Menu & Search

ကပ်ဆိုးတခုရဲ့ ကောက်ကြောင်း

April 22, 2020
အယ်ဒီတာမှတ်ချက်

ယခုဖော်ပြထားသည့် သုံးသပ်ချက်ဆောင်းပါးကို ဒေါက်တာသူရိန်လှိုင်ဝင်းက ဧပြီ ၁၃ ရက်နေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သုံးသပ်ချက်တွင် ပါဝင်သော ကိန်းဂဏန်း အချက်အလက်များသည် ဧပြီ ၁၃ ရက်မတိုင်ခင်က အခြေအနေများကို ထင်ဟပ် ဖော်ပြထားခြင်း ဖြစ်ကြောင်း သိစေအပ်ပါသည်။

၂၀၁၉ ခုနှစ် ကုန်ဆုံးခါနီး အချိန်မှာ လူသားမျိုးနွယ်တွေအတွက် လက်ဆောင်ဆိုးကြီး တခု ရလိုက်တယ်။ ကမ္ဘာရဲ့ လေထုရေထုနဲ့ မြေထုကို အညစ်ညမ်းဆုံး ဖြစ်အောင် လုပ်ခဲ့တဲ့ သူတွေအတွက် သဘာဝတရားရဲ့ ဒဏ်ခတ်မှုလို့ပဲ ဆိုရမယ် ထင်တယ်။ မျက်စိနဲ့ မမြင်နိုင်လောက်အောင် အလွန်တရာ သေးငယ်တဲ့ ကိုရိုနာဆိုတဲ့ ရောဂါ ပိုးအသစ်လေးက လူသားမျိုးနွယ်ကို စတင် ခြိမ်းခြောက်လာခဲ့တာ အခုဆိုရင် လေးလရှိနေပါပြီ။ ဒီစာရေးနေတဲ့အချိန်မှာ လူနှစ်သန်းနီးပါး ကူးစက်ခံထားရပြီး သေဆုံးသူ တစ်သိန်းကျော်ရှိပြီ။ ကမ္ဘာပေါ်မှာ ရောဂါ မဖြစ်ပွားတဲ့ နိုင်ငံရယ်လို့ မရှိတော့သလို လူတွေဟာလည်း အပြင် မထွက်ရဲလောက်အောင် ဖြစ်နေကြရပြီ။

(က) ကိုဗစ်ရဲ့ အထ္တုပ္ပတ္တိ

၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တယ်။ အစပိုင်းမှာ ဒီဗိုင်းရပ်စ်ကြောင့် ဆိုတာ မသိရသေးဘဲ အမည်မသိ ပြင်းထန် အဆုတ်ရောင်ရောဂါလို့ နာမည်တပ်ရပေမယ့် နောက်ပိုင်းမှာတော့ ဒီဗိုင်းရပ်စ်ဟာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပေါ်စေတဲ့ ကိုရိုနာ (Corona) အုပ်စုဝင် ဗိုင်းရပ်စ် အမျိုးအစားအသစ် (novel corona virus) လို့ ခေါ်ဆိုခဲ့တယ်။ ဒီဗိုင်းရပ်စ်ဟာ အသစ်စက်စက် ရောဂါပိုး တခုဖြစ်ပြီး ကမ္ဘာရဲ့ ဘယ်နေရာကမှ ဒီဗိုင်းရပ်စ်ကို တွေ့ကြုံရဖူးခြင်း မရှိသေးပါဘူး။ ကိုရိုနာအုပ်စုဝင် ဗိုင်းရပ်စ်တွေဟာ အဖျက်စွမ်းအား ကြီးတတ်တယ် ဆိုတာကို သူ့ရှေ့က ညီအစ်ကို ဗိုင်းရပ်စ်တွေ ဖြစ်တဲ့ ဆားစ်ရောဂါ (SARS) နဲ့ မားစ်ရောဂါ (MERS) တို့မှာ တွေ့ခဲ့ရပါတယ်။ အခုတော့ COVID-19 လို့ နာမည် တပ်ထားတဲ့ သူတို့မိသားစုရဲ့ အထွေးဆုံးသားက အဆိုးဆုံး ပျက်စီးမှုတွေကို ပေးနေပါပြီ။

(ခ) ကိုဗစ်ပေးတဲ့ဒဏ်ရာများ

အဆုတ်

အသက်ရှူ လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါဆိုတော့ ပထမဆုံး ထိခိုက်မယ့် အစိတ်အပိုင်းက အဆုတ်ပါ။ ရောဂါပိုးရှိတဲ့ သူတယောက်က ချောင်းဆိုး နှာချေလိုက်တာကနေ ဗိုင်းရပ်စ်တွေက သူ့ရဲ့ နှာရည်၊ တံတွေးတို့မှာပါသွားပြီး တခြား တယောက်ကို ကူးစက်နိုင်တယ်။ ပထမဆုံး စပြီး ဖြစ်မယ့် လက္ခဏာတွေကတော့ ရိုးရိုး တုပ်ကွေးမိတဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရ ခက်တာနဲ့ အဆုတ်ရောင်တာတွေဖြစ်နိုင်တယ်။ စကူးစက်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်း ဖြစ်နိုင်တယ်။ အသက်ကြီးတဲ့သူတွေနဲ့ နဂိုရောဂါအခံရှိတဲ့ သူတွေက ရောဂါရဲ့ဒဏ်ကို ပိုခံစားရတယ်။ ပိုပြင်းထန်တတ်တယ်။

ပထမဆုံး ဗိုင်းရပ်စ်တွေ ပွားမယ်။ ပွားလာတဲ့ ဗိုင်းရပ်စ်တွေက ဘာမှန်း မသိတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ ဆက်ဖြစ်တယ်။ ကိုယ်ခံအားစနစ် တုံ့ပြန်မှုကြောင့် ရောင်ရမ်းမှုတွေ ဆက်ဖြစ်ပြီးရင်တော့ အဆုတ်မှာ ထိခိုက်ပြီး အဆုတ်ပျက်စီးမယ်။

အစာအိမ်နဲ့အူလမ်းကြောင်း

COVID-19 ရဲ့ သက်ရောက်မှုက အဆုတ်မှာတင် ရှိတာ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း ရောက်ပါတယ်။ ကူးစက်ခံရသူတွေမှာ ဗိုက်အောင့်တာ၊ မူးဝေ အော့အန်တာနဲ့ ဝမ်းလျှောတာမျိုးတွေ တွေ့ရတယ်။

ကိုယ်ခံအားစနစ် တုံ့ပြန်မှုလွန်ကဲခြင်း

ကိုရိုနာဗိုင်းရပ်စ်ဟာ ကိုယ်ခံအား စနစ်ကို ပြင်းပြင်ထန်ထန် တုံ့ပြန်စေပါတယ်။ ဒီတုံ့ပြန်မှုရဲ့ နောက်ဆက်တွဲမှာပဲ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ရောင်ရမ်း ပျက်စီးမှုတွေ ဖြစ်ပေါ်စေတာပါ။

ကိုယ်ခံအား စနစ်ရဲ့ အလုပ်လုပ်ပုံက ရောဂါပိုး တခုခု ဝင်လာပြီ ဆိုရင် အဲဒီ ရောဂါပိုးရှိတဲ့ နေရာကို နေရာပြဖို့အတွက် အမှတ်အသားတွေ ကိုယ်ခံအားစနစ်က အရင် လွှတ်ပါတယ်။ အဲဒါက Cytokines တွေပါ။ ဆိုက်တိုကိုင်းစ် (Cytokines) တွေ ပြတဲ့နေရာကို ကိုယ်ခံအားစနစ်ရဲ့ ရောဂါ တိုက်ဖျက်ရေး တပ်သားတွေက ရောက်လာပြီး ရောဂါပိုးတွေကို တိုက်ခိုက်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရချိန်မှာတော့ ကိုယ်ခံအားစနစ်က ဘာအမှတ်အသားမှ မပြုတော့ဘဲ cytokines တွေကို အကြီးအကျယ် လွှတ်ပါတယ်။ ဥပမာ အဆုတ်ကို cytokines တွေ လွှတ်တဲ့အခါ ရောဂါ တိုက်ဖျက်ရေးတပ်သားတွက ရောဂါလား၊ ဆဲလ်အကောင်းလား မခွဲနိုင်တော့ဘဲ မည်းမည်းမြင်ရာ တွယ်ကြတာကနေ ရောဂါပိုး ထိခိုက်တာက နည်းနည်း ဆဲလ်အကောင်းတွေထိခိုက်တာက များများဖြစ်ပြီး အဆုတ်က ပျက်စီးရပါတယ်။

ဒီလို ပုံစံမျိုးနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်၊ နှလုံးနဲ့ သွေးကြောတွေလည်း ပျက်စီးရပါတယ်။ အဲဒါကို cytokines storm လို့ခေါ်ဆိုပြီး မြန်မာနိုင်ငံက သေဆုံးသွားတဲ့ လူနာတယောက်ရဲ့ သေဆုံးရခြင်း အကြောင်းရင်းမှာ တွေ့နိုင်ပါတယ်။

အသည်း

အသည်းဟာ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပြီး သွေးကြောမကြီးတွေနဲ့ ဆက်သွယ်ထားတယ်။ ဒီတော့ ဗိုင်းရပ်စ်ပိုးလည်း အလွယ်တကူ ရောက်နိုင်တယ်။ အသည်းရဲ့ ဆဲလ်တွေကိုလည်း ဗိုင်းရပ်စ်က တိုက်ခိုက်ပြီး ပျက်စီးစေတယ် ဒါမှမဟုတ် ကိုယ်ခံအားစနစ်ရဲ့ တိုက်ခိုက်မှုကြောင့် ရောင်ရမ်း ပျက်စီးစေတယ်။

ကျောက်ကပ်

 ကိုရိုနာ ကူးစက်မှုကြောင့် သေဆုံးမှုတွေရဲ့ ၆ ရာခိုင်နှုန်းဟာ ကျောက်ကပ် ပျက်စီးမှုကြောင့် သေဆုံးတယ်။ ကျောက်ကပ် ပျက်စီးမှုဟာ အဖြစ်နည်းပေမယ့် ကျောက်ကပ်ကို ဗိုင်းရပ်စ်ပိုး စရောက်ပြီဆိုရင် သေဖို့များတယ်။ ကျောက်ကပ်ကို ထိခိုက်မှုဟာလည်း ဗိုင်းရပ်စ်ကြောင့်ရော ကိုယ်ခံအား စနစ်ကြောင့်ရော ပါတယ်။

(ဂ) ကူးစက်ခံရခဲ့ပြီဆိုရင်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကနေ COVID-19 ရှိနေတဲ့ လူနာပေါင်း ၅၅၀၀၀ ကို စမ်းသပ် စစ်ဆေးပြီးတဲ့နောက် အဖြစ်အများဆုံး ရောဂါလက္ခဏာတွေနဲ့ ဘယ်လောက် ပမာဏမှာ ဒီလက္ခဏာတွေရှိလဲ ဆိုတာကို ထုတ်ပြန်ပေးထားပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့

၁။ အဖျားရှိခြင်း (၈၈ ရာခိုင်နှုန်း)
၂။ ချောင်းခြောက်ဆိုးခြင်း (၆၈ ရာခိုင်နှုန်း)
၃။ နုံးချိခြင်း (၃၈ ရာခိုင်နှုန်း)
၄။ ချွဲသလိပ်များထွက်ခြင်း (၃၃ ရာခိုင်နှုန်း)
၅။ အသက်ရှူမဝခြင်း (၁၉ ရာခိုင်နှုန်း)
၆။ အရိုးအဆစ်များနာကျင်ခြင်း (၁၅ ရာခိုင်နှုန်း)
၇။ လည်ချောင်းနာခြင်း (၁၄ ရာခိုင်နှုန်း)
၈။ ခေါင်းကိုက်ခြင်း (၁၄ ရာခိုင်နှုန်း)
၉။ ချမ်းတုန်ခြင်း (၁၁ ရာခိုင်နှုန်း)
၁၀။ မူးဝေအော့အန်ခြင်း (၅ ရာခိုင်နှုန်း)

COVID-19 က အသက်ရှူ လမ်းကြောင်း အောက်ပိုင်းကို ထိခိုက်တဲ့ ရောဂါ ဖြစ်တဲ့အတွက် ရောဂါ လက္ခဏာအများစုက အဆုတ်နဲ့ ရင်ဘတ်တွေမှာ ခံစားရပါတယ်။ COVID-19 ကူးစက်ခံရပြီးတဲ့နောက် ရောဂါလက္ခဏာတွေ ပြသဖို့အတွက် ပျမ်းမျှအားဖြင့် အများစုမှာ ငါးရက်လောက် ကြာနိုင်တယ်။ တချို့တွေ ပိုမြန်တယ်။တချို့တွေကျ နှေးတယ်။ အဲဒါကြောင့် ၂ ရက်ကနေ ၁၄ ရက်အထိ ကြာမြင့်တယ်လို့ ယူဆထားတာပါ။

(ဃ) ကိုဗစ်ရဲ့ မာယာ

ကိုဗစ်ဟာ ရောဂါအသစ်ပေမယ့် မာယာများတယ်။ ဆေးပညာရှင်တွေကို မျက်စိ အကြီးအကျယ် လည်စေပြီး ရှိထားတဲ့ သီအိုရီတွေ အကုန်လုံးကို ဝေဝါးသွားစေပါတယ်။

သေနှုန်းမြင့်လာတယ် – ကိုဗစ်ဟာ မာယာများတဲ့ ရောဂါဆိုး တခုပါ။ စဦးဆုံး ဖြစ်ခါစတုန်းက ဘယ်သူကမှ ဒီလောက် ကြီးမားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ စဖြစ်ဖြစ်ချင်းမှာ သူ့ရဲ့ မိသားစု အုပ်စုဝင်တွေနဲ့ ယှဉ်ရင် သေဆုံးနှုန်း လျော့နည်းခဲ့တယ်။ ၃ ရာခိုင်နှုန်း မပြည့်တပြည့် လောက်ပဲရှိခဲ့တယ်။ ဒါပေမဲ့ အခု လေးလ အကြာမှာတော့ ကိုဗစ်ရဲ့ သေဆုံးနှုန်းဟာ နှစ်ဆဖြစ်တဲ့ ၆ ရာခိုင်နှုန်းအထိ ထိုးတက်သွားတယ်။ တချို့နိုင်ငံတွေမှာ အဲဒီထက်တောင် မြင့်မားနေသေးတယ်။

မှန်းထားတာထက် ပိုပြန့်နှုန်း မြန်တယ် – ကိုဗစ်ရဲ့ ပျံ့နှံ့မှုနှုန်းကို သီအိုရီတွေ ဖော်ထုတ်ထားပေမယ့် မှန်းထားတဲ့ သီအိုရီတွေထက် ကိုဗစ်က ပိုပြီး ပြန့်နှုန်းပိုမြင့်တယ်။ ဆက်ပြီးလည်း ပြန့်နေဦးမယ်။

လက္ခဏာတွေ မပြဘဲ ကူးစက်နိုင်တယ် – သူ့ရဲ့ အဆိုးဆုံး မာယာကတော့ ရောဂါ လက္ခဏာ မပြသဘဲ ကူးစက်နိုင်တာပါပဲ။ ကိုဗစ်ရဲ့ အဖြစ်အများဆုံး ရောဂါ လက္ခဏာတွေ ဖြစ်တဲ့ ကိုယ်ပူတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူကြပ်တာတွေ လုံးဝမရှိဘဲ ကိုဗစ် ရှိနေနိုင်ပြီး အဲဒီ လူကနေလည်း တခြားသူတွေဆီကို ကူးစက်နေနိုင်တယ်။ ဘယ်သူတွေဆီမှာ ကိုဗစ် ကူးစက်မှုရှိနေလဲ ဆိုတာကို ဘယ်လိုမှ မသိနိုင်တော့ဘူး။

ရောဂါရဲ့ကြာချိန် အတိအကျ မသိရဘူ – ကိုဗစ်ဟာ ၂ ရက်ကနေ ၁၄ရက်အတွင်း ရောဂါ လက္ခဏာပြတယ်လို့ ကနဦးယူဆထားတဲ့ အတွက်ကြောင့် အိမ်မှာ စောင့်ကြည့်တာ ခွဲထားတာတွေကို ၁၄ရက်ပဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ တချို့သူတွေမှာ အဲဒီထက် ကြာကြာနေမှ ရောဂါ လက္ခဏာ ပြသတယ်လို့ တွေ့လာရတဲ့အတွက် ကြာချိန်ကို ၂၈ ရက် အထိ တိုးမြှင့်ဖို့ စီစဉ်နေရပါပြီ။

ရောဂါစစ်ဆေးမှုတွေ မတိကျဘူး – နောက်ထပ် ပြဿနာ တခုကတော့ COVID-19 ကို စစ်ဆေးတဲ့ အခါ တချို့လူတွေမှာ မရှိဘူးဆိုတဲ့ အဖြေ ထွက်တယ်။ ဒါပေမယ့် နောက်တကြိမ် ပြန်စစ်ရင်ကျတော့ ရှိတယ်ဆိုတဲ့ အဖြေထွက်တယ်။ စစ်ဆေးတဲ့ ကိရိယာရဲ့ အရည်အသွေး၊ နမူနာ ယူတဲ့ပုံစံ အစရှိတာတွေအပေါ် မူတည်ပြီး false negative တွေ ဖြစ်နေနိုင်တယ်။

ကုသဆေး ရှာမရသေးဘူး – ကိုဗစ်နဲ့ပတ်သက်လို့ ဟိုဆေး ကောင်းတယ် ဒီဆေး ကောင်းတယ် စသဖြင့် ပြောနေကြပေမယ့် ဘယ်ဆေးက အကောင်းဆုံး အသုံးပြုလို့ ရမလဲ ဆိုတာကို အခုချိန်ထိ ဝေခွဲ မရကြသေးဘူး။ တိကျတဲ့ ကုသမှုလမ်းညွှန် ဆေးဝါးရယ်လို့ မရှိသေးဘဲ ကောင်းနိုးရာရာတွေကိုပဲ စမ်းသပ်ကြည့်နေရတဲ့ အဆင့်ဖြစ်နေတယ်။

(င) ဘာတွေဆက်ဖြစ်ကြမလဲ။

မြန်မာနိုင်ငံအနေအထား

ဒီစာရေးနေတဲ့ အချိန်မှာ ပိုးတွေ့ရှိသူ ၄၁ ယောက်ရှိပြီး ၄ ယောက် အသက် ဆုံးပါးသွားပြီ။ မြန်မာနိုင်ငံဟာ ရာသီဥတုပူလို့ မဖြစ်နိုင်ဘူး။ မြန်မာတွေမှာ ကိုယ်ခံအားကောင်းလို့ မဖြစ်နိုင်ဘူး။ ဆေးမြီးတိုတွေ ရှိလို့ မဖြစ်နိုင်ဘူး စသဖြင့် ပြောနေကြတဲ့ ကောလာဟလတွေနဲ့ ယူဆချက်တွေ အကုန်လုံး ကျိုးပေါက်သွားပြီး မြန်မာနိုင်ငံဟာလည်း ကိုဗစ်ရဲ့ ညှာတာမှုကို ခံရဖို့ မဖြစ်နိုင်ဘူးဆိုတာ သေချာလာပါတယ်။ ရောဂါ ရှာဖွေတွေ့ရှိမှုက ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာ ပိုပြီး မြင့်တက်လာဦးမှာပါပဲ။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ဘယ်အချိန်အဆုံးသတ်မလဲ။

ရောဂါတခုရဲ့ ကူးစက် ပြန့်ပွားမှုနှုန်းကို R0 နဲ့ ပြလေ့ရှိပါတယ်။ အသံထွက်က အာနောက်လို့ ထွက်ပါတယ်။ R0 တန်ဖိုး မြင့်လေလေ ရောဂါက ကူးစက် ပြန့်ပွားနိုင်မှု မြင့်လေပါပဲဲ။ COVID-19 ရဲ့ R0 ဟာ စဦးချင်းမှာ ၂.၂ ကနေ ၂.၇ ကြား ရှိပါတယ်။ သဘောက လူတယောက်ကနေ နောက်ထပ် လူ နှစ်ယောက်ကျော်လောက်ကို ကူးစက် ပြန့်ပွားနိုင်တယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ လေ့လာချက်တွေမှာတော့ ကူးစက် ပြန့်ပွားနိုင်တဲ့နှုန်းက အဲဒီထက် မြင့်မားတယ်လို့ တွေ့ရှိချက်တွေ ရှိလာပါတယ်။ R0 ဟာ ၁ အထက် ဖြစ်ပြီဆိုရင် ဒါဟာ ကူးစက်နှုန်းမြင့်တယ်လို့ ဆိုနိုင်ပြီး ၁ အောက်ကို ရောက်နေတယ် ဆိုရင်တော့ အဲဒီလိုရောဂါမျိုးဟာ သူ့ဘာသာ ပျောက်ကင်းသွားနိုင်ပါတယ်။

ဒါပေမဲ့  COVID-19 လိုမျိုး ကူးစက်နှုန်း မြင့်မားတဲ့ ရောဂါတွေကတော့ သူ့ဘာသာ မပျောက်သွားနိုင်ပါဘူး။

ဒီရောဂါ ရပ်တန့်သွားနိုင်မယ့် နည်းလမ်းက နှစ်ခုပဲ ရှိပါတယ်။

၁။ ရောဂါ ကာကွယ်ဆေး (Vaccine) ပေါ်ရင်ပေါ် ဒါမှမဟုတ်ရင်တော့

၂။ လူတော်တော်များများ ရောဂါ ကူးစက်ခံရပြီး ကိုယ်ခံအားရ (Herd immunity) တဲ့ နည်းလမ်းနဲ့ ပျောက်ကင်းနိုင်မယ်။

ကာကွယ်ဆေးဟာ ဘယ်တော့မှ ရနိုင်မလဲဆိုတာကို အခုထိ မသိရသေးဘူး။ အနည်းဆုံး တနှစ် ကြာမြင့်နိုင်တယ်လို့ ဆိုတဲ့အတွက် ကာကွယ်ဆေးရမှ ဒီရောဂါ ရပ်တန့်နိုင်မယ် ဆိုရင်တော့ တနှစ်လောက် ကြာမြင့်ဦးမယ်လို့ ယူဆနိုင်တယ်။

ဒါမှမဟုတ် လူတော်တော်များများ ကူးစက်ခံရပြီးမှ ပျောက်မယ်ဆိုရင်တော့ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် (၆ဝရာခိုင်နှုန်း)လောက် ရောဂါ ကူးစက်ခံရပြီး ကိုယ်ခံအား ထွက်ရှိရင် ပျောက်ကင်းနိုင်မယ်။

ဒီတော့ ရှေ့ဆက် လအနည်းငယ်ထိ ကျနော်တို့တွေ အိမ်ထဲမှာပဲ နေရဖို့များပါတယ်။

ကူးပြီးရင်ရော ပြန်ဖြစ်နိုင်လား။

လေ့လာချက်တွေမှာတော့ ကိုဗစ်ကူးစက်ခံရမှုကနေ သက်သာ ပျောက်ကင်းသွားသူ တချို့တွေမှာ ကိုဗစ် ပြန်လည် တွေ့ရှိနေရတယ်လို့ပြောပါတယ်။ ဒီလူတွေမှာ ပြန်တွေ့ရတယ် ဆိုတာက အကြောင်းအရာ နှစ်ခုကြောင့်အဓိက ဖြစ်နိုင် ပါတယ်တဲ့။

– ရောဂါပျောက်သွားတယ်လို့ ထင်ရပေမယ့် ပိုးက ငုပ်လျှိုးသွားပြီး အခု ပြန်စစ်ကြည့်တဲ့ အခါမှ ပြန်ပေါ်လာတာမျိုး (တကယ်ပျောက်တာ မဟုတ်ဘူးပေါ့။ ခဏတာ မတွေ့ရတော့တာ မျိုးပေါ့) resurfacing ဖြစ်နိုင်သလို

– နောက်တနည်းကတော့ စမ်းသပ်မှု မှားယွင်းလို့ false negative (ပိုးမရှိတော့ဘူးလို့ လွဲမှားစွာ ပြသ) ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်တကြိမ် ပြန်ကူးစက်ခံရတာတော့ သိပ်မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဘာမှတော့ မသေချာပါ။ လေးလဆိုတဲ့အချိန်က ရောဂါပိုးတခုအကြောင်း သိနိုင်ဖို့ တိုတောင်းလွန်းပါတယ်။

ဘာတွေလုပ်ကြမလဲ။

ကျနော်တို့က နှစ်မျိုးကို အာရုံစိုက်သင့်တယ်လို့ မြင်ပါတယ်။

ရောဂါကာကွယ်ဖို့အတွက်

၁။ လက်ကို အမြဲဆေးပါ။
၂။ မျက်နှာကို မထိ မကိုင်မိအောင်သတိထားပါ။
၃။ အိမ်မှာပဲနေပါ။ ရောဂါကူးစက်မှုနှုန်းကို အိမ်မှာနေခြင်းဖြင့် လျှော့ချပါ။
၄။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် Mask တပ်ပါ။
၅။ အပြင် ထွက်ရမယ်ဆိုရင် လူတယောက်နဲ့တယောက်ကြား အနည်းဆုံး သုံးပေအကွာ နေပါ။

ဒါနဲ့အတူ လိုက်သင့်တာက စီးပွားရေး မပြိုလဲသွားဖို့အတွက် အစီအမံတွေပါ။ ကျနော်တို့လို ဆင်းရဲတဲ့ နိုင်ငံတခုအနေနဲ့ ရောဂါကိုလည်း ကြောက်ရသလို ရောဂါ နောက်ဆက်တွဲ စီးပွားရေး ပြိုလဲနိုင်တဲ့ အချက်အလက်တွေကိုလည်း သတိထားရပါမယ်။ ဒီအတွက် အစိုးရအနေနဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ မပြိုလဲသွားအောင်၊ လူတွေ အလုပ်လက်မဲ့ မဖြစ်ကုန်အောင် ဘယ်လို ဆက်လုပ်ကြမလဲဆိုတဲ့ ရောဂါဖြစ်နေစဉ် အစီအမံတွေ၊ ရောဂါဖြစ်ပြီး ပြန်လည် ထူထောင်ရေး အစီအမံတွေ အမြန် ကြိုတင် ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ တိုက်တွန်းချင်ပါတယ်။

Dr Thurein Hlaing Win

ဒေါက်တာသူရိန်လှိုင်ဝင်းသည် Hello ဆရာဝန်ဝက်ဘ်ဆိုက်၏ တာဝန်ခံအယ်ဒီတာတဦး ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search