မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
မြန်မာနိုင်ငံတွင် ယခု COVID–19 ကာလအတွင်း စီးပွားရေး နှေးကွေးမှုများအား အရေးပေါ် တုံ့ပြန်ရေးအတွက် အစိုးရ၏ ကနဦး မတည်ငွေ ကျပ်ဘီလီယံ ၁၀၀ ဖြင့် စတင်ခဲ့သော်လည်း ရှေ့ကာလများတွင် စီးပွားပျက်ကပ် ကြုံလာနေရသည့် အခြေအနေ အတွက် ၎င်းပမာဏသည် လုံလောက်သည့် ငွေကြေးပမာဏ မဖြစ်နိုင်သေးပါ။
COVID–19 သည် Pandemic ကပ်ရောဂါ ဖြစ်သည့်အလျောက် ကမ္ဘာပေါ်ရှိ နိုင်ငံ အများအပြားတွင်လည်း ထိခိုက်မှုများ၊ သက်ရောက်မှုများ ပြင်းထန်လျက်ရှိရာ ကမ္ဘာတဝန်း နိုင်ငံများသည်လည်း ၎င်းတို့နိုင်ငံ၏ တတ်စွမ်းသလောက် ဘတ်ဂျက်များ အသုံးပြု၍ အရေးပေါ် တုံ့ပြန်ရန်နှင့် စီးပွားရေး ကျဆင်းမှုများကို ကုစားရန် ကြိုးစားလာကြပါသည်။
COVID-19 စီးပွားပျက်ကပ်သည် ၂၀၀၈ စီးပွားရေး ကျဆင်းမှုထက် ရှစ်ဆမှ ၁၀ ဆခန့် ပိုမိုဆိုးဝါးလျက် ၁၉၃၀ Great Depression မဟာ စီးပွားပျက်ကပ် ထက်လည်း ပိုကြီးမားနိုင်ပြီး၂၀၂၀ ကို Greatest Depression အဆိုးဆုံး မဟာ စီးပွားပျက်ကပ် ‘သမိုင်းတလျောက် အဆိုးဝါးဆုံး စီးပွားပြိုလဲမှု’ ဟု လေ့လာသူ စီးပွားရေးပညာရှင် အများအပြားက တွက်ချက်ပြီး ပြောဆိုလာကြပါသည်။
ကမ္ဘာတဝှမ်းတွင် အစိုးရများက နိုင်ငံစီးပွားရေးကို ပြန် အဖတ်ဆယ်ရန်နှင့် သာမန် ပြည်သူများကို ထောက်ပံ့ရန် တိုးမြှင့်သုံးစွဲသည့် အစီအစဉ် (Stimulus Packages) အမြောက်အမြားအပြင် အခြားသော အစီအမံများကိုလည်း စတင် ဆောင်ရွက်နေကြပြီ ဖြစ်သည်။
Stimulus Package များအတွက် အမေရိကန်နိုင်ငံနှင့် သြစတေးလျနိုင်ငံတို့က တိုင်းပြည် ဂျီဒီပီ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းထိပင် သုံးစွဲရန် စီမံထားကြသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံက ၄ ရာခိုင်နှုန်းခန့် သုံးစွဲမည်ဟု ဆိုသည်။
ထိုသို့ စီးပွားရေး ကျဆင်းမှုများကို ကုစားရန်အတွက် Stimulus Package များကို အကောင်အထည် ဖော်လျက်ရှိရာ Solidarity Budget, Resilience Budget များဖြင့် ပြည်သူ တဦးတယောက်ချင်းစီ အတွက်သော်လည်းကောင်း၊ self-employed များ အတွက်လည်းကောင်း၊ SME လုပ်ငန်းများအတွက် ချေးငွေများ ပေးခြင်း၊ Company များ၊ Corporation များအတွက် Job Support Scheme များ၊ Wage Credit Scheme များ ပံ့ပိုးပေးခြင်းများဖြင့် လည်းကောင်း၊ Corporate Income Tax Rebate များ ဖန်တီးပေးခြင်းဖြင့် လည်းကောင်း၊ နိုင်ငံသားများ၏ ဘဏ်စာရင်းများသို့ ငွေသားများ ထည့်ပေးခြင်း cash payout scheme များ၊ Property Tax များလျှော့ချခြင်း၊ အခွန် ကင်းလွတ် သက်သာခွင့်များ၊ ဘဏ်တိုးနှုန်းများ လျှော့ချခြင်းများ၊ အထူးအလေးထားရမည့် စီးပွားရေး လုပ်ငန်းများသို့ ထောက်ပံ့ခြင်း အစီအစဉ်များ Support for Specific Business Sector များကို ကဏ္ဍအလိုက် အလျင်အမြန် အကောင်အထည် ဖော်လျက် ရှိနေပါသည်။
မြန်မာနိုင်ငံတွင်လည်း COVID–19 ကပ်ဘေး၏ ထိခိုက်နစ်နာမှုများကို တုံပြန်ရန်အတွက် အစိုးရအနေဖြင့် ပထမအဆင့်တွင် ကျပ် ဘီလီယံ ၁၀၀ ခန့် အသုံးပြုပြီး နိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းများသို့ ထောက်ပံ့ခြင်း အစီအစဉ်များကို စတင်ခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့ နိုင်ငံတခုချင်း အလိုက် GDP များ၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း budget များကို အသုံးပြုလျက် stimulation package များကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အနည်းဆုံး မိမိနိုင်ငံ ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း အသုံးပြု၍ နိုင်ငံ၏ စီးပွားရေးကို ကျားကန်ရန်နှင့် နိုင်ငံသားတို့၏ စားဝတ်နေရေးနှင့် ဝင်ငွေ ထိခိုက်မှုအတွက် ထောက်ပံ့မှုပေးရန် လိုအပ်လာပါသည်။
၂၀၁၉ ခုနှစ် World Bank ကိန်းဂဏန်းအရ မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ဒေါ်လာ ၇၀ ဘီလီယံခန့် ရှိခဲ့ပြီး COVID–19 ကာလနှင့် COVID–19 လွန် ကာလများအတွက် စီးပွားရေး နှေးကွေးမှုများအား နှိုးဆွ တိုးတက်စေရန် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းကို အသုံးပြုပါက ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ (မြန်မာကျပ်ငွေ ဘီလီယံ ငါးထောင်ခန့်)၊ ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းကို အသုံးပြုပါက ဒေါ်လာ ၇ ဘီလီယံ (မြန်မာကျပ်ငွေ ဘီလီယံတသောင်းခန့်) အား အသုံးပြုရဖွယ် ရှိနေပါသည်။
အရေးပေါ် တုံ့ပြန်ရေးအတွက် ပထမအဆင့် ကျပ် ဘီလီယံ ၁၀၀ သုံးပြီးလျှင် ဒုတိယအဆင့် ဘီလီယံ ၁၀၀၀ အထိ၊ တတိယအဆင့် ဘီလီယံ ၃၀၀၀ အထိအား လျင်မြန်သော ဆုံးဖြတ်ချက်များဖြင့် ကာလတို အတွင်း ဘတ်ဂျက်များ အသုံးပြု၍ စီးပွားရေး လုပ်ငန်းများ၊ MSME များ နာလန်ထူရန်၊ ဝန်ထမ်းများ အလုပ်အကိုင် ရရှိရန်နှင့် တည်မြဲရန်၊ အလုပ်သမား၊ ဝန်ထမ်းများ သက်သာခွင့် ဖူလုံခွင့် ရစေရန်၊ အခြေခံ ပြည်သူများ စားဝတ်နေရေး အခက်အခဲ ဒုက္ခများမှ လျော့ကျစေရန်၊ COVID-19 အရေးပေါ် တုံပြန်ရေးနှင့် ကုစားရေးအတွက် ဘတ်ဂျက်များသုံးပြီး ကယ်မတ် ပေးသင့်ပါသည်။
ထို့သို့ တတိယ အဆင့်များပြီးပါက COVID–19 လွန် ကာလများ အတွက်လည်း (မြန်မာကျပ်ငွေ ဘီလီယံငါးထောင်မှ တသောင်း အထိ) အား ဘတ်ဂျက်များ အသုံးပြု၍ နိုင်ငံစီးပွားရေးကို တွန်းတင်ရန် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ အကူအညီနှင့် ချေးငွေ ထောက်က်ပံ့ငွေများကိုလည်း ရရှိရန် ကြိုးစားနေသည်ကိုလည်း တွေ့ရပါသည်။ မြန်မာနိုင်ငံအနေနှင့် COVID–19 ကပ်ရောဂါနှင့် ပတ်သက်သည့် စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ရန်အတွက် အရေးပေါ်ကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရန်ပုံငွေ ဒေါ်လာ ၁၅ ဒသမ ၈ သန်းကို LIFT မှ ရရှိခဲ့ပြီး ၎င်း ရန်ပုံငွေသည် လူဦးရေ ၅ ဒသမ ၉ သန်းကို အကျိုး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ၏ COVID-19 အရေးပေါ် အခြေအနေ တုံ့ပြန်မှု စီမံကိန်းအတွက် ဒေါ်လာ သန်း ၅၀ ချေးငွေကို အတည် ပြုပေးခဲ့ပါသည်။ အဆိုပါ ချေးငွေများကို ဆေးရုံများ၏ အထူးကြပ်မတ်စောင့်ရှောက်မှု ဌာနများအား အဆင့် မြှင့်တင်သွားမည်ဖြစ်ပြီး ကျန်းမာရေး ၀န်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ပေးရန်နှင့် ရပ်ရွာလူထုအား အသိပေးခြင်း လုပ်ငန်းများအား တနိုင်ငံလုံးတွင် တိုးမြှင့် ဆောင်ရွက်သွားနိုင်ရန်ဟု ဆိုထားပါသည်။
ဥရောပသမဂ္ဂ (EU) မှလည်း မြန်ကူအစီအစဉ်ဖြင့် ယူရို ငါးသန်း( မြန်မာကျပ်ငွေ ရှစ်ဘီလီယံခန့်) အား အထည်ချုပ် လုပ်သားများအတွက် မ,တည်သည့် အရေးပေါ် ငွေကြေး ရန်ပုံငွေတခုကို ကူညီ ထောက်ပံ့ပေးထားပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများထံမှ အကူအညီ အထောက်အပံ့များအား ပညာရှင်များ၏ အကူအညီဖြင့် တတ်နိုင်သမျှ ဆောလျင်စွာ ရယူလျှောက်ထားရန်လည်း လိုအပ်ပါသည်။
နောက်တချက်အနေဖြင့် မြန်မာနိုင်ငံသည် အခြားကမ္ဘာ့ နိုင်ငံများနည်းတူ Global ဖြစ်စဉ် များ၏ စီးပွားပျက်ကပ်ကို အခက်အခဲ အများအပြားနှင့် ရင်ဆိုင်နိုင်ရဖွယ် ရှိနေပါသည်။
ကျန်းမာရေး စောက်ရှောက်မှု၊ ဆေးရုံ၊ ဆေးခန်းသုံး အကာအကွယ် ပစ္စည်း လိုအပ်ချက်နှင့် တွေ့ရှိလူနာများ အတော်အတန် များပြားလာမှုနှင့် ကျန်းမာရေး ဝန်ထမ်းများအပေါ် သက်ရောက်လာမှု၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ လေကြောင်း လုပ်ငန်းများ အလွန်အမင်း ကျဆင်းမှု၊ အလုပ် လက်မဲ့ ပြဿနာ၊ ဂျီဒီပီ ကျဆင်းခြင်း၊ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ၏ ဝင်ငွေ ကျဆင်းခြင်း၊ FDI များလျော့ကျခြင်း၊ အလုပ်သမား ဆန္ဒပြမှုများ၊ လယ်ယာထွက်ကုန် ကောက်ပဲ သီးနှံစျေးကွက်များ ထိခိုက်မှုများနှင့် CV(ကိုဗစ်) တိုက်ဖျက်ရေးအတွက် အခက်အခဲ အများအပြားအား ကြုံတွေ့ရနိုင်ပြီး၊ နိုင်ငံ၏ စီးပွားရေးလည်း ကျဆင်းနိုင်ပါသည်။ ထို့ပြင် စီးပွားရေး နာလန်ထဖို့အတွက် အားထုတ်ရမည့် အချိန်ကာလလည်း ကြာမြင့်နိုင်ပါသည်။
အလုပ်လက်မဲ့နှုန်း unemployment မှာ သတင်းများအရ COVID-19 ကပ်ရောဂါကြောင့် အမေရိကန် ပြည်ထောင်စုတွင် မူလက တသန်းကျော် ခန့်မှန်းခဲ့ရာမှ ဧပြီ ၂ တွင် ၆ ဒသမ ၆ သန်း ကျော်လာခဲ့ပြီး ယခုအခါ လူဦးရေ ၁၀ သန်းကျော် အလုပ်လက်မဲ့ ဖြစ်လာခဲ့သည်။
ထိုင်းနိုင်ငံတွင် လူဦးရေ ခုနစ်သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး ၎င်းဦးရေမှာ ၁၀ သန်းခန့် ဖြစ်လာနိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လာမည့် ကာလအတွင်း လူဦးရေ သိန်းဂဏန်းမှ သန်းဂဏန်းအထိ အလုပ်လက်မဲ့ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းရပါသည်။
၂၀၂၀ ဧပြီ ၉ မတိုင်ခင်အထိ ရွှေလင်ပန်းစက်မှုဇုန်တွင် ပိတ်သိမ်းစက်ရုံ ၁၀ ရုံနှင့် ဝန်ထမ်း ၁၇၀၀ ခန့်ရှိခဲ့ပါသည်။ အထည်ချုပ်နှင့် လက်ခစားစက်ရုံများလည်း ဆက်လက် ပိတ်လာနိုင်ဖွယ် ရှိနေပါသည်။
ရန်ကုန်တမြို့လုံးက စက်မှုဇုန်၂၉ ဇုန်နှင့် တနိုင်ငံလုံးရှိ စက်မှုဇုန် ၆၈ ခု တို့ အပါအဝင် MSME များပါလျှင် အလုပ်လက်မဲ့ ဖြစ်နိုင်ခြေသည် အတော်များလာမည့် ဝန်ထမ်းဦးရေ ပမာဏနှင့် မှီခို မိသားစု ဦးရေပမာဏ ဖြစ်သည်။
အလုပ်ရှင်များ၊ စက်ရုံများ မပိတ်ချင်ဘဲ ပိတ်ရသည့် အဓိက အကြောင်းရင်း နှစ်ခု ရှိပါသည်။
(၁) ကုန်ကြမ်း မရရှိခြင်းနှင့်
(၂) အမှာစာ မရရှိခြင်း ဆိုသည့် အချက်များသည် အဓိက စိန်ခေါ်မှုများ ဖြစ်သည်။
အထည်ချုပ်နှင့် လက်ခစား လုပ်ငန်းများ labour intensive industry တွင် ဝန်ထမ်း အများကြီးကို လစဉ် လစာ ဆက်လက် မပေးနိုင်ကြသည့် အခါတွင် စီးပွားရေး ကျပ်တည်းမှု၏ ဂယက်များကို စတင် ထိတွေ့လာရပါပြီ။
၎င်း၏ နောက်ဆက်တွဲအဖြစ် တည်ငြိမ်မှု၊ လုံခြုံရေး ကိစ္စများအတွက် မလိုလားအပ်သော စိန်ခေါ်မှုများ ရှိလာနိုင်ပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ နိုင်ငံရေး အများအားလုံး ဆက်နွယ်လာမည့် အရေးကိုလည်း ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပါသည်။
ကမ္ဘာ့ရေနံစျေး အလွန်အမင်း ကျဆင်းသွားသည့် အတွက် နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ရိုက်ခတ်မှုအနေဖြင့် မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ တင်ပို့နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးများလည်း ထိုးဆင်းသွားနိုင်ပါသည်။
သဘာဝဓာတ်ငွေ့ အပါအဝင် တွင်းထွက် သယံဇာတ ရောင်းရငွေသည် မြန်မာနိုင်ငံ အမျိုးသား စုစုပေါင်း အသားတင် ထုတ်ကုန် တန်ဖိုး (ဂျီဒီပီ) ၏ ၄ ဒသမ ၄ ရာခိုင်နှုန်း ရှိပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့မှု၏ (၂၀၁၇ စာရင်း အရ) ၂၀ ဒသမ ၄ ရာခိုင်နှုန်း ရှိသည့်အတွက် လာမည့်ကာလများတွင် နိုင်ငံ၏ဝင်ငွေ ကျဆင်းမည့် အန္တရာယ်လည်း ရှိနေပါသည်။ (MEITI)
COVID–19 ရောဂါနှင့်ပတ်သက်၍လည်း အောက်ပါစိန်ခေါ်မှုများ ရှိနေပါသည်။
(၁) စက်မှုဇုန်များ၊ စက်ရုံများ၏ ဝန်ထမ်း အများစုသည် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အင်းစိန် မြို့နယ်များရှိ အဆောင်များတွင် နေကြရပြီး ၎င်းနေရာများတွင် ယနေ့ စင်ကာပူကဲ့သို့ COVID-19 ရောဂါတွေ့ရှိမှု outbreak ဖြစ်လျှင် ပိုမို ထိန်းရ ခက်သွားနိုင်ပါသည်။
(၂) နယ်မြို့များမှ ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်သည့် migrant workers များ နေထိုင်သည့် မြို့တွင်း မြို့နယ်များရှိ တိုက်ခန်းများ၊ အဆောင်များသည် တခန်းလျှင် ၁၀ မှ ၂၀ ဦးထိ ပြွတ်သိပ် ငှားရမ်း နေထိုင်ကြ၍ ဝန်ထမ်းအများစုမှာ COVID-၁၉ ရောဂါတွေ့ရှိမှု ဖြစ်ခဲ့လျှင် outbreak ဖြစ်ရန် chance များရာ epicenter ဖြစ်လာနိုင်သဖြင့် ကြိုတင် ပြင်ဆင်ထားရန်လည်း လိုအပ်ပါသည်။
(၃) အလုပ်သမား ဆန္ဒပြမှုများ၏ နောက်တွင် အလုပ်သမားသမဂ္ဂများ၏ အခန်းကဏ္ဍမှာ ဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များလည်း ရှိနေရာ ၎င်းကိစ္စရပ်များအတွက် အချိန်နှင့်တပြေးညီ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
(၄) ယခုအချိန်တွင် လူစုလူဝေး ရာထောင် ချီသည့် အလုပ်သမား ဆန္ဒပြမှုများ မဖြစ်ပေါ်စေရေး အတွက်လည်း အမိန့် ကြောငြာစာများ ထုတ်ပြန် ကြေငြာ ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါသည်။
(၅) အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၂၀ ဧပြီ ၉ ရက်စွဲပါ ကြေညာချက်များသည် ဝန်ထမ်း၊ အလုပ်သမားများ အတွက်ရော အလုပ်ရှင် အားလုံးအတွက်ပါ အခက်အခဲများဖြစ်စေပြီး အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုများ ကျဆင်းစေပါသည်။
(၆)
(က) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
(ခ) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊
(ဂ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြိုနယ်ထွေ၊ အုပ် ဌာနများ၏ ဒေသန္တရ အမိန့်များ၊
(ဃ) တိုင်းဒသကြီး၊ ပြည်နယ်များ၏ COVID–19 ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေး
ကော်မတီများ၏ ရက်စွဲအလိုက် ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ ကြေညာချက်များမှာ Synchronising / Harmonizing တပြေးညီ ဖြစ်စေချင်ပါသည်။
(၇) စက်မှုဇုန် အများစုတွင် လူမှူဖူလုံရေး ဆေးခန်းများ၊ Mini-Theatre များပါဝင်သည့် ဆေးရုံငယ်များအား နိုင်ငံတော် ဘတ်ဂျက်မှ လည်းကောင်း၊ စက်မှုဇုန်လုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေ ဘတ်ဂျက်မှလည်းကောင်း ကြိုးစားလျက်ရှိရာ အချိန်နှင့် တပြေးညီ ခွင့်ပြု စီစဉ် ဆောင်ရွက် ပေးစေချင်ပါသည်။
(၈) SSB လူမှုဖူလုံရေး ရန်ပုံငွေ လစဉ် ထည့်ဝင်ထားသော၊ လစာ လျော့နည်းသွားသော၊ အလုပ်ပြုတ်ခဲ့သော ဝန်ထမ်း၊ လုပ်သားများအတွက် (၎င်းတို့ ပုံမှန် လုပ်ခလစာ၏) ၁/၃ မှ ၂/၃ အထိ လူမှုဖူလုံရေးရန်ပုံငွေမှ ကျခံပေးခြင်း နည်းလမ်းအားဖြင့်လည်းကောင်း ကူညီကုစားပေးစေလိုပါသည်။
COVID–19 ကြောင့် နိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းများ၊ တပိုင်တနိုင်များ ၊ လက်လုပ်လက်စားများ၊ ဝင်ငွေနည်းအခြေခံ ပြည်သူများ အားလုံး အခက်အခဲ ကြုံတွေ့နေရသည်။
ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်များ ရှိနေသည့်အပြင် ပြည်သူ အဆင့်ဆင့် အားလုံး ကျပ်တည်းမှုများ ဖြစ်ပေါ်နေရသည့် အတွက် ကနဦး COVID-19 ကာကွယ် ထိန်းချုပ် တုံ့ပြန်ကာလအတွင်းနှင့် ကပ်ပြီးကာလ တလျှောက်လုံးတွင် စီးပွားရေး နိုးထစေမည့် stimulation package များအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
စီးပွားရေးလုပ်ငန်းများ ကျဆင်းမှုကို အလျင်အမြန် တုံ့ပြန်ရန်အတွက် နိုင်ငံတော်မှ budget သုံးရမည့် အစီအစဉ်များဖြင့် လည်းကောင်း၊ budget သုံးရန်မလိုဘဲ မူဝါဒ၊ ညွှန်ကြားချက်များ ထုတ်ပြီး ကူညီကုစားရေး အစီအစဉ်များဖြင့်ပါ လုပ်ဆောင်သင့်ပါသည်။
ဘတ်ဂျက်သုံးရန် မလိုအပ်ဘဲ ဆောင်ရွက်ပေးနိုင်သည့် မူဝါဒများ
(၁) ဘဏ်တိုးနှုန်း policy rate အား ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ချပေးစေလိုပြီး အပ်ငွေ ၂ ဒသမ ၄ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြား၊ ချေးငွေ ၄ ရာခိုင်နှုန်းမှ ၄ ဒသမ ၈ ရာခိုင်နှုန်းအကြားတွင် ဖြစ်စေလိုပါသည်။
(၂) co., / corp များ၏ ဝင်ငွေခွန်များနှင့် ပတ်သက်ပြီး tax reform ကို လုပ်ပေးစေချင်ပါသည်။
(fix formula အသားတင် ၈ ရာခိုင်နှုန်း*၂၅ ရာခိုင်နှုန်း =၂ ရာခိုင်နှုန်း) ကို လက်တွေ့ကျသည့် အခွန်စနစ်ဖြင့် ဆောင်ရွက် ပေးစေလိုပါသည်။
(၃) ဗဟိုဘဏ်က မြန်မာငွေ တန်ဖိုး တက်လာလျှင် စျေးကွက်အတွင်းမှ ဒေါ်လာများ ဝင်ဝင်ဝယ် ပေးနေသည့် အချက်များအပြင် တင်းကျပ်သော ဘဏ်စည်းကမ်းများအား ဖြေလျှော့ ပေးစေလိုပါသည်။
(၄) နိုင်ငံခြားဘဏ်များအား တခုလျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ယူဆောင် လာစေပြီး ယခုအချိန်တွင် foreign bank ၄၀-၅၀ ခန့်အား retail banking လုပ်ငန်းများ ခွင့်ပြုပေးခြင်းဖြင့် ပြည်တွင်း လည်ပတ်ငွေ တိုးလာစေပြီး အတိုးနှုန်းနည်းသော ဘဏ်လုပ်ငန်းများဖြင့် ပြည်သူအများစု သက်သက်သာသာ အလုပ်လုပ်နိုင်စေလိုပါသည်။
(၅) အထည်ချုပ်၊ လက်ခ စားလုပ်ငန်းများ အပါအဝင် ပြည်တွင်း စက်မှု လုပ်ငန်းရှင်များအတွက် တိကျသည့် ဥပဒေ အကာအကွယ်နှင့် ရှင်းလင်း တိကျသော လုပ်ထုံးလုပ်နည်းများဖြင့် ကျားကန်ပေးစေလိုပါသည်။
(၆) ပြန်လည် ထူထောင်ရေးကာလအတွက် နိုင်ငံတကာ အကူအညီ၊ ချေးငွေ၊ အထူးသက်သာခွင့် incentive များဖြင့် လုပ်ငန်းစဉ်များအား လျင်လျင်မြန်မြန် အကောင်အထည် ဖော်ပေးစေလိုပါသည်။
(၇) ဘတ်ဂျက်မသုံးရသည့် stimulation package များကို တခုပြီးတခု ဆောင်ရွက်ပေးစေလိုပါသည်။
(ဥပမာ ဧပြီ တလလုံး မည်သူ/ မည်သည့် လုပ်ငန်းထံမှ မီတာခမကောက်ဘဲ မီတာခအား အားလုံးသက်သာခွင့်၊ စည်ပင်လိုင်စင်ကြေး တနှစ်စာ ကင်းလွတ်ခွင့်၊ ဘီးခွန်များ တနှစ်စာ ကင်းလွတ်ခွင့်၊ Goods & Services များအပေါ်တွင် Commercial Tax ၅ ရာခိုင်နှုန်း အစား ၂ ရာခိုင်နှုန်းအထိ လျှော့ပေးခြင်းများ)
(၈) ယခုနှစ် စားနပ်ရိက္ခာဖူလုံရေးအတွက် စားသောက်ကုန်ထုတ်လုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့် incentive အထူးဆောင်ရွက်ခွင့်များနှင့် တနှစ်တာ လမ်းတံတားကြေးများ ကင်းလွတ်ခွင့်များ ခွင့်ပြုပေးစေလိုပါသည်။
(၉) ယခုလို ပြည်သူတွေရော၊ လုပ်ငန်း၊ စက်ရုံ၊ အလုပ်ဌာနများ အားလုံး လုပ်ငန်းများရပ်နား၊ ဆိုင်များ ပိတ်ထားရချိန်တွင် အစိုးရ ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍများအောက်ရှိ ပြည်သူ့ဝန်ထမ်းများ အားလုံးအတွက် နေအိမ်၊ တိုက်ခန်း၊ အဆောင်၊ မြေ၊ စက်ရုံ၊ ငှားရမ်း နေထိုင်၊ လုပ်ငန်း လုပ်ကိုင် နေရသူများအတွက် ပိတ်ထားရချိန် ကာလများအတွက် လခမယူစေခြင်း၊ ၅၀ ရာခိုင်နှုန်း လျှော့ယူစေခြင်းများအား ကြေညာချက်များ၊ ညွှန်ကြားချက်များဖြင့် ဆောင်ရွက် ပေးစေလိုပါသည်။
(၁၀) ဘဏ်များအားလုံး၏ အပ်ငွေရော ချေးငွေတိုးများ အားလုံးကို ကာလတခု ကင်းလွတ်ခွင့် ပြုပေးနိုင်လျှင် ယခု အခက်အခဲများအတွက် ဘဏ်များရော ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများပါ အတိုင်းအတာ တခုအထိ အသက်ရှူချောင်ပြီး သက်သာခွင့်များ ရသွားနိုင်ပါသည်။
ဘတ်ဂျက်သုံးရန် လိုအပ်ပြီး ဆောင်ရွက်ပေးနိုင်သည့် မူဝါဒများ
(၁) stimulation package ကို ပဆင့် –ဘီလီယံ ၁၀၀ မှ ဒုတိယအဆင့်– ကျပ်ဘီလီယံ ၁၀၀၀ အထိ၊ တတိယအဆင့်– ကျပ်ဘီလီယံ ၃၀၀၀ အထိ ခွင့်ပြု စေချင်ပါသည်။
(၂) ဒုတိယအကြိမ်၊ တတိယအကြိမ် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် ပေးဝေသည့် လုပ်ငန်းမျိုး လိုအပ်လာပါက ရိက္ခာများအား အချိန်ယူ ကြိုတင်ပြင်ဆင်ပြီးမှ အခြေခံ လူတန်းစားများအတွက် ညီမျှသည့် ပေးဝေခြင်းများကို ဖြစ်စေလိုပါသည်။
(၃) အခြားနိုင်ငံများနည်းတူ ဝန်ထမ်းများ၊ အလုပ်သမားများ၊ အခြေခံပြည်သူများအတွက် လစဉ် ထောက်ပံ့ကြေး၊ ငွေသား အကူအညီများ cash payout scheme များလည်း ဆောက်ရွက် ပေးစေလိုပါသည်။
(၄) အခြားနိုင်ငံများနည်းတူ co., / corp များ၏ property tax များ၊ Tax rebate များဖြင့်လည်း အကူအညီ အထောက်အပံ့များ ဆောင်ရွက်ပေးနိုင်ပါသည်။
COVID–19 ရောဂါကပ်ကြီး၏ နောက်တွင် Economic Recession စီးပွားရေး ကပ်ဆိုက်လာမည်ဟု ADB အေဒီဘီ က ဆိုထားပါသည်။
ဆင်းရဲသော နိုင်ငံများသည် ချမ်းသာသော နိုင်ငံများလောက် စီးပွားရေးကျဆင်းခြင်းကို ခံနိုင်ရည် မရှိပါ။
အခြား နိုင်ငံများသည် ADB အေဒီဘီ အထောက်အကူဖြင့် စီးပွားရေးကျဆင်းခြင်း (Economic Recession) အတွက် စတင် ပြင်ဆင်နေပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း စတင် ပြင်ဆင်သင့်ပါသည်ဟု အကြံပြုရင်း COVID–19 ကပ်ဘေးကြီးကို ထိခိုက်မှု အသက်သာဆုံးနှင့် လျင်မြန်စွာ ကျော်ဖြတ်နိုင်ပါစေဟု ဆန္ဒမွန်ပြုပါသည်။
နေလင်းဇင်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု ပညာ မဟာဘွဲ့ (MBA)ကို ရရှိခဲ့ပြီးလက်ရှိတွင် ဆန်စက်လုပ်ငန်း၊ ဆန် ပြည်တွင်းပြည်ပကုန်သွယ်မှုလုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသလို စီးပွားရေးအသင်းအဖွဲ့များနှင့် နိုင်ငံတည်ဆောက်ရေးကဏ္ဍများတွင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post