Menu & Search

ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မူဝါဒလိုအပ်ချက်များနှင့် အခွင့်အလမ်းများ

April 24, 2020
အယ်ဒီတာမှတ်ချက်


ယခုဖော်ပြထားသည့် မူဝါဒစာတမ်းမိတ်ဆက်ကို မျိုးမျိုးကျော်က ဧပြီ ၉ ရက်က ရေးသားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စာတမ်းမိတ်ဆက်တွင်ပါဝင်သော ကိန်းဂဏန်းအချက်အလက်များသည် ဧပြီ ၉ ရက်မတိုင်ခင်က အခြေအနေများကို ထင်ဟပ်ဖော်ပြထားခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။

၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုရိုနာဗိုင်း ရပ်စ် (COVID-19) ရောဂါကို ကမ္ဘာအနှံ့ ကူးစက်ကပ်ရောဂါ (pandemic) အဖြစ် ၂၀၂၀  ပြည့်နှစ် မတ် ၁၁ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရားဝင် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရ လက်ရှိ ရောဂါပိုးတွေ့ရှိသူ ၂၂ ဦးအထိ ရှိပြီး သေဆုံးသူ ၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

COVID-19 ကူးစက် ရောဂါနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်း ဖွံ့ဖြိုးပြီးနိုင်ငံများက အစပြုလို့  နိုင်ငံအသီးသီးက အစိုးရတွေဟာ လျင်မြန်တဲ့ ဆောင်ရွက်ချက်တွေ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနဲ့ မူဝါဒရေးရာ အားထုတ်မှုတွေ လုပ်နေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံလို ဖွံ့ ဖြိုးဆဲ နိုင်ငံတွေအနေနဲ့လည်း ဒီကပ်ရောဂါရဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုတွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်ဆောင်ရွက်သင့်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ တုံ့ပြန် ဆောင်ရွက်ချက်တွေကို လုပ်ဆောင်တဲ့နေရာမှာ အဓိက တာဝန်အရှိဆုံးက  အစိုးရပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရဌာန အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ချက်များ၊ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ လူထုကို လွှမ်းမိုးနိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များရဲ့ အခန်းကဏ္ဍကလည်း အလွန် အရေးကြီးပါတယ်။

ယခု မိတ်ဆက်ရေးသားမယ့် စာတမ်းက Paul Minoletti နဲ့ အောင်ဟိန်းတို့က ဦးဆောင်ရေးသားပြုစုပြီး International Growth Centre (IGC) က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း ထုတ်ဝေတဲ့ Coronavirus policy response needs and options for Myanmar (ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မူဝါဒ လိုအပ်ချက်များနှင့် အခွင့်အလမ်းများ)  မူဝါဒစာတမ်း ဖြစ်ပါတယ်။

 

စာတမ်းကို ယခု link တွင် Download ရယူနိုင်ပါသည်။

စာတမ်းမှာ အဓိကအားဖြင့်  ကိုရိုနာဗိုင်းရပ်ကြောင့် မြန်မာနိုင်ငံဟာ ကျန်းမာရေး ခြိမ်းခြောက်မှုသာမက စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကိုပါ ရင်ဆိုင်နေရပြီး အစိုးရအနေနဲ့ ဘယ်လို စနစ်ကျတဲ့နည်းလမ်းတွေ၊ မူဝါဒတွေ သုံးပြီး တုံ့ပြန်ဆောင်ရွက်သင့်တဲ့ ဆွေးနွေးချက် အကြောင်းအရာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ တဆက်တည်းဆိုသလို ဆွေးနွေး အကြံပြုချက်များကို အပိုင်းကိုးပိုင်းနဲ့ တင်ပြထားပါတယ်။

၁။ ခြုံငုံသုံးသပ်ချက်၊
၂။ မြန်မာနိုင်ငံအပေါ် ကိုရိုနာဗိုင်းရပ်စ်၏ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊
၃။ မြန်မာနိုင်ငံအပေါ် ကိုရိုနာဗိုင်းရပ်စ်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊
၄။ ကိုရိုနာဗိုင်းရပ်စ်အပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ၊
၅။ ကိုရိုနာဗိုင်းရပ်စ်အပေါ် မြန်မာနိုင်ငံ၏ လက်ရှိတုံ့ပြန်ချက်များ၊
၆။ မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်အပေါ် တုံ့ပြန်နိုင်ရန်ရှိနေသည့် အကန့်အသတ်များနှင့် အခွင့်အလမ်းများ၊
၇။ မြန်မာနိုင်ငံ၏ ဗိုင်းရပ်စ်အပေါ် တုံ့ပြန်ရာတွင် ဘယ်လို ဦးစားပေး လုပ်ဆောင်မလဲ၊
၈။ အထူးကိစ္စရပ်များဆိုင်ရာ စီမံခန့်ခွဲရေးစနစ် (Incidents Management System) : ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားခြင်းကို ဖြေရှင်းရန် အလားအလာရှိသော အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်တခု
၉။ နိုင်ငံတကာ စီးပွားရေးခြိမ်းခြောက်မှုများနှင့် အခွင့်အလမ်းများ စတဲ့ သုံးသပ်ချက်တွေကို ဖတ်ရှုရမှာပါ။

ပထမဦးစွာ မြန်မာနိုင်ငံအတွက် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေရှိကြောင်း ဖော်ပြထားပါတယ်။ တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု လျော့နည်းစေနိုင်တဲ့ အကြောင်းရင်းများစွာ ရှိတယ်လို့ စာတမ်းရှင်များက ခန့်မှန်းထားပါတယ်။ အထူးသဖြင့် အခုအချိန်တွင် ရာသီဥတုပူခြင်း၊ မြို့ပြဧရိယာ နည်းပါးခြင်းအပြင် နိုင်ငံရဲ့ လူဦးရေ တည်ဆောက်ပုံအရ သက်ကြီးရွယ်အို ရာခိုင်နှုန်း နည်းပါးခြင်း၊ ဖွံ့ ဖြိုးပြီး နိုင်ငံများတွင်သာ တွေ့ရလေ့ရှိတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အစားထိုးကုသခြင်းနဲ့ အဝလွန်ခြင်း အခြေအနေများ နည်းပါးခြင်းတို့ကြောင့် ရောဂါပိုး ပြန့်ပွားမှုဟာ နည်းပါးစေပါတယ်။ ဒါပေမဲ့ ရောဂါ ဓာတ်ခွဲစမ်းသပ်မှု အခြေအနေ နည်းပါးခြင်း၊ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကနေ (မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ) စိမ့်ဝင်လာနိုင်တဲ့ နယ်စပ်ဝင်ပေါက် ရှိနေခြင်း၊ ကူးစက်မှု မြန်ဆန်တဲ့ ရောဂါ ဖြစ်နေခြင်းတို့ကြောင့် သတင်းအချက်အလက်မှာ လက်တွေ့ထက် လျော့နည်းနေနိုင်ကြောင်း သုံးသပ်ထားပါတယ်။ ကူးစက်မှုကို ပိုမိုဆိုးဝါးစေနိုင်တဲ့ အချက်တွေက အာဟာရချို့တဲ့သူနဲ့ ကိုယ်အလေးချိန် မပြည့်သူ များပြားခြင်း၊ မြို့ပြ ဆင်းရဲသားရပ်ကွက်များမှာ လူဦးရေ ထူထပ်ခြင်း၊ သွေးတိုး၊ ဆီးချို အစရှိတဲ့ ရောဂါအခံများရှိခြင်းတို့ပဲ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

အထက်ပါ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေအပြင် နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြား လူမှုရေးရာ စိန်ခေါ်မှုများကိုလည်း မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆက်လက် ဆွေးနွေးထားပါတယ်။ အုပ်ချုပ်မှု စံညွှန်းနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း၊ အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှု မရှိခြင်းတို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့မဟုတ် အခြားသော အစိုးရဝန်ကြီးဌာနများကို လူအများစုက သူတို့ရဲ့ ကျန်းမာရေးအကြံပေး အရင်းအမြစ်တခုအနေနဲ့ မမြင်ခြင်း ဖြစ်တယ်လို့ ထောက်ပြချက်ဟာ စိတ်ဝင်စားစရာအချက်ပါ။ မိတ်ဆွေသူငယ်ချင်းများမှ တဆင့်၊ သို့မဟုတ် လူမှုကွန်ရက်ပေါ်မှာ ပြန့်နေတဲ့ အချို့သော သတင်းအချက်အလက် အမှားတွေကိုသာ အမှီပြု ယုံကြည်နေကြတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ မြို့ပြမှာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် သတိပေးချက်များကို လက်လှမ်း မီနိုင်မှုကို မြင်နိုင်ပြီး ကျေးလက်မှာ နေထိုင်သူများအနေနဲ့ ဒီလိုမျိုး ရရှိ၊ မရှိဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူးလို့လည်း ဆိုထားပါတယ်။ ဒေသန္တရအဆင့်၊ မြို့နယ်အဆင့်မှာ အစိုးရရဲ့ စွမ်းဆောင်ရည် အားနည်းတာကိုလည်း ထောက်ပြထားပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်၊ ပလက်ဝဒေသ၊ ရှမ်းပြည်မြောက်ပိုင်း စတဲ့ ဒေသတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အစိုးရရဲ့ အချို့သော ဆောင်ရွက်ချက်၊ တုံ့ပြန်ချက်တွေကို လက်လှမ်းမီဖို့ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာကို ဖတ်ရှုရပါမယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကဏ္ဍမှာလည်း ပြည်တွင်းရှိ အချို့သော စက်ရုံတွေ၊ အထူးသဖြင့် အထည်ချုပ် လုပ်ငန်းကဏ္ဍနှင့် ခရီးသွားလုပ်ငန်းများ ရပ်တန့်ပစ်ရသည်အထိ အကျိုးသက်ရောက်မှုတွေ ရှိနေကြောင်းကို ထောက်ပြထားပါတယ်။ ဒါတွင်သာမက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေအပေါ် အကျိုး သက်ရောက်နိုင်ကြောင်းကိုလည်း ဆွေးနွေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကိုလည်း ယှဉ်ထိုး လေ့လာနိုင်ဖို့ ဖော်ပြထားပါသေးတယ်။ ဖွံ့ ဖြိုးပြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဩစတြေးလျနိုင်ငံများဟာ စပိန်၊ အီတလီ၊ ပြင်သစ်နိုင်ငံတွေလို လူမှုစီးပွားရေးကို အကျိုး သက်ရောက်မှု များစေတဲ့ တဦးနဲ့တဦး အကွာအဝေး တခုခြား နေထိုင်ခြင်း (social distancing) နည်းလမ်းကို ကျင့်သုံးနေကြတယ်လို့ ပြောထားပါတယ်။ ဒေသတွင်းမှာ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က မလိုအပ်တဲ့ လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်ဖို့ ပြင်း ထန်တဲ့နည်းလမ်းတွေကို စတင် အသုံးပြုနေပြီ လို့ ရေးထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ပိုမို ပြင်းထန်တဲ့ ရက်သတ္တပတ် သုံးပတ်ကြာ နိုင်ငံအဝန်း ပိတ်ဆို့ခြင်းကို ကြေညာလိုက်ပြီ ဖြစ်ကြောင်း တွေ့ရပါမယ်။ အိန္ဒိယအနေနဲ့ တချို့ သော လူမှုရေး၊ စီးပွားရေးပြဿနာတွေ အထူးသဖြင့် ဆင်းရဲမွဲတေမှု မြင့်မားခြင်း၊ ညီမျှမှုမရှိခြင်း၊ အကျင့်ပျက်ခြစားမှု များပြားခြင်းများ ရှိနေပေမဲ့ အစိုးရမှာ ကျယ်ပြန့်တဲ့ လူမှုဖူလုံရေး အစီအစဉ်တွေကို အထောက်အပံ့ပြုဖို့ရာ ယေဘုယျအားဖြင့် နည်းပညာ ပိုင်းဆိုင်ရာ စွမ်းရည်ရှိတယ်ဆိုတဲ့ ဆွေးနွေးချက်ကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာရဲ့ ဖြေရှင်းတဲ့ နည်းလမ်းတွေကို ဖော်ပြတဲ့နေရာမှာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ တုံ့ပြန်ချက်တွေ၊ ဖြေရှင်းပုံနည်း တွေကို ထည့်သွင်းဆွေးနွေးတာမျိုး မတွေ့ရပါဘူး။

မြန်မာနိုင်ငံရဲ့ ဗိုင်းရပ်စ်အပေါ် တုံ့ပြန်ပုံတွေ၊ ကြုံတွေ့နေရတဲ့ အကန့်အသတ်တွေနဲ့ ဦးစားပေး လုပ်ဆောင်သင့်တဲ့ အချက်တွေအပေါ် အသေးစိတ် သုံးသပ်ခြင်းကိုလည်း စိတ်ဝင်စားဖွယ် ရေးသားထားပါတယ်။ လက်ရှိမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Coronavirus Disease 2019 (Covid-19) ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး Covid-19 ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူလူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းနှစ်ခု ပြောပြီးကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှာ ပါဝင်ဆောင်ရွက်နေသူများကို Video Conference က တဆင့် တွေ့ဆုံပြီး လက်တွေ့ အခြေအနေတွေ အပြန်အလှန် ဆွေးနွေးနေခြင်းကလည်း နိုင်ငံတော်အဆင့် ပုံမှန်တင်ပြခြင်းကို အသုံးပြု အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိသာစေတဲ့အရာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအရ ကန့်သတ်မှုတွေ မလုပ်သေးပေမဲ့ အချို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ထိန်းချုပ်မှုတွေ လုပ်နေကြပါတယ်။ ဥပမာ- မန္တလေးမြို့ အာဏာပိုင်တွေက ဈေးဆိုင်များ ပိတ်ဖို့နှင့် စားသောက်ဆိုင်တွေအနေနဲ့ ပါဆယ်သာ ရောင်းချရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အလားတူပဲ လားရှိုးမြို့မှာလည်း အဲဒီလို ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း သူတို့လှုပ်ရှားတဲ့ ဒေသတွေမှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်ရန် အသွားအလာ ကန့်သတ်ပိတ်ပင်ခြင်း၊ နယ်မြေအတွင်း ဒေသခံ လူများသာ သွားလာစေခြင်း စတဲ့ နည်းလမ်းများကို စတင်ကြိုးပမ်း လှုံ့ဆော်နေကြောင်း ဖြည့်စွက် ဆွေးနွေးထားပါတယ်။ ဥပမာ- ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ မြို့ပြ၊ ကျေးလက်ဒေသပါမက စစ်ဘေးရှောင်စခန်းများနဲ့ အကျဉ်းထောင်တွေပါ ပါတယ်လို့ ထောက်ပြထားပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ စစ်ဘေးဒုက္ခသည် များစွာရှိနေပြီး တဦးနဲ့တဦး နီးနီးကပ်ကပ် နေထိုင်ရတာကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်စေဖို့ အတော် အန္တရာယ်များတယ်လို့လည်း ဆိုထားပါတယ်။ အချို့စခန်းတွေဟာ မြို့ပြနဲ့ နီးစပ်တည်ရှိနေပြီး စခန်းက အလွယ်တကူ ဝင်ထွက်သွားလာနိုင်လို့ စခန်းအပြင်ရော အတွင်းမှာပါ ရောဂါပိုး ပျံ့နှံ့မှု မြင့်မားနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။ အကျဉ်းထောင်များမှာလည်း လူဦးရေထူထပ်ခြင်း၊ များသောအားဖြင့် မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ခြင်းတို့ကြောင့် ပိုးပျံ့နှံ့နိုင်မှု မြင့်တယ်လို့ ထောက်ပြပါတယ်။ ဒါကိုဖြေရှင်းဖို့ ဖြစ်နိုင်တဲ့နည်းတခုကတော့ လူထူထပ်တာကို လျှော့ချဖို့၊ အကျဉ်းသားအချို့ကို ဆောလျင်စွာ လွှတ်ပေးမလားဆိုတဲ့ စဉ်းစားချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အကျဉ်းသားကို လွှတ်ပေးမယ်ဆိုတဲ့ ရွေးချယ်ချက်နဲ့ ဒီလို ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ အကြောင်းကို ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိစေဖို့က သေချာ စွာကိုင်တွယ်ရန် လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

နောက်ထပ် ကန့်သတ်ချက်တခုက မြန်မာအစိုးရအနေနဲ့ တင်းကျပ်တဲ့ စမ်းသပ်ချက်နဲ့ ကူးစက်ခံရသူရဲ့ နောက်ကြောင်းကို ခြေရာခံလိုက်ဖို့ ဖော်ဆောင်တဲ့နေရာမှာ လုပ်နိုင်စွမ်းမရှိဘူးလို့လည်း သုံးသပ်ထားပါတယ်။ အသွားအလာ ကန့်သတ် ပိတ်ပင်ခြင်းကြောင့် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ အလွန် ဆိုးရွားလာနိုင်ပြီး အစိုးရအတွက် ဒီနည်းလမ်းကို လျော့ပါးစေဖို့ ခက်ခဲနိုင်ပါတယ်လို့ ထောက်ပြထားပါတယ်။ ဒါကြောင့် ရောဂါပိုးပျံ့နှံ့မှု ရပ်တန့်စေခြင်းကို ပိုမို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိစေဖို့နဲ့ ကုန်ကျစရိတ်သက်သာစေတဲ့ လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက်ရန် မျှော်လင့်တဲ့အနေနဲ့ အစိုးရက ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များကို ဇယားနှင့်တကွ အကြံပြုဆွေးနွေးထားတာကို IGC ရဲ့ စာတမ်းမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

တိကျပြီး သိပ္ပံနည်းကျတဲ့ အချက်အလက်တွေ အသုံးပြုကာ ပြည်သူလူထုကို အသိပညာပေး စည်းရုံး လှုံ့ဆော်မှုပြုလုပ်ခြင်းက ရောဂါပိုးပျံ့နှံ့မှုကို အမြင့်ဆုံး ထိန်းချုပ် ရပ်တန့်ပေးနိုင်မှာဖြစ်တယ်လို့ ထင်မြင်ချက်ပေးထားပါတယ်။ လူမှုစီးပွားရေးအရ ကုန်ကျစရိတ် အလွန်သက်သာပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အလွယ်ဆုံး ဖြစ်တာကြောင့် ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ စာရေးသူများက အကြံပြုထားပါ တယ်။ ဒါ့အပြင် အထူး ကိစ္စရပ်များဆိုင်ရာ စီမံခန့်ခွဲရေးစနစ် (Incident Management System) လိုမျိုး ဌာနပေါင်းစုံ၊ အလွှာပေါင်းစုံ အောက်ခြေဒေသ အဆင့်ပါမကျန် ပါဝင် နိုင်မယ့် ယန္တရားစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းကိုလည်း အကြံပေးထားပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေကို အစိုးရအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ၊ ပုဂ္ဂလိကကဏ္ဍနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများပါ မကျန် ပူးပေါင်းဆောင်ရွက်ကာ ထိထိရောက်ရောက် အကောင်အထည်ဖော်သင့်ကြောင်း အကြံပြုထားပါတယ်။

နောက်ဆုံးအနေနဲ့ နိုင်ငံတကာ စီးပွားရေးခြိမ်းခြောက်မှုနဲ့ အခွင့်အလမ်းတွေ အကြောင်း သုံးသပ်ထားပါတယ်။ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအတွင်း တွင်သာမက နိုင်ငံအချင်းချင်းအကြား စီးပွားရေးလုပ်ဆောင်ချက်တွေပေါ် အကျိုးသက်ရောက်မှု များစွာရှိနေပြီး ကမ္ဘာကြီးအနေဖြင့် ထူးထူးခြားခြား စီးပွားရေး ကျုံ့လာလုနီးပါးဖြစ်နေပြီလို့ သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေက ဆိုးရွားတဲ့ စီးပွားရေးနောက်ဆက်တွဲ ဖြစ်၊ မဖြစ် ဆိုတာ နှစ်ဖက် အစိုးရအရာရှိများရဲ့ ဆွေးနွေးချက်တွေပေါ် မူတည်ပြီး ပြောင်းလဲမှုတွေ ရှိနိုင်တယ်လို့ စာရေးသူများက ရှုမြင်ပါတယ်။  မြန်မာနိုင်ငံ၏ လက်ရှိ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းများမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း တရုတ်ရဲ့ စီးပွားရေး အခြေအနေ နှောင့်နှေးလာတာနဲ့အမျှ ကြန့်ကြာလာနိုင်ခြေ ရှိကြောင်းကိုလည်း သုံးသပ်ထားပါတယ်။

အချုပ်အားဖြင့် ယခုစာတမ်းဟာ မတ်လကုန်အထိ လက်လှမ်းမီတဲ့ သတင်း အချက်အလက်တွေပေါ်မူတည်ပြီး ရေးသားထုတ်ဝေတာဖြစ်ပေမဲ့ အစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေဟာ စာတမ်းမှာဖော်ပြထားတဲ့ အချို့သော အကြံပြုချက်တွေနဲ့ ကိုက်ညီမှုရှိတာကို မြင်နိုင်ပါတယ်။ နိုင်ငံတကာ တုံ့ပြန်ချက်တွေကို ဖော်ပြတဲ့နေရာမှာ အရေးကြီးတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို ထည့်သွင်းရေးသားရင် ပိုကောင်းမယ်လို့ သုံးသပ်မိပေမဲ့ အချက်အလက်ပြည့်စုံပြီး ကောင်းမွန်တဲ့ မူဝါဒ စာတမ်းတစောင်ဆိုတာ ငြင်းဆိုဖွယ်ရာ မရှိပါ။ မြန်မာနိုင်ငံအတွက် COVID-19 ကူးစက် ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသဖို့ရာ အစိုးရက ရှင်းလင်းတိကျတဲ့ သတင်း အချက်အလက်ကို မြန်မြန်ဆန်ဆန်ပေးနိုင်မှု၊ ထိရောက်တဲ့ မူဝါဒပိုင်းဆိုင်ရာ ထုတ်ပြန် ချက်တွေအပြင် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုပါ ပြည်သူလူထုဆီ ရောက်အောင် လုပ်ဆောင်သင့်ကြောင်းကို အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနဲ့တကွ အကြံပြုသုံးသပ်ချက်တွေကို ဒီစာတမ်းမှာ ဖတ်ရှုနိုင်ပါတယ်။

Myo Myo Kyaw

မျိုးမျိုးကျော်သည် ISP-Myanmar ၏ Research Assistant တဦးဖြစ်သည်။

Related article
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နိုင်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်တမ်း  (သုတေသနစာတမ်းမိတ်ဆက်)

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နိုင်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်တမ်း (သုတေသနစာတမ်းမိတ်ဆက်)

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအပြင် ရောဂါပိုးကူးစက်ခံရသူနဲ့ သံသယလူနာတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပေါ် နှစ်သိမ့်ဆွေးနွေးနိုင်ဖို့ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ…

ကိုဗစ်နောက်ကြောင်းပြန်၊ ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း (စာအုပ်မိတ်ဆက်)

ကိုဗစ်နောက်ကြောင်းပြန်၊ ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း (စာအုပ်မိတ်ဆက်)

တကယ်တမ်းတော့ ကပ်ရောဂါ ကူးစက်မှုက လူသားတွေ ဖန်တီးပြီး ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ ပုစ္ဆာအဟောင်း၊ ပြဿနာအဟောင်းပဲ ဖြစ်ပါတယ်။

Discussion about this post

  1. Nan Thida Win says:

    This report is very useful and knowledgeable. I would like to read Myanmar version for this report. Do you have Myanmar version. Thank you.

Leave a Reply

Your email address will not be published.

Type your search keyword, and press enter to search