မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ကိုဗစ်-၁၉ အကြောင်း ပညာရှင်တွေ ရေးနေတဲ့ကြားထဲ နိုင်ငံရေးသမားတဦး ကြားဝင်ပြီးရေးတယ်ဆိုတော့ နိုင်ငံရေး ရှုထောင့်က အမြင်လို့ပဲ သတ်မှတ်ပေးကြစေချင်ပါတယ်။ ဒီဆောင်းပါးကို စရေးတဲ့ ဧပြီလ ၁၅ ရက်နေ့တုန်းက ရောဂါပိုးတွေ့ရှိသူ ၇၄ ဦး ဖြစ်ပြီး အခု ပြန်ကိုင်တဲ့ ဧပြီ ၁၈ ရက်မှာ ပိုးတွေ့သူက ၉၄ ဦး ဖြစ်နေပါပြီ။ ဒေသန္တရ ညမထွက်ရ အမိန့်တွေလည်း ထုတ်ပြန်နေကြပါပြီ။ သီးသန့်ထား စောင့်ကြည့် ကာလ ကိုလည်း ၁၄ ရက်အစား ၂၁ ရက်ကို တိုးလိုက်ပါပြီ။ မကြာခင် ရောဂါရှာဖွေတဲ့ ကိရိယာတွေ ပိုရရှိလာတဲ့အခါ ရောဂါပိုးတွေ့ရှိမှုက ပိုပြီးများလာနိုင်ဖွယ် ရှိနေပါတယ်။
တကယ်တော့ အခုရောဂါပိုးဟာ ပြည်ပကနေ ဝင်လာတာပါ။ အခုအခါမှာ ပြည်ပကို မသွားဖူးတဲ့ ပြည်တွင်း နေသူတွေဆီကလည်း စစ်ဆေးတွေ့နေရပါပြီ။ ဒါအပြင် များပြားလှတဲ့ ပြည်တော်ပြန်တွေရဲ့ အရေအတွက်နဲ့ နေရပ်တွေကိုလည်း တိကျတဲ့ စာရင်းရရှိမှုကလည်း မရှိပြန်ပါဘူး။ ခိုးဝင်ပေါက်တွေကနေ ပြန်လာ သူတွေကလည်း စာရင်းကောက်ယူလို့ မရနိုင်ပါဘူး။ ပြည်ပကနေ စီးဝင်လာသူတွေရဲ့ နေရာနဲ့ အရေအတွက် စာရင်းက အတိအကျ ရဖို့ အတော်ကို ခက်ခဲခဲ့ပါတယ်။
ရောဂါကာကွယ်ရေးအစီအမံ လုံခြုံရေး ကျိုးပေါက်သွားခဲ့တယ်လို့ ပြောနိုင်ပါတယ်။ တကယ်ကို “ဖျား” သွားတယ်လို့ ပြောနိုင်ပါတယ်။ လက်တွေ့မှာတော့ ကိုဗစ်−၁၉ ရောဂါဟာ ကျနော်တို့ ပြည်တွင်းမှာ ရောက်ရှိ နေပါပြီ။ ဒါပေမဲ့ သူ့ကို ရှာဖွေရတာ အရမ်းခက်ခဲပါတယ်။ ခန့်မှန်းရတာလည်း အရမ်းခက်ပါတယ်။ သူ့ အကြောင်းကိုလည်း ဒီနေ့အထိ ဘယ်သူမှ တိတိကျကျ မသိကြသေးပါဘူး။ နောက်တဖက် ကမ္ဘာကြီးကို လှမ်းမျှော်ကြည့် လိုက်ပြန်တော့လည်း တကမ္ဘာလုံး အလူးအလဲခံစားနေကြရတာကို တွေ့နိုင်ပါတယ်။ အစစ အရာရာ ခေတ်မီပြည့်စုံတဲ့ နိုင်ငံတွေမှာတောင် အလူးအလဲ ခံစားနေကြရတယ်ဆိုရင် အကယ်၍များ မြန်မာ မှာသာ outbreak ဖြစ်ခဲ့ရင် ကုသရေးအပိုင်းမှာ နိုင်နိုင်နင်းနင်း မဖြစ်နိုင်ဘူးဆိုတာ ဝန်မခံကြပေမဲ့ အားလုံးက အလိုလို သိထားကြပြီး ဖြစ်ပါတယ်။ ခက်တာက ရောဂါကုသရေးအတွက် ဆေးမရှိသေးတာပါ။ လူနာရဲ့ ကိုယ်ခံအားကို အားကိုးပြီး ငုတ်တုတ်ခံနေရတဲ့ အဖြစ်ပါ။ ကာကွယ်ဖို့အတွက်လည်း ဆေးက မရှိသေးပါဘူး။ အဖိုးတန်တဲ့ အချိန်တွေကို ချကျွေးပြီး ထိုင်စောင့်ကြည့်နေကြရတာပါ။ လူတိုင်းကို ဓါတ်ခွဲခန်း အဖြေရှာပေးဖို့ကလည်း အခြေအနေက မပေးပြန်ပါဘူး။ မြန်မာနိုင်ငံအဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ပိုင်ပိုင်နိုင်နိုင် တိတိကျကျ ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ငွေကြေး အမြောက်အမြား ကုန်ကျတာတွေ ရှိမှာဖြစ်ပေမဲ့ ဖြစ်လာတဲ့အခါ ကုသရတဲ့ ကုန်ကျစရိတ်ထက်စာရင် အများကြီး နည်းမယ်ဆိုတာ တွက်ကြည့်လို့ရပါတယ်။
လက်ရှိ ကျနော်တို့ လုပ်နိုင်တာကတော့ အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မတ်လ၊ တတိယပတ်လောက်က ကျနော်တို့ SNLD မှာ ပါတီတွင်း ညွှန်ကြားချက်တခု ထုတ်ခဲ့ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ရောဂါကပ်ဘေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO ကထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို အတိအကျ လိုက်နာကြပြီး သဘောထား၊ မူဝါဒ၊ ဘာသာရေး စတဲ့ မတူကွဲပြားမှုအပေါ် “အခြေမခံ” ဘဲ (တရားမဝင်အဖွဲ့ အစည်းတွေကလွဲပြီး) ဘယ် အဖွဲ့အစည်းနဲ့ မဆို အတူပူးပေါင်း ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ပြောချင်တဲ့ သဘောတရားက အခုလို အချိန်ကာလမျိုးမှာ ဘာသာရေးမတူတာတွေ၊ လူမျိုးမတူတာတွေ၊ အဖွဲ့အစည်းမတူတာတွေ၊ နိုင်ငံရေးမူဝါဒ မတူတာတွေကို ဘေးချိတ်ပြီး ရောဂါကပ်ဘေး ကိုဗစ်−၁၉ ကို ပူးပေါင်းကာကွယ် ကြဖို့ပဲဖြစ်ပါတယ်။
တကယ်တော့လည်း ကိုဗစ်−၁၉ ဟာ လူမျိုးမရွေး ၊ ဆင်းရဲချမ်းသာမရွေး ၊ ဘာသာမရွေး ၊ ဒေသမရွေး ဘာကိုမှ ရွေးချယ်နေမှာ မဟုတ်ဘဲ သူလက်လှမ်းမီရာလူ မှန်သမျှကို တိုက်ခိုက်နေတာပါ။ အဲဒီ တိုက်ခိုက်မှုဟာ အခုတော့ နယ်စပ်တွေကို ကျော်ဖြတ်ပြီး ပြည်တွင်းထဲကို ရောက်နေပါပြီ။ ဘယ်နေရာ ဘယ်လောက်အထိ ရောက်နေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေပါ။ တနည်းအားဖြင့် ‘ကိုယ်ပျောက်ရန်သူ’ တွေလို့ ပြောနိုင်ပါတယ်။ ရန်သူလို့ဆိုရင် သေနတ်၊ လက်နက်တွေနဲ့လို့ မမြင်လိုက်ပါနဲ့။ သူတို့မှာ သေနတ်လည်း မပါကြပါဘူး။ သူတို့ကို သေနတ်နဲ့ ပြန်တိုက်ခိုက်လို့လည်း မရပါဘူး။ တင့်ကားတို့ ၊ စစ်လေယာဥ်တို့ ၊ အမြောက်ကြီးတို့ကို သူတို့ မကြောက်ပါဘူး။ ဒါတွေနဲ့ သွားတိုက်ခိုက်လို့လည်း မရနိုင်ပါဘူး။ဒါပေမဲ့ သူတို့ကတော့ သေနတ်ရှိတဲ့လူရော ရာထူးရှိတဲ့လူရော ဘယ်သူ့ကိုမှ ချမ်းသာပေးမှာ မဟုတ်ပါဘူး။ ကမ္ဘာ့ခေါင်းဆောင်တချို့ ရောဂါကူးစက်ခံနေကြရတာက မြင်သာတဲ့ သာဓကပါ။ သူတို့မှာရှိတဲ့ အနုမြူဗုံးလည်း အခုရောဂါနဲ့ ပတ်သက်လာရင် ဘာမှမတတ်နိုင်ပါဘူး။
ဒါပေမဲ့ ကိုယ့်ပြည်တွင်းအခြေအနေက ညီညွတ်မှု အားနည်းနေဆဲပါ။ အရှေ့တောင်အာရှ တခုလုံးမှာ ပြည်တွင်းတိုက်ပွဲတွေ ဖြစ်ပွားနေတာ ကျနော်တို့ တနိုင်ငံပဲ ရှိလိမ့်မယ် ထင်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စစ်ပွဲတွေအကုန်ရပ်ဖို့ မေတ္တာရပ်ခံနေပေမဲ့လည်း ဖြစ်ပွားမြဲ၊ ဖြစ်နေဆဲမို့ ဝမ်းနည်း စရာကောင်းလှပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေနဲ့ သိထားဖို့က လက်ရှိ သူတို့ ကိုင်တွယ်ထားတဲ့ လက်နက်တွေနဲ့ ကမ္ဘာ့ကပ်ရောဂါကို ‘တိုက်ဖျက်/ကာကွယ်’ လို့ မရဘူးဆိုတာပါပဲ။ အကယ်၍ များ ကိုဗစ်−၁၉ ကသာ လက်လှမ်းမီခဲ့မယ်ဆိုရင် ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို (ရွေးချယ်နေမှာ မဟုတ်ဘဲ) ဝင်ရောက် တိုက်ခိုက်မယ်ဆိုတာက အလွန်ကို သေချာပါတယ်။ တပ်မတော်ကို တိုက်ခိုက်သလို AA ကိုလည်း တိုက်ခိုက်မှာပဲ ဖြစ်ပါတယ်။ ဘယ်ဝန်ကြီးချုပ်၊ ဘယ်ဆရာဝန် ဘယ်သူက သူဌေးမို့ ၊ ဘယ်သူက ဆိုက်ကားသမားမို့ ခွဲခြားနေမှာ မဟုတ်ပါဘူး။
ကျနော်တို့ အခုရင်ဆိုင်နေကြရတာက ကျနော်တို့အားလုံးကို(မျက်နှာမလိုက်ဘဲ) တိုက်ခိုက်မယ့် ’ဘုံရန်သူ’ သာဖြစ်ပါတယ်။ ဒီရန်သူဟာ ကျနော်တို့ နိုင်ငံသားအားလုံးကို(လူမရွေးဘဲ) တိုက်ခိုက်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတွေကိုတော့ နှစ်ဖက်စလုံး ရပ်တန့်သင့်တဲ့အချိန်ပါ။ ရပ်တန့်ကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ရပ်တန့်နိုင်အောင် ဝိုင်းဝန်းကူညီကြဖို့လည်း လိုပါတယ်။ NRPC လို အဖွဲ့အစည်း အနေနဲ့ ဒီလိုအချိန်မှာ ထိုင်ကြည့်နေတာမျိုး မဖြစ်စေဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ပိုပြီးတိုးလုပ်ရမယ့် အချိန် ဖြစ်တယ်လို့ မြင်မိပါတယ်။ ၂၁ ရာစု ညီလာခံကို ကျင်းပနိုင်ဖို့ ကြိုးစားနေတာထက်စာရင် အခုအချိန် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုရပ်ဖို့ ပိုပြီးအလေးထားသင့်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီအချိန်မှာ ပါဝင်ကူညီကြရင် မှားတဲ့လုပ်ရပ် မဖြစ်နိုင်ပါဘူး။ အကျိုးရှိဖို့သာ ဖြစ်ပါမယ်။
‘ဘုံရန်သူ’ ကို တန်ပြန်တိုက်ပွဲဝင်ကြဖို့ လိုပါတယ်။ War စစ်ပွဲ မဟုတ်ပါဘူး။ ရောဂါကိုတိုက်တဲ့ တိုက်ပွဲပါ။ ကျနော်ပြောချင်တဲ့ ‘တိုက်ပွဲ’ က ရုန်းကန်တဲ့၊ တွန်းလှန်တဲ့၊ ဖယ်ရှားတဲ့ တိုက်ပွဲပါ။ Struggle သို့မဟုတ် Challenge ပါ။ ၁၉၈၈ တုန်းက တပြည်လုံး ပါဝင်ဆင်နွဲခဲ့ကြတဲ့ ဒီမိုကရေစီရရှိရေး တိုက်ပွဲမျိုးပါ။ ဘယ်လောက်ပဲ ဘာသာရေး ကွဲပြားနေပါစေ၊ မတူကွဲပြားတဲ့ မူဝါဒတွေ ရှိနေကြပါစေ၊ လူမျိုးချင်း မတူတာ ၊ အဖွဲ့အစည်း မတူကြတာတွေ ထည့်တွက်နေကြရမယ့် အချိန်မဟုတ်ပါဘူး။ တစုတဖွဲ့က တိုက်ပွဲဝင်နေပြီး ကျန်တဖွဲ့က လုပ်နေတဲ့အဖွဲ့ကို ကိုယ်နဲ့အဆင်မပြေလို့ ထိုင်ကြည့်နေရမယ့် ကာလမျိုးမဟုတ်ပါဘူး။ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ဆိုတာ ညီညွတ်ရေးကိုပါ ရဲရဲကြီး လုပ်ပြဝံ့ဖို့ လိုပါတယ်။ တိုင်းပြည်ကိုတော့ ချစ်ပါတယ်။ ဟိုအဖွဲ့ကိုတော့ လက်မတွဲနိုင်ပါဘူး ဆိုတာမျိုး ဒီအချိန်မှာ ရှိနေလို့မရပါဘူး။
ကိုဗစ်−၁၉ ကြောင့် ကျနော်တို့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေကြရတာလည်း မှန်ပါတယ်။ ဒီလို ဆိုးဝါးတဲ့ အခြေအနေတွေရဲ့ ကြားမှာမှ အမျိုးသားညီညွတ်ရေးကို ရယူနိုင်တဲ့ အခွင့်အလမ်းကလည်း ရှိနေပါတယ်။ တချို့ကမ္ဘာ့နိုင်ငံကြီးတွေမှာ အမျိုးသားညီညွတ်ရေး ရဖို့အတွက် ဘုံရန်သူကိုတောင် ဖေါ်ဆောင်မွေးမြူရတာတွေ ရှိခဲ့ပါတယ်။ ဘုံရန်သူကို အကြောင်းပြပြီး ကိုယ်တွေအချင်းချင်း ကွဲပြား နေကြတဲ့ စိတ်ဝမ်းကွဲမှုတွေကို ညီညွတ်ရေး ပြန်လည်တည်ဆောက်ကြရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အခု ကပ်ရောဂါက အကြောင်းတိုက်ဆိုင်လို့ ရောက်လာတာဖြစ်ပါတယ်။ ကျနော်တို့အတွက် စုပေါင်းလက်တွဲ တိုက်ခိုက်ဖို့ အခွင့်အရေးတခု ပေါ်လာတာဟာ အဆိုးထဲက အကောင်းတခုလို့ မပြောသင့်ပေမဲ့ ပြောချင် နေမိပါတယ်။ ပူးတွဲတိုက်ပွဲဝင်ကြရင်း တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့ တဦး ယုံကြည်မှုရအောင် ကြိုးစားနိုင်တဲ့ အခွင့်အရေးကို လက်မလွှတ်သင့်ပါဘူး။
ဘုံရန်သူ ရှိနေတုန်းမှာ (အစမ်းသဘော)ပူးပေါင်းဆောင်ရွက်ကြည့်သင့်ပါတယ်။ ယုံကြည်မှု တည်ဆောက်သင့်ပါတယ်။ သီးခြားစီ လုပ်နေကြရင် အောင်မြင်မှုရနိုင်ဖွယ်မရှိပါ။
ပူးတွဲတိုက်ပွဲဝင်ကြရင်း ရင့်ကျက်တဲ့ စိတ်ထားတွေ မရှိကြလို့ တဖွဲ့နဲ့ တဖွဲ့၊ တဦးနဲ့ တဦး အရင်ကထက် ပိုပြီးတော့ စိတ်ဝမ်းကွဲကုန် ကြရင်တော့လည်း ဆရာဗန်းမော်တင်အောင် ညည်းခဲ့သလို “ကျနော်လည်း ဘာများတတ်နိုင်ပါမလဲဗျာ” လို့ ညည်းညူပြဖို့ပဲ ရှိပါတော့တယ်။ ဒါကတော့ တဦးချင်း တဖွဲ့ချင်းစီရဲ့ အနေအထားနဲ့ သဘောထားမို့ ဝေဖန်ဖို့ခက်လှပါတယ်။
လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အားမလိုအားမရ ဖြစ်ရသူတွေလည်း ရှိပါတယ်။ ထောက်ပြ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒါက ကောင်းတဲ့အစဥ်အလာ တခုလည်း ဖြစ်ပါတယ်။ အစိုးရ လုပ်သမျှ အားလုံး အမှန်ချည်းပဲဆိုပြီး ထောက်ခံနေလို့လည်း မရနိုင်ပါဘူး။ အားနည်းချက်တွေကို ထောက်ပြနေရမှာက နိုင်ငံသားတယောက်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါကတနည်းတလမ်းအားဖြင့် ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့လည်း အစိုးရဘက်က လက်ခံထားဖို့လိုပါတယ်။ အဓိကကတော့ ဒီအချိန်မှာ အစိုးရ လုပ်ဆောင်မှုတွေ အားနည်းသွားအောင်၊ ထိရောက်မှု မရှိတော့အောင် မဆောင်ရွက်မိဖို့က အထူးပဲ အရေးကြီးပါတယ်။ အစိုးရဘက်ကလည်း ပြည်တွင်းမှာရှိနေတဲ့ အသင်းအပင်းအဖွဲ့အစည်းတွေကို တာဝန်ပေး ပူးပေါင်းဆောင်ရွက်ဖို့ စဥ်းစားသင့်ပါတယ်။ ကိုယ်တကိုယ်ထဲ လုပ်နေလို့ မရနိုင်တဲ့ အခြေအနေမှာ ပူးပေါင်းဆောင်ရွက်ဖို့ကို ဖိတ်ခေါ်သင့်ပါတယ်။ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ဖို့ ဝန်မလေးသူတွေ ကျနော်တို့နိုင်ငံမှာ အများကြီးရှိပါတယ်။ အရေးကြီးတာက ဘယ်သူမှ နိုင်ငံရေးအမြတ် မထုတ်ဖို့လိုပါတယ်။ အစိုးရကိုယ်တိုင်လည်းပဲ နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ အခြားသော အဖွဲ့အစည်းတွေက မြင်သွားစေနိုင်တဲ့ လုပ်ရပ်မျိုး မလုပ်ဖို့လည်း အရမ်းကို အရေးကြီးလှပါတယ်။ ဒီအချိန်မျိုးမှာ တဦးတည်း၊ တဖွဲ့တည်းပဲ လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ရင်တော့ ‘မဟာအမှားကြီး’ တခုကို ကျူးလွန်လိုက်သလို သမိုင်းမှာ မှတ်တမ်းတင် ရေးမှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အုပ်ချုပ်ရေးအပိုင်းက ထုတ်ပြန်နေတဲ့ အမိန့်၊ ညွှန်ကြားချက်တွေဟာ တခုနဲ့တခု သဟဇာတ မဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘယ်လို လိုက်နာရမလဲဆိုတာကို မသိနိုင်ကြပါဘူး။ အစိုးရအဖွဲ့အတွင်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း လုပ်ဖို့လိုအပ်နေတယ်လို့ မြင်မိပါတယ်။
မြန်မာ့နိုင်ငံရေးအရဆိုရင် ၂ဝ၂ဝ ရွေးကောက်ပွဲကိုတောင် ထိခိုက်နိုင်ပါတယ်။ နိုင်ငံရေး အကျပ်အတည်း တွေ့နိုင်ပါတယ်။ နားလည်မှု မရှိကြရင် အကွဲကွဲအပြားပြားဖြစ်ပြီး တိုင်းပြည်က ပိုပြီးတော့ ဒုက္ခ ရောက်နိုင်ပါတယ်။ အဲဒါကြောင့် ဘုံရန်သူအပေါ်မှာ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပါတီတွေဟာ မိမိ အကျိုးအတွက် အမြတ်မထုတ်သင့်ပါဘူး။
ကိုဗစ်−၁၉ ဆိုတဲ့ ကပ်ရောဂါဘေးဆိုးကြီးကို ကျနော်တို့ တချိန်ချိန်မှာ အနိုင်ယူဖြတ်ကျော်နိုင်မှာ သေချာပါတယ်။ အကျအဆုံး ဘယ်လောက် ရှိသွားမလဲဆိုတာကတော့ ကျနော်တို့အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အစိုးရရဲ့ အရည်အသွေး၊ အမြော်အမြင်၊ အတွေ့အကြုံ၊ ဆုံးဖြတ်ချက်မှန်ကန်မှု တို့အပေါ်မှာ အများကြီးမူတည်နေပါလိမ့်မယ်။ကျနော်ကတော့ ကိုဗစ်−၁၉ ကို ‘အပြီးတိုင်’ တိုက်ဖျက် ချေမှုန်း နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။အစုလိုက်အပြုံလိုက် တိုက်ခိုက်ခံရမှုတွေကို လျော့နည်းသွားစေဖို့ပဲ တတ်နိုင်မယ်လို့ ထင်မြင်မိပါတယ်။နောက်ပိုင်းမှာတော့ တငွေ့ငွေ့ နဲ့ ဆက်ပြီးပေါ်ပေါက်နေမှာ ဖြစ်ပေမဲ့ ထိန်းချုပ်နိုင်တဲ့ အနေအထားကိုတော့ ရောက်သွားလိမ့်မယ်လို့ မြင်မိပါတယ်။ ရောဂါကပ်ဘေးတခုကို ထိန်းချုပ်နိုင်တာဟာ အောင်ပွဲတခုလို့ဆိုရင်လည်း ဆိုနိုင်ပါတယ်။အဲဒီလို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ တိုင်းပြည်အနေနဲ့ ဆက်လက်ပြီး ရင်ဆိုင်ရမှာကတော့ စီးပွားရေး နာလန်ထအောင် ပြန်လည်ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်ကြရပါဦးမယ်။အရေးကြီးတဲ့ နိုင်ငံရေးတည်ငြိမ်မှု ရအောင်လည်း လုပ်ဆောင်ကြရဦးမှာ ဖြစ်ပါတယ်။
ကိုဗစ်−၁၉ ကို ပူးတွဲတိုက်ပွဲဝင်ခဲ့ကြပြီး တဖွဲ့နဲ့ တဖွဲ့၊ တဦးနဲ့ တဦး ယုံကြည်မှု အထိုက်အလျှောက် ရနေခဲ့ မယ်ဆိုရင် ကျနော်တို့ အတွက် အရှုံးထဲက ‘အမြတ်ကြီးတခု’ ဖြစ်မှာပါ။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးတနေ့ ကပ်ရောဂါဘေးကြီးကို ကျော်လွှားနိုင်ခဲ့ပြီးတဲ့နောက်မှာ ကျနော်တို့ တိုင်းပြည်ကြီးဟာ ညီညွတ်မှုတွေနဲ့ ကျန်နေရစ်ဖို့က အရမ်းကို အရေးကြီးလှပါတယ်။အဖက်ဖက်က ကျရှုံးခဲ့ရတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ များပြားလှတဲ့ တာဝန်တွေကို ပြန်လည် ထူမတ်ကြတဲ့အခါ ညီညွတ်မှုဟာ အရမ်းကို အရေးကြီးပါတယ်။ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ ကျဆုံးမှု တွေကို မညီမညွတ်ဘဲနဲ့ ပြန်လည်ထူမတ်ဖို့ မဖြစ်နိုင်ပါဘူး။ စိတ်ဝမ်းတွေကွဲပြားပြီး မပြီးဆုံးခဲ့သေးတဲ့ စစ်ပွဲတွေ ပြန်လည် ခင်းကျင်းကြမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံအတွက်တော့ ကျဆုံးပြီးရင်း ဆက်ကျဆုံးဖို့ပဲ ရှိပါတော့တယ်။
ချုပ်ပြီးပြောရရင်တော့ သေနတ်အမြောက်နဲ့ နှိမ်နင်းလို့မရတဲ့ ဘုံရန်သူကို နိုင်ငံသားတိုင်းက မတူကွဲပြားမှု အမျိုးမျိုးကို ဘေးဖယ်ထားပြီး အားလုံးပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြဖို့ လိုပါတယ်။အကျအဆုံး အနည်းအများကို မသိရပေမဲ့လည်း အောင်ပွဲဆိုတာကတော့ အနှေးနဲ့အမြန် ရရှိမှာဖြစ်ပါတယ်။ရောဂါကပ်ဘေးကို ထိန်းချုပ်နိုင်တဲ့ကာလနောက်ပိုင်းမှာ ထိခိုက်ဆုံးရှုံးမှုတွေကို ဆက်လက်ပြီးတော့ ပြန်လည်ထူထောင်ကြရမှာ ဖြစ်ပါတယ်။အဲဒီအခါမှာ အားလုံးသောအဖွဲ့အစည်းတွေဟာ ညီညွတ်မှုရှိပြီး ကျန်နေရစ်ဖို့က နောက်ထပ်တိုက်ပွဲတခုအတွက် အရမ်းကို အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီး အာဏာရရှိရေးကို ဆောင်ရွက်မယ့် သူတွေလည်း ပေါ်ပေါက်လာနိုင်ပါသေးတယ်။အဲဒီလို ဆောင်ရွက်သူတွေအနေနဲ့ အောင်မြင်တဲ့ နိုင်ငံတခုကို ပြန်လည်ထူထောင်ဖို့ မျှော်လင့်နေရင်တော့ မှားယွင်းပါလိမ့်မယ်။ကမ္ဘာစစ်ကြီးအပြီးမှာ ဆုံးရှုံးခဲ့တဲ့ တိုင်းပြည်က သူတို့ရဲ့ တိုင်းပြည်ကို ဘယ်လိုလုပ် ပြန်လည်ထူထောင်ခဲ့ကြသလဲဆိုတဲ့ အဖြစ်အပျက်တွေကို ပြန်လေ့လာပြီး သင်ခန်းစာ ယူဖို့လိုတယ်လို့ တင်ပြချင်ပါတယ်။
စိုင်းညွန့်လွင်သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post