မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
(၁) နိဒါန်း
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှ စ၍ Covid-19 ကူးစက် ဖြစ်ပွားမှု စတင်ခဲ့ပြီးနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍကိုသာမက စီးပွားရေးကဏ္ဍ ကိုပါ သက်ရောက်မှုများ ကြီးမားလာခဲ့သည်။အကျပ်အတည်းများကြားတွင် ကြံ့ကြံ့ခံနိုင်ရေးသည် နိုင်ငံ၏ ရှိရင်းစွဲ စီမံခန့်ခွဲရေး ယန္တရားများ၏ စွမ်းဆောင်နိုင်မှုပေါ်တွင် မူတည်လျက်ရှိသည်။ရှိရင်းစွဲ ဥပဒေများကို အခြေပြု၍ သင့်လျှော်သော မူဝါဒများ အချိန်မီဖော်ဆောင်နိုင်ရန်လည်း အရေးပါနေသည်။
ကိုဗစ် ကူးစက်ရောဂါ၏ မြန်မာ့ စီးပွားရေးကဏ္ဍအပေါ်ရိုက်ခက်မှုများက သိသာထင်ရှားလာသည်။ ကျန်းမာရေး လိုအပ်ချက်အခြေအနေအရ စက်ရုံ၊ အလုပ်ရုံများ ရပ်ဆိုင်းပိတ်သိမ်းရမည့် အခြေအနေတွင် ကျရောက်နေပြီး အလုပ်ရှင် နှင့် အလုပ်သမားများအတွက် အကျိုးသက်ရောက်နိုင်မှုများ ကြီးထွားလာပါသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မြန်မာနိုင်ငံ၏ လက်ရှိ ရှိရင်းစွဲ အလုပ်သမားဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများက အရေးကြီးသော အနေအထားတွင် ရှိလာသည်။
သို့ဖြစ်ရာ ယခုဆောင်းပါးသည် မြန်မာနိုင်ငံ၏ လူမှုဖူလုံရေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းများက ရပ်ဆိုင်း ပိတ်သိမ်း ရမည့် အခြေအနေသို့ ဆိုက်ရောက်နေသော စက်ရုံ၊ အလုပ်ရုံများ၏ အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိ၊မရှိကို လေ့လာဆန်းစစ်သွားမည် ဖြစ်သည်။
(၂) ကိုဗစ်ဂယက်အတွင်းမှ စက်ရုံအလုပ်ရုံများ
နိုင်ငံ၏ စီးပွားရေးဗဟိုချက်မဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၆၆၃၂ ရုံရှိပြီး အလုပ်သမားအင်အားစုစုပေါင်း ၆သိန်း ၈သောင်းကျော် လုပ်ကိုင်လျက်ရှိသည်။ ၎င်းတို့အနက် လုပ်သား ငါးသိန်းကျော် ဝင်ရောက်လုပ်ကိုင်နေသည့် CMP အထည်ချုပ်စက်ရုံ ၃၅၀ကျော်က မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ကဏ္ဍ တွင် အရေးပါလျက်ရှိပေသည်။ ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် လုပ်ငန်းစနစ်ဖြင့် လည်ပတ်လျက်ရှိသော CMP အထည်ချုပ်လုပ်ငန်းများသည် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၆ ဘီလျံကျော်စံချိန်တင် ရရှိခဲ့ပြီး ပြည်ပပို့ကုန် နံပါတ် (၁)နေရာ၌ ရပ်တည်ခဲ့သည်။
ယခုကဲ့သို့သော ပြည်တွင်း၊ပြည်ပ ကုန်သွယ်ရေးပြတ်တောက်ချိန်များတွင် Covid-19 ရောဂါ ၏ ရိုက်ခက်မှုများကို အများဆုံးခံစားနေရပေသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံကုန်ကြမ်းများ ဝင်ရောက်မှုမရှိခြင်း၊ နိုင်ငံတကာအော်ဒါအမှာစာများ မရရှိခြင်း၊ ကုန်ထုတ်လုပ်မှုမရှိခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၅ ရက်အထိ ကာလအတွင်း ပိတ်သိမ်းရပ်စဲလိုက်ရသည့် စက်ရုံများ၏ အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Covid -19 ကူးစက်ရောဂါ ၏ အကျိုးသက်ရောက်မှု ဂယက်များကြောင့် စက်ရုံ ပေါင်း ၁၃၁ ရုံ မှာ ပိတ်သိမ်းရပ်နားခဲ့ရပြီး ၎င်းတို့အနက် အထည်ချုပ်စက်ရုံပေါင်း ၇၂ ရုံ ပါဝင်လျက်ရှိပေသည်။
အဆိုပါ စက်ရုံများရှိ လုပ်သားအင်အားစုစုပေါင်း လေးသောင်းခန့်မှာ အလုပ်လက်မဲ့အခြေအနေများနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်ပါသည်။ အစိုးရတာဝန်ရှိသူများအနေဖြင့် စက်ရုံပိတ်သိမ်းခြင်း၊ လုပ်သားအင်အား လျှော့ချခြင်းများကို ဖြေရှင်းရာတွင် တည်ဆဲအလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ (ခ) နှင့် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ ၄၁ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အလုပ်မှ ရပ်စဲခံရသော အလုပ်သမားနှင့် ပတ်သက်ပြီး အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများအတိုင်း သတ်မှတ်ခံစားခွင့်အတိုင်းသာ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။
သို့ရာတွင် ပိုင်ရှင်ထွက်ပြေးခဲ့သည့် စက်ရုံအချို့မှ လုပ်သားများ လုပ်ခလစာမရရှိမှုအပေါ် စက်ရုံပစ္စည်းများကို လေလံတင် ရောင်းချ၍ ဖြေရှင်းရန် ကြိုးစားမှုမှာ ငွေကြေးလုံလောက်မှုမရှိကြောင်း သိရသည်။ သို့ဖြစ်၍ လုပ်သားများအနေဖြင့် ၎င်းတို့ ရရှိရ မည့် လုပ်ခလစာ ကို လူမှုဖူလုံရေး ရန်ပုံငွေမှ ထုတ်ယူဖြေရှင်း ပေးရန် တောင်းဆိုမှုမှာလည်း လူမှုဖူလုံရေး ဥပဒေပါ အာမခံစနစ်အမျိုး အစားထဲတွင် မပါဝင်၍ များစွာအခက်တွေ့နေရသည်။
COVID-19 ကပ်ရောဂါကာလအတွင်း အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့ဖြစ်မှု၊ လစာငွေမရရှိမှုစသည့် အထွေထွေအခက်အခဲများအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခံထားရမှုများ လည်း ရှိနေသည်။ နိုင်ငံတော်သမ္မတရုံးက (COVID-19)ကြောင့် လူစု လူဝေး ဖြစ်ပေါ်စေသည့် သင်္ကြန်ပွဲတော် အပါအဝင် အခမ်း အနား၊ ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန် မတ် ၁၃ ရက်က ထုတ်ပြန် ကြေညာပြီးနောက် လူအများဖြင့် ပြုလုပ်ခဲ့သော ဘာသာရေးပွဲများနှင့် လူစုလူဝေးဖြင့် ကျင်းပသည့် ပွဲများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မများဖြင့် အရေးယူရန် အမှုဖွင့်ဆောင်ရွက်မှုများ ရှိလာခဲ့သည်။
ထို့ကြောင် စက်ရုံပိတ်သိမ်းမှု၊ အကြောင်းမဲ့အလုပ်ထုတ်မှု၊ လုပ်ငန်းခွင်မတရားမှုများ ကြောင့် ရန်ကုန်တိုင်း အတွင်း သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် စက်ရုံများမှ အလုပ်သမား ၄၀ ဦးအပါအဝင် အလုပ်သမားပြဿနာ ညှိနှိုင်းဖြေရှင်းပေးသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့် တိုင်တန်းခံထားရသည်။
(၃)လူမှုဖူလုံရေးဥပဒေမှ အခန်းကဏ္ဍနှင့် လက်တွေ့အခြေအနေများ
လက်ရှိမြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးလျက်ရှိသော ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဌာနများ ယာယီ(သို့) အမြဲတမ်းပိတ်သိမ်းခြင်း၊ အလုပ်သမားလျှော့ချခြင်းများ ဖြစ်ပေါ်ပြီး အလုပ်ရှင်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသော အလုပ်သမားများသည် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်ပါ နည်းဥပဒေ အပိုဒ်၇၃ နှင့်အညီ သတ်မှတ်ထားသော ထည့်ဝင်ကြေးပမာဏများ ပြည့်မှီပါက အလုပ်လက်မဲ့ ကာလ ၆ လထက် မကျော်သောကာလအထိ ဆေးကုသမှုခံယူခွင့်၊ ငွေကြေးအကျိုးခံစားခွင့်၊ မီးဖွားစရိတ်ဆိုင်ရာ အကျိုးခံစားခွင့် စသည့် အကျိုးခံစားခွင့် စုစုပေါင်း(၇)မျိုးကို လုပ်ခလစာ၏ ၆၀ မှ ၇၀ရာခိုင်နှုန်းအကြား ခံစားနိုင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။ သို့သော် အထက်ပါဥပဒေပါ အခွင့်အရေးများသည် လူမှုဖူလုံရေး အာမခံကြေး ပေးသွင်းခဲ့သော စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာနများမှ ဝန်ထမ်းများသာ ခံစားနိုင်ခွင့် ရှိမည် ဖြစ်သည်။ လူမှုဖူလုံရေးဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော လုပ်ငန်းဌာနများသည် လုပ်ငန်းလည်ပတ်နေရာမှ ဥပဒေပုဒ်မ ၇၅(ခ) နှင့် နည်းဥပဒေအပိုဒ်၄၇ တို့နှင့်အညီ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဌာနများ ယာယီ (သို့) အမြဲတမ်း ပိတ်သိမ်းခြင်းများ ရှိနေသည်။ အထူးသဖြင့် ကိုဗစ် ၁၉ ၏ နောက်ဆက်တွဲစီးပွားရေးဂယက် များကြောင့် အလုပ်သမား ထောင်ချီ၊သောင်းချီ မှီခိုလုပ်ကိုင်နေရသည့် ကုန်ကြမ်းပေး ကုန်ချောယူလက်ခစားစနစ် (CMP) လုပ်ငန်းလုပ်ကိုင်နေကြသော စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဌာနများသည် လုပ်ငန်းလည်ပတ်ရန် ခက်ခဲ ခြင်းတို့ကြောင့် ယာယီ(သို့)အမြဲတမ်းပိတ်သိမ်းခြင်း နှင့် အလုပ်အင်အားများ လျှော့ချခဲ့သည်။ အဆိုပါလျော့ချမှုများတွင် အချို့သော စက်ရုံအလုပ်ရုံများသည် ဥပဒေကို မျက်ကွယ်ပြုလျက် လုပ်သားလျော့ချလို၍ အကြောင်းမဲ့အလုပ်မှရပ်စဲခြင်း နစ်နာကြေးမပေးခြင်း များရှိခဲ့သည်။ ထို့ကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းသွားရသည့် အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင်ထားသောအလုပ်သမားများအတွက် အကျိုးခံစားခွင့်များကို ၂၀၁၂ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ခံစားနိုင်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းစာများတွင် မတ်လ ၂၁ ရက်နေ့က ဖော်ပြထားသည်။
သို့ရာတွင် ယင်းလူမှုဖူလုံရေးဥပဒေသည် လက်ရှိ COVID-19 ကပ်ရောဂါ ကြောင့် လုပ်သားထု ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မှု အားနည်းကြောင်း အလုပ်သမားအဖွဲ့အစည်းများနှင့် လုပ်သားထုဘက်မှ သုံးသပ်မှုများ ရှိနေသည်။ အထူးသဖြင့် ၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ အာမခံစနစ် ခြောက်မျိုးတွင် အလုပ်လက်မဲ့ အာမခံစနစ် ပါဝင်သော်လည်း ယင်းစနစ်အား လက်တွေ့ကျင့်သုံးနေခြင်းမရှိသေးသည့်အတွက် လက်ရှိ ကြုံတွေ့နေရသည့် COVID -19 ကာလအတွင်း ပိတ်သိမ်းသွားသည့် စက်ရုံများမှ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေး ဥပဒေအရ အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို မရရှိခြင်း ဖြစ်သည်။
လက်ရှိ လုပ်ဆောင်နေသည့် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှုအာမခံစနစ်၊ မိသားစု ထောက်ပံ့မှု အာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှု အာမခံစနစ်များအတွက် အလုပ်ရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားက ၂ ရာခိုင်နှုန်းဖြင့် ထည့်ဝင်ထားခြင်းဖြစ်သည်။ အလုပ်လက်မဲ့ အာမခံစနစ် ဆောင်ရွက်မည်ဆိုပါက အလုပ်ရှင်က ၁ ရာခိုင်နှုန်း၊ အလုပ်သမားက ၁ ရာခိုင်နှုန်း ထပ်မံ ထည့်ဝင်ရမည်ဖြစ်ပြီး အလုပ်ရှင်က ၄ ရာခိုင်နှုန်း၊ အလုပ်သ မားက ၃ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၇ ရာခိုင်နှုန်းကို လူမှုဖူလုံရေးအာမခံအတွက် လစဉ် ပေးသွင်းကြရမည် ဖြစ်သည်။
ပိတ်သိမ်းသွားသည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့အကျိုးခံစားခွင့် မရသော် လည်း ထည့်ဝင်ထားသည့် လူမှုဖူလုံရေးကြေးပေါ်မူတည်ပြီး ဆေးကုသခွင့်နှင့် မီးဖွားခွင့် အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ယင်းခံစားခွင့်များမှာ လုပ်သားထုအများစု လက်တလောကြုံတွေ့နေရသည့် စားဝတ်နေရေးအခက်အခဲအတွက် ဖြေရှင်းနိုင်ရန် အဖြေတခု မဟုတ်ပါ။
ထို့ပြင် လုပ်သားများ ရင်ဆိုင်နေရသည့် နောက်ထပ်အခက်အခဲမှာ လူမှုဖူလုံရေးအာမခံစနစ်များအတွက် စက်ရုံဘက်က ပုံမှန် လူမှုဖူလုံရေး ထည့်ဝင်ကြေးကို လုပ်သားများ၏ လစာများမှ လစဉ် ဖြတ်တောက်ထား သော်လည်း လူမှုဖူလုံရေး ဌာနသို့ ပေးသွင်းရမည့် ငွေများကို အလုပ်ရှင်ဘက်က ပေးသွင်းခြင်း မရှိသည့်ဖြစ်စဉ်များ ရှိနေခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေး ထည့်ဝင်ကြေး ပေးသွင်းရန် ပျက်ကွက်သော ပြည်တွင်း၊ ပြည်ပ စက်ရုံ ပိုင်ရှင်များကို အသေအချာ စိစစ်ပြီး အရေးယူမှု အားနည်းခြင်းများ ကလည်း လုပ်သားထုမှ လူမှုဖူလုံရေး အာမခံစနစ်ကို ယုံကြည်မှု ကင်းမဲ့လာစေနိုင်သည့် အချက်များ ဖြစ်လာခဲ့သည်။ ထို့ပြင်၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ မှတ်ပုံတင်ထားသော အလုပ်သမားများ အတွက် စမတ်ကတ်များ ထုတ်ပေးရန် ပါရှိသော်လည်း စက်ရုံအများစုတွင် စမတ်ကတ်များကို အကြောင်း အမျိုးမျိုးပြ၍ အလုပ်ရှင်မှ ထုတ်ပေးထားခြင်း မရှိမှုများလည်း ရှိနေကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည့် COVID-19 ကြောင့် အလုပ်ဌာနများ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေး ဥပဒေပုဒ်မ ၁၀၀ နှင့် အညီ “အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးများကို သက်ဆိုင်ရာလ ကုန်ဆုံးပြီးနောက် လဆန်း ၁၅ ရက်အတွင်း ပေးသွင်းရမည့်အစား သက်ဆိုင်ရာ လကုန်ဆုံးပြီး ၃ လထက် နောက်မကျဘဲ ပေးသွင်းစေရန်” အမိန့်ကြော်ငြာစာနှင့် COVID-19 ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အာမခံအလုပ်သမားများ ကို လူမှုဖူလုံရေး အကျိုးခံစားခွင့်များဖြစ်သည့် “ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဆေးဘိုးနှင့် ဆေးစရိတ်များ ကို တနှစ်အထိ တိုးမြှင့် ခံစားခွင့်ပေး ရန်” အမိန့်ကြော်ငြာစာ များမှာလည်း အလုပ်လက်မဲ့ဖြစ်၍စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည့် လုပ်သားထုအတွက် ဖြေရှင်းမှု မဟုတ်ခဲ့ကြောင်း တွေ့မြင်နေရပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် တနိုင်ငံလုံးရှိ စက်ရုံ၊အလုပ်ရုံများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အ တွင်း စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၁၉ ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။ အဆိုပါကာလ ၁၁ ရက်စာအတွက် လူမှုဖူလုံရေး အာမခံကြေး ထည့်ထား သည့် အလုပ်သမားများကို လူမှုဖူလုံရေးထည့်ဝင်ငွေထဲမှ ငွေကြေးထောက်ပံ့ပေးရန် စီစဉ်နေကြောင်း အလုပ်သ မား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မီဒီယာများကို ပြောကြားခဲ့သည်။
သို့ရာတွင် လူမှုဖူလုံရေး ထည့်ဝင်ကြေး၏၆၀ ရာခိုင်နှုန်း ခံစားခွင့်ရှိမည့် အဆိုပါသတ်မှတ်ချက်နှင့်အကျုံးဝင်သူအလုပ်သမားဦးရေမှ ၁ ဒသမ ၅ သန်းနီးပါးသာ ရှိပြီး တနိုင်ငံလုံးရှိ အလုပ်သမား ဦးရေ ၂၂ ဒသမ ၄၅ သန်းနှင့် နှိုင်းယှဉ်ပါက လွှမ်းခြုံနိုင်မှု အလွန်နည်းပါးကြောင်း သိသာစေခဲ့သည်။
(၄)အစိုးရ၏ ထောက်ပံ့မှုကို ဆန်းစစ်ခြင်း
မြန်မာနိုင်ငံရှိ စုစုပေါင်း အလုပ်လုပ်ကိုင်နေသူ ၂၂ ဒသမ ၄၅ သန်း တွင် လူမှုဖူလုံရေးအာမခံကြေးပေးသွင်းထားသော အလုပ်သမား ဦးရေမှာ ၁ ဒသမ ၅ သန်းနီးပါးသာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၇ ရာခိုင်နှုန်း အောက်မျှသာဖြစ်သည်။ လူမှုဖူလုံရေးစနစ်၏ ပြင်ပတွင်ရှိနေသော ကျန်လုပ်သား ရာခိုင်နှုန်း ၉၀ ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး အစိုးရအနေနှင့် မည်သို့ မည်ပုံ ဖြေရှင်းပေးမည်ကို မသိရှိရသေးပေ။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းနိုင်စေရန် နိုင်ငံတော်လှည့်ပတ် ရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေများထဲမှ ကျပ်ဘီလျံ ၅၀ စုစုပေါင်း ဘီလျံ ၁၀၀ ကို ကနဦး မတည်ငွေအဖြစ် မြန်မာနိုင်ငံအစိုးရမှ တည်ထောင်ထားသည်။
အဆိုပါ မတည်ငွေများဖြင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ၁ ရာခိုင်နှုန်း အတိုးနှင့် ချေးပေးမည်ဟု ကြေညာထား သော်လည်း လက်တွေ့တွင် ချေးငွေအပေါ် စည်းကမ်းကန့်သတ်ချက်များ များသောကြောင့် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။ ကပ်ကျော်ကာလ မည်မျှကြာရှည်မည်ကို မသိနိုင်သောကြောင့် အစိုးရအနေနှင့် ရေရှည် အစီအမံများကို ချမှတ်ထားသင့်သည်။ အလုပ်လက်မဲ့ ဖြစ်သွားကြသော လုပ်သားများအတွက် အရေးပေါ် ထောက်ပံ့မှု အစီအမံများကို ဆောင်ရွက်ပေးသင့်သည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများအတွက် ယူရိုငွေ ၅ သန်း (၇ ဒသမ ၉ ဘီလျံ ကျပ်) ထောက်ပံ့မှုသည် အစိုးရ၏ အကြပ်အတည်းကို အနည်းငယ် ပြေလျော့စေသည်။ အလုပ်ပြုတ်သွားသူများ တရားမဝင် စာချုပ် ဖျက်သိမ်းခံရသူများနှင့် လက်ရှိလုပ်ကိုင်လျက်ရှိသော အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကိုသာ အထောက်အပံ့ကို ရရှိမည်ဖြစ်သည်။ သို့ရာတွင် ထောက်ပံမှု ပေးအပ်ရန် ရွေးချယ်မှုတွင် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းများသာမက အလုပ်သမားအဖွဲ့အစည်းများနှင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ယခုထောက်ပံ့မှုသည် လူမှုဖူလုံရေးပြင်ပမှ လုပ်သား များကို အနည်းဆုံးလုပ်ခ လစာ ၄၈၀၀ နှင့် ပေးမည် ဆိုပါက လုပ်သား ၅သောင်း၅ထောင်နီးပါးကိုသာ တလစာ ထောက်ပံနိုင်မည် ဖြစ်သည်။
COVID-19 အရေး နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများမှ လုပ်ငန်းရှင်များကို ရန်ကုန်တိုင်းလွှတ်တော်သို့ မတ်လကတည်းက ခေါ်ယူဆွေးနွေးခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီးပွားရေး စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီ၊ ဥက္ကဌ ဒေါ်စန္ဒာမင်းက ဆိုသည်။ ဆွေးနွေးချက်များတွင် အစိုးရ၏ လူမှုဖူလုံရေးရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း နှင့် အလုပ်ရှင်ဘက်မှ ၄၀ ရာခိုင်နှုန်း ပေး၍ အလုပ်ခွင်များကို ဧပြီလတွင် ရပ်နားထားရန်ဖြစ်သည်။ အဆိုပါ ခေါ်ယူတွေ့ဆုံဆွေနွေးမှုကို အစိုးရထံ အစီရင်ခံတင်ပြသော်လည်း ဆွေးနွေးအကြံပြုချက်များကို လျစ်လျုရှုခြင်းခံခဲ့ရသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“နိုင်ငံတော်ရဲ့ အရေးပေါ်ရန်ပုံငွေဆိုတာဟာ ပြည်သူတွေရဲ့အခွန်တွေပါပဲ အခုလို အချိန်မှာ သုံးစွဲသင့်တယ်။ နိုင်ငံတော်၏ အရေးပေါ်ရံပုံငွေကို သုံးစွဲချိန် တန်ပြီ ” ဟု အလုပ်သမားအရေးတက်ကြွ လှုပ်ရှားသူ ဦးရဲနိုင်ဝင်းက ဆိုသည်။ အစိုးရအနေဖြင့် စက်ရုံပိတ်သိမ်းခဲ့သော အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာတွင် လူမှုဖူလုံရေးရန်ပုံငွေ များဖြင့် ဖြေရှင်းပါက မလုံလောက်နိုင်သောကြောင့် အရေးပေါ်ရံပုံငွေကို သုံးစွဲချိန်တန်ပြီဟု ၎င်းက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
DVB Debate တွင်ဒေါ်စန္ဒာမင်း က “ နိုင်ငံတော်အတွက် အရေးပေါ်ရံပုံငွေသုံးစွဲတဲ့အခါ မီးစက်တစ်ခုဝယ်ယူဖို့ ဘီလီယံ ၂၀ တောင်သုံးစွဲခွင့် ပြုသေးတာပဲ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာနေတဲ့ လူမှု ဖူလုံရေးမ၀င်ထားတဲ့ အလုပ်သမားတွေအတွက် နိုင်ငံတော်အရေးပေါ် ရံပုံငွေကို ခုလိုအချိန်မှာ ဘာကြောင့် မသုံးနိုင်ရတာလဲ” ဟု အစိုးရ၏ ဆောင်ရွက်ချက်အပေါ် မေးခွန်းထုတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့မှစ၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များက တင်ပြတောင်းခံခွင့်ရှိကြောင်း သိရသည်။ အဆိုပါ ကျခံသုံးစွဲသည့်ကိစ္စရပ်များကို တောင်းခံသည့် အစိုးရအဖွဲ့ သို့မဟုတ် ဌာန သက်ဆိုင်ရာအကြီးအကဲက ကိစ္စ တရပ်ချင်း ကျိုးကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
အခြားတဖက်တွင်လည်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကို ကနဦး မတည်ငွေ အဖြစ် မြန်မာ့ စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်ပြီး COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံး ခံစားသည့် ပြည်တွင်းလက်ခစား CMP အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း များနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ နိုင်ငံတဝန်းရှိ စက်ရုံအလုပ်ရုံပိုင်ရှင်များ နှင့် အလုပ်သမားများက ထည့်ဝင်ထား သည့် လူမှုဖူလုံရေးရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲသည့်ငွေကို COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်း၊ လုပ်ခလစာမရရှိခြင်းတို့ ကြုံတွေ့နေရသည့် လုပ်သားထုအတွက် အသုံးမပြုဘဲ စီးပွားရေးလုပ်ငန်းများကို ချေးငွေ ထုတ်ချေးခြင်းမှာ မဖြစ်သင့်ဟု အလုပ်သမားများဘက်မှ ဝေဖန်မှုများ ရှိနေသည်။
အလားတူ စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း ကျပ်ဘီလျံ ၁၀၀ (IMF ၏ ထုတ်ပြန်ချက်အရ နိုင်ငံ့ GDP (စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု တန်ဖိုး) ၏ သုည ဒသမ ၁ ရာခိုင်နှုန်းသာ ရှိ) ထုတ်ချေးမှုမှာ COVID-19 ကြောင့် ထိခိုက်နေသည့် စီးပွားရေးလုပ်ငန်းများအတွက် လုံလောက်မှုမရှိကြောင်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။ COVID-19 ကြောင့် ထိခိုက်မှုအများဆုံးဖြစ်နေသည့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း တခုတည်းတွင်ပင် ယခုထုတ်ချေးသည်ထက် ပိုများသည့်ငွေကြေးပမာဏ လိုအပ်နေသည်ဟု ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်းများဘက်က ပြောဆိုနေကြပြီး လိုအပ်ချက်အရ ကျပ် ထရီလီယံနှင့် ချီ၍ သုံးစွဲရန် လိုအပ်သကဲ့သို့ ချေးငွေသက်တမ်း တနှစ်မှာလည်း တိုတောင်းသည်ဟု ဝေဖန်ခဲ့ကြသည်။
မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦးက ယခုအခြေအနေတွင် လုပ်ထုံး လုပ်နည်းအဆင့်များသည့် ချေးငွေထက် ထောက်ပံ့ငွေက ပိုမိုအဆင်ပြေနိုင်မည်ဟု သုံးသပ်ခဲ့ပြီး ယခုကဲ့သို့ ကဏ္ဍ သုံးခုအပေါ်တွင်သာ အာရုံစိုက်လုပ်ဆောင်နေခြင်းမှာ စီးပွားရေးလျင်မြန်စွာလည်ပတ်နိုင်ရန်အတွက် လုံလောက်မှုမရှိဟု Myanmar Now နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အစိုးရဘက်ကလည်း ထိခိုက်မှုများနေသည့် စီးပွားရေးလုပ်ငန်းများကို ကျားကန်နိုင်ရန်အတွက် ဗဟိုဘဏ်အနေဖြင့် အပ်ငွေအပေါ်အတိုးနှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းများကို မတ်လအတွင်းက ၁ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပြီး နောက်ထပ် ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်လျှော့မည်ဟု သိရသည်။
အလားတူ သုံးလတစ်ကြိမ်ပေးဆောင်ရသည့် ဝင်ငွေခွန်နှင့် လစဉ်ဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်းကောင်း၊ပို့ကုန်လုပ်ငန်းမှ ကြိုတင်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်းကောင်း ယခု ဘဏ္ဍာနှစ်ကုန် (စက်တင်ဘာ ၃၀) အထိ နောက်ဆုတ်ပေးထားသည်ဟု COVID-19 ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကုစားရေးကော်မတီက မတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ ရေတိုကုစားမှုများ ရှိနေသော်လည်း COVID-19 ၏ စီးပွားရေးအပေါ် ထိခိုက်မှုမှာ ကာလရှည် ဖြစ်သွားနိုင်သည့်အတွက် အစိုးရအနေဖြင့် ရေရှည်အတွက် မဟာဗျူဟာများ ချမှတ်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် လိုအပ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
(၅) နိဂုံး
၂၀၁၂ ခုနှစ်၊ မြန်မာနိုင်ငံ လူမှုဖူလုံရေးဥပဒေနှင့် လုပ်နည်းလုပ်ထုံးများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ဂယက် ကြောင့် ပိတ်သိမ်းရပ်ဆိုင်းဖွယ်ရှိနေသည့် အလုပ်ရုံ၊စက်ရုံများမှ အလုပ်သမားများအရေးကို ကိုင်တွယ်ဖြေရှင်း ရာတွင် အားနည်းချက်များ ရှိကြောင်းတွေ့ရပါသည်။ သတ်မှတ်ပြဋ္ဌာန်းထားသည့် အာမခံအကျိုးခံစားခွင့်များမှာ ယနေ့တိုင် အပြည့်အဝအကောင်အထည် ဖော်နိုင်ခြင်း မရှိခြင်း၊ အစိုးရ၊အလုပ်ရှင်နှင့် အလုပ်သမားတို့ အကြား ဥပဒေနှင့် နည်းဥပဒေများ ကောင်းမွန်စွာမလည်ပတ်နိုင်သေးခြင်း အချက်များက ၎င်းဥပဒေ၏ အားနည်းချက်ကို ဖော်ပြလျက်ရှိသည်။
လက်ရှိအခြေအနေအရ လူမှုဖူလုံရေးအာမခံစနစ်မှ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ မီးဖွားခွင့်ဆိုင်ရာ အကျိုးခံစားခွင့်များ ရရှိခံစားနိုင်သည်။ သို့သော် ၎င်းအချက်များက အလုပ်လက်မဲ့ဘဝကြုံရနိုင်ချေရှိသည့် လုပ်သားပြည်သူများ၏ စားဝတ်နေရေးအခြေအနေကို တိုက်ရိုက်ပြေလည်အောင် ထောက်ပံ့နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ရှိ လုပ်သား ကိုးထောင်ကျော် အလုပ်လုပ်ကိုင်နေ သည့် Tsang Yih Company Limited (ချမ်းရီဖိနပ်စက်ရုံ)မှ တရုတ်ဘာသာစကားပြန် တဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း ဧပြီ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းအခြေအနေကြောင့် စက်မှုဇုန်အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအပေါ် ရောဂါကူးစက်ခံရချေနှင့် အလုပ်လက်မဲ့ဖြစ်နိုင်ချေ ပိုမိုမြင့်တက်လာခဲ့သည်။
၂၀၁၂ လူမှုဖူလုံရေးဥပဒေ အကောင်အထည်ဖော်မှုတွင် အားနည်းချက်များရှိသကဲ့သို့ ဥပဒေပါခံစားခွင့်များနှင့် ပတ်သတ်၍ အလုပ်သမားထုအများစု သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ရန် အသိပညာပေးမှုအပိုင်းတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်မှု အားနည်းခဲ့သည်။ တနိုင်ငံလုံးအတိုင်းအတာအရ အလုပ်သမား ဦးရေ စုစုပေါင်း ၂၂ ဒသမ ၄၅သန်းအနက်မှ အလုပ်သမား ၁ ဒသမ ၅ သန်းနီးပါးသာလူမှုဖူလုံရေးအာမခံစနစ်၏ အကျုံးဝင်သည်ကို ကြည့်ခြင်းဖြင့် ယင်းအချက်မှာ သိသာထင်ရှားနေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါကာလ အတွင်း လူမှုဖူလုံရေးဥပဒေ၏ ကျန်ရှိနေသော အာမခံစနစ်များကို အကောင်အထည် ဖော်နိုင်ခဲ့ပါလျှင်လည်း လုပ်သားပြည်သူအားလုံးကို လွှမ်းခြုံနိုင်စွမ်းမရှိသေးသည်ကို သတိပြုရမည်ဖြစ်သည်။
အလုပ်သမားများ၏ အခြေခံ စားဝတ်နေရေးအကြပ်အတည်းများကို လူမှုဖူလုံရေးဥပဒေဖြင့် ဖြေရှင်းနိုင်စွမ်းမရှိသည့် အချိန်မျိုးတွင် နိုင်ငံတော်အစိုးရအနေဖြင့် အထူးစီမံချက်တရပ်ကို ရေးဆွဲ၍ အရေးပေါ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲရန် စီမံသင့်သည်။ ယင်းကဲ့သို့ စီမံဆောင်ရွက်ရာတွင်လည်း အလုပ်ရှင်များ သို့မဟုတ် အလုပ်သမားများ တဖက်တည်းကိုသာ ပံ့ပိုးပေးရုံဖြင့် မလုံလောက်ဘဲ ဘက်ပေါင်းစုံကို ပံ့ပိုးပေးမှသာ COVID ကာလနှင့် ကာလလွန် စီးပွားရေးအခြေအနေများကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ထို့ပြင် အလုပ်ကိုင်အခွင့်အလမ်း အသစ်များ ဖော်ဆောင်ပေးမှုအနေဖြင့် အစိုးရသည် လုပ်ငန်းနှင့် စျေးကွက်မရှိမှုကြောင့် ပိတ်သိမ်းလိုက်ရသည့် စက်ရုံ၊အလုပ်ရုံများအတွက် Strategic Production ( ဥပမာ – ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရာတွင် လိုအပ်သည့် PPE ဝတ်စုံများ၊ လက်အိတ်များ ၊ Hand Sanitizer၊ Hand Gel များထုတ်လုပ်ခြင်း) များကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းမှုများကိုလည်း ရေရှည်မဟာဗျူဟာတရပ်အနေဖြင့် ချမှတ်သင့်သည်။
အခြားတဖက်တွင်လည်း အလုပ်သမားများက ၎င်းတို့၏ ရပိုင်ခွင့်များ အပြည့်အဝမရကြသောအခခါ လူစုလူဝေးဖြင့် ဆန္ဒပြတောင်းဆိုမှုများ ရှိလာပြီး ကျန်းမာရေးရေချိန်အရ အလွန်အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိလာသည့် ဖြစ်စဉ်များကို တွေ့မြင်လာရသည်။ ယင်းအချိန်တွင် ရန်ကုန်တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများနှင့် ဆန္ဒပြမှုများဖြစ်ပေါ်လာပါက ဖြစ်ပေါ်သည့် စက်ရုံ၊ အလုပ်ရုံကို ပိတ်သိမ်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၏ ဧပြီ ၁၈ ရက်ဖြင့် ထုတ်ပြန်ချက်မှာလည်း လက်တလောအကျပ်အတည်းကြောင့် တောင်းဆိုမှုများပြုလုပ်နေသည့် အလုပ်သမားများအပေါ် ကောင်းမွန်မှန်ကန်သည့် ဖြေရှင်းမှု မဟုတ်ခဲ့ကြောင်း သိသာထင်ရှားခဲ့သည်။
ဤအခြေအနေတွင် အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များ၊ စားဝတ်နေရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ဥပဒေ၏ ကာကွယ်မှုကို ကောင်းမွန်စွာ မရရှိသေးခြင်း၊ လက်တွေ့ပံ့ပိုး ကူညီမှုများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးခြင်း အချက်များက အရင်းခံအကြောင်းတရားများ ဖြစ်သည်။ အဆိုပါ အကြောင်းတရားကြောင့် ယခုကဲ့သို့ ကူးစပ်ရောဂါ အန္တရာယ် စိုးရိမ်နေရသည့် အချိန်ကာလတွင်ပင် လူစုလူဝေးဖြင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာရသည်။
ဤကဲ့သို့သော အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရအကြား ပြဿနာအငြင်းပွားမှုကို ဖြေရှင်းရာတွင် အရင်းခံအကြောင်းအရင်းများကို အတိုင်းအတာ တခုအထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးဘဲ အကျိုးဆက်ဖြစ်သည့် ဆန္ဒပြ အလုပ်သမားများ တဘက်တည်းကိုသာ အပြစ်ပုံချပြီး ခွဲခြားဆက်ဆံခြင်းများ၊ ဖိနှိပ်အရေးယူခြင်းများက ကောင်းမွန်သော ချဉ်းကပ်မှု မဟုတ်ကြောင်းကို အထူးဂရုပြုသင့်ပါသည်။
ကိုးကားစာရင်း
DVB Debate. (2020). စက်ရုံအလုပ်ရုံတွေ ဘယ်ထိ ပိတ်ထားမလဲ? April 22
https://www.facebook.com/dvb.debate/videos/540608026599680/
https://www.facebook.com/dvb.debate/videos/590476291657940/
MOI Web Portal. (2020). လူမှုဖူလုံရေး အာမခံကြေးထည့်ထားသူများ အလုပ်လက်မဲ့ဖြစ်ပါက လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့် ရရှိမည်.
https://www.moi.gov.mm/?q=node/35185
ISP-Myanmar Special Series (No.1). (၂၀၂၀). https://ispmyanmarspecialseries.com/wp-content/uploads/2020/04/COVID-Special-Series-1-Final.pdf
ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ (၂၀၁၂)
http://www.mol.gov.mm/mm/wp-content/uploads/downloads/2012/06/Settlement-dispute-lawMM.pdf
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖိုးတိုးတက်ရေး ဥပဒေ (၂၀၁၃)
https://www.mol.gov.mm/mm/wp-content/uploads/downloads/2013/09/ESD_LAW-Final.pdf
လူမှုဖူလုံရေးအဖွဲ့ – ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များနှင့် ထည့်ဝင်ကြေးနှုန်းထားများ
https://www.mol.gov.mm/mm/depts/s_s_b/
ဟေမာန်ပြည့် – ကိုဗစ်နိုင်တင်း စီးပွားရေးဂယက်အတွက် အစိုးရ၏လက်ရှိအကူအညီမလုံလောက်ဟု ကျွမ်းကျင်သူများဆို April 22
https://myanmar-now.org/mm/news/3603
၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ
https://www.mlis.gov.mm/mLsView.do;jsessionid=B8975CD878B7988980E7A5FD992FE8CE?lawordSn=1930
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
https://www.mlis.gov.mm/mLsView.do;jsessionid=F1236066EDEF78FCA11B659D7D03C35A?lawordSn=477
COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ညွှန်ကြားချက်များ
https://www.mohs.gov.mm/Main/content/publication/2019-ncov
COVID-19 ရောဂါနှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ
https://www.mol.gov.mm/mm/announcement
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
မြန်ကူ – ဥရောပသမဂ္ဂက အထည်ချုပ်လုပ်သားများအတွက် မ တည်သည့် အရေးပေါ် ငွေကြေး ရန်ပုံငွေ ယူရိုငွေ ၅ သန်း။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post