Menu & Search

ကိုဗစ်-၁၉ ကပ်ရောဂါခေတ်တွင် သီးသန့်နေထိုင်ခြင်း

April 28, 2020
အယ်ဒီတာမှတ်ချက်

ယခုဖော်ပြထားသည့် ဆောင်းပါးကို စီဗီယာဘေးက ဧပြီ ၁၀ ရက်နေ့ထုတ် BUDDHIST FELLOWSHIP အထူး စာစောင်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ စီဗီယာဘေး၏ ဆောင်းပါးကို စန်းနေသွေး က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါသည်။

 

မှန်ကန်သော နေထိုင်ခြင်း

မှန်ကန်သော အားထုတ်မှု

စိတ်ပျော်အောင် နေထိုင်ခြင်း

ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြီးကြောင့် ယခု အချိန်ကာလသည် နိုင်ငံ အများအပြားမှ လွတ်လပ်စွာ သွားလာမှု ကန့်သတ်ခြင်း (de facto lockdown) ကို လက်တွေ့ ကျင့်သုံးနေကြပြီ ဖြစ်သည်။ အဆိုပါ ကြောက်လန့်ဖွယ် စကားလုံးကို သုံးမည်၊ မသုံး မည်တော့ မသေချာနိုင်ပေ။ သို့ဖြစ်ရာ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များ အတွက် အရေးကြီးသော လူမှု ဆက်ဆံရေး ကိစ္စများကို ကန့်သတ် တားမြစ် ခံရပေတော့သည်။ ကျွန်ုပ်တို့၏ ဘဝမှတ်တိုင်များ အလိုက် ကျင်းပ ပြုလုပ်သော အထိမ်းအမှတ်ပွဲများ ဖြစ်သည့် မွေးနေ့များ၊ မင်္ဂလာဆောင်များ၊ (နာရေး ကိစ္စရပ်များတောင်မှ) ကျင်းပခြင်းများအား မပြုကြရန် တားမြစ်ခံရပေမည်။ ကျွန်ုပ်တို့ အချင်းချင်း တွေ့ဆုံကြသော အခါတွင်လည်း ယခင်ကဲ့သို့ ပွေ့ဖက် နှုတ်ဆက်ခြင်း၊ လက်ဆွဲ နှုတ်ဆက်ခြင်းများ မရှိတော့ဘဲ လူတဦးနှင့်တဦး အနည်းဆုံး တမီတာ အကွာမှသာ တွေ့ဆုံကြရန်သာ ဖြစ်ကြောင်း စသည့် ထုတ်ပြန်ချက်များကြောင့် ကျွန်ုပ်တို့သည် သီးသန့် နေကြရမည်သာ ဖြစ်တော့သည်။ နေ့စဉ် စိတ်ဖိစီးမှု လျှော့ချရန် ပြုလုပ်နေကျ ဖြစ်သော ဝါသနာထုံရာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လုပ်ငန်း ဆောင်တာများအား မွေ့လျော် ဇိမ်ခံရန် မဖြစ်နိုင်တော့ပေ။ အားလပ်ချိန်နှင့် ကစားချိန်များတွင် စိတ်ပါတိုင်း အပြင်သို့ မထွက်နိုင်တော့ပေ။ သူငယ်ချင်းများနှင့်လည်း အချိန် မဖြုန်းနိုင်တော့ပေ။ စိတ်ဓာတ်ခွန်အား ပေးနိုင်သော ပွဲလမ်း သဘင်များသို့လည်း မတက်ရောက်နိုင်တော့ပေ။ မိမိတို့၏ အိမ်များတွင်သာ အခန်းအောင်း၍ ကန့်သတ် နေထိုင်ရပေတော့မည်။

မိမိတို့အိမ်တွင် အခန်းအောင်း၍ ကန့်သတ် နေထိုင်ခြင်းသည် ကျွန်ုပ်တို့အတွက် လုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် လူ့သဘာဝ ဖြစ်သော တပ်မက်ခြင်း (တဏှာ) (ဝါ) လိုချင်တောင့်တခြင်းကြောင့် ကန့်သတ် နေထိုင်ရခြင်းကို ရုတ်တရက် ဆန့်ကျင်ပါလိမ့်မည်။ ယခုအခါ လိုချင် တပ်မက်ခြင်းသည် နေရာတိုင်းတွင် အမြဲတမ်း ရှိနေပါသည်။ သို့သော် သာမန် အခြေအနေမျိုးတွင် ထိုတဏှာကို သိသာစွာ မြင်နိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ကျွန်ုပ်တို့ စိတ်ပျံ့လွင့်နေခြင်း (အာရုံပြောင်းနေခြင်း) (ဝါ) ယာယီအားဖြင့် ကျေနပ် နှစ်သက် လောက်သော ချွေးသိပ်စရာ နည်းလမ်းများကြောင့်သာ ဖြစ်ပေလိမ့်မည်။ ပျင်းလျှင် ဈေးဝယ်ထွက်မည်၊ ကိုယ်လက် လှုပ်ရှားလိုလျှင် အားကစားရုံ (ခန်းမ)သွားမည်၊ အထီးကျန် အဖော်မဲ့လျှင် နှစ်လိုဖွယ် ပေးနိုင်သော သူငယ်ချင်းရှာမည် စသည့် ‘… ချင်ခြင်း’ ပေါင်းများစွာ စိတ်ထွက်ပေါက် များရှိပါသည်။ သို့သော် မည်သည့် လိုချင် တပ်မက်မှုမဆို သိမ်မွေ့သည်ဟု စိတ်က ခံစားရသော်လည်း အမှန်စင်စစ် ဒုက္ခ (ဆင်းရဲခြင်း) ဝေဒနာသာ ဖြစ်ပါသည်။ အတိတ်တွင် ကျွန်ုပ်တို့တွင် စိတ်ဖိစီးမှုများ ပပျောက်ရန် လုပ်နေကျအရာ များစွာ ရှိကောင်းရှိပေလိမ့်မည်။ ထို့ကြောင့်သာ လိုချင် တပ်မက်မှုကို မသိကျိုးကျွန် ပြုနိုင်ခဲ့ခြင်း ဖြစ်ပေသည်။  ယခုလို လုပ်စရာမရှိ၊ လည်ပတ်စရာမရှိသည့် အချိန်တွင် လိုချင်တပ်မက်မှု (တဏှာ)ကို ရင်ဆိုင်ရန် ခက်ခဲလာပြီး ဒုက္ခ (ဆင်းရဲခြင်း)ကို အတိုင်းသား သိမြင်လာတော့သည်။

ဘယ်အရာတွေကို လွယ်ကူအောင် လုပ်ကြမလဲ
ဖြစ်ပျက်လေ့ရှိတဲ့ အရာတွေကို ပြောင်းလဲပစ်ရအောင်

အစပထမဆုံးအနေနဲ့ ကျွန်ုပ်တို့ရဲ့ လက်တွေ့ဘဝနဲ့ကင်းတဲ့ ရှုထောင့် အမြင်များနဲ့ ဖြစ်ပျက်လေ့ရှိတဲ့အရာတွေကို ကြိုးစားပြီး ပြောင်းလဲကြရအောင်။ လူ့စိတ်ဟာ ပျော့ပြောင်းပြီး လိုချင်တဲ့ပုံစံကို  အလွယ်တကူ ပုံသွင်း လို့ရပါတယ်။ အသွားအလာကန့်သတ်ပြီး ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine)၊ အသွားအလာကန့်သတ်ခြင်း (Lockdown) နဲ့ အမိန့်အာဏာသုံးပြီး တဦးတည်းသီးသန့်ထားခြင်း (forced isolation) စတဲ့ စကားလုံးတွေဟာ အပျက်သဘောဆောင်တဲ့ အနက်ဂယက်တွေသာ ပေးနိုင်ပါတယ်။ အဲဒီ စကားလုံးများဟာ ကျွန်ုပ်တို့ လက်မခံနိုင်၊ သဘောမတူနိုင်တဲ့ အရာတွေကို လုပ်ဆောင်ဖို့ အမိန့်အာဏာသုံးပြီး လုပ်ဆောင်ခိုင်းမယ့်သဘော အဖြစ် သွယ်ဝိုက်ညွှန်းဆိုနေပါတယ်။ အသွားအလာကန့်သတ်ပြီး ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine)၊ ဖျားနာခြင်းနှင့် ကွယ်လွန်ခြင်း စတဲ့ ပုံရိပ်တွေကို အာရုံမှာ မြင်ယောင်စေပြီး အချက်အလက်ပေးသလို ဖြစ်နေတယ်။ ဒီလို စိတ်ဖိစီးမှုပေးတဲ့၊ ကြောက်မက်ဖွယ် စကားလုံးတွေကို ထိန်းချုပ်မှုကင်းကင်းနဲ့ သွယ်ဝိုက်အသုံးပြုလေလေ ဝိဘဝတဏှာ ကြီးလေလေဖြစ်ပါတယ်။ တခြားစကားလုံးနဲ့ ပြောရရင် ကျွန်ုပ်တို့ဟာဘဝမှာ ကွဲပြားခြားနားမှုရှိဖို့ လိုချင်တပ်မက်ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီအစား ပို၍ အပြုသဘောဆောင်သော  လူတယောက်အား ၎င်း၏ စိတ်အလိုအလျောက် ပြုမူစေနိုင်သည့် ဆွဲဆောင်ရစ်နွယ်နိုင်သော အငွေ့ အသက်များပါသည့် စကားလုံးများ (ဥပမာ- လူသူများနှင့် ဝေးရာတွင်နေခြင်း (ဝါ) ဆိတ်ငြိမ်ရာတွင် နေထိုင်ခြင်း) စသည်တို့ကို ကြိုးစား၍ သုံးကြည့် ပါ။ အခုအခြေအနေဟာ ကျွန်ုပ်တို့ တရားစခန်းဝင်သလိုပဲ သိပ်မထူးပါဘူးဆိုပြီး မိမိကိုယ်ကို ပြောကြည့်စမ်းပါ။ ဆိတ်ငြိမ်ရာတွင် နေထိုင်ခြင်းကဲ့သို့ပဲ ကျွန်ုပ်တို့ဟာ လူ့အသိုင်းအဝိုင်းရဲ့အဝေးမှာ နေထိုင်ခြင်းနဲ့ ကိုယ်ရေးကိုယ်တာကိစ္စ လုပ်ကိုင်ခြင်းတွေကို နည်းနိုင်သမျှနည်းအောင် ပြုမူနေထိုင်ကြရအောင်၊ သို့မှသာ ကျွန်ုပ်တို့ဟာ တယောက်တည်း နေထိုင်ရတဲ့ အချိန်တွေမှာ စိတ်အေးချမ်းနိုင်မှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ ဒီ သီးသန့်နေထိုင်တဲ့ကာလကို မမျှော်လင့်ထားသော ကြုံတောင့်ကြုံခဲ့ အဖိုးတန် ‘ကိုယ့်အတွက်’ ကာလလို့ အလေးအနက် ဆင်ခြင်နိုင်ပါတယ်။ ‘ကိုယ့်အတွက်’ ဆိုတာက ကျွန်ုပ်တို့မှာ တစုံတဦးနဲ့တွေ့ဖို့ လူမှုတာဝန်မရှိဘူး၊ ကိစ္စတခုကို ကျေပွန်အောင်ဆောင်ရွက်ဖို့ အချိန် သတ်မှတ်ချက်တွေ မရှိဘူး၊ တာဝန်တွေ လုပ်ဖို့မလိုဘူး၊ ခရီးတိုတွေ ထွက်စရာ မလိုလို့ဘဲ ဖြစ်ပါတယ်။ တွေးကြည့်စမ်းပါ၊ ကမ္ဘာကြီးက ကျွန်ုပ်တို့ကို သီးသန့် နေထိုင်ခိုင်းဖို့ ဒီလို ရက်သတ္တပတ်ပေါင်းများစွာ ဘယ်တုန်းကများ ပေးခဲ့ဖူးသလဲ။ ဘယ်သူကမှလည်း (အထက်လူကြီးတွေ၊ မိမိရဲ့ သူဌေးကတောင်မှ) ဒီလိုအချိန်တွေကို သတ်မှတ်ပေးခဲ့ပါသလဲ။ ကျွန်ုပ်တို့ရဲ့ သေးငယ်သော အိုအေစစ်ကာလမှာ ကျွန်ုပ်တို့ ဆန္ဒတွေကို လုပ်ဆောင်နိုင်ဖို့ လွတ်လပ်မှု ရရှိပြီလေ။ ဒီအချိန်တွေကို ကျွန်ုပ်တို့ စိတ်ခွန်အားတိုးပွားဖို့ အဓိပ္ပာယ်ရှိစွာနဲ့ အမြော်အမြင်ကြီးစွာ အသုံးချမလား (ဝါ) သောက်စားပျော်ပါးခြင်း၊ မကျေမချမ်း ညည်းညူခြင်းနှင့် ငိုယိုပြီးဖြုန်းတီးမလား... ကျွန်ုပ်တို့ အပေါ်မှာသာ မူတည်ပါတယ်။

စိတ်ညစ်မှုတွေကို မှန်ကန်သော အားထုတ်မှုနဲ့ ကိုင်တွယ်ဖြေရှင်းပါ

ကျွန်ုပ်တို့အတွက် ဒီ သီးသန့်နေထိုင်ခြင်းကာလမှာ အကြီးဆုံးစိန်ခေါ်မှုကတော့ ပျင်းရိခြင်းနဲ့ ဂနာမငြိမ်ဖြစ်ခြင်း စတဲ့ စိတ်ညစ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ပါပဲ။ ကျွန်ုပ်တို့ဟာ မြောက်မြားစွာသော စိတ်ရှုပ်ထွေးခြင်းတွေနဲ့ ချိန်းဆိုမှုတွေ ပြည့်နေတဲ့ဘဝကို နေသားတကျ ရှိခဲ့မယ်ဆိုရင် အဆိုပါ စိတ်ညစ်မှုတွေကို ပို၍ သိသိသာသာ ခံစားရပါမယ်။ အပျက်သဘောကိုဆောင်တဲ့ အဆိုးမြင်စိတ်တွေကို ထွက်သွားအောင် ပြုလုပ်ဖို့က လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့လုပ်နိုင်ပါတယ်။ ကျွန်ုပ်တို့ ယုံကြည်မှုရှိရမယ်။ ပြီးတော့ လိုအပ်တဲ့ တုံ့ပြန်မှုတွေကို လုပ်နိုင်ဖို့ နည်းလမ်းတွေရှိဖို့တော့ လိုပါတယ်။

စိတ်ညစ်မှုတွေကို နည်းအောင်လုပ်ပါ

စိတ်ညစ်မှုတွေကို ရိပ်စားမိဖို့တော့ မခက်ခဲပါဘူး၊ ဘာကြောင့်လဲဆိုတော့ စိတ်ညစ်မှုဆိုတာ မကောင်းသောခံစားချက်တွေပါ။ တခါတလေ မကောင်းတာထက်ကို ပိုပါတယ်။ ကျွန်ုပ်တို့ မိမိကိုယ်ကို အနည်းငယ် စိတ်ဓာတ်ကျနေတယ်လို့ ခံစားမိတာနဲ့ စိတ်ညစ်နေပြီဆိုတာ ရိပ်စားမိပါတယ်။ ဒီတည်ရှိမှုကိုသိအောင် အာရုံစူးစိုက်လိုက်ပါ။ ဒါပေမဲ့ စိတ်ဝင်စားတဲ့အထိ လိုက်မသွားပါနဲ့။ စိတ်ညစ်တာတွေရှိကြောင်း သိအောင် မကြိုးစားပါနဲ့။ ခိုင်လုံအောင်လည်း မလုပ်ပါနဲ့။ မိမိကိုယ်ကိုလည်း အပြစ်မတင်ပါနဲ့။

အတွေးတွေကို ရပ်လိုက်ပါ၊ ပြီးတော့ အသက်ကို ဝအောင် ရှူလိုက်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် အဆိုးမြင်စိတ်တွေကို မိမိစိတ်အတွင်း ဝင်မလာအောင် ပြုလုပ်နိုင်ပါတယ်။ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းပေါ်မှာ အာရုံစိုက်ခြင်းဖြင့် ဘယ်လို အဆိုးမြင်စိတ်တွေပဲဖြစ်ဖြစ်  တည်ငြိမ်လာပါလိမ့်မယ်။ အတွေးတွေကို ဆက်မတွေးဘဲ ရပ်ထားနေသမျှ ကျွန်ုပ်တို့စိတ်တွေကို တည်ငြိမ်အောင် ပြုလုပ်နိုင်ပါတယ်။ ဒီစိုးရိမ်ကြောင့်ကြမှုတွေကို ပြန်မတွေးမိအောင် မိမိကိုယ်ကိုထိန်းချုပ်ဖို့ အတော်လေး ကြိုးစားရပါမယ်။ ဒါဟာ ပုံမှန် အခြေအနေပါပဲ။ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကိုသာ ဆက်ပြီး အာရုံစိုက်နေပါ။ လက်ရှိကာလ ပစ္စုပ္ပန်မှာ မိမိကိုယ်ကို ရှိနေနိုင်ခြင်းနဲ့ အတွေးတွေက လွှမ်းမိုးမသွားအောင် နေထိုင်နေသမျှကာလပတ်လုံး သင်ဟာ မကောင်းမြင်စိတ်တွေ၊ အပျက်သဘောတွေကို ငြင်းပယ်ရင်း စိတ်ခွန်အားရမည့် အခွင့်အလမ်းတွေကို ရရှိလာပါလိမ့်မယ်။ ဒါဟာ  စိတ်ညစ်မှုတွေက မိမိရဲ့ စိတ် သန္တာန်ကို မစွန်းထင်းအောင် ကာကွယ်ဖို့အတွက် ပြုလုပ်ရမယ့် မဂ္ဂင်ရှစ်ပါးမှာ ခြောက်ခုမြောက်ဖြစ်တဲ့ မှန်ကန်သော အားထုတ်မှု (သမ္မာဝါယမ) ပါပဲ။

စိတ်ကို သန့်ရှင်းစင်ကြယ်အောင် ပျိုးထောင်ပါ

မိမိစိတ်ကို မကောင်းတဲ့စိတ်တွေ၊ အဆိုးမြင်စိတ်တွေ အဝင်မခံဘဲ စိတ်စင်ကြယ် သန့်ရှင်းထားရုံနဲ့ ရပ်မနေကြပါနဲ့။ ကုသိုလ်စိတ်တွေ ဖြစ်လာအောင် အမြဲမပြတ် နှိုးဆော် တိုက်တွန်းကြရပါမယ်။ ကုသိုလ်စိတ်ဆိုတာ ကျေးဇူးတရားနှင့် နှိမ့်ချသောစိတ်မှ အစပြု၍ မေတ္တာစိတ်၊ ကရုဏာစိတ်၊ ပေးကမ်းရက်ရောတဲ့စိတ်၊ သည်းခံစိတ်၊ ကိုယ်ချင်းစာစိတ်၊ ယုံကြည်စိတ် အစရှိတဲ့ ကောင်းမွန်သော စိတ်သန္တန်တွေပဲ ဖြစ်ပါတယ်။ သင့်မြတ်လျော်ကန်သော စိတ်အလှဆိုတာ လူသားအားလုံးလက်ခံနိုင်တဲ့ အရာများသာ ဖြစ်ပါတယ်။ စိတ်သန္တာန်ကောင်းတခုကိုသာ အောင်မြင်အောင် အစပျိုးလိုက်ပါ။ ထိုစိတ်ကို အကြောင်းပြုပြီး ကျန်တဲ့ အကောင်းမြင် ကုသိုလ်စိတ်တွေ ပေါ်ထွန်းလာပါလိမ့်မယ်။ ကျွန်ုပ်တို့အတွက် အလွယ်ကူဆုံး သဘာဝကျကျ ကုသိုလ်စိတ်ကလေးတခုကိုသာ မွေးမြူလိုက်ပါ။ စိတ်သန္တာန်ကောင်း တွေ တိုးတက်ပွားများလာပါလိမ့်မယ်။ ဒီဖြစ်စဉ်ကို စတင်ဖို့ရန်အတွက် ကျွန်ုပ်တို့ရဲ့ နှုတ်ကပတ်တော်ကနေ ရည်ရွယ်ချက်ရှိရှိ ဆင်ခြင်သုံးသပ်ကြရပါမယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘုရားသခင်ကို ယုံကြည်ကိုးကွယ်မည်ဆိုလျှင် ဗုဒ္ဓရဲ့အရည်အချင်းများ၊ ဘဝဖြစ်စဉ်နဲ့ သင်ကြားချက်တွေကို ဆင်ခြင်သုံးသပ် ရှုပွားရပါမယ်။ ယုံကြည်မှုတိုးလာတာနဲ့ ပျော်ရွှင်သော စိတ်ခံစားမှု ကပ်ပါ လာမှာပါပဲ။ ဒီလိုပုံစံမျိုးဖြင့် ကျွန်ုပ်တို့ဟာ မကောင်းတဲ့ အကုသိုလ်စိတ်တွေကို ကောင်းသော ကုသိုလ်စိတ်တွေအဖြစ် ပြောင်းလဲယူကြရမှာပါပဲ။

နေ့စဉ် ဘဝကို သင့်မြတ်လျော်ကန်အောင်နေထိုင်ခြင်း

လူသားတွေဟာ အကျင့်ဝသီ (ဝါ) အလေ့အထရှိတဲ့ သတ္တဝါတွေ ဖြစ်တဲ့အတွက်ကြောင့် ပုံမှန် လုပ်ရိုးလုပ်ဆောင်ရသော အလုပ်များသည် စိတ်ချမ်းမြေ့စေရန် လိုအပ်ပါသည်။ သင်၏ဘဝကို ပုံမှန် နေ့စဉ် အစီအစဉ်ချထားသော ကြိုတင်ခန့်မှန်းနိုင်သည့် ပုံစံမျိုးဖြင့် လုပ်ကိုင်ရသော အလုပ်မျိုးကို လုပ်ကိုင်ရန် သင် ဆန္ဒရှိနိုင်ပေသည်။ ယခု ကာလသည် သင့်တွင် အချိန်လည်းရှိပြီး စိတ်အနှောင့်အယှက် နည်းပါးသော အချိန် ဖြစ်ရာ တရားဓမ္မနှင့်အညီ နေထိုင်သက်ရှင်ရန် အကောင်းဆုံး အခွင့်အခါပင် ဖြစ်ချေတော့သည်။

(က) နေ့သစ်ကို သင့်မြတ်လျော်ကန်သော ခံစားချက်ဖြင့် စတင်နိုင်ရန် စဉ်းစားပါ။ သင့်တွင် ဘုရားစင်ရှိပါက ဗုဒ္ဓဘုရားကို အရင် ရှိခိုးဦးညွှတ် ဂါရဝပြုပါ။ သင်နှင့် သင်၏ ချစ်စွာသောသူများအတွက် ကျန်းမာရေး ကောင်းခြင်းနှင့် ကောင်းမြတ်သောဘဝ ရရှိခြင်းအတွက် မြတ်ဗုဒ္ဓ၏ကျေးဇူးအား အသိအမှတ်ပြုပါ။ သင်ဟာ မြတ်ဗုဒ္ဓသင်ကြားခဲ့သော ဒေသနာများအပေါ် ယုံကြည်ချက်ဖြင့် ဘဝကို ဖြတ်သန်းရန်နှင့် တနေ့ တာကာလလုံး ပြောဆိုပြုမူ နေထိုင်ရာတွင် သင့်မြတ်လျော်ကန်စွာ နေထိုင်ရန်အတွက် စိတ်ရောကိုယ်ပါ ပြင်းပြသောဆန္ဒကို ပြုပါ။ ဤသို့ ပြုမူခြင်းအားဖြင့် အခြားအရာများအတွက် နာကျင်မှုနှင့် ပူပင်သောက ဖြစ်ခြင်းတို့ မခံစားရတော့ဘဲ စိတ်သက်သာရာရမှုနှင့် ကိုယ်ရောစိတ်ပါ ချမ်းသာခြင်းတို့အား ခံစားရပါလိမ့်မည်။ ထိုကဲ့သို့ ရိုးသားစွာ ပြုမူခြင်း နှင့် ဖြေရှင်းခြင်းတို့သည် သင်၏ယုံကြည်မှုကို ခိုင်မာလာစေရန် ကူညီပါလိမ့်မည်။

(ခ) ဒီကာလအတွင်း တခြားသူများကိုလည်း ကူညီစောင့်ရှောက်ပေးပါ။ သင်သည် မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့်အတူ နေထိုင်ပါက သင် လုပ်စရာရှိသည်များ လုပ်ကိုင်ပေး၍ ၎င်းတို့အား ကူညီဆောင်ရွက် ပေးပါ။ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းဖြင့် သင်၏စိတ်သည် ကိုယ်စိတ် ဆင်းရဲခြင်းနှင့် စိုးရိမ်ကြောင့်ကြခြင်း စသည့် စွဲလမ်းခြင်း(ဥပါဒါန်)မှ ကင်းဝေးစေပါလိမ့်မည်။ ၎င်းတို့အား စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပေးပါ။ သူတို့စကားပြောနေစဉ် သင်၏ဖုန်းအား အသုံးမပြုပါနှင့်။ သူတို့ ပြောသမျှ သေချာနားထောင်ပေးပါ။ သင်ဟာ အပြုသဘောဆောင်သော သင့်မြတ်လျော်ကန်သော အချိန်များကို တခြားသောသူများနှင့် ထိုကဲ့သို့ ကုန်ဆုံးစေခဲ့လျှင် အတ္တသမားမဟုတ်ဘဲ သင်၏ စိတ်စေတနာ ကောင်းခြင်း (ရက်ရောမှု)ကို လေ့ကျင့်ပေးနေခြင်းသကဲ့သို့ ဖြစ်ပါလိမ့်မည်။

(ဂ) သင်သည် တယောက်တည်းနေထိုင်ပါက သင့်မိသားစု၊ သူငယ်ချင်းများနှင့် သာကြောင်းမာကြောင်း မေးမြန်းခြင်းများ ပြုလုပ်နိုင်ပါသေးသည်။ သူတို့၏ အခြေအနေများအား သိရှိနိုင်ရန် စာတို (Message) ပို့၍ မေးမြန်းပေးပါ။ စိတ်ခွန်အားပေးသောစာများ ရေး၍ ပို့ပေးပါ။ ယနေ့ခေတ်သည် လူတိုင်းနီးပါး မိုဘိုင်းဖုန်းများ ရှိနေပြီဖြစ်ရာ တနေ့လျှင် ချစ်ခင်သူတယောက်အား စာတို (Message) ပို့၍ ‘တစုံတရာ အတွက် ကျေးဇူးတင်ပါကြောင်း’၊ ‘နွေးထွေးပျူငှာသော အတွေး စိတ်ကူးများအား မျှဝေခြင်း’ စသည့် အားပေးကြင်နာသောစာများ ဖြန့်ဝေ ပေးပါ။ သင်တဦးတည်း သီးသန့် နေထိုင်စဉ်ကာလအတွင်း သင်သည် တရက်လျှင် ‘ကျေးဇူးတင်ပါသည်’ ဆိုသည့် စာတို (Message) တစောင်အား ရေးသားခဲ့လျှင် သင် ဂရုစိုက်သော လူများစွာ၏ စိတ်နှလုံးအား နွေးထွေးစေပေလိမ့်မည်။ ဒါဟာ သင်၏ မေတ္တာစိတ်ကို  လေ့ကျင့်ပေး ခြင်းပေတည်း။

(ဃ) သတင်း အချက်အလက်များကို စောင့်ကြည့်ပေးပါ။ သို့သော် သင် သတင်းအချက်အလက်အား မျှဝေမည်ဆိုပါက နှိုင်းနှိုင်းချိန်ချိန် ရှိပါစေ။ ဗုဒ္ဓ၏ လမ်းညွှန်ချက်ဖြစ်သော ‘မှန်ကန်သောစကား’ (သမ္မာဝါစာ)ကို စံထားပါ၊ ရှင်းလင်းရသော် မှန်ကန်ပြီး အကျိုးများသောစကားကို  အချိန်ကိုက် ရင်းနှီးစွာဖြင့် သိမ်မွေ့စွာဖြန့်ဝေပါ။ ‘မှန်ကန်သောစကား’ တွင် သတင်းမှားများအား ဖြန့်ဝေခြင်းကို ရှောင်ရှားရန်လည်း ပါဝင် ပါသည်။ သတင်းမှန်ကန်မှုကို သံသယဖြစ်သော် ပထမဆုံး ရင်းမြစ်ကို စစ်ဆေးပါ။ သတင်း အထောက်အထားအား ရှာဖွေမတွေ့ရှိလျှင် မဖြန့် ဝေခြင်းက ပိုမိုကောင်းမွန်စေပါသည်။

ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေသော မကောင်းသည့် စာများ၊ အဆိပ်အတောက်ဖြစ်နိုင်သော စာများအား ဖြန့်ဝေခြင်းမှ ရှောင်ရှားပါ။ မဆီလျော် အကျိုးမများသည့် အရာများအား ဖြန့်ဝေခြင်း သည် မည့်သည့်အကျိုး ဖြစ်ထွန်းစေသနည်း။ သို့ဖြစ်ရာ အမုန်းစကားများ၊ ကဲ့ရဲ့ ပြစ်တင်သော အတင်းအဖျင်းများနှင့် ပျက်စီးရာ ပျက်စီးကြောင်း စောင်းမြောင်းပြောသည့် စကားများအားလုံးအား ဖြန့်ဝေခြင်း မပြုပါနှင့်။

နောက်ဆုံးအချက်မှာ အချိန်ကိုက် (အခွင့်အခါသင့်ခြင်း)ပင် ဖြစ်ပါ သည်။  မလွယ်ကူမှု၊ မသေချာမှု များသော ယခုကာလတွင် သတင်းဦး၊ သတင်းထူးများ ပေးချင်သော ဗီဇကို ထိန်းချုပ်ထားပါ။ အရေးကြီးသော သတင်းအချက်အလက်ကို အချိန်ကိုက် ထုတ်ပြန်ရန် အရေးပါပါသည်။ များစွာသော စိတ်ချောက်ချားမှုများအား ကာကွယ်ရန်နှင့် လူထု၏ ကျန်းမာရေး၊ ငြိမ်းချမ်းရေးနှင့် အစီအစဉ်များအား စောင့်ရှောက်ထိန်းသိမ်းရန် လိုအပ်ပါသည်။ အထက်ပါ ဖော်ပြမှုများသည် ‘မှန်ကန်သော’ စကား၏ အင်္ဂါရပ်များ ဖြစ်သည်။

(င) စိတ်လေ့ကျင့်ခန်း ပြုလုပ်ရန် စိတ်အားထက်သန်သူများအတွက် အိပ်ချိန်မှ လွဲ၍ ကျန်အချိန်များ၏ သုံးပုံတစ်ပုံကို တရားတော်များ ပွားများခြင်းနှင့် တရားဘာဝနာ စီးဖြန်းခြင်းများ ပြုမှုပါ။ တနေ့လျှင် ဘုရား ဟောတရားတော် သုတ္တန်တခုအား ရွတ်ဖတ်ပူဇော်ပေးပါ (ဥပမာ- မေတ္တာသုတ်) မှတ်စုပြုပါ။ အဓိကအချက်များအား အလွတ် (နှုတ်တိုက်)ရအောင် အာဂုံဆောင်ပါ။ ကောင်းစွာ လေ့လာအားထုတ်ပါ။ သင်ရွတ်ဖတ်သော တရားဓမ္မစာများမှ အချက်များအား လက်တွေ့ဘဝတွင် ကျင့်သုံးနိုင်စေရန် ဆင်ခြင်သုံးသပ်ပေးပါ။ နည်းလမ်းတကျ အာစိန္တကံ ပြုမှုနိုင်ခဲ့လျှင် ကာလအဆုံးတွင် လွယ်ကူအသုံးတည့်သော ဓမ္မ ပေါင်းချုပ်အား သင် ရရှိပါလိမ့်မည်။ ဤသည်မှာ တရားတော် (သုတ္တန်) များအား လေ့လာရန်အတွက် ပြုစုပျိုးထောင်ခြင်း ဖြစ်ပါသည်။

အနည်းဆုံး ၁၀ မိနစ်မှ၊ ၁၅ မိနစ်အထိ (ဝါ သင် ဆန္ဒရှိ သလောက်) တရားဘာဝနာ အားထုတ်ရန်အတွက် သင့်အား အနှောင့်အယှက် မပေးနိုင်သော၊ အတားအဆီး မရှိနိုင်သော၊ တိတ်ဆိတ်ငြိမ် သက်သော နေရာတခုအား ရှာဖွေပါ။ သာမန်အားဖြင့် လူ့စိတ်သည် အာရုံစုစည်းမှု မရှိတတ်ပေ (ဟိုတွေးဒီတွေး ဖြစ်နေတတ်သည်)။ တရားထိုင်ခြင်းသည် ဆန့်ကျင်ဘက်ဖြစ်သော အခြေအနေတွင် ပြုမူနိုင်ရန် စိတ်အား လေ့ကျင့်ပေးခြင်းဖြစ်ပြီး အသိတရား၊ သတိတရားနှင့် ပစ္စုပ္ပန်တွင် တည့်မတ်စွာ နေထိုင်နိုင်ခြင်းအပြင် သင့်မြတ်လျော်ကန်စွာ နေထိုင်ခြင်း၊ သဘာဝနှင့် နီးစပ်ခြင်း၊ ရောင့်ရဲခြင်း စသည်တို့ကို စူးစိုက်အားထုတ်ရန် လိုအပ်ပါသည်။ ဤအရာသည် အာရုံစူးစိုက်မှု အားကောင်းအောင် (သမ္မာသမာဓိ) လေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။

(စ) နေ့တနေ့တာ ကာလပတ်လုံး သင့်ကိုယ်သင် အနည်းငယ်သော ဓမ္မတရားတော်များအား ပူဇော်ရန် အချိန်ပေးခြင်းသည် အကောင်းဆုံး ဆုလာဘ် ဖြစ်ပေသည်။ ညအိပ်ရာမဝင်မီ တနေ့တာအား သင်သည် သင့်မြတ်လျော်ကန်စွာ ဖြတ်သန်းခဲ့လျှင် သင်၏ စိတ်သန္တာန်သည် ပေါ့ပါးပျော်ရွှင် ငြိမ်းချမ်းနေပေလိမ့်မည်။ သင်၏ ယုံကြည်မှုသည် ဝေဆာပွင့်လန်းလျက်ရှိမည်။ သင်သည် ပီတိဖြာ၍ စိတ်ရွှင်လန်းနေ ပေမည်။ ရတနာသုံးပါး (ဘုရား၊ တရား၊ သံဃာ) တို့အား စိတ်သန္တာန်မှ နေ၍ ရှိခိုးဦးညွှတ်၍ ဂုဏ်ကျေးဇူးအား အောက်မေ့နေပါ။ ကုသိုလ် ကောင်းမှုများအား ပွားများ၍ အပြစ်ကင်းစွာ နေထိုင်နိုင်ခြင်းအား သဘောပေါက်ပါစေ။ ရက်ရောပေးကမ်းမှုနှင့် ကျေးဇူးတရားအား စိတ်တွင် စွဲမှတ်၍ အဆိုပါ ကောင်းမှုအစုစုတို့အား အာရုံခံစားနိုင်သော သတ္တဝါအပေါင်းတို့အား အမျှပေးဝေ၍ ကျန်းမာပျော်ရွှင်စေရန် ဆု တောင်းမေတ္တာ ပို့သပေးပါ။ ဤသို့ရွတ်ဆိုပေးပါ ‘ယနေ့ ပြုသမျှ ကုသိုလ်ကောင်းမှုတို့၏ အဖို့ဘာဂကို အကျွန်ုပ်အား ဘေးရန်ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။ အကျွန်ုပ်၏ မိသားစုနှင့် သူငယ်ချင်းများအားလုံး ဘေးရန်ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ သတ္တဝါအားလုံး ဘေးရန်ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။’ အမျှဝေရာမှ ရရှိလာသော ပျော်ရွှင်ကြည်နူး ပီတိဖြစ်မှုသည် သင့်၏စိတ်အား ပို၍အေးမြ ကြည်လင်စေပါလိမ့်မည်။ ဤအရာသည် မေတ္တာနှင့် ရက်ရောပေးကမ်းခြင်းတို့၏ သင့်တင့်သော ကျင့်စဉ်သာ ဖြစ်ပေသည်။

အချိန်တွေဟာ အလျင်အမြန် ကုန်ဆုံးလျက် ရှိပါတယ်။ ဒီ ရခဲသော၊ တန်ဖိုးရှိသော သီးသန့်နေထိုင်ခြင်းကာလကို သင် သတိမထားမိခင် မကုန်လွန်ပါစေနှင့်။ ကုန်လွန် သွားလျှင် ပျားပန်းခပ် လှုပ်ရှားရုန်းကန်နေရသော၊ အလုပ်ရှုပ်သော ဘဝသို့  သင် ပြန်ရောက်ရှိလိမ့်မည်။ ဒီကာလကို သင်သည် အကျိုးရှိစွာ ကောင်းမွန်စွာ အသုံးချနိုင်ခဲ့လျှင် စစ်မှန်သော ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိပြီး ပို၍ ငြိမ်းချမ်းသောဘဝကို အလိုရမ္မက် နည်းစွာ ဖြတ်သန်းနိုင်ပေလိမ့်မည်။ ဤအရာသည် အသိဉာဏ်ကို ကောင်းစွာ ပြုစု ပျိုးထောင်ခြင်း၏ အစိတ်အပိုင်းသာ ဖြစ်သည်။ ထို့ကြောင့် ဒီမမျှော်လင့်သော ထပ်ဆောင်း အချိန်ပိုများအား မဖြုန်းတီးပါနှင့်။ သင့်၏စိတ်နှင့် စိတ်ဝိဉာဉ် ကျန်းမာအောင် ကောင်းစွာ ရင်းနှီးမြှုပ်နှံပါလေ။

Sylvia Bay

စီဗီယာဘေးသည် ဗုဒ္ဓဘာသာ သုတေသီပညာရှင်၊ တရားဓမ္မပို့ချသူနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံး၏အကြီးတန်းသံအရာရှိ ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search