မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ပျက်ကပ် ကြုံနေတဲ့ စီးပွားရေးတွေထဲမှာ အထိခိုက်ဆုံး လုပ်ငန်းက ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွေ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၄၁ ရာခိုင်နှုန်းကျော် မှီခို အသက်မွေးကြတဲ့ ဝန်ဆောင်မှု လုပ်ငန်းများထဲမှ ပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် တည်းခိုနေထိုင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေဟာ ကမ္ဘာနဲ့အဝန်း ရပ်တန့်လုနီးပါး ထိခိုက်နေပါတယ်။
ခရီးသွားလုပ်ငန်းဟာ ကမ္ဘာ့ GDP ထဲ တိုက်ရိုက် ထည့်ဝင်ငွေ တန်ဖိုး ၂ ဒသမ ၉ ထရီလီယံ ဒေါ်လာရှိပြီး သွယ်ဝိုက် ဝင်ငွေ ထည့်ပေါင်းရင် စုစုပေါင်း ၈ ဒသမ ၈ ထရီလီယံ ရှိလို့ ကမ္ဘာ့စီးပွားရေး တခုလုံးရဲ့ ၁၀ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဟိုတယ်၊ ခရီးသွား၊ စားသောက်ဆိုင်၊ ဧည့်လမ်းညွှန် ပို့ဆောင်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ လူဦးရေ ၃၁၈ သန်းကို တိုက်ရိုက် အလုပ်ခန့်ပေးထားပြီး နှစ်စဉ်ပျမ်းမျှ သုံးရာခိုင်နှုန်းလောက် တိုးတက်ပါတယ်။ ကုလသမဂ္ဂ၏ အဖွဲ့အစည်းတခု ဖြစ်တဲ့ ကမ္ဘာ့ခရီးသွား အဖွဲ့ချုပ် UNWTO နဲ့ ကမ္ဘာ့ ခရီးသွားလုပ်ငန်း ကောင်စီ WTTC က ကပ်ရောဂါ နောက်ဆက်တွဲ တွက်ချက် ထားချက်ဟာလည်း အားရစရာ မရှိပါ၊ ၂၀၂၀ ကာလ ကမ္ဘာ့ခရီးသွားလုပ်ငန်း တခုလုံး ၂၀ ရာခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်းကြား ထိခိုက် နစ်နာသွားနိုင်တယ်။ ဒီ ကိန်းဂဏန်းဟာ ၂၀၂၀ ပြည့်နှစ် ကမ္ဘာတခုလုံး ဒီကဏ္ဍကဝင်ရမယ့် ငွေ ၂ ဒသမ ၄ ထရီလီ ယံနီးပါး နစ်နာနိုင်သလို ဒီလုပ်ငန်းကို မှီခိုနေတဲ့ လူဦးရေ သန်း ၅၀ ကျော် အလုပ် ရပ်ဆိုင်းကိန်း ရှိတယ်။ ဒီအထဲမှာ အဆိုးဆုံးက အာရှတိုက် ဖြစ်လာပါမယ်။ အာရှနိုင်ငံတွေမှာ ခရီးသွားကဏ္ဍ အလုပ်လက်မဲ့ သန်း ၃၀ ကျော်သွားမယ်။ ဥရောပက ၇ သန်း ကျော်နဲ့ အမေရိကတိုက်က ၅ သန်းကျော် ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီ ခန့်မှန်းချက်တွေဟာ ၂၀၂၀ တနှစ်တာကိုသာ ရည်မှန်းထားတာ ဖြစ်ပြီး ကပ်ရောဂါ ဘယ်လောက် ရှည်ကြာမလဲ၊ အခုလက်ရှိ ခရီးသွား ကန့်သတ်ချက်တွေ ဘယ်တော့ရုပ်သိမ်းမှာလဲ ဆိုတဲ့အပေါ် မူတည်ပြီး ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ ကမ္ဘာ့ ခရီးသွား လုပ်ငန်းဟာ ၂၀၂၃ အထိ ပုံမှန် ပြန်မဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ လက်ရှိမှာ ခရီးသွားလုပ်ငန်း ကျဆင်းမှုဟာ နှစ်တနှစ်ရဲ့ လေးလပတ် ကာလထဲကို တိုးဝင်လာနေပြီ ဖြစ်ပါတယ်။ ဟိုတယ်နဲ့ အိပ်ခန်းငှားလုပ်ငန်း ဝန်ဆောင်ပေးနေတဲ့ ကမ္ဘာမှာ လူသုံး အများဆုံး Air BnB application ဟာ သုံးစွဲသူ ၅၉ ရာခိုင်နှုန်း လျော့ကျသွားသလို အပျော်စီး သင်္ဘောလုပ်ငန်းကြီး တခုလုံး ရပ်ဆိုင်းထားရပါတယ်။
၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှာ UNWTO ဟာ ကပ်ရောဂါကာလ နာလန်ထ စီမံကိန်း ထူးထူးခြားခြား ပွဲတခုလုပ်ပြီး ကမ္ဘာအရပ်ရပ်က ဆန်းသစ် ဖန်တီးအားကောင်းသူတွေ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေကို healing solutions challenge မှာ ဝိုင်း အကြံပြု စာတမ်းတင်ပေးကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်သွားတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းကို ကုစားနိုင်ဖို့ နည်းလမ်း မိမိတို့ အဖွဲ့အစည်း တခုတည်း မရှာနိုင်တော့ဘူး၊ ပညာရှင်တွေ ဝိုင်းအကြံပြုကြပါလို့ ဖိတ်ခေါ်လိုက်တာပါပဲ။
၂၀၂၀ ပြည့်နှစ်အရင် နိုင်ငံတနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ရွှေခေတ်ဟာ ရှေးခေတ် ပုံပြင်ဇာတ်လမ်းတပုဒ် ဖြစ်သွားနိုင်ပါတယ်။ ရောဂန္တရကပ် နောက်ဆက်တွဲ စီးပွားရေးကပ် တွဲလိုက်လာတဲ့အတွက် လူတွေဟာ မိမိစီးပွားရေးကို ဇောင်းပေး လုပ်ကိုင်ကြမှာ ဖြစ်ပြီး အချိန်ကာလ တခုအထိ ခရီးသွားလိုစိတ် ပျောက်ဆုံးနေဦးမှာပါပဲ။ တခြား လုပ်ငန်းတွေ အသင့်အတင့် ပြန်လည် ဦးမော့လာတောင် ခရီးသွားလုပ်ငန်းဟာ အထ နှေးကွေးနေဦးမှာပါပဲ။ ခရီးသွားလုပ်ငန်းရဲ့ ရှေ့ရေးဟာ အကောင်း ရှာမတွေ့သေးပါဘူး။
ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး အဆမတန် ထိခိုက်သွားတဲ့ နိုင်ငံကြီးတွေဟာ ပြည်ပ ဧည့်သည်ကို လက်ခံဖို့ တွန့်နေကြပါတယ်။ သူတို့ရဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီ အကြီးအကျယ် ပြောင်းလဲသွားနိုင်ကြောင်း၊ နိုင်ငံတွေဟာ ခရီးသွားသူတွေဆီက ပြည်ဝင် လက်ခံဖို့ ရှုပ်ထွေးတဲ့ ကျန်းမာရေး စာရွက်စာတမ်းတွေ တောင်းဆိုလာနိုင်ကြောင်း ထောက်ပြကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အလွန် ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ခံယူချက်တွေ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာမှာ သေချာပါတယ်။
မြန်မာ့ခရီးသွားဟာ စစ်အစိုးရခေတ် အရေးတော်ပုံများစွာ၊ နာဂစ်၊ ရခိုင် အရေးအခင်းများကို ဖြတ်သန်းခဲ့ရလို့ ပျမ်းမျှ လေးနှစ်တကြိမ် အကျပ်အတည်းနဲ့ ကြုံရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အသက်ဝင်မှုနဲ့အတူ၂၀၁၀ မှာ အစိုးရသစ် တက်လာပါတယ်။ ၂၀၁၀ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နောက် အစိုးရသစ်လက်ထက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ့ စီးပွားရေး မြင့်တင်လာတာနဲ့အမျှ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း ခရီးသွားလုပ်ငန်း သိသိသာသာ တိုးတက်ခဲ့ပါတယ်။ ဟိုတယ်အခန်းခကို တောင်းသလောက်ပေးတဲ့ Corporate market လို့ခေါ်တဲ့ ကုမ္ပဏီကြီးတွေရဲ့ အရာရှိကြီးတွေ၊ နိုင်ငံတော် အကြီးအကဲတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ လာကြည့်ကြ၊ ဝင်ကြထွက်ကြနဲ့မို့ ရန်ကုန်က ဟိုတယ်ကြီးတွေ အခန်းခ ဈေးတက်လာပြီး ခရီးသွားကုမ္ပဏီတွေ ကိုယ့်ဧည့်သည်ထားဖို့ မကပ်နိုင်သလောက် ဖြစ်ခဲ့ရဖူးပါတယ်။
၂၀၁၂ ဈေးကွက်ဟာ ဒေသန္တရ ဗဟုသုတကို လိုက်လို့ ခရီးသွားတဲ့ လူတွေ မြန်မာပြည်ကို သွားချင်တာတောင် ဈေးကြီးလို့ မသွားနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်လာသလို၊ ကြယ်လေးပွင့်၊ ငါးပွင့် ဟိုတယ်ကြီးတွေကလည်း သူတို့ နာဂစ်၊ ရွှေဝါရောင် အရေးအခင်းတွေကြောင့် အရှုံးနာခဲ့တာကို ပြန်ကုစားဖို့ ဈေးတင်ရတာပါ၊ အရင်နှစ်တွေက ရှုံးခဲ့ပါတယ်။ ‘It’s a game of supply and demand’ ရောင်းကောင်းလို့ ဈေးတက်တာ ဈေးကွက်ရဲ့ သီအိုရီပါ၊ မဆန်းပါဘူးလို့ ခပ်တင်းတင်း ပြောခဲ့ကြတယ်။ တကယ်တော့ မြန်မာပြည်ရဲ့ Leisure Market အပန်းဖြေခရီးသွား ပြဿနာဟာ ၂၀၁၂ ကတည်း က စခဲ့ပါတယ်။ အခန်းခ ဈေးတွေတက်လာတော့ ဒေသတွင်း ပြိုင်ဘက်တွေထက် ဈေးမြင့်လာပါတယ်။ ဒေသတွင်းမှာ မြန်မာပြည်ဟာ ဈေးကြီးတယ်လို့ နာမည်ကြီးတဲ့အတွက် ၂၀၁၄ က စပြီး ခရီးသွားလုပ်ငန်းတွေက တဆင့် ဝင်ရောက်လာတဲ့ ရက်ရှည် ခရီးသွားဧည့်သည် ဝင်ရောက်မှုအညွှန်းကိန်းဟာ တိုးတက်မလာဘဲ အီဆင်းသွားခဲ့ပါတယ်။
ဒီလို ၂၀၁၂ မှာ ဟိုတယ်တွေ ပြည့်၊ အခန်းခ ဈေးတွေ ၂၀ဝ ရာခိုင်နှုန်းလောက် တဟုန်ထိုး တက်လာတာကို အခွင့်အလမ်းကောင်းလို့ မြင်ကြ တဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ဘယ်သူမှ မလွတ်ချင်ခဲ့ပါဘူး။ ဗီယက်နမ်၊ ထိုင်း စတဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ခရီးသွား တိုးတက်မှု အဟုန် မြန် ဆန်မှု သမိုင်းကောင်းတွေနဲ့ အကျိုးဖြစ်သွားကြ ဖူးတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာပြည်ကို ခရီးသွား ဧည့်သည်တွေ တဟုန်ထိုး ဝင်ရောက်လာမယ်လို့ ထင်မြင်ချက်နဲ့ မြန်မြန်ဆန်ဆန် ဝင်ရောက်ရင်းနှီးကြသလို၊ အခွင့်အလမ်းကောင်း သစ်လို့ ယူဆကြတဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေကလည်း ဟိုတယ်နဲ့ ခရီးသွား ဆက်စပ်ကဏ္ဍတွေမှာ အလုံးအရင်း မြှုပ်နှံခဲ့ကြပါတယ်။
၂၀၁၂ မတိုင်ခင်က Htoo Group of Companies က လွဲရင် ဟိုတယ်လုပ်ငန်းမှာ ကြီးကြီးမားမား မြှုပ်နှံတဲ့ မြန်မာလုပ်ငန်းရှင်တွေ မရှိသလောက် ရှားခဲ့ပါတယ်။ တပိုင် တနိုင်အဖြစ် အများဆုံး 3 star ဟိုတယ်မျိုးတွေသာ ရင်းနှီးခဲ့ကြပါတယ်။၂၀၁၂-၂၀၁၇ အတွင်း ပြည်တွင်း၊ ပြည်ပ ဟိုတယ်ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ကြည့်ရင် ဗီယက်နမ်နိုင်ငံ က Melia Hotel အပါအဝင် Myanmar Plaza မှာ ရင်းနှီးမြုပ်နှံငွေ ဒေါ်လာသန်း ၄၄၀၊ POSCO Daewoo ကုမ္ပဏီက ဒေါ်လာသန်း ၂၂၀ နဲ့ Lotte Hotel and Service Apartment, Sedona ဟိုတယ်က ဒေါ်လာသန်း ၈၀ အကုန်ခံပြီး အဆောက်အအုံသစ် ထပ်ချဲ့ခဲ့ခြင်း၊ ရွှေတောင် ကုမ္ပဏီက ဒေါ်လာ သန်း ၃၀ဝ ရင်းပြီး Junction City နဲ့ Pan Pacific Hotel ဖွင့်ခဲ့ခြင်း၊ Traders ဟိုတယ်က Shangrila အဖြစ် အဆင့်မြှင့်ခဲ့ခြင်း၊ Sherwood Hotels Group က သန်း ၃၀ဝ နဲ့ Sheraton Hotel ရင်းနှီးဖို့ စာချုပ် ချုပ်ဆို ခဲ့ခြင်း၊ KBZ group က Rosewood ဟိုတယ်နဲ့ ရင်းနှီးမြှုပ်နှံခဲ့တာ၊ IFC က UIG ကို ဒေါ် လာ ၁၃ သန်း ထုတ်ချေးပြီး ဟိုတယ်လုပ်ငန်းတွေမှာ ထပ်တိုးစေခဲ့တာ၊ Eden Group က Hilton group နဲ့ပေါင်းပြီး သန်း ၁၃၀ ဖိုးရင်းနှီးခဲ့တာ၊ YSH နဲ့ FMI ရဲ့ Memory group က ဒေါ်လာသန်း ၁၀ဝ ဖိုး မြှုပ်နှံဖို့ ပြင်ဆင်နေတာ၊ မြတ်မင်းကုမ္ပဏီ၊ Max ကုမ္ပဏီနဲ့ အခြားကုမ္ပဏီတွေဟာ ဒေါ်လာသန်း ရာနဲ့ချီပြီး ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ 3 star, 4 star, 5 star International brand hotels တွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ နောင်လည်း Marriot အပါအဝင် တခြားဟိုတယ်ကြီးတွေ ဝင်လာဖို့ ရှိနေပါသေးတယ်။ (Source: PWC)
၂၀၁၇ မှာ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က ဒေါ်လာသန်း ၁၀၄၀ နဲ့ ပြည်ပ လုပ် ငန်းရှင်တွေက ဒေါ်လာသန်း ၂၅၉၀ (Source: PWC) ဖိုးလောက် ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးကြတယ်လို့ သိရပါတယ်။ ဒီ Figure တွေ ရှာဖွေ ပြသတာဟာ ပြည်ပ ရင်းနှီးမှုကို ဇောင်းပေးချင်တာထက် မြန်မာ လုပ်ငန်းရှင်ကြီးတွေ ၂၀၁၂-၂၀၁၇အတွင်း ဟိုတယ်လုပ်ငန်းမှာ ကြီးမားစွာ ရင်းနှီးခဲ့ကြတာကို မီးမောင်း ထိုးပြချင်တာပါ။ ရင်းနှီးမှု တက်လာတာနဲ့အမျှ GDP တက်လာတာပါပဲ။ တိုင်းပြည် စီးပွားရေးတက်လာတယ်၊ Currency တွေ ဝင်လာတယ်ပေါ့။ ဒီအညွှန်းကိန်းတွေဟာ တိုင်းပြည်စီးပွားရေး တက်ခြင်းရဲ့ အညွှန်းကိန်းတွေအဖြစ် ရပ်တည်လာပါတယ်။ ဒါပေမဲ့ ဒီ investment တွေဟာ healthy/ unhealthy investment ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာတော့ ရင်းနှီးပြီး မကြာခင် သိလာရပါတော့တယ်။
လူသား အရင်းအမြစ်နဲ့ ဆက်ပြောရရင် ၂၀၁၂-၂၀၂၀ ကြား ကာလထဲမှာ ဒီ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းထဲကို ပညာတတ်လူငယ်တွေ သောင်းပေါင်းများစွာ ဝင်လာပါတယ်။ BA Tourism ဘွဲ့ရလူငယ်များ၊ UFL နိုင်ငံတကာ ဘာသာဗေဒဘွဲ့ရ လူငယ် များ၊ ဟိုတယ် ဝန်ဆောင်မှုသင်တန်း တက်ရောက်သူများ၊ ဧည့်လမ်းညွှန် သင်တန်း တက်ရောက်သူများ နှစ်စဉ် အမြောက်အမြား ဝင်ရောက်နေတဲ့ လုပ်ငန်းကြီး ဖြစ်ပါ တယ်။
၂၀၁၄-၁၅ ကစလို့ အီနေတဲ့ ခရီးသွားလုပ်ငန်းဟာ ၂၀၁၇ နှစ်လယ်က စလို့ ရခိုင် ပြဿနာကြောင့် ဥရောပ၊ အမေရိကနိုင်ငံများကလာတဲ့ ပြည်ပခရီးသွား ရောက်မှုနှုန်း အဆင်း ဘီးတပ်သလို လျှောခနဲ ကျဆင်းခဲ့ပါတယ်။ ဒီအခြေအနေဟာ ဟိုတယ်ဆောက်ပြီး ဖွင့်ရုံရှိသေး၊ ဧည့်သည် မရှိတော့မယ့် အနေအထားအဖြစ် မရှူနိုင် မကယ်နိုင် ဖြစ် လာနိုင်ပါတယ်။ ဒီအချိန်မှာပဲ အနောက်တိုင်း ခရီးသွားတွေကို ခေါင်းတည်ထားတဲ့ မြန်မာ့ခရီးသွားဟာ ဒေသတွင်း ခရီးသွားတွေ တိုးတက် ဝင်ရောက်လာပါတယ်။ တရုတ်ပြည်ရဲ့ ကမ္ဘာပတ် ကုန်သွယ်ရေး ခေတ်သစ်ပိုးလမ်းမကြီး BRI စီမံကိန်းကြောင့် တရုတ်ခရီးသည်တွေ အများကြီး ဝင်ရောက်လာသလို ထိုင်းနဲ့ ကိုရီးယား ခရီးသွားများ တိုးတက်လာပါတယ်။ ဒီလို ဝင်ရောက်လာပေမဲ့ ဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည် အသစ်တွေဆီက မြန်မာလုပ်ငန်းရှင်များရတဲ့ အကျိုးအမြတ် အလွန်နည်းပါတယ်။ တရုတ်ခရီးသွားတွေဟာ သူတို့ တရုတ်လူမျိုးတွေဖွင့်ထားတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေမှာ တည်းကြသလို သူတို့လူမျိုးဖွင့်ထားတဲ့ စားသောက်ဆိုင်တွေမှာသာ စားကြပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံသူတွေဟာ ခရီးသွားကဏ္ဍနဲ့ ဆောက်လုပ်ရေး ကဏ္ဍမှာ၂၀၁၇ ခုနှစ်ကတည်းက လက်ရှောင်နေခဲ့ကြပါ တယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ ပြည်ပဆိုလို့ တရုတ်ခရီးသွားကုမ္ပဏီသာ ဒီကဏ္ဍမှာ မြှုပ်နှံသူ ရှိကြပါတယ်။ ဒီအခြေအနေကို ရှင်းပြတာဟာ ဒီခရီးသွား ကဏ္ဍထဲမှာ မြန်မာတွေသာ အများဆုံး ရင်းထားလို့ မြန်မာ လုပ်ငန်းရှင်တွေသာ အထိနာနေတယ် လို့ ဖော်ပြလိုတာ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံတော်ဘက်က ခရီးသွားကဏ္ဍ တိုးတက်လာဖို့ အခွန်ဘဏ္ဍာငွေထဲက ကျပ်ငွေ တဘီလီယံ (ဒေါ်လာ ၇ သိန်းဝန်းကျင်) သာ ထုတ်နုတ် သုံးစွဲနေတာကြောင့် မြန်မာ့ခရီးသွား ကဏ္ဍဟာ နိုင်ငံတော်က ငွေလုံးငွေရင်း မစိုက်ထုတ်ဘဲ ပုဂ္ဂလိကကဏ္ဍ ဦးဆောင်မှုနဲ့ မောင်းနှင်နေတဲ့ စီးပွားရေး ကဏ္ဍတခု ဖြစ်နေပါတယ်။ ဥပမာပေးရရင် အိမ်နီးချင်း ထိုင်းနိုင်ငံဟာ သူ့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ၂၀၁၉ ဘတ်ဂျက်နှစ် အတွင်း ထိုင်းဘတ်ငွေ ၇ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁၂ သန်း) သုံးစွဲခဲ့ တာ တွေ့ရပါတယ်။ မိမိနိုင်ငံကို အလည်လာရောက်ကြဖို့ ကြော်ငြာအား နည်းမျိုးစုံ အသုံးပြုခဲ့ပါတယ်။
ဒီလိုပုံနဲ့ဆိုရင် တကမ္ဘာလုံး ဈေးကွက်ကို မဖြန့်ဝေနိုင်တဲ့အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးနေကြတဲ့ သန်းချီတဲ့ ပြည်သူတွေဟာ ကိုဗစ်အလွန်မှာ ဒေသတွင်း ခရီးသွားသူတွေဖြစ်တဲ့ တရုတ်နဲ့ ပြည်တွင်း ဘုရားဖူး ဈေးကွက်ကိုသာ အားကိုး နေရဦးမှာပါပဲ။ မြန်မာ့ခရီးသွားဟာ အရင်က အညွန့် မတက်ခဲ့သလို အုပ်ချုပ်သူတွေရဲ့ ခံယူချက်မပြောင်းရင် နောင်လည်း အညွန့် တက်လာစရာ အခြေအနေ မရှိပါဘူး။ မြန်မာဟာ ခရီးသွားကဏ္ဍမှာ Public relations အများနဲ့ ဆက်ဆံရေး အား နည်းပါတယ်။ ကိုယ့်နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်တဲ့ ကြော်ငြာအားမရှိပါဘူး။
ကိုဗစ်-၁၉ အလွန်ကာလမှာ ဒေသတွင်း နိုင်ငံတွေဟာ သူတို့ စီးပွားရေး ထိခိုက်ခဲ့တာ ကုစားဖို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့ ဓနအင်အား၊ ပေါ်လစီ သစ်တွေနဲ့ အစွမ်းကုန် ပြိုင်ဆိုင် ကြပါလိမ့်မယ်။ အဓိကပြိုင်ဘက် သုံးနိုင်ငံဟာ စင်ကာပူ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်တို့ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံဟာ ခရီးသွား ပေါ်လစီကို မမွမ်းမံ ဘဲနေခဲ့ပါလျှင် ပွဲအစမှာပင် နောက်ကောက်ကျကိန်း ရှိပါတယ်။
လက်ရှိ ကိုဗစ်ကာလမှာ ခရီးသွားနဲ့ ဟိုတယ်လုပ်ငန်းက လူငယ်တွေ လစာရဲ့ ၅၀ ရာခိုင်နှုန်းသာ အများဆုံး ရရှိနေကြပြီး ဧပြီ၊ မေနဲ့ ဇွန်လများအတွင်း လုပ်သား ၅၀ ရာခိုင်နှုန်းခန့် အလုပ်လက်မဲ့ဖြစ်စရာ အကြောင်းရှိနေပါတယ်။ မြန်မာလူငယ်တွေဟာ နိုင်ငံရပ်ခြားက ဟိုတယ်ကြီးတွေမှာ တာဝန်ထမ်းဆောင်နေကြသူတွေ အလွန်များပြားပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကြုံရတဲ့အခါ သူတို့တတွေ အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ပြန်ရောက်နေသူတွေ များလာပါတယ်။
အလုပ်လက်မဲ့ပြဿနာဟာ နိုင်ငံ့စီးပွားရေး မတည်ငြိမ်မှုကနေ ဆင့်ပွား အကျိုးဆက်များ အဖြစ် ရာဇဝတ်မှုနဲ့ နိုင်ငံ မတည်ငြိမ်မှုအထိ ရိုက်ခတ်လာနိုင်ကြောင်း အတိုင်းလွန်ထိ မျှော်တွေးနိုင်စွမ်း လိုပါတယ်။
စင်ကာပူနိုင်ငံဟာ ကပ်ရောဂါ ကာလအတွင်း သူတို့ရဲ့ လူမှုစီးပွား ကယ်တင်ရေး အထောက်အပံ့ သုံးစွဲငွေ သုံးကြိမ်တိတိ ပြောင်းတိုးမြှင့်ခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ် လာ ၄၁ ဒသမ ၇ ဘီလီယံကျော် ထုတ်ယူသုံးစွဲဖို့ လျာထားပါတယ်။ အခက်အခဲ ဖြစ်နေတဲ့ လုပ်ငန်းငယ်တွေ ရပ်တည်နိုင်ဖို့ ပုဂ္ဂလိက ဘဏ်များကို ငွေတိုးမြှင့် ထုတ်ချေးဖို့ ညွှန်ကြားခဲ့ပြီး ငွေထုတ်ယူဖို့ အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ လျှော့ချခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ သုံးစွဲဖို့ လျာထားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံက စီးပွားရေးလုပ်ငန်းများကို ဘဏ်များမှ ၁၀ ဘီလီယံဒေါ်လာ ထုတ်ချေးပေးဖို့ အမိန့်ပေးသလို၊ လူမှုစီးပွား ကယ်တင်ရေး အထောက်အပံ့ သုံးစွဲငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံ သုံးစွဲမယ်လို့ လျာထားပါတယ်။ မြန်မာနိုင်ငံဟာ ဘယ်လောက်အထိ လျာထားမယ်ဆိုတာ ထုတ်ပြန်ချက် မရှိသေးပါဘူး။ နိုင်ငံတော်ဟာ တခြား နိုင်ငံတွေလို အနည်းဆုံး GDP ရဲ့ ၁၀ ရာခိုင်နှုန်း ထုတ်နုတ်သုံးစွဲဖို့အထိ စဉ်းစားသင့်ပါတယ်။
ကပ်လွန်ကာလ နိုင်ငံတော်မှာ လုပ်စရာများပါတယ်။ stimulus package ကပ်ကာလ လူမှု စီးပွား ထောက်ပံ့ရေး အစီအမံတွေနဲ့ ၂၀၂၀ နှစ်ကုန် ကာလအထိ အခက်အခဲရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ငွေချေးပြီး ကျားကန်ပေးဖို့ လိုပါတယ်။ ခရီးသွားကဏ္ဍ သက်သက်ကိုသာပြောရရင် ကိုဗစ်အလွန်ကာလ ခရီးသွားပုံမှန်ဖြစ်ရေး ဒေသတွင်း ခရီးသွားအားပြိုင်ပွဲထဲဝင်ပါဖို့ ငွေလုံးငွေရင်း ထုတ်နုတ် အသုံးပြုသင့်ပါတယ်။
တဖက်မှာ လုပ်ငန်းရှင်တွေကလည်း စည်းလုံး ညီညွတ်မှုနဲ့ ဒေသတွင်းဈေးကွက်နဲ့ ယှဉ်ပြိုင်နိုင်အောင် ဈေးလျှော့ချပြီး ယှဉ်ပြိုင်နိုင်ရပါမယ်။ နိုင်ငံတော်ဟာ ခရီးသည်တွေအပေါ် ကောက်ခံနေတဲ့ အခွန်အခ၊ ဇုန်ဝင်ကြေးများကို လျှော့ချပစ်ဖို့ သို့မဟုတ် အချိန်ကာလ တခုအထိ လုံးဝ ပယ်ဖျက်ပစ်ဖို့ လိုပါတယ်။
ခရီးသွား ကဏ္ဍမှာ ပါဝင်နေတဲ့ ပြည်သူများရဲ့ အခက်အခဲများကို တတ်နိုင်သမျှ နိုင်ငံတော်ဘက်မှ မျှယူထမ်းပိုးပေးဖို့ လိုနေပါတယ်။ နိုင်ငံတော်ဟာ လက်ရှိအချိန် ကမ္ဘာ့ခရီးသွား ကဏ္ဍရဲ့ ပြောင်းလဲနေမှုများကို မျက်ခြည်မပြတ်ကြည့်ရှုပြီး မိမိ ခရီးသွားကဏ္ဍကို လိုက်လျောညီထွေ ပြုပြင်နိုင်ရေး အစီအမံတွေ ချမှတ်ဖို့လည်းလိုပါတယ်။
ကပ်လွန် ရေတို အချိန်ကာလတခုဟာ အမြတ်အစွန်းထက် မိမိတို့ ရေရှည် ရပ်တည်နိုင်ရေး ဦးတည်နေရကြောင်း လုပ်ငန်းရှင်နဲ့ ဝန်ထမ်းများ သဘောပေါက်ပြီး ညီညွတ်စွာ ကျားကန်ဖို့ လိုအပ်နေပါတယ်။
မြန်မာ့ခရီးသွား ပေါ်လစီ ဦးဆောင်သူတွေမှာ ဒစ်ဂျစ်တယ် ကြော်ငြာလုပ်ငန်းကို ထိရောက်စွာ အသုံးချသူ အလွန်နည်းသလို ကုမ္ပဏီကြီးနဲ့ အဖွဲ့အစည်းကို ရည်ရွယ်တဲ့ incentive travel ကို နားလည်သူလည်း ရှားပါတယ်။ ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း၊ ဂီတနဲ့ မီဒီယာကို ဖိတ်ခေါ်နိုင်သူ မရှိသလို ခရီးသွား လုပ်ငန်းဟာလည်း ဗုဒ္ဓဘာသာ ဇောင်းပေး ဘုရားဖူး ခရီးသွားလုပ်ငန်းမျှသာ တည်ဆောက်ထားပါတယ်။ နိုင်ငံတကာကို ထိုး ဖောက်နိုင်ဖို့ ပင်လယ် ကမ်းခြေ၊ သဘာဝ တောတောင်ရေမြေနဲ့ ဖျော်ဖြေရေး ခရီးသွားဘက်ကို ခြေတဖက် မချရသေးတဲ့ လုပ်ငန်းတခု ဖြစ်နေလို့ အလွှာအသီးသီး၊ လူတန်းစား အသီးသီးကို ထိုးဖောက်နိုင်စွမ်း မရှိပါဘူး။ အခြေအနေအရ ဥပဒေများကို ပြန်လည်ပြင်ဆင်ပြီး ခရီးသွား လွတ်လပ်မှု တိုးမြှင့်ပေးဖို့လိုသလို ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှ တဆင့် ခရီးသွားဈေးကွက် မြှင့်တင်ရေး လိုအပ်နေပါတယ်။ လူမှုစီးပွား ကူညီထောက်ကူပေးတဲ့ stimulus package အပြင် နာလန်ထကာလ ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ခရီးသွားမြှင့်တင်ရေး ဘဏ္ဍာငွေ သုံးစွဲဖို့လိုပါတယ်။
ကိုဗစ်ကပ်ကာလဟာ နိုင်ငံတော်ဘတ်ဂျက် လျာထားချက်မရှိတဲ့ ငွေကုန်ကြေးကျ အလွန်များတဲ့ ကိစ္စမို့ ဘဏ္ဍာငွေအတွက် လိုအပ်တဲ့ ငွေကြေး ချေးယူနိုင်ဖို့ World Bank, IMF, ADB တို့နဲ့ ချိတ်ဆက်ရသလို War Time Management စစ်ပွဲအချိန် ကာလ စီမံခန့်ခွဲမှု လိုအပ်ပါတယ်။ မိမိ ပြည်သူပြည်သားတွေ အကျအဆုံးမရှိဖို့၊ တိုက်ပွဲ အောင်မြင်ဖို့၊ ရိက္ခာချွေတာနိုင်ဖို့၊ ချီတက်ရာ လမ်းကြောင်း အန္တရာယ်ကင်းဖို့၊ နောက်တန်းနဲ့ အဆက်မပြတ်ဖို့ အရေးတကြီး လှုပ်ရှားရပါမယ်။ နိုင်ငံတကာရဲ့ လှုပ်ရှားမှုများကို ကြည့်ရှုပြီး မိမိနိုင်ငံနဲ့ နီးစပ်တဲ့ သီအိုရီများ ဆွဲယူသုံးစွဲသင့်ပါတယ်။
အကယ်၍ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အလျင်အမြန် ပြန်လည် ထူထောင်ရေး လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါရင် ဒီကဏ္ဍမှာရင်းနှီးထားတဲ့ လုပ်ငန်းရှင်တွေနဲ့ အပတ်တကုတ် ပညာဆည်းပူးထားတဲ့ လူငယ်ပညာတတ်တွေရဲ့ ရှေ့ရေးအခြေအနေ ဆိုးရွားနိုင်ပါတယ်။ လုပ်ငန်း လုပ်ကိုင်နေသူ တသန်းနီးပါးရဲ့ အလုပ်အကိုင် အနည်းအများ ထိခိုက်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ဝင်ငွေရှိတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း နာလန်ထလာဖို့ အချိန်များစွာ ကြာမြင့်နိုင်ပါတယ်။
ဒီအတွက် ကိုဗစ်အလွန် ကာလမှာ ကျန်းမာရေးကဏ္ဍ အလျင်အမြန် ပြုပြင် ပြောင်းလဲဖို့ လိုသလို နိုင်ငံတကာနဲ့ဆက်စပ်တဲ့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ပေါ်လစီများကို ပြန်လည်သုံးသပ်ပြီး ဝိုင်းဝန်းပြုပြင်ကြဖို့ တိုက်တွန်းပါရစေ။
ကျော်စွာမင်း(ပုဂံ)သည် Grand Lotus Tours ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဒါရိုက်တာဖြစ်ပြီး မြန်မာ့ခရီးသွားကဏ္ဍ ကျွမ်းကျင်သူတဦးဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Well noted&Thanks for your discussion.