Menu & Search

ကိုဗစ်အလွန် မြန်မာနိုင်ငံ၏ အနာဂတ်သစ်အတွက် ပြင်ဆင်ရာတွင်  စဉ်းစားသင့်သည့်အချက်များ

July 17, 2020

ယခင် ကမ္ဘာ့ကပ်ဘေးမှ စီးပွားရေးအကျပ်အတည်းများအား အောင်မြင်စွာကျော်လွန်နိုင်ခဲ့သည်ကို သင်ခန်းစာယူခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) က ကိုဗစ်-၁၉ ကို ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးကြီးလို့  ကြေညာခဲ့တဲ့ ၂၀၂၀၊ မတ် ၁၁ ရက်ကစပြီး သုံးလခွဲအကြာ ဒီနေ့အထိ ရောဂါပိုးကူးစက်သူပေါင်း ၁၀ သန်းနီးပါးနဲ့ သေဆုံးသူပေါင်း ၅ သိန်းနီးပါး ရှိခဲ့ပါပြီ။ အခြေအနေဆိုးခဲ့တဲ့ ဥရောပနိုင်ငံတွေမှာ တည်ငြိမ်သွားပေမဲ့ အမေရိကတိုက်၊ တောင်အာရှနဲ့ စင်ကာပူလို အရှေ့တောင်အာရှနိုင်ငံတွေမှာ တရက်ထဲ ပိုးတွေ့သူ ရာထောင်ချီနေပါသေးတယ်။  မြန်မာနိုင်ငံမှာတော့ ပိုးကူးစက်သူပေါင်း ၃၀၀ ပတ်၀န်းကျင်နဲ့ သေဆုံးသူပေါင်း ခြောက်ဦးထက်မပိုဘဲ ရှိနေပါတယ်။ ဒါပေမဲ့  လက်ရှိ ကိုဗစ်ကူးစက်သူနဲ့ သေဆုံးသူအရေ အတွက်တခုတည်းကိုပဲကြည့်ပြီး မြန်မာနိုင်ငံအပေါ် ကိုဗစ်ရဲ့ရိုက်ခတ်မှုကို လျှော့တွက်လို့ လုံး၀မရနိုင်ပါဘူး။ ကိုဗစ်လို လူမျိုး၊ ဘာသာ၊ လူကြီးလူငယ် အဆင့်အတန်းမရွေး ကူးစက်နိုင်တဲ့ရောဂါပိုးရဲ့  စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးဂယက်ဟာ ဒီလောက်ကြီးမားလိမ့်မယ်လို့ ကမ္ဘာတဝှမ်းက လူတွေတော်တော်များများ ကြိုတင်မခန့်မှန်းမိခဲ့ကြပါဘူး။ အားလုံးနီးပါး အငိုက်မိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်နဲ့နပန်းလုံးလာခဲ့တာ နှစ်၀က်လောက်ကျိုးလာပေမဲ့လည်း ကိုဗစ်ရဲ့ ဂယက်ဟာ ချက်ချင်း ဒါမှမဟုတ် အချိန်တိုတိုအတွင်းမှာ ပပျောက်သွားမှာ မဟုတ်တဲ့အပြင် နောက်ထပ် နှစ်နဲ့ချီ ကြာဦးမယ်လို့  စောင့်ကြည့်အကဲဖြတ်သူတွေနဲ့ နိုင်ငံ့ခေါင်းဆောင်အများက သုံးသပ်နေကြပါတယ်။ ကိုဗစ်ကြောင့် လက်ငင်းကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကြိုးစားဖြေရှင်းရင်း တပြိုင်တည်းမှာပဲ တိုင်းပြည်တွေအတွက် ရေရှည်စီးပွားရေး ပြန်လည်ဦးမော့လာအောင် အကြိတ်အနယ် ပြင်ဆင် စီမံနေကြပါတယ်။ လူတဦးချင်းသော်လည်းကောင်း၊ တိုင်းပြည်အလိုက်သော်လည်းကောင်း ဦးစားပေးမှုတွေကို ပြန်လည်သုံးသပ်ပြီး ပြန်လည်ချိန်ညှိမှုတွေကို ပြုလုပ်နေကြပါတယ်။  မကြာသေးခင်က ထုတ်‌ဝေတဲ့ McKinsey Quarterly ရဲ့ ဆောင်းပါးတပုဒ်မှာ ယခင်ကြုံခဲ့ဖူးတဲ့ ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးတွေ (၁၉၁၈ ပတ်၀န်းကျင်ကဖြစ်ခဲ့တဲ့ Spanish Flu)၊ သဘာ၀ကပ်ဘေးတွေ (၂၀၀၄ အာရှဆူနာမီ)၊ the Great Depression (၁၉၃၀ အမေရိကန်နိုင်ငံ)၊ Asian Financial Crisis (၁၉၉၇ အရှေ့အာရှ) တို့လို ကြီးမားတဲ့ ငွေကြေးအကျပ်ရိုက်မှုတွေကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်စေခဲ့တဲ့ အစိုးရတွေရဲ့ စီးပွားရေးကုစားရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်တဲ့အခါ အဓိကလက္ခဏာ သုံးရပ် တွေ့ရတယ်လို့ ဆိုပါတယ်။

  • တိုင်းသူပြည်သားတွေရဲ့ကောင်းကျိုး (welfare) နဲ့ လူသားအရင်းအမြစ်တည်ဆောက်ရေးကို ဦးစားပေးလုပ်ဆောင်တာ၊
  • ဒီလိုကပ်ဘေးတွေဟာ ကပ်မတိုင်မီ နဂိုရှိရင်းစွဲ အခြေအနေတွေ၊ လားရာတွေ (ကောင်းသည်ဖြစ်စေ၊ ဆိုသည်ဖြစ်စေ)ကို ပိုမိုအရှိန်အဟုန် ကြီးမားလာအောင် တွန်းပို့စေနိုင်တာကြောင့် အဲဒီအချက်ကို ထည့်သွင်းစဉ်းစားပြီးတော့ ရေရှည်အတွက် ပြင်ဆင်ကြတာနဲ့
  • လက်ငင်း ကပ်ဘေးဆိုင်ရာအခက်အခဲတွေကို ဖြေရှင်းရင်း ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်  စောနိုင်သမျှအစောဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြတာ (အလားတူ ရပ်သင့်တာတွေကိုလည်း စောနိုင်သမျှစောအောင် ရပ်ကြတာ)။

အထက်ပါ McKinsey Quarterly က ဖော်ပြထားတဲ့ အချက် သုံးချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ချိန်းထိုးပြသတဲ့  ညွှန်းကိန်း၊ ဒေတာ သတင်းအချက်အလက်တချို့နဲ့ သုံးသပ်ပြီး ဘယ်လိုသင်ခန်း စာယူနိုင်မလဲ။  အထူးသဖြင့် အားနည်းချက်တွေကို အပြုသဘောဆောင်တဲ့အနေနဲ့ ဇောင်းပေးပြီး ဆန်းစစ်ကြည့်ကြရအောင်ပါ။

ဒီနေရာမှာ  မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သာမန်ကျန်းမာနေတဲ့ လူတယောက်ကို ရုတ်တရက် အဖျားကြီးပြီး နေမကောင်းလို့ ကုသရတဲ့ အခြေအနေမဟုတ်တာကို သတိမူရပါမယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအပြင် အတွင်းအပြင် ဒဏ်ရာရှိသူတဦးကို ကုသတဲ့အခါ ရောဂါအခံတွေကို ပိုမဆိုးစေအောင် ငဲ့ညှာသတိထားပြီး ဆေးပေး ကုသရမှာဖြစ်ပါတယ်။  ကိုဗစ်မတိုင်ခင်ကတည်းက မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်တွေ၊ ပညာရေး၊ ကျန်းမာရေး၀န်ဆောင်မှု နိမ့်ကျမှုတွေ၊  တရားဥပဒေ စိုးမိုးမှု အားနည်းတာတွေ၊ ဆင်းရဲနွမ်းပါးမှုတွေကို ဆယ်စုနှစ်များစွာ ခံလာခဲ့ရတဲ့ ကွဲလွယ်ရှလွယ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၀ ပြည့်နှစ်ကစပြီး တပြည်ထောင်စစ်အုပ်ချုပ်ရေးကနေ ဖယ်ဒရယ်ဒီမိုကရေစီစနစ်၊ စစ်တပ်က ဦးစီးချုပ်ကိုင်တဲ့ ကျေးဇူးခံ-ကျေးဇူးစား (patron-client) ဈေးကွက်စီးပွားရေးကနေ ပိုမိုပီပြင်လာတဲ့ ဈေးကွက်စီးပွားရေးနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုတဲ့  အကူးအပြောင်းကြီး သုံးခုကို တပြိုင်နက်တည်း တည်ဆောက်နေရတဲ့နိုင်ငံ ဖြစ်တာကြောင့် သူများနဲ့မတူတဲ့ စိန်ခေါ်မှုတွေများစွာ ရှိပါတယ်။ ဒီလိုတိုင်းပြည်တွေဟာ နိုင်ငံပြင်ပက ရိုက်ခတ်မှုတွေ (external shocks)နဲ့ ကြုံလာရင် ခံနိုင်ရည်နည်းတာကိုလည်း သတိမူရပါမယ်။

 

ပထမအချက်

အများပြည်သူကောင်းကျိုးနှင့် လူသားအရင်းအမြစ်တည်ဆောက်ခြင်းကို အဓိက ဦးစားပေးဆောင်ရွက်ခြင်း

တိုင်းပြည်တပြည်မှာ ကျန်းမာသန်စွမ်း အရည်အချင်းရှိပြီး လုပ်ကိုင်နိုင်စွမ်း (productivity) ကောင်းတဲ့ တိုင်းသူပြည်သားတွေနဲ့ လုပ်သားအင်အားထက် တခြားဘယ်အရာကမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး။ ဒါကြောင့် တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အလွှာအားလုံးက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် မျက်ခြည်မပြတ် အလေးပေး ဆောင်ရွက်ကြတာ အားလုံးအသိပါ။ ကပ်ဘေးတွေ ကြုံလာရင် အနိမ့်ဆုံးလွှာမှာ ရှိသူတွေက ပိုပြီး အထိနာကြရပါတယ်။ ဒါကြောင့်  ကိုဗစ်-၁၉ လို လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ မရွေး ကူးစက်နိုင်တဲ့ ရောဂါကို တိုက်ဖျက်ဖို့ တချို့နိုင်ငံဆိုရင် မိမိတိုင်းပြည်တွင်း တရား၀င် နေထိုင်ခွင့်မရှိသူတွေကို ဆေးကုသပေးဖို့ သက်ဆိုင်ရာက ဆုံးဖြတ်ဆောင်ရွက် ကြပါတယ်။ မြန်မာနိုင်ငံရဲ့  ပြည်သူလူထုအများစုရဲ့ အခြေအနေကို ကြည့်ကြရအောင်ပါ။

၂၀၁၉၊ ဇွန်မှာ နိုင်ငံတော်ဗဟိုစာရင်းအဖွဲ့က UNDP နဲ့ World Bank တို့ရဲ့ ပံ့ပိုးမှုနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့  ၂၅ ရာခိုင်နှုန်း(၁၂ သန်းနီးပါး) ဟာ သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှုအညွှန်းကိန်းရဲ့ အောက်မှာရှိတယ်လို့ ဖော်ပြထားပါတယ်။  အရွယ်ရောက် လူကြီးတယောက်အနေနဲ့ စား၀တ်နေရေးအတွက် တရက် ကို ၁၅၉၀ ကျပ် အောက်ပဲ သုံးစွဲနိုင်တဲ့သူကို ဆင်းရဲတယ်လို့ သတ်မှတ်ထားတာပါ။ အမှန်မှာ တရက်ကို ၅,၀၀၀-၆,၀၀၀ ကျပ်ပဲ သုံးနိုင်တယ်ဆိုရင်တောင် ရပ်တည်ရေးအတွက် ခက်ခဲတာကြောင့် လူဦးရေရဲ့  ၂၅ ရာခိုင်နှုန်းမကသော ပြည်သူတွေဟာ ဆင်းရဲကျပ်တည်းစွာ နေကြရတယ်လို့ သုံးသပ်နိုင်ပါတယ်။ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ (UNICEF) ကတော့ လူဦးရေရဲ့  ၃၇ ရာခိုင်နှုန်းထက်မနည်းဟာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်မှာ ရှိတယ်လို့ ဆိုပါတယ်။ ဇွန် ၂၅ ရက် World Bank က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ ခြောက်လပတ် အကဲဖြတ်အစီရင်ခံစာမှာ ကိုဗစ်ကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိဆင်းရဲမွဲတေမှု အခြေအနေတွေ ပိုမိုဆိုရွားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နောက်ဆုံးဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ လက်ရှိ ကချင်၊ ကရင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ  စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း  ၃၁၂,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၇၇ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်ပေါင်းလည်း သိန်းနဲ့ချီ ရှိနေပါသေးတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် အဆင်မပြေလို့ ပြည်ပထွက်ပြီး ရရာအခြေခံအလုပ်လုပ်ရသူပေါင်း သန်းနဲ့ချီ ရှိပါတယ်။ ခု ကိုဗစ်ကြောင့် အနည်းဆုံး သောင်းနဲ့ချီ၊  သိန်းနီးပါး တဖွဲဖွဲ ပြန်လည်ရောက်ရှိလာကြပါတယ်။ သူတို့ဆီမှာ မြန်မာပြည်အတွက် အသုံး၀င်မယ့် အတွေ့အကြုံတွေ၊ အတတ်ပညာဗဟုသုတတွေ ပါလာနိုင်ပါတယ်။ ခု ကိုဗစ်အခြေအနေအတိုင်းဆို သူတို့တွေ ပြန်ထွက်ပြီး အလုပ်လုပ်ဖို့ မလွယ်နိုင်သေးပါ။ ပြန်လာသူတွေ ဘယ်လိုအလုပ်အကိုင်တွေကို လုပ်နိုင်မလဲဆိုတာကို သိနိုင်ဖို့ သူတို့မှာ ဘယ်လိုတတ်ကျွမ်းမှုတွေ ရှိလဲဆိုတာကို စစ်တမ်းကောက်ယူနေတယ်ဆိုတာလည်း သိရပါတယ်။

အသက် ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းကို ကြည့်ရင်လည်း မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အများဆုံးဖြစ်ပြီး အာဟာရမပြည့်လို့  မိမိအသက်အရွယ်မှာ ရှိသင့်တာထက် သေးငယ်ပုညှက် (stunting) တဲ့ ကလေးအရေအတွက်ဟာ ၂၉ ရာခိုင်နှုန်းဖြစ်တယ်လို့ UNICEF က ပြောပါ တယ်။ ကလေးတွေ သေးညှက်တာဟာ သူတို့ရဲ့ ဉာဏ်ရည်တိုးတက်မှုကို ထိခိုက်နိုင်တဲ့အပြင် တိုင်းပြည်အတွက် ရေရှည်စီးပွားရေးပြဿနာ ဖြစ်တယ်လို့ World Bank ရဲ့ သု‌တေသနစာတမ်းတွေမှာ တွေ့ရပါတယ်။ လက်ရှိ အရွယ်ရောက်လုပ်သားတွေ ငယ်စဉ်အခါက အာဟာရမပြည့်လို့ သေးညှက်တဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိတဲ့ တိုင်းပြည်တွေမှာ တဦးချင်း GDP ဟာ  ပျှမ်းမျှအားဖြင့် ၇ ရာခိုင်နှုန်း ကျဆင်းတာကို လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။  ဒါကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း  ကလေးငယ်တွေ သေးညှက်မှုကို ၃၂ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြပါတယ်။  အာဖရိကတိုက်က ဆီနီဂေါနဲ့ တောင်အမေရိကတိုက်က ပီရူးနိုင်ငံတွေမှာ ၁၈ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်းအထိ လျှော့ချ နိုင်ခဲ့တာ တွေ့ရပါတယ်။

တခါ မြန်မာနိုင်ငံရဲ့ လုပ်သားအင်အား (labor force) စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ informal sector လို့ခေါ်တဲ့ တရား၀င်မှတ်ပုံတင်ခြင်းမရှိတဲ့ လက်လုပ်လက်စားနဲ့ အိမ်ဆိုင်၊ လမ်းဘေးဆိုင်၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ ဖြစ်တယ်လို့ ၂၀၂၀ ပြည့်နှစ် မေလထုတ် နိုင်ငံတကာအလုပ်သမားအဖွဲ့ (International Labor Organization) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေးဟာ စိုက်ပျိုးရေးအဓိကဆိုပေမဲ့ လူဦးရေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ကျေးလက်နေစိုက်ပျိုးတောင်သူတွေဟာ သွင်းအားစု၊ နည်းပညာ၊ ငွေကြေး၊ မြေယာ၊ အထွက်နှုန်း၊ ဈေးကွက်နဲ့ပတ်သက်ပြီး အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရပါတယ်။ တနိုင်ငံလုံးမှာမှ စိုက်ပျိုးရေးတက္ကသိုလ်ဆိုတာ တခုပဲ ရှိပါတယ်။  ပညာရေးကို ကြည့်မယ်ဆိုရင်လည်း နှစ်စဥ်နှစ်တိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၃၀ ရာခိုင်နှုန်း ပတ်၀န်းကျင်ပဲ ရှိပါတယ်။ ကျန် ၇၀ ရာခိုင်နှုန်းသော လူငယ်တွေရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။  အောင်တဲ့ ၃၀ ရာခိုင်နှုန်းရဲ့ အနာဂတ်တွေဟာလည်း မသေချာပါ။ တချိန်က အရှေ့တောင်အာရှမှာ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာလည်း စပိန်နိုင်ငံရဲ့ ညွှန်းကိန်းတခုအရ ဒီနေ့ ကမ္ဘာမှာ အဆင့် ၇,၀၁၂ မှာရှိပြီး တခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ဟာလည်း အဆင့် ၁၄,၅၈၂ မှာ ရှိနေတာပါ။

ပြီးခဲ့တဲ့ လေးလအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ခြောက်ဦးပဲ ရှိခဲ့ပေမဲ့ ပြည်တွင်းစစ်ကြောင့် အရပ်သားသေဆုံးသူပေါင်း ဒါဇင်နဲ့ချီ ရှိပြီး  ဒဏ်ရာရသူ ရာနဲ့ချီသလို လူနေအိမ်၊ ကျေးရွာပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရလို့  အိုးအိမ်စွန့် ထွက်ပြေးနေရသူပေါင်း သောင်းဂဏန်းနီးပါး ရှိနေပါပြီ။ ဒီအခြေအနေတွေဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေအတွက် အိတ်ပေါက်နဲ့ ဖားကောက်ရတဲ့ အခြေအနေကို ဖြစ်စေပါတယ်။

မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ လူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတာကြောင့် မတူကွဲပြားတဲ့လူတွေ မှီတင်းနေထိုင်ကြတဲ့  အမေရိကန်၊ ဆွစ်ဇာလန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည်တို့လို နိုင်ငံတွေမှာ  မတူကွဲပြားမှုတွေကို ဘယ်လိုအောင်မြင်စွာ စီမံခန့်ခွဲသလဲ၊ ခွဲခြားဆက်ဆံမှုတွေကြောင့် ဘယ်လိုဆိုးကျိုးတွေ ရင်ဆိုင်ရသလဲဆိုတာ လေ့လာဆင်ခြင်သင့်ပါတယ်။

မြန်မာနိုင်ငံမှာ အရေးပေါ်ကိစ္စတွေ ဖြေရှင်းတဲ့အခါမှာ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စဉ်းစားတဲ့အခါမှာ အထက်ပါ အခြေအနေတွေကို လျစ်လျူရှုထားလို့ မရပါဘူး။ အခြားတိုး တက်တဲ့နိုင်ငံတွေမှာ လူမှုရေး အခက်အခဲတွေ ရှိပေမဲ့လည်း  သူတို့နိုင်ငံရဲ့ ပုံရိပ်ကို လွှမ်းခြုံပေးနိုင်တဲ့ စွမ်းဆောင်နိုင်ရည် (ပြည်သူအများရဲ့ လူနေမှုအဆင့်အတန်း မြင့်မားခြင်း၊ လူမှုဖူလုံရေး အစီအစဉ်၊ ကျန်းမာရေး၊ ပညာရေး အခွင့် အလမ်းကောင်းမွန်ခြင်း၊ ဆန်းသစ်တီထွင်မှု၊ နည်းပညာတွေနဲ့ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ခြင်း) တွေဟာ ဂုဏ်ယူအားကျစရာပါ။ မြန်မာနိုင်ငံသားတွေထဲမှာ တဦးချင်းအနေနဲ့ ကမ္ဘာအဆင့်မီ ပညာ‌၊ အလုပ်အကိုင်တွေမှာ အောင်မြင်စွာ ၀င်ဆံ့နိုင်သူတွေ အတိုင်းအတာတခုအထိ ရှိလာသလို  အနည်းဆုံး အရှေ့တောင်အာရှအဆင့်မှာ အသိအမှတ်ပြုခံရတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ရှိလာပေမဲ့ တနိုင်ငံလုံးရဲ့ ပုံရိပ်ကို လွှမ်းခြုံနိုင်လောက်တဲ့အထိ မလုံလောက်သေးပါဘူး။  အဘက်ဘက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရည် ကောင်းတဲ့၊ ကျန်းမာသန်စွမ်း အတတ်ပညာပြည့်စုံတဲ့ မျိုးဆက်သစ်တွေ၊ လုပ်သားတွေ မွေးထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ ဥပမာ – ကိုဗစ်ကာလအတွင်း ကျင့်သားရသွားစေခဲ့တဲ့ online ကတဆင့် ဆက်သွယ်မှု၊ လေ့လာသင်ယူမှု အလေ့အထတွေကို အခွင့်ကောင်းယူပြီး ထိရောက်အောင်မြင်မှု မရှိတဲ့ ‌အဝေးသင် ပညာရေးစနစ်ကြီး တခုလုံးကို  ပြုပြင်ပြောင်းလဲပြီး  တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ပညာတွေကို online ကနေတဆင့် သင်ကြား ပေးနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။

 

ဒုတိယအချက်

ကပ်ဘေးမတိုင်မီ စီးပွားရေးအခြေအနေတွေကို ပြန်လည်ဆန်းစစ်ပြီး ရေရှည်အနာဂတ် အတွက် ပြင်ဆင်ခြင်း၊ အစီအစဉ်ချခြင်း

ကိုဗစ်မတိုင်ခင်ကတည်းက လမ်းခုလတ်မှာပဲရှိသေးတဲ့  မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ခရီးရှည်ကြီးတွေဟာ အခြေမခိုင်သေးပါဘူး၊ လှုပ်လီလှုပ်လဲ့နဲ့ ရှလွယ်ကွဲလွယ် အနေအထားမှာပဲ ရှိပါသေးတယ်။ ဒီ သုံးခုလုံးဟာ ဖိုခနောက်ပမာ တခုနဲ့ တခု ချိတ်ဆက်နေပြီး အပြန်အလှန် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် အရေးပေါ်အခြေအနေတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက်  မြန်မာနိုင်ငံကို ကျန်းမာသန်စွမ်းတဲ့ လူတယောက်လိုဖြစ်အောင် ဆက်လက်ပြုစုပျိုးထောင်ပေးမှာသာ ကိုဗစ်ဆိုင်ရာ ကုစားမှုတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာလည်း  အသုံးပြုတဲ့ နည်းလမ်းတွေက ပြုပြင်ပြောင်းလဲရေးတွေကို မထိခိုက်စေဘဲ တိုးတက်စေအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု

အုပ်ချုပ်မှု၊ ဥပဒေပြုမှု၊ တရားစီရင်မှု ယန္တရားတွေ ကိုယ်ခံအားကောင်းမှသာလျှင် ကပ်ဘေးအမျိုးမျိုးကြောင့် ရိုက်ခတ်လာတဲ့ ဂယက်တွေကို ထိရောက်အောင်မြင်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်သူ အများစုက လိုလားတောင့်တတဲ့  ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ဖော်ဆောင်ဖို့ လမ်းစပေါ်လာပြီ ဖြစ်ပေမဲ့ စိန်ခေါ်မှုတွေများစွာ ကြုံနေရဆဲဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် ကောင်းမွန်တဲ့ အုပ်ချုပ်မှု (good governance) စနစ်ကို တည်ဆောက်နိုင်ဖို့အတွက် အစိုးရခေါင်းဆောင်တွေ၊ ၀န်ထမ်းတွေ၊ ယန္တရားတွေရဲ့  စွမ်းဆောင်နိုင်ရည် (competence)၊ ထိရောက်အောင် ဆောင်ရွက်နိုင်မှု (effectiveness)၊ ပြည်သူတွေရဲ့ လိုအပ်မှုတွေကို တုံ့ပြန်ဖြည့်ဆည်းမှု (responsiveness)၊  ပွင့်လင်းမြင်သာမှု (transparency)၊ တရားဥပဒေစိုးမိုးမှု (rule of law)၊ အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်မှု (control of corruption) နဲ့ တာ၀န်ခံတာ၀န်ယူမှု (accountability) တို့ကို မြှင့်တင်ဖို့ မျက်ခြည်မပြတ် ဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပိုမိုထိရောက်အောင် IT/digital နည်းပညာတွေကလည်း ရေရှည်မှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း သက်သာအောင် အများကြီးပံ့ပိုးနိုင်တာကြောင့်  အစပျိုးထားပြီးဖြစ်တဲ့ e-government လုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်အောင် နိုင်ငံတကာဖွံ့ဖြိုရေး မိတ်ဖက်အဖွဲ့တွေရဲ့ ပံ့ပိုးမှုတွေနဲ့အတူ ရေရှည် ကိုယ့်ခြေထောက်ပေါ်ကိုယ် အောင်မြင်စွာရပ်တည်နိုင်ဖို့ကို ရည်စူးပြီး  အစိုးရကိုယ်တိုင်ကလည်း လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားအရင်းအမြစ်၊ ပစ္စည်းကိရိယာတွေအတွက်  ဘက်ဂျက်တွေကို လျာထား၊ ထုတ်သုံးဖို့ ဆောင်ရွက်သင့်ပါတယ်။

နိုင်ငံရေးလို့ပြောရင် လုံခြုံရေးကိစ္စကို ဖယ်ထားလို့မရပါဘူး။ Globalization၊ ရာသီဥတုပြောင်းလဲမှုတွေကြောင့် အခုခေတ်မှာ ကမ္ဘာ့နိုင်ငံတွေက  လုံခြုံရေးကို စစ်ရေး၊ နယ်မြေစိုးမိုးရေး ရှုထောင့်ကနေပဲ သမားရိုးကျ ကြည့်လို့မရတော့ပါဘူး။ ကိုဗစ်-၁၉ လို ကူးစက်ရောဂါ ပြန့်ပွားတာ၊ သဘာ၀ပတ်၀န်းကျင်ထိခိုက်တာ စတဲ့  သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးခြိမ်းခြောက်မှု (non-traditional security threat)တွေကိုပါ ထည့်သွင်းစဉ်းစား လာကြရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အမျိုးသားလုံခြုံရေးလို့ပြောရင် ပြည်သူတွေရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးတို့ကိုလည်း ဦးစားပေး ဆောင်ရွက်ဖို့ လိုပါတယ်။

ကိုဗစ်ကာလမှာ  အခွင့်ကောင်းယူပြီး အာဏာရှင် (authoritarian) တချို့က  မိမိတို့ရဲ့ ဩဇာအာဏာကို ချဲ့ထွင်ဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်နေကြတယ်၊ နေဟန်ရှိနေတဲ့အကြောင်း  ပြည်တွင်းပြည်ပက မျက်မှောက်ရေးရာ သုံးသပ်သူတွေက စာစောင်တွေမှာ ရေးသားသတိပေးနေကြတာကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဘက်ဘက်က ပြုပြင်ပြောင်းလဲမှုတွေ အခုလက်ရှိ အနေအထားအထိ ရောက်ရှိဖို့  မျိုးဆက်တခုမက ပြည်သူအများရဲ့ အသက်သွေးချွေးတွေနဲ့ အများကြီး ပေးဆပ်ခဲ့တာကြောင့်   နောက်ပြန်မလှည့်ဖို့အတွက်  ခေါင်းဆောင်နဲ့ ပြည်သူတွေအားလုံး အထူးစောင့်ရှောက်ကြဖို့ အရေးကြီးပါတယ်။

 ဈေးကွက်စီးပွားရေးသို့ အသွင်ပြောင်းလဲမှု

ကိုဗစ်အတွက် စီးပွားရေး ကုစားမှုတွေ၊ ပြန်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်တဲ့အခါ  တိုင်းပြည်ရဲ့  စီးပွားရေးကိုယ်ခံအားကြံ့ခိုင်မှု (economic resilience) ပိုမိုကောင်းမွန်ဖို့အတွက် ဆက်လက်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။  ကိုဗစ်မတိုင်မီ  မြန်မာနိုင်ငံရဲ့  စီးပွားရေးအုပ်ချုပ်စီမံမှု (economic governance) တွေမှာ  ယခင် ၁၀ နှစ်ကနဲ့စာရင် တိုးတက်မှုတွေများစွာ ရှိခဲ့ပါတယ်။  ဥပမာ – ဆက်သွယ်ရေး၀န်ဆောင်မှုကို အစိုးရက လက်၀ါးကြီးအုပ်ထားခဲ့တာကို ဖြေလျှော့ပေးခဲ့တာကြောင့်  ဆင့်ကဲအကျိုးကျေးဇူးတွေများစွာ ခံစားလာခဲ့ရတာ အခုအချိန်အထိပါ။ ဒီပြောင်းလဲမှုသာ မရှိခဲ့ဘူးဆိုရင် ဒီနေ့ ကိုဗစ်ကာလမှာ online ကနေ ရောင်း၀ယ်တာ၊ အိမ်ကနေ အလုပ်လုပ်တာ၊ ကျောင်းတက်တာတွေ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကားတင်သွင်းခွင့်၊ လက်လီလက်ကားလုပ်ငန်း၊ အာမခံလုပ်ငန်း စတာတွေကို  နိုင်ငံတကာအပါအ၀င် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းတွေကို ဖွင့်ပေးလိုက်တာမျိုး၊ လက်လီဘဏ်၀န်ဆောင်မှုတွေမှာ နိုင်ငံတကာဘဏ်တွေကို လုပ်ခွင့်ပေးလိုက်တာမျိုး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ဥပဒေတွေ ပြုပြင်ပြောင်းလဲတာ၊ ခေတ်မီ ဉာဏပစ္စည်းဥပေဒေတွေပြဌာန်းလိုက်တာ စတဲ့  အပေါင်းလက္ခဏာဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒါပေမဲ့  ဒါတွေဟာ နိုင်ငံတကာမှာ ဖြစ်နှင့်ပြီးတာ ကြာလို့ မြန်မာနိုင်ငံက နောက်တောင် နောက်ကျနေတာကို ဆင်ခြင်ရပါမယ်။  သို့ပေမဲ့လည်း  စီးပွားရေးအုပ်ချုပ်စီမံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြည့်စုံလုံလောက်တယ်လို့ လုံး၀ မဆိုနိုင်သေးပါဘူး။ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းသစ်တွေ အမြစ်တည်ခိုင်မာဖို့  များစွာ ဆက်လက်ကြိုးစားရပါဦးမယ်။  စီးပွားရေးဆိုင်ရာ တရားမျှတမှုစနစ် (commercial justice system) ဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ အရေးကြီးပါတယ်။ ဒါကြောင့် ဥပဒေ၊ မူ၀ါဒ၊ လုပ်ထုံးလုပ်နည်းတွေမှာ ပိုမိုခိုင်မာ၊ မျှတ၊ ရှင်းလင်းပြီး တခုနဲ့ တခု ဟန်ချက်ညီစွာရှိဖို့၊ လွဲမှားနေတာ၊ ခေတ်နောက်ကျနေတာတွေကို ပြုပြင်ပြောင်းလဲမှုတွေ regulatory reform ကို အရှိန်အဟုန်မပျက် ဆက်လုပ်ဖို့ လိုပါသေးတယ်။  မြန်မာ့စီးပွားရေး အခြေအနေဆိုင်ရာ စောင့်ကြည့်အကဲဖြတ်တဲ့ World Bank ရဲ့  ခြောက်လပတ် အစီရင်ခံစာမှာ  မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းဟာ မူလ ၆ ဒသမ ၂ ရာခိုင်နှုန်းကနေ ကိုဗစ်ကြောင့် ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ထိုးကျသွားမယ်လို့ ခန့်မှန်းပါတယ်။ ဒါ့အပြင် ကိုဗစ်ဒဏ်ကြောင့် အိမ်နီးချင်းနဲ့ ကုန်သွယ်ဘက်နိုင်ငံတွေအပါ၀င် ကမ္ဘာတဝှမ်းမှာ ၀ယ်လိုအားတွေ ကျဆင်းလာဖို့ရှိတဲ့အပြင် ပြည်တွင်း၀ယ်လိုအားတွေလည်း ကျဆင်းလာဖို့ရှိတာကြောင့်  မြန်မာနိုင်ငံအတွက် စီးပွားရေးကြံ့ခိုင်သန်စွမ်းဖို့ မလိုအပ်တဲ့အသုံးစရိတ်တွေကို လျှော့ချဖို့ လိုပါတယ်။ ပြည်ပကို မပို့နိုင်တဲ့ စိုက်ပျိုးထွက်ကုန် ကုန်ကြမ်းတွေကနေ ပြည်တွင်း၀ယ်ယူစားသုံးနိုင်တဲ့ ကုန်ချောတွေ ထုတ်လုပ်ဖို့ အားစိုက်ဆောင်ရွက်ရပါမယ်။ တနိုင်တပိုင် informal စီးပွားရေးလုပ်ငန်း၊ လူထုအကျိုးပြု စီးပွားရေးလုပ်ငန်း (social enterprise)တွေ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေအပါအ၀င် အကြီးစား ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းနဲ့ ဘဏ်တွေက တိုင်းပြည်ရဲ့အခက်အခဲတွေကို market solutions တဖက်တလမ်းက အကောင်းဆုံးကူညီ ဖြေရှင်းပေးနိုင်ဖို့အတွက် အစိုးရအနေနဲ့   စီးပွားရေးစီမံအုပ်ချုပ်မှုကို ကောင်းသထက်ကောင်းအောင် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်

စစ်ရေးပဋိပက္ခကြောင့် ကပ်ဘေးရဲ့ ဆိုးကျိုးဂယက်တွေဟာ ပိုမိုဆိုးရွားစေတယ်ဆိုတာကို သက်သေ များစွာနဲ့  သုံးသပ်ချက်တွေ၊ သုတေသနတွေ့ရှိချက်တွေမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ ကပ်ဘေးကြောင့်မို့ အဓိကနဲ့ သာမညကို ခွဲခြားနိုင်ပြီး ပြည်တွင်းစစ်တွေကို ကျေအေးခဲ့ကြတဲ့ ဥပမာတွေလည်း ရှိပါတယ်။  ၂၀၀၄ ခုနှစ် ဆူနာမီသဘာ၀ကပ်ဘေးကြီးနဲ့ ကြုံရတော့ အင်ဒိုနီးရှားနိုင်ငံ Aceh မှာ အစိုးရနဲ့ Aceh လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ (GAM) တို့အကြား နှစ်ပေါင်း ၃၀ လောက်ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို တဖက်နဲ့ တဖက် အပြန်အလှန် ရင်ကြားစေ့ပြီး အပြီးသတ်နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြလို့ ကမ္ဘာမှာ မျက်နှာရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း  နိုင်ငံရေးပြဿနာကြောင့် နှစ်ပေါင်း ၇၀ ကျော်၊ မျိုးဆက် သုံးဆက်မက ကြာမြင့်လာပြီဖြစ်တဲ့  ပြည်တွင်းစစ်ကို နစ်နာမှုအနည်းဆုံးနဲ့ အဆုံးသတ်နိုင်ဖို့  နိုင်ငံရေးနည်းလမ်းနဲ့ သဘောထားမှန်ကန်စွာ အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းကြဖို့ လိုပါတယ်။ မတူညီတဲ့ ဌာနေတိုင်းရင်းသား လူမျိုးစုခေါင်းဆောင်အချင်းချင်း အပြန်အလှန်ယုံကြည်မှုနဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ထောင်ဖို့ ကြိုးစားခြင်းမှာ အစပြုခဲ့တဲ့  မြန်မာနိုင်ငံမှာ အချင်းချင်း အနိုင်ပိုင်း ချေမှုန်းနိုင်လို့လည်း နိုင်ငံတကာမှာ မျက်နှာရမှာ မဟုတ်ပါဘူး။  ပြည်သူတွေ စိတ်ချမ်းသာမှာ မဟုတ်သလို ငြိမ်းချမ်းရေးလည်း ရနိုင်မှာ မဟုတ်ပါဘူး။ ဆယ်စုနှစ်များစွာ ကြာလာတဲ့ စစ်ပွဲတွေမှာ ဘယ်အဖွဲ့မှ အပြစ်မကင်းကြပါဘူး။  ဒါပေမဲ့  အစစအရာရာ အဆများစွာ အင်အားကြီးသူကတော့ ပိုပြီးတာ၀န်ရှိတယ်လို့ သုံးသပ်ပါတယ်။  အနှစ်သာရရှိတဲ့ ရင်ကြားစေ့ညှိနှိုင်းခြင်းနဲ့ အမြန်ဆုံးအဖြေရှာဖို့ အရေးကြီးပါတယ်။

ကပ်ရောဂါကြီးအတွင်း လူတွေရဲ့အသက်ကို ကာကွယ်ဖို့ စေတနာရှင်ပြည်သူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အလှူငွေ၊ ပစ္စည်းတွေ ဝိုင်း၀န်း လှူဒါန်းနေတဲ့ အချိန်၊ မလိုအပ်တဲ့နေရာတွေမှာ အသုံးစရိတ်တွေ လျှော့နေကြတဲ့အချိန်မှာ  မြန်မာနိုင်ငံမှာ စစ်ပွဲတွေအတွက် အကန့်အသတ်ပဲရှိတဲ့ အရင်းအမြစ်တွေကို သုံးစွဲနေတာက တိုင်းပြည်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့အပြင် အားလုံး အကျိုးခံစားခွင့်ရှိတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အဆောက်အဦတွေရဲ့ ကိုယ်ခံအားကိုလည်း ချည့်နဲ့စေပါတယ်။  ခါးသီးတဲ့ စစ်ပွဲ၊ စစ်ဒဏ်တွေရဲ့ ဆိုးမွေကို နောက်မျိုးဆက်ကို ချန်ထားမသင့်ပါဘူး။

 

တတိယနှင့် နောက်ဆုံးအချက်

ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုက်တက်ရေးအတွက်  စောနိုင်သမျှအစောဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်း 

ဒီနောက်ဆုံးအချက်နဲ့ပတ်သက်ပြီး အားလုံးအတွက် အဓိကသတင်းစကားကတော့  အချိန်မဆွဲဖို့နဲ့ လုပ်သင့်လုပ်ထိုက်တာကို အမြန်ဆုံး မှန်ကန်စွာလုပ်ဆောင်ဖို့ဖြစ်ပါတယ်။ အလားတူ လက်ရှိအခြေအနေထက် ပိုမိုးဆိုးရွာစေမယ့် အကျိုးမဲ့လုပ်ငန်းတွေကို စောနိုင်သမျှအစောဆုံး ရပ်သင့်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်ကို ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ် ကြေညာပြီး တလခွဲအတွင်း အစိုးရအနေနဲ့  ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို အတတ်နိုင်ဆုံး ဘက်ပေါင်းစုံကနေ ထည့်သွင်းစဉ်းစား ရေးဆွဲပြီး ပြည်သူလူထုကို ချပြနိုင်တာကတော့  အားနည်းချက်တွေရှိပေမဲ့ မြန်မာ့သမိုင်းမှာ မကြုံဖူးတဲ့ တိုးတက်မှုတရပ်အနေနဲ့ အသိအမှတ်ပြုရမှာပါ။  အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်ကိုလည်း ရေးဆွဲနေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ  သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ဦးဆောင်ဦးရွက်ပြုနေသူတွေ၊  ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိသူတွေ၊ နောက်က လိုက်ပါဆောင်ရွက်သူတွေ အားလုံး  အထက်ဖော်ပြပါ အသွင်ပြောင်းလဲမှုကြီး သုံးရပ်မှာ ဟန်ချက်ညီညီ တိုးတက် အောင်မြင်မှုတွေ ရှိနိုင်အောင် စဉ်ဆက်မပြတ် ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ သေချာတာက မြန်မာနိုင်ငံမှာ လိုအပ်ချက်တွေ မြားမြောင်လှတဲ့အတွက်  စုပေါင်းအား လိုပါမယ်။ စုပေါင်းဆောင်ရွက်မှုတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ ကျန်းမာသန်စွမ်းပြီး အသိပညာ၊ အတတ်ပညာတွေနဲ့ ပြည့်စုံပြီး လုပ်ရည်ကိုင်ရည် ရှိသူတွေကို မွေးထုတ်နိုင်ဖို့အတွက် ပညာရေး၊ ကျန်းမားရေးမှာ အလေးအနက်ထား ရင်းနှီးမြှုပ်နှံရပါမယ်။  အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့တွေနဲ့ ထိတွေ့ချိတ်ဆက် လုပ်ဆောင်မှုတွေ အားကောင်းလာပေမဲ့ လူမှုရေး၊ မူ၀ါဒအခက်အခဲတွေကို အစိုးရကိုယ်စား ကူညီနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ချိတ်ဆက်မှု အားနည်းနေပါတယ်။  အစိုးရနဲ့ လူထုအခြေပြုအဖွဲ့တွေ၊ မူ၀ါဒသုတေသနအဖွဲ့တွေနဲ့ ပိုမိုထိတွေ့ပြီး ပူးပေါင်းလုပ်ဆောင်ဖို့  လိုအပ်ပါတယ်။ ကိုဗစ်လို ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးကြောင့် နိုင်ငံတွေ အသီးသီးဟာ  ဦးစားပေးမှုတွေကို ပြန်လည်သုံးသပ်ပြီး လိုအပ်တဲ့ ပြန်လည် ထိန်းညှိမှုတွေ (recalibrate) ကို ဆောင်ရွက်နေချိန်မှာ  မြန်မာနိုင်ငံကိုလည်း နောက်မှာ မကျန်စေလိုပါ။

 

အကိုးအကား

Central Statistical Organization, UNDP and World Bank (June 2019) Myanmar Living Condition Survey.

file:///C:/Users/Show/Downloads/undp-mm-mlcs-poverty-report.pdf

International Labor Organization (2 May 2020).  COVID-19 crisis and the informal economy Immediate responses and policy challenges.

https://www.ilo.org/wcmsp5/groups/public/—ed_protect/—protrav/—travail/documents/briefingnote/wcms_743623.pdf

McKinsey Quarterly (18 June 2020).  Lessons from the past on how to revive the US economy after Covid 19.

https://www.mckinsey.com/industries/public-sector/our-insights/lessons-from-the-past-on-how-to-revive-the-us-economy-after-covid-19

The United States Institute of Peace (March 2007). The Aceh Peace Process: Nothing Less than Success.

https://www.usip.org/sites/default/files/resources/sr184.pdf

By CSIC, the largest public research body in Spain, attached to the Ministry of Education and its main objective is to promote scientific research as to improve the progress of the scientific and technological level of the country which will contribute to increase the welfare of the citizens. https://www.webometrics.info/en/About_Us

 

Naw Show Ei Ei Tun

နော်ရှိုးအိအိထွန်းသည် မြန်မာနိုင်ငံ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးအတွက် ပံ့ပိုးဆောင်ရွက်နေသော USAID ၏ Transparency and Inclusive Growth Activity (Nathan Associates) ၏ Deputy Chief of Party-Technical Programs ဖြစ်သည်။

Related article
ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို…

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search