Menu & Search

လုပ်ငန်းခွင်အတွင်း ကိုဗစ်နှင့် လွန်ဆွဲခြင်း

May 6, 2020

နိဒါန်း

ယခု အချိန်ကာလတွင် ကမ္ဘာနှင့်အဝှမ်း COVID-19 ကူးစက်ရောဂါကို ခံစား၊ တုံ့ပြန်လျက်ရှိပြီး တကမ္ဘာလုံး အတိုင်းအတာဖြင့် လူဉီးရေ နှစ်သန်းကျော် ကူးစက်ခံထားရပြီး ဖြစ်သည်။ သေဆုံးမှု များလည်း တနေ့ထက်တနေ့ မြင့်တက်လျက်ရှိသည်။ အဆိုပါ COVID-19 ရောဂါသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ၂၀၁၉ ဒီဇင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်တွင် ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ကမ္ဘာ လုံးဆိုင်ရာ ကုန်သွယ်စီးဆင်းမှုများ၊ ငွေကြေးတန်ဖိုးများ၊ လောင်စာဆီဈေးများ ကျဆင်းခြင်း၊ ပြည်၀င်ခွင့်နှင့် သက်ဆိုင်သည့် ပြဿနာများ အစရှိသည့် စီးပွားရေးအကျပ်အတည်းနှင့် လူမှုရေးပြဿနာများကို ကမ္ဘာတလွှားတွင် ရင်ဆိုင်နေကြရသည်။ အဆိုးဆုံးအနေဖြင့် COVID-19 ကပ်ရောဂါသည် လွန်ခဲ့သော ၂၀၀၈-၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငွေကြေးအကျပ်အတည်းကာလထက်ပင် ကမ္ဘာ့စီးပွားရေးကို ပိုမို ထိခိုက်စေခဲ့သည်။ အလုပ်လက်မဲ့လူဉီးရေမှာ လက်ရှိတွင် သန်း ၁၉၀ ရှိနေပြီဖြစ်ကာ စီးပွာရေးအတွက် အရေးပါသော လူသားအရင်းအမြစ်များကို ခြိမ်းခြောက်နေသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံအနေဖြင့်လည်း COVID-19 ကပ်ရောဂါနှင့်အတူ ဖော်ပြပါ လူမှု စီးပွားပြဿနာများကိုလည်း ထိပ်တိုက်ရင်ဆိုင်ရလျက်ရှိသည်။ ထိုကဲ့သို့ ခက်ခဲနေသည့် လူမှုစီးပွားရေး အခြေအနေတွင် နိုင်ငံတနိုင်ငံ၏ လူသားအရင်းအမြစ်များအပေါ် ထိန်းချုပ်စီမံခန့်ခွဲနိုင်စွမ်းသည် အလွန်အရေးပါသည်။ သို့ပါ၍ လက်ရှိအဖွဲ့အစည်းများ ရင်ဆိုင်နေရသော လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ပြဿနာကို ချဉ်းကပ်ရင်း အဖွဲ့အစည်းအဆင့်မှ နိုင်ငံတော်အဆင့်ထိ လုပ်ဆောင်သင့်သည်များကို သုံး သပ် တင်ပြပါမည်။

လူသားအရင်းအမြစ် စီမံခန့်ခွဲမှု၏ အရေးပါမှု

နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခု၏ စွမ်းရည်သည် လက်ဝယ်ရှိသည့် အရင်းအမြစ်များကို အကျိုးရှိရှိ၊ စည်းစနစ်ကျကျ အသုံးချနိုင်မှုအပေါ်တွင် များစွာမူတည်သည်။ အဖွဲ့အစည်းတခုအတွက် အရင်းအမြစ် ဆိုရာ၌ ငွေကြေး၊ ပစ္စည်းဥစ္စာ၊ လုပ်သား၊ စက်ပစ္စည်း၊ နည်းလမ်း၊ တိုင်းတာနိုင်စွမ်း၊ ဈေးကွက်သို့ ထိုးဖောက်နိုင်မှု စသည်တို့သည် အရေးပါသောအရင်းအမြစ်များဖြစ်ပြီး ၎င်းတို့အား မှန်ကန်သော နည်းလမ်းနှင့် ထိရောက်သောဗျူဟာတို့ဖြင့် အသုံးချနိုင်ရန် လိုအပ်သည်။ ထိုအရင်းအမြစ်များထဲတွင် မရှိမဖြစ် အလိုအပ်ဆုံးမှာ လူသားအရင်းအမြစ် ဖြစ်သည်။ လူသားအရင်းအမြစ်သည် လူတဉီးချင်း အဆင့်မှ အဖွဲ့အစည်းအဆင့်၊ ထိုမှ နိုင်ငံတော်အဆင့်အထိ ထောက်ပံ့မှုပေးနိုင်သော အကောင်းဆုံး ထောက်တိုင် ဖြစ်ပြီး အရေအတွက်များပြားသော လူသားအရင်းအမြစ်များအား အရည်အသွေး မြင့်မားအောင် မြှင့်တင် စီမံပေးမှုသည်လည်း အရေးပါသည်။

အဖွဲ့အစည်းတခု၏ အကျိုးစီးပွားနှင့် ထုတ်လုပ်နိုင်စွမ်းသည် ထိုအဖွဲ့အစည်းရှိ လူသား အရင်း အမြစ် တနည်းအားဖြင့် လုပ်သားများ၏ အရည်အသွေးနှင့် လုပ်ဆောင်နိုင်မှုကို ကောင်းမွန်စွာ စီမံခန့် ခွဲနိုင်မှုပေါ်တွင် များစွာမူတည်သည်။ ထို့ကြောင့်လည်း အဖွဲ့အစည်းတိုင်းလိုလိုတွင် လူသားအရင်းအမြစ် စီမံခန့်ခွဲရေးဌာန (HR department) ဟုခေါ်သော  အလုပ်ရှင်၊ အလုပ်သမား နှစ်ဉီးနှစ်ဖက်၏ အကျိုးစီးပွားကို ကာကွယ်ဖော်ဆောင်ပေးသည့် ဌာနကို ထားရှိကြသည်။ HR ဌာနသည် လုပ်သားများအတွက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများကိုပါ ပေးရသော ဌာနဖြစ်ပါသည်။ ထို့ပြင် အဖွဲ့အစည်းတခုလုံး လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းစဉ်အား ရေးဆွဲပေးခြင်း၊ ဖွဲ့စည်းပေးခြင်း၊ ညွှန်ကြား ပေးခြင်းနှင့် ထိန်းချုပ်ပေးခြင်းတို့အတွက်လည်း တာဝန်ရှိသည်။ ထိုမျှမက လုပ်ငန်းအတွက် လူစုဆောင်းခြင်း၊ လုပ်ငန်းမိတ်ဆက်ခြင်း၊ လေ့ကျင့်မှုပေးခြင်း၊ ဝန်ထမ်း၏ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ပေးခြင်း၊ ကျန်းမာသော လုပ်ငန်းဝန်းကျင် ဖန်တီးပေးခြင်း၊ ဝန်ထမ်းများကြား ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လုပ်ခလစာ၊ ခွင့်ရက်၊ အကျိုးခံစားခွင့် အစရှိသည့် အထွေထွေ လုပ်ငန်းဆောင်တာများအတွက်လည်း HR များ၌ တာဝန်ရှိလေသည်။

ထိုသို့ နိစ္စဓူဝကိစ္စရပ်များတွင်သာမက အရေးပေါ်ကြုံတွေ့ရမည့် အခြေအနေများအတွက်ပါ risk management ကို နားလည်တတ်ကျွမ်းရန်လည်း လိုအပ်သည်။ ထိုသို့ အဖွဲ့အစည်းတခုချင်းစီ၏ လူသားအရင်းအမြစ် စီမံခန့်ခွဲမှုသည် အရေးပါသကဲ့သို့ ယခုလို လူမှုစီးပွား အကျပ်အတည်းကာလတွင် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော်၏ လူသား အရင်းအမြစ်များအပေါ် ကြီးကြပ်ကွပ်ကဲနိုင်မှုသည်လည်း ယခုကာလတွင် ပို၍အရေးကြီးနေသည်။

လက်ရှိကာလ လူသားအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းများ၏ တုံ့ပြန်မှု

ယခုအချိန်ကာလသည် HR တိုင်းအတွက် အလုပ်ရှင်နှင့် အလုပ်သမားများကြား၊ နိုင်ငံတော် စီမံချက်များကြား စီမံခန့်ခွဲမှု လုပ်ဆောင်ရာ၌ ခက်ခဲနေသော အကျပ်အတည်းကာလဟု ဆိုရပေမည်။ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအရ ရန်ကုန်သည် ၈၀ ရာခိုင်နှုန်းသော စက်ရုံအလုပ်ရုံများ အခြေစိုက်ရာ ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုရှိရာ နေရာလည်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၆၆၃၂ ရုံ ရှိပြီး လုပ်သားအင်အားမှာ ခုနစ်သိန်းဝန်းကျင် ရှိသည်။ ထိုကဲ့သို့သော လုပ်သားထုအား ဤ COVID-19 ကပ်ရောဂါကာလတွင် လုပ်ငန်းခွင်၌ ၎င်းတို့၏ အကျိုးစီးပွား၊ လုံခြုံရေးတို့အတွက် စီမံခန့်ခွဲရာ၌ အလုပ်ရှင်များအတွက်သာမက အစိုးရအတွက်ပါ စိန်ခေါ်မှုတရပ် ဖြစ်နေသည်။ အကယ်၍ ၎င်းတို့ထဲတွင် ရောဂါကူးစက်ခံရသူများ ပါဝင်ခဲ့ပါက လူနေထူထပ်သော ရန်ကုန်အတွက် ကူးစက် ပြန့်ပွား နိုင်ခြေမှာ ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။ ထို့ကြောင့် အခြေအနေတို့ကို ရေရှည်ထိန်းသိမ်းရန် HR များသည် အလုပ်ရှင်များနှင့် အလုပ်သမားများကြား၌ အဓိက ကြားခံများ ဖြစ်နေပေသည်။ ယခုကာလတွင် အလုပ်တက်ချိန်၊ ဆင်းချိန်၊ လစာနှုန်းထား၊ အခွန်ပေးဆောင်မှု၊ လူမှုဖူလုံရေး စသည့် အထွေထွေမှစ၍ စီးပွားရေး တောင့်မခံနိုင်တော့သော အနေအထားအဆုံး ဝန်ထမ်းလျှော့ချကြရာ၌လည်း HR များအတွက် အကျပ်ရိုက်စရာဖြစ်နေသည်။

လူ့အဖွဲ့အစည်းအတွင်း ပုံမှန်လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ် အရေးပါသော အစား အသောက်နှင့် ဆေးဝါးစက်ရုံ၊ အထွေထွေ လူသုံးကုန်ပစ္စည်းစက်ရုံများအတွက် ဝန်ထမ်းများကို အလှည့်ကျစနစ်ဖြင့် အလုပ်ဆင်းစေနိုင်သော်လည်း ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ စားသုံးသူကို အဓိကထားသည့် လုပ်ငန်းများအနေဖြင့် ယခုအချိန်ကာလတွင် ၎င်းတို့၏ လုပ်သားအင်အားကို ထိန်းထားနိုင်ရန်၊ လုပ်ငန်းလည်ပတ်ရန် ခက်ခဲလှသည်။ ထို့ကြောင့်လည်း အစီအစဉ်အသစ်များ၊ နည်းဗျူဟာအသစ်များ ရေးဆွဲကာ ၎င်းတို့နှင့်ကိုက်ညီမည့် လမ်းစဉ်များအတိုင်း ရေတို၊ ရေရှည် စဉ်းစား၍ လည်ပတ်ကြရသည်။ လစာမဲ့ ခွင့်ပေးခြင်း၊ လစာတဝက်ဖြင့် အလှည့်ကျ အလုပ်ဆင်းစေခြင်း၊ လစာတဝက် (သို့) အပြည့်ဖြင့် အိမ်မှ အလုပ်လုပ်စေခြင်း၊ အပိုငွေများပေးအပ်ခြင်း၊ ရုံးတက် သူများအတွက် အကာအကွယ် အထောက်အပံ့ အစုံအလင်ထားရှိပေးခြင်း စသည့် မတူကွဲပြားသော လမ်းစဉ်များဖြင့် ရေရှည်ကို ရည်မှန်း၍ မျက်ကန်းလမ်းလျှောက် နေကြရသည်။ မည်သည့်အချိန်အထိ တောင့်ခံနိုင်မည်၊ မည်သူလာဖြေရှင်းပေးမည်၊ မည်သည့်ကာလတွင် ပြီးဆုံးမည်ကို မည်သည့်လုပ်ငန်းရှင်၊ မည်သည့်အလုပ်သမားကမျှ အတိအကျမသိကြချေ။

သုံးခွထောက်တိုင် ဟန်ချက်ညီနိုင်ပါ့မလား

သုံးခွထောက်တိုင်ဆိုသည့် သဘောသည် ခွသုံးခွစလုံး ဟန်ချက်ညီမှသာ တည့်မတ်စွာ ထောက်ကန်ပေးနိုင်မည့်သဘောကို ဆိုလိုသည်။ ထောက်တိုင်တခုလဲကျပါက ဟန်ချက် ပျက်သွား နိုင်ရုံသာမက အခြားထောက်တိုင်များကိုပါ လဲကျသွားစေနိုင်သည်။ ဤနေရာတွင် သုံးခွထောက်တိုင် ဆိုသည်မှာ အစိုးရ၊ လုပ်သားပြည်သူနှင့် လုပ်ငန်းရှင်တို့ကို ရည်ရွယ်ပါသည်။ COVID-19 မြန်မာနိုင်ငံသို့ စရောက်ကတည်းက အစိုးရ၏ ကာကွယ်ရေး၊ ထောက်ပံ့ရေး စေ့ဆော်မှုလုပ်ငန်းစဉ်များ သက်ဝင် လှုပ်ရှား လာကြောင်း အားလုံးသတိထားမိကြမည် ဖြစ်သည်။ သို့သော် အုပ်ချုပ်ရေးအတွေ့အကြုံ သက်တမ်း နုသော အစိုးရအတွက် COVID-19 ၏ စိန်ခေါ်မှုက နိုင်ငံတကာ အစိုးရများနည်းတူ ကြီးမားနေသည်။ အခြားတဖက်တွင်လည်း ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမားများအရေးက အာရုံစိုက်ဖွယ် ဖြစ်နေသကဲ့သို့ လက်ရှိ ပြည်တွင်းက အလုပ်ရှင်၊ အလုပ်သမားပြဿနာများသည်လည်း အစိုးရ အတွက် ခေါင်းခဲစရာပင် ဖြစ်နေသည်။

အစိုးရအနေဖြင့် မတ်လမှစ၍ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များကို စတင်ကြေညာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်တွင် ကြေညာသော စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ် ရေး လုပ်ငန်းခွင်များသို့ လမ်းညွှန်ထားချက်များတွင် အလုပ်ရှင်များ၊ အလုပ်သမားများအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသေးစိတ် ဖော်ပြထားသည်။ ထို့ပြင် ဧပြီ ၁၉  တွင် ထပ်မံထုတ်ပြန်သော Version 3 တွင် အလုပ်ရှင်များ၊ အလုပ်သမားများ၊ အလုပ်သမားကြီးကြပ်ရေးမှုးများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ အနေဖြင့်ဟူ၍ သက်ဆိုင်ရာအလိုက် လိုက်နာဆောင်ရွက်သင့်သည်များကို အတိအလင်း ဖော်ပြထားသည်။ သို့သော် အငိုလွယ် အရှိုက်ခက်ဆိုသည်ကဲ့သို့ လုပ်ငန်းခွင်အနေအထားအရနှင့် လုပ်သားအင်အားများအရ ခြောက်ပေအခွာနေရန်၊ လူစုဝေးခြင်းမပြုရန် စသည့် ပြဋ္ဌာန်းချက်များသည် အမှန်တကယ်တွင် လိုက်နာရန် မလွယ်ကူပေ။

HR များအနေဖြင့်လည်း အစိုးရထုတ်ပြန်ချက်များအတိုင်း လုပ်သားများအတွက် သင့်လျော်သော လုပ်ငန်းဝန်းကျင်ဖန်တီးခြင်းများ၊ သင့်လျော်သော လုပ်ခလစာ၊ အလုပ်ချိန် စသဖြင့် အဆင်ပြေအောင် ဖန်တီးပေးလျက်ရှိသော်လည်း အစိုးရနှင့် အလုပ်ရှင်များ၏ လိုအင်များကြား ညှိနှိုင်းယူရမည့် အနေ အထားတွင် ကျရောက်နေသည်။ ထိုကဲ့သို့ ကြားခံညှိနှိုင်းသူများဖြစ်သော HR များအနေဖြင့် အလုပ်ရှင်၏ အလိုနှင့် အစိုးရ၏ ထုတ်ပြန်ချက်များကို နားလည် သဘောပေါက်စွာ ညှိနှိုင်းတတ်ရန် လိုအပ်သည်။ သို့သော် အနီးကပ်ပြီး ထွက်လာတတ်သည့် ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ တုံ့ပြန်ရန်မှာမူ မလွယ်ကူပေ။ ထို့ပြင် အစိုးရ၏ ဝန်ကြီးဌာနဆိုင်ရာထုတ်ပြန်ချက်များက HR များနှင့် လုပ်သားများကြား နားလည်မှုလွဲစေ၊ အကျပ်ရိုက်စေသည်။ ဥပမာအားဖြင့် ဧပြီ ၂၀ ရက်က ပေါ်ပေါက်ခဲ့သော အဖြစ်က သက် သေပင် ဖြစ်သည်။ ထိုနေ့ မတိုင်ခင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဧပြီ ၂၀ မှ ၃၀ အတွင်း စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီ မှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ဖြစ်သည်။ စက်ရုံများမှာလည်း အစစ်ဆေးခံရပြီးမှ ဖွင့်ရမလိုလို၊ ဖွင့်ပြီးမှ အစစ်ဆေးခံရမလိုလိုနှင့် HR များအတွက် ခေါင်းခဲရသည်။ အလုပ်သမားများမှာလည်း အစိုးရ ထုတ်ပြန် ချက်များအပေါ် နားလည်မှု အားနည်းခြင်း၊ စက်ရုံ၏ သဘောတရားကို နားမလည်ခြင်း၊ စိတ်က အိမ်တွင် နေချင်သော်လည်း ဝမ်းရေးက ခွင့်မပြုသောအခါ ထောင်သောင်းချီသော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများသည် လမ်းပေါ်၊ ကားပေါ်မှတဆင့် စက်ရုံများရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက် လာခဲ့ကြသည်။ ထိုနည်းတူ ရောဂါပိုး ပြန့်နှံ့နိုင်ခြေ အန္တရာယ်အရှိဆုံး မြို့နယ်များမှ အနည်းဆုံး လူဦးရေ ရှစ်သိန်းထက်မနည်းသော ရုံးဝန်ထမ်းများလည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်း များမှ တဆင့် လုပ်ငန်းခွင်သို့ လာရောက်ခဲ့ကြ သည်။  ငါးယောက်နှင့်အထက် မစုဝေးရ၊ ခြောက်ပေခွာ၍ နေရန်၊ အိမ်ထဲက အိမ်ပြင် မထွက်ကြရန် စသည့် အစိုးရ၏ ထုတ်ပြန်မှုများ သည် မည်သို့မည်ပုံ ဖြစ် သွားခဲ့သည်မသိ။ Lockdown ချထားသော မြို့နယ်များတွင် စက်ရုံ၊ အလုပ်ရုံ သွားသူများမှအပ ကျန် သူများ အိမ်တွင်းနေရန်နှင့် သွားအလာကန့်သတ်ခြင်းများသည် လှိုင်သာယာကဲ့သို့ လူနေထူထပ်ပြီး စက်ရုံ အလုပ်သမားပေါများသောနေရာအတွက် အစိုးရ၏ ထုတ်ပြန်ချက်များမှာ အသက်မဲ့သလိုပင် ဖြစ်ခဲ့သည်။

ယခုအနေအထားတွင် လုပ်ငန်းခွင်များ ပြန်လည်လည်ပတ်နိုင်ရန်အတွက် အစိုးရ၏ စစ်ဆေးမှု ခံယူရန် ပြင်ဆင်ခြင်းသည်လည်း လက်ရှိ HR များအတွက် မဖြစ်မနေ ဖြတ်ကျော်ရမည့် တာထွက် တခုဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံများဘက်မှ စစ်ဆေးမှုခံယူရန် စတင် တင်ပြရမည်ဖြစ်ပြီး အစိုးရ၏ စစ်ဆေးရေးလုပ်ငန်းစဉ်များ ပြီးစီးပါကလည်း ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ် ရမှသာ အလုပ်များ ပြန်လည်လည်ပတ်နိုင်မည် ဖြစ်သည်။ ဧပြီ ၂၂ က နေပြည်တော်တွင် ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲအရ အစိုးရမှ ဆေးဝါးထုတ်လုပ်ရေး စက်ရုံများ၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံများကို စတင်စစ်ဆေးသွားမည်ဖြစ်သည်။ လုပ်ငန်းခွင်ဝင်မည့် လုပ်သားများအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ပေးမှု၊ အလုပ်သမားအကြိုအပို့၊ အလုပ်အဝင်အထွက်ဂိတ်ပေါက်များတွင် စီစဉ်ထားမှု စသဖြင့် အထွေထွေ ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် အစိုးရ၏ စစ်ဆေးချက်စံနှုန်းများနှင့် ကိုက်ညီမှသာ HR များအနေဖြင့် ထိုစစ်ဆေးချက်တံတိုင်းကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ထိုသို့ စစ်ဆေးရာ၌ မသမာမှုများ၊ လာဘ်ထိုးမှုများ မပါလာစေရန်ကိုမူ ဆုတောင်းရပေမည်။ အဘက်ဘက်မှ ကြည့်ရသော် ထိုသုံးခွထောက်တိုင်ဖြစ်သည့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရတို့ကြား အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးနေရသောသော HR များအနေဖြင့် အတွေ့အကြုံ၊ အသိပညာနှင့် ထိန်းချုပ် နိုင်စွမ်း ပညာရည်များ ပြည့်ဝနေရန်လိုအပ်ပေသည်။

နိဂုံး

ကြောက်အောင်ခြောက်နေသည့် ကိုဗစ်ကို လက်ရှိအချိန်တွင် အစိုးရနှင့် ပြည်သူ လက်တွဲကူ၍ တိုက်ထုတ်နေသော်လည်း အုပ်ချုပ်မှုအတွေ့အကြုံ အားနည်းသော အစိုးရ၊ လိုက်နာမှု အားနည်း နေသေးသော ပြည်သူ၊ ဆုပ်လည်း စူး၊ စားလည်း ရူး အခြေအနေသို့ဆိုက်နေသော အလုပ်ရှင်များ၏ အရေးသည် လက်ရှိကြုံတွေ့နေရသော လူသားအရင်းအမြစ်ဆိုင်ရာ ပြဿနာတရပ်ဖြစ်သည်။ သို့သော် ထိုအခက်အခဲ စိန်ခေါ်မှုများအား အခွင့်အလမ်းအဖြစ်ပြောင်းလဲယူနိုင်သော အကောင်းဆုံးကာလည်း ဖြစ်နေသည်။ HR များ မိမိအဖွဲ့အစည်းအတွက် အကောင်းဆုံးအစွမ်းပြရမည့် ကာလဖြစ်သည်။ အလုပ်ရှင် များ၏ အလုပ်သမားများအပေါ်ငဲ့ညှာမှု၊ အလုပ်ရှင်များအပေါ် အလုပ်သမားများ၏ သစ္စာစောင့်သိမှုကို ပေါ်လွင်စေသော ကာလလည်း ဖြစ်သည်။

ယခုကစ၍ လက်ရှိကိုဗစ်ကို တိုက်ထုတ်ရင်း ကိုဗစ်အလွန်ကာလတွင် လူသားအရင်းအမြစ်များကို ပြန်လည်စီမံရာ၌ အဆင်သင့်ဖြစ်ရန် အဖွဲ့အစည်းအဆင့်မှ နိုင်ငံတော်အဆင့်အထိ ပြင်ဆင် ထားဖွယ်ရာများကို ပြင်ဆင်ထားသင့်သည်။ အဖွဲ့အစည်းအဆင့်အနေဖြင့် ယခုကြုံတွေ့နေရသည့် အလုပ်သမားပြဿနာကို ဖြေရှင်းရင်း နောက်ပိုင်းကာလအတွက်ပါ တိကျသော၊ ကိုယ်ကျိုးစီးပွားကိုသာ အသားမပေးသော နှစ်ဉီးနှစ်ဖက် အကျိုးရှိစေမည့် မူဝါဒများ၊ အစီအစဉ်များကို ပြင်ဆင်ထားရမည်။ အကျပ် အတည်းကာလတွင် အလုပ်သမားလျှော့ချခြင်းထက် ပိုကောင်းသည့်နည်းလမ်းကို ရှာဖွေကြ ရမည်။ လုပ်သားများ၏ စွမ်းရည် မြင့်တက်စေရန်၊ ရပိုင်ခွင့်များကို ရှင်းလင်းစွာသိစေရန်၊ ယနေ့ခေတ်နှင့် အဆက်အသွယ်မပြတ်အောင် ခေတ်မီနည်းပညာများကို အကျိုးရှိရှိအသုံးချတတ်ရန် လေ့ကျင့်ပေးခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းတို့ကို HR များက ပြုလုပ်ပေးခြင်းဖြင့် အကျပ်အတည်းလွန် ကာလ ရောက်ခဲ့သော် လုပ်သားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် စွမ်းရည်ကို ပြင်ဆင်အားပေးပြီးသား ဖြစ်နေလိမ့်မည်။

ထို့အပြင် HR များအနေဖြင့် HR လက်စွဲစာအုပ် (HR Manual Handbook)တွင် အကျပ်အတည်း ကာလ စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် အလုပ်ရှင်၊ အလုပ်သမား အကျိုးစီးပွားကာကွယ်ရေး နည်းဥပဒေ များကို အသေးစိတ်ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။ ထိုမျှမက ပိုမိုထိရောက်သော တုံ့ပြန်မှုများ အတွက် HR ဌာနနှင့် အခြားဌာနများမှ ဝန်ထမ်းများ ပူးပေါင်းကာ အကျပ်အတည်းကာလ အရေးပေါ် တုံ့ပြန်ရေးကော်မတီကို ဖွဲ့စည်းလုပ်ဆောင်ပါက ကာယအကူ၊ ဉာဏအကူကိုပါ ရရှိနိုင်ပါသည်။ အစိုးရ အနေဖြင့်လည်း ဝန်ကြီးဌာနတခုနှင့် တခု အချိတ်အဆက် မိမိရှိစေရန်၊ ယခင်ကရေးဆွဲထားရှိသည့် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများကို ခေတ်ကာလနှင့်အညီ လိုသလိုပြုပြင် ကျင့်သုံးရန်၊ လုပ်သားစွမ်းရည် မြှင့်တင်မှုကို အခြေပြုသည့် အလုပ်ရုံဆွေးနွေးပွဲများကို တတ်နိုင်သလောက် များများပြုလုပ်ပေးရန်နှင့် ပြည်တွင်းလုပ်သားများ၏ စွမ်းရည်ကို မြှင့်တင်သင်ကြားပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လက်ခံရန် လိုအပ်လှပေသည်။ ထိုမျှမက ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်များကို ပြည်ပသို့ ဖိတ်စင် ခြင်း မရှိစေဘဲ ပြည်တွင်း၌သာ အခြေတည်စေရန် ရေရှည်စီမံကိန်းအနေဖြင့် လုပ်ဆောင်သင့်သည်။ ထိုသို့ တန်ဖိုးရှိသော လူ့စွမ်းအားအရင်းအမြစ်များကို ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းအဆင့်အစိုးရအဖွဲ့များ၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီဖြင့် စီမံကွပ်ကဲရင်း ထိုစီမံချက်များ ကို အဖွဲ့အစည်းတိုင်း၏ HR များမှ အချိန်နှင့်တပြေးညီ လိုက်နာကာ လုပ်သားများအပေါ် စီမံသွားနိုင်ပါက ကိုဗစ်အလွန် မြန်မာ့စီးပွားရေးနှင့် လုပ်သားအင်အားစီမံမှုသည် အချိန်တိုတိုနှင့် မြန်မြန် ပြန်လည် ထူထောင်လာနိုင်မည်ဟု မျှော်လင့်ရပါသည်။

Htet Htet Hlaing

ထက်ထက်လှိုင်သည် ISP-Myanmar ၏ HR & Admin Assistant တဦး ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search