Menu & Search

ပုံရိပ်စစ်ကွန်ရက် (လူ့အဖွဲ့အစည်းကို ပြောင်းလဲခဲ့ပြီလော)

May 6, 2020

ဆိုင်းဆင့်၊ ဗုံပါ

သည်နှစ်နွေတွင် ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ သည် ကျနော်တို့နိုင်ငံသို့ ဆိုင်းဗင့်၊ ဗုံပါ ဆိုက်ရောက်ခဲ့သည်။ နိုင်ငံသည် ဥစ္စာဓန မကြွယ်ဝချေ။ သို့သော် ကပ်ရောဂါကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းများအား ထောင့်စုံမှ ရင်ဆိုင်  ရ သည်။ ဤစာစုသည် ကပ်ရောဂါကာကွယ်ခြင်းအခန်းကဏ္ဍ၌ အချို့ လူသားတဦးချင်းစီ၏ အင်အားများကိုစုစည်းပြီး ရင်ဆိုင် နေမှုကိုသာ ရေးသားထားခြင်း ဖြစ်သည်။

နိုင်ငံသည်ကြွယ်ဝသည်

ကျေးရွာအုပ်စု၊ ရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းခွ၊ ဈေး၊ ကားမှတ်တိုင်၊ ဘူတာရုံနှင့် လူစည်ကားရာ နေရာများတွင် ကပ်ရောဂါ ကာကွယ်ရေးအသိပညာပေးများကို တွေ့ရသည်။ ကြားရသည်။ လက်ကမ်းစာစောင်များ ဝေကြသည်။ ဗီနိုင်း၊ ပိုစတာများ ချိတ်ကြသည်။ စိုက်ထူကြသည်။ ထိရောက်သကဲ့သို့ ငွေကုန်ကြေးကျ များသည်။ လူအား၊ ငွေအား၊ ပစ္စည်းအားနှင့် အားများ စွာသည် အကန့်အသတ် ဖြစ်လာသည်။

“အိမ်မှာပဲနေပါ” ဆိုသော ကာကွယ်ရေးအတွက် အထိရောက်ဆုံးသတင်းစကားသည် ကပ်ရောဂါကာကွယ်ရေးအား မြေပြင်၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ဆောင်နေကြသူ အများစုအနေနှင့် အားရကျေနပ်သည်အထိ မလုပ်ဆောင်ရသေးမီ အိမ်သို့ ပြန်ရ သည်။ နိုင်ငံတွင် ကြွယ်ဝသော အရင်းအမြစ်များရှိသည်။ အလှူဒါန ရက်ရောသည်။ မေတ္တာဖြင့် ကူညီတတ်သည်။ စေတနာ အလျောက် ဝန်ထမ်းလိုသောစိတ်နှင့် ဆန္ဒပြင်းပြသည်။ မိမိ သိသည်ကို သူတပါးအား ပြန်လည်ပြောပြရန် စိတ်အား ထက်သန်ကြသည်။ ကျေးလက်ဒေသရော၊ မြို့ကြီးများပါမကျန် မိုဘိုင်းဖုန်း အသုံးပြုသူ များပြားလာသည်။

ဤအရင်းအမြစ်ဖြစ်တည်မှုများက လူတဦးအား မိမိနေထိုင်နေသော အိမ်မှလည်းကောင်း၊ မိမိသက်ဝင်ယုံကြည်ရာ ဘာသာ ရေးအဆောက်အဦမှလည်းကောင်း၊ မိမိရောက်ရှိရာဌာနမှလည်းကောင်း၊ မှန်ကန်သော ကိုဗစ်-၁၉ ကာကွယ်ရေးသတင်း စကားကို တစိုက်မတ်မတ် ဖြန့်ဝေနိုင်သေးကြောင်း တွေးမိသည်။ ဤအတွေးစသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကပ်ရောဂါကာကွယ်ရေး သတင်းစကားများကို စုစည်းရန်၊ ဇာတ်ညွှန်းထုတ်ရန်နှင့် စီမံဖြန့်ဖြူးရန် စေ့ဆော်ခဲ့သည်။

ဘာသာရေးဆိုင်ရာ ဆရာတော်ကြီး၊ နိုင်ငံကျော်အနုပညာရှင်၊ တေးသံရှင်၊ ဒေသဆိုင်ရာပညာရှင် တချို့က ကူညီသည်။ ရိုက်ကူး၊ တည်းဖြတ်သည့် အင်ဂျင်နီယာနှင့် စက်အဖွဲ့က  လက်တွဲညီသည်။ ရုပ်သံဖိုင်များကို တေးသံရှင်၊ ထုတ်လုပ်သူနှင့် မြန် မာနိုင်ငံ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ ကွန်ရက်အသင်းများမှ ၎င်းတို့၏ လူမှုကွန်ရက် မီဒီယာများ၌ ကနဦး မျှဝေသည်။

အိမ်ကနေကူကြမယ်

မိမိတို့နေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များ၌ အဖွဲ့အစည်းအသီးသီးမှ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး သတင်းစကားများကို ဖြန့်ဝေနေကြသည်။ “အိမ်ကနေ ကူကြမယ်” အစီအစဉ်မှာ ပါဝင်နေသူများသည် အဖွဲ့ကပေးပို့သော တိုတို၊ ရှင်းရှင်း၊ တိကျ၊ မှန်ကန်၊ သဘာဝကျ၍ အားပါပြီး လက်တွေ့လုပ်နိုင်သော သတင်းစကားများကို မိမိကိုယ်တိုင် အိမ်မှာနေရင်း သိနေသည်။ မိမိ မိသားစုဝင်များကို သိရှိစေသည်။ မိမိ၏ ပတ်ဝန်းကျင်ကို (စပီကာများဖွင့်၍) မျှဝေခြင်းဖြင့် သိရှိစေသည်။ မိမိနှင့် ဆက်စပ် နေသူများကို အဝေးမှ (အီးမေးလ်၊ လူမှုကွန်ရက်၊ မီဒီယာတို့ဖြင့်) မျှဝေခြင်းဖြင့် သိရှိစေသည်။ သတင်းမှန် စီးဆင်းမှုမှန် ကန် သည်။ မြန်ဆန်သည်။ ကွက်လပ် ဖြည့်စေသည်။ မြေပြင်၊ ကွင်းထဲ၊ ရှေ့တန်းဆောင်ရွက်နေသူများအား တခဏတာ အနား ရစေသည်။ အားဖြစ်စေသည်။

ကွန်ရက်ဖွဲ့ဖြန့်ဝေမှု

စိတ်ပါဝင်စားသူများအား လူမှုကွန်ရက်မီဒီယာမှ ဖိတ်ခေါ်သည်။ ဆက်သွယ်လာသော စိတ်ပါဝင်စားသူ စေတနာရှင် ပြည်သူ များအား ပင်မစာရင်းသို့ သွင်းသည်။ အုပ်စု ခွဲသည်။ အခြေအနေအရ စိတ်ဝင်စားမှုအမြင့်ဆုံး အချိန်နှင့် အချိန်တိုအတွင်း တုံ့ပြန် ဆွဲဆောင်ရသည်။

ပထမအဆင့်။    ။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု၊ နေပြည်တော်ကောင်စီ နယ်မြေတခုနှင့် ပင်မ စီမံခန့်ခွဲသူအတွက် တခု၊ စုစုပေါင်း ဗိုင်ဗာကွန်ရက် ၁၆ ခု ကို  ကနဦး စဖွဲ့သည်။

ဒုတိယအဆင့်။          ။  အိမ်ကနေကူကြမယ်အစီအစဉ်၏ ရည်ရွယ်ချက်၊ ရိုးရှင်းသော လုပ်ငန်းစဉ်၊ ဆောင်ရွက်ရာတွင် သတိပြု စံပြုရမည့် တန်ဖိုး လေးခုအား အစဉ်အလိုက် ပင်မစီမံခန့်ခွဲသူအဖွဲ့သို့ တင် သည်။ အသံဖိုင်များအား လုပ်ငန်းစဉ်အတိုင်း တင်သည်။ ပြန်လည်၍  စနစ်တကျ စိစစ်သည်။ ဖွဲ့ထားသော အဖွဲ့အသီးသီးသို့ အချက်အလက်များကို တပြိုင်နက် ပေးပို့သည်။

တတိယအဆင့်။   ။ အဆိုပြုထားသော စိတ်ဝင်စားသူ တဦးချင်းစီသို့ ဗိုင်ဗာမှတဆင့် စာပို့သည်။ သက်ဆိုင်ရာ ဗိုင်ဗာအဖွဲ့များ၌ တဦးစီအား အဖွဲ့သို့ ချိတ်ဆက်နိုင်ရန် ထည့်သွင်းသည်။ အဖွဲ့သို့ ချိတ် ဆက်နိုင်ရန် တဦးချင်းစီသို့ စာပို့သည်။

စတုတ္ထအဆင့်။     ။ အဖွဲ့ဝင်များ၏ တုံ့ပြန်မှုများကို ဂရုတစိုက် စောင့်ကြည့်သည်။ ကွဲပြားစွာ လက်တွေ့ဆောင်ရွက်နေသည်တို့ကို အခြားအဖွဲ့များသို့ မျှဝေသည်။ အဖွဲ့တွင်း ဒေသလိုအပ်ချက်များကို တင်သူရှိသည်။ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်  လှူသူရှိသည်။ တိုက်တွန်းစာ၊ နှိုးဆော်စာကို ထပ်ဆောင်းပို့သည်။ ရည်ရွယ်ချက်အား သွေဖည်နိုင်သည်များကို တွေ့ရသည်။ မေတ္တာရပ်ခံသည်။ ဆန္ဒစော၍ မခိုင်မာသော သတင်းများကို မျှဝေကြသည်။ ပင်မရည်ရွယ်ချက်နှင့် တာဝန်များကို ထပ်လောင်း တင်ပေးရသည်။ မခိုင်မာသောသတင်းများ၊ ကိုယ်ရည်သွေးသော သတင်းများကို ကိုယ်တိုင်ပြန်လည် ဖြုတ်သိမ်းကြသည်။ သတင်းမှန်သော်လည်း၊ လက်ရှိ ပကတိ အခြေအနေများကို မထင်ဟပ်သော သတင်း များကို ပြန်လည်ဖြုတ်သိမ်းကြသည်။ အသစ်ဝင်ရောက်လာသော စိတ်ဝင်စားသူများသည် ပင်မ ရည်ရွယ်ချက်နှင့် အဓိက တာဝန်များကို မိမိရရ သိရသည်။ တစိုက်မတ်မတ်ဆောင်ရွက်ရန် တွန်းအား ဖြစ်သည်။

အားနည်းချက်များ ရှိသည်။  ဖြည့်ဆည်းရသည်။ စိတ်ပါဝင်စားသူများကို အခြေခံ၍ စိတ်ဝင်စားမှု ရေချိန်အရ အပြောင်းအလဲ ရှိသည်။ အရေးကြီးသော၊ အကျိုးရှိသော သတင်းတချို့ကို ရည်ရွယ်ချက်ရှိရှိ တင်ပေးရသည်။ ဗိုက်ဗာကွန်ရက်သို့ ပြင်ပမှ  အလွယ်တကူဝင်ရောက်ရလွယ်သည်။ ပြင်ပမှ ပုံပေါင်း များစွာကို တပြိုင်နက်တင်ပြီး အဖွဲ့၏လုပ်ငန်းဆောင်တာများကို နှေးကွေး စေသည့်အဖြစ်ကို ကြုံရသည်။ တဖွဲ့ ချင်းစီ၏  တိကျသောအဖွဲ့ဝင် အရေအတွက်ကို စာရင်းပြုစုထားသည်။

လျှပ်တပျက် စိစစ်သောစနစ်ကို ကျင့်သုံးသည်။ မဟာစီမံခန့်ခွဲသူက စာရင်း၌ မရှိသော အကောင့် တခုချင်းစီကို ဆက်သွယ် စီမံခန့်ခွဲသည်။ လိုအပ်ပါက ပိတ်ပိုင်ခွင့်ရှိသည်။

ပဉ္စမအဆင့်။        ။ မိမိမြို့နယ်ကော်မတီနှင့် မိမိရရချိတ်ဆက်ပြီး ကွက်လပ်ဖြည့် ကူညီနိုင်ရန် တိုက်တွန်း သည်။ သတင်းမှန် စီးဆင်းမှု မှန်ကန်မြန်ဆန်စေပြီး ကပ်ရောဂါ အလွန်ပြန်လည် ထူထောင်ရေး အတွက် လမ်းခင်းထားရန် ဆော်သြသည်။

ဋ္ဌမအဆင့်။      ။ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရချိန် ဖြစ်သည့်အားလျော်စွာ ဦးစွာရောက်၊ ဦးစွာ သတင်းမျှဝေ ပေးရသည်။ သို့ဖြစ်၍ အဖွဲ့အတွင်းသို့ ဦးသူအား  အရင်ထည့်သွင်းရသည်။ ကန့်သတ် လူဦးရေ ပမာဏ ရောက်ရှိသွားလျှင် ဒုတိယ အုပ်စုကို ဖွဲ့စည်းရသည်။ ဤနည်းဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စုလေးစု ဖြစ်ခဲ့သည်။ အခြေအနေ အနည်းငယ် တည်ငြိမ်ချိန်တွင် အဆိုပါ လေးဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး ခရိုင်လေးခုအဖြစ် ပြောင်းလဲအမည်ပေးပြီး အဖွဲ့အတွင်းမှ အဖွဲ့ဝင်များအား သက်ဆိုင်ရာခရိုင် အဖွဲ့ အတွင်းသို့ ရွှေ့ပြောင်းရမည်။

ကွာဟချက်ကို ဒေသအချို့၌ ကျဉ်းစေခဲ့သလော

ဒေသဆိုင်ရာ လိုအပ်ချက်များအရ သတင်းစကားများကို တိုင်းရင်းသားနှင့် အခြား ဘာသာစကားများဖြင့် ပံ့ပိုးပေးရန် တောင်းဆိုချက်အရ တတ်၊ သိသူများက ကူညီသည်။ ယခုအချိန်အထိ ရခိုင်၊ ချင်း၊ တမီးလ်၊ ဟိန္ဒူ(ဟင်ဒီ)၊ ကချင်၊  ဂေါ်ရခါး၊ ရှမ်း၊ တရုတ်နှင့် မြန်မာဘာသာစကားများဖြင့် ထုတ်ဝေသည်။ ဧပြီ ၂ မှ စတင်ခဲ့သော အဖိုးနည်းဝန်ပါ အိမ်ကနေကူကြမယ် အစီအစဉ်တွင် မြို့နယ် ၈၅ ခုမှ စိတ်ပါဝင်စားသူများက ပူးပေါင်းပါဝင်ခဲ့သည်။

ကွဲပြားခြားနားသောအဖွဲ့အစည်းများအတွက် သီးခြားဝန်ဆောင်မှုများ ပေးလာခဲ့ရသည်။ ဤ ပုံရိပ်စစ်ကွန်ရက်သည် အဆင့်ဆင့် ထပ်ဆင့်ထားသော ဖွဲ့စည်းမှု မဟုတ်ပါ။ သတင်းဖြန့်ဝေသော အရင်းအမြစ်နှင့် သတင်းသုံးစွဲသူအကြား တိုက်ရိုက် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ သတင်းကျုံ့ခြင်း၊ ကျယ်ခြင်း၊ ရောခြင်း၊ ထပ်ခြင်းနှင့် ညှပ်ခြင်းများကို ကာကွယ်ထား သည်။ အကျိုး မျှော်မှန်းချက်သည် မြို့နယ်အလိုက် ပုံရိပ်စစ်ကွန်ရက်များ ဖွဲ့စည်းပြီး လူထုအသံ၊ လူထုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကျိုးများကို ဆောင်ရွက်ခြင်းဖြင့် မိမိအကျိုးပါ အောင်မြင်စေရန် ဖြစ်သည်။

လူမှုအဖွဲ့အစည်းကို ပြောင်းလဲခဲ့ပြီလော

ဤကပ်ရောဂါကာကွယ်ရေးအတွက် လက်ဆေးပါနှင့် အိမ်မှာပဲနေပါ ဆိုသော ရိုးရှင်းသောသတင်းစကားသည် တာသွားသည်။ အထပ်ထပ်၊ အခါခါ၊ ပုံစံအမျိုးမျိုး   ကြားရသည်။ မြင်ရသည်။ လိုက်ပါ လုပ်ဆောင်လာကြသူများကို တွေ့ရသည်။ သတင်း စကားတခုမှသည် အပြုအမူတခုအဖြစ်သို့ အချိန်တိုအတွင်း ပြောင်းလဲနေသည်ကို အချို့၌တွေ့ရသည်။ ဤအရွေ့သည် လိုက်ပါလုပ်ဆောင်သော လူတဦးချင်းစီ၌ ဖြစ်တည်နေသည်။ လူတဦးချင်း၏ အပြုအမူကောင်းသည် မိမိ၏ နီးစပ်ရာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်သို့ ကူးစက်သည်။ ဆက်လက်ပြီး ပတ်ဝန်းကျင်ကောင်းသို့ ကူးစက်သည်။ ဤ ကူးစက်မှုကောင်းသည် လူမှုအဖွဲ့အစည်းအား ပြောင်းလဲရန် တွန်းအားတခုပင်။

ဆက်ရဦးမည်

ရှင်သန်နေထိုင်နေသော လူတဦးချင်းမှ အိုးဝေတုတ်တုတ် မောင်းနှင်သူ၊  ကျေးလက်ဒေသများရှိ ရွာဆော်များ၊ မတူညီသော အဖွဲ့အစည်းတချို့၊ ဝိသေသလက္ခဏာ မတူကွဲပြားသော သူတချို့၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်၊ နိုင်ငံရေး ပါတီအချို့၊ လွှတ်တော်ကိုယ်စားလှယ်တချို့၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ (နေပြည်တော်ကောင်စီနယ်မြေ အပါ အဝင်) မှ စိတ်ဝင်စားသူများအကြား ချိတ်ဆက်မှုအချို့ ရှိလာသည်ကို တွေ့ရသည်။

ယုံကြည်မှုတည်ဆောက်ခြင်း၊ ကူညီခြင်း၊ မျှဝေခြင်း၊ မေတ္တာနှင့် ကရုဏာတို့ကို ပြသခြင်းများမှတဆင့် အားကိုးစွာ ချိတ်ဆက် ဆောင်ရွက်မှုများအား ကွင်းဆက်မိမိ ချိတ်ဆက်အားဖြည့်နိုင်လျှင် လက်ရှိဆောင်ရွက်နေသော ကပ်ရောဂါကာကွယ်၊ ထိန်းချုပ် ရေးနှင့် ကုသရေးအတွက်လည်းကောင်း၊ ကပ်ရောဂါအလွန် ပြန်လည်ထူထောင် ရေးအတွက်လည်းကောင်း၊ အနာဂတ်၌ ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲအတွက်လည်းကောင်း၊ လျှောက်လှမ်းဆဲဖြစ်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက်လည်းကောင်း ခရီးဆက်ရန် အားဆေးတခွက် ဖြစ်လာနိုင်သည်။ ဤကပ်ရောဂါ ကိုဗစ်-၁၉ ၏ ကောင်းကွက်သည်  လူ့အဖွဲ့အစည်းအပြောင်းအလဲကို  တံခါးခေါက်ခဲ့လေပြီ။

စာကြွင်း။            ။

အိမ်ကနေကူကြမယ် ပုံရိပ်စစ်ကွန်ရက် (စပီကာ) အစီအစဉ်ကို မေတ္တာဖြင့် ကူညီပေးသော အောက်စဖို့ဒ်ဆရာတော် ဒေါက် တာဓမ္မသာမိ (D.Phil. (Oxford)၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ဖြိုးပြည့်စုံ၊ ဂရေဟမ်၊ ပန်းရောင်ခြယ်၊ ကောင်းကောင်း၊ စူရှူ မာ ခူဒါလ်၊ ဒေါ်မေဝင်းအောင်နှင့် ဦးဗီဂျေး တို့အားလည်းကောင်း၊ ဓနအား၊ ဉာဏအားဖြင့် ပံ့ပိုးပေးသော ဦးစောလုလုထော်၊ ဒေါ်တင်သူဇာ၊ ဒေါ်နန်းကလျာဝင်း၊ ဒေါ်ထက်မြက်ကိုနှင့် ဦးတင်လှ တို့အားလည်းကောင်း  အထူးကျေးဇူးတင်ပါသည်။ အထူးအားဖြင့် အချိန်တိုအတွင်း စိတ်ရောကိုယ်ပါနှစ်ပြီး  ရိုက်ကူး၊ အသံသွင်း၊ တည်းဖြတ်၊  ထုတ်လုပ်ပေးသော Freddy Lynn (Film Maker)၊ သူရထွန်းနှင့် စက်အဖွဲ့သားများအား (အထူး) အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဤအဖိုးနည်းဝန်ပါ အိမ်ကနေကူကြမယ် (ပုံရိပ်စစ်ကွန်ရက်) အစီအစဉ်ကို ဆောင်ရွက်နေသူများနှင့် ကျေးဇူးတင်ထိုက်သူအားလုံးအား ဤနေရာမှ ဂါရဝ ပြုပါသည်။

Dr. Than Soe

ဒေါက်တာသန်းစိုးသည် မြန်မာနိုင်ငံဆရာဝန်အသင်း (GPS) အထွေထွေရောဂါကုဆရာဝန်အဖွဲ့၏ သုတေသနအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ ကွန်ရက်အသင်း (MPAN) ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search