Menu & Search

ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကာလတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားခြင်း

May 6, 2020

၂၀၂၀ ပြည့်နှစ် မတ်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါ အဖြစ်ကြေညာခဲ့ပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း ရောဂါကူးစက်နှုန်း တိုးတက်နေသလို အများ နည်းတူ မသန်စွမ်းသူတွေအတွက်လည်း အဲဒီရောဂါ ခြိမ်းခြောက်မှုတခု ဖြစ်နေပါတယ်။ အခု ဆောင်းပါးမှာ အခုလို အရေးပေါ်ကာလအတွင်း မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက် တွေကို ဖော်ပြပါမယ်။

၂၀၁၄  မြန်မာနိုင်ငံ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ မှာ မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်း ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်အရ ရောဂါဖြစ်ပွားသူမှာ နေ့စဉ်နဲ့အမျှ တိုးနေပြီး အဲဒီအထဲမှာ မသန်စွမ်းသူတွေ အပါအဝင် ရော ဂါ ပိုးကူးစက်ခံရမှုနဲ့ သူတို့မိသားစုတွေလည်း ပါဝင်နေကြပါတယ်။ အခုနောက်ဆုံးသတင်းအရ ရော ဂါပိုးတွေ့ရှိသူထဲမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ တဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ အခုလို ရောဂါ ကပ်ဘေးကြုံနေရချိန်မှာ မသန်စွမ်းသူတွေဟာ အများထက်ပိုတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါ တယ်။ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်တဲ့ လက်ဆေးခြင်းတခုတည်းတောင် အချို့ မသန် စွမ်းသူတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဥပမာ အချို့ကိုယ်အင်္ဂါ မသန်စွမ်းသူတွေအဖို့ လက် ဆေးရာ နေရာကို သွားပြီး မကြာခဏ ဆေးကြောဖို့ မလွယ်ကူတာ၊ social distancing ဖြစ်တဲ့ လူတဦးနဲ့တဦး ခပ်ခွာခွာနေဖို့ဆိုတာတွေလည်း  အခက်အခဲ ရှိနိုင်ပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရက ထုတ်ပြန်တဲ့ သတင်းအချက်အလက်နဲ့ ပညာပေး အစီစဉ်တွေကို အလွယ်တကူ ရရှိနိုင်ဖို့လည်း မလွယ်ကူတဲ့အပြင် ရရှိခဲ့ရင်လည်း သူတို့အတွက် အလုံးစုံနားလည်ဖို့ မလွယ်ကူပါဘူး။

အလားတူ မသန်စွမ်းသူတွေအတွက် ဆက်သွက်ပြောဆိုမှုနဲ့ လှုပ်ရှားမှု အခက်အခဲတွေကြောင့် ရောဂါ မပြန့်ပွားဖို့ အသွားအလာ ထိန်းချုပ်ရေး ကာလအတွင်းမှာပဲ သူတို့အတွက် အစားအစာ ပြတ်လပ် မှုတွေ ကြုံလာရတာ ရှိပါတယ်။ နေရာအနှံ့အပြားမှာ မြို့နယ်၊ ရပ်ကွက် အလိုက် ညမထွက်ရ အမိန့် အပြင် ရောဂါပိုးတွေ့ရှိခဲ့ပါက ပိုးရှိသူရဲ့ နေအိမ်နဲ့ လမ်းတွေကို ရောဂါထိန်းချုပ်ဖို့ ပိတ်ဆို့မှုတွေပြုလုပ် နေပါတယ်။ အဲဒီချမှတ်လိုက်တဲ့လမ်းတွေမှာ မသန်စွမ်းသူတွေလည်း နေထိုင်နေကြမှာ အမှန်ပဲ ဖြစ်ပါ တယ်။ ထိုနည်းလည်းကောင်း Facility Quarantine နဲ့ Home Quarantine တွေမှာ နေထိုင်နေရတဲ့ မသန်စွမ်းသူနဲ့ မိသားစုအရေအတွက်ကလည်း တဖြည်းဖြည်း များလာတာကို တွေ့ရပါတယ်။ လက်ရှိ မှာ Quarantine ဝင်နေတဲ့ မသန်စွမ်းသူအချို့ပါဝင်နေပြီး အဲဒီထဲမှာ ကိုယ်အင်္ဂါမသန်စွမ်းနဲ့ အကြားအာရုံမသန်စွမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးမှာ လူတိုင်းအတွက် ကိုယ်စားပြုတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်ဖို့ လိုအပ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး မသန်စွမ်းသူတွေ အတွက် ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန် ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီအထဲက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီမယ့် လမ်းညွှန်ချက်တွေကို ထုတ်နုတ်တင်ပြပါမယ်။

၁။ ရှင်းလင်းသော သတင်းအချက်အလက်များပေးခြင်း

ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး  ပြည်သူ့ကျန်းမာရေး သတင်းအချက်အလက်တွေကို  မသန်စွမ်းသူတွေ အတွက်လည်း ရည်ရွယ်ပြီး ထိရောက်စွာ ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ နိုင်ငံခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေနဲ့ လူထုဆက်သွယ်ရေးဖြစ်တဲ့ live social media စတဲ့ ထုတ်ပြန်ချက်တွေ ကို ရှင်းလင်းတဲ့ စာတန်းထိုးခြင်းသာမက Sign language ဖြစ်တဲ့ လက်သင်္ကေတပြ ဘာသာစကားတွေနဲ့ ထည့်သွင်းဖော်ပြပေးသင့်ပါတယ်။

အများပြည်သူနဲ့ဆိုင်တဲ့ ထုတ်ပြန်ချက်တွေကို လွယ်ကူရှင်းလင်းတဲ့ ပုံစံနဲ့ ဖော်ပြပေးမှသာ ဉာဏ်ရည် ဒါမှမဟုတ်  အကြားအာရုံ မသန်စွမ်းသူတွေအတွက် အထောက်အကူပြုစေပါတယ်။ များသော အားဖြင့် အကြားအာရုံမသန်စွမ်းသူတွေဟာ ထုတ်ပြန်ချက် အပြည့်အစုံကို ဖတ်ဖို့အခက်အခဲ ရှိတတ်ပါတယ်။ ဘာကြောင့်ဆိုတော့ သူတို့ဟာ Sign language ဖြစ်တဲ့ လက်သင်္ကေတပြ ဘာသာစကားနဲ့သာ ရင်းနှီးကျွမ်းဝင်တာမို့ စာကြောင်းအပြည့်အစုံနဲ့ဖော်ပြရင် လိုရင်းကိုနားလည်ဖို့ အခက်အခဲ ရှိတတ်ပါတယ်။ ဥပမာအနေနဲ့  သြစတေးလျနိုင်ငံ အစိုးရရဲ့ ကျန်းမာရေးဌာနဟာ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ မသန်စွမ်းတွေအတွက်သာရည်ရွယ်တဲ့ management and operation plan  လုပ်ငန်း စီမံချက်တခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ရေးဆွဲထားပါတယ်။ အဲဒီ စီမံချက်ကို ပုံစံနှစ်မျိုးနဲ့ ထုတ်ဝေထားပြီး တမျိုးက အားလုံးအတွက်ဖြစ်ပြီး နောက်တမျိုးကတော့ မသန်စွမ်းသူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ပုံစံနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

၂။ ထိရောက်သော ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း

ကျန်းမာရေးဝန်ဆောင်မှုအနေနဲ့ ကိုဗစ်-၁၉ ရောဂါသည်တွေထားရှိတဲ့ ဆေးရုံနဲ့ facility quarantine တွေမှာ မသန်စွမ်းသူတွေအတွက် လူမှုဖူလုံရေးဌာနက မသန်စွမ်းမှုအမျိုးအစားအလိုက် ကျွမ်းကျင် ဝန်ထမ်းတွေ စေလွှတ်ဝန်ဆောင်မှုပေးတာ ဒါမှမဟုတ် တာဝန်ရှိသူထားပေးတာမျိုးနဲ့လည်း လိုအပ်ချက်တွေကို လျှင်မြန်စွာ တုံ့ပြန်နိုင်ပါတယ်။

ရောဂါပိုးတွေ့သူတွေမှာ မသန်စွမ်းလူနာတွေလည်း ပါဝင်နေတာကြောင့်  လူနာနဲ့ တွေ့ဆုံတဲ့အခါ တချို့အခြေအနေတွေမှာ အဆင်ပြေစေနိုင်ဖို့ စကားပြန်တွေ ထားရှိဖို့လိုအပ်ပါတယ်။ ဒီအပြင် အခြားပံ့ပိုးမှုတွေဖြစ်တဲ့ စေတနာ့ဝန်ထမ်းတွေအတွက် PPE ဝတ်စုံတွေနဲ့ အခြားကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုတွေ အလုံအလောက် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ နေထိုင်ရေးနဲ့ စားသောက် ရေးကိုလည်း ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ နယူးဇီလန်နိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနက မသန်စွမ်း သူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုက်နာရမယ့် ကျန်းမာရေး ဝန်ဆောင်မှုတွေကို အသေးစိတ် ထုတ်ပြန်ပေးထားပါတယ်။

၃။ မသန်စွမ်းသူများအတွက် တိကျသော လှုမှုဖူလုံရေးအစီအစဉ်များ ချမှတ်ခြင်း

မသန်စွမ်းသူတွေအတွက် ငွေရေးကြေးရေးထောက်ပံ့မှု အစီအစဉ်တွေလည်း သက်ဆိုင်ရာအစိုးရက ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အခုလို အကျပ်အတည်းကာလမှာ  မိသားစု စားဝတ်နေရေး ပြေလည်စေဖို့အတွက် မူဝါဒ ချမှတ်သူတွေအနေနဲ့ မသန်စွမ်းသူတွေရဲ့ ရပိုင်ခွင့်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ဥပမာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာရစ်ဒ်ဝါမြို့မှာ အစိုးရက အပြင် မထွက်ရ အမိန့် ချမှတ်လိုက်တဲ့အခါ လက်လုပ်လက်စား ဈေးသည်ဖြစ်တဲ့ နားမကြားလင်မယားမှာ အပြင် ထွက်ဈေးမရောင်းရတော့ဘဲ အိမ်မှာလည်း အစားအသောက်ပြတ်လပ်သွားတာကြောင့် သက် ဆိုင်ရာ ရဲကို အကူအညီ လှမ်းတောင်းရပါတယ်။ ဒါပေမဲ့ ရဲအနေနဲ့ သူတို့ပြောတဲ့ Sign language ဖြစ်တဲ့ လက်သင်္ကေတပြ ဘာသာစကားကို ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ နောက်ဆုံး လူမှု အဖွဲ့ အစည်းတခုရဲ့ အကူအညီနဲ့ သူတို့လိုအပ်တဲ့ အစားအစာ၊ အသုံးအဆောင်တွေကို အိမ်ကို ပို့ပေး နိုင်ခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ အစိုးရအနေနဲ့ မသန်စွမ်းတယောက်ချင်းစီကို လုံလောက်တဲ့ ထောက် ပံ့ငွေတလုံးတခဲတည်း စားစရိတ်ပေးတာနဲ့ အခွန်အခတွေ ဖြေလျှော့ပေးတာတွေကို ပြုလုပ်နိုင်ပါ တယ်။ ဥပမာ အားဖြင့် ဟောင်ကောင်မှာဆိုရင် မသန်စွမ်းသူတွေအတွက် ထောက်ပံ့ကြေး အစီအစဉ် အရ ဟောင်ကောင်ဒေါ်လာ ၁၃၈၅ ကို အပိုဆောင်းငွေအဖြစ် အစိုးရက ထောက်ပံ့ပေးပါတယ်။

 မြန်မာနိုင်ငံမှာ  ဘယ်လို ဦးစားပေးအစီအစဉ်တွေ လုပ်ဆောင်သင့်ပါသလဲ။ 

သတင်း အချက်အလက် ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ မသန်စွမ်းအရေး လုပ်ဆောင် နေကြတဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သတင်းအချက်အလက်ဖြန့်ဝေတာကို စနစ်တကျ လုပ်ဆောင်သင့်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအောက်က လူမှုဝန်ထမ်းဦးစီးဌာနနဲ့ မြန်မာနိုင်ငံ နားမကြားသူများ အဖွဲ့ ဖြစ်တဲ့ Myanmar Deaf Community Development Association MDCDA တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို သူတို့ရဲ့ Facebook စာမျက်နှာမှာ စဉ်ဆက် မပြတ် ဖော်ပြပေးနေတာဟာ ကောင်းမွန်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

ဒါအပြင် အခုဆိုရင် ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ call center တွေလည်း ထားရှိပြီး ဖြစ်ပါတယ်။ ဖြစ်နိုင် ရင် အဲဒီ call center တွေဟာ မသန်စွမ်းသူတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးစွမ်းနိုင်တဲ့ ဆက်သွယ်ရေးတခုဖြစ် သင့်ပါတယ်။ ဥပမာ အမြင်အာရုံနဲ့ ကိုယ်အင်္ဂါ မသန်စွမ်း သူတွေအတွက်  သီးသန့် hotline နံပါတ်တွေထားပေးနိုင်ရင် ပိုမို မြန်ဆန်ထိရောက်တဲ့ တုံ့ပြန်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အလားတူပဲ video call center တွေ ထားပေးခြင်းဖြင့်လည်း အကြားအာရုံ မသန်စွမ်းသူတွေအတွက် လက်သင်္ကေတပြ ဘာသာစကား Sign language ကို သုံးပြီး  မေးမြန်း စုံစမ်းနိုင်ရင် ပိုအဆင်ပြေစေပါမယ်။ အဲဒါအတွက်လည်း Sign language ဘာသာပြန်ဆရာတွေ ထားရှိပေးဖို့ လိုအပ်ပါတယ်။

လူမှု ဖူလုံရေးအစီအစဉ်နဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံအစိုးရက ဧပြီ ၁၀ က စတင်ပြီး ပုံမှန်ဝင်ငွေမရှိတဲ့  အခြေခံလူတန်းစားတွေကို အိမ်ထောင်စုတစုအတွက် ထောက်ပံ့ကူညီမှု ငါးမျိုးစီကို အခမဲ့ ဖြန့်ဖြူး ပေးခဲ့ပါတယ်။ ဒါပေမဲ့ စာရေးသူအနေနဲ့  မသန်စွမ်းအရေးလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို မေးမြန်းကြည့်တဲ့အခါ ပေးဝေတဲ့စည်းမျဉ်းစည်းကမ်းအရ အချို့သာရရှိပြီး မသန်စွမ်းအားလုံး မရခဲ့ကြ ဘူးလို့ သိခဲ့ရပါတယ်။ ဒါကြောင့် မသန်စွမ်းတွေအတွက် သီးခြားထောက်ပံ့မှုအစီအစဉ်အဖြစ် ပြုလုပ် ပါက ပိုပြီး အကျိုးရှိနိုင်ပါတယ်။

အခုလို ရောဂါကပ်ဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ စီးပွားရေးကျဆင်းမှုတွေလည်း ရှိနေပါတယ်။ အချို့ အလုပ်အကိုင်တွေမှာ ဝန်ထမ်းဦးရေလျှော့ချတာတွေ လုပ်ဆောင်နေတာကြောင့် လျှော့ချခံရသူတွေ အထဲမှာ  မသန်စွမ်းတွေကလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ နိုင်ငံအနှံ့အပြားမှာသာမ မြန်မာ နိုင်ငံရဲ့ စီးပွားရေး အထူးသဖြင့် အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းတွေနဲ့ စက်ရုံတွေမှာ လူဦးရေ လျှော့ချနိုင်ချေတွေ ကြုံတွေ့ရနိုင်တဲ့အပြင် အချို့လုပ်ငန်းသေးတွေဆိုရင် ပိတ်သိမ်းရတဲ့ အထိ ဖြစ်နေပါတယ်။ အလုပ်မဲ့ဖြစ်သွားမယ့် မသန်စွမ်းသူတွေအတွက် အစိုးရရဲ့ ထောက်ပံ့ကူညီမယ့် အစီအစဉ်တွေ အလျင်အမြန် လိုအပ်ပါတယ်။ မဟုတ်ရင် သူတို့အတွက် ရောဂါဆိုးကို ရင်ဆိုင် ကြုံ တွေ့နေရတဲ့အချိန်မှာ  မိသားစုစားဝတ်နေရေး မပြေလည်မှုကတဆင့် အခြား မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အခုအချိန်မှာလည်း မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နဲ့ မသန်စွမ်းအရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ ဟာ  ‘မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန် ရေး ပူးပေါင်းကော်မတီ’ ကို ၂၀၂၀ ဧပြီ ၁၈ မှာ စတင်ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ကော်မတီအနေနဲ့ နိုင်ငံတော်အစိုးရရဲ့  ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ  တဖက်တလမ်းက ဖြည့်ဆည်းပေးဖို့နဲ့ မသန်စွမ်းသူတွေရဲ့ အခက်အခဲတွေကို ကြားခံဆက်သွယ်ပြီး အကူအညီပေးဖို့ ရည်ရွယ်ပါတယ်။

အချုပ်အနေနဲ့ဆိုရရင် အခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မသန်စွမ်းသူတွေ သတင်းအချက် အလက် ပြည့်စုံစွာမရရှိတာ၊ အစားအသောက်ပြတ်လတ်မှုတွေ ရှိနေတာ၊ အလုပ်အကိုင်နဲ့ ပုံမှန် ဝင်ငွေမရှိတာ စတဲ့ အခက်အခဲတွေများစွာကို ရင်ဆိုင်နေရပါတယ်။ တဖက်မှာလည်း အဲဒီအခက် အခဲတွေကို ဖြေလျှော့ပေးဖို့ မသန်စွမ်းလူမှုအဖွဲ့အစည်းတွေ ဦးဆောင်တဲ့ အရေးပေါ်ကော်မတီ တရပ် ကို ဖွဲ့စည်းထားပြီးဖြစ်တာမို့ မူဝါဒချမှတ်သူတွေအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ထောက်ပံ့ရေးအစီအစဉ်တွေ ချမှတ်ဖော်ဆောင်ရာမှာ အဲဒီကော်မတီနဲ့ ပူး ပေါင်းသင့်ပါတယ်။ ဒါမှသာ ပိုမိုထိရောက်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ၊ သတင်းအချက် အလက် တွေပေးတာ၊ သီးခြားလူမှုဖူလုံရေးအစီအစဉ်တွေ ချမှတ်တာနဲ့ အကောင်အထည်ဖော်တဲ့အခါမှာ မသန်စွမ်းသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

စာကိုး

Australia Department of Health. (2020). Coronavirus (Covid-19): Our plan for keeping people with disability safe. April.

https://www.health.gov.au/sites/default/files/documents/2020/04/management-and-operational-plan-for-people-with-disability-easy-read-version-of-the-management-and-operational-plan-for-people-with-disability.pdf

Bhatia, Ishita and Azad, Shivani. (2020). How Covid-19 lockdown has hit disabled people hard. Times of India. April 6.

https://timesofindia.indiatimes.com/india/how-covid-19-lockdown-has-hit-disabled-people-hard/articleshow/75003358.cms

International Labor Organization. (2020). Social protection responses to the Covid-19 Crisis: Country responses in Asia and the Pacific. March 25.

https://www.ilo.org/wcmsp5/groups/public/—asia/—ro-bangkok/documents/briefingnote/wcms_739587.pdf

Myanmar Center for Responsible Business. (2018). Employing Persons with Disabilities in Myanmar: A Handbook for Employers in Myanmar. November.

https://www.myanmar-responsiblebusiness.org/pdf/handbook-employing-persons-with-disabilities_en.pdf

New Zealand Ministry of Health. (2020). Update for Disability and Aged Care Providers on Alert Level 4. April 15.

https://www.health.govt.nz/system/files/documents/pages/covid-19-update-disability-aged-care-providers-alert-level-4-5apr20.pdf

World Health Organization. (2020). Disability considerations during the Covid-19 outbreak. March 26.

https://www.who.int/who-documents-detail/disability-considerations-during-the-covid-19-outbreak

Cho Zin Thet

ချိုဇင်သက်သည် ISP-Myanmar ၏ Senior Research Associate တဦး ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search