်တန့်ထားရခြင်းများ လည်း စတင်တွေ့ကြုံလာရပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း သက်ရောက်မှုအနေဖြင့် ကွန်ဒုံး အခမဲ့ ဖြန့်ဝေမှုလုပ်ငန်းများ ခက်ခဲမှုရှိလာခြင်း၊ စင်တာ (Facility-based) သို့ လာရောက် ဝန် ဆောင်မှု ယူသူများကိုလည်း အကန့်အသတ်ဖြင့် လက်ခံဆောင်ရွက်ရခြင်းနှင့် စင်တာသို့ လာ ရောက်ရန် လက်လှမ်းမမီသောသူများအတွက် ဝန် ဆောင်မှုပေးရန်  ကွင်းဆင်းဆောင်ရွက်ချက်များ ရပ်ဆိုင်းထားရခြင်းတို့ ဖြစ်ပေါ်လာပါသည်။

အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ပြုစုကုသ စောင့်ရှောက်ရေးလုပ်ငန်းများတွင်လည်း ခက်ခဲမှု များ ရှိလာပြီဖြစ်သည်။ သို့ရာတွင် ကိုဗစ်ကာလအတွင်း အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ပြုစုကုသရေးလုပ်ငန်းများတွင် အခက်အခဲများ မဖြစ်ပေါ်စေရန် အမျိုးသား ခုခံကျ/ ကာလသား တိုက်ဖျက်ရေးစီမံချက်မှ ဦးဆောင်၍ အရေးပေါ်အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ပြီးခဲ့သည့် ဧပြီမှစပြီး အေအာရ်တီဆေး သောက်သုံးနေ သည့် အိပ်ချ်အိုင်ဗီ လူနာများအတွက် ဆေးဝါးပြတ်လပ်မှု မရှိစေရန် ဆေးသုံးလစာ ပေးနေရာမှ ခြောက်လစာအထိပေးခြင်း အစီအစဉ်ကို စတင်ခဲ့သည်။  တိုင်းဒေသကြီး နှင့် ပြည်နယ်ခရိုင်များရှိ ဆေးသိုလှောင်ရုံများတွင် ဆေးဝါးထားရှိနိုင်ရန် နေရာအလုံ အလောက် ရရှိအောင် စီစဉ်ပေးထားပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း အိပ်ချ်အိုင်ဗီ ပိုးရှိ လူနာများအနေဖြင့် ခရီးလွန်နေခြင်း သို့မဟုတ် အသွားအလာ ကန့်သတ်ထားသည့် နေရာများသို့ ရောက်ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ပါက နီးစပ်ရာ အေအာရ်တီ ဆေးထုတ်ဌာနနှင့် ဆက်သွယ်ပြီး တလစာ ဆေးထုတ်ယူရန် အစီအစဉ်ထားရှိသည်။ တနိုင်ငံလုံးမှ လူဦး ရေ ၁၈၀,ဝဝဝ ကျော်အတွက် အရေးပေါ်အစီအစဉ်ချထားပြီး လက်ရှိလူနာဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ဆေးခြောက်လစာ ရှိနေကြပါသည်။

ယခုအချိန်ထိ အေအာရ်တီဆေးများကို ပြတ်လပ်မှုမရှိစေရန် ဖြန့်ဝေထားနိုင်ဆဲ ရှိသည်ကို တွေ့ရသည်။ သို့သော် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း နယ်ဝေးမှ လူနာများအတွက် ခက်ခဲမှုများ ကြုံတွေ့လာနိုင်ပါသည်။ မြို့နယ်များတွင် အလုံးစုံ အသွားအလာ ကန့်သတ်ခြင်း (Lockdown) ကဲ့သို့ အခြေအနေများ ကြုံတွေ့လာရပါက အေအာရ်တီဆေး လာရောက်ထုတ်ယူရန် ခက်ခဲမှုများ ကြုံလာမည်ဖြစ်သည်။ လက်ရှိ အချိန်တွင် သုံးလ သို့မဟုတ် ခြောက်လစာဆေး ကြိုတင်ထုတ်ပေးခြင်း နည်းလမ်းများ ဖြင့် လူနာများထံတွင် ဆေးဝါးပြတ်လပ်မှု မဖြစ်စေရေးကို အဓိကထား ဆောင်ရွက် လျက် ရှိပါသည်။

အိပ်ချ်အိုင်ဗီ ကာကွယ်တာဆီးရေး လုပ်ငန်းများအနေဖြင့် ပို၍ ခက်ခဲမှုများ ကြုံတွေ့လာနိုင်စရာ ရှိပါသည်။ ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းအချို့သည် ကိုဗစ်ကာလ တွင် ပိတ်ရန် ညွှန်ကြားထားခဲ့သော်လည်း ဆက်လက် လုပ်ဆောင်နေမှုများကြောင့် အိပ်ချ်အိုင်ဗီပညာပေး ကာကွယ်ရေးလုပ်ငန်းများ ပိုမိုခက်ခဲလာတာကို ကြုံတွေ့ခဲ့ ရသည်။ ၎င်းအခြေအနေသည် ဝန်ဆောင်မှုပေးသူများအတွက် အခက်အခဲရှိသည့် နည်းတူ ဝန်ဆောင်မှု လိုအပ်နေသူများအတွက်လည်း ခက်ခဲမှုများ ရှိလာသည်။ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုရယူရန် ခက်ခဲသည့်အပြင် အဆိုပါ လုပ်ငန်းခွင် အတွင်း အသက်မွေးဝမ်းကျောင်းပြုသူများလည်း စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့နေရပြီး လုပ်ငန်းခွင်တွင်လည်း အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကြုံတွေ့ နေသူများလည်း ရှိနေကြသည်။

ကိုဗစ်-၁၉ ကာလအတွင်း လိုအပ်သော ကျန်းမာရေးဆိုင်ရာ အကာအကွယ် ပစ္စည်းများနှင့် ဆေးဝါးများကို အချိန်နှင့်တပြေးညီ ထောက်ပံ့ ဖြည့်တင်းနိုင်ရေးသည်လည်း လွန်စွာ အရေးကြီးပါသည်။ အရည်အသွေးပြည့်မီသော ဆေးဝါးနှင့် ပစ္စည်းများ လုံလုံလောက်လောက်၊ ပြည့်ပြည့်စုံစုံ အချိန်မီ ရရှိမှသာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေသော လုပ်ငန်းများကို ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ပြည်ကြီးခင် အဖွဲ့အစည်းအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စင်တာများတွင် ဝန်ဆောင်မှု ပေးသူများနှင့် ဝန်ဆောင်မှု ရယူသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးစေရန် ကျန်းမာရေးဆိုင်ရာ အကာအကွယ်ပစ္စည်းများ (Masks, Hand sanitizer, etc) ထောက်ပံ့ပေးခြင်းနှင့် Social distancing guideline များနှင့်အညီ ပြင်ဆင်ထားခြင်းများဖြင့် အိပ်ချ်အိုင်ဗီရောဂါ ကာကွယ်ရေးနှင့် ပြုစုကုသ စောင့်ရှောက်ရေး လုပ်ငန်းများကို အမျိုးသား ခုခံကျ/ကာလသားတိုက်ဖျက်ရေးစီမံချက်၏ လမ်းညွှန်မှုများနှင့်အညီ အတူတကွ ဆောင်ရွက်သွားရန် အရေးကြီးကြောင်း ရေးသားလိုက်ရပါသည်။

Nwe Zin Win

နွယ်ဇင်ဝင်းသည် ပြည်ကြီးခင်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍများ၌ နှစ် ၂၀ ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

2 Discussion to this post

  1. Myint Than says:

    The best post I like for Covid 19

  2. Zay ya says:

    ကျေးဇူးပြုပြီး
    ရောဂါအသစ်၏
    အနာကြီးရောဂါအပေါ်
    သက်ရောက်မူကိုလဲ
    ဖြစ်နိုင်ရင်
    သိချင်ပါတယ် ခင်ဗျား

    ကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search