Menu & Search

ကိုဗစ်-၁၉ အကျပ်အတည်းနှင့် အခွင့်အလမ်းများ

May 5, 2020

ကိုဗစ်-၁၉ ဟု အမည်ရသော ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြစ်စေသည့် ကူးစက်မြန် ဗိုင်းရပ်စ်ကို စတင်မှတ် တမ်း တင်ခဲ့သည့် နေ့မှစ၍ ရေတွက်ပါက သုံးလမြောက်ခဲ့ပြီ ဖြစ်ပါသည်။

ယင်းသုံးလတာအတွင်း မည်သူမျှ ကြိုတင်တွေးဆ ထင်မှတ်မထားသည့် သက်ရောက်မှုများကြောင့် ကမ္ဘာလုံး ဆိုင် ရာ အုပ်ချုပ်စီမံမှု၊ ကမ္ဘာ့စီးပွားရေး အလားအလာ၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုစနစ်များ ကမောက်ကမ ဖြစ်ခဲ့ရသည်။ ဗိုင်းရပ်စ်ကူးစက်မှု ပြီးဆုံးသွားသောအခါတွင်လည်း  ထင်မှတ် မထားနိုင်လောက်အောင် ပြောင်းလဲသွားမည့် အနေအထားကို တွေ့နေရပါသည်။

ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားပြီး အချမ်းသာဆုံးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခု သုံးလတာကာလအတွင်း စတော့ဈေးကွက် တန်ဖိုး သုံးပုံတပုံကျော်[1]  ပြုတ်ကျအထိနာခဲ့သည်။ ထိုမျှမက ပြည် သူများကို နေအိမ်တွင်နေစေသည့် သုံးပတ်တာကာလအတွင်းတွင် အလုပ်လက်မဲ့ ၂၆ သန်းကျော်[2]  ထွက်ပေါ် လာပြီး ဆက်လက်တိုးပွားလာမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာတဝန်းရှိ မူဝါဒ ချမှတ်သူများ၊ နိုင်ငံ့ ခေါင်းဆောင်များအနေဖြင့် ယခု ဖြစ်ရပ်ကို Black Swan ( Risk analysis တွင် လုံးဝ မမျှော်လင့်ထားသောဖြစ်ရပ်) အဖြစ် လည်းကောင်း၊ crisis of the century ( ရာစုနှစ်၏ အကြီးမားဆုံး အကျပ်အတည်း ) အဖြစ်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ပြီးနောက် ကြုံတွေ့ရသည့် အကြီးမားဆုံးအကျပ်အတည်းအဖြစ် အသီးသီး ပြောခဲ့ကြသည်။

ကိုဗစ်-၁၉ အရေးကို မူလက ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်သာ ရှုမြင် ဖြေရှင်းခဲ့ကြသော်လည်း စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်စီမံမှု အရေးသာမက၊ နိုင်ငံအသီးသီး၏ နိုင်ငံရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကိုပါ အကြီး အကျယ် သက်ရောက်လာခြင်းကြောင့် မူဝါဒ ချမှတ်တုံ့ပြန်သူများအနေဖြင့် နေ့စဉ် မရေရာမှု၊ အချိန်နှင့်အမျှ ပြောင်း လဲ မှုများကို တုံ့ပြန်နေရုံသာမက အနာဂတ်အတွက်လည်း တပါးတည်း ပြင်ဆင်နေရသည့် ဘက်ပေါင်းစုံ တိုက်ပွဲ ကြီးတရပ် ဖြစ်လာခဲ့သည်။

ယင်းကဲ့သို့ မရေရာသော အချိန်တွင် မူဝါဒချမှတ်သူများ ပထမဆုံး သတိပြုသင့်သောအချက်မှာ Framing ဟု ခေါ်သည့် ကြုံတွေ့နေရသော ပြဿနာ အတိမ်အနက်၊ အတိုင်းအဆကို မှန်ကန်စွာ မှန်းဆနိုင်မှု ဖြစ်သည်။ ဥပမာ အားဖြင့် ယခု ကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်းမာရေးပြဿနာအဖြစ်သာ သီးသန့်မြင်နေပါက အစိုးရ၏ တုံ့ပြန်သော မူဝါဒများသည် ကျန်းမာရေးကဏ္ဍတခုတည်းကိုသာ ပြေလည်စေမည့် sectorial မူဝါဒများ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကျယ်ပြန့်စွာ စဉ်းစားထားရန် လိုအပ်ပါသည်။  ယခု ဖြစ်ပွားနေသော ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကပ်လည်း ဖြစ်သည်သာမက ဒေသ တွင်းစီးပွားရေးကို ကြီးစွာထိခိုက်စေပြီး မူလအခြေအနေသို့ ပြန် ရောက်ရန် အနည်းဆုံး ဆယ့်နှစ်လမှ လပေါင်းခြောက်ဆယ်ခန့် ကြာနိုင်မည်ဟု မှန်းဆထားပါက အစိုးရတရပ်၏ မူဝါဒတုံ့ပြန်မှုသည် ရေတို ကယ်ဆယ်ရေးအတွက်သာမက ကြုံတွေ့လာနိုင်မည့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကို ကျော်လွှားနိုင်ရန် အစီအမံများ ပါဝင်နေရမည် ဖြစ်သည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကပ် ရောဂါသည် လက်ရှိကမ္ဘာ့စီးပွားရေး၏ အားနည်းချက်များကို ဖော်ပြ သည့် ဖြစ်ရပ်ဖြစ်သည်ဟု မှန်းဆထားပါက ကိုဗစ်အလွန် post covid-19 အတွက် လိုအပ်မည့် အခင်းအကျင်း positioning၊  ပါဝင်မည့် အုပ်ချုပ်ရေး၊ ပြည်တွင်းစီးပွားရေး တည်ဆောက်မှု၊ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် သက်ဆိုင် သည့်မူဝါဒများကို ဖော်ထုတ်လာနိုင်မည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံအတွင်းရှိပါဝင်ပတ်သက်သူများ  stakeholders အနေဖြင့် အလိုက်သင့် ပြုပြင်ပြောင်းလဲမှုများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်အတူ လုပ်ဆောင်နိုင်ပါမည်။  ထို့အတူ လက်ရှိအခက်အခဲများကို ကျော်လွှားရုံသာမက ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို အခွင့်အလမ်းများ အဖြစ် ပြောင်းလဲနိုင်သည့် အခြေအနေကို ရရှိနိုင်မည်ဖြစ်သည်။ တနည်းဆိုရသော် ကြီးမားသော အလှည့် အပြောင်းများ၏ နောက်ကွယ်တွင် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာ အခင်းအကျင်းများ ပြောင်းလဲလေ့ရှိသည် ကို ၂၁ ရာစု သမိုင်းစာမျက်နှာတွင် အထင်အရှား တွေ့နိုင်ပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန် ဦး ဆောင်သော နိုင်ငံစုံအုပ်ချုပ်စီမံမှုနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာငွေကြေးစနစ် အသက်ဝင်ခဲ့ပြီး စစ်အေး ကာလတွင်မူ နိုင်ငံစုံ ကုန်သွယ်မှုစနစ်များ အသက်ဝင်ခဲ့သည်။ ထိုနည်းတူ ၂၀၀၈ ခုနှစ်က အမေရိကန်နိုင်ငံတွင် စတင်ခဲ့သော ကမ္ဘာ့စီးပွားပျက်ကပ်သည် နောင် ဆယ်စုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများစွာတွင် လက်ယာယိမ်း လူပြိန်း ကြိုက် နိုင်ငံရေးသမားများနှင့် ယင်းတို့ ဦးဆောင်သည့် အစိုးရများ အာဏာရလာခြင်းနှင့် တိုက်ဆိုင်သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပါ။

 

Post Covid-19 ကိုဗစ်အလွန် ကမ္ဘာအတွက် မှန်းဆထားသည့် ပြောင်းလဲနိုင်မည့် အချက်များနှင့် လှိုင်းစီးခြင်း

ကမ္ဘာ့ကုန်သွယ်ရေးစနစ်တွင် တရုတ်တနိုင်ငံတည်းမှ ကမ္ဘာ့စက်ရုံအဖြစ် ရပ်တည်စေသော outsourcing policy များကို ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများနှင့် ဂျပန်နိုင်ငံများမှ ပြောင်းလဲရန်ကြိုးစားလာနိုင်သည့် အလားအလာ များနေသည်ကို တွေ့ရသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ မူဝါဒ ချမှတ်သူများအနေဖြင့် ဆထက်ထမ်းပိုး ကြီး ထွားလာနေသော တရုတ်၏ စီးပွားရေးအင်အားသည် မူလ အမေရိကန် ဦးဆောင်ပြီး ဥရောပ နိုင်ငံများ လက်ခံသည့် Bretton Woods institutions နှင့် တန်ဖိုးများကို အလေးမထားမှု များလာသည်ဟု ရှုမြင်လာကြသည့်အပြင် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးမှုနှင့် မူပိုင်ခွင့် ထိန်းသိမ်းမှုများတွင် အချောင်လိုက်သူ free rider ဖြစ်သည်ဆိုသော အမြင်များ ပိုမိုအားကောင်းလာနေပါသည်။ ယခုကဲ့သို့သော အကျဉ်းအကျပ် အခြေအနေတွင် ဥ ရောပနှင့် အမေရိကရှိ အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းစုများတွင် တရုတ်ကို သီးသန့် မှီခိုရခြင်းမှ လွတ်မြောက်အောင် စတင်လုပ်ဆောင်လာမည့် ခြေလှမ်းများ တွေ့နေရပြီဖြစ်သည်။ ယင်းအတွက် အာဆီယံနိုင်ငံ များ၊ ဥရောပအာရှနိုင်ငံများနှင့် အာဖရိက မြောက်ပိုင်းနိုင်ငံများအတွက် ထုတ်လုပ်ရေးနှင့်သက်ဆိုင်သော နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ နောက်ဆယ်စုနှစ်အတွင်းတွင်  ပိုမို ဝင်ရောက်လာနိုင်ပါသည်။

နိုင်ငံတကာ စီးပွားရေးကွင်းဆက်များ ပြတ်တောက်မှုများကြောင့်သော်လည်းကောင်း၊ အထွေထွေ စီးပွားရေး ကျဆင်းမှုများကြောင့်သော်လည်းကောင်း ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် မူလကရရှိထားသော ဆင်းရဲမွဲတေမှု တိုက် ဖျက်ရေး အောင်မြင်မှုများ ပြိုကျသွားနိုင်ပြီး စားနပ်ရိက္ခာ မလုံလောက်မှုများကို ကြုံတွေ့လာနိုင်သည်ဟု စီးပွားရေး ပညာရှင်များက သတိပေးနေကြပြီဖြစ်သည်။

 

မြန်မာနိုင်ငံ၏ အခြေအနေက မည်သို့ ရှိလာနိုင်မည်နည်း။

စိုက်ပျိုးမြေ ပေါများသည့်အပြင် ရာသီဥတုအရလည်း စိုက်ပျိုးနိုင် သည့် သီးနှံများပြားသည့် မြန်မာနိုင်ငံအတွက်မူ ခေတ်အဆက်ဆက် အစိုးရများက နှုတ်အားဖြင့် တွင်တွင် ကတိ ပေးခဲ့သည့် “စိုက်ပျိုးရေး အခြေခံ၍နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သည့်အခွင့်အလမ်း” ရရှိ လာနေပြီ ဖြစ် သည်။ လယ်ယာမြေ အုပ်ချုပ် စီမံမှုစနစ်များ တွင် လုပ်ကွက်ငယ်တောင်သူများနှင့် နိုင်ငံတော် ယန္တရားများမှ ချန်လှပ် ထားခံရမြဲဖြစ်သော တောင်တန်းဒေသနေ တောင်သူများအတွက် အကျိုးရှိစေမည့် ဖက်ဒရယ်အသွင် အနှစ်သာရ များအပေါ် အခြေပြု စီမံခန့်ခွဲမှုများ၊ လုပ်ထုံး လုပ်နည်းများ ထည့်သွင်းနိုင်သည့် အခွင့်ကောင်းလည်းဖြစ်ပါသည်။ စားနပ်ရိက္ခာ ဖူလုံသည့်နိုင်ငံ အဆင့်မှ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့သည့် အနေအထားဖြစ်ရန် စိုက်ပျိုးရေး မူဝါဒ များကို ပြင်ဆင်နိုင်သည့် အခင်း အကျင်းလည်းဖြစ်ပါသည်။

အားလုံးပါဝင် လွှမ်းခြုံသည့် ကျန်းမာရေးစနစ်များနှင့် လူမှုဖူလုံရေး စနစ်များသည် နိုင်ငံတနိုင်ငံ တည်ငြိမ် တိုးတက် ရေးအတွက် မဖြစ်မနေလိုအပ်သော အခြေခံအုတ်မြစ်များ ဖြစ်သည်ဟူသော အုပ်ချုပ်စီမံမှုအား လက်ခံမှုများ ပိုမို တိုးတက် များပြားလာမည်ဖြစ်သည်။ ယင်းမူဝါဒများသည် entitlement လူပျင်းအားပေး မူဝါဒ များဖြစ်သည်ဟူ၍ မြင်ခဲ့သည့် အစိုးရနှင့် နိုင်ငံရေးသမားများ ယခင်ကရှိခဲ့သော်လည်း ကိုဗစ်-၁၉ သည် ယင်းအချက်ကို ပြောင်းလဲ စေခဲ့ပြီဖြစ်သည်။ ယင်းသိမြင်မှုအပေါ် အခြေခံ၍ နိုင်ငံတဝန်းရှိ နိုင်ငံသားများအားလုံးကို ခြုံငုံသည့် ကျန်းမာရေး စောင့်ရှောင်မှုနှင့် ပြည်သူ့ကျန်းမာရေး စီမံချက်များကို ပိုမိုအားကောင်းစေမည့် တိုင်းတာချက်များ ( တိုင်းဒေသကြီးနှင့် ပြည် နယ်အလိုက် အဓိကဆေးရုံများတွင်ရှိသော လူ့စွမ်းအားအရင်းအမြစ် အချိုးအစား၊ ဆေးရုံခုတင်နှင့် ဆေးရုံသုံး ပစ္စည်းများ ဖြန့်ဝေမှု၊ ရောဂါပျောက်ကင်းမှု စသည်)၊ အကဲဖြတ်ချက်များ ( ဒေသအလိုက် ပျှမ်းမျှ သက်တမ်း၊ အဓိက ကျန်းမာရေး ပြဿနာများ၊ ဆေးရုံစီမံခန့်ခွဲမှု စွမ်းဆောင်ရည် အကဲဖြတ်ချက် စသည်)၊ ဘဏ္ဍာရေးထောက်ပံ့မှုများ (အာဟာရ ချို့တဲ့မှုများအတွက် အာဟာရစီမံချက်၊ မိခင်နှင့် ကလေးသေနှုန်း လျော့ချရေးအတွက် ထောက်ပံ့မှု စ သည်)၊ ဘဏ္ဍာရေး ထောက်ပံ့မှု ဆန်းသစ်မှုများကို ပြင်ဆင်လုပ်ဆောင်ပါက သူ့အိုးနှင့် သူ့ဆန် တန်သည့် ကျန်းမာ ရေးရလဒ်များ ရရှိလာမည်ဖြစ်ပြီး ရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကျိုးရှိစေမည်ဖြစ်သည်။

ထို့အပြင် လက်ရှိ အလုပ်သမား လူမှုဖူလုံရေးလုပ်ငန်းစဉ်၊ ရန်ပုံငွေစုဆောင်းမှု၊ ခွဲဝေအသုံးချမှုများတွင်လည်း နိုင်ငံ တွင်းရှိ လုပ်သားများအားလုံးကို လွှမ်းခြုံနိုင်သည့် မူဝါဒ၊ လုပ်ဆောင်မှုလုပ်ငန်းစဉ်များ၊ ပင်စင် ပြုပြင်ပြောင်းလဲရေး များကိုလည်း တပါးတည်း လုပ်ဆောင်သွားမည့် အခွင့်အရေး ရှိနေပြီဖြစ်သည်။ ယင်း ပင်စင် ပြုပြင်ပြောင်းလဲရေး သည် ပြည်တွင်း အရင်းအနှီးဈေးကွက်၊ ပြည်တွင်း ကြွေးမြီရောင်းဝယ်ရေး ဈေးကွက်များနှင့် ဆက်စပ်နိုင်ပါက ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှု အားကောင်းလာပြီး ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သော ဘဏ္ဍာရေး ရင်းမြစ်များအတွက် အထောက်အကူ ဖြစ်လာနိုင်ပါသည်။

ပြည်သူ့ဘဏ္ဍာ အားကောင်းစေခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကို ချိတ်ဆက်ခြင်း လုပ်ငန်းစဉ်များသည်လည်း ကိုဗစ်အလွန်တွင် မလုပ်မနေရ သဘောဆောင်လာပြီ ဖြစ်ပါသည်။

ပြည်သူ့ကျန်းမာရေး ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များသည် ပြည်နယ်နှင့် တိုင်းများတွင်ရှိသော အစိုးရ များမှ စွမ်းဆောင်ရည်အပြည့်ဖြင့် တုံ့ပြန်နိုင်ပါက များစွာအကျိုးရှိသည်ကို လက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့၏ ထိ ရောက်သော တုံ့ပြန်မှုများက ပြသနေပါသည်။ ထို့အပြင် ကိုဗစ်ကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး ဒဏ်ရာဒဏ်ချက်များကို ကုစားရန် ဘဏ္ဍာရေး၊ ငွေရေးကြေးရေးမူဝါဒဖြင့် စီးပွားရေးကျဆင်း ခြင်းများကြောင့် လာမည့် ငါးနှစ် ဆယ်နှစ်အထိ အစိုးရဘတ်ဂျတ်တွင် လိုငွေပြမှုများ စံချိန်တင် ဖြစ်ပေါ်လာမည်ကို ကြိုတင် မျှော်မှန်းထားရမည် ဖြစ်ပါသည်။ ယင်းအတွက်လည်း လက်ရှိ ကျင့်သုံးနေသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ကြွေးမြီစီမံခန့်ခွဲမှု နည်း လမ်းများသာမက ပိုမိုဆန်းသစ်သော ဘဏ္ဍာရေးနည်းလမ်းများ လိုအပ်လာမည်ဖြစ်သည်။ ( ဥပမာအားဖြင့် လက်ရှိ စီးပွားရေး လုပ်ငန်းအစုအဖွဲ့များကို ဘဏ္ဍာရေးထောက်ကူမှုများ ပိုမိုလုပ်ဆောင်နိုင်ရန် လိုအပ်သကဲ့သို့ နိုင်ငံသား များ ဖွံ့ဖြိုးမှုအတွက် လိုအပ်သော အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းတံတားဆောက်လုပ်ရေးများ၊ စီးပွား ရေးအခြေခံ အဆောက်အအုံများကိုလည်း အရှိန်မလျော့ လုပ်ဆောင်ရန် လိုအပ်နေသည်။ ယင်းအတွက် ဖွံ့ဖြိုးရေး ဘွန်းစာချုပ်များကို ထုတ်ရောင်းခြင်းသည် အစိုးရအနေဖြင့် ပြည်သူများ၏ ချေးငွေဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေးပါသော လုပ်ဆောင်နိုင်ခြင်း တခုဖြစ်ပါသည်။ လမ်းတံတား တခုချင်းအတွက် matching bonds များ ထုတ် ရောင်းနိုင်မည်ဖြစ် ထွက်ပေါ်လာသည့် ဘဏ္ဍာရေးရင်းမြစ် fiscal space ကို post covid-19 rescue and recovery ကိစ္စရပ်များတွင် အသုံးချနိုင်မည်ဖြစ်သည်။ ကိုဗစ်အလွန်တွင် ခေတ်မီပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော နိုင်ငံ ကြွေးမြီ စီမံခန့် ခွဲမှုစနစ်ကို တည်ဆောက်ရန်အခွင့်ကောင်း ဖြစ်ပါသည်။ ထို့အတူ၊ အနှစ်သုံးဆယ် မအောင်မြင်ခဲ့ သော နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲမှုကိုလည်း ဖြစ်ပေါ်နေသည့် ဘဏ္ဍာရေးဖိအားများကို အသုံး ချကာ ပိုင်ပိုင်နိုင်နိုင် လမ်းကြောင်းပေါ်ဆွဲတင်နိုင်သည့် အချိန်လည်းဖြစ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ ကျင့်သုံးနေသော မူဝါဒများကိုလည်း အတုယူပြီး ကိုယ့်နိုင်ငံ အနေအထားနှင့် ကိုက်ညီ သော မူဝါဒများကိုလည်း ကျင့်သုံးနိုင်ပါသည်။ အမေရိကန်နှင့် အခြားနိုင်ငံများ၊ အိမ်နီးချင်း ထိုင်းနိုင်ငံတို့တွင် နိုင်ငံ တော်မှ ငွေသားတိုက်ရိုက်ထောက်ပံ့သော ပုံစံကိုကျင့်သုံးကြပါသည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးနိုင်ခြင်းမရှိသည့် အခြေအနေမှာ financial inclusion အားလုံးပါဝင်နိုင်မှု အားနည်းသော ကြောင့်ဖြစ်သည်။ ယင်းအားနည်း ချက် အပေါ် အခြေခံ၍ digital banking နှင့် digital payment platform များကို မြန်မာနိုင်ငံဗဟိုဘဏ်မှ အချိန်အတိုင်း အတာတခုအထိ ပါဝင်သော ရည်မှန်းချက် ( ဥပမာ လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ဘဏ်အကောင့်ရှိလာရန် ၂၀၃၀ အမီ ကြိုးစားမည် စသည်ဖြင့် ) များဖြင့် အခွင့်ကောင်းယူ လုပ်ဆောင်ရန်လိုပါသည်။

မြန်မာနိုင်ငံ၏ နည်းပါးလှသော အခွန်ထမ်းပြည်သူများနှင့် ကုမ္ပဏီများကြောင့်လည်း နိုင်ငံတော်ဘဏ္ဍာ ထောက် ပံ့ရာတွင် ထိရောက်မှု အားနည်းရကြောင်းတွေ့ရသည်။ တရားဝင် formal sector တွင်ရှိသော လုပ်ငန်းများထက် informal sector တွင်လည်ပတ်နေသာ လုပ်ငန်းများ ပိုများသည်ကိုတွေ့ရသည်။ ယင်း အခြေအနေကို အကြောင်းပြု၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ လုပ်ဆောင်နေသော Individual Tax Payer Identification Number ကို နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်အားလုံး၊ အသင်းအဖွဲ့များအားလုံးနှင့် စီးပွားရေး လုပ်ငန်းများ အားလုံး အတွက် နိုင်ငံတော်နှင့် ဆက်သွယ်နိုင်သည့် identifier အဖြစ် အလျင်အမြန် ကျင့်သုံးနိုင်ရန် တွန်းအား ပေးသင့် သည်။ လူမျိုးရေး၊ ဘာသာရေးအပေါ် အခြေမခံသော identifier တခု အနေဖြင့် နိုင်ငံသားနှင့် နိုင်ငံတော် ဆက်ဆံ ရေးအတွက် အသုံးချနိုင်ပါက လက်ရှိတွင် ၁၉၈၂ နိုင်ငံသား ဥပဒေအရ လိပ်ခဲတည်းလည်းဖြစ်နေသည့် နိုင်ငံရေး ပြဿနာအချို့လည်း ပြေလည်သွားနိုင်ပါသည်။ အခွန်ဆောင်ယဉ်ကျေးမှု အားနည်းသော လူ့အဖွဲ့အစည်း အတွက် လိုအပ်သည့် Institutions တည်ဆောက်ရာမှ လူမှုယဉ်ကျေးမှု ပွတ်တိုက်သော ပြဿနာကိုပါ ဖြေရှင်းပြီးထား ဖြစ်သွားမည်ဟု မြင်ရပါသည်။ ကိုဗစ်-၁၉ အလွန်တွင် ပြုပြင်ရမည့် ပြောင်းလဲမှုများကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်စွမ်း ရှိပါက ရင်ဆိုင်နေရသည့် ပြဿနာအချို့ကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားနိုင်သော  အခင်းအကျင်းလည်း ဖြစ်ပါသည်။ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး အကွဲအပြဲများသော မြန်မာနိုင်ငံအနေဖြင့် အထက်ပါ identities များ အပေါ်တွင် အခြေမခံသည့် ဆက်ဆံရေး ယန္တရားတည်ဆောက်ခြင်းသည် ပြည်သူ့ဘဏ္ဍာရေးတွက် ဘဏ္ဍာရေးရင်းမြစ် တိုးပွား စေမည့် အခွန်ဆောင် ပြည်သူများ များပြားစေသည်သာမက ရှိရင်းစွဲ နိုင်ငံရေးပြဿနာကိုပါ ဖြေရှင်းပေးနိုင်မည့် မူဝါဒ ကိရိယာတခု ဖြစ်ပါသည်။

အချုပ်အားဖြင့် ကိုဗစ်-၁၉ သည် လူပေါင်းများစွာ၏ စီးပွားရေး ဆုံးဖြတ်သည့်အမူအကျင့်များ၊ နိုင်ငံအစိုးရများနှင့် ကော်ပိုရိတ်ကြီးများ၏ ပိုနေမြဲ ကျားနေမြဲအခြေကို ပျက်စေခဲ့ပြီ ဖြစ်ပါသည်။ လုပ်ငန်းခွင်ဆိုင်ရာ လုပ်သားနှင့် အရင်း ဆက်ဆံရေး၊ နိုင်ငံတော်နှင့် နိုင်ငံသား ဆက်ဆံရေး၊ သိပ္ပံနည်းပညာနှင့် လူမှုသိပ္ပံ သိမှု ဆက်စပ်မှုများ ပြောင်း လဲသွားပါတော့မည်။ ယခုကဲ့သို့သော အရေးပေါ်ကယ်ဆယ်ရေး အခြေအနေတွင် အနာဂတ်ကို ရည်မျှော်သည့် စီးပွားရေး၊ အုပ်ချုပ်စီမံမှုနှင့် ငြိမ်းချမ်းရေးအတွက် မူဝါဒစဉ်းစားချက်များ ပါဝင်စေမှုက မြန်မာနိုင်ငံကို ရေရှည် ပြေး ပွဲအတွက် ပြင်ဆင်စေမည်ဖြစ်ပါသည်။

ရင်းနှီးမြှပ်နှံမှု ဂုရုတယောက်ဖြစ်သူ ဝါရင်းဘတ်ဖေး၏ စကားလင်္ကာဖြင့် အဆုံးသတ်လိုပါသည်။

“ An idiot with a plan can beat a genius without a plan”

 

ကိုးကားချက်

[1] https://www.weforum.org/agenda/2020/03/stock-market-volatility-coronavirus/

[2] https://fortune.com/2020/04/23/us-unemployment-rate-numbers-claims-this-week-total-job-losses-april-23-2020-benefits-claims/

Maw Tun

မော်ထွန်းသည် Natural Resource Governance Institute ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာအဖြစ် တာဝန် ထမ်းဆောင်နေပြီး Another Development ( ပြည်တွင်းမူဝါဒသုတေသနအဖွဲ့)၏ ပူးတွဲတည်ထောင်သူနှင့် မဟာဗျူဟာအကြံပေးအဖြစ် ပြည်သူ့ရေးရာမူဝါဒများကို သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်နေပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search