Menu & Search

COVID-19 နှင့် မြန်မာ့လုပ်သားဈေးကွက်

April 22, 2020
စာရေးသူမှတ်ချက်

ဤဆောင်းပါးပါ သုံးသပ်ချက်များသည် စာရေးသူ၏ အမြင်သာဖြစ်ပြီး အခြားမည်သူ့ကိုမျှ ကိုယ်စားမပြုပါ။ email - [email protected]


(၁) နိဒါန်း

ကမ္ဘာ့သမိုင်းတလျှောက်တွင် ကဏ္ဍ အလိုက်၊ ဒေသအလိုက် အကျပ်အတည်း ပေါင်းစုံ ကြုံတွေ့ခဲ့သော်လည်း ယခု COVID-19 ကပ်ရောဂါသည် ဒုတိယ ကမ္ဘာ့စစ် အလွန်တွင် နိုင်ငံများအနေဖြင့် အဆိုးရွာဆုံး ရင်ဆိုင်ကြရမည့် အကျပ်အတည်း အနေအထား ဖြစ်ပါသည်။[1] လက်ရှိအချိန်ထိ COVID-19ကြောင့် မြန်မာနိုင်ငံ၏ လုပ်သားဈေးကွက်အား မည်သို့ သက်ရောက်နိုင်ခြေ ရှိသည်ကို ထုတ်ပြန်ထားသော သုံးသပ်ချက် မတွေ့ရသေးပါ။ အချိန်နှင့်တပြေးညီ ဖြစ်သော လုပ်သားဆိုင်ရာ အချက်အလက်များ အကန့်အသတ် ဖြစ်နေခြင်းသည် အကြောင်းရင်း တရပ်ဖြစ်သည်။ ရရှိသည့် အချက်အလက်များကို အခြေခံ၍ မြန်မာနိုင်ငံ လုပ်သားဈေးကွက်အခြေအနေနှင့် ဖြစ်လာနိုင်သည့် ယူဆချက်များ၊ အထည်ချုပ်လုပ်သားများအပေါ် သက်ရောက်မှုများနှင့် မူဝါဒဆိုင်ရာ စဉ်းစားချက်အချို့ကို ဤဆောင်းပါးတွင် လေ့လာ သုံးသပ်ထားပါသည်။

COVID-19 နှင့် စီးပွားရေးနောက်ဆက်တွဲ

COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲ အနေဖြင့် ကမ္ဘာ့လုံး ဆိုင်ရာ ထုတ်လုပ်မှု ကွင်းဆက်များ ပြတ်တောက်ခြင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုတွင် ကြီးမားသော အကန့်အသတ်များ ကြုံတွေ့ခဲ့ရသည်။ ထိုအပြင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ မိမိ၏ နိုင်ငံ နယ်နမိတ်နှင့် နိုင်ငံအတွင်းရှိ ဒေသတခုနှင့် တခုအကြား တင်းကျပ်စွာ ကန့်သတ်မှုများကြောင့် ခရီးသွားလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနှင့် ထိုလုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ အများစု ရပ်ဆိုင်းလုလု အခြေအနေကို ကြုံတွေ့နေရပြီး ဖြစ်သည်။ ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank) (2020) ၏ သုံးသပ်ချက်အရ ကပ်ရောဂါ မဖြစ်မှီ ခန့်မှန်းထားသော ကမ္ဘာ့ စီးပွားရေးတိုးတက်မှုနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းအစား ကပ်ရောဂါ သက်ရောက်မှုကြောင့် အဆိုးရွာဆုံး အခြေအနေတွင် ၂၀၂၀ ခုနှစ်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းသည် အနှုတ်လက္ခဏ ၀ ဒသမ ၉ ရာခိုင်နှုန်း အထိရောက်နိုင်သည်။

အထူးသဖြင့် ကပ်ရောဂါ၏ ဗဟိုချက် ဖြစ်သော တရုတ်နိုင်ငံ၊ ဥရောပ သမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု အပေါ်တွင် မှီခိုနေသော ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ခရီးသွား လုပ်ငန်းများအပေါ်တွင် မှီခိုနေသော နိုင်ငံများအနေဖြင့် ၎င်းတို့၏ စုစုပေါင်း ပို့ကုန်များအပေါ် ထိခိုက် နစ်နာမှုများပြီး ပြန်လည် နာလန်ထူရန် ခက်ခဲသည့် အခြေအနေကို ဖြစ်ပေါ်နိုင်ခြေရှိပါသည်။  ဒေသတွင်း အာဆီယံ နိုင်ငံ၏ ပျှမ်းမျှ စီးပွားရေး တိုးတက်မှုနှုန်း (GDP) သည် ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁ ရာခိုင်နှုန်း အထိ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည် (ADB, 2020)။ ထိုအတူ မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP)သည် ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်။ ခရီးသွား လုပ်ငန်းနှင့် ကမ္ဘာ့ထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တွင် အခန်းကဏ္ဍကြီးများသော ထိုင်းနိုင်ငံအနေဖြင့်  GDP သည် ၂၀၂၀ ခုနှစ်တွင် အနုတ် ၄ ဒသမ ၈ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း သုံးသပ်ထားသည် (ဇယား-၁)။ ဤအခြေအနေကို ကြည့်လျှင်  COVID-19 ကပ်ရောဂါသည်   မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှု ရှိမည်ဖြစ်သော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကောင်းမွန်သည့် အနေအထားတွင် ရှိနိုင်ပါသည်။ သို့သော်လည်း ဤခန့်မှန်းချက်အတိုင်း ဖြစ်နိုင်ခြေ ရှိသည်ဟု ယတိပြတ်ပြောကြားရန် စောနေသေးသည့် အခြေအနေတွင်ရှိပါ သည်။

Covid-19 နှင့် အလုပ်လက်မဲ့ပြသနာ

အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ကနဦး ဆန်းစစ်ချက်အရ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့တစ်ဝှမ်းတွင် လုပ်သား သန်း၁၉၀ ဝန်းကျင် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။[2] မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ရေတိုကာလအတွင်း လုပ်သားအင်အား၏ ၂ ဒသမ ၀၆ ရာခိုင်နှုန်း (လုပ်သားအင်အား ၈ သိန်းခန့်) သည် အလုပ်လက်မဲ့ ဖြစ်နိုင်ပြီး  ကပ်ရောဂါကာလသည် ၃လထက် ကြာမြင့်ပြီး ဗိုင်းရပ်(စ်)ထိန်းချုပ်ရန် ခက်ခဲ့သည့် အနေအထားရောက်လာပါ လုပ်သားအင်အား၏ ၄ ဒသမ ၁၀ ရာခိုင်နှုန်း (လုပ်သားအင်အား ၁ ဒသမ ၆သန်းဝန်းကျင်) သည် အလုပ်လက်မဲ့ ဖြစ်နိုင်သည်။[3]

(၂) မြန်မာ့လုပ်သားဈေးကွက်အားနောက်ပြန်ကြည့်ခြင်း

၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလအများအထိ စိုက်ပျိုးရေး ကဏ္ဍသည် မြန်မာ့ စီးပွားရေး၏ အဓိက မောင်းနှင်အား ဖြစ်ခဲ့သည်နှင့်အညီ စုစုပေါင်း လုပ်သား အင်အားစု၏ ၆၈ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်ကြပြီး  စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၉ ဒသမ ၉ရာခိုင်နှုန် အသီးသီး လုပ်ကိုင်ကြသည်။[4] သို့သော် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် စိုက်ပျိုးရေး ကဏ္ဍ၏ စွမ်းရည် ကျဆင်းခြင်း၊ စက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများ အားကောင်းလာမှုကြောင့် တိုင်းပြည်၏ ပြည်တွင်း အသာတင် ထုတ်လုပ်မှု (GDP) တွင် စိုက်ပျိုးရေး လုပ်ငန်းများ၏ အခန်းကဏ္ဍသည် ကာလကြာရှည် ကျဆင်းလာခဲ့သည်။ အလားတူ ၂၀၁၉ ခုနှစ် အရောက်တွင် စုစုပေါင်း လုပ်သားအင်အား၏ ၄၇ ဒသမ ၅ရာခိုင်နှုန်းသာ စိုက်ပျိုးရေး ကဏ္ဍတွင် လုပ်ကိုင်ကြပြီး စက်မှုကဏ္ဍနှင့် ဝန်ဆာင်မှု ကဏ္ဍတွင် ၁၇ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၃၂ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးဖြစ်ကာ လုပ်သားဈေးကွက်၏ ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲလာခဲ့သည် (ILOSTAT, 2020)မြန်မာ့လုပ်သားအင်အား စစ်တမ်း-Myanmar Labour Force Survey (2018Q1) အရ မြန်မာနိုင်ငံ၏ စုစုပေါင်း လုပ်သား အင်အား ၂၂ ဒသမ ၆၈ သန်း ရှိပြီး အလုပ် လုပ်ကိုင်နေသူ ၂၂ ဒသမ ၄၅သန်းရှိသည်။ အလုပ်လုပ်နိုင်သော အသက်အရွယ် (၁၅နှစ်အထက်) ရှိပြီး လုပ်သားအင်အား ပြင်ပတွင် ရှိနေသူ ၁၃ ဒသမ ၈၈ သန်း ရှိသည်။

အလုပ်သမားများ၏ ပျှမ်းမျှ ဝင်ငွေသည် ၂၀၁၅ခုနှစ် တွင် ၁၁၅,၄၀၀ ကျပ်ရှိနေရာမှ ၂၀၁၈ ခုနှစ်တွင် ၁၅၈,၉၀၀ ကျပ်သို့ တိုးတက်လာခဲ့သည်။ ‌ဝန်ဆောင်မှု ကဏ္ဍတွင် လုပ်ကိုင်နေသော လုပ်သားများ၏ ဝင်ငွေသည် စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းတွင် လုပ်ကိုင်နေသာ လုပ်သားများထက် ဝင်ငွေပိုများသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် နှိုင်းယှဉ်လျှင် အမျိုးသားနှင့် အမျိုးသမီးကြား၊ ကျေးလက်နှင့် မြို့ပြကြား ဝင်ငွေရရှိမှု ကွာဟချက်သည်လည်း ကျဉ်မြောင်းသွားသည်။

မှတ်ပုံတင်ထားခြင်း မရှိသော စည်း ပြင်ပလုပ်သား (informal worker) သည် မြန်မာ့လုပ်သား ဈေးကွက်တွင် ကျယ်ပြန့်စွာ လွှမ်းမိုးလျက်ရှိပြီး စုစုပေါင်း အလုပ်လုပ်ကိုင်သူ ဦးရေ၏ ၈၃ ရာခိုင်နှုန်း ရှိပါသည် (Myanmar Labour Force Survey, 2018Q1)။   လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ အကြားတွင်  စည်းပြင်လုပ်သား အများဆုံး လွှမ်းမိုးသော နိုင်ငံများဖြစ်သည်။ ဤအကြောင်းအရာများကြောင့် အစိုးရအနေဖြင့် လုပ်သားဈေးကွက်ကို ဝင်ရောက် ထိန်းညှိခြင်း၊ အချိန်နှင့် တပြေးညီ အချက်အလက် ရနိုင်ခြင်း ကိစ္စများတွင် စိန်ခေါ်မှုများစွာ ရှိနိုင်ပါသည်။ ၂၀၁၉ ခုနှစ် ဧပြီလအထိ လုပ်သားအင်အား ၂ သန်းဝန်းကျင်ကို လူမှု ဖူလုံရေး ကဒ်ထုတ်ပေးနိုင်ခဲ့သည်။[5] တစ်နည်းအားဖြင့်ဆိုလျှင် လုပ်သားအား၏ ၉၀ ရာခိုင်နှုန်းကျော်သည် လူမှုဖူလုံရေး စနစ်၏ ပြင်ပတွင်ရှိနေသည်။

(၃)       COVID နှင့် မြန်မာ့လုပ်သားဈေးကွက်

အချက်အလက်ဆိုင်ရာ အကန့်အသတ်များကြောင့်  Covid-19 ကြောင့်  မြန်မာ့ လုပ်သား ဈေးကွက်အပေါ် သက်ရောက်မှုကို သေချာစွာ သုံးသပ်ရန် ခက်ခဲလှပါသည်။ မြန်မာနိုင်ငံနှင့် စီပွားရေး တိုးတက်မှုနှုန်း၊ ကဏ္ဍအလိုက်အလုပ်သမား ပြန့်နှံမှု၊ ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေ များစွာ ကွာခြားမှု မရှိသော ဗီယက်နမ် နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အပေါ် သက်ရောက်မှုခန့်မှန်းချက်ကို ကြည့်လျှင် Covid-19 ကြောင့် မြန်မာနိုင်ငံ၏ လုပ်သားဈေးကွက်အပေါ် ရိုက်ခက်မှုကို ယေဘုယျ သုံးသပ်နိုင်ပါမည်။ ဇယား(၂) ဖော်ပြထားသော အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)၏ သုံးသပ်ချက်ကို ကြည့်လျှင် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၊ ခရီးသွား လုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင် ကဏ္ဍများရှိ လုပ်သားများသည် ထိခိုက်မှု အများဆုံး ရှိနိုင်သည်။ ကပ်ရောဂါ အခြေအနေသည် သုံးလနှင့် ကျော်လွှားနိုင်သည့် အခြေအနေတွင် လုပ်သားထု၏ ၁ ရာခိုင်နှုန်း အောက်သာ အလုပ်လက်မဲ့ဖြစ်သွားမည် ဖြစ်သော်လည်း ကပ်ရောဂါသည် ခြောက်လခန့် ကြာမြင့်ပြီး ထိန်းချုပ်ရန် စိန်ခေါ်ချက်ရှိသည့် အနေအထားဖြစ်ပါက ကမ္ဘောဒီယားနိုင်ငံတွင် လုပ်သား ၂ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံသည် ၁ ဒသမ ၅၃ ရာခိုင်နှုန်း အလုပ်လက်မဲ့ တိုးပွားလာမည်ဖြစ်သည်။ အကယ်၍ ကမ္ဘောဒီယားနှင့် ဗီယက်နမ် နိုင်ငံ၏ ယူဆချက်သည် မြန်မာနိုင်ငံနှင့် ကိုက်ညီပါက အငြင်သာဆုံး အခြေအနေတွင် မြန်မာ့အလုပ်သမား ၂ သိန်းနီးပါး ယာယီအလုပ်လက်မဲ့ ဖြစ်နိုင်ခြေ ရှိပြီး ကပ်ရောဂါ ကူးစက်သည့်ကာလသည် ခြောက်လဝန်းကျင် ရှိလာပါက မြန်မာ့လုပ်သားဈေးကွက်ရှိ လုပ်သားအနည်းဆုံး ၃ သိန်းကျော်သည် အလုပ်လက်မဲ့ ဖြစ်နိုင်သည့် အခြေအနေတွင် ရှိပါသည်။


(၄)       COVID လှိုင်းနှင့် အထည်ချုပ် အလုပ်သမားများ

မြန်မာနိုင်ငံ၏ အထည်ချုပ် ကဏ္ဍသည် ၂၀၁၃ ခုနှစ်မှ စတင်၍ အရှိန်အဟုန် ကောင်းကောင်းဖြင့် တိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍများအနက်  အလုပ်အကိုင်အများဆုံး ဖန်တီးပေးနိုင်သည့် ကဏ္ဍ ဖြစ်လာခဲ့သည်။ စည်းပြင်လုပ်သား (informal worker) လွှမ်းမိုးသော မြန်မာနိုင်ငံတွင် အထည်ချုပ်ကဏ္ဍသည် စည်းတွင်းလုပ်သား (formal worker) အများဆုံး ခန့်နိုင်သော ကဏ္ဍဖြစ်သည်။ လက်ခစား အထည်၊ ဖိနပ်နှင့် အိတ်ချုပ်သည့် လုပ်ငန်းများသည် ၂၀၁၃ ခုနှစ်တွင် စက်ရုံပေါင်း ၁၇၀ ဖြင့် အလုပ်သမား တသိန်း ဝန်းကျင်အား အလုပ်ပေးထားနိုင်ရာမှ ၂၀၁၉ခုနှစ် နှစ်ကုန်တွင် ပို့ကုန် အခြေပြု စက်ရုံပေါင်း ၆၈၅ နှင့် အလုပ်သမား ခြောက်သိန်း ဝန်းကျင်အထိ တိုးတက် ခန့်ထားနိုင်သည့်အပြင် အထည်ချုပ်ကဏ္ဍ၏ စုစုပေါင်းပို့ကုန် ပမာဏသည် ငါးဆကျော် တိုးတက် မြင့်မားလာခဲ့သည် (Myint Soe, 2019)။ ၂၀၁၃ ခုနှစ် မတိုင်ခင်ကာလတွင် ဂျပန်နိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံတို့သည် အထည်ချုပ် ကဏ္ဍ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်နောက်ပိုင်းကာလတွင် ဥရောပသမဂ္ဂ (EU)သည် အဓိက တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်လာသည်။ အထည်ချုပ်ကဏ္ဍအတွက် လိုအပ်သော ကုန်ကြမ်း စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်မှ တင်သွင်းသည်။ ကုန်ကြမ်း အများစုကို တရုတ်နိုင်ငံမှ မှီခိုရခြင်း၊ ဥရောပနိုင်ငံများရှိ အဝတ်အထည်ဈေးကွက် ပုံမှန် လည်ပတ်မှု မရှိခြင်းတို့ကြောင့် မြန်မာ့ အထည်ချုပ်ကဏ္ဍ (CMP)သည် ထိခိုက်နစ်နာမှု အများဆုံး ဖြစ်နိုင်သည့် ကဏ္ဍတခု ဖြစ်လာသည်။ လက်ရှိတွင် COVID-19 ကြောင့် အထည်၊အိတ်နှင့်ဖိနပ် စက်ရုံပေါင်း ၄၀ကျော်တွင် ယာယီ ပိတ်သိမ်းခြင်း (သို့) အပြီးတိုင် ပိတ်သိမ်းခြင်များ ပြုလုပ်ခဲ့ပြီး လုပ်သားပေါင်း ၂၅,၀၀၀ ဝန်းကျင် အလုပ် ရပ်နားခြင်း ခံထားရပါသည်။[6]

ကမ္ဘာ့လုံးဆိုင်ရာ ကပ်ရောဂါ ထိန်းချုပ်နိုင်စွမ်းနှင့် အဓိက ကုန်သွယ်မိတ်ဖက် နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ဈေးကွက် အခြေအနေသည် ခန့်မှန်းနိုင်ရန် ခက်ခဲခြင်း၊ မြန်မာနိုင်ငံရှိ စက်ရုံများ၏ တောင့်ခံ နိုင်စွမ်းဆိုင်ရာ အချက်အလက် ရရှိရန်ခက်ခဲသည့်အတွက် COVID ကြောင့် မြန်မာ့အထည်ချုပ် ကဏ္ဍနှင့် လုပ်သားဈေးကွက်အား မည်မျှ ထိခိုက်နိုင်မည်ကို ခန့်မှန်းရန် ခက်ခဲလှပါသည်။ သို့သော် (ဇယား-၃) ပါ ကိန်းဂဏန်းများကို အခြေခံ၍ ခန့်မှန်းကြည့်လျှင် ဥရောပ နိုင်ငံများ၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုသို့ တင်ပို့နေသည့် ၄၁ ရာခိုင်နှုန်းသော စက်ရုံများတွင် ကြီးမားသော သက်ရောက်မှု ရှိနေသည်ဟု ကောက်ချက် ချနိုင်သည်။ ထို ၄၁ ရာခိုင်နှုန်းသော စက်ရုံများတွင် ၃၅ရာခိုင်နှုန်းသည် ဥရောပသမဂ္ဂ တစ်ခုတည်းကိုသာ တင်ပို့လျက်ရှိသည်။ CESD-JustJob (2018) အထည်ချုပ် လုပ်ငန်းများ စစ်တမ်းတွင် ဥရောပသမဂ္ဂ၊ ယူကေနှင့် အမေရိကန်နိုင်ငံများသို့ အထည် တင်ပို့သည့် စက်ရုံများတွင် ပျှမ်းမျှလုပ်သား ၁,၁၀၅ ဦး အလုပ်ခန့်ထားနိုင်သည်ကို တွေ့ရသည်။  ဤ အခြေခံ ယူဆချက်အရ ဆိုလျှင် အထည်ချုပ် အလုပ်သမား ၂ သိန်းဝန်းကျင်သည် အလုပ်လက်မဲ့ ဖြစ်ခြင်း (သို့) လုပ်ခလစာ သိသာစွာ လျော့နည်းနိုင်ခြင်း အခြေအနေတွင် ရှိပါသည်။ လတ်တလော CESD-SmartTaG (2020) ၏ ဆန်းစစ် လေ့လာချက်အရ ၄၅ ရာခိုင်နှုန်းသော အထည်ချုပ် အလုပ်သမားများ၏ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ဝင်ငွေသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ဝင်ငွေနှင့် နှိုင်းယှဉ်လျှင် လျော့နည်းသွားကို တွေ့ရှိရသည်။ ထိုအပြင် လုပ်သားများ၏ လုပ်သားများ၏ အချိန်ပို နာရီသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလနှင့် နှိုင်းယှဉ်လျှင် ၂၀၂၀ခုနှစ် မတ်လတွင် ၆၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။ အထည်ချုပ် အလုပ်သမား တဦး၏ စုစုပေါင်း ဝင်ငွေတွင် အချိန်ပိုကြေးသည် ၂၀ ရာခိုင်နှုန်းဝန်းကျင် ကိုယ်စားပြုပါသည် (CESD-SmartTaG, 2020)။

ဥပဒေအရ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ဖြင့် ချုပ်ဆိုထားသော လုပ်သားများအား အလုပ် ရပ်နားခြင်း ပြုလုပ်ပါက လုပ်သက်အလိုက် အလုပ်ရှင်မှ သတ်မှတ်ထားသည့် နစ်နာကြေးများ ပေးဆောင်ရန်တာဝန်ရှိသည်။ သို့သော် ခြောက်လ မပြည့်သော အလုပ်သမားများအား နစ်နာကြေးပေးဆောင်ရန် ပြဌာန်းထားခြင်း မရှိပါ။ CESD-SmartTaG (2020) အရ အထည်ချုပ် လုပ်သား စစ်တမ်းတွင် လုပ်သား ၈၀ရာခိုင်နှုန်းသည် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ရှိသည်။ ထိုအတူ အလုပ် ရပ်နားခံရသော လုပ်သား ၃၃ ရာခိုင်နှုန်းသာ အလုပ်ရပ်နားသည့် အချိန်တွင် နစ်နာကြေး ရရှိပြီး ၂၇ ရာခိုင်နှုန်းမှာ အလုပ်အား ယာယီရပ်နားစေခြင်းမဟုတ်ဘဲ အလုပ် အပြီးတိုင် ရပ်နားစေလိုက်မည်ကို စိုးရိမ်သောကြောင့် နစ်နာကြေး လက်ခံရန် ငြင်းဆိုမှုများ ရှိခဲ့သည်။ ထိုအတူ အခြား ၂၇ ရာခိုင်နှုန်းမှာ အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် မရှိခြင်း၊ စက်ရုံမှ တရားမဝင် ပိတ်သိမ်းသွားခြင်းကြောင့် နစ်နာကြေး ရရှိမှု မရှိသည်ကို တွေ့ရှိရသည်။ လူမှု ဖူလုံရေး ဥပဒေတွင် အလုပ်လက်မဲ့ ခံစားခွင့်ဆိုင်ရာ ပြဌာန်းချက်များ ရှိသော်လည်း အလုပ်လက်မဲ့ ခံစားခွင့် စနစ် အကောင်အထည် ဖော်ထားခြင်း မရှိသောကြောင့်[7] အလုပ် ရပ်နားခြင်းခံရသော အလုပ်သမားများ၏ ခံစားခွင့်မှာ အလှမ်းဝေးလျက် ရှိနေပါသေးသည်။

COVID-19 နှင့် လာမည့် သုံးလ

လေ့လာတွေ့ရှိချက် (ဇယား-၄) အရ COVID-19  ကပ်ရောဂါဖြစ်ပွားသည့် အခြေအနေကို တုန့်ပြန်နိုင်ရန် အတွက် အလုပ်ရပ်နားခြင်း ခံရသော လုပ်သားများ အပြင် လက်ရှိ စက်ရုံတွင် အလုပ် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများသည်လည်း စားသောက် ကုန်ကျစရိတ်ကို လျော့ချသွားမည်ဖြစ်သည်။ ထိုအပြင် အများစုသည် အင်တာနက်၊ တယ်လီဖုန်း အသုံးစရိတ်ကို လျော့ချသွားမည်ဟု ဖြေဆိုထားသည်။ လုပ်သားများ၏ မိသားစုဝင် ထက်ဝက် ခန့်သည် ဝင်ငွေရသည့် မည်သည့် အလုပ်ကိုမျှ လုပ်ကိုင်ခြင်း မရှိပေ။ ထိုကြောင့် အလုပ် ရပ်နားခံရသော်လည်း ၃၅ ရာခိုင်နှုန်းသည် မိသားစုအား ထောက်ပံ့ခြင်း၊ လွှဲငွေ ပေးပို့ခြင်းကို လာမည့် သုံးလအတွင်း ရပ်နားရန် မဖြစ်နိုင်သည်ကို တုန့်ပြန်ထားသည်။  အကျပ်အတည်းကာလ တုန့်ပြန်မှုတွင် အခြားနိုင်ငံတကာ လုပ်သားများနှင့် မတူ တမူ ထူးခြားစွာဖြင့် လုပ်သားများသည် စုဆောင်းထားသော ရွှေများကို ရောင်းချခြင်းဖြစ်သည်။ ဤ အချက်သည် ရွှေစုဆောင်းရာတွင် ရှေးမြန်မာ့စကားပုံ ဖြစ်သော မရှိ ‘ဝမ်းစာ’  ရှိ ‘တန်ဆာ’ ဆိုသည့် ဆောင်ပုဒ်သည် လက်ရှိ အခြေအနေအထိ မှန်ကန်နေကြောင်း ပြသနေသည်။

(၅)       နိဂုံးနှင့် မူဝါဒဆိုင်ရာ စဉ်စားချက်များ

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်သားများသည် ယာယီအလုပ်လက်မဲ့ဖြစ်မှုအပြင် လုပ်သားများ၏ ဝင်ငွေ (သို့) အလုပ်ချိန်နာရီလျော့နည်းသွားသော သိသာသက်ရောက်မှုကို ခံစားရသည်။ အထည်ချုပ်ကဏ္ဍများနည်းတူ အခြားကဏ္ဍများ (အထူးသဖြင့် ပိုကုန့် အခြေပြု ကုန်ထုတ် လုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ) တွင် ဤအကျပ်အတည်းသည် လာမည့် လ အနည်းငယ် အထိ ဆက်လက် ရှိနေမည် (သို့) ပိုမိုကြီးမား လာနိုင်ပါသည်။ လူမှု ဖူလုံရေး စနစ်ပြင်ပရှိ လုပ်သားများ မဆိုထားနှင့် လူမှုဖူလုံရေး စနစ်ထဲရှိ ၁၀ ရာခိုင်နှုန်းအောက် ရှိသော လုပ်သားများသည်ပင်လျှင် အလုပ်ရပ်နားခံရလျှင် အခြေခံခံစားခွင့်ကို လက်လှမ်းမှီရန် ခက်ခဲနေသည်ကို တွေ့ရသည်။ ထိုအပြင် နိုင်ငံတကာ သင်ခန်းစာများကို ကြည့်လျှင် အကျပ်အတည်း (crisis) ကာလတွင် စည်းပြင် လုပ်သားများ (informal worker) သည် စည်းတွင်း လုပ်သားများ(formal worker)ထက် ပိုမို ထိခိုက်မှု များနိုင်သည်ကို တွေ့ရှိရသည် (ဥပမာ- နစ်နာကြေး မရရှိခြင်း၊ လုပ်ခလစာ မရရှိခြင်း)။ ထိုအတူ ပြည်တွင်း ရွှေ့ပြောင်း လုပ်သားများနှင့် ပြည်ပရွှေ့ပြောင်း လုပ်သားများသည် အကျဉ်အတည်းကာလတွင် ပို၍ ထိခိုက်နစ်နာနိုင်ခြေ ရှိကြသည် (ဥပမာ – အစားအသောက်ကုန်ကျစရိတ်အပြင် နေထိုင်မှု အခက်အခဲဖြစ်ခြင်း)။

နိုင်ငံတော်အစိုးရသည် စီးပွားရေး လုပ်ငန်းများ ထိခိုက်မှုကို ကုစားနိုင်ရေးနှင့် လုပ်သား ဝယ်လိုအား (labour demand) တိုးတက်ရန်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်ခွန် ပေးဆောင်သည့် ကာလကို နောက်ဆုတ်ခြင်း၊ ကြိုတင်ခွန် ၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့် ပြုခဲ့ပါသည်။ ထိုအပြင် လှည့်ပတ် ရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀နှင့် လူမှု ဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလီလံ ၅၀ဖြင့် COVID-Fund ထူထောင်ကာ စီးပွားရေး ထိခိုက်မှုရှိသည့် လုပ်ငန်းများကို ချေးငွေ ထုတ်‌သည်အစီအစဉ်ကို ချမှတ်ခဲ့ပါသည်။[8]  ဤအစီအစဉ်၏ ရည်ရွယ်ချက် တခုမှာ ဝန်ထမ်းနှင့် လုပ်သားများ ဆက်လက် ထိန်းထားနိုင်ခြင်း (employment retention) ဖြစ်သည်။ သို့သော် COVID-19 ကြောင့် လုပ်သား ဈေးကွက်နှင့် လုပ်သားများအပေါ် ထိခိုက်မှု ပိုမို ကျယ်ပြန့်နိုင်မည် ဖြစ်သောကြောင့် သက်ဆိုင်သူများ အနေဖြင့် အောက်ဖော်ပြပါ မူဝါဒ ချဉ်းကပ်မှုများနှင့် အစီအစဉ်များကို စဉ်းစားသင့်ဟု ရှုမြင်ပါသည်။

(၁)။  ဤအကျပ်အတည်း ကာလသည် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ မည်သူမျှ မလိုလားသော အခြေအနေ တရပ်ဖြစ်ပါသည်။ သုံးပွင့်ဆိုင် (အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ) အကျိုးရှိသော ညှိနှိုင်း ဆောင်ရွက်မှုသည် အခက်အခဲကို ကျော်လွှားနိုင်ရန် အရေးကြီးသော အချက်ဖြစ်သည်။ ထိုကြောင့် လက်ရှိ ဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ယန္တရား (Tripartite Forum) သည် ပြည်ထောင်စုအဆင့်တွင်သာမက မြို့နယ်အဆင့်ရှိ  သုံးပွင့်ဆိုင် ယန္တရားများ ပိုမို အားကောင်းအောင် ဆက်လက် ညှိနှိုင်းဆောင်ရွက်သင့်သည်။

(၂)။  လုပ်ငန်းခွင် ဘေးအန္တရယ် ကင်းရှင်းရေးသည် “ပထမ” – COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးရေး၏ ဆောင်ပုဒ်ဖြစ်သော “Stay at Home” “အိမ်ထဲမှာ နေကြစို့” ဟူသော ဆောင်ပုဒ်သည် အခြေခံလုပ်သားများအတွက် အစဉ်လိုက်နာရန် ခက်ခဲပါသည်။ ထိုအပြင် စီးပွားရေးလုပ်ငန်းများ ဆက်လက် ရှင်သန် ရပ်တည်နိုင်ရန် လုပ်ငန်းများ လည်ပတ်ရန် လိုအပ်ပါသည်။ လက်ရှိတွင် COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာနများ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် မတ်လတွင် ပြဌာန်းပြီး ဖြစ်သည်။ ဤ ဥပဒေများ၊ ညွှန်ကြားချက်များကို အလုပ်ရှင်၊ အလုပ်သမားများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် သုံးပွင့်ဆိုင် ယန္တရားများမှ ဦးဆောင်ကာ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အသိပညာ လုပ်ငန်းများ ပိုမို ဆောင်ရွက်ရန် လိုအပ်မည်။ ထိုအတူ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သည် ၂၀၂၀ခုနှစ် မတ် ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေး ကော်မတီနှင့် ပူးပေါင်း၍ လိုက်နာရန် ပျက်ကွက်သူများကို ထိန်းကျောင်း၊ ကြပ်မတ်ရန်အတွက် အစီအမံများကို ကြိုတင် ချမှတ်ထားရန်လိုသည်။

(၃)။ လူမှုအကာအကွယ်ပေးရေး (Social Protection) အစီအစဉ်များ ချဲ့ထွင်ခြင်း- လက်ရှိတွင် လူမှုဖူလုံရေး စနစ်အောက်တွင် အကျုံးဝင်သော လုပ်သားများသည် စုစု‌ပေါင်း အလုပ် လုပ်ကိုင်နေသူ၏ ၁၀ ရာခိုင်နှုန်းအောက် သာရှိသည်။ လူမှုဖူလုံရေး အဖွဲ့အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုပ်ငန်းခွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံ စနစ်ကိုသာ အကောင်အထည် ဖော်ထားပြီး အလုပ်လက်မဲ့ အကျိုးခံစားခွင့် စနစ်ကို အကောင်အထည် မဖော်ရသေးပါ။ ယခုလို အကြပ်အတည်းဖြင့် ရင်ဆိုင်ရမည့် ကာလတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အနေဖြင့် လူမှု ဖူလုံရေးအဖွဲ့မှ အလုပ်လက်မဲ့ အကျိုး ခံစားခွင့် စနစ်ကို လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရန် ပတ်ဝန်းကျင် ဖန်တီးသင့်ပါသည်။ ထိုအပြင် လူမှုဖူလုံရေး စနစ်၏ ပြင်ပတွင်ရှိသော အခြေခံ လုပ်သားများ အတွက် ကာလတို အရေးပေါ် cash transfer အစီအမံများကို  စဉ်းစား သင့်ပါသည်။ ဤ အစီအမံများအတွက် လိုအပ်ချက်များကို လူမှု ဖူလုံရေး ရန်ပုံငွေ တခုတည်းမှ ကျသင့်ရန် မလွဲလှပါ။ အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်၏ ၆၀ ရာခိုင်နှုန်းကို လုပ်သား၂သိန်းအား ပေးလျှင်ပင် တလလျှင် မြန်မာ ကျပ်ငွေ ၁၇ဘီလီယံ ကျော်ကုန်ကျမည်ဖြစ်ပါသည်။ ထိုကြောင့် မဟာဗျူဟာကျကျ တွက်ချက်မှုများနှင့် နိုင်ငံတကာမှ ထောက်ပံ့ရေး အကူအညီများ ရရှိရန် ကြိုတင်ဆောင်ရွက်ထားသင့်ပါသည်။ လက်ရှိတွင် ဥရောပသမဂ္ဂမှ COVID-19 ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားမည့် မြန်မာ့အထည်ချုပ် လုပ်သားများအတွက် ရန်ပုံငွေ မြန်မာကျပ်ငွေ ၇ ဒသမ ၉ ဘီလီယံ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။[9]

(၄) လုပ်အားဝယ်လိုအား (labour demand) တိုးမြှင့်ရေး – ကနဦး ဆန်းစစ်ချက်များအရ မြန်မာ ရွှေ့ပြောင်းလုပ်သားများ အများဆုံး လုပ်ကိုင်နေသည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ စီးပွားရေးသည် အာဆီယံဒေသတွင် ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည် (ဇယား-၁)။ ထိုကြောင့် ပြန်လည် ရောက်ရှိနေသော ရွှေ့ပြောင်း လုပ်သားများသည် အချိန်တိုအတွင်း လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ရန် စိန်ခေါ်ချက်များ ရှိနိုင်သည်။ ထိုအပြင် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုသည် အချိန်အတိုင်းအတာ တခုအထိ ကြာနိုင်ပြီး[10] အချိန်တိုအတွင်း ပုဂ္ဂလိက ကဏ္ဍနှင့်  မြန်မာ့ လုပ်သား ဈေးကွက် ပုံမှန်ဖြစ်ရန် မလွယ်ကူပါ။ ဤအခြေအနေတွင် လုပ်အား ဝယ်လိုအားကို အထောက်အကူ ပြုမည့် အစိုးရ အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲခြင်းသည် လိုအပ်သော မူဝါဒတရပ် ဖြစ်ပါသည် – (ဥပမာ – အများပြည်သူ ဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောင်ခြင်း)။

[1] U.N. Secretary-General

https://abcnews.go.com/US/wireStory/chief-covid-19-worst-crisis-world-war-ii-69905340

[2] https://news.un.org/en/story/2020/04/1061322

[3] https://data.adb.org/dataset/covid-19-economic-impact-assessment-template

[4] Labour market institutions in Myanmar, Myanmar Education Research Bureau (February 1992)

[5] https://www.mol.gov.mm/mm/depts/s_s_b/ssb-it-departments/

[6] https://www.globalnewlightofmyanmar.com/eu-announces-e5-million-7-9-billion-kyat-emergency-cash-fund-for-myanmar-garment-workers-impacted-by-covid-19/

[7] https://www.mol.gov.mm/mm/depts/s_s_b/

[8] စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၁/၂၀၂၀) https://www.mopfi.gov.mm/my/blog/45/11280

[9] ဥရောပသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်၊ ဧပြီလ (၉)ရက်၊ ၂၀၂၀ခုနှစ်၊ ရန်ကုန်။

[10] https://www.weforum.org/agenda/2020/04/mapping-covid19-recession

 

(၆)       ကိုးကားစာရင်း

ADB (2020). “Asian Development Outlook 2020 – What drives innovation in Asia?” Asian Development Bank. https://www.adb.org/what-we-do/covid19-coronavirus

ILOSTAT(2020). ILO’s Labour stastics. Retrieved from 8 April, from https://ilostat.ilo.org/resources/methods/description-employment-by-economic-activity/

Myanmar Labour Force Survey (2018). Annual Labour Force Survey-2018, Qualterly Report. Ministry of Labour, Immigration and Population, Myanmar.

Myint Soe (2019). “Growth and Development, The Myanmar garment industry during the years of SMART Mynmar II”. SMART TaG event, December 2019, Sedona Hotel, Yangon. Presentation

World Bank. 2020. “East Asia and Pacific in the Time of COVID-19” East Asia and Pacific Economic Update (April), World Bank, Washington, DC. Doi: 10.1596/978-1-4648-1565-2.

Min Zarni Lin

မင်းဇာနည်လင်းသည် မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့ (CESD) ၏ သုတေသနဌာန ဒုတိယဒါရိုက်တာဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search