Menu & Search

COVID-19 ကပ်ရောဂါကာလ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စဉ်းစားဆင်ခြင်စရာများ

May 6, 2020

နိဒါန်း

တကမ္ဘာလုံး အတိုင်းအတာနဲ့ ရင်ဆိုင်နေရတဲ့ ဒီ COVID-19 ကပ်ရောဂါဟာ လူထုကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ အကျပ် အတည်းသက်သက် မဟုတ်ပါဘူး။ ချည့်နဲ့ပြိုကွယ်လွယ်တဲ့ ဒီမိုကရေစီ ကူးပြောင်းစ  နိုင်ငံတွေမှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍကို သေးသိမ်သွားစေနိုင်တဲ့ ဒါမဟုတ် အလွယ်တကူ ပြိုလဲသွားစေနိုင် တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ အကျပ်အတည်းလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီကူးစက်ရောဂါ ဟာ ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှုနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်တွေအပေါ် ကြီးမားတဲ့ဖိအားတခု ဖြစ်လာနေတာကို တွေ့မြင် နေရပါတယ်။ အခုဆိုရင် COVID-19 ကပ်ရောဂါဟာ နိုင်ငံတော်တော်များများမှာ ကျင်းပဖို့ပြင်ဆင်နေကြတဲ့ ရွေးကောက်ပွဲတွေအပေါ် လုပ်နည်းလုပ်ဟန်ပိုင်းအရရော နိုင်ငံရေးနဲ့ လူမှုရေးအရပါ ခြိမ်းခြောက်မှု ဒါမှမဟုတ် စိန်ခေါ်မှုတခုဖြစ်လာ နေပါပြီ။ နိုင်ငံအတော်များများမှာတော့ COVID-19 ကပ်ရောဂါကို ထိန်းချုပ်ဖို့အတွက် ရွေးကောက်ပွဲတွေကို သတ်မှတ် ထားတဲ့ ကာလအတိုင်း ကျင်းပကြဖို့ထက် ရွှေ့ဆိုင်းဖို့ဆုံးဖြတ်တာ ပိုများပါတယ်။ (တောင်ကိုရီးယားနိုင်ငံကတော့ ဧပြီ ၁၅ ရက်မှာ သတ်မှတ်ထားတဲ့အတိုင်း လွှတ်တော်ရွေးကောက်ပွဲတွေကို ကျင်းပခဲ့ပါတယ်။ မဲပေးသူ ၆၆ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း မဲပေးဦးရေ အမြင့်ဆုံးလို့ ဆိုပါတယ်)။ International IDEA (Institute For Democracy and Electoral Assistance) ရဲ့ စာရင်းအရ လက်ရှိမှာတော့ နိုင်ငံတွေနဲ့ နယ်နိမိတ်ဒေသ ၅၀ လောက်မှာ ရွေးကောက်ပွဲတွေကို သတ်မှတ်ထားတဲ့ ရက်အတိုင်း မကျင်းပတော့ဘဲ ရွှေ့ဆိုင်းလိုက်ကြပြီး ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံအရေအတွက်ရဲ့ လေးပုံတပုံလောက် ရှိပါတယ်။ နိုင်ငံနဲ့ နယ်နိမိတ် ၁၈ ခုမှာတော့ ရွေးကောက်ပွဲတွေကို သတ်မှတ်ထားတဲ့ ရက်အတိုင်း ကျင်းပဖို့ ဆုံးဖြတ်ထားကြပါတယ်။

မြန်မာနိုင်ငံ အနေနဲ့လည်း ဒီစိန်ခေါ်မှုကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာ မကြာခင် ကာလအတွင်းမှာ ဆုံးဖြတ်ရမှာပဲ ဖြစ်တယ်။ တတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲတွေကို ကျင်းပမယ့်ရက်စွဲနဲ့ အချိန် စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတိအကျ ထုတ်ပြန်ထားတာ မရှိပေမဲ့ ဒီနှစ်နှောင်းပိုင်း(နိုဝင်ဘာ) လောက်မှာ ကျင်းပလိမ့်မယ်လို့ အများစုက ခန့်မှန်းကြပါတယ်။ လက်ရှိကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်ရဲ့ သက်တမ်းက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် တတိယအကြိမ် လွှတ်တော်အတွက် အထွေ ထွေရွေးကောက်ပွဲတွေကို အချိန်မီ ကျင်းပပြီးစီးနိုင်ရေးဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်အတွက် အလွန်ပဲအရေးကြီး ပါတယ်။ အထူးသဖြင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေနဲ့ ကျင့်သားရဖို့ ကြိုးစားနေရတုန်းဖြစ်တဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ရပ်ဆိုင်းတာဟာ ပြဿနာတခုကို ဖြေရှင်းနိုင်ပေမဲ့ အခြား နိုင်ငံရေး ပြဿနာတွေကို ဖိတ်ခေါ်သလို ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အထွေထွေ ရွေးကောက်ပွဲတွေကို ဒုတိယအကြိမ် လွှတ်တော် သက်တမ်း ကုန်ဆုံးတဲ့အထိ မကျင်းပနိုင်ခဲ့ဘူးဆိုရင် လွှတ်တော်နဲ့ အုပ်ချုပ်ရေး ကဏ္ဍဆိုင်ရာ အခြေခံဥပဒေ အကျပ်အတည်း၊ နိုင်ငံရေး အင်စတီကျူးရှင်းတွေ အပေါ် ယုံကြည်မှုနဲ့ တရားဝင်မှုဆိုင်ရာ ပြဿနာတွေကို မလွဲမသွေ ရင်ဆိုင်ရဖို့ ရှိပါတယ်။ တချိန်တည်းမှာပဲ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးကလည်း နိုင်ငံသားတွေ ရဲ့ လုံခြုံဘေးကင်းရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အရေးတကြီးနဲ့ ဦးစားပေး ဖြေရှင်းရမယ့် လူသား လုံခြုံရေးဆိုင်ရာ လူထုကျန်းမာရေး အကျပ်အတည်းတခု ဖြစ်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်ရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တခု တည်းသော အာဏာပိုင်အဖွဲ့ဖြစ်လို့ အခုရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့၊ ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ရည်မှန်းထားတဲ့အတိုင်း ကျင်းပဖို့ ဆုံးဖြတ်ရမယ့် အရေးကိစ္စမှာ ကော်မရှင်ဟာ တာဝန်အရှိဆုံး အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ကော်မရှင်အပေါ် ယုံကြည်မှု၊ ဒီမိုကရေစီဖြစ်စဉ်နဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေအပေါ် ယုံကြည်မှုတို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲဆိုတာ အဓိကအကျဆုံး စိန်ခေါ်မှုပါပဲ။ တကယ်လို့ မျှော်မှန်းထားတဲ့အတိုင်းပဲ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင်လည်း ကျန်းမာရေးဌာန အပါအဝင် အခြားအစိုးရဌာနတွေရဲ့ အကြံပြုချက်ကို ရယူပြီး ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မယ့် အစီအမံတွေသာမက  အများယုံကြည် လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေရဲ့ အနိမ့်ဆုံးဒီမိုကရေစီစံနှုန်းတွေကို လိုက်နာကျင့်သုံးဖို့လည်း လိုပါတယ်။

အကယ်၍ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းမယ်ဆိုရင်

တချို့နိုင်ငံတွေမှာ ရွေးကောက်ပွဲ ကျင်းပရမယ့်ရက်ကို တိတိကျကျ သတ်မှတ်ထားရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ တိတိကျကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းကို လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကျင်းပတဲ့နေ့ကစပြီး ငါးနှစ်လို့ သတ်မှတ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေရဲ့ သက်တမ်းကိုပါ ပြည်သူ့လွှတ်တော် သက်တမ်းအတိုင်းပဲ သတ်မှတ်ထားပါတယ်[1]။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုပဲ ရွေးကောက်ပွဲနေ့ အပါအဝင် ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို သတ်မှတ် ကြေညာဖို့ အခွင့်အာဏာ အပ်နှင်းထားပါတယ်[2]။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲတွေ ကို သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် နယ်မြေလုံခြုံရေး အခြေအနေရ ရွေးကောက်ပွဲကျင်းပလို့မရတဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းတာ၊ ပယ်ဖျက်တာတွေ လုပ်ခွင့်ရှိပါတယ်[3]။ ဒါပေမဲ့ အထွေထွေ ရွေးကောက်ပွဲကြီး တခုလုံးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွှေ့ဆိုင်းတာနဲ့ ပတ်သက်လို့ ဖော်ပြထားတာ မရှိပါဘူး။ ဒါကြောင့်လည်း အကယ်၍ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးတဲ့အထိ ရွေးကောက်ပွဲတွေကို အချိန်မီ မကျင်းပနိုင်ခဲ့ဘူးဆိုရင် လွှတ်တော်တွေ မရှိတော့တဲ့ အတွက်ကြောင့် အုပ်ချုပ်ရေးကဏ္ဍကို  အပြန်အလှန်ထိန်းကျောင်းတဲ့ ယန္တရားနဲ့ အစိုးရအဖွဲ့ရဲ့ တရားဝင်မှုနဲ့ ယုံကြည်မှုတွေကို ဘယ်လို တည်ဆောင်မလဲဆိုတာ အခြေခံဥပဒေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ အခြေခံဥပဒေဆိုင်ရာ ကိစ္စတွေထက် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တာကိုပဲ ဆွေးနွေးပါ့မယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ လက်ရှိအစိုးရအနေနဲ့ လာမယ့် အထွေထွေ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ် တဲ့အခါမှာ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ အင်စတီကျူးရှင်းတွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု ဆက်ရှိနေဖို့အတွက် အောက်ဖော်ပြပါ အချက်တွေကို သတိချပ်ဖို့ တိုက်တွန်းပါတယ်။

နိုင်ငံရေးအရ သဘောတူညီမှုနဲ့ အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း။      ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းတဲ့အခါ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ အရေးပေါ်ကာလဆိုင်ရာ ဥပဒေမူဘောင်တွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ဖို့လိုပြီး နိုင်ငံရေးအရ သက်ဆိုင်သူတွေ အားလုံးနဲ့ (အထူးသဖြင့် နိုင်ငံရေးပါတီ အားလုံးနဲ့) သဘောတူညီမှု ရရှိဖို့ လိုအပ်ပါတယ်။ ကာလအကန့်အသတ်မဲ့ ရွှေ့ဆိုင်းတာမျိုး မဟုတ်ဘဲ ကာလအတိအကျ၊ အချိန်စာရင်း အတိအကျနဲ့ ရွှေ့ဆိုင်းဖို့လိုပြီး အသစ်ရွှေ့ဆိုင်းလိုက်တဲ့ ကာလနဲ့ အချိန်စာရင်း အတိအကျကိုလည်း အများပြည်သူ သိရှိအောင် ကြေညာ ဖို့လိုပါတယ်။ ရွှေ့ဆိုင်းရတဲ့ အကြောင်းအရင်းဟာလည်း တခြားနိုင်ငံရေးအကြောင်းပြချက်မဟုတ်ဘဲ ပြည်သူ့ကျန်းမာရေး အကျပ်အတည်း တခုတည်းကြောင့်သာ ဖြစ်ရပါမယ်။ ကျန်းမာရေးဌာန အပါအဝင် အခြားအစိုးရဌာနတွေ၊ နိုင်ငံရေးပါတီ တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လူထုကျန်းမာရေး၊ ဥပဒေမူဘောင်၊ နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှု စတာတွေနဲ့ ဟန်ချက်ညီညီ စဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်။

ကပ်ရောဂါ အလွန်ကာလ ရွေးကောက်ပွဲစီမံခန့်ခွဲမှု။         ။ ရွေးကောက်ပွဲ အချိန်စာရင်းအသစ်အရ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပဖို့အတွက် ကပ်ရောဂါအလွန်ကာလ အထူးအစီအမံတွေကို အခုချိန်ကတည်းက အသင့်ရေးဆွဲပြီးဖြစ်ဖို့ လိုအပ်ပါတယ်။ ကပ်ရောဂါ အလွန်ကာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ပုံမှန်အခြေအနေမျိုးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို စီမံခန့်ခွဲတာမျိုးနဲ့ မလုံလောက်ပါဘူး။ ဥပမာအားဖြင့် မဲဆန္ဒရှင် အသိပညာပေးတာနဲ့ မဲထွက်ပေးရေးအတွက် နှိုးဆော်ရေး လုပ်ငန်းတွေ၊ မဲရုံတွေမှာ တာဝန် ထမ်းဆောင်မယ့်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ အထူးအစီအမံ၊ ကူးစက်ရောဂါ ထပ်မံပြန့်ပွားမှုမရှိအောင် ကာကွယ်နိုင်မယ့် မဲဆွယ် စည်းရုံးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်တွေကို အလွယ်တကူ သိရှိရယူနိုင်ရေးစတဲ့ လုပ်ငန်းစဉ်တွေအတွက် ပိုပြီးထိရောက်မယ့် အစီအမံတွေကို အခုကတည်းက ရေးဆွဲထားဖို့လိုပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပတဲ့အခါ လုံလောက်တဲ့ အစီအမံတွေနဲ့ အဆင်သင့်ဖြစ်နေမှာပဲ ဖြစ်ပါတယ်။

အကယ်၍ ရွေးကောက်ပွဲတွေကို ရည်မှန်းထားတဲ့အတိုင်း ကျင်းပမယ်ဆိုရင်

ပုံမှန် အခြေအနေမှာကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာတောင် မဲဆန္ဒရှင်တွေနဲ့ မဲရုံဝန်ထမ်းတွေဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလို ယခင်ကမကြုံဖူးသေးတဲ့ ကူးစက်ရောဂါကပ်ဘေးနဲ့ ရင်ဆိုင်နေရချိန်ကာလမျိုးမှာ မဲဆန္ဒရှင်တွေရဲ့ မဲပေးပိုင်ခွင့်မှာ အကန့်အသတ်တွေ အများကြီးရှိသလို မဲရုံဝန်ထမ်းတွေအနေနဲ့လည်း ရွေးကောက်ပွဲနေ့မှာ သမာသမတ်ကျမှုကို အာမခံနိုင်ရေးသာမက ရောဂါကူးစက်ပြန့်ပွားမှု ထိန်းသိမ်းနိုင်ရေးကိုပါ ထည့်သွင်းစီမံခန့်ခွဲဖို့ဟာ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်​​တွေ၊ လမ်းညွှန်ချက်တွေကို ရွေးကောက်ပွဲစီမံခန့်ခွဲမှုမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အများယုံကြည် လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေရဲ့ အနိမ့်ဆုံး ဒီမိုကရေစီစည်းမျဉ်းနဲ့ စံနှုန်းတွေဖြစ်တဲ့ နိုင်ငံသားအားလုံး ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံပိုင်ခွင့်နဲ့ တန်းတူညီမျှစွာ မဲဆွယ်စည်းရုံးပိုင်ခွင့်၊ အများပြည်သူအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို ရယူသိရှိခွင့်၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနဲ့ မဲရလဒ် ထုတ်ပြန်ကြေညာတဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိမှု စတာတွေကို အာမခံချက်ပေးဖို့ လိုပါတယ်။

ရွေးကောက်ပွဲဥပဒေမူဘောင်          ။  ကပ်ရောဂါ ကာလအတွင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို စီမံခန့်ခွဲဖိုဆိုရင် လက်ရှိ ဥပဒေမူဘောင်အချို့နဲ့ လုပ်ထုံးလုပ်နည်းအချို့ကို ဖြည့်စွက်ပြင်ဆင်ဖို့ လိုပါမယ်။ အထူးသဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်​တွေ၊ လုပ်ထုံး လုပ်နည်းတွေကို လိုက်နာကျင့်သုံးဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် မဲစာရင်းမှာ အမည်စာရင်း ထည့်သွင်းဖို့၊ ပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ်ဖျက်ဖို့ကို လူကိုယ်တိုင်မသွားပဲ online ကနေတဆင့် ဆောင်ရွက်နိုင်အောင် ပြင်ဆင်တာ၊  ကြိုတင်မဲပေးတဲ့ကာလနဲ့ ကြိုတင်မဲပေးခွင့်ရှိသူ အမျိုးအစားတွေကို ပြန်လည်သတ်မှတ်တာ၊ ပြင်ဆင်ပြီး ထပ်မံဖြည့်စွက်တာ၊ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်က လှုပ်ရှားမှုတွေနဲ့ နိုင်ငံပိုင်သတင်းမီဒီယာ သုံးစွဲ ခွင့်နဲ့ပတ်သက်ပြီး ပိုမိုတိကျတဲ့ လုပ်ထုံးလုပ်နည်းတွေ စတဲ့ ဥပဒေမူဘောင်ပိုင်းဆိုင်ရာတွေ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်ပါတယ်။

မဲပေးသူဦးရေ မြှင့်တင်ရေး၊ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းနဲ့ သတင်းအချက်အလက်။           ။  ထိရောက် သေချာတဲ့ ကျန်းမာရေးဆိုင်ရာ အစီအမံတွေနဲ့ မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတွေဟာ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုနဲ့ မဲပေးလိုစိတ်ကို မြှင့်တင်ဖို့အတွက် အကြီးဆုံးလုပ်ငန်းတွေပါပဲ။  ဒီလို ကပ်ရောဂါ ကျရောက်တဲ့ကာလမျိုးမှာ မသန်စွမ်းတွေနဲ့ ကပ်ရောဂါကြောင့် ကိုယ့်ရဲ့တကိုယ်ရေတကာယ ကိစ္စတွေအပြင် ကလေးသူငယ်တွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ နာမကျန်းဖြစ်တဲ့ သူတွေရဲ့ ဝန်ကိုပါ ထမ်းနေရတဲ့ အမျိုးသမီးတွေဟာ ရွေးကောက်ပွဲ ဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ရဖို့ ပိုပြီးခက်ခဲလေ့ရှိပါတယ်။ ဒါကြောင့် သူတို့အတွက် သီးသန့်အစီအစဉ်တွေ လိုအပ်ပါတယ် (ဥပမာ အမျိုးသမီးတွေကို သီးသန့်ရည်ရွယ်တဲ့ မဲဆန္ဒရှင် အသိပညာပေး အစီအစဉ်တွေ၊ နှိုးဆော်ရေးတွေ)။ အသိပညာပေး လုပ်ငန်းတွေကိုလည်း ပုံမှန်အခြေအနေမျိုးမှာ ပြုလုပ်တဲ့ အသိပညာပေးပုံစံမျိုးထက် မီဒီယာနဲ့ လူမှုကွန်ရက် မီဒီယာတွေကို ပိုမိုအသုံးချဖို့လိုပါတယ်။ သွားလာမှု ကန့်သတ်ခံထားရတဲ့ နေအိမ် ဒါမှမဟုတ် အဆောက်အအုံနဲ့ ပရဝုဏ် (ဥပမာ ဖောင်ကြီး၊ ဝေဘာဂီဆေးရုံစတဲ့ စောင့်ကြည့်ရေးစင်တာတွေနဲ့ ဆေးရုံတွေမှာ နေထိုင်သူတွေနဲ့ သွားလာမှု ကန့်သတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ခုနစ်ခု)  တွေမှာ နေထိုင်နေရတဲ့သူတွေအတွက် သူတို့ လက်လှမ်းမီနိုင်မယ့် သီးသန့် အသိပညာပေးလှုပ်ရှားမှု အစီအစဉ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ ကူးစက်ရောဂါ ထိန်းချုပ်မှုတွက် လူအုပ်စုလိုက် မဲဆွယ်စည်းရုံး ဟောပြောတာတွေကို ကန့်သတ်ထားမှာ ဖြစ်လို့ ပြည်သူလူထုအနေနဲ့ မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ မဲဆွယ်စည်းရုံးရေး ကတိကဝတ်တွေနဲ့ ပါတီမူဝါဒတွေအပြင် မဲပေးတာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နိုင်ငံပိုင် သတင်း မီဒီယာတွေမှာ ဒါမှဟုတ် online ကနေ အလွယ်တကူ ရှာဖွေနိုင်ဖို့၊ ရယူနိုင်ဖို့ လိုအပ်ပါတယ်။

ရွေးကောက်ပွဲနေ့             ။ ကြိုတင်မဲပေးတဲ့ ကာလနဲ့ ကြိုတင်မဲပေးခွင့်ရှိသူ အမျိုးအစားတွေကို ကပ်ရောဂါကာလနဲ့ လိုက်လျောညီထွေ​စွာ ပိုပြီးတိကျအောင် ထပ်မံပြင်ဆင်ဖြည့်စွက်ဖို့ လိုပါတယ် (လက်ရှိဥပဒေမှာတော့ အစိုးရနဲ့ မဲရုံဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်သူတွေ၊ အနာကြီးရောဂါသည်တွေ၊ အချုပ်ကျသူနေသူတွေ၊ ဆေးရုံတက်နေသူတွေဟာ ယေဘုယျအားဖြင့် ကြိုတင်မဲပေးခွင့်ရှိသူတွေ ဖြစ်ပါတယ်)။ အသွားအလာ ကန့်သတ်ခံထား ရတဲ့ နေရာတွေ၊ စောင့်ကြည့်ရေးစင်တာတွေမှာ နေထိုင်နေတဲ့ ရောဂါသံသယရှိသူတွေနဲ့ ဆေးရုံတွေမှာရှိနေတဲ့ အတည်ပြု လူနာတွေအတွက် မဲပေးခွင့် မဆုံးရှုံးရ​အောင် သီးခြားစီမံဖို့ လိုပါတယ် (ဥပမာ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာဆေးရုံနဲ့ ဖောင်ကြီးလိုနေရာမျိုးမှာ သီးခြားမဲရုံတွေ ဖွင့်လှစ်တာမျိုးနဲ့ အသွားအလာ ကန့်သတ်ထားတဲ့ မြို့နယ်နဲ့ ရပ်ကွက်တွေမှာ နေထိုင်သူတွေအတွက် သီးသန့်မဲပေးချိန် သတ်မှတ်တာမျိုး)။ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေမှာလည်း ကူးစက်ရောဂါ ထိန်းချုပ်ဖို့အတွက် ထိရောက်တိကျတဲ့ ကျန်းမာရေးအစီအမံတွေ လိုပါတယ်။ ဒါမှလည်း မဲဆန္ဒရှင်တွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှု မရှိဘဲ လာရောက် မဲပေးကြမှာဖြစ်ပါတယ်။ မဲရုံတွေမှာ မဲပေးသူဦးရေ ကန့်သတ်တာတွေ၊ မဲပုံးတွေ တခုနဲ့ တခု လုံလောက်တဲ့ အကွာအဝေးမှာထားတာ၊ သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေအတွက် သီးခြားမဲပေးချိန် သတ်မှတ်တာ​၊ လက်ဆေးရည်တွေ၊ လက်အိတ်တွေ စတဲ့ ကျန်းမာရေးအကာအကွယ် ပစ္စည်းတွေကို မဲဆန္ဒရှင်တွေနဲ့ မဲရုံဝန်ထမ်းတွေအတွက် လုံလုံလောက်လောက်ထားရှိပေးဖို့ လိုပါတယ်။ ဒီအကြံပြုချက်တွေအပြင် ကာလဒေသနဲ့ အခြေအနေအလိုက် ထပ်မံဖြည့်စွက်ဖို့လည်း လိုပါမယ်။

တန်းတူညီမျှတဲ့ ရွေးကောက်ပွဲပတ်ဝန်းကျင်။     ။ လူစုလူဝေးနဲ့ စုဝေးဟောပြောတာတွေ၊ တအိမ်တက်ဆင်း မဲဆွယ်တာ တွေဟာ ကူးစက်ရောဂါကို ပိုမိုပြန့်ပွားစေတဲ့အတွက် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဒါကြောင့် မျက်နှာချင်းဆိုင် မဲဆွယ်တာမျိုးတွေထက် အစဉ်အလာ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက် မီဒီယာတွေကနေတဆင့် မဲဆွယ်စည်းရုံးရေးတွေ ဆောင်ရွက်ဖို့ကို ပိုမိုအားပေးဖို့လိုပါတယ်။ ဒီလို အားပေးဖို့အတွက်ဆိုရင် နိုင်ငံပိုင် သတင်းမီဒီယာတွေ (သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြား) မှာ လက်ရှိအစိုးရရဲ့ ဆောင်ရွက်မှုသတင်းတွေ သာမက အခြား ရွေးကောက်ပွဲ ဝင်ရောက်ရွေးချယ်ခံမယ့် ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးတာတွေ ပြုလုပ်ဖို့ လက်ရှိခွင့်ပြုထားတဲ့ အချိန်အပိုင်းအခြားသာမက နေ့စဉ်ပုံမှန် အချိန်သတ်မှတ်ထားရှိဖို့ လိုပါတယ်။ လူမှုမီဒီယာမှာ မဲဆွယ်တာနဲ့ ပတ်သက်လို့ တိကျတဲ့ လမ်းညွန်ချက်တွေ ထပ်မံဖြည့်စွက်ရပါမယ်။ နိုင်ငံပိုင် အရင်းအမြစ်တွေနဲ့ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပါတီမဲဆွယ်စည်းရုံးရေးအတွက် အသုံးချတာ မဖြစ်ရအောင် မဲဆွယ်စည်းရုံးရေး လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းတွေကို ပိုမိုတိကျအောင် ပြင်ဆင် ဖြည့်စွက်ရပါမယ်။ ဒါမှလည်း ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းအားလုံး ရွေးကောက်ပွဲမှာ တန်းတူညီမျှစွာ ယှဉ်ပြိုင်ခွင့်ရမှပဲ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်ခွင့်။       ။ ကပ်ရောဂါ ကာလအတွင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် အဓိကစိန်ခေါ်မှုတွေကတော့ ရွေးကောက်ပွဲ ဖြစ်စဉ်အပေါ် ယုံကြည်မှုနဲ့ မဲပေးသူရာခိုင်နှုန်းပါပဲ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးအရ ဘက်လိုက်မှုမရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတွေရဲ့ ပါဝင်ဆောင်ရွက်ခွင့်ကို ပိုမိုမြှင့်တင်ဖို့ လိုအပ်ပါတယ်။ မဲရုံအရေအတွက် တိုးလာတာနဲ့အမျှ မဲရုံမှာ တာဝန်ထမ်းဆောင်သူတွေ ပိုပြီးလိုအပ်လာမှာဖြစ်လို့ အစိုးရဝန်ထမ်းတွေသာမက မဲဆန္ဒရှင်တွေကိုပါ မဲရုံတွေမှာ တာဝန်ပေးတဲ့အတွက် လိုအပ်နေတဲ့စေတနာ့ဝန်ထမ်း လူအင်အားသာမက ရွေးကောက်ပွဲ  ဖြစ်စဉ်အပေါ် ယုံကြည်မှုကို ပိုပြီး မြင့်မားစေပါတယ်။ သတင်းအချက်အလက် ရယူခွင့်အတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်စားလှယ်လောင်းနဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ မဲရုံစာရင်းတွေ၊ မဲစာရင်းတွေ စတဲ့ အချက်အလက်တွေကို online ကနေတဆင့် အလွယ်တကူ ရယူခွင့် ရှိဖို့လိုပါတယ်။ အသိပညာပေး လုပ်ငန်းတွေအတွက် နိုင်ငံမီဒီယာတွေကို အသုံးပြုခွင့် ရရှိဖို့လိုပါတယ်။ စောင့်ကြည့်လေ့လာရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှု ပိုမိုမြင့်မားလာဖို့ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေမူဘောင်တွေကို ပြန်လည်ပြင်ဆင် ဖြည့်စွက်ရပါမယ်။

ဒီအကြံပြုချက်တွေဟာ ပြည့်စုံပြီလို့တော့ မဆိုနိုင်ပါဘူး။ ဒီထက်ပိုပြီးပြည့်စုံတဲ့ အစီအမံတွေရဖို့ဆိုရင် ကျန်းမာရေးဌာနနဲ့ အခြားအစိုးရဌာနတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးဖို့ လိုပါ လိမ့်မယ်။

နိဂုံး

ရွေးကောက်ပွဲ ဆိုတာဟာ အစိုးရတရပ် ဒါမှမဟုတ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်တာ၊ ဖယ်ရှားတာနဲ့ အစားထိုးရွေးချယ်တာ စတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ  ပါဝင်ဆုံးဖြတ်ခွင့်ရတဲ့ အခြေခံအကျဆုံး နိုင်ငံရေး အခွင့်အရေး တရပ်ပါပဲ။ ဒါကြောင့် ပြောရရင် ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်း/ရပ်ဆိုင်းတာဟာ နိုင်ငံသားတွေရဲ့ နိုင်ငံရေး အခွင့်အရေးကို ရပ်ဆိုင်းလိုက်တာပါပဲ။  ဒါကြောင့် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းတာပဲဖြစ်ဖြစ်၊ ဆက်လက်ကျင်းပတာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက် နှစ်မျိုးစလုံးဟာ နိုင်ငံရေးအရ သတိကြီးကြီးထားပြီး ဆွေးနွေး ဆုံးဖြတ်ရမယ့် ကိစ္စပဲဖြစ်ပါတယ်။

ဒါကြောင့် ငွေကြေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အရင်းအမြစ်တွေကို လူထုကျန်းမာရေး ကာကွယ် စောင့်ရှောက်မှုအတွက် ဦးစားပေးနိုင်ဖို့ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်တယ်ဆိုတာဟာ မှန်ကန်ညီညွတ်တယ်ဆိုပေမဲ့ အခြားနိုင်ငံရေး ပြဿနာတွေ ထပ်မံ မပေါ်ပေါက်အောင် သတိပြုဖို့လိုသလို ကပ်ရောဂါ အလွန်ကာလအတွက် တိကျတဲ့ အစီအစဉ်တွေ ရှိဖို့လည်း လိုအပ်ပါတယ်။  တချိန်တည်းမှာပဲ အခြေခံဥပဒေ အကန့်အသတ်ကြောင့် ရွေးကောက်ပွဲတွေ မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်ခဲ့ရင်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သွားလာလှုပ်ရှားခွင့်တွေကို ဦးစွာအာမခံချက်ပေးထားဖို့လိုသလို ယုံကြည် လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေရဲ့ အနိမ့်ဆုံး ဒီမိုရေစီစံနှုန်းတွေကို လိုက်နာကျင့်သုံးဖို့ လိုပါတယ်။

ကိုးကား။

Bicu, Ingrid & Wolf, Peter. (2020) Elections during COVID-19: Considerations on how to proceed with caution. https://www.idea.int/news-media/news/elections-during-covid-19-considerations-how-proceed-caution.

Consortium for Elections and Political Process Strengthening (CEPPS). (2020). Mitigating the impact of COVID-19 through Democracy, Human Rights, and Governance [White paper]. https://www.ndi.org/publications/cepps-white-paper

Ellena, Kahterine. (2020). The legal quagmire of postponing or modifying Elections. https://www.ifes.org/news/legal-quagmire-postponing-or-modifying-elections

Global Network of Domestic Elecion Monitors (GNDEM). (2020). Guidance on election monitoring during the COVID-19 Pandemic. https://gndem.org/stories/guidance-on-election-monitoring-during-the-covid-19-pandemic/

Internationl IDEA. (2020), Elections and COVID-19. International IDEA Technical paper 1/2020. URL https://www.idea.int/publications/catalogue/elections-and-covid-19

Kim, Joo Min & Denyer, Simon (2020). South Korea’s ruling party wins landslide in elections dominated by coronavirus. The Washington Post. April 16. https://www.washingtonpost.com/world/asia_pacific/south-korea-is-holding-an-election-even-as-it-rebounds-from-coronavirus-pandemic/2020/04/15/1dd66f76-7b37-11ea-a311-adb1344719a9_story.html

[1] ဖွဲ့စည်းပုံအခြေခံဥပဒေ။ ပုဒ်မ ၁၁၉၊ ပုဒ်မ ၁၅၁၊ ပုဒ်မ ၁၆၈။

[2] ဖွဲ့စည်းပုံအခြေခံဥပဒေ။ ပုဒ်မ ၃၉၉ (က)

[3] ဖွဲ့စည်းပုံအခြေခံဥပဒေ။ ပုဒ်မ ၃၉၉ (င)။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ။ ပုဒ်မ ၁၀ (စ)

Sai Ye Kyaw Swar Myint

စိုင်းရဲကျော်စွာမြင့်သည် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search