Menu & Search

ကိုဗစ်၏ မူဝါဒဆိုင်ရာ စိန်ခေါ်ချက် မေးခွန်းများ

May 5, 2020

ကိုဗစ်ကို ရင်ဆိုင်ရာတွင် စီးပွားရေး ပုံမှန် ပြန်ဖြစ်ရေးနှင့်လည်း ယှဉ်တွဲ စဥ်းစား လာကြပါသည်။  ထို့ ကြောင့် ကိုဗစ်ရင်ဆိုင်ရေးနှင့် စီးပွားရေး ပုံမှန် ပြန်ဖြစ်ရေးဟူသော မူဝါဒအစုံ  နှစ်စုံပါဝင်လာသည်။  ယင်း မူဝါဒများနှင့် ပတ်သက်ပြီး စဉ်းစားရာတွင် အားပြိုင်နေကြသော အဓိကချဉ်းကပ်ပုံ နှစ်ခု ရှိသည်။

ပထမ အစု။  ကိုဗစ်ကို ရင်ဆိုင်ပုံကြောင့်ရသော အကျိုးထက် စီးပွားရေး အထိနာသည်က ပိုကြီးမားသည်ဟု စီးပွားရေး ပညာရှင်တချို့က ဆိုသည်။  ရှီကာဂို စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ Casey Mulligan မှာ ထင်ရှားသည်။  သူတို့က စီးပွားရေး လျင်လျင်မြန်မြန် ပြန်ဖွင့်ရေးမူဝါဒကို တင်ကြသည်။  အမေရိကန်သမ္မတ ထရမ့်မှာ ယင်းမူဝါဒဘက်သို့ ညွှတ်သည်။  တက္ကဆပ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ အသက် ၇၀ ကျော်တွေ တိုင်းပြည်စီးပွားရေးအတွက် အနစ်နာခံ စွန့်လွှတ်လိုက်ကြရအောင်ဟု ဆို လိုက်၏။  ကိုဗစ်ရောဂါကြောင့် အသက်အရွယ်ကြီးသူများ ကူးစက်၊ သေဆုံးနှုန်း ကြီးမား သည်ကို သူက ရည်ညွှန်းဆိုလိုခြင်း ဖြစ်ပါသည်။

ဒုတိယ အစု။  ကိုဗစ်ကို ရင်ဆိုင်ရင်း စီးပွားရေး ပြန်ပွင့်လာအောင် လုပ်လို့ရသည်ဟု စီးပွားရေး ပညာရှင်တချို့က ဆိုကြသည်။  စီးပွားရေးလား၊ အသက်လား ဘာကို ကယ် မလဲဟူသော တွဲစဉ်းစားပုံကိုက လွဲနေသည် (false dichotomy)ဟု သူတို့က မြင်ကြ သည်။  နိုဘယ်ဆုရ နယူးယောက် တက္ကသိုလ်က စီးပွားရေးပညာရှင် ပေါရိုမာ (Paul Romer)မှာ ဤအုပ်စုတွင် ထင်ရှားသည်။  ထိပ်တန်း တက္ကသိုလ်ကြီးများ ဖြစ်ကြသော ယူကေမှ Imperial College၊ အမေရိကန်မှ ဟားဗတ်၊ အမ်အိုင်တီတို့ မှ ပညာရှင်များက ဤအုပ်စုတွင် ပါဝင်သည်။

 

ကိုဗစ် အဆုတ်ရောင်ရောဂါကို ရင်ဆိုင်ခြင်း။

ကျန်းမာရေးစောင့်ရှောက် ကုသမှုစနစ်အပေါ် မနိုင်ဝန် မပိစေဖို့၊ ကူးစက်မှု အရှိန်အဟုန်ကို လျှော့ချ ရေးမှာ တကမ္ဘာလုံး တူညီသောချဉ်းကပ်ပုံ ဖြစ်ပါသည်။  ဤချဉ်းကပ်ပုံတွင် ကျန်းမာရေး စောင့်ရှောက် မှုနှင့် ကူးစက်မှုလျှော့ချရေးဟူသော အချက်နှစ်ချက် ပါဝင်နေပါသည်။  မည်မျှ၊ မည်သို့ လျှော့ချမည်နည်းဟူသော အတိုင်းအဆနှင့် အရှိန်အဟုန်မှာ ကိုယ့်နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု အင် အားပေါ်မှာ မူတည်၏။

ဇယား (၁) ကူးစက်မှု တားမြစ်ရေး နည်းလမ်းရွေးချယ်ရာတွင် ပစ်မှတ်ထားရမည့် ဝန်ပိအမှတ်များမြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုအင်အားအပေါ် ဝန်ပိနိုင်သော အမှတ်မှာ ကိုဗစ်ပိုးတွေ့လူနာ အရေအတွက် (၂၀၁၈ ခုနှစ် ထုတ်ဝေသော စာတမ်းပါ အိုင်စီယူကုတင် အရေအတွက် ၉၅ ကုတင်[1] အရ) ၁၉၀၀ ဖြစ်သည်။  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဆေးရုံများ၏ ဝန်ပိအမှတ်များကို အောက်ပါ ဇယား တွင် ဖော်ပြအပ်ပါသည်။

(ဤဇယားမှာ ဥပမာ ဖြစ်သည်။  မြေပြင်အခြေအနေတွင် အိုင်စီယူ ကုတင် (အဆင့် ၃ – စက်ပစ္စည်း အပြည့်အစုံ) ရှိနေပြီ ဆိုလျှင်၊ ရှိသည့်အလျောက် ကိန်းဂဏန်းကို ပြောင်းရမည် ဖြစ်သလို၊ မြို့များ ကို လည်း ဖြည့်စွက်ရပါမည်။)

ယင်း ဝန်ပိအမှတ်များအောက်တွင် ကူးစက်မှုက ရှိနေအောင် ထိန်းသိမ်းနိုင်ရေးမှာ ကိုဗစ်ကူးစက်မှု ဖြတ်တောက်ရေး လုပ်ငန်းအဝဝ၏ ရည်မှန်းချက် ဖြစ်ပါသည်။  ထိုသို့ ဖြစ်အောင် နည်းလမ်း အဖုံဖုံကို ပေါင်းစပ် အသုံးပြုကြရပါ၏။  ဆိုင်ရာဒေသ၏ ဝန်ပိအမှတ်အောက်တွင် ကူးစက်မှုကရှိသော် စီမံခန့်ခွဲမှု နိုင်နိုင်နင်းနင်း ရှိပြီး၊ ကူးစက်မှုက ကျန်းမာရေးဝန်ဆောင်မှုကို ကျော်သွားသော် စီမံခန့်ခွဲမှု အခက်အခဲ ကြီးမားလာပါသည်။

 

ကူးစက်မှု ဖြတ်တောက်ရေး နည်းလမ်းများနှင့် မေးခွန်းများ

လုပ်ဆောင်ကြပုံများကို ကြည့်သောအခါ အောက်ပါအတိုင်း တွေ့ရပါသည်။

  • ခပ်ခွာခွာနေကြ။ (social distancing)
  • အိမ်မှာ နေကြ (ကိုယ့်သဘောကိုယ်)။ (shelter in place – voluntary)
  • အိမ်မှာ နေကို နေရမည် (ဥပ‌‌ဒေအရ ကြပ်မတ်အရေးယူ)။(shelter in place – by law)
  • သီးခြား ခွဲထုတ်ထား။ (isolation)
  • ပညာရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက၊ ဘာသာရေး ကျောင်းများ၊ တက္ကသိုလ်များ၊ စာြကည့်တိုက်များ ပိတ်။
  • လူစု ဝတ်ပြုဆုတောင်းနိုင်သော ဘာသာရေးနေရာများ ပိတ်။
  • မရှိလျှင် ဖြစ်သော/ လူစုလူဝေး ဖြစ်နိုင်သော လုပ်ငန်းများ ပိတ်။
  • ခရီးသွားလာမှု ကန့်သတ်။
    • တမြို့လုံး မသွားမလာရ
    • မြို့ မကူးရ။

ယခုလည်း မြန်မာနိုင်ငံတွင် ယင်းနည်းလမ်းများကို အသုံးပြုနေပြီ ဖြစ်ပါသည်။  အသုံးပြုပုံပြုနည်း ဟင်းစပ်ကတော့ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အချိုးကွာကြသည်ကို တွေ့ရပါသည်။  ကွာလည်း ကွာရပါမည်။  အဘယ်ကြောင့်ဆိုသော် ဆေးရုံကုတင် အချိုးပေါ်မှာ မူတည်ပြီး ထိန်းရသောကြောင့် ဖြစ်ပါ၏။  ဒေသန္တရက ထိန်းမနိုင်သော အခြေအနေရောက်လျှင် ဗဟိုက အားဖြည့်ကူညီရမည် ဖြစ်ပါသည်။

 

ယင်းနည်းလမ်းများကို ရွေးချယ်ဖို့ ဘာကို ကြည့်ကြရပါမည်နည်း။ 

ပိုးတွေ့လူနာ အရေအတွက်နဲ့ ကြည့်ကြရပါသည်။

 

လူတိုင်းကို ပိုးတွေ့ဖို့ မစစ်ဆေးနိုင်သော် မည်သို့ သိနိုင်ပါမည်နည်း။ 

ခပ်ခွာခွာသွားလာ နေထိုင်ခိုင်းပြီး အိမ်မှာ ၁၄ ရက် နေကြခြင်းအားဖြင့် ယင်းကာလအတွင်း ဖျား၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ အစရှိသော လက္ခဏာ ပြသူများကို စစ်ဆေးခြင်းဖြင့် သိနိုင်ပါသည်။[3] ကနဦး ၁၄ ရက် အိမ်နေချုပ်ကန့်မှုမှာ ပိုးပျံ့နေမှု အတိုင်းအဆကို ခန့်မှန်းဖို့အတွက် အရေးကြီးပါသည်။

 

ဘာကြောင့် ၁၄ ရက်နည်း။ 

ရောဂါဝင်သည်မှ လက္ခဏာပြသည်အထိ ၁၄ ရက် ကြာသောကြောင့် ဖြစ်ပါသည်။

 

မည်သည့် အချိန်တွင် ဝန်ပိအမှတ်ကို ရောက်နိုင်သနည်း။

ယခု ပိုးတွေ့လူနာ တွေ့ရှိနှုန်းအရဆိုလျှင် မေလအလယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဝန်ပိနိုင်သည်ဟု ခန့်မှန်းရပါသည်။

 

ယင်းအချိန်ကာလကို မည်သို့တွက်ချက် ခန့်မှန်းသနည်း။ 

မိမိဒေသ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ပိအမှတ်ကို သိပြီးပါက ယင်းဝန်ပိအမှတ် ရောက်နိုင်ခြေကို ခန့်မှန်းဖို့ လိုအပ်လာပါ၏။  ထိုသို့ ခန့်မှန်းရန် ခက်ပါသည်။  အဘယ်ကြောင့်ဆိုသော် တနိုင်ငံနှင့် တနိုင်ငံ အခြေအနေ၊ ပေးထားချက် မတူသည့်အလျောက် ဖြစ်ပွားပုံမှာ မတူကြသောကြောင့် ဖြစ်ပါသည်။[4]  သို့သော် အခြားနိုင်ငံများ၏ အတွေ့အကြုံကိုယူပြီး ခန့်မှန်းယူဆကာ စတင် ဆောင်ရွက်နိုင်ပါသည်။  ကိုဗစ်ပျံ့နှံ့မှု လေ့လာချက်များကို သာမန် သင်္ချာတွက် တွက်နိုင်ရန် ကြိုးပမ်းကြည့်သော ဆောင်းပါး တစောင်နှင့် ဖော့ဘ်မဂ္ဂဇင်းကြီးအလိုအရ ကိုဗစ် လေ့လာချက်စာတမ်းများကို ခြုံငုံကြည့်လိုက်သောအခါ၊ ပျံ့နှံ့နှုန်း (epidemic doubling time – EDT) မှာ ခြောက်ရက်ကြာတိုင်း နှစ်ဆ တိုးသွားသည်ဟု ဆိုပါသည်။[5]  မြန်မာ၏ နှစ်ဆတိုး ပျံ့နှံ့နှုန်း မှာ ၃ ဒသမ ၇ ရက်ဟု လူမှုကွန်ရက် Facebook တွင်  ဦးမောင်မောင်ဦးက  ဆိုပါသည်။ ပိုးတွေ့ ၁၃၂ ယောက် ရှိလာသည့် ၃၂ ရက်‌မြောက်နေ့တွင် နှစ်ဆတိုး ပျံ့နှံ့နှုန်းမှာ ၅ ဒသမ ၁၃ ဖြစ်လာပါသည်။[6]  ယူအက်စ်၏ အစောပိုင်းကာလ အီးဒီတီ မှာ ၂ ဒသမ ၄ ဖြစ်ပါသည်။

ယေဘူယျအားဖြင့် အီးဒီတီ ခြောက်ရက်နှင့် တွက်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ အိုင်စီယူကုတင်နှင့် တွက်သော ဝန်ပိအမှတ် ၁၉၀၀ ကို အောက်ပါရက်စဉ်အရ ခန့်မှန်းနိုင်ပါသည်။  တနိုင်ငံလုံးအတွက် မေလအလယ်နောက်ပိုင်းတွင် ကျန်းမာရေးဝန်ဆောင်မှု အကျပ်ဆိုက်နိုင်သည်ဟု ခန့်မှန်းနိုင်ပါ၏။

ရန်ကုန်၏ ဝန်ပိအမှတ်မှာ ၁၀၆၀ ဖြစ်သောကြောင့် ယခုဖြစ်နေသော ပိုးတွေ့နှင့် အရေးယူဆောင်ရွက်ပုံ အခင်းအကျင်းအရ ရန်ကုန်မှာ အစောဆုံး ဧပြီလကုန် သို့မဟုတ် မေလဆန်းတွင် အကျပ်ဆိုက်မည့်မြို့ဟု ခန့်မှန်းရပါသည်။  လူဦးရေ ထူထပ်ပုံ၊ လက်လုပ်လက်စားများ နေထိုင်ပုံ အစရှိသော အနေအထားများ အရ ရန်ကုန်သည် မြန်မာနိုင်ငံ၏ ကူးစက်မှုဗဟိုချက်မ ဖြစ်လာလေမလား စိုးရိမ်ရပါသည်။

အောက်ပါ ဇယား မှာ အီးဒီတီ ခြောက်ရက် နှစ်ဆတိုးဖြင့် ဖြစ်လာဖွယ်ရှိသည်ကို ပြထားခြင်း ဖြစ်ပါသည်။

ဤစဉ်းစားပုံမှာ ပညာရှင်မဆန်သည်ကို သိပါသည်။  ပညာသဘောအရ တွက်ချက်နိုင်လောက်အောင် ဒေသအသီးသီးတွင် အရင်းအမြစ် နည်းသောကြောင့် လူပြိန်းတွက် အလုပ်လုပ်နိုင်ရေးကို တင်ပြရခြင်း ဖြစ်ပါသည်။

အခြားတနည်းကတော့ အရှေ့တောင်အာရှ နိုင်ငံများကို ကြည့်ခြင်းဖြစ်ပါသည်။  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အင်တာနက် စာမျက်နှာတွင် နိုင်ငံအလိုက် အခြေအနေအစီရင်ခံစာများ (situation reports) တွင် သွားရောက် ရှာဖွေနိုင်ပါသည်။[8]  အိန္ဒိယနှင့် ဖိလစ်ပိုင်တွင် ဇန်နဝါရီ ၃၀၊ ဗီယက်နမ်တွင် ဖေဖော်ဝါရီ ၁၊ ထိုင်းတွင် ဇန်နဝါရီ ၁၃ စသဖြင့် ပိုးစတွေ့သော နေ့များကို နေ့နံပတ် ၁ ဟု မှတ်ပြီး၊ နောက်ဆုံး ပိုးတွေ့လူနာ အရေအတွက်နှင့် ယှဉ်ကြည့်ခြင်းအားဖြင့်လည်း ပျံ့နှံ့မှု နှုန်းကို ခန့်မှန်း ကြည့်နိုင်ပါသည်။

လူမှုကွန်ရက် Facebook တွင် ဦးဇော်ညွန့်က အောက်ပါ ပုံပြဂရပ် ကို ၂၁ ရက်မြောက်နေ့ အထိ အခြား နိုင်ငံများနှင့် ယှဉ်တွဲ ဆွဲပြပါသည်။

ဒေတာမှာ နည်းနေသေးသော်လည်း အထက်ပါ ဂရပ်ဖ်အရဆိုသော် မြန်မာနိုင်ငံတွင် ပြန့်ပွားပုံမှာ စိုးရိမ်စရာ ဖြစ်ပါသည်။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ လမ်းညွှန်ချက်များကို အသုံးပြုနိုင်ပါသလား။

အသုံးပြုကြရပါမည်။[9]  လိုက်နာကြရပါမည်။  သို့သော် ဘယ်လောက် အတိုင်းအဆအထိ ချုပ်မည်၊ မည်မျှ အာဏာစက်သုံးမည်ဟူသော မေးခွန်းများမှာ မိမိဒေသ၏ ဝန်ပိအမှတ်နှင့် ချိန်ရမည်ဟု ယူဆပါသည်။  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ လမ်းညွှန်ချက်နှင့် မိမိတို့၏ ဝန်ပိအမှတ်များ ဖြစ်နိုင်ခြေ တို့ကိုပါ ချိန်စက်ပြီး နည်းလမ်းများကို ပေါင်းစပ်ရန် ဖြစ်ပါသည်။

တမြို့နှင့် တမြို့ မတူနိုင်ပါ။  ထို့ကြောင့် လုပ်ပိုင်ခွင့် ဖြည်လျှော့ရန် လိုအပ်ကောင်း လိုအပ်ပါမည်။

ဝန်ပိခြင်းနှင့် ကူးစက်မှုကို ချိန်စက်ကြည့်ရမည်ဟု ဆိုပါသည်။  (WHO ၏ စီးပွားရေး အဖွင့်စဥ်းစားသော စံနှုန်းတွင် Critical Care Capacity နှင့် ချိန်ဖို့ ပြောထားပါသည်။)  သို့ဆိုလျှင် ကျန်းမာရေး စောင့်ရှောက်မှု ကို မည်သို့ တိုင်းတာကြပါသနည်း။ 

ဤ ကပ်ရောဂါကို စီမံခန့်ခွဲရာတွင် ကျန်းမာရေးစောင့်ရှောက်မှု (မြန်မာ့အခြေအနေကို နောက်ဆက်တွဲ တွင် ကြည့်ပါ)ကို ကြည့်သောအခါ

  • စောင့်ရှောက်မှု ပေးမည့်သူ အရေအတွက်၊ (ဆရာဝန် ဦးရေ/ လူဦးရေ ၁၀၀၀ အချိုး၊ သူနာပြု ဦးရေ/ လူဦးရေ ၁၀၀၀ အချိုး၊ ဆရာဝန် ဦးရေ/ ဆေးရုံ ကုတင် အချိုး၊ ဆရာမ ဦးရေ/ ဆေးရုံ ကုတင် အချိုး)
  • လူတထောင်တွင် ဆေးရုံကုတင် အရေအတွက်၊
  • (အိုင်စီယူ) ကုတင် အရေအတွက် (အိုင်စီယူ ကုတင်ဟု ပြောရာတွင် ယင်းနှင့် တွဲလျက် စက်ပစ္စည်းအစုံအလင် ပါပြီးဖြစ်ရပါမည်။)၊
  • အသက်ရှူစက် အရေအတွက် စသော အကြောင်းအချက်များ ကြည့်ကြသည်ကို တွေ့ရပါသည်။ (မြန်မာနိုင်ငံတွင် ခရိုင်ဆေးရုံကြီးများ၌ပင် အထူးကြပ်မတ်ကုသဆောင် (အိုင်စီယူ) နှင့် (အိုင်စီယူ) စက်ပစ္စည်းများကို မထားရှိပါ။ အိုင်စီယူ ကုတင်နှင့် လူဦးရေအချိုးကိုလည်း ချထားကြည့်သင့်ပါသည်။)

ကူးစက်မှု အတိုင်းအဆကိုကြည့်သောနည်း အမျိုးမျိုးရှိသော်လည်း လွယ်ကူအသုံးများသော နည်းတခုမှာ ပိုးတွေ့လူနာ နှစ်ဆဖြစ်သွားသော အချိန်ကာလ(epidemic doubling time) ဖြစ်ပါသည်။  ယင်းကို တွက်ချက်ရန် အောက်ပါ အချက်များကို ကြည့်ပါသည်။

  • ပိုးတွေ့လူနာ အရေအတွက်
  • သေသောသူ အရေအတွက်နှင့်
  • ပိုးစစ်နိုင်စွမ်းရည်

(ပိုးတွေ့လူနာ အ‌ရေအတွက်မှာလည်း ပိုးစစ်နိုင်သော လူအရေအတွက်နှင့် ဆက်စပ်နေသောကြောင့် ပိုးစစ်နိုင်စွမ်းရည်ဟူသော အကြောင်းအချက်ကိုပါ ကူးစက်မှုတွင် အ‌ရေးကြီးအချက် အဖြစ် ထည့်သွင်း စဉ်းစားလာပါသည်။)

ယင်းကျန်းမာရေး စောင့်ရှောက်မှုစွမ်းအားနှင့် ကူးစက်မှုပျံ့နှံ့နိုင်‌ခြေတို့ကို ချိန်စက်ဆုံးဖြတ်ရာတွင် ဘာကို ကြည့်ရမလဲဟူသော မေးခွန်းမှာ လက်တွေ့ကျသော မေးခွန်း ဖြစ်လာပါ၏။  ကိုဗစ်မှာ ပြင်းထန် သောကြောင့် ယေဘူယျအားဖြင့် ပိုးတွေ့သူ၏ ၂၀ ရာနှုန်း မှာ ဆေးရုံတက်ဖို့ လိုအပ်ပြီး၊ ၅ ရာနှုန်းမှာ ရောဂါပြင်းပါသည်။  တနည်းပြောသော် ယင်း ငါးရာခိုင်နှုန်းမှာ အထူးကြပ်မတ်ကုသခန်းကို ရောက်သည် ဟု ဆိုနိုင်ပါသည်။  ထို့ကြောင့် အိုင်စီယူကုတင် အရေအတွက်မှာ အရေးကြီးလာပါသည်။

မြန်မာနိုင်ငံတွင် အိုင်စီယူ ကုတင် ၉၅ ကုတင် ရှိသည် ဟု ၂၀၁၈ တွင် ထုတ်သော စာတမ်းတစောင်က ပြောပါသည်။[10] အငြိမ်းစား ဆေးရုံအုပ်ကြီးတယောက်၏ မှတ်စုအရ မန္တလေးတွင် ၃၀၊ နေပြည်တော်တွင် ၁၂၊ ကျန်ကုတင် ၅၃ ကုတင်မှာ ရန်ကုန်တွင် ရှိသည်ဟု ယူဆရပါသည်။  (မှတ်ချက်။ ဤစာရင်းကို နောက်ဆုံးလက်တွေ့ အရှိစာရင်းနှင့် ပြောင်းလဲတွက်ချက်ရန် လိုအပ်ပါသည်။)

 

မည်မျှ ရှည်ကြာစွာ ယင်းနည်းလမ်းများကို အသုံးပြုရပါမည်နည်း။  

အခြားနိုင်ငံများတွင် ကူစက်ရောဂါလေ့လာသူ ပညာရှင်များ (epidemiologist) က ဘာမှမလုပ်ဘဲ ထားလျှင် ပိုးတွေ့ရှိမှု အများဆုံးဖြစ်နိုင်ခြေ ရက် (peak) ကို တွက်ချက်ကြပါသည်။  ဥပမာ အမေရိကန် နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၏ ထိပ်ဆုံးရောက်နိုင်ခြေ ရက် မှာ ဧပြီ ၂၀ ဖြစ်ပါသည်။  ပိုးတွေ့  မည်မျှရှိနိုင်မည်ဟု ခန့်မှန်းပါသည်။  ထိပ်မှ ပြန်ဆင်းမည့် အခြေအနေကိုပါကြည့်ပြီး သတ်မှတ်ကြပါ သည်။  အိမ်မှာ နေကိုနေရမည်၊ မနေသော် ဥပ‌ဒေအရ အရေးယူမည်ဟူသော အမိန့်ကို မတ် ၃၀ ရက် မှ ဇွန် ၁၀ ရက်နေ့အထိ (စုစုပေါင်း ရက် ၇၀) သတ်မှတ်ခဲ့ပါသည်။

ထိုသို့ တွက်ချက်ရန် ပညာအရင်းအမြစ်(လူ၊ သုတေသန နည်းပညာ၊ စက်၊ စာရင်း – data) အကန့်အသတ် ရှိသော် အိမ်နေ အနည်းဆုံး ၁၄ ရက် သတ်မှတ် နိုင်ပါသည်။  စိတ်ချစေလိုသော် ရောဂါပျိုးရက်၏ နှစ်ဆ သို့မဟုတ် ၂၈ ရက် သတ်မှတ်ပါသည်။

 

ကူးစက်မှုဟန့်တားရေး ဆောင်ရွက်ရမည့် နည်းလမ်းများမှာ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည် နှင့် ဆက်စပ်နေသောကြောင့် ယင်းစွမ်းရည်ကို တိုးမြှင့်နိုင်ပါမည်လား။ 

တိုးဖို့ လွယ်ကူသော အချက်များရှိသလို ခက်သော အချက်များလည်း ရှိပါသည်။

အရေးကြီးဆုံးမှာ လက်ရှိအင်အား မလျော့နည်းရေးကို အဓိကထားရပါမည်။  သူတို့ကို အကာအကွယ် အပြည့်အစုံ ပေးဖို့၊ လုပ်ငန်း လွယ်ကူစွာလုပ်နိုင်အောင် ဖန်တီးပေးဖို့ အရေးကြီးသည်။  အထူးသဖြင့် အိုင်စီယူ ဆရာဝန်များနှင့် ဆရာမများအတွက် ဖြစ်သည်။  သူတို့ကို အခြားဆရာဝန် ဆရာမများနှင့် ချက်ချင်း အစားထိုးလို့ရသည် မဟုတ်ပေ။  ချက်ချင်းလေ့ကျင့်ဖို့လည်း ခက်ခဲပါသည်။

တာဝန်ချထားရာတွင် ဘေးနည်းသော တာဝန်ချထားပုံစနစ်ကို ဖော်ဆောင်နိုင်ပါသည်။  အသက် ၅၀ အထက်၊ သွေးတိုး ဆီးချိုလို ရောဂါအခံရှိသော ဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများမှာ ကိုဗစ်ပိုး ကူးစက်သော် နှိုင်းယှဥ်မှုအရ ခံနိုင်ရည်နည်းပါသည်။  ထို့ကြောင့် အသက် ၄၀ အောက်၊ ရောဂါအခံ မရှိသော သူများကို ရှေ့တန်းတင် တာဝန်ချထားခြင်းဖြင့် ကျွမ်းကျင်သူများ အင်အား နည်းပါးမသွားစေရန် စီစဉ်သင့်ပါသည်။  သူတို့ ရောဂါမကူးရေးမှာ အ‌ရေးကြီးလှပါ၏။

ခက်ခဲသော အချက်ကတော့ အိုင်စီယူ ပစ္စည်းများရှိသော ကုတင်အရေအတွက်ကို တိုးမြှင့်ဖို့ ဖြစ်သည်။ ယင်းကို လပိုင်းအတွင်း ချက်ချင်းလုပ်နိုင်ဖို့ မလွယ်ပါ။  ဝယ်နိုင်လျှင်တောင်မှ ပစ္စည်းရဖို့ မလွယ်ပါ။ သို့သော် ဆေးရုံကုတင် အရေအတွက် မြှင့်တင်ရန်အတွက် ပြင်ဆင်နိုင်ပါသည်။  ဥပမာ အားကစားရုံများနှင့် အခြားအဆောက်အဦများကို ဆေးရုံသဖွယ် ကူးပြောင်းဖို့ ပြင်ဆင်ထားနိုင်ပါသည်။

ဆရာဝန်အသင်း၊ သူနာပြုအသင်းနှင့် အခြားအရပ်ဘက် အဖွဲ့အစည်းများ၏ အင်အားကို အသုံးပြုပြီး၊ အဖျားဆေးခန်းများကို ကျေးရွာအုပ်စု အဆင့်အထိ တိုးချဲ့ဖွင့်လှစ်နိုင်သည်။  ပုံမှန် ဆောင်ရွက်နေသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သူတို့နှင့် အစားထိုးလုပ်နိုင်ပါသည်။  လိုအပ်သော စွမ်းဆောင်ရည်အတွက် အချိန်တို လေ့ကျင့်ဖြည့်ဆည်းနိုင်ပါသည်။  ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။

 

ကိုဗစ် ဓာတ်ခွဲစစ်ဆေးရေးက မည်သို့ အရေးကြီးပါသလဲ။

အ‌ရေးကြီးပါသည်။  ပိုးရှိမရှိကိုသိမှ ထိုသူမှ အခြားသူများကို မကူးစက်စေဖို့ သီးခြားခွဲထားပြီး ဆေးကု ပေးနိုင်မည်ဖြစ်ရာ သော့ချက်ကျပါသည်။

ကူးစက်ရောဂါ ပြန့်ပွားမှုတွင် အောက်ဖော်ပြပါ လူ လေးမျိုး ကို သိနိုင်သော နည်းလမ်းများ ရှိပါသည်။

နံပတ်တစ်မှာ ပိုး ကူးသည်ကိုပင် မသိလိုက်ဘဲ ကိုယ်ခံအားဖြစ်ပေါ်လျက် ရောဂါပြီးနေသူများ ဖြစ်ပါသည်။  ထိုသူများကို ကိုဗစ် ၁၉ ကို တုံ့ပြန်သော ကိုယ်ခံအားပစ္စည်း စမ်းသပ်ချက်ဖြင့် သိနိုင်သည်။

နံပတ်နှစ်မှာ လက္ခဏာမပြသော ပိုးရှိသူများ ဖြစ်သည်။  သူတို့ကို ရှာဖွေရေးက အရေးကြီးပါသည်။  ပိုးရှိမရှိကို သိမှ ထိုသူမှ အခြားသူများကို မကူးစက်စေဖို့ သီးခြားခွဲထားပြီး ဆေးကုပေးနိုင်မည်ဖြစ်ရာ သော့ချက် ကျပါသည်။  နံပတ်နှစ်ကို ဘာသံမှမကြားလိုက်ဘဲ ကူးစက်သွားသောကြောင့် အသံတိတ် ကူးစက်မှုဟု ခေါ်ကြပါသည်။  ကူးစက်မှု အားလုံး၏ ၁၀ ရာခိုင်နှုန်းမှာ အသံတိတ် ကူးစက်မှုကြောင့် ဖြစ်သည်ဟု ဆိုပါ၏။  အမေရိကန် ကူးစက်ရောဂါလေ့လာရေးဌာနကတော့ ၂၅ ရာနှုန်း ရှိနိုင်သည်ဟု ခန့်မှန်းသည်။[11]  ရောဂါပိုး ရှိသူများ၏ ၁ ရာနှုန်း မှ ၃ ရာနှုန်းသော လူများမှာ ရောဂါလက္ခဏာ လုံးဝ မပြလိုက်ဘဲ ကူးစက်နိုင်သောသူများဖြစ်သည်ဟု ဆိုပါသည်။

ထို့ပြင် စီးပွားရေးကို ပြန်ဖွင့်ဖို့အတွက်လည်း ယင်းဓာတ်ခွဲစစ်ဆေးသော နည်းနှစ်နည်းလုံးမှာ အဓိက ဇာတ်လိုက်များ ဖြစ်ပါသည်။

ဓာတ်ခွဲစစ်ဆေးမှု များများစားစား မလုပ်နိုင်မီ ပိုးကူးသူဖော်ထုတ်ရေးအတွက် ၁၄ ရက် အိမ်နေ သတ် မှတ်ချက်  နည်းလမ်းကို အားပြုကြရပါမည်။

 

ဓာတ်ခွဲစစ်ဆေးဖို့ မလုံလောက်သော် မည်သို့ ဆောင်ရွက်နိုင်ပါမည်နည်း။ 

ကွာရန်တင်း ၁၄ ရက် ချမှတ်ခြင်းအားဖြင့် လက္ခဏာပေါ်လာသူများကို သိနိုင်ပါသည်။  ဤသို့ဖြင့် ကူးစက်မှု ရှိသူကို ဖော်ထုတ်နိုင်သလို ဒေသတခုအတွင်း ကူစက်မှုအတိုင်းအဆကို ချိန်လို့ ရပါသည်။

အခြားသော နိုင်ငံများတွင်တော့ သံသယလက္ခဏာပေါ်သည်နှင့် အကြောင်းကြားသောစနစ်ကို ဖော် ဆောင်ကြပါသည်။  ကိုရီးယားတွင် ဖုန်းအပလီကေးရှင်းဖြင့် အသိပေးသည်။  လက္ခဏာပေါ်သည်နှင့် ကွာရန်တင်း လုပ်ရပါမည်။  ဤနည်းဖြင့် ဖြစ်ပွားပြန့်ပွားပုံကို ခန့်မှန်းနိုင်ပြီး မည်သို့ အရေးယူ ဆောင်ရွက် မည်ကို ဆုံးဖြတ်နိုင်ပါသည်။

အင်္ဂလိပ် ဘာသာစကားဖြင့် အိုင်ဖုန်းများအတွက် apple ကလည်းကောင်း၊ အန်းဒရိုက်ဖုန်းများအတွက် ဂူဂဲကလည်းကောင်း ‌မိမိကိုယ်ကို စစ်စစ်နိုင်အောင် အက်ပ် လုပ်ပေးထားပါသည်။ ဒေါင်းလုပ်ဆွဲနိုင် ပါသည်။  ယင်းတို့ကို မြန်မာဘာသာသို့ ပြန်ဆိုအသုံးပြုနိုင်ပါ၏။

 

ဤကိုဗစ်ကူးစက်ရေး ကန့်သတ်မှုခရီးမှာ မည်မျှ ကြာပါမည်နည်း။

ပိတ်လိုက်၊ ဖွင့်လိုက် အစဥ်ဖြင့် သွားနိုင်သည်ဟု ပညာရှင်များက ပြောကြပါသည်။  ရောဂါ ကူးစက်ပြီး နောက်  သဘာဝအလျောက် ရောဂါပြီး သို့မဟုတ် ကာကွယ်ဆေး ပေါ်ပေါက်ကာ မြန်မာနိုင်ငံတွင် ထိုးနိုင်သောအခါတွင်မှ ကိုဗစ်ကူးစက်မှု ကန့်သတ်ရေးခရီးက ပြီးပါမည်။

အထက်တွင်ပြောခဲ့သော ဖုန်းအပလီကေးရှင်းများနှင့် ကူးစက်မှုအခြေအနေအပေါ် နိုင်နိုင်နင်းနင်း ကန့်သတ်ထိန်းချုပ်နိုင်သည်ဟု ယူဆပါက ၁၄ ရက် ကွာရန်တင်းကာလ ပြီးသည်နှင့် ပြန်ဖွင့်နိုင်ပါသည်။  မထိန်းနိုင်လောက်သောလက္ခဏာ ပြလာသောအခါ ၁၄ ရက် အိမ်နေ အမိန့်ဖြင့် ပြန်ပိတ်ရပါမည်။  ကန့်သတ်ခြင်းကာလမှာ ပြန့်ပွားမှုအပေါ် တည်သောကြောင့် ၁၄ ရက်မက ရှည်ကြာနိုင်ပါသည်။  ဤသို့ဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်မချင်း အပိတ်အဖွင့်အစဉ်ဖြင့် သွားနေရမည်ဟု ယူဆပါသည်။  ဤစနစ်တွင် ဖုန်းအပလီကေးရှင်းရှိရေးနှင့် လူအများကလက္ခဏာ ပြသည်နှင့် အစိုးရအပေါ် ယုံကြည်မှုရှိရှိ အကြောင်းကြားရေးတို့က သော့ချက် ဖြစ်ပါသည်။  မြန်မာ့ အခြေအနေအရ ဤနည်းကို လိုက်ရလိမ့်မည်ဟု ယူဆပါသည်။

 

ဖွင့်လိုက်ပိတ်လိုက် ကာလမှာ ပျံ့နှံ့မှုနှုန်း(အီးဒီတီ)၊ သေနှုန်းနှင့် ဝန်ပိနိုင်ခြေပေါ် မူတည်ပါသည်။ 

၂၀၂၁ ထဲအထိ သွားလိမ့်မည်ဟု ပညာရှင်များက ခန့်မှန်းကြပါ၏။  ဟားဗတ်တက္ကသိုလ် သုတေသီများက လုပ်သော ပုံတူပြုမိုဒယ်အရမူ ၂၀၂၂ အထိ သွားလိမ့်မည်ဟု ဆိုပါသည်။  လူအများ ကိုဗစ်ခုခံအားရသွားမှ သို့မဟုတ် ရောဂါပြီးသွားမှ ယင်းအပိတ်အဖွင့် နားမည်ဟု ဆိုကြပါသည်။  နောက်ဆုံးသတင်းအရ ကိုဗစ်တုပ်ကွေးဖြစ်ပြီးလည်း ကိုယ်ခံအား ရှိမရှိ မသေချာဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောလိုက်ရာ ကိုယ်ခံအားရရှိရေးကလည်း မသေချာသလို ဖြစ်လာပြန်ပါသည်။

 

အထက်ပါ အချက်များက ဘာကို ဆိုလိုနေပါသနည်း။

ဆေးရုံ ကုတင်၊ အထူးကြပ်မတ် ကုသခန်း ကုတင်အရေအတွက်၊ ဆရာဝန်ဆရာမ လူနာ အချိုးအရ မြန်မာနိုင်ငံအတွက် ဝန်ပိနိုင်သော ပိုးတွေ့လူနာ အရေအတွက်က နိမ့်ပါသည်။  ထို့ကြောင့် အခြားနိုင်ငံများတွင်ဖြစ်သော ပိုးတွေ့လူနာ အရေအတွက်များကို မကြည့်ဘဲ မိမိမြို့ရွာ၏ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် ဝန်ပိနိုင်သော အမှတ်ကို ဖော်ထုတ်ကြရန်၊ ပိုးတွေ့သူ အနည်းငယ်ရှိစေကာမူ မြန်မြန်ဆန်ဆန်၊ ပြင်းပြင်းထန်ထန်၊ တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်ရန် (aggressive intervention) လိုအပ်ကြောင်းပြဆိုနေပါသည်။

ပိုးစစ်နိုင်မှု အကန့်အသတ်ရှိသောကြောင့်လည်း အပိတ်အဖွင့်အစဥ်ဖြင့် သွားရမည်ကို ပြနေပါသည်။  ပိတ်သောကာလများ ရှည်ကောင်းလည်း ရှည်ကြပါလိမ့်မည်။

လူအများ လိုက်နာအောင် အာဏာစက် သုံးတန်သုံးရမည်ဟုလည်း ညွှန်းနေပါသည်။

 

စီးပွားရေးဆိုင်ရာ စိန်ခေါ်ချက်များနှင့် မေးခွန်းများ

ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်ပါသည်။  ကိုဗစ်ဟန့်တားရေးအတွက် အိမ်မှာနေကြဖို့  အစိုးရက တရားဝင် မတိုက်တွန်းမီကပင် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ (retail and entertainment) အသွားအလာ ၄၅ ရာနှုန်း ဝန်းကျင် ကျသွားခဲ့သည်ကို ဂူဂဲ၏ လှုပ်ရှားမှုအင်တာနက်စာမျက်နှာက ပြသခဲ့ပါသည်။  ကပ်ကို ဟန့်တားရာတွင် လုံးဝဥဿုံ ခြေချုပ်ချသည်အထိ အရေးယူဆောင်ရွက်ရသည့် အခြေအနေဆိုက်သောအခါ စီးပွားရေး ရပ်သွားသည်အထိ ဖြစ်နိုင်သည်။  စီးပွားရေးကို မထိခိုက်အောင် ကပ်ကို ဟန့်တားဖို့ ဘာမှမလုပ်ပြန်လျှင်လည်း အသေအပျောက်များက ကြောက်ခမန်းလိလိ များလာ သည်။  ဆုပ်စူး၊ စားရူး အခြေအနေမျိုးတွင် မစူး၊ မရူးမည့် ဆုံးဖြတ်ချက်မျိုးကို ချိန်ရသည်မှာ ခက်ပါသည်။

ကပ်ကိုလည်း ကန့်သတ်ဖို့ ကြိုးစား၊ စီးပွားရေးလည်း ပြန်ဖွင့်လို့ရနိုင်မည့် သော့ချက်မှာ ပိုးစစ်ဆေးမှု (testing) နှင့် ထိတွေ့သွားလာမှုကွင်းဆက်ကို ခြေရာခံခြင်း(contact tracing) စနစ် တည်ဆောက်ခြင်း ဖြစ်ပါသည်။

 

ရောဂါပိုးရှိသူအား သိရေးကို ဘာကြောင့် သော့ချက်ဟု ပြောရပါသနည်း။

ဥပမာအားဖြင့် စျေး ဆိုပါစို့။  ရောင်းသူနှင့် ဝယ်သူ ဆုံကြရာ ရောဂါပိုးရှိသူ တယောက်ရှိလျှင်ပင် ကူးစက်မှုက အလျင်အမြန် ပျံ့နှံ့သွားနိုင်ပါသည်။  စက်ရုံတရုံကို ပြန်ဖွင့်မည် ဆိုလျှင်လည်း ရောဂါပိုး ရှိသူတယောက် မပါမှသာ လုပ်ငန်းက အရှိန်မပျက် သွားလို့ရပါမည်။  ထို့ကြောင့် ရောဂါပိုးရှိသူကို သိရေး၊ အများ မကူးစက်အောင် အမြန်ဆုံး ဖြတ်တောက်နိုင်ရေးဟူသော အလုပ်များမှာ စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် အရေးကြီးလာပါသည်။  ဓာတ်ခွဲစစ်ဆေးမှု၊ ရောဂါရှိသူကို ခြေရာခံ ကန့်သတ်နိုင်မှု ဟူသော လုပ်ငန်းနှစ်ခုက စီးပွားဆက်ဆံရေးအတွက် ချောဆီများ ဖြစ်ပါသည်။

ကန့်သတ်ပိတ်ဆို့မှုအပြီး စီးပွားရေး ပုံမှန်ပြန်လည် လည်ပတ်ပြီး  အလုပ်အကိုင်များ ပုံမှန်ပြန်ရရေးမှာ မူဝါဒဦးတည်ချက် ဖြစ်ရပါမည်။  ထို့ကြောင့် ကူးစက်မှု အနည်းဆုံးဖြင့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးကို ဦးတည်ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ပိုးစစ်ခြင်းနှင့် ထိတွေ့ သွားလာမှုကွင်းဆက်ကို ခြေရာခံခြင်း (contact tracing) နှစ်ခုမှာ သော့ချက်ဟု ပြောရခြင်း ဖြစ်ပါသည်။

 

ယင်းလုပ်ငန်းနှစ်ခုကို မည်သို့ အကောင်အထည် ဖော်နိုင်ပါမည်နည်း။ 

ယင်းလုပ်ငန်းနှစ်ခု လုပ်နိုင်ရန် လူ၊ ငွေကြေး၊ ပစ္စည်း၊ နည်းပညာတို့ကို ဖြည့်ဆည်းထူထောင်နိုင်မည့် မူဝါဒ ချမှတ်ရပါမည်။  လျင်လျင်မြန်မြန် လုပ်နိုင်မည့် အစီအစဥ်နှင့် စီမံချက်များ ရေးဆွဲအကောင် အထည် ဖော်ကြရပါမည်။

ဒေသအားဖြင့် ရန်ကုန်၊ မန္တလေးက စတင်ရန် ဖြစ်ပါသည်။  အဘယ်ကြောင့် ဆိုသော် ၂၀၁၂ တွင် လေ့လာခဲ့သော အာဆီယံနှင့် JAICA တို့ ၏ လေ့လာချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ရန်ကုန်၊ မန္တလေး ဝင်ရိုးပေါ်တွင် တည်နေသောကြောင့် ဖြစ်ပါသည်။[12]  နေပြည်တော်ကိုလည်း အလားတူ ဦးစားပေးစတင်မည့်မြို့တွင် ထည့်သွင်းရပါမည်။ အကောင်အထည် ဖော်ဖို့အတွက် ဘတ်ဂျက်လည်း ချထားရပါမည်။

 

မြန်မာနိုင်ငံ၏ ဘတ်ဂျက်ကို အရေးပေါ် ပြန်လည်ရေးဆွဲဖို့ လိုပါမည်လား။ 

လိုပါသည်။  ကိုဗစ်ကို နိုင်နင်းပြီး စီးပွားရေး ပြန်လည်ပတ်လာအောင် ဆောင်ရွက်ရေးကို အဓိကထား ဆောင်ရွက်ရမည် ဖြစ်သောကြောင့် စစ်တပ်အပါအဝင် ဌာနအသီးသီး၏ ဘတ်ဂျက်ကို လျှော့ချရမည် ဖြစ်ပါသည်။

ဘာကြောင့် လိုသနည်း နားလည်ရန် ကိုဗစ်ဓာတ်ခွဲစမ်းသပ်ရေး တခါစမ်းအတွက် ကုန်ကျစရိတ်ကို တွက်ကြည့်ပါမည်။  ရန်ကုန်မြို့၏လူဦးရေမှာ ၂၀၁၈ ကုလသမဂ္ဂစာရင်းအရ ၅ ဒသမ ၁၅၇ သန်း ရှိပြီး မန္တလေး ၁ ဒသမ ၃၇၄ သန်း ရှိပါသည်။[13] နေပြည်တော် ၀ ဒသမ ၉၂၅ သန်း ရှိပါသည်။[14]  လူဦးရေ စုစုပေါင်း ခုနစ်သန်းခွဲ (၇ ဒသမ ၄၅၆ သန်း) ကို ဓာတ်ခွဲ စစ်ဆေးမည် ဆိုပါစို့။

အသက် ၆၅ နှစ် အထက် အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ကျန်းမာရေးအာမခံ ကုမ္ပဏီများကိုပေးသော သတ်မှတ်စျေးနှုန်းမှာ စီဒီစီ စမ်းသပ်နည်းဖြစ်လျှင် ၃၆ ဒေါ်လာ၊ အခြားနည်း ၅၂ ဒေါ်လာ ဖြစ်ပါသည်။[15]  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ သုံးမြို့ က လူ ၇ ဒသမ ၅ သန်း အတွက် အနည်းဆုံးစျေး ၃၆ ဒေါ်လာ(ငွေလဲနှုန်း ၁၃၅၀ နှင့်ဆိုသော် ၄၈၆၀၀ ကျပ်) နှင့် တွက်လျှင် အမေရိကန် ဒေါ်လာ သန်း ၂၇၀ ဖြစ်ပါသည်။  ဒါက တခါစစ်ဆေးသည့်အတွက် ကုန်ကျစာရိတ် ဖြစ်ပါသည်။  အကယ်၍ စီးပွားရေးကို ပြန်ဖွင့်ဖို့ ၂၀၁၄ သန်းခေါင်စာရင်းအရ အလုပ်လုပ်နိုင်သောလူဦးရေ ၂၃ ဒသမ ၅ သန်းကို တခါပဲစစ်မည်ဆိုလျှင်ပင် ‌ဒေါ်လာ သန်း ၈၄၆ သန်း ကုန်ကျမည် ဖြစ်ပါသည်။  ဒါက ကိုယ်ခံအား ပစ္စည်းစစ်ဆေးတာ မပါသေးပါ။

သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သူ၏ အင်တာနက်စာမျက်နှာတွင် တင်ထားသော ဂျာမဏီ ပိုးစစ်နည်းနာကို နိုင်ငံတော်တော်များများက အသုံးပြုကြပါသည်။  ယင်းဂျာမန်နည်းကို မည်သည့်နိုင်ငံကမဆို ရယူနိုင်ပါသည်။[16]

ထို့ပြင် ထိတွေ့သွားလာမှုကွင်းဆက် ခြေရာခံရမည့်အလုပ်အတွက် ဖုန်းအပလီကေးရှင်းနှင့် ဆက်နွယ် သော သတင်းစုစည်းစီမံရာ ဗဟိုဌာနထူထောင်ရန်လည်း လိုပါမည်။  ဖုန်းအချင်းချင်း ကျူအာကုတ်ဖြင့် တွေ့ဆုံမှုကိုမှတ်တမ်းတင်နိုင်သောစနစ် တည်ဆောက်ကြရပါမည်။  အစိုးရရော၊ ပုဂ္ဂလိကလုပ်ငန်းများပါ အီလက်ထရောနစ်စီမံခန့်ခွဲသောစနစ်ကို ထူထောင်ရမည် ဖြစ်ပြီး အစိုးရက ချေးငွေအဖြစ် ပံ့ပိုးမည့် ကိစ္စတိုင်း လိလိုကို ယင်းလုပ်ငန်းများနှင့် ချိတ်ဆက်ထားရန် လိုပါလိမ့်မည်။

ထို့ပြင် အထူးကြပ်မတ်ကုသခန်းများ ထူထောင်ရေးအတွက်လည်း ကုန်ကျပါဦးမည်။  မြန်မာနိုင်ငံတွင် ဆေးရုံတက်ရသော ရောဂါများနှင့် အဓိကသေဆုံးရသောအကြောင်းများကို ကုသရာတွင် အဆင့်မြင့်စက်ပစ္စည်းကိရိယာများနှင့် အထူးကြပ်မတ်ကုသခန်းများ လိုအပ်ပါသည်။  ယင်းဆေးရုံများ ပြန်လည်စိစစ်ထူထောင်ရေး အပါအဝင်၊ ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုစနစ်အထိ ပြန်လည်သုံးသပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကြီး  လုပ်ရန် လိုအပ်ပါလိမ့်မည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု တားဆီးရေးမှာ တကျော့တည်းနှင့် ပြီးမသွားနိုင်ဘဲ အဖွင့်အပိတ်စီးရီး အစဥ်အလိုက် ဆောင်ရွက်ရဖွယ် ရှိသောကြောင့် ကန့်သတ်ပိတ်ရသော ကာလများတွင် အခြေခံလူတန်းစားများကို ထောက်ပံ့ကူညီဖို့ လိုပါမည်။  ယင်းနှင့်ဆက်စပ်ပြီး လုပ်သားများနှင့် ဝန်ထမ်းများ၏ လူမှုဖူလုံရေးစနစ်ကို သုံးသပ်အားဖြည့်ရပါဦးမည်။  ခပ်ခွာခွာနေရမည့် အချိန်မှာ အနည်းဆုံး ယခု နှစ်ကုန်မှ ၂၀၂၁ – ၂၀၂၂ အထိ ကြာသွားနိုင်သည်ဟု သုံးသပ်ထားကြသည့်အတိုင်း လုပ်ငန်းခွင်များကို ပြန်လည်ဖွဲ့စည်းရမည်ဖြစ်ရာ အစိုးရက စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းသတ်မှတ်ရမည် ဖြစ်သလို ကူလည်းကူညီရပါလိမ့်မည်။

ကုန်ကျစာရိတ်အားလုံးမှာ မည်သို့မည်ပုံ ကပ်ရောဂါကို ထိန်းပြီး မည်သို့မည်ပုံ စီးပွားရေးကို ဖွင့်မည်ဟူသည့် မဟာဗျူဟာနှင့် လုပ်ငန်းစဥ်အပေါ် မူတည်ပါသည်။  မြန်မာအစိုးရ၏ (၂၀၁၈-၁၉) ဘတ်ဂျက် အသုံးပမာဏမှာ ကျပ်ဘီလီယံ ၂၅၀၀၀ ခန့် ဖြစ်သောကြောင့် အမေရိကန်ဒေါ်လာဖြင့် (၁၃၅၀ ငွေလဲနှုန်းနှင့် တွက်လျှင်) ၁၈ ဒသမ ၅ ဘီလီယံ ဖြစ်ပါသည်။  စီးပွားရေး ပြန်လည်လည်ပတ်ရေးအတွက် အမေရိကန်ဒေါ်လာ ၃ မှ ၅ ဘီလီယံအထိ သုံးရဖွယ်ရှိပါသည်။  တနည်းပြောသော် ဘတ်ဂျက်၏ ၄၀ ရာနှုန်း ဝန်းကျင်လောက် ကုန်ကျစရာ ရှိနိုင်ပါသည်။

 

အထူးကြပ်မတ်ကုသခန်းတွေက ကိုဗစ်ပြီးသွားလျှင် လိုနိုင်သလား။  ချက်ချင်းလည်း ထူထောင်လို့ မရတော့ မလိုအပ်ဆိုလျှင် ဘတ်ဂျက်တွင် ထည့်ရေးဆွဲသင့်ပါသလား။ 

ပုံမှန်အချိန်တွင် အထူးကြပ်မတ်ကုသခန်းများမှာ  ကိုဗစ်ကာလလောက် မလိုအပ်ပါ။  အမေရိကန်မှာ တောင် အိုင်စီယူကုတင်က ဆေးရုံကုတင်၏ ဘယ်အချိုး ရှိရမည်ဟူသော တမျိုးသားလုံး စံ (national standard) မရှိပါ။  ၉၉ ရာနှုန်းသော ကုတင်များမှာ မြို့ကြီးများက ဆေးရုံများမှာသာ ရှိကြပါသည်။  ကျေးလက်ဆေးရုံတွင်ရှိသော ကုတင်မှာ ၁ ရာနှုန်းသာ ရှိသည်ဟု ဆိုပါ၏။[17] ယူကေတွင်တော့ သင်ကြားရေးဆေးရုံကြီးများတွင် အိုင်စီယူကုတင်နှင့် ဆေးရုံကုတင် အချိုးမှာ ၁း၁၀ ရှိကြပါသည်။  ကုတင် ၅၀ ဆေးရုံများတွင် အိုင်စီယူ တကုတင်ရှိသည်ဟု သိရပါသည်။  ဆေးရုံများ၏ အိုင်စီယူ၊ ဆေးရုံ ကုတင်အချိုးနှင့် သေပျောက်နှုန်းကို ဆက်စပ်လေ့လာသော လေ့လာချက် တရပ်တွင်[18] အိုင်စီယူကုတင် အချိုးမြင့်မားသော ဆေးရုံများတွင် သေပျောက်နှုန်း ပိုနည်းသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် ကုတင် ၉၅ လုံး ရှိသည်ဟုဆိုရာ နည်းမနည်း ဆန်းစစ်ဖို့ လိုကောင်းလိုပါလိမ့်မည်။  ဗီယက်နမ် ဟိုချီမင်းစီတီးမြို့တွင် အထူးကြပ်မတ်ကုသမှုကုတင် ၉၀၀ ရှိပါသည်။[19]  မည်မျှ တိုးမြှင့်မလဲဆိုသည်ကို စဥ်းစားသောအခါ ဆေးရုံတက်ရသော ရောဂါစာရင်းနှင့် လူနာအရေအတွက်၊ သေရသောအကြောင်းရင်းနှင့် အဓိကရောဂါစာရင်း၊ ယင်းရောဂါများကို ကုသရာတွင် အထူးကြပ်မတ်ကုသမှု လိုအပ်ချက်၊ ထို့ပြင် ဆေးရုံတရုံချင်း လိုအပ်ချက် စသော အကြောင်း အချက်များကို စဥ်းစားရမည်ဟု ထင်ပါသည်။  ထို့အပြင် အိုင်စီယူဟူသည် အထူးလေ့ကျင့်ထားသော ဆရာဝန်၊ ဆရာမနှင့် အခြားဝန်ထမ်းများအပြင် စက်များကို ထိန်းသိမ်းရမည့် အင်ဂျင်နီယာများပါ လိုသောကြောင့် လေ့ကျင့်ခန့်ထားရေးဆိုင်ရာ အကြောင်းအချက်များကိုပါ စဥ်းစားရပါမည်။

မြန်မာနိုင်ငံ၏ ၂၀၁၈ လူဦးရေမှာ ၅၃၇ သိန်း[20] ရှိရာ လူ တသိန်းတွင် အိုင်စီယူကုတင် ၀ ဒသမ ၁၇၆၉ သာ ရှိသည်ဟု ဆိုနိုင်ပါသည်။  လူတသိန်းတိုင်းအတွက် အိုင်စီယူကုတင် အချိုးကို နိုင်ငံတချို့တွင် အောက်ပါ အတိုင်း တွေ့ရပါသည်။[21]

 

ကိုဗစ် ၁၉ နှင့် ဆက်နွယ်သော မဟာဗျူဟာကို မည်သို့ စဥ်းစား၊ လုပ်ဆောင်နေကြပါသနည်း။ 

ကိုဗစ် ၁၉ ကိုင်တွယ်ရေးနှင့် စီးပွားရေး ပုံမှန်ပြန်လည်ပတ်ရေးကို ရှေးရှုပြီး နိုင်ငံများက ချမှတ်ထားကြသော မဟာဗျူဟာများကို အကြမ်းဖျင်း လေ့လာကြည့်ကြရအောင်။  သို့မှသာ ဘာလုပ်နေကြ သည်၊ ဘာလုပ်နိုင်သည်ကို မြင်နိုင်ပါလိမ့်မည်။  အောက်ပါအတိုင်းတွေ့ရပါ၏။

၁။  ကိုယ်ခံအား ပေါ်ပေါက်ရေးကို အားပြုသော မဟာဗျူဟာ။  နယ်သာလန်၊ ဆွီဒင် စသော နိုင်ငံများက နိုင်ငံကို အလုံးစုံ မချုပ်ကန့်ကြပါ။  ဒါတောင် နယ်သာလန်တွင် ကျောင်းများကို ပိတ်ပါသည်။  စားသောက်ဆိုင်၊ လက်ဖက်ရည်၊ ကော်ဖီဆိုင် ပိတ်ပါသည်။  အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်လို လက်နှင့် ထိတွေ့လုပ်ဆောင်ရသော လုပ်ငန်းများ ပိတ်ပါသည်။  သို့သော် ကျန်လုပ်ငန်းများ မပိတ်ပါ။  သွားသွားလာလာ နေမြဲ။  တိုင်းသူပြည်သားများ ရောဂါဖြစ်၊ ကိုယ်ခံအားပေါ်ပေါက်၊ ရောဂါပြီးရန် ရည်ရွယ်သည်။ သို့သော် လက်ဆေးပြီး ရောဂါလက္ခဏာပြသည်နှင့်ချက်ချင်း သက်ဆိုင်ရာကို အကြောင်းကြား၊ သူများနှင့် မဆက်ဆံတော့ဘဲ အိမ်မှာ နေခိုင်းပါသည်။  အသက်ရှူကျပ်ခြင်း၊ အဖျားကြီးခြင်းကဲ့သို့ လက္ခဏာများ ပိုမိုဆိုးလာလျှင် ဆေးရုံကို ဖုန်းဆက်၊ ဆေးရုံတက်ဖို့ ညွှန်ကြားထား၏။  အသက်အရွယ်ကြီးသူများကိုတော့ အိမ်တွင်နေထိုင်ကြရန် တိုက်တွန်းသည်။  ကာကွယ်ဆေး ပေါ်လာသည်အထိ အတတ်နိုင်ဆုံး အိမ်မှာနေထိုင်ကြရန် ဖြစ်သည်။

၂။  နည်းပညာအားပြုသော အရှေ့အာရှ မဟာဗျူဟာ။   တောင်ကိုရီးယား၊ စင်ကာပူတို့ကတော့ ရောဂါလက္ခဏာပြသည်နှင့် သွားလာခဲ့သော နေရာများကို သိနိုင် မည့် အီလက်ထရောနစ် ခြေရာခံစနစ်ကို အားထားသည်။  သံသယရှိသူများနှင့် စပြီး ပိုးဓာတ်ခွဲစစ်ဆေးမှုကို တိုးချဲ့လုပ်သွားသည်။  ထိုင်ဝမ် ကလည်း ကိုယ်ပူချိန်ကို တိုင်းတာ ဖော်ထုတ်နိုင်သော တီဗွီဆင်ဆာများကို ကုန်တိုက်များ၊ စျေးများ၊ အများပြည်သူ သွားလာကြသော နေရာများတွင် တပ်ဆင်ထားသည်။  ဘတ်စ်ကား စီးလျှင် ကျူအာ ကုတ်အမှတ်အသားဖြင့် ပြသစီးရသောစနစ် လုပ်ထား၏။  ငွေကို မသုံးတော့ဘဲ အကြွေး ဝယ်ကတ်များကို သာ သုံးကြသဖြင့် ဘယ်မှာဝယ်၊ ဘယ်မှာစား၊ ဘယ်ကိုသွား ဒေတာရှိနေသည်။  တရုတ်နိုင်ငံ၊ ဟူပေ ပြည်နယ်ကို ဖွင့်လိုက်သောအခါတွင် နေရာ တကာ သွားလာခွင့် ရှိသောသူ၊ အချို့နေရာကိုသာ သွားလာနိုင်သောသူ၊ အသွားအလာ  ကန့်သတ်ထားသူ စသဖြင့် ခွဲခြားထားသည်။  ပိုးစစ်ဆေးတွေ့ရှိမှု၊ ကိုယ်ခံအား စစ်ဆေးတွေ့ရှိမှု၊ အသက်အရွယ်၊ ရောဂါအခံ စသဖြင့် ကျန်းမာရေးဆိုင်ရာ အကြောင်း အချက်များကို အခြေခံပြီး ယင်းသို့ ခွဲခြားထားပါသည်။  လူချင်းတွေ့လျှင် ဖုန်းမှာပါသော ကျူအာကုတ်ကို တဦးကို တဦး ပြခြင်းဖြင့် ဘယ်သူနှင့် တွေ့သည်ကိုလည်း ခြေရာခံလို့ ရသွားသည်။  မကြာမီက အိုင်ဖုန်းများအတွက် apple က လည်းကောင်း၊ အန်းဒရိုက်ဖုန်း များအတွက် ဂူဂဲကလည်းကောင်း ပိုးတွေ့ထားသူတွေ့လျှင် ဖုန်းထဲမှာ အချက်အလက် ထည့်ထားခြင်းအားဖြင့် အနီးရှိ ဖုန်းများက သိနိုင်သော အပလီကေးရှင်းများကို အခမဲ့ထည့်ထားရန် ခွင့်ပြုထားပါသည်။

ဤသို့ ဖုန်းနည်းပညာကို အားပြုသော်လည်း ရပ်ရွာအသိုက်အဝန်းတရပ်အတွင်း ကူးစက်မှုဖြစ် သည်နှင့် ထိုနေရာကို ကန့်သတ်ခြေချုပ်ချပြီး မပြန့်ပွားအောင် ဆောင်ရွက် ပါသည်။  ဥပမာ တောင်ကိုရီးယားတွင် ဒေဂူးမြို့က ပျံ့နှံ့သောအခါ ဒေဂူးကို ပိတ်လိုက်ပါသည်။  တဦးချင်း ကူးစက်လျှင် ထိတွေ့မှုကွင်းဆက် တလျှောက်လုံးကို ကန့်သတ်ခြေချုပ်ချပါသည်။  တရုတ်ကတော့ လျင်လျင်မြန်မြန်နှင့် တုံ့ပြန် ဆောင်ရွက်ခဲ့ပြီး အာဏာစက်ကို အသုံးချခဲ့ပါသည်။

ဤနည်းပညာ မဟာဗျူဟာမှာ ပြည်သူတို့၏ ပုဂ္ဂလလွတ်လပ်ခွင့်ကို ထိပါးသည်ဟု အနောက်နိုင်ငံနှင့် လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြဝေဖန်ကြပါသည်။  တရုတ် အာဏာအသုံးပြုပုံက ကြမ်းရမ်း  အာဏာရှင်ဆန်သည်ဟုလည်း ဝေဖန်ကြသည်များ ရှိသည်။

၃။  ကိုယ်ခံအားပစ္စည်းနှင့် ပိုး ရှိမရှိပေါ်မူတည်ပြီး စီးပွားရေးကို ပြန်ဖွင့်မည့် နည်းလမ်း။  ဤနည်းလမ်းမှာ အဆိုပြုနည်းလမ်းတရပ် ဖြစ်ပါသည်။  လူတိုင်းကို အုံလိုက်ကျင်းလိုက် ကိုယ်ခံအားပစ္စည်း antibody ရှိမရှိ၊ ပိုး ရှိမရှိ စစ်ပြီး လုပ်ငန်းများလုပ်ကိုင်ခွင့် ပြန်လည်ခွင့်ပြုမည့် မဟာဗျူဟာ ဖြစ်ပါသည်။  ကိုယ်ခံအား ရှိသူနှင့် ပိုးမရှိသူများမှာ စီးပွားရေးအတွင်း ပြန်လည်လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။  အမေရိကန် ကူးစက်ရောဂါလေ့လာရေးဌာနမှူး ဒေါက်တာ ဖော်ချီက ထိုသို့သော အတည်ပြု ကတ်ပြား ထုတ်ပေးရေးကို စဥ်းစားနေသည်ဟု မီဒီယာကို ပြောသည်။  နယူးယောက်တက္ကသိုလ်မှ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပေါလ်ရိုမာက တနေ့ ကို ၄၀၀၀ ကျော် စစ်နိုင်သော စက် အလုံးပေါင်း ၅၀၀၀ ထုတ်လုပ်ပြီး တနေ့ လူ သန်း ၂၀ စမ်းသပ်သွားရန် ဖြစ်သည်။  ၁၄ ရက် တကြိမ် စမ်းသပ်သွားခြင်းဖြင့် ကပ်ရောဂါ ကင်းစင်သည်အထိ တိုက်ဖျက်သွားရန် အဆိုပြုသည်။

ဝူဟန်ပြန်ဖွင့်ပြီးနောက် လုပ်ကိုင်ပုံနှင့် ဆင်တူသည်။  သို့သော် မဟာစိတ်ကူး ဖြစ်သည်။  ဟားဗတ်မှ ပညာရှင်များက လက်တွေ့မကျဟု ထောက်ပြပြီး စစ်ဆေးရေးကို လက်ရှိနှုန်းထက် တိုးမြှင့် လုပ်သွားခြင်းဖြင့် ပုံမှန် အသစ်ကို တဖြည်းဖြည်း ကူးပြောင်းဖို့ အဆိုပြုပါသည်။

၄။  ကပ်ရောဂါတိုက်ဖျက်ရေးကို အနေခွာသောနည်းဖြင့်သွားပြီး လျော့သွားသည်အထိ မစောင့်ဘဲ စီးပွားရေးကို အဓိကထားပြန်ဖွင့်မည့် နည်းလမ်းကတော့ အမေရိကန်သမ္မတ ထရမ့် စဥ်းစားနေသော နည်းလမ်း ဖြစ်ပါသည်။  နိုင်ငံတော်တော်များများက စီးပွားရေး ပြန်ဖွင့်ဖို့ စိတ်စောနေကြပြီး ကူးစက်ရောဂါကာကွယ်ရေး ပညာရှင်များကတော့ အချိန်မကျဘဲ ပြန်မဖွင့်ဖို့ သတိပေးနေကြပါသည်။

သို့ဆိုလျှင် မြန်မာနိုင်ငံ၏ မဟာဗျူဟာကို မည်သို့ ပေါင်းဖွဲ့ပါမည်နည်း။ 

မဟာဗျူဟာတရပ်လုံးအနေဖြင့် ကပ်ရောဂါ ပြန့်ပွားမှုကို ကြိုတင်မြော်မြင်၍ မြန်မြန်ဆန်ဆန် တင်းတင်းကျပ်ကျပ်လိုအပ်လျှင် အာဏာစက်သုံး တားဆီးပြီး စီးပွားရေး ပြန်လည်လည်ပတ်ရေးအတွက် ပြင်ဆင်ရေး ဖြစ်ပါသည်။  ဤသို့ ပြင်ဆင်ရာတွင်

  • ဓာတ်ခွဲစမ်းသပ်ရေးနှင့် ရောဂါကွင်းဆက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ခြေရာခံလိုက်သောစနစ်သို့ အမြန်ဆုံးကူးပြောင်းနိုင်အောင် ဆောင်ရွက်ရေးက သော့ချက် ကျသည်ဟု မြင်သည်။
  • ပုံမှန်စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ပြီး စီးပွားရေး ဦးမော့လာရေးအတွက် အလုပ်အကိုင် ရရှိနိုင်သည့် (employment) ပတ်ဝန်းကျင် ထူထောင်နိုင်ရေးက အဓိက ဖြစ်သည်ဟု ယူဆသည်။

လက်ငင်းချက်ချင်း လုပ်ရန်။

၁။  ကူးစက်ရောဂါ နှစ်ဆပွားအချိန် (epidemic doubling time) ကို တွက်ချက်ပြီး ယင်းပေါ်မူတည်၍ ကျန်းမာရေးစောင့်‌ရှောက်မှု ဝန်ပိအမှတ် ရောက်ရှိနိုင်မည့် အချိန်ကာလကို ကြိုတင်မှန်းဆရန် ဖြစ်ပါသည်။  အခြားနိုင်ငံများ ဖြစ်ပွားပုံနှင့် နှိုင်းယှဥ် စဥ်းစားသင့်သည် မှန်သော်လည်း လက်တွေ့ အလုပ် သဘောအရ ကိုယ့်အခြေနှင့်ကိုယ် ပျံ့နှံ့မှု တဟုန်ထိုးထောင်မတက်သွားရန် စဥ်းစားသင့်ပါသည်။  ကူးစက်ရောဂါဆိုင်ရာ ပညာရှင်များက  တွက်ချက်၊ မိုဒယ်ထုတ်၊ မှန်းဆနိုင်လျှင် ပိုကောင်းပါသည်။  ကန့်သတ်ခြေချုပ်ချခြင်းမှာ ပျံ့နှံမှုကို နှေးသွားစေကြောင်း MIT တက္ကသိုလ်၏ လေ့လာချက်က ပြဆိုသည်။[22]

ယေဘူယျ လူပြိန်း ခြောက်ရက် နှစ်ဆ အခြေခံတွက်ချက် မှန်းဆချက်အရ မေလလယ်လောက်တွင် ရန်ကုန်မှာ အကျပ်ဆိုက်နိုင်သည်ဟု ခန့်မှန်းပါသည်။  သို့သော် နှစ်ရက်အတွင်း နှစ်ဆတိုးလာသောနှုန်းကို ကြည့်လျှင် အီးဒီတီ သုံးရက် သို့မဟုတ် လေးရက်နှင့် တွက်မှန်းဆသည်က ပို သင့်မလားဟု စဥ်းစားစရာ ရှိ၏။  ထိုအခါ ဧပြီလကုန် မေလဆန်းတွင် အကျပ်ဆိုက်နိုင်သည်ဟု ခန့်မှန်းရပါသည်။   ထို့ကြောင့် အထက်တွင် ရန်ကုန်တမြို့လုံးကို ဖြစ်စေ၊ ရန်ကုန်၏ အစိတ်အပိုင်း တရပ်ကိုဖြစ်စေ အသွားအလာ ကန့်ချုပ်(lockdown) ချဖို့ လိုပြီလား သုံးသပ်သင့်ပါသည်။

၂။  ကန့်ချုပ်ကာလမှာ မူလမျှော်မှန်းထားသော ၁၀ ရက်ထက် ကျော်နိုင်သောကြောင့် အခြေခံ လူတန်းစားများ ပံ့ပိုး‌ရေးကို ရက်တိုးဆောင်ရွက်ဖို့ ပြင်ဆင်ရန် ဖြစ်ပါသည်။

၃။  ၁၄ ရက် ပိတ်နေစဉ်လက္ခဏာပြသူများကို သိနိုင်ရန် ဖုန်းအပလီကေးရှင်းတခု အလျင်အမြန် ရေးဆွဲရန် ဖြစ်ပါသည်။  သံသယလက္ခဏာ ပြသည်နှင့် လူတိုင်းက အကြောင်းကြားနိုင်သော အက်ပ်မျိုး ဖြစ်ပါသည်။ ခရီးသွားများ ဖုန်းအတွင်းသွင်းရသော တောင်ကိုးရီးယားပုံစံမျိုး ဖြစ်ပါသည်။  ယင်းအရေအတွက်က အပိတ်အဖွင့်ကိစ္စအတွက် ဆုံးဖြတ်ရာတွင် အရေးကြီးပါသည်။

၄။  အပိတ်အဖွင့်ကို ပိုးတွေ့အရေအတွက်နည်းစဥ် လုပ်လျှင် ပိတ်သောကာလ တိုနိုင်သည်။  ပိုးတွေ့များမှ လုပ်သော် ပိတ်သောကာလ ရှည်နိုင်ပါသည်။  မြန်မြန်ဖွင့်နိုင်ဖို့ဆိုလျှင် ပိုးတွေ့ အရေအတွက် နည်းစဥ် ၁၄ ရက် ပိတ်၊ ပျံ့နှံ့မှုကို မထိန်းနိုင်သေးဟု ယူဆလျှင် ရက်တိုး၍၊ ပျံ့နှံ့မှုကို ထိန်းနိုင်သည်ဟု ယူဆလျှင် (ဥပမာ မန္တလေး) အနေအသွား ခပ်ခွာခွာကာလတခု ဖွင့်၊ ပိုးစစ်၊ ယင်း တွေ့ရှိချက် အပေါ် မူတည်ပြီး ၁၄ ရက် ပြန်ပိတ် စသော အပိတ်အဖွင့် ဖြစ်စဥ်များနှင့် သွားနိုင်ပါသည်။  စင်ကာပူ၊ ဂျပန်တို့မှာ မကြာခင်က အရေးပေါ်အခြေအနေသတ်မှတ် ပိတ်ရသော အဖြစ်သို့ ပြန်ရောက်ကြပါသည်။[23]

၅။  ယင်းအပိတ်အဖွင့်ကို ဆုံးဖြတ်ရာတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း၊ နေရာ၊ ပျံ့နှံ့ပုံဆိုင်ရာ သတင်းအချက်အလက်များနှင့် ကူးစက်ပုံခြေရာကောက်ခြင်း (contract tracing) တို့မှာ အရေးကြီးပါသည်။  ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖုန်းကို အဓိကထားပြီး အီလက်ထရောနစ်စနစ်တရပ် ရေးဆွဲထူထောင်ရန်။

 

လာမည့် လပိုင်းနှင့် ရေရှည် မဟာဗျူဟာ

၆။  အခြေခံလူတန်းစား ထောက်ပံ့ရေးမှာ အပိတ်ဖြစ်စဥ်တိုင်းတွင် ဆောင်ရွက်ရမည် ဖြစ်သည့်အပြင် နောင်တွင်လည်း ဆင်းရဲမှုပပျောက်ရေးနှင့် ဆက်စပ်နိုင်ရန်အတွက် ယခုစာရင်းကို ပြန်လည် သုံးသပ်ရန်။  ထိုသို့ သုံးသပ်ရန်အတွက် အထောက်ပံ့ခံ ရွေးချယ်ရေးစံနှုန်းများ (criteria)၊ ပံ့ပိုးပုံ နည်းလမ်းများကို ပြန်သုံးသပ်၊ ယင်းစနစ်များ၏ ထိရောက်မှုအတွက် ထိန်းကျောင်းကြီးကြပ်ရေးစနစ်များကို စဉ်းစားရန်။

၇။  အခြေခံလူတန်းစား ထောက်ပံရေးနှင့်ဆက်နွယ်ပြီး စက်ရုံများနှင့် စီးပွားရေး လုပ်ငန်းများ ချေးငွေကိုလည်း ချိတ်ဆက်စဉ်းစားရန်။  အလုပ်သမားများ၏ နေရေး ထိုင်ရေး အချက်နှင့် လုပ်ငန်း ချေးငွေ (သို့) အခွန်စနစ် ခံစားခွင့်များကိုလည်း ချိတ်ဆက်သုံးသပ်ရန်။

ဂ။  ကျန်းမာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်အောက်တွင် အိုင်စီယူများထူထောင်ရေးကို ထည့်သွင်းရေးဆွဲရန်။  ယင်းအိုင်စီယူအရေအတွက်ကို ဆုံးဖြတ်ရာတွင် (၂၀၁၇ က)ထုတ်ပြန်ခဲ့သည့် သေဆုံးရသော အကြောင်းများ၊ ဆေးရုံတက် ရောဂါစာရင်း များအပေါ် အခြေခံပြီး ဆေးရုံများဖွဲ့စည်းပုံနှင့် ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒစုံလိုက် ပြန်လည်သုံးသပ်ရေးနှင့် ဆက်စပ်စဉ်းစားရန်။

၉။  အချက် ၅ ပါ လုပ်ငန်းများမှာ အီလက်ထရောနစ်အစိုးရစနစ်သို့ ကူးပြောင်းရေးနှင့် ဆက်နွယ်နေသောကြောင့် အီးအစိုးရစနစ်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ပုံကို အစိုးရမဟုတ်သော နည်းပညာရှင်များ၊ ဖွံဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ပညာရှင်များ ပါဝင်သည့် သီးခြားလွတ်လပ်သောအဖွဲ့တရပ်နှင့် ပြန်လည်သုံးသပ်ရန်နှင့် ယင်းအဖွဲ့၏ တင်ပြချက်များအရ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်။

၁၀။  ယခု ကပ်ရောဂါတိုက်ဖျက်ရေးအတွင်း ဆရာဝန်မျာအသင်း၊ သူနာပြုများအသင်းနှင့် အခြားလူမှု အဖွဲ့အစည်းများနှင့် တိုးချဲ့ဆက်ဆံ လုပ်ကိုင်သွားရေးဆိုင်ရာ လမ်းညွှန်ချက်တရပ် ရေးဆွဲထုတ်ပြန်ရန်။

၁၁။  အထက်ပါ လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ်ပြီး ဘတ်ဂျက်ကို ပြန်လည် ရေးဆွဲ ချမှတ်ရန်။

နိဂုံး

ကပ်ရောဂါ၏ လူမှုစီးပွားအပေါ် သက်ရောက်သောဆိုးကျိုးများမှ ပြန်လည်ထူထောင်ကြဖို့အတွက် ကိုယ်အား၊ ဉာဏ်အား၊ ငွေကြေးအားဖြင့် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြရမည့်ကိစ္စ ဖြစ်ပါသည်။

မြန်မာပြည်သူအပေါင်း ဤကပ်ကြီးကို ကျန်းကျန်းမာမာ ကျော်လွှားနိုင်ကြပါစေ။

 

နောက်ဆက်တွဲ

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းအား

ဆေးရုံကုတင်။  လူ ၁၀၀၀ တွင် ရှိသော ဆေးရုံကုတင် အချိုးမှာ ၂၀၁၂ ခုနှစ်အထိ ၀.၉/၁၀၀၀ ဖြစ်ပါသည်။  ၂၀၁၄ တွင်တော့ စုစုပေါင်း အစိုးရဆေးရုံ ၁၀၅၆ တွင်ရှိသော ကုတင်မှာ ၅၆၇၄၈ ဖြစ်လာပြီး သန်းခေါင်စာရင်းအရ လူဦးရေ မှာ ၅၁ သန်းကျော် (၅၁၄၁၉၀၀၀) ဖြစ်ပါသည်။[24]  လူ ၁၀၀၀ အချိုးအားဖြင့် ဆိုလျှင် ၁.၁၀ ဖြစ်လာပါသည်။  (လက်ရှိအခြေအနေ ဂျပန်နှင့် ကိုရီးယား > 12/1000 (1.2 /1000 လား မသိဘူး၊ AMH)၊ တရုတ် 2.4/1000၊ အမေရိကန် 2.3/1000။)

ဆရာဝန်၊ သူနာပြု။ မြန်မာနိုင်ငံ၏ လူတသိန်းတွင် ဆရာဝန်၊ သူနာပြုနှင့် သားဖွားဆရာမ ရှိသောနှုန်းမှာ ၆၁၊ ၁၀၀ နှင့် ၇ ယောက် ဖြစ်ကြပါ၏။[25]  အရှေ့တောင်အာရှတခုလုံးနှင့် နှိုင်းယှဉ်လိုက်သောအခါ အောက်ပါအတိုင်း တွေ့ရပါသည်။


အထူးကြပ်မတ်ကုသခန်း။   ၂၀၁၈ တွင် ထုတ်ဝေခဲ့သော စာတမ်းအရ၊[26] ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးခုတွင် အထူးကြပ်မတ်ကုသခန်း ၁၇ ခု ရှိပါသည်။  စုစုပေါင်း ကုတင် ၉၅ လုံး ရှိပါသည်။  ထိုစဥ်အခါက ယင်းနေရာများမှလွဲပြီး အခြားနေရာများတွင် အိုင်စီယူများ မရှိဟု အနှစ်ချုပ် အချက်အလက်စာတွင် ဆိုထားပါသည်။  အဆင့် ၃ [27] အထူးကြပ်မတ်ကုသခန်းများ ဖြစ်သည်။  သူနာပြုနှင့် လူနာ အချိုးမှာ စံကိုက် ၁း၃ ဖြစ်ပါသည်။  အထူးကုများ၏ ကုသမှုအကြံဉာဏ် ပေးနိုင်ခြင်း၊ လေ့ကျင့်သင်ကြားနိုင်ခြင်း၊ လမ်းညွှန်ချက်များနှင့် အိုင်တီပိုင်းနည်းပညာ အထောက်အကူ ပေးနိုင်ခြင်း စသော နယ်ပယ်သုံးရပ်တွင် အကန့်အသတ်ရှိသည်ဟု သုံးသပ်ထားပါ၏။[28]

[1] Mapping the Provision of Intensive Care in Myanmar, Journal of the Intensive Care Society 19(2_spp):1-162 · June 2018

[2] ibid

[3] တရုတ်ပြည် လူနာများကို လေ့လာသော လေ့လာချက်တခုတွင်တော့ ၉၇ ရာခိုင်နှုန်းသော လူနာများ မှာ ၁၂ ရက်အတွင်း ရောဂါ ပြသည်ဟု ဆိုပါသည်။  ရန်ကုန်တွင် သတ်မှတ်သော ၁၀ ရက် ကို မည်သည့် လေ့လာချက်နှင့် သတင်းတွင်မှ ဤ စာရေးသူ မတွေ့မိသေးပါ။

[4] https://www.cgdev.org/blog/does-one-size-fit-all-realistic-alternatives-covid-19-response-low-income-countries#.XomnOxPOonw.facebook

[5] 1. Why exponential growth is so scary for the COVID-19 coronavirus, Forbes, March 17, 2020, assessed April 15 2020 at https://www.forbes.com/sites/startswithabang/2020/03/17/why-exponential-growth-is-so-scary-for-the-covid-19-coronavirus/

  1. Simple math offers alarming answers about Covid 19, health care – STAT, https//:www.statnews.com

[6] EDT Formula Source: https://wwwnc.cdc.gov/eid/article/9/8/pdfs/03-0334.pdf data run by Kyi Sin Lin Than, MPH (Johns Hopkins University), Senior Consultant, Lewin Group consulting firm, Boston, US

[7] ကျန်းမာရေးဝန်ကြီးဌာနက စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ရက်စွဲများ ထပ်နေတတ်သည်ကို တွေ့ရရာ စာရင်းသွင်းသောအခါ ရက်လွဲချော်နိုင်သည်များ ရှိနိုင်ပါသည်။  ရက်စွဲနှင့် နေ့အလိုက်စာရင်းကို စာရေးသူ မတွေ့မိလိုက်ပါ။

[8] https://www.who.int/emergencies/diseases/novel-coronavirus-2019/situation-reports

[9] https://apps.npr.org/documents/document.html?id=6838637-COVID-19-Strategy-Update-14April2020

[10] Mapping the Provision of Intensive Care in Myanmar, Journal of the Intensive Care Society 19(2_spp):1-162 · June 2018

[11] AP News: Reports suggest many have had coronavirus with no symptoms, https://apnews.com/d20f283318c86bec3cc2d3d7936a9612 assessed at 11:15 AM, April 20, 2020

[12] Toshihiro Kudo and Satoru Kumagai, Two Polar Growth in Myanmar: Seeking High and Balanced Development, Institute of Developing Economies (IDE), JETRO, 2012

[13] https://www.un.org/en/events/citiesday/assets/pdf/the_worlds_cities_in_2018_data_booklet.pdf downloaded at 12:41 PM on April 14, 2020.  (ရန်ကုန် တိုင်း ဒေသကြီး တစ်ခုလုံး ၂၀၁၄ သန်းခေါင်စာရင်းအရ ၇.၃၆၀ သန်း)

[14] https://www.worldometers.info/world-population/myanmar-population/ downloaded on April 14, 2020

[15] https://www.cms.gov/files/document/mac-covid-19-test-pricing.pdf

[16] https://www.nytimes.com/2020/04/16/health/WHO-Trump-coronavirus.html

[17] https://www.npr.org/2020/03/25/819940409/icu-bed-capacity-varies-widely-nationwide-see-how-your-area-stacks-up

[18] https://www.ncbi.nlm.nih.gov/pubmed/25756414; The Volume-Outcome Relationship in Critically Ill Patients in Relation to the ICU-to-Hospital Bed Ratio, Sasabuchi Y, Yasunaga H, Matsui H, Lefor AK, Horiguchi H, Fushimi K, Sanui M, Crit Care Med. 2015 Jun; 43(6):1239-45. doi: 10.1097/CCM.0000000000000943; assessed at 12:10, April 17, 2020

[19] https://www.dw.com/en/how-vietnam-is-winning-its-war-on-coronavirus/a-52929967

[20] https://www.worldometers.info/world-population/myanmar-population/

[21] https://www.sccm.org/getattachment/Blog/March-2020/United-States-Resource-Availability-for-COVID-19/United-States-Resource-Availability-for-COVID-19.pdf

[22] http://news.mit.edu/2020/new-model-quantifies-impact-quarantine-measures-covid-19-spread-0416

[23] https://www.japantimes.co.jp/news/2020/04/16/national/japan-nationwide-state-of-emergency/#.XpnBYplG02x

https://www.cnet.com/news/singapore-had-the-coronavirus-under-control-now-it-is-locking-down-the-country/

[24] Nyi Nyi Latt et al, Nagoya Journal of Medical Science 78. 123 ~ 134, 2016

[25] ibid

[26] Mapping the Provision of Intensive Care in Myanmar, Journal of the Intensive Care Society 19(2_spp):1-162 · June 2018

[27] “A Level III ICU is a tertiary referral unit for intensive care patients and should be capable of providing comprehensive critical care including complex multi-system life support for an indefinite period. Level III units should have a demonstrated commitment to academic education and research.”  College of Intensive Care Medicine of Australia and New Zealand, 2011

[28] ဆေးရုံများ နှင့် ပတ်သက်ပြီး၊ ပိုမို သိလိုပါက၊ မြန်မာ ဆေးရုံများ ၏ အခြေအနေ ကို ဂျပန်နိုင်ငံ အကူအညီပေးရေး အဖွဲ့ JAICA က လေ့လာထားသော စာတမ်းများ (reparatory Survey for Yangon Private Hospital Project (PPP Infrastructure Project) In Republic of the Union of MyanmarFinal Report (Public Version) နှင့် Preparatory Survey on the Project for Improvement of Medical Equipment in Hospitals in Yangon and Mandalay in the Republic of the Union of Myanmar, 2013 ) တွင် ကြည့်ရှုနိုင်ပါသည်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search