Menu & Search

နှလုံးသားနှင့် တံခါးပိတ်၍ နေထိုင်ခြင်း

July 16, 2020

၂၀၂၀ ပြည့်နှစ် မတ် ၂၃ ညဦးအထိတော့ ကျမသည် စီစဉ်တိုင်း မဖြစ်တတ်သည့် ကံကြမ္မာကို မေ့လျော့ကာ မျှော်လင့်ချက် တပွေ့တပိုက်နှင့် အပျော်ကြီး ပျော်နေခဲ့ပါသည်။ နောက်တပတ် သည်အချိန်ဆို ကချင်ပြည်နယ်က မိဘများအိမ်သို့ ကျမ ပြန်ရောက်နေပြီ။ တနှစ်ခန့် ဝေးနေခဲ့သော အိမ်သည် ကျမနှင့် သမီးလေးကို နွေးထွေးဆီးကြိုနေလိမ့်မည်။ သမီး၏ ရယ်သံများ၊ မြေးကို အမျှော်ကြီး မျှော်နေခဲ့သည့် ကျမ မိဘများ၏ စကားသံများဖြင့် အိမ်တခုလုံး လင်းချင်းနေလိမ့်မည်။

လွန်ခဲ့သော ၂၀၁၉ ခုနှစ် ဆောင်းရာသီက ကျမ အိမ်မပြန်နိုင်ခဲ့။ ဘယ်လို ကံကြမ္မာ ဆိုက်သည်မသိဘဲ ဘာလုပ်လုပ် အဆီးအတား တွေ့ကာ အိမ်စီးပွားရေးက နည်းနည်းမျှ အဆင်မပြေခဲ့ပါ။ အိမ်ပြန်ချင်စိတ်သည် ရိုးတွင်းခြင်ဆီထဲကပင် တိုးထွက်လာသလို ကျမကို အခါခါ ကိုယ်ထင်ပြခဲ့သည်။ သို့သော် မျက်နှာလွှဲခဲ့ရသည်။ ကျမ ခရီးစရိတ် မတတ်နိုင်။ သမီးနှင့် နှစ်ယောက်စာ လေယာဉ်လက်မှတ် ဝယ်ဖို့ ကျမမှာ ငွေပိုမရှိ။ နာရီ ၂၀ ခန့် စီးနင်းရမည့် အဝေးပြေးကားနှင့်လည်း သမီးကို ခေါ်ဖို့ မလွယ်လှပါ။ မြေးကို တွေ့လိုကြောင်း မိဘများ ပြောလာတိုင်း စကားအလှသုံးကာ ‘နောက်နှစ် လာမှာပေါ့’ ဟု ကျမ ပြောတတ်ခဲ့ပါသည်။

နောက်နှစ်ဆိုသော ၂၀၂၀ သည် ကျမအတွက် အလင်းရောင်ဦးနှင့် ဆိုက်ရောက်လာခဲ့သည်။ ဘယ်လိုက ဘယ်လို အဆင်ချောပြန်သည်မသိဘဲ ကျမမှာ ခရီးသွားဖို့ သုံးဖို့စွဲဖို့ ငွေအလုံအလောက် ရှိနေပြန်သည်။ လေယာဉ်လက်မှတ် မှာပြီးသည့် မတ်လဆန်းကလောက် ပျော်ရွှင်ရတာ မရှိ။ တလောကလုံး မြင်မြင်ရာ လှနေတော့သည်။

ကလေးနှင့် ခရီးသွားလျှင် တပတ်လောက်က စလို့ ပစ္စည်းထည့်ရသတဲ့။ မတ် ၂၃ ညက သမီးလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီမို့ ကြွပ်ကြွပ်အိတ်အကြီးတလုံးထဲ လိုရမယ်ရ ပစ္စည်းများ စိတ်ကူးရသလောက် ထည့်နေခဲ့သည်။ သမီး၏ အသုံးအဆောင်များ ကျန်နေခဲ့၍ မဖြစ်။ သူ ဖတ်နေကျ စာအုပ်လေးများကအစ ထည့်ရမည်။ မတ် ၃၀ မနက်စောစော လေဆိပ် ဆင်းရမည်မို့ ၂၉ ရက် ညပိုင်းကျမှသာ ခရီးဆောင်အိတ်ထဲ ပစ္စည်း ပြောင်းထည့်ရမည်။ တပတ်လေးပဲ လိုတော့တာ..ပျော်စရာ။

ထိုအခိုက်မှာတော့ ကျမ၏ စိတ်ကူးအလုံးစုံကို ဖျက်ဆီးမည့် အိပ်မက်ဆိုးက ဆိုက်ရောက်လာခဲ့သည်။ ‘မဖြူနုရေ ပိုးရှိတဲ့လူနာ တွေ့တယ်တဲ့ဟ’ ဆိုသော အမျိုးသား၏ အထိတ်တလန့်အသံမှာ ကျမကို တစုံတရာနှင့် ရိုက်ချလိုက်သလို နာကျင်ယိမ်းယိုင်သွားစေခဲ့သည်။

သွားပြီ..။ အိပ်မက်သည် ကျမရှေ့မှာ အစိတ်စိတ် အမြွှာမြွှာ ကျိုးကြေသွားခဲ့ပြီ။ ကလေးဆပ်ပြာရည်ဘူးလေးကို ဆုပ်ကိုင်ထားရင်း ကျမ မျက်ရည်ပေါက်ပေါက် ကျလာခဲ့ပါသည်။

—-

နောက်ရက် နံနက် ဝေလီဝေလင်းတွင် ကျမသည် ရပ်ကွက်ဈေးထဲ ရောက်နေခဲ့ပြီ။ တညလုံး တရေးမျှ မအိပ်ခဲ့ရ။ ပူပန်သောကသည် ကျမ၏ အိပ်ချင်စိတ်ကို ခိုးယူသွားခဲ့ပြီ။

ဘာအတွက်များ ပူရပါသနည်း။ သမီးအတွက် ဖြစ်ပါသည်။

သမီးသည် ခုမှ နှစ်နှစ်ပင် မပြည့်တတ်သေး။ သူ့အမေပင် မကြုံခဲ့ဖူးလေသော ကပ်ရောဂါ ဖြစ်ပွားချိန်ကို ကျော်ဖြတ်ဖို့ရာ နုနယ်လှသေးသည်။ ဗိုက်ဆာလျှင် ဆာကြောင်း စကားသံဖြင့်၊ အမူအရာဖြင့် ပြတတ်သော်လည်း ဘာကြောင့် စားဖွယ် မရှိကြောင်း သိဦးမည့်အရွယ်မဟုတ်။ ကိုယ်တိုင် ငတ်ပြတ်နေမှာ ကျမ မပူ။ သမီး ဆာလောင်၍ ငိုဟစ်လိုက်သော အသံ ကြားရမှာကိုသာ ပူသည်။ မကျွေးမွေးနိုင် လက်မှိုင်ချ၍ ရင်ကွဲရမှာကိုသာ ပူလှပါသည်။

အမှန်ကို ဝန်ခံရလျှင်တော့ နောင် သွေးအေးချိန်မှသာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခြင်း၏ လှိုင်းဂယက်များကို တွေးမိသည်။ ကနဉီးမှာတော့ အစားအသောက် ပြည့်စုံရေးသာ ဦးစားပေး ပူမိပါသည်။ အနည်းဆုံးတော့ ဘာဖြစ်မှန်း မသိသေးသည့် တလစာဖြစ်ဖြစ်ပေါ့။ အနည်းဆုံးတော့ သမီး စားနေကျ အစားအစာများ ဖြည့်တင်းထားဖို့ပေါ့။ လူကြီးတွေကတော့ ဘယ်လိုပဲ စားစား ဖြစ်သေးတာ မဟုတ်လား။ ဈေးပြေးဝယ်၍ တစုံတယောက် ရယ်မောလှောင်ပြောင်မှာကို ကျမ မပူခဲ့ပါ။ သမီးလေး စားစရာ မရှိတော့မှာကိုသာ ပူပါသည်။

ဈေးထဲမှာတော့ ကျမတို့လို အိမ်ရှင်မများ ရောက်နှင့်နေကြပါပြီ။ သူတို့ရော ညက အိပ်ပျော်ခဲ့သေးသလား။ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေ တန့်ကုန်တော့မလား၊ အလုပ်တွေကရော ဆက်သွားလို့ ရပါဦးမလား၊ လက်ထဲက ငွေကလေး ဘယ်အချိန်အထိ စားလောက်ပါ့မလဲ၊ ကလေးကို ဘယ်လိုကျွေးရမလဲ စသဖြင့် ကျမလိုပဲ ပူမဆုံး အိပ်မရ ဖြစ်ခဲ့ကြသလား။ ပူလို့ကော ဘာများ ပြီးပါ့မလဲဟု နောင်တော့မှသာ ပြန်တွေးနိုင်မည်။ အဖြစ်အပျက်များ၏ အစမှာတော့ ပူပန်ဖို့သာ ကျမတို့ တတ်နိုင်ခဲ့ကြပါသည်။

ပုံမှန်ဝယ်နေကျ အသား၊ ငါးအပြင် ပဲမျိုးစုံ၊ ငါးခြောက် စသဖြင့် အခြောက်အခြမ်းများ ဦးစားပေး ဝယ်နေရင်း ကျမသည် အိမ်ကို အောက်မေ့လာ၏။ နှစ်ဖက်သော ဘိုးဘွားတို့သည် တိုင်းတပါးနှင့် တိုက်သောစစ်၊ ပြည်သူအချင်းချင်း တိုက်သောစစ် အစရှိသဖြင့် တသက်လုံး စစ်နှင့် မကင်းသည့် အရပ်မှာ နေထိုင်ကြီးပြင်း၊ နောက်တော့ ခေါင်းချခဲ့သူများ ဖြစ်လေရာ အခြောက်အခြမ်းကလေးများ သိုမှီးတတ်သော အလေ့၊ တခုခုဆို တွေးပူတတ်၊ ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်တတ်သော အကျင့်မှာ အရိုးစွဲ၍ နေခဲ့ကြသည်။  နေ့ဖို့ညစာဆိုသည်မှာ အဘွားတို့၏ လက်သုံးစကား ဖြစ်သည်။ ခုချိန်အထိ စစ်နှင့်မကင်းကွာသေးသော အရပ်မှာ နေမြဲ မိဘများသည်လည်း ဘိုးဘွားတို့၏ လမ်းစဉ်ကိုသာ လိုက်နေကြသည်။ သူတို့ခြေရာကို အရိပ်ကလေးမျှ မနင်း၊ ခက်ခဲချိန်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ မဖြတ်သန်းဖူးသေးသည့် အိမ်ရှင်မ မပီမသ ကျမမှာ အစစ ကိုယ်တိုင်စီမံရမည့် အခက်အခဲ ကာလရှည်ကို ဘယ်လိုများ ရင်ဆိုင်ရမှာပါလိမ့်။

အိမ်က မထွက်ခင် တွေ့ခဲ့ရသော သမီး၏ နှစ်ခြိုက်အိပ်ပျော်မျက်နှာကလေးကို ကျမ ပြေးမြင်လိုက်သည်။ သမီးသည် အပြောင်းအလဲ အလုံးစုံကို သိဦးမည်မဟုတ်။ ကမ္ဘာတဝန်း ကြီးစိုးလျက်ရှိသည့် လူက လူချင်းကူးစက်သော ကုရာဆေးမရှိ ရောဂါပိုး သူ့နိုင်ငံထဲ ချင်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း သိမည်မဟုတ်။ သည့်အတွက် သူ အိမ်ပြင် မထွက်ရတော့ကြောင်း၊ တိုက်အောက် ဆင်း၍ လမ်းလျှောက်ခြင်း၊ ပန်းပွင့်ကြွေ၊ သစ်ရွက်ကြွေ ကောက်ခြင်းကို အချိန်ကြာကြာ ရှောင်ရဦးမည်ဖြစ်ကြောင်း သိမည်မဟုတ်။  ထို့အတူ သူ့မိခင် ဆွဲခြင်းတလုံးနှင့် ရပ်ကွက်ဈေးထဲ ပူပူပင်ပင် ဈေးဝယ်နေကြောင်းလည်း သိမည်မဟုတ်ပါ။

—-

ပြတင်းသံပန်း၏ အပြင်ဘက်က ကုက္ကိုပင်မှာ ပန်းနုရောင်အပွင့်တို့ ဝေ၍နေသည်။ အရင်ကတော့ သမီးကို သစ်ပင် ပြချိန်ကလွဲ၍ သည်မြင်ကွင်းကို ကျမ အချိန်ပေး ကြည့်မိတာ သိပ်မရှိခဲ့ပါ။ ခုတော့ အချိန်ပို ပေါများလေရာ သစ်ပင်နှင့် ပြင်ပမြင်ကွင်းကို အချိန်ပေး ကြည့်ရှုတာလည်း ပါလာရသည်။ ပန်းများပွင့်ခြင်း၊ သစ်ရွက်များ နုခြင်း၊ ကြွေခြင်းမှာ ကျမအတွက် ရှေးကထက် စိတ်ဝင်စားဖွယ် ဖြစ်လာသည်။ သမီးကိုလည်း ခုံအမြင့်ပေါ်တင်၍ အပြင်ကို လှမ်းကြည့်စေရပါသည်။

ဆူညံလှသည်ဟု ကျမ အပြစ်မြင်မြဲ အရပ်ဝန်းကျင်သည် ဧပြီအပူမှာ တိတ်ဆိတ်လျက်။ လော်စပီကာသံများလည်း မရှိတော့။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကလေး ပိတ်ခဲ့ပြီ။ စာကြည့်တိုက်ကလေး ပိတ်ခဲ့ပြီ။ လမ်းပေါ်မှာ အော်ဟစ်ဆော့ကစားတတ်သည့် ကလေးတို့လည်း မရှိတော့။ ကလေးတို့သည် လူဉီးရေနှင့် မမျှတသော အခန်းကျဉ်းများထဲ တွန့်လိမ်ကွေးကောက်နေကြလိမ့်မည်။ စီးပွား ကျပ်တည်း၍ ခုတလော ညဘက်သာမက နေ့ခင်းများမှာပါ ရန်အဖြစ် စိပ်လာသော မိဘများ၏ သားသမီးဆိုလျှင် ပြီးပါလေရော။  အိမ်နေခြင်းမှာ ဘယ်လောက် ခက်ခဲကြမလဲ။

အိမ်မှာတော့ သမီး၏ အစောပိုင်း အိမ်နေနေ့ရက်များက အဆင်မပြေလှပါ။ ညနေတိုင်း ရပ်ကွက်ပန်းခြံဘက် လမ်းလျှောက်ရောက်တတ်သော၊ တပတ်တခါလောက် ရှော့ပင်းစင်တာ အလည်ရောက်တတ်သော ကလေးမို့ တံခါးဖွင့်သံ ကြားလျှင် အိမ်အပြင်ထွက်ချင်တတ်သည်။ ညနေညနေများဆို အီချင်တတ်သည်။ ပျင်းရှာပြီ။ သမီးအရွယ်က စူးစမ်းချင်သည့်အရွယ်။ တိုက်ခန်းကျဉ်းထက် ပြင်ပလောကကို စိတ်ဝင်စားသည်။ သစ်ရွက်ကြွေ၊ ပန်းကြွေများ၊ ကျောက်ခဲလုံးလေးများကအစ သူ စိတ်ဝင်စားသည်။ ပုရွက်ဆိတ်ကအစ ကျီးကန်းအဆုံး သဘောကျသည်။ အစွမ်းကုန် လေ့လာသင်ယူနေသည့်အရွယ်မှာ အိမ်တံခါးပိတ်လိုက်ရ၍ ကျမ စိတ်မကောင်းပါ။

တံခါးမပိတ်၍လည်း မဖြစ်။ တကိုယ်တည်းဘဝဆိုလျှင် သည်မျှ တွေးကြောက်မှာ မဟုတ်ပေမဲ့ ကလေးငယ်ငယ်၏ မိခင်မို့ အစစ စိုးစိတ်ပိုနေရသည်။ ခုနေများ ကိုယ်ကိုယ်တိုင် ရောဂါပိုး ကူးစက်လာလျှင် ဘယ်လိုများ‌ နေမလဲ။ အပြင်မသွားပါနဲ့ဆိုကြပေမဲ့ မဖြစ်မနေ သွားရမည့်ကိစ္စလေးတွေတော့ ပေါ်လာတတ်တာပဲ။ လက်သန့်ဆေးရည်ဘူး ဆောင်၊ နှာခေါင်းစည်း သုံးကာ အမြဲသွားလာတတ်တာပဲ။ အိမ်ပြန်ရောက်တော့လည်း အပြေးဖက်ချင်သော သမီးကို ရှောင်ကာ လုံခြုံစိတ်ချရအောင် အရင်စီမံတာပဲ။ သို့ပေမဲ့ သတိတချက် လွတ်ချိန်ဆိုတာ ပြောမရဘူး မဟုတ်လား။ ကျမက စလျှင် အိမ်ရှိလူကုန် ပါလိမ့်မည်။ ကလေးအဖေက စလျှင်လည်း ကျမတို့ အိမ်ရှိလူကုန် လွတ်မှာမဟုတ်။ က‌လေးငယ်တွေကတော့ ကူးခဲ့လျှင်တောင် ထိခိုက်မှု နည်းသတဲ့။ လူကြီးက ပြောမရ။ ပြီးတော့ ကျမက အသက်လမ်းကြောင်း တိုပါဘိသနဲ့..။

ခုနေများ သမီးကိုလည်း မမြင်လိုက်ရဘဲ လောကကို စွန့်ခွာရလျှင် ကောင်းမွန်ရာ ဘုံဘဝသို့ ကျမ ရောက်ဖို့ခက်လိမ့်မည်။ သမီးအဖေကတော့ သမီးကို သိပ်ချစ်တာမို့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်မှာပါ။ အဘိုးအဘွားတွေ၊ သမီးကို ချစ်ကြသော သွေးမတော်သားမစပ် သူတစိမ်းတွေကလည်း ဝိုင်းနေမှာပါ။ သို့သော် မိခင်လောက် သမီးအတွက် လိုအပ်တာ ရှိဦးမလား။

ပြီးတော့ အပူသောကမှာ ခေါင်းစဉ်ကွဲများစွာ ရှိသေးသည်။ ရောဂါပိုး ကူးစက်ခြင်း၊ မကူးစက်ခြင်းကို ထည့်မတွက်ဘူးဆိုလျှင် မိသားစု ရပ်တည်ရေးမှာ နံပါတ် (၁) ခေါင်းစဉ်လို့ပင် ဆိုနိုင်လိမ့်မည်။ ကျမတို့ ဇနီးမောင်နှံမှာ ပုံသေလစာ ရှိသော ဝန်ထမ်းများ မဟုတ်ကြပါ။ နှဲသမား ပါးလို ဘဝမျိုးသာ ဖြစ်ပါသည်။ ခုလို ကာလရောက်တော့ ဝင်ငွေ တန့်ပြီး ထွက်ငွေကသာ ဆက်တိုက်ဖြစ်နေသည်။ တလ၊ နှစ်လတော့ တောင့်ခံနိုင်မှာပါပဲ။ နောက်တော့ ဘယ့်နှယ် လုပ်ကြမလဲ။ စီးပွားပျက်ကပ် နောက်က ဆက်၍ပါလာလျှင် ဝင်ငွေ မရှိသလောက် ဖြစ်တာ ဘယ်နှလများ ကြာဦးမှာပါလိမ့်။

နုနယ်သော မျက်နှာထက်က ဝိုင်းစက်ကြည်လင် မျက်လုံးလေးများနှင့် သမီး မော့ကြည့်လာလျှင်တော့ ကျမသည် စိုးရိမ်ပူပန်စရာ အရာရာကို မေ့လျော့ကာ သည်မျက်နှာလေး ပြုံးကြည်နေဖို့ ဘာမဆို ကာကွယ်ပေးလိုစိတ်သာ ဝင်လာပါသည်။

—-

လူတယောက်မှာ ကြောက်စိတ်က အချိန် ဘယ်လောက်ကြာကြာ ခိုအောင်းနိုင်ပါသလဲ။ ကျမ သေချာမသိပါ။ ကျမအတွက်တော့ ဧပြီနှောင်းပိုင်းကာလများသည် ကိုယ့်စိတ်ကိုယ် ကောင်းစွာ နိုင်နင်းလာသော ကာလသာ ဖြစ်ပါသည်။

ရောဂါပိုး ကူးမှာ ကြောက်စိတ်၊ ဆင်ခြင်သိစိတ် လျော့လာတာမျိုးတော့ မဟုတ်။ အလိုလိုနေရင်း တွေးလိုက်တာမှန်သမျှ အကြောက်တရားမှာ အဆုံးသတ်မှုမျိုး မရှိတော့တာပါ။ ကျမကို အကြောက်တရားဆီ ရောက်စေခဲ့သော အကြောင်းသည် သမီးကပင် စလျက် အကြောက်တရားကို အဆုံးသတ်စေခဲ့တာသည်လည်း သမီးသာ ဖြစ်ပါသည်။

သမီးသည် ဧပြီလလယ် ရောက်လျှင် အိမ်အပြင်မထွက်ရခြင်းကို အသားကျလာသည်။ အမေနှင့် အချိန်ကြာကြာ နေရခြင်းကို သဘောကျနေရှာသည်။ အရင်ကတော့ ကျမက အပြင်ထွက်၍ စာကြည့်တိုက် သို့မဟုတ် လူရှင်းသော ကော်ဖီဆိုင်တခုခုမှာ စာရေးလေရာ ရုံးအလုပ် လုပ်သော မိခင်များလိုပဲ သူ့ခမျာ အချိန်နှင့် အချိန် အတူနေရသလို ရှိခဲ့တာ။ ခုတော့ အမေနှင့် သမီး အတူနေချိန် ပိုရလာပြီ။ သမီး၏ ရယ်သံ၊ အော်ဟစ်ဆော့ကစားသံမှာ ညံ၍ နေသည်။ စကားပြော နောက်ကျသော သမီးသည် မှတ်မှတ်ရရ အိမ်နေကာလ ရောက်တော့မှ စကားလုံးလေးတွေ စပြောလာသည်။ ဝါကျ မပြည့်သေးသော်လည်း သူ ရည်ရွယ်ရာကို စကားလုံး ရွေး၍ ပြောပြတတ်လာသည်။

အမြင်သာဆုံးကတော့ သမီး၏ မှတ်သားဉာဏ်ဖြစ်သည်။ သမီးသည် တခုခုဆိုလျှင် အသေးစိတ်ကအစ မှတ်ထားတတ်သည်။ သူ တခုခု မေးလျှင် သေချာ မဖြေ၍ မရ။ အလွယ်ဖြေလိုက်မိလျှင် နောက်တကြိမ် အမှန်ပြင်ပေး၍ မရတော့ပြီ။ စကားလုံးအသစ် ပါလာလျှင် သုံး၊ လေးခါမက ပြောခိုင်း၍ အသံကို နားထောင်နေသည်။ အရောင် မှတ်ရတာ သူ သဘောကျသည်။ အရောင် သိကတည်းက အဝတ်အစားကို အရောင်နှင့် ရွေးဝတ်တတ်သည်။ အနီကို အန..တဲ့။ အစိမ်းကို အရ..တဲ့။ အဝါကျတော့ ပီနေပြန်သည်။ သတ္တဝါများကို အားလုံးထက် ပိုစိတ်ဝင်စားသည်။ စာအုပ်များကို ပို၍ သဘောကျတတ်လာသည်။ အမေ တခုခုကို အာရုံစိုက်နေလျှင် သူ့စာအုပ်လေးများ သယ်လာ၍ ဖတ်ခိုင်းတတ်သည်။ အမေ့အာရုံကို သူသာ ပိုင်ဆိုင်ထားချင်ပုံ။ ကလေးစာပေ ရေးလာသော ကျမအတွက် သမီးသည် ဖတ်မှတ်စရာ စာအုပ်သစ်တအုပ် ဖြစ်၍နေသည်။  သမီး၏ တိုးတက်မှုများကို တရက်တရက် စောင့်ကြည့်ရတာနှင့်ပင် ကျမတွင် စိတ်ဖိစီးစရာ ကွက်လပ်မရှိတော့ပြီ။

နောက်တခုကတော့ ကျမသည် စကားခံခဲ့ဖူးသလိုပင် အိမ်ထောင်ရှင်မကောင်းမဟုတ်။ မီးဖိုချောင် ဝင်ရတာကို မကြိုက်ပါ။ သမီး မွေးပြီးခါမှ သူ့ကို လုပ်ကျွေးချင်တာလေးများ စမ်းလုပ်တတ်၍ နည်းနည်းပါးပါး စိတ်ဝင်စားဖော် ရလာပါသည်။ အိမ်နေကာလမှာတော့ ကိုယ်တိုင်မှ လုပ်မစားလျှင် မဖြစ်တော့၍ မုန့်များဘက် အာရုံကျလာသည်။ သမီးအတွက် ပန်ကိတ်လေးများ၊ ပူတင်းများ၊ ဗမာမုန့်လေးများ လုပ်ရသည်။  သည်နေရာမှာလည်း ကျမ လုပ်ပေးသော မုန့်များကို သမီး နှစ်နှစ်ခြိုက်ခြိုက် စားလျှင် ရလိုက်သော ပီတိစိတ်မှာ ဘာနှင့်မျှ မတူ။ အတွေးတခု ဖြန့်ကျက်၍ မုန့်လုပ်နေရချိန်၊ ချက်ပြုတ်နေရချိန်မျိုးမှာ စိတ်ဖိစီးမှု လုံးလုံး ရှိမနေတာကိုလည်း သဘောကျလာပါသည်။

မိသားစု ရပ်တည်ရေးနှင့်ပတ်သက်၍ တွေးမပူတော့ဘူးလားဆိုလည်း မဟုတ်ပြန်။ ရောက်မလာသေးသော ကာလအတွက် တွေးပူရုံနှင့် စိတ်အားကုန်၍ မဖြစ်ကြောင်း ဖြည့်တွေးတတ်လာတာပါ။ ပြီးတော့ လက်တွေ့ လုပ်နိုင်စွမ်းက ကျမ လက်တကမ်းအကွာမှာ မဟုတ်လား။

သည်လိုနှင့် စာကြည့်စားပွဲ ပုံမှန် ထိုင်ဖြစ်လာသည်။ စာကြည့်စားပွဲမှာ အမေ မထိုင်စေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းတတ်သော သမီးနှင့်လည်း အဆင်ပြေပြေ ညှိနှိုင်းတတ်ခဲ့ပြီ။ ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်ကြောင့် ပင်ပန်းရသောစိတ်ကို ကြည်လင်စိတ် ဖြစ်လာအောင် ကာတွန်းဇာတ်လမ်းများ၊ ဇာတ်ဝင်တေးများဖြင့် ပြောင်းလဲ၍ ကလေးများအတွက် စာတအုပ် ကျမ ရေးခဲ့သည်။ စာရေးချိန်မှာ ဇာတ်ကောင်နှင့်လိုက်၍ ပျော်ရွှင်နေရခြင်းကလည်း ကျမစိတ်ကို တနည်းတော့ သက်သာရာရစေခဲ့သည်။ သည်နေရာမှာတော့ စာဖတ်သူများအတွက် ဘယ်လို အားထုတ်ပေးနေကြောင်း စကားအပို မပြောလိုပါ။ ကျမကိုယ်တိုင် စိတ်သက်သာရစေဖို့ ရေးခဲ့တာက ရာခိုင်နှုန်းထက်ဝက်လောက် ပါပါသည်။

ကျမတို့တွင် စိတ်ဖိစီးမှု ကြီးစိုးလာတတ်ချိန်မှာ များသောအားဖြင့် ဘယ်အရာကိုမျှ မမျှော်လင့်တော့ချိန်နှင့် ကိုယ့်ကိုယ်ကိုယ် အလုပ်မပေးနိုင်တော့ချိန် ဖြစ်မည်ထင်ပါသည်။ သမီးအတွက် ငါ အလုပ်လုပ်နေတာ၊ တနေ့ကျ ငါ မရှိတော့ရင်တောင် ငါ့စာအုပ်လေးတွေ သမီးနဲ့ ကျန်ရစ်နေမှာဟု ကျမ တွေးတော့ မျှော်လင့်ချက် မီးစာမှာ အရှိန်နှင့် တောက်ပလာခဲ့သည်။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုက ကျမကို ပျော်ရွှင်နှစ်သိမ့်စေသည်။ ကိုယ်တိုင် ပျော်ရွှင်တတ်လာတော့ ဘေးဝန်းကျင်ကိုပါ ဘယ်လိုပျော်အောင် ထားရမလဲ ကျမ တွေးနိုင်လာပြန်သည်။

ဘယ်လောက်ပဲ ကိုယ့်စိတ်ကိုယ် နိုင်နင်းအောင် ပြင်ဆင်သော်လည်း ခေတ်အခြေအနေနှင့် ကပ်ဆိုးအပေါ် စိုးရိမ်စိတ်မှာ ရံခါ ကိုယ်ထင်ပြတတ်သည်။ ကျမ တန်ပြန်တွေးတာကတော့ ရိုးရိုးလေးပါပဲ။ ငါတယောက်တည်းမှ မဟုတ်တဲ့ဟာ..။

ဘေးဝန်းကျင်ကို မျှော်ကြည့်လျှင် ခက်ခဲကျပ်တည်းရှာသော မိသားစုတို့မှာ မနည်းလှ။ ကျမ နေထိုင်တာကိုက လက်လုပ်လက်စား များသော ဝန်းကျင်မှာ။ တကယ်တော့လည်း လက်လုပ်လက်စားမှ မဟုတ်။ သည်ဆုတ်ခေတ်မှာ အကျပ်အတည်းသည် ဆင်းရဲချမ်းသာ မရွေးပါ။ တနေ့တနေ့ ပြတင်းသံပန်းကို ကျော်၍ ကြည့်တတ်လျှင်ပင် တကိုယ်စာသာ တွေး၍ ဇာတ်နာမနေစေဖို့ ကျမ တရားရနိုင်သည်။

သမီးကို ပျော်ရွှင်အောင် ထားဖို့ဆိုလျှင် ကျမကိုယ်တိုင် ပျော်ရွှင်နေမှဖြစ်မည်။ သမီးကို ကျန်းမာအောင် ထားဖို့ဆိုလျှင် ကျမကိုယ်တိုင် ကျန်းမာနေမှဖြစ်မည်။

အစ်မတယောက်က ပြောဖူးပါသည်။ ဘယ်တုန်းကလဲဆို ရောဂါပိုး တွေ့ခါစ အိမ်လည်းမပြန်နိုင်၊ မိဘများကို တွေ့လည်း တွေ့ချင်လျက်နှင့် ခရီးရက်ရွှေ့ရတုန်းက..အသက်ကြီးသူ၊ ရောဂါရှိသူများက‌ ပိုပူရသည်ဆို၍ နှလုံး၊ သွေးတိုး ရှိကြရှာသော မိဘများကို ကူလည်းမကူနိုင်ပါဘဲ အဝေးက လှမ်းပူနေတုန်းက..။

‘ကိုယ်မတတ်နိုင်တာတွေကို ကြိုပြီး တွေးမပူနဲ့၊ အလကား စိတ်ပင်ပန်းရတယ်၊ တရက်တရက် မနက်မိုးလင်းလာရင် အသက်ရှင်နေသေးတာ ကျေးဇူးတင်၊ တော့်သမီးမျက်နှာ အသက်ရှင်ပြီး မြင်နေရတာ ကျေးဇူးတင်’..တဲ့။

—-

ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က ကျမသည် လေယာဉ်လက်မှတ် မှာပေးထားသော ခရီးသွားလုပ်ငန်းက မိတ်ဆွေထံ စာလှမ်းပို့ပါသည်။ လက်မှတ်ကို ကဲန်ဆယ်လ် လုပ်ပေးပါနော်..။

မတ် ၃၀ ကနေ ဇွန် ၂၂ ဆီ ရွှေ့ထားသော ခရီးရက်မှာလည်း ရွာပြန်မလာနိုင်တော့ကြောင်း မိဘများကို အသိပေးရသည့်နေ့က ကျမ စိတ်မကောင်းပါ။ မျက်ရည်မကျတော့သော်လည်း မျက်ရည်ကျလိုက်ရတာထက် ပိုဝမ်းနည်းရပါသည်။ မြေးကို တွေ့ချင်ကြသော၊ ဘာတခုမှ မရေရာတော့သော ခေတ်ဆိုးခေတ်ပျက်မှာ သမီးကိုဖြင့် ပြန်ဆုံချင်သေးသော မိဘများ၏ မျှော်လင့်ချက်ကို ကျမ ဖျက်ခဲ့ရပြီ။ ခရီးတလျှောက် ကလေးငယ်ငယ်နှင့် ကျမ မစွန့်စားရဲ။ ခရီးအဆုံးက အသက် ၇၀ ဝန်းကျင် မိဘများနှင့် အသက် ၈၀ ကျော် ၉၀ နီးပါး အဘွားအတွက်လည်း ရောဂါပိုး သယ်ဆောင်သူ ကျမ ဖြစ်မသွားဘူးဟု အာမ မခံရဲ။ အရာရာကို ငဲ့ကွက်၍ ကိုယ့်အသည်းကိုယ် ပြန်ခွဲရချိန် ရှိသည်ဆိုလျှင် သည်အခိုက်အတန့်ပါပဲ။

ထိုနေ့ရက်က ရေတွက်၍ တပတ်မျှ ကြာလျှင်တော့ ကျမသည် အိမ်သို့ စိတ်နှင့် ခရီးနှင်နေပါသည်။ ကျမ မိဘများ နေထိုင်သည့် မြို့နယ်မှာ ဓာတ်ခွဲအတည်ပြုလူနာ စတွေ့ပြီ။ ကာယကံရှင်အတွက်လည်း စိတ်မကောင်းပါ။ ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိခဲ့သူ များသည်ဆိုသည့် သတင်းများကြောင့် ပူပန်နေကြမည့် ဇာတိမြေက လူများစွာအတွက်လည်း စိတ်မကောင်းပါ။

ညဘက် ဖုန်းခေါ်လျှင်တော့ မိဘများတွင် ပြောစရာဆိုစရာများစွာ ရှိနေပါသည်။ မြို့က မောင်လေးတို့ အိမ်မှာ ဖွင့်ထားသည့် ခေါက်ဆွဲဆိုင် သည်နေ့က စ၍ ပိတ်လိုက်သည့်အကြောင်း၊ ရွာမှာ‌တော့ ထူးခြားမှု တစုံတရာ မရှိပါကြောင်း၊ သူတို့မှာ လက်ဆေးခြင်းကအစ အထူးဂရုစိုက်နေ၍ စိတ်မပူပါမည့်အကြောင်း။

‘မြေးကလေး မလင်းမြရေ’..

‘ဘဘ’..

‘မြေးလေး‌ စာဖတ်ပြပါဉီးဟေ့’..

‘ပတပ် ပတပ် ပတပ် ပတပ်ပေါ့’ စသဖြင့် အပြန်အလှန် ပျော်ပျော်ရွှင်ရွှင် ပြောဆိုနေကြသော အသံများကို နားထောင်ကာ ကျမ ခဏမျှ ငြိမ်သက်နေမိပါသည်။

ကပ်ကြီးပြီးရင် ဘာလုပ်မလဲ။ ကျမ ကိုယ့်ကိုယ်ကိုယ် သည်မေးခွန်း မေးဖူးရဲ့လား။ စေ့စေ့တွေးတော့လည်း အဖြေမှာ တခုမက။ အလုပ်များ လုပ်နိုင်သလောက် လုပ်ခဲ့ဦးမည်။ စိတ်ကူးရှိ၍ ချမရေးဖြစ်သေးသော စာများကို အချိန်ရှိခိုက် ရေးခဲ့ရမည်။ ကံကြမ္မာက သူ့အလုပ် သူ လုပ်မည်။ ကျမကလည်း ကိုယ့်အလုပ် ကိုယ် လုပ်ရလိမ့်မည်။ သမီးအတွက် အချိန်ပေးတာ မလျော့စေရ။ သူ့တိုးတက်မှုများကို အမြဲစောင့်ကြည့်သွားဖို့ ကြိုစားမည်။ ကပ်ရောဂါမှမဟုတ် သူတို့ခေတ်တွင် အခြားအခြားသော အန္တရာယ် များမြောင်လှကြောင်း သတိချပ်ရမည်။ ဝင်ငွေထွက်ငွေ စီမံတာကအစ ရှေ့ရေးနောက်ရေး တွေးတတ်သူများကို အတုယူရမည်။ ကလေးရော လူကြီးပါ ကျန်းမာရေး အထူး ဂရုစိုက်ရမည်။ မိတ်ဆွေများကို ရှေးကထက် တန်ဖိုးထားမည်။ ကျမတကိုယ်စာအတွက်ဆိုလျှင်တော့ နောက်ဆုံးအချိန်အတွက် နေ့ရှိသရွေ့ ပြင်ဆင်နေသင့်ကြောင်း အသိကပ်ရမည်။

ထိုခဏတွင် အမေ့စကားသံမှာ ကျမကို ရည်ညွှန်းလာပါသည်။

‘သမီးအဘွားက ပြောနေတယ်၊ သူ လတော့ ကျော်နိုင်ဦးမယ်၊ နှစ်တော့ မကျော်နိုင်တော့ဘူးထင်တယ်တဲ့၊ သူ့မြေးကို သတိရနေပြီထင်တယ်’

မျက်ရည်ဝဲမည် ပြင်ခိုက် သမီးက ကျမရင်ခွင်ထဲ တိုးဝင်လာသည်။ အမေကို ချွဲနွဲ့ကာ တခစ်ခစ် ရယ်မောနေသည်။ လွတ်လမ်းမမြင် အမှောင်ဖုံးနေစေဦးသမီး၏ ရယ်သံကို ကြားခွင့်ရနေသေးသည့်အတွက် ကံကြမ္မာကို ကျမ ကျေးဇူးတင်ပါသည်။

Sabai Phyu Nu

စံပယ်ဖြူနုသည် အမျိုးသားစာပေဆုရ လူငယ်စာရေးဆရာမတဦးဖြစ်သည်။

Related article
ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို…

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search