မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
သဘာဝအလျောက် ဖြစ်သော သို့မဟုတ် လူကြောင့်ဖြစ်သော ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ ကူးစက်မြန်ရောဂါ တမျိုးမျိုးကြောင့်ဖြစ်စေ ဖြစ်ပေါ်လေ့ရှိသည့် အရေးပေါ် အခြေအနေများကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများက ရံဖန်ရံခါ အချိန်မီ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိသည့် အခြေအနေမျိုး ဖြစ်ပေါ်လေ့ရှိပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို ဘေးအန္တရာယ်ကျရောက်ခြင်း (disaster) သို့မဟုတ် အရေးပေါ် အခြေအနေ ကျရောက်ခြင်းဟု သတ်မှတ်ကြပါသည် (Henstra 2010, 236)။ ယင်းသို့ဖြစ်ပွားသော အရေးပေါ် အခြေအနေမျိုးသည် များသောအားဖြင့် အတိုင်းအဆ ကြီးများသော လူမှုရေးနှင့် စီးပွားရေး အကျိုးသက်ရောက်မှုများကို သာမက ရံဖန်ရံခါ နိုင်ငံရေး အပြောင်းအလဲများကိုလည်း ဆောင်ကျဥ်းလာ တတ်ပါသည်။
လူထုအုပ်ချုပ်မှုနှင့် လူထုမူဝါဒ ပညာဆိုင်ရာနယ်ပယ်
နိုင်ငံအချို့တို့မှအပ ဖွံ့ဖြိုးပြီး နိုင်ငံများစွာတို့တွင် ထိုကဲ့သို့သော အရေးပေါ်အခြေအနေ တုန့်ပြန်ရေး ဆိုင်ရာ စီမံချက် များ၊ လုပ်ထုံး လုပ်နည်းများ၊ အစီအမံများနှင့် ပတ်သက်သည့် ပြည်သူလူထုဆိုင်ရာ မူဝါဒ (public policy)ကို အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး (emergency management) ခေါင်းစဥ်အောက်တွင် ကြိုတင် ရေးဆွဲ ချမှတ် ထားလေ့ရှိကြပါသည်။ Haddow, Bullock နှင့် Coppola (2008) တို့က အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုသည် လူထု အုပ်ချုပ်မှုပညာ နယ်ပယ်၏ အရေးကြီးသည့် လုပ်ငန်းစဥ်(functional) ဆိုင်ရာ အစိတ်အပိုင်း တရပ်ဖြစ်ပြီး၊ နိုင်ငံ လူ့အဖွဲ့အစည်းသို့ ကျရောက်လာနိုင်သည့် ဘေးရန်အန္တရာယ်များမှ ရှောင်ရှားနိုင်ရန်နှင့် ရင်ဆိုင် ကြုံတွေ့ နေရသည့် ဘေးအန္တရာယ်ကို အချိန်မီ ထိရောက်စွာ ဖြေရှင်းရေးတို့နှင့် များစွာ သက်ဆိုင်သည့် ပညာရပ်အဖြစ် သတ်မှတ်ကြပါသည်။
ထိုသို့သော ဘေးအန္တရာယ် ကျရောက်ခြင်းမှ ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေအနေကို အချိန်မီ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် ခက်ခဲသည့် အရေးပေါ်စီမံချက်များနှင့် လုပ်ထုံး လုပ်နည်းများကို အလျင်အမြန် ရေးဆွဲ အကောင်အထည်ဖော် ကြရပါသည်။ ယင်းတွင် ဖြစ်ပေါ်နေသည့် ဘေးအန္တရာယ်ကို လျော့ချ ထိန်းချုပ် နိုင်ရေး၊ လူ့အဖွဲ့အစည်း၏ အားနည်း ထိခိုက်လွယ်သည့် အစိတ်အပိုင်းကို အကာအကွယ် ပြုရေးနှင့် မဖြစ်မနေ အရေးယူ ဆောင်ရွက်ကြရသည့် အရေးပေါ် အခြေအနေ ဆိုင်ရာ တုန့်ပြန် ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများကို ခံနိုင်ရည် ရှိရှိ လက်ခံ တုန့်ပြန်သွားနိုင်ရေး အစရှိသည်တို့ ပါဝင်လေ့ရှိပါသည်။ ထို့အပြင် ထိုကဲ့သို့သော အရေးပေါ် အခြေအနေ တုန့်ပြန်ရေးနှင့် သက်ဆိုင်သည့် စီမံချက်များ ရေးဆွဲရာတွင် ကျရောက် လာနိုင်သည့် ဘေးရန် အန္တရာယ်ကို အချိန်မီ ထိရောက်စွာ တုန့်ပြန်နိုင်ရန်အတွက် အသေးစိတ် လုပ်ငန်းအစီအစဥ် များနှင့် လက်တွေ့ ပါဝင် အကောင်အထည်ဖော်ရမည့် လူပုဂ္ဂိုလ်၊ ဆိုင်ရာဌာနများ၊ အေဂျင်စီများနှင့် အဖွဲ့အစည်း များကို ဖော်ပြလေ့ ရှိကြသည့် အပြင်၊ ထိုသို့ အရေးယူ ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ ကိုလည်း ထည့်သွင်း တွက်ချက်ကြပါသည် (Henstra 2010, 236)။ ထိုစီမံချက်များကို ပြည်သူလူထု ဆိုင်ရာ မူဝါဒ ခေါင်းစဥ်အောက်တွင် အပိုင်း လေးပိုင်း ခွဲခြား ထားရှိကြပါသည် (Henstra 2010, 237)။ ၎င်းတို့မှာ (၁) ရပ်ရွာ လူ့အဖွဲ့ အစည်းများက ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ် အခြေအနေကို ထိရောက်စွာ တုန့်ပြန်နိုင်ရေး အတွက် ကြိုတင် ပြင်ဆင်ရေးဆိုင်ရာ မူဝါဒများ (Preparedness)၊ (၂) ကျရောက်လာသည့် ဘေးအန္တရာယ်၏ သက်ရောက်မှုကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန် အတွက် ရည်ရွယ် ရေးဆွဲချမှတ်သည့် ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ မူဝါဒ များ (Mitigation)၊ (၃) အရေးပေါ် အခြေအနေ ဖြစ်ပွားချိန်တွင် တုန့်ပြန် ဆောင်ရွက်မှု လုပ်ငန်းများ ကြံခိုင် အားကောင်းစေရန်နှင့် ဘေးအန္တရာယ်သင့် ပြည်သူများအား ကူညီ ကယ်ဆယ်ရေးတို့အတွက် ရေးဆွဲချမှတ်ရသည့် အရေးပေါ် အခြေအနေ တုန့်ပြန်ရေး မူဝါဒများ (Response) နှင့် (၄) အရေးပေါ် အခြေအနေ လွန်မြောက်ပြီးနောက် ဘေး အန္တရာယ်မှ လွတ်မြောက်လာသည့် အများပြည်သူများနှင့်အတူ ရပ်ရွာ လူ့အဖွဲ့အစည်းများအား ပြန်လည် တည်ထောင်ရေးနှင့် နဂို ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိရေးအတွက် ကူညီ ထောက်ပံ့ရေးဆိုင်ရာ မူဝါဒများ (Recovery) တို့ ပါဝင်ပါသည် (ibid)။
ဗဟို ပြည်ထောင်စုအဆင့်များ၏ စွမ်းဆောင်ရည် ဆိုင်ရာ အကန့်အသတ်
သဘာဝ သို့မဟုတ် လူလုပ်ဘေးအန္တရာယ်ကို အချိန်မီ ထိရောက်စွာ တုန့်ပြန်နိုင်ရေးသည် အစိုးရတဖွဲ့ သို့မဟုတ် ထိုကိစ္စရပ်အတွက် သီးသန့် တာဝန်ရှိသည့် အစိုးရ ဌာနတခုက တာဝန်ယူ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ပါ။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် ဘေးအန္တရာယ် စီမံခန့်ခွဲရေး၏ ပင်မ အစိတ်အပိုင်းကြီး လေးခုဖြစ်သည့် ကြိုတင် ကာကွယ်ရေး (prevention)၊ ကြိုတင်ပြင်ဆင်ရေး (preparation)၊ တုန့်ပြန်ရေး (response)နှင့် ပြန်လည် ထူထောင်ရေး (recovery) စသည့် အဆင့်တိုင်းတွင် အစိုးရ၊ တသီးပုဂ္ဂလ၊ စီးပွားရေး အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော လူမှု အဖွဲ့အစည်းများနှင့် ရပ်ရွာလူထု အားလုံးတို့က ဝိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ကြရပါသည် (Eburn 2017)။ သြစတြေးလျား ဓနသဟာယနှင့် အမေရိကန် ပြည်ထောင်စုတို့ကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများတွင် ထိုကဲ့သို့သော ဘေးအန္တရာယ် စီမံခန့်ခွဲမှုကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရများအကြား တာဝန်ခွဲဝေထား ကြရသဖြင့် ပို၍ပင် ရှုပ်ထွေးလေ့ရှိပါသည် (ibid)။
အမှန်စင်စစ် ဘေးအန္တရာယ်တခုခု ကျရောက်လာတိုင်း ဗဟိုအစိုးရမှ သက်ဆိုင်ရာ တာဝန်ရှိသူများ အချိန်မီ ရောက်လာလေ့ မရှိဘဲ ပြည်နယ်ဒေသဆိုင်ရာ အစိုးရများကသာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ရနိုင်သည့် ရင်းမြစ်များဖြင့် အလျင်အဦး ဆောင်ရွက်ကြရလေ့ရှိပါသည်။ ဖြစ်ပေါ်နေသည့် ပျက်စီးမှု အနေအထား သို့မဟုတ် ဘေးအန္တရာယ်၏ အတိုင်းအဆကို မိမိတို့ဖာသာ အနီးစပ်ဆုံး မှန်ကန်စွာ အကဲဖြတ်ကြရပြီး သက်ဆိုင်ရာ အထက်အဆင့်များသို့ တင်ပြကြရပါသည်။ ထိုနောက်တွင်မှ ဗဟိုအစိုးရများက အရေးပေါ်အခြေအနေ ကြေညာခြင်း၊ လိုအပ်သည့် ရန်ပုံငွေနှင့် လူသားအရင်းအမြစ်များအပါအဝင် အခြားရင်းမြစ်များ စေလွှတ် ပေးပို့ခြင်းနှင့် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး အစီအမံများ အားဖြည့်ဆောင်ရွက်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်နိုင်လေ့ရှိ ကြပါသည်။
အမေရိကန် ပြည်ထောင်စုကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် ဗဟိုအဆင့် ပြည်ထောင်စု အစိုးရများသည် အတိုင်းအဆ ကြီးမားသည့် အရေးပေါ် အခြေအနေများကို အချိန်မီ ထိရောက်စွာ တုန့်ပြန်ရန် အပြည့်အဝ မစွမ်းဆောင်နိုင်ခဲ့ကြပါ။ အမေရိကန် ပြည်ထောင်စုသည် ၂၀၀၁ ခုနှစ် ၉/၁၁ အကြမ်းဖက် တိုက်ခိုက် ခံရပြီးကတည်းက အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးအတွက် ပမာဏ ကြီးမားသည့် အရေးပေါ် အခြေအနေဆိုင်ရာ ရန်ပုံငွေများနှင့် အခြားသော ရင်းမြစ်များကို အရံသင့် ခွဲဝေ သတ်မှတ်ထားသော်လည်း ထိုသို့ ဖြစ်ပေါ်လာသော အရေးပေါ် အခြေအနေမျိုး များကို လျင်မြန်ထိရောက်စွာ မတုန့်ပြန်နိုင်ခဲ့ပါ။ ၂၀၀၅ ခုနှစ် မစ္စစ်စပီပင်လယ်ကွေ့ ကမ်းခြေတလျောက် တိုက်ခတ်ခဲ့သည့် အားကောင်းလှသည့် ကက်ထရီနာ မုန်တိုင်းဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် အရေးပေါ် အခြေအနေကို အမေရိကန် ပြည်ထောင်စု၏ ဗဟိုအဆင့် ဖက်ဒရယ် အစိုးရ အေဂျင်စီများက အချိန်မီ တုန့်ပြန် နိုင်ခဲ့ခြင်း မရှိပါ။ လေ့လာမှုများအရ သမိုင်းစဥ် တလျှောက် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြည်သူထုတို့ ရင်ဆိုင် တွေ့ကြုံခဲ့ရသည့် ဆင်းရဲ ဒုက္ခများမှာ ကြီးမား လွန်းလှသည့် သဘာဝ ဘေးအန္တရာယ်များ၏ အဖျက်စွမ်းအားကြောင့် သက်သက်မဟုတ်၊ အစိုးရ အေဂျင်စီများ၏ ဤကဲ့သို့သော အတိုင်းအဆ ကြီးမားသည့် သဘာဝဘေး အန္တရာယ်ကို ရင်ဆိုင် တုံ့ပြန်ရန်အတွက် ထိရောက်သည့် စီမံချက်များ ကြိုတင် ရေးဆွဲထားရှိမှု မရှိခြင်းကြောင့် အဓိကဖြစ်ရသည်ဟု ဆိုကြပါသည် (US Senate 2006; Waugh 2006)။
ဗဟိုချုပ်ကိုင်မှုလျော့ချရေး
သို့နှင့် ၁၉၉၀ ခုနှစ်များကတည်းက ယင်းသို့ ကြိုတင် ပြင်ဆင်ထားသည့်ကြားက ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေအနေများကို ထပ်တလဲလဲ လုံလောက်စွာ တုန့်ပြန်ရန် မစွမ်းဆောင်နိုင်ခြင်းနှင့်၊ ထိုသို့တုန့်ပြန်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားမှုများ ထိရောက်မှု မရှိခြင်းတို့နှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ အချို့တို့တွင် ပြန်လည်သုံးသပ် သုတေသနပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အခြေခံကျသည့် ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
၁၉၉၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဆီးနိတ်လွှတ်တော် အစိုးရရေးရာကော်မတီက အမျိုးသားလူထု မူဝါဒအကယ်ဒမီ (National Academy of Public Policy) နှင့် အစိုးရ အထွေထွေစာရင်းရုံး (General Accounting Office) တို့ကို အမေရိကန်ပြည်ထောင်စု၏ ရှိနေသည့် အရေးပေါ် အခြေအနေ တုန့်ပြန်ရေး အစီအမံများကို သုတေသနပြု ပြန်လည် သုံးသပ်ရန် တာဝန် ပေးအပ်ခဲ့ပါသည်။ အရွယ်အစားကြီးမားသည့် အဆိုပါ သုတေသန နှစ်ခုစလုံးက ပြည်ထောင်စုအဆင့် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ဦးဆောင်မှုအခန်းကို အားဖြည့်ရန်၊ ဗဟိုဖက်ဒရယ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြစ်သည့် အမျိုးသား လုံခြုံရေးနှင့် အရပ်ဘက်ကာကွယ်ရေး အဖွဲ့အစည်းများက စီမံပိုင်ခွင့်ရှိသည့် ရင်းမြစ်များကို သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေး လုပ်ငန်းအစီအစဥ်များသို့ လွှဲပြောင်းပေးရန်နှင့် ပြည်နယ် ဒေသတွင်းအစိုးရများသို့ လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေးရန်တို့ကို ထောက်ခံတင်ပြ ခဲ့ကြပါသည်။ လေ့လာမှု နှစ်ခုစလုံးက ပြည်နယ် ဒေသန္တရ အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်ဒေသအဆင့် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး အစီအမံများကို ပိုမိုကောင်းမွန် ထိရောက်စွာ ပြင်ဆင် ရေးဆွဲ အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်နယ်ဒေသတွင်း ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် တိုးမြင့် လာစေရေးအတွက် ဆောင်ရွက်ရန်ကိုလည်း ထောက်ခံတင်ပြခဲ့ကြပါသည်။
သို့နှင့် လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း ကမ္ဘာ့နိုင်ငံ အများအပြားတွင် အရေးပေါ် အခြေအနေ တုန့်ပြန်ရေးကို ပြည်နယ်ဒေသအဆင့်သို့ ဗဟိုချုပ်ကိုင်မှု လျော့ချ လွှဲပြောင်း ပေးအပ်လာခဲ့ကြပါသည်။ အတိုင်းအဆကြီးမားသည့် သဘာဝ ဘေးအန္တရာယ်များ ဆက်တိုက် ကျရောက်လာခဲ့သည့် ၁၉၈၀ ခုနှစ်များ အစောပိုင်းကတည်းက အရေးပေါ် အခြေအနေ တုန့်ပြန်ရေးအတွက် အမျိုးသားအဆင့် ပြင်ဆင်မှုများ အလုံအလောက် ပြင်ဆင်ထားရှိသည့် အမေရိကန် ပြည်ထောင်စုကဲ့သို့ ရှေ့တန်းရောက် နိုင်ငံများတွင်ပင်လျင် အရေးပေါ်အခြေအနေ ကျရောက်တိုင်း အလျင်အမြန် တုန့်ပြန်ရေးတွင် အမှန်တကယ်လက်တွေ့ ပါဝင် ဆောင်ရွက်ကြသည့် အစိုးရဌာန၊ စီးပွားရေးနှင့် အရပ်ဘက် အဖွဲ့အစည်းများမှာ သက်ဆိုင်ရာ ပြည်နယ်ဒေသ အခြေစိုက် အဖွဲ့အစည်းများသာ ဖြစ်နေလေ့ရှိပါသည် (Drabek 1985, 86)။ ၁၉၇၈-၈၀ ခုနှစ်များအတွင်း ကင်းဆပ်စ်၊ တက်ဆပ်စ်၊ ဝိုင်ယိုမင်း၊ မစ္စစ်စပီနှင့် ဝါရှင်တန် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ရေးကြီးရေလျှံမှု၊ လေပြင်းမုန်တိုင်းနှင့် မီးတောင် ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အရေးပေါ်အခြေအနေ ခြောက်ခုတွင် အမှန်တကယ် လက်တွေ့ အလျင်အမြန် တုန့်ပြန် ဆောင်ရွက် ခဲ့ကြရသူများမှာ သက်ဆိုင်ရာ ပြည်နယ်ဒေသတွင်း အဖွဲ့အစည်းများ ဖြစ်နေသည်ကို တွေ့ရှိခဲ့ကြပါသည် (ibid)။ ထို့အတူ ၁၉၈၉ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ အသီးသီးတွင် ဖြစ်ပွားခဲ့သည့် ဟာရီကိန်းမုန်တိုင်း ဟူဂို (Hurricane Hugo)နှင့် လိုမာပရီတာငလျင် (Loma Prieta Earthquake)နှင့် ၁၉၉၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဟာရီကိန်း အင်ဒရူး (Hurricane Andrew)နှင့် ဟာရီကန်း အီနီးကီး (Hurricane Iniki) အစရှိသည့် အတိုင်းအဆကြီးမားသည့် သဘာဝဘေး အန္တရာယ်များကိုလည်း အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ် ပြည်ထောင်စုအဆင့် အစိုးရဌာနများက အချိန်မီ ထိရောက်စွာ မတုန့်ပြန် နိုင်ခဲ့ပါ။ အရေးပေါ် အခြေအနေ တုန့်ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အဆင့်နှင့် မြို့နယ်ဒေသခံ အစိုးရဌာနများ၊ ပြည်နယ် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ (National Guard)၊ ရဲတပ်ဖွဲ့၊ ဒေသတွင်း စီးပွားရေး အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့စည်းများကသာ အဓိက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ရပါသည်။
ထို့နည်းတူ ဗြိတိန်နိုင်ငံတွင် အရေးပေါ်အခြေအနေ တုန့်ပြန်ရေးနှင့် သက်ဆိုင်သည့် ဥပဒေပြုခွင့် အာဏာကို ဝက်စ်မင်စတာ ဗဟိုအစိုးရတွင်သာ ထားရှိထားသော်လည်း ဗြိတိန်နိုင်ငံ၏ အမျိုးမျိုးသော အရေးပေါ် အခြေအနေ တုန့်ပြန်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် ဗဟိုအမျိုးသားအဆင့် အစိုးရဌာနများ၏ စီမံခန့်ခွဲမှုအောက်တွင် လုပ်ငန်း လည်ပတ်နေခြင်း မဟုတ်ဘဲ၊ ပြည်နယ်ဒေသန္တရ အစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင် အရေးပေါ် အခြေ အနေ တုန့်ပြန်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နေခြင်းဖြစ်ပါသည် (Eburn 2017)။ အလားတူပင် အမျိုမျိုးသော သဘာဝဘေး အန္တရာယ်များနှင့် မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် သြစတြေးလျတိုက် တောင်ပိုင်း ပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် သုတေသန စစ်တမ်းတခုတွင် ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေ တုန့်ပြန်ရေးတို့တွင် ပြည်နယ်ဒေသန္တရ အစိုးရများ၏ အခန်းကဏ္ဍနှင့်ပတ်သက်သည့် သုတေသန မေးခွန်းကို ဖြေဆိုကြရာတွင် ပါဝင်သူ ၈၀ ရာခိုင်နှုန်းနီးပါးတို့က ပြည်နယ်ဒေသန္တရ အစိုးရများသည် “အလွန်အရေးကြီးသည့်” (extremely important) အခန်းမှ ပါဝင်နေသည်ဟု ဖြေဆိုခဲ့ကြပါသည် (Ryan and Hustings 2016)။
ပြည်နယ်ဒေသတွင်း အစိုးရများ၏ အားသာချက်နှင့် အရေးပါမှုအခန်း
အတိုင်းအဆ ကြီးမားသည့် သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် ကမ္ဘာ့နိုင်ငံများ၏ အတွေ့ အကြုံအရ ဗဟို ပြည်ထောင်စုအဆင့် အစိုးရများနှင့်မတူ ပြည်နယ်ဒေသအဆင့် အစိုးရအဖွဲ့များသည် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးတွင် ပဓာနကျသည့် အခန်းမှ ပါဝင်ကြရသည်ချည်း ဖြစ်သည်ကို ကမ္ဘာအနှံ့ မြင်တွေ့ခဲ့ကြ ရပါသည်။ လက်တွေ့တွင် ပြည်နယ်ဒေသတွင်း အစိုးရများသည် သက်ဆိုင်ရာ ပြည်နယ်သူပြည်နယ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံမှုရှိရေးနှင့် လူမှုဖူလုံရေးတို့အတွက် ပဓာန တာဝန်ရှိသည့် အစိုးရဖွဲ့များလည်း ဖြစ်ပါသည် (Drabeck and Hoetmer, 1990)။ ပြည်နယ်ဒေသဆိုင်ရာ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းများသည် နိုင်ငံသားများအပေါ် ကျရောက်လာသည့် ဘေးအန္တရာယ်များမှ အချိန်မီထိရောက်စွာ အကာအကွယ်ပြုပေးရေးနှင့် ထိုဘေးအန္တရာယ်များနှင့် ဆက်နွယ်ဖြစ်ပေါ်သည့် ရုပ်ဝတ္ထုပစ္စည်း ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေးတို့ကို အတတ်နိုင်ဆုံး အကူအညီပေး ဆောင်ရွက်ရန် အလျင်အဦး တာဝန်ရှိကြပါသည် (Comfort, 2007)။
ပြည်နယ်ဒေသဆိုင် အစိုးရအဖွဲ့များသည် သက်ဆိုင်ရာ ပြည်နယ်ဒေသများ၏ စီမံအုပ်ချုပ်ရေးတွင် ဗဟိုအဆင့် ပြည်ထောင်စုအစိုးရများနှင့်မတူ တမူ ထူးခြားသည့် ဒေသတွင်းဆိုင်ရာ စီမံအုပ်ချုပ်မှု အခန်းကဏ္ဍများ ရှိလေ့ရှိ ကြသဖြင့် အကျိုးအကြောင်း အဆီလျော်ဆုံးနှင့် ဒေသနှင့်ရင်းနှီးကျွမ်းဝင်မှု အရှိဆုံးသော အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ဟု အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ သုတေ သနစာတမ်း အများအပြားက ဆိုပါသည်။ ပြည်နယ်ဒေသန္တရ အစိုးရများသည် အမှန်စင်စစ် နိုင်ငံအစိုးရများ၏ ပြည်နယ် ဒေသတွင်းဆိုင်ရာ ပုံမှန်လုပ်ငန်းစဥ်များ စီမံခန့်ခွဲခြင်းနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သည့် မူဝါဒ ရေးဆွဲချမှတ်ခြင်းနှင့် လုပ်ငန်းစဥ်များ၊ စီမံချက်များ စီမံခန့်ခွဲရေး လုပ်ငန်းများ ကို ပြည်နယ်ဒေသ အဆင့်သို့ ဗဟိုချုပ်ကိုင်မှု လျော့ချ လွှဲပြောင်းပေးအပ်ရာတွင် ထိရောက်မှုအရှိဆုံးနှင့် အသင့်လျော်ဆုံးသော အစိုးရအဖွဲ့ အဆင့်ဖြစ်သည်ဟု သုတေသီများအကြား သဘောညီကြပါသည် (Waugh 1994, 253)။
ဤကဲ့သို့သော ဘေးအန္တရာယ် ကျရောက်ချိန်တွင် ပြည်နယ်ဒေသတွင်း အစိုးရများသည် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးနှင့် ပတ်သက်သည့် ဘေးအန္တရာယ်လျော့ချရေး၊ အသင့် ကြိုတင်ပြင်ဆင်ထားရှိရေး၊ အရေးယူ တုန့်ပြန် ဆောင်ရွက်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ မူဝါဒများ၊ စီမံချက်များနှင့် လုပ်ထုံးလုပ်နည်း အစီအမံများကို ပြည်နယ်ဒေသတွင်းရှိ အင်အားစုများနှင့် အစိုးရ ဌာနပေါင်းစုံ ပူးပေါင်းပါဝင်ရေးဆွဲ အကောင် အထည်ဖော်ရာတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြလေ့ ရှိသည်ဟု လေ့လာမှု အများအပြားက ဆိုပါသည် (ဥပမာ Col, 2007; Henstra, 2010; Waugh and Streib, 2006)။ အရေးပေါ် အခြေအနေ စီမံခန့်ခွဲခြင်း၊ ပြည်သူလူထု၏ လုံခြုံမှုကို ခြိမ်းခြောက်နေသည့် အကြောင်းအချက်များကို အကဲဖြတ်ခြင်း၊ ရပ်ရွာ လူ့အဖွဲ့အစည်း၏ အားနည်းနေသည့် အကြောင်းအချက်များကို စိစစ် ဖော်ထုတ်ခြင်း၊ ထိရောက် မြန်ဆန်သည့် အရေးပေါ် အခြေအနေ တုန့်ပြန်မှု အတွက် ရနိုင်သည့် အရင်းအမြစ်များကို အသုံးချခြင်း စသည်တို့တွင် ပြည်နယ်ဒေသတွင်း အစိုးရများသည် အလွန် အရေးကြီးသည့် အခန်းမှ ပါဝင်နေကြသည်ဟုလည်း ဆရာများက ဆိုပါသည် (Henstra 2010, 236)။ ထို့အပြင် ထိုကဲ့သို့သော အရေးပေါ် အခြေအနေ တုန့်ပြန်ရေးတွင် ပြည်နယ်ဒေသတွင်းရှိ အစိုးရ ထိန်းချုပ်မှုအောက်တွင် ရှိမနေသည့် ရင်းမြစ်များ ရယူသုံးစွဲရေးနှင့် အခြားသောဒေသဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု (local-local forum)ကို ဆွဲဆောင်သိမ်းသွင်းရေးတို့တွင်လည်း အထိရောက်ဆုံး စွမ်းဆောင်နိုင်ကြသည်ကို တွေ့ရပါသည်။
ပြည်နယ်ဒေသန္တရ အစိုးရများ ရင်ဆိုင်ကြရသည့် အခက်အခဲများ
တစ်ဘက်တွင် ပြည်နယ်နှင့် ဒေသန္တရ အစိုးရများအတွက် ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေအနေကို အချိန်မီ ထိရောက်စွာ တုန့်ပြန်နိုင်ရေးအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရလေ့ ရှိသည်ကို သုတေသနစာတမ်း များစွာတို့တွင် ပြန်လည်အကဲဖြတ် သုံးသပ်ထားသည်ကို တွေ့ရှိရပါသည်။ အများစုတို့က (၁) ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်တို့၏ သဘောသဘာဝ မတူညီမှု၊ (၂) ပုံမှန် အခြေအနေတွင် ပြည်ထောင်စု ဗဟိုအစိုးရများက ပြည်နယ်ဒေသန္တရ အစိုးရများ၏ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးကို အရေးတကြီးကိစ္စရပ်အဖြစ် အသိအမှတ် မပြုမှု၊ (၃) ရှိနှင့်ပြီးသား လုပ်ထုံးလုပ်နည်းများနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ၏ အကန့်အသတ်နှင့် ခုခံမှု၊ (၄) ဗဟို အဆင့်တွင် ပြည်နယ်ဒေသကိုယ်စား ယင်းနှင့်ပတ်သက်သည့် နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကိုယ်စားပြုမှု မရှိမှုနှင့် အရေးဆိုနိုင်သည့် အနေအထား ကင်းမဲ့မှု၊ (၅) ကျရောက်လာသည့် ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင် သည့် မရေရာသည့် စွန့်စားရမှုများ၊ (၆) အချို့သော လုပ်ထုံးလုပ်နည်းများ၊ စီမံချက်များ၊ အရေးပေါ်အခြေအနေ တုန့်ပြန်ရေး အားထုတ်မှုများ၏ နည်းပညာဆိုင်ရာ ရှုပ်ထွေးမှု၊ (၈) ပြည်နယ်ဒေသန္တရ အစိုးရတရပ်၏ လုပ်ငန်းဆောင်တာ တိုးချဲ့လာမှုအပေါ် ရန်လိုလေ့ရှိသည့် ဗဟိုအဆင့် စီးပွားရေးနှင့် နိုင်ငံရေး အခင်းအကျင်း များနှင့် (၉) ထိရောက်သည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး စနစ်တခုခုကို ပုံစံထုတ်ဒီဇိုင်း ဆွဲရာတွင် လည်းကောင်း၊ လက်တွေ့ အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ ရန်ပုံငွေခွဲဝေ ချထားပေးရာတွင် လည်းကောင်း၊ ဆုံးခန်းတိုင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လည်းကောင်း၊ စီမံခန့်ခွဲမှုစနစ် တစ်ခုလုံးကို ကိုင်တွယ် မောင်းနှင်ရာတွင် လည်းကောင်း ပြည်နယ် ဒေသန္တရအဆင့် အရာရှိများ၏ စွမ်းဆောင်ရည် မလုံလောက်မှု များ စသည်တို့ကို ထောက်ပြကြပါသည် (ဥပမာ Petak 1985; Cigler 1988; May and Williams 1986)။
ကမ္ဘာနိုင်ငံ အများစုတို့တွင် ကြုံတွေ့ခဲ့သည့်အတိုင်း ပြည်နယ်ဒေသများနှင့် ဆိုင်ရာ ရပ်ရွာ လူ့အဖွဲ့အစည်းများတွင် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် အခြေခံကျသည့် လုပ်ငန်းများဖြစ်သော ကျရောက်လာ နိုင်သည့် ဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်မှု ရှိလေ့ မရှိသည့်အပြင်၊ ဘေးအန္တရာယ် လျှော့ချရေးနှင့် အလျှင် အမြန် တုန့်ပြန်ရေးတို့အတွက် လိုအပ်သည့် လူနှင့် ရုပ်ဝတ္ထု ရင်းမြစ်များလည်း အလုံအလောက် ရှိနေလေ့မရှိပါ။ အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်များအပါအဝင် ကမ္ဘာအနှံ့မှ ပြည်နယ်ဒေသန္တရ အစိုးရများတွင် ရင်ဆိုင် နေရသည့် အရေးပေါ်အခြေအနေကို အချိန်မီ တုန့်ပြန်နိုင်ရန်အတွက် လိုအပ်သည့်ရင်းမြစ်များ အလုံအလောက် ရှိမနေခဲ့ပါ။
အတွေ့အကြုံများအရ အရေးပေါ်ကာလ စီမံခန့်ခွဲမှုလုပ်ငန်းသည် ရံဖန်ရံခါ ပြည်နယ်ဒေသ နယ်နိမိတ်မျဥ်းများကို ဖြတ်ကျော် ဆောင်ရွက်ကြရလေ့ ရှိသည့်အပြင် ယင်းကို တိုက်ရိုက် အကောင်အထည် ဖော်ကြရသည့် ပြည်နယ် ဒေသန္တရ အစိုးရများတွင် လိုအပ်သည့် ရင်းမြစ်များ ရှိနေလေ့မရှိပါ (Waugh 1994)။ ထို့အပြင် များသောအားဖြင့် ဗဟို၊ ပြည်နယ် ဒေသန္တရအဆင့် ဆိုင်ရာဌာန အသီသီးတို့က တာဝန်ယူကြရမည့် လုပ်ငန်း ဆောင်တာများနှင့် လုပ်ပိုင်ခွင့် အာဏာများကိုလည်း တိကျရှင်းလင်းစွာ ပိုင်းခြား ခွဲဝေ အပ်နှင်းထားခြင်းမျိုး ရှိခဲလှသည်ဟု သုတေသီ များက ထောက်ပြကြပါသည် (ibid)။ ယင်းသို့ အခက်အခဲ ဖြစ်နေရခြင်းနှင့် ပတ်သက်ပြီး ဆရာအချို့တို့က ပြည်နယ်ဒေသန္တရ အစိုးရအရာရှိများနှင့် အေဂျင်စီများသည် ဘေးအန္တရာယ်နှင့် ကြုံတွေ့ကြရတိုင်း သို့မဟုတ် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာတိုင်း အမြဲတမ်း အလျင်အဦးဆုံး အရေးယူတုန့်ပြန်ဆောင်ရွက်ကြရသူများ ဖြစ်ကြသော်လည်း ၎င်းတို့လက်ထဲတွင် လိုအပ်သည့် ရင်းမြစ်များ အလုံအလောက် ရှိနေလေ့ မရှိခြင်းကြောင့် ဖြစ်သည်ဟု ထောက်ပြကြပါသည် (ibid)။ များသောအားဖြင့် ထိုရင်းမြစ်များသည် ဗဟိုပြည်ထောင်စု အစိုးရ အေဂျင်စီများ၏ ပစ္စည်းသိုလှောင်ရုံများတွင် စုပြုံနေလေ့ရှိသည် ဟုလည်း ဆရာများက သတိပေးကြပါသည် (ibid)။
ပြည်နယ် ဒေသန္တရ အစိုးရများ၏ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု အစီအမံများကို တာဝန်ယူကြရသည့် ဌာနများနှင့် အေဂျင်စီများတွင် လိုအပ်သည့် လုပ်ငန်း စွမ်းဆောင်ရည် တိုးမြင့် လာစေရန်နှင့်၊ ငွေကြေးနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဗဟိုပြည်ထောင်စုအဆင့်က ကူညီ ပံ့ပိုးပေးအပ်နိုင်သော်လည်း အကူ အညီများ လက်တွေ့ရောက်မလာမချင်း အရေးပေါ် အခြေအနေတခုလုံးကို ပြည်နယ် ဒေသဆိုင်ရာ အရာရှိများ ကသာ တာဝန်ယူ ဆောင်ရွက်ကြရပါသည်။ ယင်းသို့သော အရေးပေါ် အခြေအနေမျိုးများ၏ ပထမ နာရီများ သို့မဟုတ် ပထမရက်များအတွင်း အရေးယူ ဆောင်ရွက်သည့် လုပ်ဆောင်ချက်များသည် အရေးပေါ်အခြေအနေ တုန့်ပြန်ချက်တစ်ခုလုံး၏ ထိရောက်အောင်မြင်မှုနှင့် ဆုံးရှုံးမှုတို့ကို သာမက အရေးပေါ် အခြေအနေအလွန် ပြန်လည်ထူထောင်ရေး ကာလ ကုန်ကျစရိတ်များကိုပါ အဆုံးအဖြတ်ပေးသည်ဟု ဆိုပါသည်(Wauhg 1994)။
ထို့ကြောင့် သဘာဝ သို့မဟုတ် လူလုပ်ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေအနေများကို တုန့်ပြန်နိုင်ရန်အတွက် ပြည်နယ် ဒေသန္တရ အစိုးရများ၏ အရေးပေါ် အခြေအနေ တုန့်ပြန်ရေးအဖွဲ့အစည်းများနှင့် မန်နေဂျာများတွင် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေကို မှန်မှန်ကန်ကန် ခွဲခြမ်းစိတ်ဖြာ နိုင်ရန်နှင့် ကြိုတင်မှန်းဆနိုင်ရန်၊ ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်နှင့် မှန်ကန်ထိရောက်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ထက်မြက်အားကောင်းသည့် ဝေဖန်စဥ်းစား တွေးခေါ်နိုင်စွမ်းရည် ရှိရန်လိုအပ်ပါသည် (Collins and Peerbolte, 2012)။ အရေးပေါ် အခြေအနေအထိ ဖြစ်ပေါ်စေသည့် သဘာဝဘေးအန္တရာယ် အားလုံးသည် လက်တွေ့တွင် ပြည်နယ်ဒေသတွင်းသို့ တိုက်ရိုက် ကျရောက်သည်ဖြစ်၍ ဒေသတွင်းတွင် အရေးပေါ် အခြေအနေကို အချိန်မီ ထိရောက်စွာ တုန့်ပြန်နိုင်မည့် အစီအမံများ ရေးဆွဲအကောင်အထည် ဖော်နိုင်ရန်အတွက် ပြည်နယ်ဒေသန္တရ အစိုးရများတွင် ပါးရည်နပ်ရည်ရှိပြီး၊ တီထွင်နိုင်စွမ်းနှင့် ဝေဖန် စဥ်းစားနိုင်စွမ်းရည်များလည်း အလုံအလောက်ရှိရန် လိုအပ်ပါသည် (Perry, 2003)။ ထို့အပြင် ထိုကဲ့သို့သော အရေးပေါ်အခြေအနေများနှင့် အရေးပေါ်ကာလ လွန်မြောက်ပြီးနောက် ဖြစ်ပေါ်သည့် အခြေအနေများကို အချိန်မီ ထိရောက်စွာ အရေးယူ တုန့်ပြန်နိုင်ရေးအတွက်လည်း ပြည်နယ်ဒေသအဆင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် တိကျသည့် လုပ်ငန်းဆောင်ရွက်မှု အစီအစဥ် (concrete procedures) များကို ကြိုတင်ရေးဆွဲ ချမှတ်ထားရန် လိုအပ်ပါသည်။
နိဂုံးကောက်ချက်
အဖျက်စွမ်းအား ကြီးမားလှသည့် သဘာဝနှင့် လူလုပ် ဘေးအန္တရာယ်များနှင့် အရေးပေါ် အခြေအနေများကို ဗဟိုပြည်ထောင်စုအဆင့် အစိုးရဌာနများ၊ အေဂျင်စီများနှင့် အဖွဲ့အစည်းများ သက်သက်ဖြင့် အချိန်မီ ထိရောက်စွာ တုန့်ပြန်ရန် မဖြစ်နိုင်သည်ကို ကမ္ဘာ့ရှေ့တန်းရောက် ဖွံ့ဖြိုးပြီး နိုင်ငံများက အကြိမ်ကြိမ် ထပ်တလဲလဲ သက်သေ ပြခဲ့ပြီးဖြစ်ပါသည်။ အရည်အသွေးမြင့်မားသည့် ပြည်နယ်ဒေသတွင်း အရေးပေါ် အခြေအနေ တုန့်ပြန်ရေး အစီအမံများ မဖြစ်မနေ လိုအပ်ပါသည်။ သို့ရာတွင် ပြည်နယ် ဒေသန္တရ အစိုးရများအနေဖြင့် လိုအပ်သည့် အရင်းအမြစ်များ မပြည့်စုံမှုနှင့် ရင်ဆိုင်နေရချိန်တွင်၊ အရေးပေါ်အခြေအနေကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အခြားမြောက်များ လှစွာသော လိုအပ်ချက်များကို တပြိုင်နက်တည်း မဖြစ်မနေ ဖြည့်ဆည်းပေးရန်လည်း လိုအပ်နေလေ့ရှိပါသည်။ ဗဟိုပြည်ထောင်စုအဆင့် အစိုးရများအနေဖြင့် ပြည်နယ်ဒေသန္တရ အစိုးရများလက်တွင် လိုအပ်သော ရုပ်ဝတ္ထုနှင့် လူသားရင်းမြစ်များ အရန်သင့်ရှိနေရန် လွှဲပြောင်းပေးအပ်ထားရန် လိုအပ်ပါသည်။ အဆင့်ဆင့်သော အာဏာပိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် လုပ်ပိုင်ခွင့် အာဏာများကိုလည်း အဆင့်တိုင်းအတွက် တိကျရှင်းလင်းစွာ ခွဲဝေအပ်နှင်းထားရန် လိုအပ်ပါသည်။ ထို့အပြင် အချိန်မီ ထိရောက်သည့် အရေးပေါ် အခြေအနေ တုန့်ပြန်မှုမျိုးကို စီမံဆောင် ရွက်နိုင်ရန်အတွက် ပြည်နယ် ဒေသန္တရအဆင့် အစိုးရဌာနများ၊ အေဂျင်စီများနှင့် အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့ သက်ဆိုင်ရာ ပြည်နယ်ဒေသများအတွက် ထိရောက်ကောင်းမွန်သည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအစီအမံများ ရေးဆွဲနိုင်ရန်နှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် ၎င်းတို့၏ ဝေဖန်ပိုင်းခြား တွေးခေါ်စဥ်းစားနိုင်စွမ်းနှင့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာစေရန် တည်ဆောက် ပေးရန်လိုအပ်ပါသည်။ သို့မှသာ နိုင်ငံအစိုးရများအနေဖြင့် ကြုံတွေ့နေရဆဲနှင့် နောင်ကာလများတွင် ထပ်မံ ကြုံတွေ့ကြရဦးမည်ဖြစ်သည့် အတိုင်းအဆကြီးမားသည့် ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများကို လျင်မြန်ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ကျမ်းကိုး
Cigler, Beverly A. (1988). Current policy issues in mitigation in Louise K. Comfort, ed., Managing Disaster: Strategies and Policy Perspectives. Durham, NC: Duke University Press, 39-52.
Col, J. M. (2007). Managing disasters: The role of local government. Public Administration Review, 67(SI), 114-124.
Collins, Matthew L. and Peerbolte, Stacy L. (2012). Public administration emergency management pedagogy: Cultivating the habit of critical thinking, Journal of Public Affairs Education, 18(2), 315-326.
Comfort, L. K. (2007). Crisis management in hindsight: Cognition, communication, coordination, and control. Public Administration Review, 67(SI), 189-197.
Drabek, Thomas E. (1985) Emergency Management: A challenge for public administration, Public Administration Review, 45(sI), 85-92.
Drabek, T. E., and Hoetmer, G. J. (1990). Emergency management: Principles and practice for Local government. Washington, DC: International City Management Association.
Eburn, Michael. (2017). Coordination of federal, state and local disaster management arrangements in Australia: Lessons from the UK and the US. Australia Strategic Policy Institute.
Henstra, D. (2010). Evaluating local government emergency management programs: What framework should public managers adopt? Public Administration Review, 70(2), 236-246.
May, Peter J. and Walter Williams. (1986). Disaster Policy Implementation: Managing programs under shared governance. New York: Plenum Press.
Perry, R. W. (2003). Incident management systems in disaster management. Disaster Prevention and Management, 12(5), 405-412.
Petak, William J. (1985). Emergency Management: A challenge to public administration. Public Administration Review, 45(SI), 3-7.
Ryan, Roberta and Hastings, Catherine. (2016). Why local governments matter in South Australia. University of Technology Sydney.
U.S. Senate, Committee on Homeland Security and Governmental Affairs. (2006). Hurricane Katrina: A Nation Still Unprepared. Washington, DC: Government Printing Office.
Waugh, W. L. Jr. (1994). Regionalizing Emergency Management: Counties as State and Local Government. Public Administration Review, 54(3), 253-258.
———. (2006). The political costs of failure in the Katrina and Rita disasters. Annals of the American Academy of Political and Social Science, 604, 10-25.
Waugh, W. L. Jr., and Streib, G. (2006). Collaboration and leadership for effective emergency management. Public Administration Review, 66(SI), 131-140.
ဒေါက်တာမင်းခင်မောင်ရင်သည် အလွတ်တန်းအကြံပေးနှင့် သုတေသီတဦးဖြစ်ပီး University of New South Wales မှ PhD (International and Political Studies) ဘွဲ့နှင့် Australian National University မှ M.A (Diplomacy) နှင့် M.A (Public Policy) ဘွဲ့တို့ကို ရရှိထားသူ ဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post