Menu & Search

ကိုဗစ်နောက်ကြောင်းပြန်၊ ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း (စာအုပ်မိတ်ဆက်)

May 6, 2020

ပြဿနာအသစ်တရပ်၊ ပုစ္ဆာအသစ်တပုဒ် ပေါ်လာတိုင်း ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ ပြဿနာရဲ့ ဇာစ်မြစ်ကို သိဖို့ အရေးကြီးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ပြဿနာမှာလည်း ဒီဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်နဲ့ အကြောင်းအရာကို သိဖို့လိုအပ်ပါတယ်။ ဒေါက်တာမြင့်ဇော် ရေးသားပြုစုတဲ့ ‘ကိုဗစ်နောက်ကြောင်းပြန် (ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း)’ အမည်ရတဲ့ စာအုပ်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့  ကနဦးအစ ပေါ်ပေါက်လာပုံ အခြေအနေတွေကို နိုင်ငံတကာပညာရှင်တွေရဲ့ သုံးသပ်ကိုးကားချက်တွေနဲ့အတူ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

စာအုပ်ကို ယခု link တွင် Download ရယူနိုင်ပါသည်။

ဒီစာအုပ်မှာ အဓိက ထောက်တိုင်နှစ်ခုရှိပါတယ်။ ပထမတခုက လူတွေ ဘယ်လို ဂေဟစနစ်ကို ပျက်စီးယိုယွင်း စေလဲ၊ အကျိုးဆက်က ဘာတွေလဲဆိုတာ ဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ အမြတ်သာ ပဓာန ၊အရင်းရှင် စီးပွားရေးစနစ်ရဲ့ အကျိုးအပြစ်တွေက ကူးစက်ရောဂါတွေနဲ့ ဂေဟစနစ်ယိုယွင်းမှုဆီကို ဘယ်လိုတွန်းပို့နေလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ထဲက သတိပြုဖွယ် တွေ့ရှိချက်တွေကို ဆွေးနွေးမိတ်ဆက်ပါမယ်။

ဂေဟဗေဒ စနစ်ရှုထောင့်ကနေ အထူးပြုလေ့လာထားတဲ့ ဒီစာအုပ်ရဲ့ ကနဦးအပိုင်းမှာ ကမ္ဘာပေါ်က ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါတွေရဲ့ အရင်းခံအကြောင်းတရားကို ရှင်းပြဖို့ အားထုတ်ထားပါတယ်။ စာအုပ်ရဲ့ ပထမဦးဆုံးအခန်းမှာတင် ဒီကပ်ရောဂါက ကျနော်တို့ (လူသားတွေ) ဖန်တီးထားတာဖြစ်တယ်လို့ စဖွင့်ပါတယ်။ ဒီလို ကောက်ချက်ချရခြင်းရဲ့ အကြောင်းတရားများစွာကို ဆွေးနွေးထားချက်တွေက အကျိုးရှိလှပါတယ်။ လူမဟုတ်တဲ့ သတ္တဝါတွေဆီမှာ သူတို့ရဲ့ ခုခံအားနဲ့ လိုက်လျောညီထွေ ဖြစ်နေတဲ့ ဗိုင်းရပ်ပေါင်းများစွာကို သယ်ဆောင်ထား ကြပါတယ်။ အဲ့ဒီဗိုင်းရပ်စ်တွေက လူတွေဆီကို လွင့်စင်ရောက်ရှိလာတဲ့အခြေအနေ(Spillover) ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ မူလအိမ်ရှင်ဆီမှာတော့ ဗိုင်းရပ်စ်က မသိသာပေမဲ့ နောက်ထပ် လက်ခံကောင်ဆီ ရောက်တဲ့အခါမှာ တုံ့ပြန်မှုကွဲပြားတာတွေ ရှိလာပါတယ်။ နောက်ဆုံးကူးစက်သူက လူတွေဆီ ဖြစ်လာတဲ့အခါမှာ ပြဿနာတွေရှိလာတာဖြစ်ပါတယ်။ ဒါကလည်း လူတွေက ဂေဟစနစ်ကို ဖျက်ဆီးကြတာကြောင့် ဖြစ်တယ်လို့ စာရေးသူက အခိုင်အမာ ထောက်ပြဆွေးနွေးပါတယ်။

စီမံကိန်းအကြီးစားတွေ၊ တောထဲက သတ္ထုတွင်းတွေ၊ သစ်တောစခန်းတွေနဲ့ တောရိုင်းသတ္တဝါတွေ ဖမ်းဆီး သတ်ဖြတ်ရောင်းချကြခြင်းရဲ့ အကျိုးဆက်က လူသားတွေနဲ့ ပုံမှန်ထိတွေ့ဖို့ ခက်တဲ့၊ မနီးစပ်တဲ့ သတ္တဝါတွေရဲ့ အသိုက်အမြုံတွေ ပျက်ဆီးလာရပြီး လူတွေနဲ့ပဲ အနီးကပ်ထိတွေ့မှုတွေ ဖြစ်လာစေပါတယ်။ ဒီအချက်ကြောင့်ပဲ လူသားတွေမှာ ရောဂါတွေဖြစ်လာရကြောင်းကို ထောက်ပြဆွေးနွေးထားပါတယ်။

ဒီလို ကပ်ရောဂါ ဖြစ်နေကြတဲ့အချိန်မှာ လူတွေက သူတို့ဟာ ရောဂါဒဏ်ခံရတဲ့ ဓါးစားခံလို့ မှတ်ယူကြပါတယ်။ ဗိုင်းရပ်စ်သယ်ဆောင်လာတဲ့ သတ္တဝါတွေကို ရန်သူလို့ သတ်မှတ်တတ်ကြပါတယ်။ တကယ်တမ်းတော့ ဒီဖြစ်စဉ်မှာ လူတွေကသာ တာဝန်ရှိနေကြောင်း ဆွေးနွေးထားချက်တွေက ဆင်ခြင်စရာပါ။ တောထဲမှာသာ နေလေ့ရှိတဲ့ သတ္တဝါတွေကို လူတွေနဲ့ အနီးစပ်ဆုံးကို ခေါ်ဆောင်လာတဲ့သူက လူပဲဖြစ်နေပါတယ်။ သတ္တဝါတွေရဲ့ မှီခိုရာ စားကျက်တွေ ပြုန်းတီးအောင် အများဆုံးပြုလုပ်တဲ့သူက လူသားတွေပဲ ဖြစ်နေပါတယ်။ ဒီအချက်ကြောင့် ဂေဟစနစ်ပျက်ယွင်းပြီး အဲ့ဒီအကျိုးအပြစ်ကို လူတွေ ပြန်ခံစားရတာပဲ ဖြစ်ပါတယ်။

စာအုပ်ရဲ့ ဒုတိယ ထောက်တိုင်ဖြစ်တဲ့ အမြတ်သာပဓာန၊ အရင်းရှင်စီးပွားရေးစနစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကပ်ရောဂါအကြား ထိစပ်နေပုံအကြောင်းအချက်တွေက သတိဂရုပြုစရာ ဖြစ်လာပါတယ်။ နိုင်ငံတကာ ပညာရှင် တွေရဲ့ ထောက်ပြဆွေးနွေးချက်များစွာနဲ့ ချိန်ထိုးဖတ်ရှုရမှာပါ။ မြေသိမ်းတာကနေစပြီး တောထဲတောင်ထဲအထိ ချဲ့ထွင်လာတာ၊ တိရိစ္ဆာန်တွေရဲ့ ကနဦးတည်ရှိမှုတွေကို ပြောင်းလဲမွေးမြူပြီး အမြတ်အစွန်းရအောင် ပြုလုပ်နေတာတွေက အရာရာကို ကုန်ပစ္စည်းအဖြစ် စျေးကွက်တင်၊ စျေးသတ်မှတ်၊ ထပ်ပိုးအမြတ်ရဖို့ ဦးတည်လာတဲ့ အရင်းရှင်စီးပွားရေးစနစ်ရဲ့ ပြယုဂ်တွေ ဖြစ်ကြောင်း ဆွေးနွေးပါတယ်။ ကူးစက်ခဲ့သမျှ ဗိုင်းရပ်စ် ရောဂါပိုး အများစုရဲ့ ဇာစ်မြစ်က လူတွေ ပယောဂမကင်းတဲ့ အထွက်တိုးမွေးမြူရေးလုပ်ငန်းကြီးတွေ၊ မဆင်မခြင် ရှာဖွေစားသောက်မှုတွေကနေ စီးဆင်းလာတာ ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ ဂေဟစနစ် ယိုယွင်းအောင် ပြုလုပ်ခဲ့တဲ့ လူသားတွေရဲ့ ပြုမှုနေထိုင်မှု ပုံစံတွေကို အမှန်တကယ် ပြန်လည် ဆန်းစစ်သင့်ပြီ ဖြစ်ပါတယ်။

နောက်ထပ် သတိပြုဆင်ခြင်စရာ အချက်က ယနေ့ကမ္ဘာရဲ့ ခရီးသွားလုပ်ငန်း ဖြစ်တယ်လို့ ဆိုပါတယ်။ တောရိုင်း ဌာနေတွေပါမကျန် ခရီးသွားစျေးကွက်ထဲ ထည့်သွင်းလာတယ်။ ခရီးသွားလုပ်ငန်းတွေရဲ့ ထမင်းပွဲအတွက် တောထဲက တောရိုင်းသတ္တဝါတွေကို ဖမ်းဆီးသတ်ဖြတ်လာရတယ်။ စျေးကွက်ဝင် ခရီးသွားလုပ်ငန်း၊ ဝယ်ယူသုံးစွဲမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ ကပ်ရောဂါကြား ဆက်စပ်မှုတွေကိုလည်း ဒီစာအုပ်ရဲ့ ဆွေးနွေးချက်တွေကတဆင့် မြင်သာလာပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ စီးပွားရေးကို ပြောင်မြောက်အောင် ကြိုးပမ်းကြပေမဲ့ ကျန်းမာရေးကဏ္ဍကို ကြံကြံ့ခံနိုင်အောင် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့ အကျိုးဆက်တွေကို ဆွေးနွေးထားချက်တွေက အထူးဆင်ခြင်စရာပါ။ စာအုပ်ရဲ့ အဆုံးသတ်မှာတော့ စာရေးသူက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ယှဉ်ထိုးဆင်ခြင်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဂေဟစနစ်ယိုယွင်းလာမှုတွေ၊ မြေယာ ဆုံးရှုံးမှုတွေ၊ အကျိုးထက် အပြစ်ပိုများနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ယိုယွင်းလာတဲ့ ဥတုဘေးတွေ စတဲ့ အချက်များစွာက ပြန်လည်ဆန်းစစ်ရမယ့် အချက်တွေ ဖြစ်လာပါတယ်။ တကယ်တမ်းတော့ ကပ်ရောဂါ ကူးစက်မှုက လူသားတွေ ဖန်တီးပြီး ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ ပုစ္ဆာအဟောင်း၊ ပြဿနာအဟောင်းပဲ ဖြစ်ပါတယ်။

အချုပ်ပြောရရင် ဒီစာအုပ်က ယခုလက်ရှိဖြစ်နေတဲ့ ကပ်ရောဂါက ဘာလဲ၊ ဘယ်လိုဖြစ်လာတာလဲဆိုတဲ့ မေးခွန်းတွေ အတွက် အဖြေတွေ ပါဝင်ပါတယ်။ စာရေးသူရဲ့ ဆွေးနွေးချက် တချက်စီတိုင်းက လူသားတွေရဲ့ ပြုမူနေထိုင်ပုံ တွေကို ပြန်လည်ဆန်းစစ်ဖို့လိုကြောင်း အသိတရားကို အထပ်ထပ် သတိပေးတပ်လှန့်ထားပါတယ်။ ကပ်ရောဂါတွေ ဖြစ်စေရတဲ့ လက်သည်တရားခံတွေထဲမှာ လူတဦးချင်းစီတိုင်းက တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ပြီး ပါဝင်နေတယ်ဆိုတဲ့ တွေ့ရှိဆွေးနွေးချက်တွေက လာမယ့်ကာလတွေမှာ လူသားတွေအတွက် အမြဲမပြတ် နှလုံးသွင်းရမယ့် ဆင်ခြင်တုံတရား ဖြစ်လာပါတယ်။

Zaw Htet Oo

ဇော်ထက်ဦးသည် ISP-Myanmar ၏ Research Assistant တဦးဖြစ်သည်။

Related article
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နိုင်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်တမ်း  (သုတေသနစာတမ်းမိတ်ဆက်)

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နိုင်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်တမ်း (သုတေသနစာတမ်းမိတ်ဆက်)

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအပြင် ရောဂါပိုးကူးစက်ခံရသူနဲ့ သံသယလူနာတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပေါ် နှစ်သိမ့်ဆွေးနွေးနိုင်ဖို့ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ…

ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မူဝါဒလိုအပ်ချက်များနှင့် အခွင့်အလမ်းများ

ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မူဝါဒလိုအပ်ချက်များနှင့် အခွင့်အလမ်းများ

ယခုစာတမ်းဟာ မတ်လကုန်အထိ လက်လှမ်းမီတဲ့ သတင်း အချက်အလက်တွေပေါ်မူတည်ပြီး ရေးသားထုတ်ဝေတာဖြစ်ပေမဲ့ အစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေဟာ စာတမ်းမှာဖော်ပြထားတဲ့…

Discussion about this post

Leave a Reply

Your email address will not be published.

Type your search keyword, and press enter to search