Menu & Search

သဘာဝဘေးတွေကပြောပြီ “ဘဝကျောင်းတဲ့ အရေး မြန်မာတွေ သေချာတွေးသင့်ပြီ”

July 16, 2020

ပြီးခဲ့သော မေ ၂ ရက်သည် မြန်မာနိုင်ငံကို ဆိုင်ကလုန်းနာဂစ် ရိုက်ခတ်ခဲ့ခြင်း ၁၂ နှစ် ပြည့်မြောက်သောနေ့ ဖြစ်ပါသည်။ နာဂစ်သည် နာရီပိုင်းအတွင်း လူပေါင်းတသိန်းလေးသောင်းကျော်ကို သေဆုံးစေခဲ့သည့် အဖျက်စွမ်းအား အဆင့်-၄ ရှိသော အဖျက်စွမ်းအားပြင်းမုန်တိုင်း ဖြစ်ပြီး  သမိုင်းတင်ခေတ် မြန်မာ့သမိုင်းတလျှောက်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အခြားနိုင်ငံများနည်းတူ ကိုဗစ်-၁၉ ရောဂါဘေးကို ရင်ဆိုင်နေရသည်။ ဇွန် ၂၂ ရက်တွင် ကမ္ဘာ့လူဦးရေအနက် ၈ ဒသမ ၉ သန်း(၈၉ သိန်း)ကျော်သည် ကိုဗစ်ရောဂါ ကူးစက်ခံနေရပြီး လေးသိန်းခြောက်ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။၂ မြန်မာနိုင်ငံတွင်မူ ကူးစက်ခံခဲ့ရသူ  ၂၉၀ ရှိနေပြီဖြစ်ကာ ခြောက်ဦး သေဆုံးခဲ့ရပါသည်။၃ မြန်မာနိုင်ငံသည် ကိုဗစ်၏ တိုက်ရိုက်တိုက်ခိုက်မှုဒဏ်ကို အခုချိန်ထိ ဆိုးဆိုးဝါးဝါး မခံစားရပါ။ သို့သော် ကိုဗစ်၏ နောက်ဆက်တွဲ လူမှုစီးပွားရေးဘဝများကို ထိခိုက်သည့် ဒဏ်ကို ခါးခါးသီးသီး ခံစားရတော့မည့် အရိပ်အယောင်များကို မြင်နေရပါပြီ။

နိုင်ငံ့လုပ်သားအင်အားစု၏ ၇ ရာခိုင်နှုန်းနှင့်  ၅ ရာခိုင်နှုန်းကို အလုပ်ပေးထားသည့် စက်မှုကုန်ထုတ်လုပ်ငန်းနှင့် ခရီးသွားလာရေးလုပ်ငန်းတို့သည် ကိုဗစ်စဖြစ်ချိန်ကစပြီး ယခုချိန်ထိ   သိသိသာသာထိခိုက်ခဲ့သည်။ အမှာစာများ ရုတ်သိမ်းသွားခြင်းကြောင့် စက်ရုံပေါင်း ၁၇၀ ကျော် ပိတ်ခဲ့ရပြီး လုပ်သားပေါင်း ၆၀,၀၀၀ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။၄ စားသောက်ဆိုင်နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ ရပ်နားလိုက်ရခြင်း၊ ကျဆင်းခြင်းကြောင့်လည်း အလုပ်လက်မဲ့များစွာ ဖြစ်ကြရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၉ ဒသမ ၄ သန်း (၉၄ သိန်း) ခန့်သည် ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများ ဖြစ်နေကြသည်။ ဤပမာဏသည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်။ တရားဝင် လမ်းကြောင်းမှဖြစ်စေ၊ တရားဝင်မဟုတ်သော လမ်းကြောင်းမှဖြစ်စေ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား လေးသန်းကျော် (သိန်း ၄၀) ရှိနေသည်။ ပြည်တွင်း၊ ပြည်ပ နှစ်ရပ်ပေါင်းလျှင် မြန်မာနိုင်ငံသည် လူဦးရေ၏ ၂၅ ရာခိုင်နှုန်းနီးပါး (လေးပုံတပုံနီးပါး) ရွှေ့ပြောင်းလုပ်သားတွေဖြစ်နေကြပြီ။

ယခုအခါ ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းလုပ်သားများ မိမိတို့ရပ်ရွာအသီးသီးသို့ ပြန်လာနေကြပါသည်။ စက်ရုံ၊ အလုပ်ရုံများ ပိတ်သောကြောင့်လည်းကောင်း၊ လုပ်သားအင်အားလျှော့ချ၍လည်းကောင်း၊ ကိုဗစ်ရောဂါ ကူးစက်ခံရမည်ကြောက်၍ လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လာကြသည်။ အများစုမှာ အလုပ် လက်မဲ့ ဖြစ်လာကြသည်။ ဧပြီလကုန်တွင် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား တသန်းကျော် ပြန်လာကြသည်။မေနှင့် ဇွန် အတွင်းတွင် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ထပ်၍ပြန်လာနေကြသည်။ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၂၀,၀၀၀ မှ ၅၀,၀၀၀ ခန့် ပြန်လာမည်ဟု ခန့်မှန်းကြသည်။ ဧပြီ ၁၆ ရက်မှစ၍ တရုတ်ပြည်မှ ရွှေ့ပြောင်းလုပ်သားများလည်း ကချင်ပြည်ရှိ လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ဂိတ်များကို ဖြတ်၍ ပြန်လာကြသည်။ တရုတ်အစိုးရက ပြန်ခိုင်းခြင်းကြောင့် ပြန်လာရသူများလည်း ရှိသည်ဟုသိရသည်။ မြန်မာနိုင်ငံသို့ မပြန်လာသော်လည်း အလုပ်လက်မဲ့ ဖြစ်နေသူများလည်း မနည်းပါ။  ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသိန်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်နေသည်ဟု Migrant Working Group ၏ စစ်တမ်းအရ သိရှိရသည်။

 

မြန်မာ့ရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကြခြင်းသည် မြန်မာနိုင်ငံအတွက် မည်သို့ အဓိပ္ပါယ် သက်ရောက်ပါသလဲ။

၁၀ နှစ်နီးပါးကြာ ကာလအပိုင်းအခြားအလိုက် စောင့်ကြည့်လေ့လာခဲ့သော “နာဂစ်လွန်ကာလ လူမှုဘဝ လေ့လာဆန်းစစ်မှုသုတေသန” (Post-Nargis Social Impact Monitoring- SIM) ၏ လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အဆိုပါအကြောင်းရာကို သုံးသပ်ကြည့်မိပါသည်။ SIM သုတေသနအရသိရှိရသည်မှာ ရွှေ့ပြောင်း လုပ်သားများ၏ ပြန်ပို့ငွေသည် နာဂစ်ဆိုင်ကလုန်းဒဏ်ခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပြန်လည်ထူထောင်နိုင်ခြင်း (Recovery) ၏ အဓိကကြောင်းတရားများအနက် တရပ်ဖြစ်ခဲ့သည် ဆိုခြင်းပင် ဖြစ်သည်။ ၁၀ နှစ်အတွင်း တူညီသော ရွာပေါင်း ၄၀ ကို စောင့်ကြည့်ခဲ့ရာတွင် ရွာ ၄၀ ၏ သုံးပုံနှစ်ပုံဖြစ်သော ၂၅ ရွာသည် ပြန်လည်ထူထောင်နိုင်ခဲ့သည်။ သို့သော် မြစ်ဝကျွန်းပေါ်သည် ပြန်လည်ထူထောင်နိုင်မှု (Recovery) ကို တန်းတန်းမတ်မတ် ရရှိခဲ့ခြင်းမဟုတ်ပါ။ အကြောင်းမှာ နာဂစ်သည် မြစ်ဝကျွန်းပေါ်နေ သိန်းနှင့်ချီသော ပြည်သူ၏ အသက်ကို ယူခဲ့သည်။ ကျွဲ၊ နွား၊ ထွန်တုံး၊ လှေ၊ ပိုက် စသည့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လက်နက်ကိရိယာများ မျောပါပျက်စီးခဲ့သည်။ စုဆောင်းခဲ့သော ရွှေငွေများလည်း ဆုံးရှုံးခဲ့သည်။ အဆိုပါဆုံးရှုံးမှုတို့က နောက်ဆက်တွဲ သက်ရောက်မှုများကို ယူဆောင်လာခဲ့သည်။

နာဂစ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်၏ မြေဆီလွှာတို့ကို ဆားငန်ရေများဖြင့် ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် နှစ်စဥ် နှစ်ကြိမ်၊ သုံးကြိမ် မျိုးကြဲခဲ့ရပြီး စပါးအရည်အသွေးနှင့် ထွက်နှုန်းများလည်း ကျဆင်းခဲ့ရသည်။ နာဂစ်သည် မြစ်ဝကျွန်းပေါ် စိုက်ပျိုးရေး၏ သဘာဝဂေဟစနစ်ဖြစ်သော မြစ်ချောင်းများကိုလည်း ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်သည် နှစ်စဥ်​ ပုံမှန်ရေကြီးမှုကို ခံစားရသည်။ အဆိုပါ ပျက်စီးမှုများသည် အကြီးစား ပြင်ဆင်ရန် လိုအပ်သောကိစ္စရပ်များဖြစ်ပြီး နိုင်ငံတော်၏ ထိရောက်သောပံ့ပိုးမှုဖြင့်သာ ပြင်ဆင်ဆောင်ရွက် နိုင်မည်ဖြစ်သော်လည်း နိုင်ငံတော်ထံမှ လိုအပ်သောကူညီပံ့ပိုးမှုများ မရရှိခဲ့ပါ။

မြစ်ဝကျွန်းပေါ်ဒေသအမှီပြုနေသည့် အခြားသော အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် ရေလုပ်ငန်းမှာလည်း ငါးပုစွန်ဖမ်းဆီးရရှိမှု သိသိသာသာနည်းပါးသွားခြင်းကြောင့် နာဂစ်ပြီးနောက်ပိုင်း ကျဆင်း ခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ ငါးပုစွန်စျေးနှုန်း မြင့်တက်လာ၍သာ မြစ်ဝကျွန်းပေါ်ဒေသတွင် ရေလုပ်ငန်းမှာ ဆက်လက်တည်ရှိနေခြင်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူများသည် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံမှ ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများကို  လက်ခံရရှိခဲ့သော်လည်း ပြန်လည်ထူထောင်နိုင်ရေးအတွက် မထိရောက်ခဲ့ပါ။ ဒေသနေပြည်သူတို့ ဖူလုံစွာ ဝမ်းကျောင်းနိုင်ရေးအတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်သည် ပံ့ပိုးနိုင်စွမ်းမရှိတော့ပါ။ အကျိုးဆက်အားဖြင့် ဒေသနေ လူငယ်များစွာသည် မိမိတို့ရပ်ရွာကိုစွန့်ခွာ၍ ရွှေ့ပြောင်းလုပ်သားများအဖြစ် မြို့ပြတွင် လုပ်အကိုင်ရှာကာ ဘဝကျောင်းကြခြင်းဖြင့် ဖြေရှင်းလိုက်ရသည်။

ကမ္ဘာ့ဘဏ် နှင့် Livelihood and Food Security Trust Fund (LIFT) တို့က ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတရပ်အရ မြစ်ဝကျွန်းပေါ်ဒေသ၏ ၂၀ ရာခိုင်နှုန်းသော အိမ်ထောင်စုများတွင် အနည်းဆုံး မိသားစုဝင်တယောက်မှာ ရွှေ့ပြောင်းလုပ်သားဖြစ်နေခြင်းကို တွေ့ရသည်။ ၁၀  ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များတွင် လှိုင်သာယာမြို့နယ်၏လူဦးရေ တဟုန်ထိုးမြင့်တက်သွားရခြင်း၏ အဓိကအကြောင်းအရင်းတရပ်မှာ မြစ်ဝကျွန်းပေါ်ဒေသမှ ရွှေ့ပြောင်းလုပ်သားများကြောင့်ဖြစ်သည်ဟု သုတေသနများအရ သိရှိရသည်။၁၁၂၀၁၇ ခုနှစ်၊  အထည်ချုပ်စက်ရုံဆိုင်ရာစစ်တမ်းအရ ရန်ကုန်မြို့တွင်ရှိသည့် အထည်ချုပ်စက်ရုံလုပ်သားများ၏ ၂၉ ရာခိုင်နှုန်းသည် ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းလုပ်သားများ ဖြစ်နေပါသည်။၁၂

ရွှေ့ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေဖြင့် မြစ်ဝကျွန်းပေါ်သည် နာဂစ်ဒဏ်မှ ပြန်လည်ထူထောင်ခဲ့ရသည်။ ထိုမျှ မကသေးပါ။ အဆိုပါ ရွှေ့ပြောင်းလုပ်သားတို့၏ ပြန်ပို့ငွေသည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသခံတို့အတွက် ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) ကို ဖြစ်စေသည့် အဓိကအကြောင်းအရာများအနက် တရပ်လည်းဖြစ်ခဲ့ကြောင်း SIM သုတေသနအရ သိရှိရသည်။

အမှန်တွင် မိမိတို့ အစဉ်တစိုက် မှီခိုအားထားလာသော အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများက ဖူလုံမှုနှင့် ရေရာသော၊ တည်တံ့သော လူမှုဘဝဖွံဖြိုးတိုးတက်မှုကို မပေးစွမ်းနိုင်သောကြောင့် ရွှေ့ပြောင်းလုပ်သားများအဖြစ် ဝမ်းကျောင်းလာကြသည်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တခုထဲမဟုတ်ပေ။ မြန်မာနိုင်ငံ၏ အခြားဒေသများစွာတွင်လည်း အလားတူအခြေအနေများဖြစ်နေသည်။ မြန်မာနိုင်ငံ၏ အဓိက အသက်မွေးမှုဖြစ်သော လယ်ယာလုပ်ငန်းသည် ရာသီဥတုမမှန်သည့်ဒဏ်ကို နှစ်စဥ်ဆက်တိုက်ခံစား လာရသည်မှာ နှစ် ၂၀ နီးပါး ရှိပြီဖြစ်သည်။၁၃ ထို့အပြင် ဈေးကွက်၏ ရိုက်ခိုက်မှုဒဏ်ကိုလည်း မကြာခဏခံရသည်။ ရာသီနှင့် ဈေးကွက် မကြာခဏဖျက်၍ ပျက်စီးဆုံးရှုံးရသော ဒဏ်များမှ လျော့ပါးသက်သာစေမည့် အစီအမံများလည်းမရှိခဲ့ပါ။ ထိုသို့ဖြင့် မြန်မာတို့၏ အဓိကအသက်မွေးဝမ်းကျောင်းမှုသည် ပုံမှန်တွက်ချက်ကိုးစား၍ မရသော အနေအထားဖြစ်လာသည်။ ထို့ကြောင့် တောင်သူတို့သည် လယ်ယာလုပ်ငန်း၌ ယခင်ကကဲ့သို့ မရင်းရဲတော့ပါ။ လုပ်ငန်းအပြည့်အဝ မဆောင်ရွက်နိုင်သောကြောင့် လက်လုပ်လက်စားများကိုလည်း ယခင်ကကဲ့သို့ အလုပ်မပေးနိုင်တော့ပါ။ ကျေးလက်နေ လက်လုပ်လက်စားများ အလုပ်အကိုင်ရသောရက်မှာ တနှစ်ပါတ်လုံးတွင် ရက် ၆၀ နီးပါးသာရှိသည်။၁၄  ထို့ပြင် လယ်ယာစိုက်ပျိုးရေးမှရသော ဝင်ငွေသည် ဝမ်းဝရုံအပြင် မပိုလျှံခြင်းကြောင့်  ပညာရေးနှင့် ကျန်းမာရေးကိစ္စများအတွက် လိုအပ်ချက်များရှိနေသည်။

အခြားရပ်ရွာများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်းသည် အဆိုပါအခြေအနေများကို ဖြေရှင်းသော အဓိကနည်းလမ်းတရပ် ဖြစ်လာခဲ့သည်။ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်းသည်ပင်လျှင် ရာသီနှင့် ဈေးကွက်၏ ရိုက်ခတ်မှုကြောင့် မတည်ငြိမ်သော စိုက်ပျိုးရေးအခြေပြု စီးပွားရေး၏ ဘဝအခြေအနေများကို ရှောင်ရှားသည့် နည်းလမ်းတရပ် ဖြစ်လာသည်။ ရာသီနှင့် ဈေးကွက်၏ ရိုက်ခတ်မှုကြောင့်ဖြစ်သော ဆုံးရှုံးမှုများကို ရွှေ့ပြောင်းလုပ်သားများ ပြန်ပို့ငွေဖြင့် ဖာထေးရသည်။ အရင်းပြန်ထောင်ရသည်။ မကျန်းမာလျှင် ဆေးကုကြရသည်။ ပညာသင်ကြရသည်။ အခြားလုပ်ငန်းများ ခွဲ၍ ထူထောင်ကြသူများလည်း ရှိသည်။ တနည်းပြောရလျှင် ရွှေ့ပြောင်းအလုပ်အကိုင်သည် မြန်မာပြည်သူ လေးပုံတပုံကို ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) ရှိစေသည့် အထောက်အပံ့လည်း ဖြစ်လာသည်။ ပြည်ပရွှေ့ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေသည်ပင်လျှင် မြန်မာ့ဂျီဒီပီ၏ ၁၃ ရာနှုန်းခန့် ရှိသောကြောင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုတက်ရေးလည်း မည်လာသည်။၁၅   ယခုအခါ ရွှေ့ပြောင်းလုပ်သားအများအပြား အလုပ်လက်မဲ့ဖြစ်ကြတော့မည်။  အလုပ်လက်မဲ့ဖြစ်လျှင် မြန်မာပြည်ရှိ ၎င်းတို့မိသားစုထံသို့ ပြန်ပို့သောငွေများ (Remittances) ကျဆင်းတော့မည်၊ ရပ်ဆိုင်းတော့မည်။ မြန်မာနိုင်ငံရှိ လေးပုံတပုံသော ပြည်သူအားလုံးမဟုတ်လျှင်ပင် အခြေခံလူတန်းစားအများစု၏ ကြံ့ကြံ့ခံနိုင်စွမ်း (Resilience)ကို ထိခိုက်တော့မည်။ ကြံ့ကြံ့ခံနိုင်စွမ်း ကျလျှင် ထိုမှတဆင့် အခြားသော နောက်ဆက်တွဲ ဆိုးကျိုးများ ကျရောက်လာမည်ဖြစ်သည်။

မိမိတို့နေရပ်ရှိ စိုက်ပျိုးရေးအခြေပြုစီးပွားရေး ယိမ်းယိုင်လာသောကြောင့် ဝမ်းမဝ၊ အနေမလှသည့်ဘဝ များအတွက် ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းများကပါ ရေရာသေချာမှု မပေးနိုင်တော့။ ကြံ့ကြံ့ခံနိုင်စွမ်းကို ဖြစ်စေခဲ့သော ရွှေ့ပြောင်းအလုပ်အကိုင်များသည်လည်း ရေရာခိုင်မာခြင်းမရှိတော့။ ကိုဗစ်က မြန်မာတို့၏ အခြေမခိုင်သောဘဝများကို လှစ်ပြခဲ့ပြီ။

 

လတ်တလောအခက်အခဲကိုဖြေရှင်းရေး

ယခုလက်ရှိတွင် ရွှေ့ပြောင်းလုပ်သားတို့ အိမ်ပြန်လာနေကြပြီ။ အလုပ်လက်မဲ့ ဖြစ်ကြပြီ။ လတ်တလော အခက်အခဲကို ဖြေရှင်းရန် ကြိုးစားကြရမည်။ မြန်မာအစိုးရသည် ဧပြီလကုန်ပိုင်းတွင် “COVID-19 Economic Relieve Plan (CERP)” “ကိုဗစ်-၁၉ အကျိုးဆက် စီးပွားရေးဆိုင်ရာသက်ရောက်မှု လျော့ပါး သက်သာစေရေး အစီအစဥ်” ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် အလုပ်လက်မဲ့ဖြစ်သော ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးနှင့် ခရီးသွားထောက်ပံ့ကြေးတို့ကို အလုပ်လက်မဲ့ဖြစ်သည့်အချိန်မှ တနှစ်ကြာသည်အထိ ပံ့ပိုးမှုပေးရန် စီစဉ်ထားသည်။ သို့သော် အဆိုပါအစီအစဉ်သည် လူမှုဖူလုံရေးအသင်းဝင် ဖြစ်သော အလုပ်သမားများကိုသာ အကျုံးဝင် အကျိုးခံစားခွင့် ရှိမည်ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သော လုပ်သား ၁၄ သိန်းသာ လူမှုဖူလုံရေးအသင်းဝင်ဖြစ်သည်။၁၆ မြန်မာနိုင်ငံရှိ လုပ်သားအင်အားစု၏ ၈၃ ရာခိုင်နှုန်းဖြစ်သည့် ၂၂ သန်းသော လုပ်သားအင်အားစုတို့မှာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေခြင်းဖြစ်သောကြောင့် လူမှုဖူလုံရေးစနစ်၌ အကျုံးမဝင်ပါ။၁၇ CERP သည် အဆိုပါ နိုင်ငံ၏အများစုသော လုပ်သားများနှင့် နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများကို ထည့်သွင်စဉ်းစားမှု မရှိသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုများသည် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော စားဝတ် နေရေးဆိုင်ရာ အကျပ်အတည်းကို မဖြေရှင်းနိုင်ပါ။

“နာဂစ်လွန်ကာလ လူမှုဘဝလေ့လာစောင့်ကြည့်မှု သုတေသန” နှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကာလ အကူအညီပေးရေး အတွေ့အကြုံများအရ ငွေကြေးထောက်ပံ့မှု (cash grant) သည်သာ အရေးပေါ်ကာလ လိုအပ်ချက်များကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ကြောင်း တွေ့ရသည်။ အဆိုပါသုတေသနများအရ  ဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေးအတွက် သင်ခန်းစာ ယူစရာများစွာ တွေ့ရသည်။ နာဂစ်အပါအဝင် ဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေးအစီအစဥ်များသည် ပြည်သူများ၏ လိုအပ်ချက်ပေါ်အခြေခံ၍ အကူအညီကို လျာထားမှုမပြုကြခြင်း၊ ကဏ္ဍအလိုက် ရေရှည်အမြင်ဖြင့် မချမှတ်ကြခြင်းနှင့် “အချိန်ကြာလာသည်နှင့်အမျှ ဖြည်းဖြည်းချင်းစုကာ ဒုက္ခပေးသော သက်ရောက်မှုများ (Cumulative Impacts)” များကို ထည့်သွင်းစဉ်းစားမှု မရှိခြင်း စသည့် အားနည်းချက်တို့ ရှိနေသည်။ ထို့ပြင် အကူအညီပေးရေး အစီအစဉ်များကို ရပ်ရွာပြည်သူတို့ ပါဝင်မှုမရှိဘဲ ဆုံးဖြတ်ချက်ချလေ့ရှိကြသည်။ အကူအညီပေးသူများသည် ပြည်သူတို့အား အကူအညီရယူမည့် သူများအဖြစ်သာ ရှုမြင်ကြပြီး ပြန်လည်ထူထောင်ရေးအတွက် အပြောင်းအလဲ ဖော်ဆောင်မည့်သူများ၊ မိမိတို့လိုအပ်ချက်ကို ကောင်းစွာနားလည်သူများအဖြစ် မမြင်ကြပါ။ အဆိုပါအားနည်းချက်တို့ကြောင့် အကူအညီပေးရေးအစီအစဉ်များသည် ထိရောက်သင့်သလောက် မထိရောက်ခြင်း၊ ပြန်လည်ထူထောင်နိုင်မှု နှေးကွေးခြင်း၊ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ပေးနိုင်မှု အားနည်းခြင်းများ ဖြစ်ပေါ်သည်။ အဆိုပါအချက်တို့ကို CERP တွင်ထည့်သွင်းစဉ်းစား၍ အကောင်အထည်ဖော်လျှင် ပိုမိုထိရောက်အောင်မြင်မည်ဖြစ်သည်။

 

အခြေခိုင်တဲ့ဘဝတွေကို ဘယ်လိုတည်ဆောက်ကြမှာလဲ။

ကိုဗစ်က မြန်မာတို့၏ အခြေမခိုင်သောဘဝများကို လှစ်ပြခဲ့သည်။ မိမိတို့နိုင်ငံတွင် ရေ၊ မြေ၊ သဘာဝ အရင်းအမြစ်များ ကြွယ်ဝပါလျက် အခြားနိုင်ငံများ၏ စီးပွားရေးအပေါ် မှီခို၍ ဘဝကျောင်းကြရသော ပြည်သူများ၏ အဖြစ်ကို တွေ့ရသည်။ အမှန်တွင်မူ မြန်မာတို့ မှီခိုနေသည့် အခြားနိုင်ငံ၏ စီးပွားရေးဆိုသည်မှာလည်း တစိတ်တပိုင်းအားဖြင့် မိမိတို့နိုင်ငံမှ သဘာဝအရင်းအမြစ်နှင့် ကုန်ကြမ်းများဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။ ဥပမာဆိုလျှင် မြန်မာသည် နိုင်ငံမှထွက်ရှိသော သဘာဝဓာတ်ငွေ့အများစုကို တရုတ်နှင့် ထိုင်းနိုင်ငံများသို့ အများဆုံးတင်ပို့နေရပြီး တရုတ်နိုင်ငံသဘာဝဓာတ်ငွေ့ ဖြန့်ဝေရေးလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကျော်သည် မြန်မာမှတင်ပို့နေခြင်း ဖြစ်သည်။၁၈ မြန်မာတို့သည် မိမိတို့နိုင်ငံမှ ထွက်သည့်၊ နိုင်ငံတွင်ရှိသည့် သဘာဝ အရင်းအမြစ်များဖြင့် ဖူလုံသော၊ တွက်ဆ၍ရသော၊ ခိုင်မာသော ဘဝများ မတည်ဆောက်နိုင်သောကြောင့် ရွှေ့ပြောင်းလုပ်သားများအဖြစ် အခြားအရပ်၊ အခြားနိုင်ငံတွင် အလုပ်လုပ်ပြီး ပိုမိုရေရာသေချာခိုင်မာသော ဘဝများကို တည်ဆောက်နိုင်ရန် ကြိုးစားကြသည်။ သို့သော် အဆိုပါ ဖြေရှင်းသောနည်းလမ်းများကလည်း ကိုးစား၍ မရကြောင်း၊ မခိုင်မာကြောင်း မြင်ခဲ့ရပြီ။

မြန်မာပြည်သူတို့အတွက် ရေရာခိုင်မာသော ဘဝများကိုတည်ဆောက်နိုင်ရန် နိုင်ငံတော်အနေဖြင့် “ပြည်သူတို့ ဘဝကျောင်းခြင်းဆိုင်ရာ မဟာဗျူဟာ” ချမှတ်ရန်လိုပါသည်။ “ပြည်သူတို့ ဘဝကျောင်းခြင်းဆိုင်ရာ မဟာဗျူဟာ” ဆိုသည်မှာ နိုင်ငံတခု၏ သမားရိုးကျ စီးပွားရေးမူဝါဒများဖြစ်သော အခွန်ဆိုင်ရာမူဝါဒ၊ အစိုးရအသုံးစရိတ်၊ ဈေးကွက်တွင်း လှည့်ပတ်ငွေကြေး၊ လုပ်သားဈေးကွက်နှင့် အလုပ်အကိုင်ဖန်တီးပေးမှုဆိုင်ရာ မူဝါဒ စသည့် အကြောင်းအရာများထက် နိုင်ငံရှိ ပြည်သူများအတွက် လူမှုစီးပွားဘဝ ဖူလုံ၍ ခိုင်မာ ရေရာသော ဘဝကျောင်းမှုပုံစံများ တည်ဆောင်နိုင်ရေးကို ဦးတည်ချက်ထားသည့် မူဝါဒများကို ဆိုလိုခြင်းဖြစ်သည်။ တနည်းပြောရလျှင် ပြည်သူများ မည်သည်ကို လုပ်ကိုင်စားကြမည်၊ မည်သို့ ဘဝကျောင်းကြမည် ဆိုသည်ကို အခြေခံစဥ်းစားသည့် မူဝါဒပင်ဖြစ်သည်။ အခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများလာရန် မည်သို့ဆောင်ရွက်မည် ဆိုခြင်းထက် ပြည်သူများ မိမိတို့တွင်ရှိသည့် အရင်းအမြစ်များ (လူသားအရင်းအမြစ်နှင့် မြေ၊ ရေ စသော သဘာဝ အရင်းအမြစ်)ကို မည်သို့ ထိရောက်စွာ၊ အကျိုးရှိစွာ အသုံးချ ထုတ်လုပ်၍ ခိုင်မာသောဘဝကို ကျောင်းနိုင်စွမ်း ရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ဆိုသည်ကို ဦးတည်ချက်ထား စဥ်းစားသော သဘောတရားဖြစ်သည်။

မြန်မာနိုင်ငံသည် မြေသယံဇာတ ပေါကြွယ်ဝပြီး တဦးချင်းစီမြေပိုင်ဆိုင်မှု များသော စိုက်ပျိုးအခြေခံ စီးပွားရေးရှိသည့် နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြေယာအခြေပြု စိုက်ပျိုးရေးလုပ်ငန်းမှ ဖူလုံသော၊ စီးပွားဖြစ်ထွန်းသော၊ ခိုင်မာသော ဘဝကျောင်းမှု ဖြစ်ထွန်းရန် စီမံကိန်းကို နိုင်ငံ၏ ဘဝကျောင်းခြင်းဆိုင်ရာ မဟာဗျူဟာတွင် ဦးစားပေးအနေဖြင့် ထည့်သွင်းရပါမည်။ လက်ရှိအခြေအနေတွင် နိုင်ငံ၏ မြေသယံဇာတသည်  ရေကြီး၊ မိုးခေါင် စသော ရာသီဥတုဖျက်ဆီးခြင်းဒဏ်များကြောင့် လည်းကောင်း၊ အရင်းအနှီး မပြည့်စုံခြင်းကြောင့် လည်းကောင်း၊ ဈေးကွက် မရှိသောကြောင့် လည်းကောင်း၊ ပဋိပက္ခများကြောင့် လည်းကောင်း၊  နိုင်ငံတော်မှ သိမ်းယူခြင်းများကြောင့် လည်းကောင်း ပြည်သူများအနေဖြင့် ထိရောက်စွာ၊ အကျိုးရှိစွာ အသုံးချ ထုတ်လုပ်နိုင်စွမ်း မရှိကြပါ။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်တွင် နေထိုင်ကြသူများဖြစ်သည်။ အဆိုပါ ပြည်သူအများစုမှာ စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်သည်ဟု ယေဘုယျအားဖြင့် တွက်ဆနိုင်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ၂၀၁၇ မြန်မာ့ဂျီဒီပီ (မြန်မာ့ပြည်တွင်း အသားတင်ထုတ်လုပ်မှု) တွင် ၂၄ ရာခိုင်နှုန်းသာ ပါဝင်နိုင်သည်။၁၉ စက်မှုကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍ တိုးတက်လာခြင်းက မြန်မာ့ဂျီဒီပီတွင် နေရာဝင်ယူသွားသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံ့လူဦးရေအများစု အမှီပြုဝမ်းကျောင်းနေသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ အသားတင်ထုတ်လုပ်မှုမှာ အားနည်းနေကြောင်း တွေ့မြင်ရသည်။ ဆိုလိုသည်မှာ မြန်မာ့ပြည်သူအများစုသည် ၎င်းတို့၏ ဘဝကျောင်းမှုမှ စီးပွားဖြစ်ထွန်းသော ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းပင်ဖြစ်သည်။ ရေကြီး၊ မိုးခေါင် စသော ရာသီဥတု ဖျက်ဆီးခြင်းဒဏ်များကို အခြေခံအဆောက်အအုံများ၊ နည်းပညာများ၊ နိုင်ငံတော်၏ အမတော်ကြေးအာမခံများ၊ ရေရှည်ချေးငွေများဖြင့် ကာကွယ်ပေးရန်၊ ပံ့ပိုးပေးရန် လိုသည်။ ကုန်ကြမ်းပစ္စည်းများသာ ထုတ်လုပ်နိုင်ခြင်းထက် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအတွက် အကျိုးဖြစ်စေသော ထပ်ဆင့်တန်ဖိုးများပေးနိုင်သည့် ကုန်စည်များ (Value added products) ထုတ်ရန် လိုပါသည်။   မြေသယံဇာတကို ဝမ်းဝရုံ အခြေခံစားသုံးကုန်များ ထုတ်သည်ထက် လူသားများအတွက် ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေး စသည်တို့အတွက် အထောက်အပံ့ဖြစ်စေသော အစာအာဟာရနှင့် လူသုံးကုန်များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သင့်သည်။ နိုင်ငံတကာ လူမှုရေးဘောဂဗေဒပညာရှင် ဒေါက်တာဝယ်လ်ဒန်ဘယ်လိုက မြန်မာနိုင်ငံသည် သဘာဝ ဆေးဝါးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများကို ဇောက်ချလုပ်ကိုင်သင့်ကြောင်း ၂၀၁၈ ခုနှစ်တွင် ထွက်ရှိခဲ့သော ၎င်း၏ “The Paradigm Trap” သုတေသနအစီရင်ခံစာတွင် အကြံပေးတင်ပြထားသည်။၂၀ အဆိုပါ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံတန်ဖိုးများ ထည့်သွင်းထုတ်လုပ်ထားသည့် ကုန်စည်များကို သာမန်စားသောက်ကုန်နှင့် ကုန်စည်များထက် တန်ဖိုးထား ဝယ်ယူကြသောကြောင့် ငွေကြေးအားဖြင့် ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းနိုင်သည်။ အဆိုပါ ကုန်စည်များအတွက် ပြည်တွင်းပြည်ပ ဈေးကွက်များ ဖန်တီးပေးခြင်း၊ ချိတ်ဆက် ပေးခြင်းများဖြင့်လည်း ပံ့ပိုးရန် လိုပါမည်။ လက်ရှိ နိုင်ငံတွင်းရှိ စိုက်ပျိုးမြေသယံဇာတကို အပြည့်အဝ အသုံးချ ထုတ်လုပ်နိုင်လျှင်ပင် မြန်မာနိုင်ငံသည် ပြည်သူအကမ္ဘာ့ဘဏ် နှင့် Livelihood and Food Security Trust Fund (LIFT) တို့က ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတရပ်အရ မြစ်ဝကျွန်းပေါ်ဒေသ၏ ၂၀ ရာခိုင်နှုန်းသော အိမ်ထောင်စုများတွင် အနည်းဆုံး မိသားစုဝင်တယောက်မှာ ရွှေ့ပြောင်းလုပ်သားဖြစ်နေခြင်းကို တွေ့ရသည်။များစု၏ လူမှုစီးပွားဘဝများစွာကို ဖူလုံခိုင်မာမှုရှိအောင် တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် ဆန်းသစ်တီထွင်ဖန်တီးမှု၊ အနုပညာနှင့် အသိပညာ စသည်တို့ဖြင့် ရင်းနှီးလုပ်ကိုင် ဘဝကျောင်းမှုများ ပိုမိုဆောင်ရွက်လာနိုင်ရေးအတွက် နိုင်ငံတော်မှ လမ်းကြောင်း၊ အားပေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။ ဆန်းသစ်တီထွင်ဖန်တီးမှု၊ ကျွမ်းကျင်မှုနှင့် အသိပညာဆိုင်ရာ လုပ်ငန်းများသည် လူတဦးချင်းစီ၏ ထူးခြားဆန်းပြား သိမ်မွေ့နက်နဲသော အရည်အသွေးများကို အသုံးချလျက် အလုပ်လုပ်ကြသည်ဖြစ်၍ လူသားတဦးချင်းစီ၏ ထုတ်လုပ်မှုများသည် ငွေကြေးအားဖြင့် တန်ဖိုးဖြတ်ရန် ခဲယဥ်းသည်။ အဆိုပါ အရည်အသွေးများဖြင့် ကုန်ထုတ်လုပ်နိုင်သော လူ့အဖွဲ့အစည်းသည် ၎င်းတို့၏ အနုစိပ်ပညာအတွက် အထင်ကြီးလေးစားမှုကို ရရှိပြီး လူသားတဦးချင်းစီ၏ အရည်အသွေးများ ထပ်ပေါင်းပါဝင်သည့် ရုပ်ဝထ္ထု၊ အနုထုတ်ကုန်နှင့် ဉာဏ်ထုတ်ကုန်များအတွက် ငွေကြေးအရင်းအနှီးထက် အဆပိုသော အကျိုးအမြတ်ကို ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါဘဝကျောင်းမှုများ အောင်မြင်စေရန် ငွေကြေးနှင့် နည်းပညာအထောက်အပံ့များအပြင် လွတ်လပ်စွာ ထုတ်ဖော်ဖန်တီးနိုင်ခွင့် (Freedom of Expression) လည်း ပြည့်ဝစွာ ရရှိရန်လိုပါသည်။

ပြည်သူများအတွက် ခိုင်မာရေရာသော ဘဝများ တည်ဆောက်ပေးနိုင်ရန် နိုင်ငံတော်၏ ပံ့ပိုးမှုသည် အလွန် အရေးပါသည်။ နိုင်ငံတော်မှ မူဝါဒချထား၍ စနစ်တကျကူညီပံ့ပိုးမှု မပါဝင်ဘဲ ဖွံ့ဖြိုးတိုးတက် အောင်မြင် သွားသည့် နိုင်ငံဟူ၍ မရှိပါ။ နိုင်ငံ၏ နေရာဒေသအားလုံးရှိ ပြည်သူများအတွက် ခိုင်မာရေရာသော ဘဝကျောင်းမှုများ ဖန်တီးတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်သည် ငြိမ်းချမ်းရေးကို ဦးစားပေး တည်ဆောက်ရမည်။ စစ်မှန်သော ဖက်ဒရယ်တည်ဆောက်နိုင်ခြင်းသည် ရေရှည်ငြိမ်းချမ်းရေးဖြစ်သည်ဟုဆိုလျှင် စစ်မှန်သော ဖက်ဒရယ်တည်ဆောက်ရေးခေါင်းစဥ်ဖြင့် အမြန်ဆုံး ဆွေးနွေးအဖြေရှာကြရမည်။ ပြည်သူများအတွက် ခိုင်မာ ရေရာသော၊ စီးပွားဖြစ်ထွန်းသော ဘဝကျောင်းမှုများ တည်ဆောက်ရန် နိုင်ငံတော်သည် ဘဏ္ဍာငွေများ ပုံအော ရင်းနှီးမြှုပ်နှံ သုံးစွဲရန်လိုပါသည်။ ထို့အတွက် နိုင်ငံ့ဘဏ္ဍာလည်း ပြုန်း၊ လူ့အရင်းအမြစ်လည်း ဆုံးစေသည့် စစ်အသုံးစရိတ်များကို ထိရောက်စွာ လျှော့ချရမည် ဖြစ်သည်။ စစ်ပွဲများကို နေရာအားလုံးတွင် လုံးဝရပ်ဆိုင်းရန် လိုပါသည်။ ထို့ပြင် ပြည်သူအားလုံး မျှတစွာ အကျိုးဖြစ်ထွန်းမှု မရှိစေသည့် နိုင်ငံတော်မှ သိမ်းယူထားသည့် မြေယာများ၊ သယံဇာတထုတ်လုပ်နေမှုများကို အမြန်ဆုံး စွန့်လွှတ်၍ ပြည်သူတဦးတယောက်ချင်းစီ ပိုင်ဆိုင် လုပ်ကိုင် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။

 

ကိုးကား

  “Meandering to Recovery: Post-Nargis Social Impacts Monitoring Ten Years After”, the World Bank, Enlightened Myanmar Research Foundation and Andaman Research and Advisory, 2018. Available at https://www.emref.org/sites/emref.org/files/publication-docs/post nargis_social_impact_monitoring_10_year_aftersim_5_eng_version.pdf

၂  https://coronavirus.jhu.edu/map.html

https://www.worldometers.info/coronavirus/country/myanmar/

၄ “COVID 19 Risks Inflicting Long-term Economic Pain on Myanmar”, Myanmar Times, 30 Apr 2020. Available at: https://www.mmtimes.com/news/covid-19-risks-inflicting-long-term-economic-pain-myanmar.html

  “COVID 19 Risks Inflicting Long-term Economic Pain on Myanmar”, Myanmar Times, 30 Apr 2020. Available at: https://www.mmtimes.com/news/covid-19-risks-inflicting-long-term-economic-pain-myanmar.html

IOM Myanmar COVID 19 Response, Situation Report 3, 1 May 2020. Available at: https://reliefweb.int/sites/reliefweb.int/files/resources/IOM%20Myanmar%20COVID19%20Sitrep%20%233%20final%20%281%20May%202020%29.pdf

“More than 15000 Myanmar Migrants Workers Returned from China”, Myanmar Times, 16 Apr 2020. Available at: https://www.mmtimes.com/news/more-15000-myanmar-migrant-workers-return-china.html

7 Days News, May 26, 2020

 

“Meandering to Recovery: Post-Nargis Social Impacts Monitoring Ten Years After”, the World Bank, Enlightened Myanmar Research Foundation and Andaman Research and Advisory, 2018, pp. 53-60. Available at  https://www.emref.org/sites/emref.org/files/publication-docs/post-nargis_social_impact_monitoring_10_year_aftersim_5_eng_version.pdf

၁၀ “A Country On the Move”, World Bank and Livelihood and Food Security Trust Fund (LIFT), 2016. Available at:

https://www.lift-fund.org/sites/lift-fund.org/files/publication/Internal%20Migration%20FINAL%20ENG.pdf

၁၁ Forbes, E.I. (2016). On the Frontier of Urbanization: Informal Settlement in Yangon, Myanmar. Journal of Burmese Scholarships, vol.1, No.1. 223-224. Available at: https://journalofburmesescholarship.org/issues/v1n1/9b-Forbes-en-ill-r2saveas.pdf

၁၂ “A Baseline Survey of Yangon’s Garment Sector Workforce”, Enlightened Myanmar Research Foundation and Andaman Research & Advisory. 2017. Available at: https://www.emref.org/sites/emref.org/files/publication-docs/ygfdigital_version_eng-ca_report.pdf

၁၃ Qualitative Social and Economic Monitoring (QSEM) Round 1-6. Available at https://www.emref.org/en/publications-reports?title=&field_publication_type_tid=11

၁၄ “A Country On the Move”, World Bank and Livelihood and Food Security Trust Fund (LIFT), 2016. Available at:

https://www.lift-fund.org/sites/lift-fund.org/files/publication/Internal%20Migration%20FINAL%20ENG.pdf

၁၅ International Growth Centre (ICG), “Myanmar Remittances”, October 2017. Available at:  https://www.theigc.org/wp-content/uploads/2018/06/Akee-and-Kapur-2017-Final-report.pdf

၁၆ ILO News, February 2020. Available at: https://www.ilo.org/yangon/press/WCMS_736182/lang–en/index.htm

၁၇ Ministry of Labour, Immigration and Population. 2017. Annual Labour Force Survey-2017, 1st Quarter Report. Available at: https://www.ilo.org/wcmsp5/groups/public/—asia/—ro-bangkok/—ilo-yangon/documents/publication/wcms_622556.pdf

၁၈ China-Myanmar pipeline grows in its appeal, 9 March 2020, Gas World. Available at: https://www.gasworld.com/china-myanmar-pipeline-grows-in-its-appeal/2018583.article

၁၉ https://www.cia.gov/library/publications/resources/the-world-factbook/geos/bm.html

၂၀ https://www.tni.org/files/publication-downloads/paradigmtrap_190718_web.pdf

Myat Thet Thet Thit Sar

မြတ်သက်သစ္စာသည် ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်း (EMReF)၏ တည်ထောင်သူနှင့် သုတေသီတဦးဖြစ်သည်။

Related article
ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို…

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search