Menu & Search

ကပ်ဘေးကာလ အစိုးရ၏ လူထုဆက်ဆံပြန်ကြားရေး ယန္တရားအား ချဉ်းကပ်သုံးသပ်ကြည့်ခြင်း

July 17, 2020

ကြိုတင်မျှော်မှန်း၍ မရသောအရာများတွင် ကပ်ဘေးအန္တရာယ်သည် တခုအပါအဝင်ဖြစ်ပြီး ထိုကပ် ဘေးကို ကိုင်တွယ်ဖြေရှင်းရာ၌ အဓိကတာဝန်ရှိသူမှာ နိုင်ငံတော် အစိုးရသာဖြစ်သည်။ ယခုအချိန်သည် ကမ္ဘာ နှင့်အဝှမ်းတွင် ကိုဗစ်-၁၉ ကပ်ဘေးဒဏ်ကို ရင်ဆိုင်နေရပြီး နိုင်ငံအသီးသီးသည်   ယင်းကပ်ရောဂါကို ထိန်းချုပ် နိုင်ရန် ကြိုးပမ်းနေကြရသည်။ တဖက်တွင်လည်း ရောဂါကပ်ဘေးနှင့်ပတ်သက်၍ မြေပြင်အခြေအနေ၊ ပကတိ အခြေအနေများနှင့် တုံ့ပြန်ရေးမူဝါဒများ၊ နည်းနာများကို ပြည်သူလူထုထံသို့ အချိန်နှင့်တပြေးညီ တိကျစွာ ရောက်ရှိစေရန်၊ မှန်ကန်သော သတင်းအချက်အလက်များကို လက်လှမ်းမီစွာ ပို့ဆောင်ရန်တို့မှာ ကပ်ဘေး ကာလစီမံခန့်ခွဲမှုတွင် အရေးပါသည့်လုပ်ငန်း တရပ်ဖြစ်သည်။ ကပ်ဘေးကာလအတွင်း လူထုဆက်သွယ် ပြန် ကြားရေးအား ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းသည် ထိုကပ်ဘေးအား ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ ဟန့်တား ရာတွင် များစွာအကျိုးကြီးမားစေမည်ဖြစ်သည်။

ယခုဆောင်းပါးရေးချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် အတည်ပြုလူနာ ၂၉၀ ကျော် ရှိ သည်။  ၂၀၂၀ ပြည့်နှစ် မတ် တတိယပတ်တွင် ပထမဆုံး ကူးစက်ခံရသည့်အတည်ပြုလူနာကို စတင်တွေ့ရှိခဲ့ ချိန်မှရေတွက်သော် ယခုအခါတွင် အချိန် သုံးလကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းကာလအတွင်း ယခု အနေ အထားတွင်ရှိနေအောင် ထိန်းခံထားနိုင်မှုမှာ ကပ်ဘေးနှင့်ပတ်သက်၍ အစိုးရ၏ စီမံခန့်ခွဲမှုနှင့် လူထု၏ ပူးပေါင်း ပါဝင်လုပ်ဆောင်မှုတို့သည် မှန်ကန်၍ ဟန်ချက်ညီနေကြောင်း အတိုင်းအတာတရပ်အထိ လက်ခံ အသိအမှတ် ပြုနိုင်ပါလိမ့်မည်။

သို့သော် အခြားတဖက်မှ ဆင်ခြင်ရန်မှာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုသည် လူနာအရေအတွက် သောင်းချီ၊ သိန်းချီရှိနေသည့် အခြားကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်နှိုင်းယှဉ် လျှင် မပြောပလောက်သည့်ပမာဏ ဖြစ်သည်ဟုသာ ဆိုနိုင်ပါသည်။ အရေအတွက်အားဖြင့် နည်းပါးသလို ရောဂါ လက္ခ ဏာပြင်းထန်မှုတွင်လည်း ကမ္ဘာ့နိုင်ငံများနှင့်စာလျှင် အားနည်းသည်ကို ကူးစက်ခံရသူလူနာများ၏ အတွေ့အကြုံ များအရ တွေ့ရမည်ဖြစ်သည်။ အလားတူပင် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်နိုင်မှု အခြေအနေအရ တနည်းအားဖြင့် နိုင်ငံတဝန်း ဆေးရုံများတွင်ထားရှိနိုင်သော အထူးကြပ်မတ်ကုသခုတင် (အိုင်စီယူခုတင်) ၉၅ ခုတင်အရ ကိုဗစ်-၁၉ လူနာပေါင်း ၁၉၀၀ ဝန်းကျင်ကို နိုင်နင်းစွာကုသမှုပေးနိုင်မည်ဖြစ်ပြီး ထိုပမာဏ ကျော်လွန် လာပါက ဝန်နှင့်အား မမျှဖြစ်ကာ ပြိုကျမည့် အခြေအနေတွင် ရှိနေသည်။ လက်ရှိ ရှိနေသည့် လူနာအရေအတွက် ၂၉၀ ကျော်မှာ ဝန်ပိအမှတ် ၁,၉၀၀ နှင့် ယှဉ်လျှင်လည်း အတော်အတန်ပင် နည်းပါးနေသည်ကို တွေ့ရသည်။

ယခုဆောင်းပါးတွင် လက်ရှိအစိုးရ၏ လုပ်ဆောင်လျက်ရှိသည့် အကျပ်အတည်းကာလ လူထုဆက် သွယ်ရေးပုံစံတို့သည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနှုန်း နည်းပါးနေခြင်းကြောင့်သာ ခံသာနေပြီး ကူးစက်ပျံ့နှံ့မှုသည် အခြားနိုင်ငံများနည်းတူ ပြင်းထန်ဆိုးရွားသည့်အခြေအနေဆိုလျှင် သို့မဟုတ် ယခုထက် ပို၍ အားပြင်းသည့်ကပ်ဘေးကို ကြုံရမည်ဆိုလျှင် အလုပ်ဖြစ်ပါဦးမည်လောဆိုသည့် ရှုထောင့်အမြင်ကို ဆွေး နွေးတင်ပြမည်ဖြစ်သည်။ တနည်းအားဖြင့်လည်း ကပ်ဘေးဆိုသည်မှာ ကြိုတင်မမြင်နိုင်ခြင်းကြောင့် နောင်လာ မည့် ကပ်ဘေးတို့အား ရင်ဆိုင်ရာတွင် ယခုထက်ပို၍ စနစ်ကျထိရောက်သည့် အကျပ်အတည်းကာလ လူထု ဆက်သွယ်ရေးဆိုင်ရာ မူဝါဒနှင့် နည်းလမ်းတို့ကို ကြိုတင်ပြင်ဆင်ထားရှိနိုင်စေရန် ထောက်ပြအကြံပြုလိုရင်း ဖြစ်သည်။

ထိရောက်မှန်ကန်သော လူထုဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုခြင်းသည် အကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားရာတွင် ထိရောက်မြန်ဆန်မည်ဖြစ်သလို အစိုးရနှင့် ပြည်သူအကြား တိုက်ရိုက်အားဖြင့် ယုံကြည်မှု တည်ဆောက်ရာတွင် အကျိုးပြုနိုင်မည် ဖြစ်သည်။ အကျပ်အတည်းကာလ လူထုဆက်သွယ်ရေး(Crisis Communication) ဟု ဆိုရာ၌ တိကျသောဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် သတင်းထုတ်ပြန် လက်ခံခြင်း၊ ဖြစ်နိုင်ဖွယ်ရာရှိသော အကျိုးဆက်များနှင့် ရလဒ်များကို သတ်မှတ်ခြင်း၊ လူထုဆီသို့ အချိန်နှင့်တပြေးညီ တိကျ မှန်ကန်သော သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ခြင်းကို ဆိုလိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် Pan American Health Organization တို့မှ ထုတ်ပြန်ထားသော ကပ်ဘေးကာလတွင် လုပ်ဆောင်ရမည့်အချက်များအရ ကပ်ရောဂါဖြစ်ပွားလာပြီဆိုပါက နိုင်ငံအစိုးရ တာဝန် ရှိသူများမှ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီများကို နိုင်ငံတော်အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ မြို့နယ် စသဖြင့် အဆင့်အလိုက် ဖွဲ့စည်းရမည်ဖြစ်သည်။ ၎င်းနောက် ပြည်သူများထံ သတင်းအချက်အလက်နှင့် အသိပညာပေးရမည့် ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များကို ခန့်အပ်ကာ စွမ်းဆောင်ရည်မြှင့်သင်တန်းပေးခြင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရေးဆွဲခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား နည်းပညာများ မျှဝေခြင်း၊ ပြည်သူလူထုနှင့်ထိတွေ့ကာ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဆေးဝန်ထမ်းများအား ထောက်ပံ့ခြင်း၊ ပညာရေး၊ ဘာသာရေးနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များအား  အချိန်ကာလ တခုအထိ ကန့်သတ်ထားခြင်း၊ ပြည်သူလူထုကို လွှမ်းမိုးနိုင်သော လူပုဂ္ဂိုလ်များ၊ ထင်ရှားကျော်ကြားသူများအား ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်စေခြင်း၊ သတင်းများကို သတင်းစာများ၊ နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကရုပ်သံများ၊ လူမှုကွန်ရက်စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များမှ ထုတ်ပြန်ကြေညာခြင်း၊ တိကျမှန်ကန်သော မီဒီယာများအား စာရင်းထုတ်ပြန် ကြေညာပေးခြင်း၊ မီဒီယာများနှင့် တိုက်ရိုက်ချိတ်ဆက်လုပ်ဆောင်ခြင်း၊ သတင်းတု၊ သတင်းအမှားများကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းတို့ပင် ဖြစ်သည်။

အကျပ်အတည်းကာလနှင့်ပတ်သက်၍ သုတေသီပညာရှင်များက အဆင့်အမျိုးမျိုး ခွဲခြားသတ်မှတ် ကြသည်။ ယခုဆောင်းပါးတွင် အရှေ့အီလီနွိုက်စ်တက္ကသိုလ်၊ လူထုဆက်သွယ်ရေးပညာ လေ့လာရေးဌာန၊ တွဲဖက်ပါမောက္ခ Coombs ၏  အကျပ်အတည်းကို ပိုင်းခြားသတ်မှတ်သော အဆင့်သုံးဆင့်ဖြစ်သည့် ကပ်ဘေးမတိုင်ခင် ကြိုတင်ပြင်ဆင်သည့်ကာလ၊ ကပ်ဘေးအား တုံ့ပြန်လုပ်ဆောင်သည့်ကာလ၊ ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးကာလ စသည်တို့ကို ကိုးကားကာ ထိုကာလများတွင် အစိုးရအနေနှင့် လူထု ဆက်ဆံပြန်ကြားရေးလုပ်ငန်းနှင့်ပတ်သက်၍ မည်သည့်ဆက်သွယ်ရေးလမ်းကြောင်းများမှ ဆက်သွယ်ဆောင် ရွက်လျက်ရှိသည်ကို လေ့လာသုံးသပ်ပါမည်။ သို့သော် မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကပ်ဘေးအား ရင်ဆိုင်နေရဆဲဖြစ်ရာ ကပ်ဘေးအလွန်ကာလကို သုံးသပ်ရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် ကပ်ဘေးအား ကြိုတင်ပြင်ဆင်သည့်ကာလနှင့် လက်ရှိလုပ်ဆောင်လျက်ရှိသော ရင်ဆိုင်တုံ့ပြန်ကာလ စသည့်  ကာလနှစ်ခုကိုသာ သုံးသပ်တင်ပြမည်ဖြစ်ပြီး ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးကာလနှင့် နောင်တွင် ဖြစ်လာနိုင်မည့် ကပ်ဘေးအန္တရာယ်များအတွက် အကြံပြုချက်များအား ဖော်ပြသွားပါမည်။ ထိုသို့ အစိုးရ၏ လူထုဆက် သွယ်ရေးယန္တရားအား သုံးသပ်ရာ၌ အစိုးရ၏ ထုတ်ပြန်ကြေညာချက်များ၊ ကိုဗစ်-၁၉ ဆိုင်ရာကော်မတီများ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီဒီယိုကွန်ဖရင့်များ၊ မိန့်ခွန်းများ၊ သတင်းစာ ရှင်းလင်းပွဲများ၊ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

 

ကြိုတင်ပြင်ဆင်ခြင်းကာလ

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ စတင်တွေ့ရှိပြီဟူသော အချက်ပေးခေါင်းလောင်းထိုးသံကို ကြားချိန် ၂၀၂၀ ပြည့်နှစ်၊ အစောပိုင်းမှစ၍ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံတွင်လည်း ဇန်နဝါရီ ၃၀ ရက် မှ စ၍   အစိုးရက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီကိုဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများဖွဲ့၍ ဆောင်ရွက်ကြ သည်။ ပြည်ထောင်စုအဆင့်မှစ၍  ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ကော်မတီများ၊ ခရိုင်၊ မြို့နယ်၊ ကျေး လက်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ကော်မတီများကို အသီးသီးဖွဲ့စည်းကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်မှာ ငြင်းမရသောအချက်ပင်ဖြစ်ပေသည်။

ရောဂါကာကွယ်ထိန်းချုပ်ရန် လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ အထူးကြပ်မတ်ကုသဆောင်များ ပြင်ဆင်ထားရှိခြင်း၊ တရုတ်နိုင်ငံနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသော လေ ကြောင်းလိုင်းများကို ရပ်နားထားခြင်း စသော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ပြည်သူများသို့ အချိန်နှင့်တပြေးညီ အသိပညာပေးနိုင်ရန် ထုတ်ပြန်ကြေညာချက်များအား နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက်စာမျက်နှာများမှ အဓိကထားထုတ်ပြန်၍ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လုပ်ငန်းစဉ်များချမှတ်ကာ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ဆောင်နေကြသည်ကို အထင်းသား မြင်နိုင်သည်။

ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ပြည်သူလူထုအတွင်း မဖြစ်သင့်သော ဂယက်ရိုက်မှုအချို့ ရှိခဲ့သည်ကိုလည်း တွေ့ရသည်။ ဥပမာအားဖြင့် ကိုဗစ်-၁၉ ရောဂါအား   ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်သည့် မတ် ၁၁ ရက်တွင် ပြည်သူတို့အနေနှင့် စိုးရိမ်စိတ် ကြီးမားသွားကာ အကြောက်လွန်ဈေးဝယ်ခြင်း (Panic Buying) ကို ပြုလုပ်ခဲ့ကြသည်။ စားသောက်ကုန်များကို လိုအပ်သည်ထက် ပိုမိုဝယ်ယူစုဆောင်းမှုများ ရှိခဲ့သည်။  ထို့ကြောင့် မတ် ၁၆ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် အခြေအနေများကို ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် ပထမဆုံးမိန့်ခွန်းတွင် “အစိုးရိမ်လွန်ပြီး ရိက္ခာ စုဆောင်းရေးကဲ့သို့သော မတည်မငြိမ်ဖြစ်စေမယ့် လုပ်ရပ်များ မဖြစ်ပေါ်စေရေး” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ပထမဆုံး အတည်ပြုလူနာ တွေ့ရှိသည့် မတ် ၂၃ ရက် ညပိုင်းတွင်လည်း အလားတူ အကြောက်လွန်ဈေးဝယ်ခြင်းများ ထပ်မံပေါ်ပေါက် ခဲ့သည်ကို တွေ့ရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အစိုးရက ပြည်သူလူထုထံ ပေးပို့သည့် သတင်းစကားသည် ထိရောက်လုံလောက်မှု ရှိပါသလောဟူ၍ မေးခွန်းထုတ်စရာဖြစ်ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုမိန့်ခွန်းတွင် “ဝန်ကြီးဌာနအသီးသီး၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ဌာနအလိုက် ပြည်သူများထံ တင်ပြရန်” လည်း စီစဉ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့်  ပြည်သူလူထုထံသို့ သတင်းအချက်အလက်များကို ပျံ့နှံ့ရောက်ရှိစေရန် တာဝန်ယူလုပ်ဆောင်သင့်သည်မှာ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာကော်မတီများဖြစ်သည်။ တနိုင်ငံလုံးဟုဆို ရာ၌ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အစပြု၍ ခရိုင်၊ မြို့ပြ၊ ကျေးလက်၊ ရပ်ကွက်ပါမကျန် တိကျမှန်ကန်ပြီး ယုံကြည်ရသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရောက်ရှိစေခြင်းဖြစ်ပါသည်။ ထိုသို့ သတင်းများဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ကပ်ဘေးအား တုံ့ပြန်ရာ၌ နိုင်ငံတော်တွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး အစိုးရ၏မူဝါဒ (No one left behind policy) အရ တိုင်းရင်းသားများ၊ မသန်စွမ်းများ၊ စစ်ဘေးရှောင်ပြည်သူများအတွက်ပါ ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်ရန် အရေးကြီးပါသည်။ မတ် ၁၆ ရက်တွင် ကျင်းပခဲ့သော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးကြရာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ တိုင်းရင်းသားဘာသာစကားပေါင်းစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေး ဟူသည့် အချက်လည်းပါဝင်သည်။

အစိုးရအနေဖြင့် ပြည်သူလူထုထံ တိကျရှင်းလင်းသော သတင်းမှန်များကို ‌ရောက်ရှိစေရုံသာမက သတင်း တု၊ သတင်းမှားများကို တိုက်ဖျက်ပေးရန်လည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင်  ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အား အသုံးပြုသူအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၄၆ ရာခိုင်နှုန်း (၂၅ သန်း) ကျော် ရှိနေသောကြောင့် သတင်းမှားများကို ဖေ့စ်ဘွတ်ခ်‌ပေါ်သို့  တင်လိုက်လျှင် ပျံ့နှံ့ရန်လွယ်ကူပြီး သက်ရောက်မှုမှာလည်း မြန်ဆန် ကြီးမားစေသည်။ ဥပမာ- တမာရွက်စားခြင်းသည် ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်နိုင်သည်ဆိုသည့် သတင်းတု များ ပျံ့နှံ့ခဲ့ပြီး နောက်ရက်မှာပင် တမာပင်များ အရွက်မကျန်အောင် ဂတုံး(ခေါင်းတုံး) ဖြစ်သွားခြင်းမျိုး ဖြစ်သည်။ အကျပ်အတည်းကာလ လူထုဆက်သွယ်ရေးဟုဆိုရာတွင် ထိုကဲ့သို့သော သတင်းတုနှင့် သတင်းမှားများကို ကာကွယ်ထိန်းချုပ်ခြင်းနှင့် ပြန်လည်ဖြေရှင်းခြင်းတို့အား အချိန်နှင့်တပြေးညီ လုပ်ဆောင်နိုင်ရန်လည်း လိုအပ် ပါသည်။ နိုင်ငံတော်သမ္မတရုံးမှ မတ် ၁၃ ရက်တွင် ထုတ်ပြန်သော ပြည်သူသို့ ပန်ကြားချက်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာမရှိသေးကြောင်းနှင့် ကောလာဟလ သတင်းမှားများကို မယုံကြည်ကြရန် စသည့် အချက်များ ပါဝင်ခဲ့သော်လည်း ထို့ထက်ကျယ်ပြန့်စွာ ဥပမာအားဖြင့် မီဒီယာများမှတဆင့် လှုံ့ဆော်ခြင်းမျိုး မရှိခဲ့ပေ။

 

အကျပ်အတည်းအား ရင်ဆိုင်သည့်ကာလ

ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ပိုမိုထိရောက်သော အသိပညာပေးလုပ်ငန်းစဉ်များအတွက် နိုင်ငံအများစုတွင် ခေါင်းဆောင်ပိုင်း တာဝန်ရှိသူများသည် လူမှုမီဒီယာမှတဆင့် ထိတွေ့ကာ ပြည်သူ့အသံကို နားထောင်လျက် ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Conferencing များကို ဧပြီလမှ ယခုတိုင် တပတ်လျှင် သုံးကြိမ်ခန့် လုပ်ဆောင်နေသည်ကိုတွေ့ရသည်။ ပြည်သူများနှင့် ဆွေးနွေးသည့် Video Conferencing အား ဧပြီ ၁ ရက်တွင် စတင်ခဲ့သည်။  ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အကောင့်ကိုလည်း  မတ်လ ၃၁ ရက်မှစ၍ စတင်ဖွင့်လှစ် အသုံးပြုခဲ့ပြီး ပဲခူးတိုင်းပြည်သူများနှင့် ပြုလုပ်သော Video Conferencing မှ စ၍ သူမ၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် Live လွှင့်တင်ခဲ့သည်။ (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အွန်လိုင်းဆွေးနွေးပွဲ များအကြောင်း နောက်ဆက်တွဲ-၁ တွင် ကြည့်ရှုနိုင်သည်)

ဖော်ပြပါ ဇယားများအရ Video Conferencing ကို ဧပြီတွင် ၁၃ ကြိမ်၊ မေတွင် ၈ ကြိမ်နှင့် ဇွန်တွင် ၇ ကြိမ် (ဇွန် ၂၃ ရက်အထိ) ပြုလုပ်ခဲ့ပြီးဖြစ်သည်။  ဧပြီ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် Video Conferencing မှာ ကြည့်ရှုမှုနှုန်း ကိုးသိန်းရှစ်သောင်းကျော် (တသန်းနီးပါး)အထိ အများဆုံးဖြစ်ခဲ့သည်။ ထို Video Conferencing အား ပြည်သူ များသာမက ထင်ရှားကျော်ကြားသူ Celebrities များ၊ ဩဇာလွှမ်းမိုးနိုင်သူ Influencers များ၊ ဘာသာရေး ခေါင်းဆောင်များပါ ဝင်ရောက်မှတ်ချက်ပေးခြင်း၊ ထောက်ခံခြင်းများကိုလည်း မြင်တွေ့ရပြီး ထို Video Conferencing လုပ်ခြင်းသည် ပြည်သူ့အသံကို အချိန်တိုအတွင်း တိုက်ရိုက်နားထောင်နိုင်သောကြောင့် ကိုဗစ်-၁၉ ကုသရေး၊ ကာကွယ်ရေး ဆောင်ရွက်ရာတွင် ထိရောက်သောနည်းဟုပင် ဆိုနိုင်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး တရားဝင် Page မှ Video Conferencing များလွှင့်ခြင်းထက် ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ဖေ့စ်ဘွတ်ခ်အကောင့် မှ live လွှင့်ခြင်းအပေါ်  ပြည်သူတို့၏ စိတ်ဝင်စားမှုမှာ ပိုမိုများပြားကြောင်းလည်း လေ့လာတွေ့ရှိရသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်  ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ရောဂါနှင့်ပတ်သက်သည့် အသိပညာပေး Posts များအား ရေးသား တင်ခြင်းသည်လည်း ပြည်သူအများ၏ စိတ်ဝင်စားမှုကို တိုးပွားစေခဲ့သည်။

သို့သော်လည်း ပြည်သူလူထု၏ စိတ်ဝင်စားမှုမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျဆင်းသွားသည် ကို Video Conferencing များ၏ ကြည့်ရှုမှုနှုန်းအား လေ့လာခြင်းဖြင့် တွေ့နိုင်ပါသည်။ ဥပမာ- လတ်တလော ဇွန် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉ နှင့် ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးချက် Video အား ကြည့်ရှုမှုသည် နှစ်သိန်းခွဲကျော် (၂၅၈,၀၀၀) ဖြစ်ရာ သိသိသာသာ လျော့နည်းသွားသည်ကို တွေ့ရှိ ရသည်။၁၀

အောက်ဖော်ပြပါ line graph နှစ်ခုအရ နိုင်ငံတော်အတိုင်ပင်ခံ၏  အွန်လိုင်းဆွေးနွေးပွဲများအပေါ် လူထု၏ စိတ်ဝင်စားမှုအခြေအနေကို ဤသို့ တွေ့ရှိရသည်။

 

ထို့အပြင် ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြည်သူများထံမှ အလိုမကျသည့် တုံ့ပြန်မှုများကိုလည်း ပြန်လည်ကြားလာရသည်။ မေ ၁၅ ရက်တွင် ဆွေးနွေးသွားသော YBS နှင့် မီးရထား သုံးစွဲသူများအတွက် ပြင်ဆင်ထားရှိမှု တင်ပြချက်များမှာ လက်ရှိမြေပြင်အခြေအနေနှင့် ကွာခြားနေသောကြောင့် ပြည်သူအများစုမှာ ဝေဖန်လျက်ရှိသည်။ အမှန်တကယ်ပြင်ဆင်ထားမှုနှင့် လိုက်နာဆောင်ရွက်မှုတို့ ရှိ၊ မရှိကိုမူ နေ့စဉ် YBS စီးနင်းနေရပြီး ကားကျပ်သည့် ဒုက္ခကိုခံစားနေရသော ပြည်သူများက အသိဆုံးသာဖြစ်သည်။ ဆွေးနွေးမှု များထဲတွင်  “အခက်အခဲမရှိ၊ အဆင် ပြေပါတယ် အမေ” ဟူသော ပါဝင်သူများ၏ စကားလုံးက ပကတိ အခြေအနေများနှင့် ကိုက်ညီမှုမရှိလှပေ။

ထို့ပြင် အတိုင်ပင်ခံနှင့် သက်ဆိုင်ရာအရာရှိများ၊ စေတနာ့ဝန်ထမ်းများ Video Conferencing ပြုလုပ် ရာ၌ ပါဝင်သင့်သူ မပါဝင်ခဲ့ခြင်း(တီးတိန်မှ ဆရာဝန်အားချန်လှပ်ထားခဲ့ခြင်း)၊ ကြိုတင်ဇာတ်တိုက်ထားပြီးမှ ပြောစေခြင်းများရှိခဲ့ကြောင်းကိုလည်း မီဒီယာများနှင့် လူမှုကွန်ရက်များတွင် ထောက်ပြဝေဖန်မှုများရှိနေသည်။ ထိုသို့သော အခြေအနေများသည် ယင်းအစီအစဉ်အပေါ် လူထု၏ ယုံကြည်ကိုးစားမှု၊ စိတ်ဝင်စားမှုကို ကျဆင်း စေသည်။ ထိုမျှမက မွန်ပြည်နယ်တွင်ထားရှိပေးနိုင်သည့် အသက်ရှူစက်နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်က မြေပြင်အခြေအနေနှင့်လွဲမှားကာ တင်ပြခဲ့မှုများကိုလည်း ထောက်ပြမှုများ ရှိခဲ့သည်။၁၁

Video Conferencing  တွင်ပါဝင်ဆွေးနွေးမည့်သူများကို ရွေးချယ်သည့် စံနှုန်းများကို မည်သူက သတ်မှတ်သည်ကိုလည်း အများပြည်သူအနေနှင့် ရှင်းရှင်းလင်းလင်း မသိရှိရပေ။ ထိုကဲ့သို့ ပြည်သူအများသို့ တိုက်ရိုက်ထုတ်လွှင့်ပြသည့်အစီအစဉ်တို့သည် မြေပြင်အခြေအနေများ၏ ပကတိအရှိသဘောကို ကွက်ကွက် ကွင်းကွင်းချပြနိုင်မှသာ လူအများအပြားကို ဆွဲဆောင်နိုင်မည်ဖြစ်သလို ၎င်းတို့မှ အမှာပါးလိုသော သတင်း စကားတို့မှာလည်း ထိရောက်စေမည်ဖြစ်သည်။ အစီအစဉ်တွင် ပါဝင်မည့်သူများသည်လည်း ထိုအချက်များကို နားလည်သဘောပေါက်ထားရန်လိုပြီး အကြီးအကဲပြောသမျှ၊ မေးသမျှအား ဘောင်းတော်ညိတ်၊ ဟုတ်ကဲ့ လိုက်နေမည်ဆိုပါက အရာထင်မည်မဟုတ်ပေ။

ဤနေရာတွင် ထပ်မံစဉ်းစားရန်မှာ အစိုးရ၏ လူထုဆက်သွယ်ရေးကဏ္ဍအား ထိုကဲ့သို့ ပုဂ္ဂိုလ် တဦးတည်းအပေါ် အဓိကအားပြု၍ မောင်းနှင်နေမှုသည် ရေရှည်တွင် ပြဿနာများ ရှိလာနိုင်သည် ဆိုသည့် ကိစ္စပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ ပြိုင်ဘက်မရှိဆိုသလို ထင်ရှားကျော်ကြားပြီးသူ ဖြစ်သည့်အားလျော်စွာ လူထု၏စိတ်ဝင်စားမှု၊ စောင့်ကြည့်မှု ရေချိန်တို့မှာ အမြင့်ဆုံးအမှတ်တွင် ရှိနေမည် ဖြစ်သော်လည်း ပုဂ္ဂိုလ်ဟူသည် အသင်းအပင်း၊ ယန္တရားအဖွဲ့အစည်း၊ အင်စတီကျူးရှင်းများနှင့်စာလျှင် ခိုင်မြဲနိုင်မှု အားနည်းပါသည်။ ထို့ကြောင့် လာမည့်ကပ်ဘေးများ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်အလွန် စသည်တို့အထိ ရေရှည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။

မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံ၌ ရောဂါပိုးကူးစက်ခံရသည့်လူနာနှစ်ဦးကို စတင်တွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ ယင်းချိန်မှစ၍ အစိုးရဘက်မှ လုပ်ဆောင်ချက်များ ပိုမိုအရှိန်မြင့်လာသကဲ့သို့ ဖြစ်ပေါ်နေသော မြေပြင်အခြေအနေမှန်နှင့်ပတ်သက်၍ ပြည်သူလူထုထံ အချိန်နှင့်တပြေးညီ ပေးပို့ပေးသည့် ဆက်သွယ်ရေးလမ်းကြောင်းများလည်း ပိုမိုအသက်ဝင်လာသည်။ ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ရောဂါဖြစ်သဖြင့် လူစုလူဝေး မပြုလုပ်ကြရန်  ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များအား ဝန်ကြီးဌာနများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာခြင်း၊ ကျေးရွာရပ်ကွက်အတွင်း လိုက်လံ ဆော်ဩ ခြင်း၊ ပိုစတာများ၊ ကြော်ငြာများကပ်ကာ  ပြည်သူများထံ ဖြန့်ဝေအသိပညာပေးခြင်းတို့ကို တွေ့ရှိရပါသည်။

 ဖော်ပြပါ ဇယားအရ ဌာနအသီးသီးသည် မတ်လမတိုင်ခင်အတည်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်  ပြည်သူများနှင့်သက်ဆိုင်သည့် သတိပေးကြေညာချက်များအား ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

ထိုသို့ထုတ်ပြန်ရာ၌ သတင်းအချက်အလက် မှန်ကန်တိကျစေရမည့်အပြင် ပြည်သူများထံသို့ မရောက်မီ ကော်မတီတခုနှင့်တခုအကြား၊ ဝန်ကြီးဌာနတခုနှင့် တခုအကြား အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ရန်လည်း အရေးကြီးသည်။ ဥပမာအားဖြင့် ကိုဗစ်နှင့်သက်ဆိုင်သည့် သတင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန(MOHS)မှသာ ဦးစွာ ထုတ်ပြန်လေ့ရှိသော်လည်း ဧပြီ ၁၆ ရက် နံနက်အစောပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန (MOI) က ကြိုတင်၍ ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်လိုက်ခြင်းသည် မူလ သတင်းအရင်းအမြစ်ကိုသာ စောင့်ကြည့်နေသော ပြည်သူများအတွက် ရှုပ်ထွေးဝေဝါးမှုများကို ဖြစ်ပွားစေခဲ့သည်။ ဤသည်မှာ ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်း ဆောင်ရွက်မှု အားနည်းသည်ကို မြင်နိုင်ပါသည်။

သတင်းထုတ်ပြန်ချက်များကို မည်သည့်ဌာန သို့မဟုတ် မည်သည့် ဝက်ဘ်ဆိုက် သို့မဟုတ် လူမှု ကွန်ရက်များတွင် ပုံမှန်ကြေညာသွားမည်ဖြစ်ကြောင်း အများပြည်သူသို့ ကြိုတင်အသိပေးထားနိုင်လျှင် အများ ပြည်သူအနေနှင့်လည်း ဗျာပါရနှင့် ကြောင့်ကြစိုက်ရမှုများ၊ စိတ်ရှုပ်ထွေးဝေဝါးမှုများကို လျော့ကျစေမည် ဖြစ် သည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ကိုဗစ်-၁၉ ရောဂါ စောင့် ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ အစောပိုင်း သတင်းထုတ်ပြန်မှုများသည်လည်း စည်းစနစ်ပုံစံမကျသည့် အနေအထားမျိုး ဖြစ်နေခဲ့သည်။ အချိန်ကို သတ်သတ်မှတ်မှတ်ထားရှိကာ ထုတ်ပြန်ခြင်းမျိုးမဟုတ်ဘဲ အဆင်သင့်သလို ထုတ်ပြန်ခြင်းမျိုးဖြစ်နေသည်။  ည သန်းခေါင်သန်းလွဲတွင် ထုတ်ပြန်ခြင်း၊ မနက် အရုဏ်တက်ချိန်တွင် ထုတ်ပြန်ခြင်း တို့ကြောင့် စောင့်ကြည့်ရသည့် ပြည်သူများမှာ အိပ်ရေးပျက်ကာ ထုတ်ပြန်မည့်အချိန်ကို မျှော်လင့်စောင့်ဆိုင်းရင်းပင် ခြောက်ခြားနေခဲ့ရသည်။

သံသယလူနာများထံမှ ဓာတ်ခွဲနမူနာများအား ယူဆောင်သွားပြီး ဓာတ်ခွဲဌာနများတွင် ရောဂါပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးရာတွင် ဆေးစစ်ချက်အဖြေထွက်ရှိလာသည့်အခါ သက်ဆိုင်ရာလူနာတို့အား အဖြေကို ပြန် လည်အသိပေးရာ၌လည်း ကာယကံရှင်များသို့ တဦးချင်း ရှင်းရှင်းလင်းလင်း ရှေးဦးစွာ အကြောင်းကြားခြင်းမျိုး မဟုတ်ဘဲရှိခဲ့သည်။ ကာယကံရှင်များအနေနှင့် မိမိတို့၏ဓာတ်ခွဲအဖြေကို  ကျန်းမာရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ် ထုတ်ပြန်ချက်ကိုသာ ပြန်လည်စောင့်ကြည့်နေရသည့် အခြေအနေများလည်းရှိခဲ့သည်။၁၂ ပိုးတွေ့ လူနာအခြေ အနေကို ထုတ်ပြန်ရာတွင်လည်း ဗဟိုနှင့် ဒေသန္တရ အစိုးရဌာနများ၊ အဖွဲ့အစည်းများအနေနှင့် မည်ကဲ့သို့ တာဝန်ခွဲထားသည် သို့မဟုတ် ညွှန်ကြားချက်များ ချမှတ်ထားသည်ဟူ၍ မသိရသော်လည်း ထုတ်ပြန်ချက် အားလုံးနီးပါးကို ဗဟိုမှသာ ထုတ်ပြန်နေသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ စတင်တွေ့ရှိခဲ့သည့် အစောပိုင်းကာလက ပဲခူးတိုင်း ဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်မှ လူနာများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်သည့် ပင်မအဖွဲ့အစည်းဖြစ်သော MOHS စာမျက်နှာတွင် မထုတ်ပြန်သေးမီ သက်ဆိုင်ရာမြို့နယ်ဆေးရုံက ကြိုတင်၍ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိ ရသည်။ ထို့သို့ မြို့နယ်အဆင့်က မိမိမြို့နယ်အတွက် သတင်းထုတ်ပြန်ပေးခြင်းသည် ဒေသခံလူထုအား ကြိုတင်တပ်လှန့် သတိပေးကာ ပြင်ဆင် ဆင်ခြင်နိုင်သည်တို့အား အချိန်မီလုပ်ဆောင်နိုင်သည့် အကျိုးကျေးဇူးကို ရရှိစေ၊ မရရှိစေဆိုသည်ကို အလေးအနက်ထား၍ သုံးသပ်ကြည့်သင့်ပါသည်။

တကြိမ်တွင်မူ ညပိုင်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခြင်းမပြုရ သေးမီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေ့ခင်းပိုင်းတွင် ၎င်း၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပိုးတွေ့လူနာအခြေအနေကို တင်ကြို၍ ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူမှုကွန်ရက်တွင် ရေးသားချက်များနှင့်ပတ်သက်၍ အထူးအရေးပေး ဖော်ပြနေခဲ့သည့် နိုင်ငံပိုင်သတင်းဌာနတို့အနေနှင့် ထိုသို့ တင်ကြို၍ ထုတ်ဖော်ရေးသားချက်အား သတင်းအဖြစ် ပြန်လည် ရေးသားသည့်အခါ ပိုးတွေ့လူနာနှင့် ပတ်သက်သည့်အချက်ကို ချန်လှပ်ခဲ့သည်။ လူမှုကွန်ရက်တွင် ဝေဖန်ချက် အချို့ ပေါ်ထွက်လာပြီးမှသာ ထိုချန်လှပ်မှုကို ပြင်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားချက်အတိုင်း ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

ထို့အပြင် ဇွန် ၁ ရက်နေ့တွင် ထုတ်ပြန်သော ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှု အခြေအနေကို ဖော်ပြရာ၌ ပိုးတွေ့လူနာ၏ လိပ်စာအား မှားယွင်းစွာဖော်ပြခဲ့ပြီး ပြန်လည်ပြင်ဆင်တင်ပြခဲ့မှုမှာ သတင်းထုတ်ပြန်ရာတွင် သတိထားရမည့်အရာပင် ဖြစ်သည်။ ပိုးတွေ့လူနာအခြေအနေနှင့်ပတ်သက်၍သာမက အစိုးရအဖွဲ့ အစည်းများ၏ အမိန့်များ၊ ညွှန်ကြားချက်များ၊ တားမြစ်ချက်များ စသည့် ထုတ်ပြန်ချက်များနှင့်ပတ်သက်၍လည်း ပြန်လည်သုံးသပ်ရန် လိုအပ်ပါလိမ့်မည်။ ယင်းထုတ်ပြန်ချက်များ၏ တန်ဖိုးသည် ရှင်းလင်းပြတ်သားမှု၊ ကျောသားရင်သားမခွဲ တပြေးညီဖြစ်မှု၊ ရှေ့နောက်အစီအစဉ်တကျဖြစ်မှုတို့အပြင် လိုက်နာ အကောင်အထည် ဖော်နိုင်မှု၊ မြေပြင်အခြေအနှေင့် လိုက်လျောညီထွေရှိမှု စသည်တို့ဖြစ်ပါသည်။ ထိုတန်ဖိုးများ ပါဝင်နေခြင်းမရှိသည့် ထုတ်ပြန်ချက်များသည် ထုတ်ပြန်ချက်သက်သက်သာ ဖြစ်နေမည်ဖြစ်ပြီး အလေးဂရုပြု ခံရနိုင်မည် မဟုတ်ပေ။

ဗဟိုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ထုတ်ပြန်ချက်များကို မြို့နယ်များမှတဆင့် ကျေးရွာနှင့် ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံဆော်ဩရာ၌လည်း ရှင်းလင်းပြတ်သားမှုမရှိသည်ကို တွေ့ရသလို အချိန်နှင့်တပြေးညီ မဖြစ်မှုကိုလည်း တွေ့ရသည်။ ညမထွက်ရအမိန့်များအား ကျေးရွာနှင့် ရပ်ကွက်များသို့ လိုက်လံကြေညာခဲ့သော်လည်း ယင်းအမိန့်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့မှ ပြန် လည်ရုပ်သိမ်း/ပြင်ဆင်လိုက်ချိန်တွင်မူ ထိုသို့ ရုပ်သိမ်း/ပြင်ဆင်သွားပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း မပြု သည်ကို အချို့ဒေသများတွင် တွေ့ရှိရသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ ဧပြီ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း “ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားများ” အတွက် အိမ်ထောင်စုတစုလျှင် စားနပ်ရိက္ခာ ငါးမျိုး ထောက်ပံ့ပေးမည့် အစီအစဉ် ပါဝင်သည်။ ထိုထောက်ပံ့မှုနှင့်ပတ်သက်၍လည်း ပြည်သူများထံ အမှန်အကယ် သက်ရောက်မှု ရှိခြင်း၊ မရှိခြင်းမှာ စဉ်းစားဖွယ်ကိစ္စတခု ဖြစ်လာပြန်သည်။ ထောက်ပံ့ပစ္စည်းရရှိမည့် လူတန်းစားများကို စံနှုန်း သတ်မှတ်ရာ၌ အုပ်ချုပ်ရေးမှူးများ၏ စီမံခန့်ခွဲချက်အားနည်းမှုတို့ကြောင့် ဒေသအချို့တွင် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ မရောက်ရှိခဲ့ကြောင်းကိုလည်း ပြန်လည်ကြားရသည်။

ဥပမာအားဖြင့် ကျေးရွာတခုတွင် ကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ်အား ဖော်ပြလိုပါသည်။ ကျေးရွာအတွင်းရှိ ဆင်းရဲနွမ်းပါးသူစာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးထံ တောင်းခံသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးသည်လည်း သူ၏လက်အောက်ရှိ ရာအိမ်မှူးများထံသို့ ထပ်ဆင့်တောင်းခံသည်။ တောသို့ တောင်သူလုပ်ငန်းခွင်ဝင်လျက်ရှိသည့် ရာအိမ်မှူးထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ဖုန်းဝင်လာသည်။ ဆင်းရဲနွမ်းပါးသူများအား နိုင်ငံတော်မှ ထောက်ပံ့ရေးအစီအစဉ်အတွက် ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများစာရင်းကို အမြန်ပေးပို့ရန်ဟူ၍ ဖြစ်သည်။ ထိုစာရင်းကို မည်ကဲ့သို့ ကောက်ယူရပါမည်နည်း။ ရွာသို့ပြန်၍ ရပ်ကွက်နှင့် အစည်းအဝေး ထိုင်ရန်လည်း အချိန်မရှိတော့။ ယခင်ကောက်ယူထားပြီးသည့် စာရင်းလည်းမရှိ။ အရေအတွက်မည်မျှကို တင်ပြရမည် ဆိုသည်ကိုလည်း မညွှန်ကြား။ အခြားရပ်ကွက်များထံသို့ ဖုန်းဆက်၍ စနည်းနာကြည့်ရာ တရပ်ကွက်လျှင် ငါးဦးဝန်းကျင် တင်ပြကြသည်ဟု ကြားသိရရာ ၎င်းအနေနှင့်လည်း ငါးဦးသာတင်ပြရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မည်သည့်ငါးဦးကို ရွေးချယ်မည်နည်း။ သူ၏ ရပ်ကွက်အတွင်းတွင် ဆင်းရဲနွမ်းပါးသူများ ရှိနေသည်ကို သိသော်လည်း ထိုအိမ်ထောင်စု၏ ကျား၊ မ လူဦးရေအချိုးအစားကိုပါ ထည့်သွင်းတင်ပြရမည်ဖြစ်ရာ ထိုအချက် အလက်များကို အလွတ်မရ။ သို့နှင့် ရပ်ကွက်အတွင်း မိသားစုဝင် တယောက်တည်းသာရှိသူများကိုသာ ရွေးချယ်၍ အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်၍ စာရင်းသွင်းလိုက်သည်။ ထိုသူတို့မှာ အခြေခံစားဝတ်နေရေး ပြည့်စုံနေကြ သူများဖြစ်ပြီး အမှန်တကယ်လိုအပ်နေသူများမဟုတ်ပေ။ သူ့အနေနှင့် အဂတိလိုက်စားခြင်းမဟုတ်သော်လည်း အချိန်လုံလောက်စွာမရရှိခြင်းကြောင့် အလျင်စလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရာအိမ်မှူးက ဝန်ခံပါသည်။၁၃

ငွေကြေးထောက်ပံ့မည့်အစီအစဉ်တွင်လည်းထိုကဲ့သို့ မဖြစ်စေရန် ပိုမိုအရေးကြီးသည်။ အမှန် အကယ် လိုအပ်သူများထံမရောက်ရှိဘဲ ကြားထဲတွင် အလေအလွင့်နှင့် ပြုန်းတီးမှုများ၊ မသမာမှုများ မရှိစေရန် တော့မျှော်လင့်ရပေမည်။

ယခု ဒုတိယတကြိမ်အဖြစ် ထောက်ပံ့ရာတွင် အခြေခံရိက္ခာ ငါးမျိုးအစား ငွေကြေးထောက်ပံ့သွားမည်ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေ ၁၆ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသွားခဲ့သည်။ အကျိုးခံစားခွင့် ရရှိမည့် လူဦးရေမှာ ပထမအကြိမ်က ထောက်ပံ့ခဲ့သည့် အိမ်ထောင်စု လေးသန်းခန့်ပင် ဖြစ်သည်ဟု ဆိုသည်။ ပထမတကြိမ် ထောက်ပံ့စဉ်က ကျပ်ဘီလီယံ ၅၀ အသုံး ပြုခဲ့ပြီး ယခုအခါ ၎င်းတန်ဖိုး၏ နှစ်ဆပမာဏကို အသုံးပြုမည်ဟုဆိုသည်။၁၄

ပြဿနာ၏ အဓိကအရင်းအမြစ်မှာ နိုင်ငံတော်၌ တိကျသော အခြေခံလူတန်းစား စာရင်းတခု ရှိမနေခြင်းပင် ဖြစ်သည်၊၊ အခြေခံရိက္ခာထောက်ပံ့စဉ်က ဖြစ်ပွားခဲ့သည့် မြောက်မြားစွာသော ပြဿနာများသည် မည်သူက အခြေခံလူတန်းစား အမှန်တကယ် ဖြစ်သည်၊ မဖြစ်သည် အပေါ်၌ အခြေတည် ခဲ့သည်။ အပူတပြင်း သတ်မှတ်လိုက်သော အခြေခံလူတန်းစား ပြဌာန်းချက်များကြောင့် အခြေခံလူတန်းစား အမှန်တကယ်ဖြစ်ပါလျက်နှင့် စာရင်းမဝင်၊ လူလတ်တန်းစား ဖြစ်လျက်နှင့်ပင် အခြေခံလူတန်းစား စာရင်းဝင် သူများလည်း ရှိခဲ့သည်။ မေ ၁၆ ရက်တွင် ဒုတိယအကြိမ်ထောက်ပံ့မှုပေးမည်ဆိုသည့် သတင်းစကားကြောင့် အခြေခံလူတန်းစားများအနေဖြင့် မျှော်လင့် စောင့်စားလျက်ရှိမည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော် ယခု ဇွန် ၂၄ ရက် (တလကျော်ကြာသည်) အထိ အဆိုပါ ငွေကြေးထောက်ပံ့မည့် အစီအစဉ်မှာ ရုပ်လုံး ပေါ်လာခြင်းမရှိသေးဘဲ ဝေဝါးလျက် ရှိနေဆဲပင်ဖြစ်သည်။ ပြောရေးဆိုခွင့်ရှိသူ၏ သတင်းစကားမှာ နတ်လူသာဓုခေါ်ချင်စရာ ဖြစ်သော်လည်း နောက်ဆက်တွဲ အကောင်အထည်ဖော်မှု ပါလာခြင်း မရှိသည့်အခါ အခြေခံ လူတန်းစားများအား စိုးရိမ်ပူပန်မှုကိုသာ ဖြစ်ပေါ်စေပါသည်။

ရိက္ခာဖြစ်စေ၊ ငွေကြေးဖြစ်စေ ထောက်ပံ့မှုများ ပြုလုပ်ရာတွင် အမှန်တကယ် လိုအပ်သူထံသို့ လက်ဝယ်ရောက်ရှိရေးသည် အရေးကြီးပါသည်။ ဤနေရာတွင် ဥပဒေနယ်ပယ်၌ သုံးလေ့ရှိသည့် “အပြစ်ရှိသူ ၁၀ ယောက်အား အပြစ်မစီရင်နိုင်ခြင်းထက် အပြစ်မဲ့သူ တယောက်ကို မှားယွင်း စီရင်ခြင်း မပြုမိရန် အရေးကြီးသည်” ဟူသော စကားကိုပင် နမူနာပြုလိုသည်။ ထိုသို့မဖြစ်ပေါ်ရန်မှာ လူထုဆက်သွယ်ပြန်ကြားမှုယန္တရားအား စနစ်တကျကိုင်တွယ်ရန် လိုအပ်မည်ဖြစ်သည်။

အထက်အဆင့်များ၏ လမ်းညွှန်မှုများသည် ပြည့်စုံမနေသည့်အခါ  အောက်ခြေတွင် အကောင်အထည်ဖော် ဆောင်ရွက်သူတို့အနေနှင့်လည်း တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ဟူသည့် အခြေ အနေသို့ ဆိုက်ရောက်သွားမည်ဖြစ်သည်။

အချို့သော ဒေသများတွင် စိုးရိမ်စိတ်လွန်ကဲမှုကြောင့် ၎င်းကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မိမိတို့ နယ်မြေ ဒေသအား အသွားအလာကန့်သတ်မှု (Lockdown) လုပ်ဆောင်ခဲ့ရာ မလိုလားအပ်သည့် ပြဿနာများလည်း ပေါ်ပေါက်ခဲ့သည်။ ကန့်သတ်ခြေချုပ် (ကွာရန်တင်း) ထားရှိခြင်းနှင့် ပတ်သက်၍ တနေရာနှင့် တနေရာ ကွဲပြားခြင်း၊ အခြေခံလူတန်းစားများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာ၌ ရှုပ်ထွေးရခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ အငြင်းပွားရခြင်းတို့သည် လူထုဆက်သွယ်ပြန်ကြားရေးဆိုင်ရာတို့တွင်  အစိုးရ၏ အားနည်းချက်များ၌ အခြေခံ၍ ဖြစ်ပေါ်ခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာတွင် ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေအား အများပြည်သူသို့ ထုတ်ပြန်အသိပေးရာ၌ ရောဂါဖြစ်ပွားမှု တခုချင်း၊ တနေ့ချင်းအလိုက် ထုတ်ပြန်ကြေညာခြင်းပြုရုံမျှသာမကဘဲ မျက်မှောက်အခြေအနေတခုလုံးအား လွှမ်းခြုံစေသည့် ကြေညာချက်မျိုးကိုလည်း ထုတ်ပြန်လေ့ရှိသည်။  ဥပမာအားဖြင့် မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် အစိမ်း၊ အဝါ၊ လိမ္မော်၊ အနီ စသဖြင့် အရောင်တို့ဖြင့် အဆင့်ခွဲခြားသတ်မှတ်ကာ နိုင်ငံသားအားလုံးကို သတိပေးတပ်လှန့်ခြင်းမျိုး ဖြစ်သည်။ ထိုသို့ကြေညာခြင်းသည် ပြည်သူလူထုအနေနှင့်လည်း မိမိတို့နိုင်ငံသည် မည်သည့်အခြေအနေတွင် ရောက်ရှိနေပြီး မည်သို့ ပြုမူနေထိုင်ရန်လိုအပ်သည်ဆိုသည်ကို နားလည်သဘောပေါက်လွယ်စေမည်ဖြစ်သည်။၁၅

ရောဂါကူးစက်ခံရမှု အရောင်အဆင့် သတ်မှတ်ချက်အလိုက် တပ်မတော် သူနာပြုများ၊ ဆေးမှူးများ၊ ဆရာဝန်များကို နယ်မြေအလိုက် စေလွှတ်ပေးသွားရန်၊ ဆေးနှင့် ဆေးပစ္စည်းများ အကူအညီပေးသွားရန်တို့အတွက် အဆင်သင့်ပြင်ထားကြောင်း မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးချက်များ၌ ပိုးတွေ့လူနာကို မတွေ့ရှိရသေးမီ ရက်ပိုင်းအလို မတ် တတိယပတ်တွင် တပ်မတော်က ပြောဆိုခဲ့သည်။ ၁၆ သို့သော်လည်း အစိုးရက ထိုသို့ ကြေညာခဲ့သည်ကို ယနေ့အချိန်အထိ မတွေ့ရှိရပေ။

ရောဂါကူးစက်မှုအခြေအနေသည် မည်သည့်အခြေအနေ၊ မည်သည့်အဆင့်တွင် ရှိနေသည်ဆိုသည်ကို ကြေညာခြင်းမပြုသည့်အခါ ရောဂါအား မည်သည့်အရှိန်ခွန်အား၊ မည်သည့်ပမာဏ အတိုင်းအတာတို့ဖြင့် မည်သို့မည်ပုံ တုံ့ပြန်ကာကွယ်၊ ထိန်းချုပ်ရမည်ဆိုသည်ကို ရှင်းလင်းပြတ်သားမည်မဟုတ်သလို အကောင်အထည်ဖော်ရာတွင်လည်း နားလည်မှုလွဲမှားနိုင်သည်။ အောက်ခြေမှသူများအနေနှင့် ၎င်းတို့ နားလည်သဘောပေါက်သလို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။

အလားတူပင် လူစုလူဝေးမပြုလုပ်ရန် တားမြစ်ချက်များရှိနေသည့်ကြားမှ ဖောက်ဖျက်၍သော်လည်း ကောင်း၊ ဝိနည်းလွတ်သော်လည်းကောင်း ပြုမူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လုပ်ရပ်များသည်လည်း ယခုကဲ့သို့ အကျပ်အတည်းကာလတွင် အစိုးရ၏ စီမံခန့်ခွဲမှုများအပေါ် လူထု၏ ယုံကြည်မှုကို ပျက်ယွင်းစေသည်။ ဝန်ကြီးချုပ်အပါအဝင် နောက်ပါဝန်ကြီးများသည် သင်္ကြန်ကာလ ရုံးပိတ်ရက် ထောက်ပံ့မှုအဖြစ် ရိက္ခာငါးမျိုးကို ဧပြီ ၁၀ ရက်က လှိုင်သာယာရှိ အခြေခံလူတန်းစားများအား ကိုယ်တိုင် ကိုယ်ကျ သွားရောက်ထောက်ပံ့ရာတွင် လူများ စုစုရုံးရုံးဖြစ်ခဲ့သည်။ အလားတူပင် မေ ၂၄ က ဗိုလ်တထောင် ဘုရားတွင် ရှင်ဥပဂုတ္တမထေရ် ဖောင်မျှောခြင်းနှင့် အစ်မတော်မြနန်းနွယ် ကျောင်းဆောင်အား ရွေ့ပြောင်းခြင်း တို့ကို လုပ်ဆောင်ခဲ့ရာတွင်လည်း လူစုလူဝေးဖြစ်ပေါ်ခဲ့သည်။၁၇ ယင်းဖြစ်ရပ်များကို ကြည့်လျှင် အစိုးရက ပြည်သူလိုက်နာရန် အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ထားသော်လည်း  အာဏာရှိသူများကိုယ်တိုင် ထိုညွှန်ကြားချက်များကို စံနမူနာအဖြစ် လိုက်နာခြင်းမရှိသည်ကို တွေ့ရှိရသည်။ ဤနေရာတွင် ဥပဒေသည် ဆူကြုံ နိမ့်မြင့်မခွဲခြားဘဲ အားလုံးအပေါ် တပြေးညီ သက်ရောက်မှု ရှိ၊ မရှိကိုလည်း မေးခွန်းထုတ်စရာပင် ဖြစ်သည်။

သတင်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ရာတွင် ရှင်းလင်းပြေပြစ်၍ တပြေးညီဖြစ်ခြင်း၊ ရှေ့နောက်အစီအစဉ်ညီညွတ်ကာ မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ခြင်း စသည့်အချက်များ ပါဝင်စေခြင်းသာမက၊ နောက်တဆင့်အနေနှင့် ထုတ်ပြန်ချက်များအား ဖြန့်ဝေပုံနည်းလမ်းနှင့် ပုံသဏ္ဌာန်သည်လည်း ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်သည်။ မိမိတို့ပါးလိုသော သတင်းစကားကို လူထုထံသို့ လွယ်ကူမြန်ဆန်စွာ ရောက်ရှိ ပျံ့နှံ့စေရမည်။ ကပ်ဘေးကာလတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် အစိုးရ၏ မူဝါဒများ၊ အစီအစဉ်များ၊ လက်တွေ့ဆောင်ရွက်နေမှုများ၊ နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများ စသည်တို့ကို အချိန်နှင့်အမျှ ပြည်သူလူထုသို့ အစီရင်ခံနေရန် လိုအပ်မည်ဖြစ်သလို တချိန်တည်းမှာပင် မီဒီယာအစုံမှနေ၍ သတင်းပြန်ကြားပေးနေရန်လည်း လိုအပ်ပါမည်။

ကပ်ဘေး၏ အခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ လူထုသို့ ဆက်သွယ်အသိပေးရာတွင် ပြောရေးဆိုခွင့်ပေးထားသူ တနည်းအားဖြင့် ပြန်ကြားရေးအရာရှိတို့၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါသည်။ ပြီးခဲ့သည့်လများအတွင်းက ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိများနှင့် ပတ်သက်၍ ပြဿနာများ ရှိနေခဲ့သည်ကို တွေ့ရှိရသည်။ ပထမတွင် အမျိုးသမီးအရာရှိတဦးက တာဝန်ယူ ဆောင်ရွက်ခဲ့ရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် အသိပေးကြေညာခြင်း မပြုရ သေးမီ ကြိုတင်လက်ဦးကာ ၎င်း၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှတဆင့်  စောင်းပါးရိပ်ခြေ ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုသည် အများအကျိုးထက် သူ၏ တကိုယ်ရည်ပုံရိပ်အား မြှင့်တင်ရန် ကြိုးပမ်းသည့်အသွင်ကို ဆောင်နေသည်။ ထိုသို့မပြုလုပ်ရန် ထောက်ပြသူအားလည်း မချေမငံ ပြန်လည် တုံ့ပြန်ခဲ့သည်။ ထိုသို့သော အရည်အသွေးများမှာ အစိုးရအဖွဲ့အစည်းတခု၏ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်နေသူတဦးတွင် ရှိနေသင့်သည့်အရာများ မဟုတ်ပေ။

ထို့အပြင် သတင်းမီဒီယာများက ဆက်သွယ်ရာတွင်လည်း ပြဿနာများရှိနေခဲ့သည်။ ဆက်သွယ်ရ မလွယ်ကူ၊ မေးမြန်းရခက်ခဲသည်၊ အချို့သောမီဒီယာများကို ရန်တွေ့သည်၊ အချို့သော မီဒီယာကို အရေးတယူ ပြန်မဆက်ဆံ စသဖြင့်။ ယင်းတို့မှာ မီဒီယာများထံမှ တဆင့်ပြန်လည်ကြားသိရသည့် အချက်အလက်များ ဖြစ်ပါသည်။ ထို့နောက်တွင်မူ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အား ညွှန်ကြားရေးမှူးချုပ်တဦးဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အစားထိုးခဲ့သည်။ သူသည်လည်း ဆက်သွယ်ရ ခက်ခဲလွန်းလှကြောင်း မီဒီယာ သမားတို့က ညည်းတွားကြသည်ကို တွေ့ရှိရသည်။ ယခုနောက်ဆုံးတွင် တတိယမြောက်တဦးကို ပြောင်းလဲ ထားပြန်သည်။ ထိုသို့ ပြောင်းလဲခြင်းသည် တရားဝင်စာထွက်ရှိကာ ပြောင်းလဲခြင်းမဟုတ်ဘဲ လက်ရှိပြောရေး ဆိုခွင့်ရှိသူ၏ ကိုယ်စား အခြားသူက ဝင်ရောက်ဆောင်ရွက်ခြင်း ဖြစ်ရာ သတင်းမီဒီယာသမားတို့အတွက် မည်သူ့ကို ဆက်သွယ်ရမည်ဆိုသည်နှင့်ပတ်သက်၍ ရှုပ်ထွေးသွားစေသည်။

ကပ်ဘေးအား ရင်ဆိုင်တုံ့ပြန်ရာတွင် လူထု၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်မှာ အရေးအပါဆုံး ကိစ္စတရပ်ဖြစ်ပြီး ယင်းလူထုအား သိမ်းသွင်းရန်မှာလည်း လူထုဆက်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ၏ အရည် အသွေးအပေါ်တွင် မှီတည်နေသည်။ ထိုနေရာတွင်လည်း ပြန်ကြားသူအရာရှိတို့သည် ကိုဗစ်-၁၉ ရောဂါအား သိမြင်နှံ့စပ်မှုရှိရန်အပြင် ပြန်ကြားရေးလုပ်ငန်း၏ ဦးတည်ချက်နှင့် သဘောသဘာဝကို နားလည်ရန်၊ မီဒီယာတို့၏ အခန်းကဏ္ဍကို သဘောပေါက်ရန်လည်း လိုအပ်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့တွင်မူ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူလူထုအနေနှင့် အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် သတင်း စာရှင်းလင်းပွဲများကို နေ့စဉ်လိုလိုပင် ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့ ပြုလုပ်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများသာမကဘဲ ၎င်း၏ အကျိုးဆက်၊ ထိရောက်မှုအခြေအနေ၊ လူမှုရေး၊ စီးပွားရေးအပေါ် ရိုက်ခတ်နိုင်မှု စသည့် သက်ဆိုင်ရာ နယ်ပယ်အလိုက်  ကျွမ်းကျင်ပညာရှင်များ၊ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များကို ဦးဆောင်စေကာ ကျင်းပစေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်သည့် သတင်းစာရှင်းလင်းပွဲများကို အပတ်စဉ်ပြုလုပ်နေသော်လည်း ယင်းသည် ကိုဗစ်-၁၉ မတိုင်ခင် ယခင်ကတည်းက ပုံမှန်ပြုလုပ်နေကျသာ ဖြစ်သည်။ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ သီးခြားပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲကို ယခုအချိန်အထိ မတွေ့ရှိရသေးပေ။ ကိုဗစ်-၁၉ အား ကိုင်တွယ်ဖြေရှင်းနေရသည့် သက်ဆိုင် ရာဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ၊ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များက ဦးဆောင်၍ သတင်းစာ ရှင်းလင်း ပွဲများ ကျင်းပခြင်းကိုလည်း မတွေ့ရှိရပါ။

 

အကြံပြုချက်များ

ပြည်သူများက အစိုးရအပေါ် ယုံကြည်မှု ပိုမိုတိုးပွားလာစေရန် အစိုးရအနေနှင့် တိကျမှန်ကန်သော ဆက်သွယ်‌ရေးမဟာဗျူဟာကောင်းများ ရွေးချယ်သုံးနှုန်းခြင်းသည် ပြည်သူသာလျှင် အဓိကဟူသော အချက်ကို သက်သေပြရာ ရောက်သည်သာမက အစိုးရအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့် လုပ်ငန်းစဉ်များကို မြင့်မားစေခြင်း စသဖြင့် တချက်ခုတ် နှစ်ချက်ပြတ် အကျိုးပွားများစေနိုင်မည်ဖြစ်သည်။ သို့သော်လည်း ကပ်ဘေးရောဂါကို ထိန်းချုပ်ရာ၌ အတွေ့အကြုံမရှိသေးသော အစိုးရနှင့် ကပ်ဘေးပတ်သက်၍ အသိပညာ နည်းပါးသော ပြည်သူတို့အကြား၌ ကိုဗစ်ကာလ အစိုးရ၏ ဆက်သွယ်ရေးဗျူဟာ လုပ်ငန်းစဉ်များမှာ လစ်ဟာ ချက်များ ရှိနေခဲ့ပါသည်။

ကော်မတီများ၊ ဝန်ကြီးဌာနများအချင်းချင်း အချိတ်အဆက်မရှိခြင်းကြောင့် တိကျသော သတင်းမှန်များ အား ပေးနိုင်ရန်ခက်ခဲခြင်းကြောင့် ပြည်သူတို့အနေနှင့် မရေမရာ ဖြစ်ရမှုများရှိခဲ့သည်။ ထို့အပြင်  ရှင်းလင်း မှန်ကန် သော အချက်အလက်များ ဆက်လက်မျှ‌‌ဝေနိုင်ရန် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များအား အရှိန်မပြတ် ဆက်လက်အသက်ဝင်ရန် လုပ်ဆောင်သင့်သည်။ ထို့အပြင် သက်ဆိုင်ရာပြည်နယ်များမှ တိုင်းရင်းသား ပြည်သူများ နှင့် ဆွေးနွေး live လွှင့်မှုများအား ထိုပြည်နယ်မှ ဘာသာစကားဖြင့် စာတန်းထိုးကာ ပြန်လည်လွှင့်ပေးပါက ပိုမို ထိရောက်နိုင်ပေသည်။ ထို့နောက် မသန်စွမ်းများအတွက်လည်း sign language အသုံးပြုကာ video အား ပြန်လည် ထုတ်လွှင့်ပေးသင့်ပါသည်။ တဖက်တွင်လည်း နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြည်သူ့ ထောက်ခံမှု ရရှိစေရရန် ယခု ကိုဗစ်-၁၉ တိုက်ဖျက်ရေးကာလတွင် နိုင်ငံရေးပါတီများက ပါဝင်အစွမ်းပြရန် အကောင်းဆုံးအချိန်လည်း ဖြစ်ပေသည်။

ထို့အပြင် ပြည်ဝင်ခွင့်များအပါအဝင် နိုင်ငံတကာနှင့် နိုင်ငံခြားသားများသို့ အသိပေးလိုသည်များနှင့် ပတ်သက်၍ အရေးကြီးသော ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသားများအပါအဝင် ပြည်ပ နိုင်ငံများမှ နိုင်ငံခြားသားများပါ အလွယ်တကူသိရှိစေရန် လက်ရှိထုတ်ပြန်လျက်ရှိသော သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများမှ အချိန်နှင့်တပြေးညီ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ပေးပါက ကုန်သွယ်မှု၊ လူမှုစီးပွား၊ ခရီးသွားကဏ္ဍများ လည်ပတ်ရာ၌ ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ ဤကိုဗစ်ကာလသည် မည်မျှကြာရှည်မည်ကို မည်သူမျှ မခန့်မှန်းနိုင်ပါ။ ရောဂါအား ထိန်းချုပ်နိုင်သော နိုင်ငံများတွင် ပုံမှန် လုပ်ငန်းစဉ်များ လည်ပတ်ရန် စိုင်းပြင်းနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လက်ရှိ ကိုဗစ်ရောဂါကို တိုက်ထုတ်ရင်း ကိုဗစ်အလွန်ကာလအတွက် ပြင်ဆင်ထားရှိသင့်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ ပြန်လည်လည်ပတ်နိုင်ရန် ရုပ်ဝတ္ထုပိုင်းဆိုင်ရာသာမက ပြည်သူများ၏ စိတ်အခြေအနေများကိုပါ ပြုပြင် မြှင့်တင်ပေးရန်လိုအပ်သည်။

ကိုဗစ်ကာလ သင်ခန်းစာများမှ ရရှိခဲ့သည့် လက်ဆေးခြင်း၊ မက်စ်တပ်ခြင်း စသည့် အလေ့အကျင့်ကောင်းများနှင့် အလားတူ ကပ်ဘေးများ ထပ်မံကြုံလာပါက ပြည်သူလူထုထံ ပိုမိုထိရောက်စွာ အသိပညာပေး ဆက်သွယ်နိုင်ရန် ယခုဖွဲ့စည်းထားသော ကော်မတီများကို အရည်အသွေးပိုမိုမြင့်မားလာစေရန် လုပ်ဆောင်သင့်ပါသည်။ နိုင်ငံတော်၏ လုပ်ဆောင်ချက်များကို ပြည်သူများအား အချိန်နှင့်တပြေးညီ အသိပေးနိုင်မှသာ ပြည်သူများအနေဖြင့်လည်း နေ့စဉ်လူမှုစီးပွားဘဝအား နှိုင်းဆချင့်ချိန်ကာ ထိထိရောက်ရောက် ပါဝင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုမျှမက ကပ်ဘေးတုံ့ပြန်သော ကော်မတီများ၊ ဝန်ကြီးဌာနများ၊ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များအား လူမှုမီဒီယာနှင့်သက်ဆိုင်သော ကျင့်ဝတ်၊ နည်းပညာများနှင့် အလှမ်းမီစေရန် စွမ်းရည်မြှင့်သင်တန်းများ ပို့ချထားသင့်ပေသည်။ အလားတူ ပြည်သူဆီသို့ သက်ရောက်စေသော သတင်းမီဒီယာများ၏ ကဏ္ဍကိုပါ မြှင့်တင်ပေးရန်လည်း လိုအပ်သည်။

 

နိဂုံး

ကပ်ဘေးကာလ လူထုဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံအနေနှင့် ကပ်ဘေးအားရင်ဆိုင်တုံ့ပြန်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း သဘော ပေါက်နားလည်ထားရမည် ဖြစ်သည်။ ထိုကဲ့သို့ ပူးပေါင်းပါဝင်မှုကို ရရှိရန်မှာ လူထုဆက်သွယ်ရေးကဏ္ဍ၏ မှန်ကန်တည့်မတ်မှု၊ ကျွမ်းကျင်ပါးနပ်မှုတို့မှာ မရှိမဖြစ် ရှိရမည့်အချက်များ ဖြစ်သည်။ သတင်းပြန်ကြားမှုနှင့် မူဝါဒများ၊ ကာကွယ်ထိန်းချုပ်ရေးအစီအမံများကို ထုတ်ပြန်ရာတွင် ရှေ့နောက်အစီအစဉ် ညီညွတ်မှု၊ တခုနှင့် တခု အဆက်အစပ်ရှိမှု၊ မြေပြင်အခြေအနေများနှင့် လိုက်လျောညီထွေရှိမှု စသည်တို့ ရှိနေရန်နှင့် ၎င်းတို့အား ပြည်သူလူထုထံသို့ ကျယ်ပြန့်ထိရောက်စွာ ရောက်ရှိပျံ့နှံ့စေရန်မှာ မီဒီယာတို့၏ သဘောသဘာဝကို နားလည် ပြီး အသုံးချတတ်မှု၊ မီဒီယာတို့မှတဆင့် လှုံ့ဆော်နိုင်စွမ်းရှိမှု စသည်တို့ကိုလည်း လိုအပ်မည်ဖြစ်သည်။

အရေးကြီးသည်မှာ မိမိတို့ပါးလိုသော သတင်းစကားတို့ကို အများပြည်သူက လွယ်လင့်တကူ နားလည် လက်ခံနိုင်ရန်ဖြစ်သည်။ ထို့အတူ အမိန့်နှင့် ညွှန်ကြားချက်များ၊ တားမြစ်ချက်များအား ထုတ်ပြန်ထားရုံနှင့် မပြီးဘဲ ထိုအတိုင်း အကောင်အထည်ဖော်မှုရှိ၊ မရှိ၊ ဖောက်ဖျက်ကျူးလွန်သူတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ခြင်းရှိ၊ မရှိ စသည်တို့ကိုပါ စောင့်ကြပ် အကဲဖြတ်နိုင်စွမ်းများလည်း ရှိနေမှသာလျှင်  ပြည်သူအများ၏ အသိအမှတ်ပြုမှုနှင့် ယုံကြည်မှုကို ရရှိစေရုံသာမက လူထု၏ ပူးပေါင်းပါဝင်မှုမှာလည်း ရှေ့တန်းသို့ ရောက်ရှိလာမည် ဖြစ်သည်။ ထိုသို့ လူထုနားလည်လိုက်နာစေနိုင်သော နည်းလမ်းများဖြင့် ဆက်သွယ်လုပ်ဆောင်သွားပါက မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် မျှော်မှန်းထားသည်ထက် ပိုမိုထိရောက် မြန်ဆန်လာနိုင်သည်ဟု သုံးသပ်မိပါသည်။                 ။

 

 

 

 

 

 

 

ကိုးကားစာရင်း

Aung San Suu Kyi Facebook Account

https://www.facebook.com/aungsan.suukyi.5661

Aurora၊ (၂၀၂၀)၊ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို စင်ကာပူနိုင်ငံမှာ လိမ္မော်ရောင်အဆင့် သတ်မှတ်ထား၊ ဧရာဝတီ

https://burma.irrawaddy.com/lifestyle/trend/2020/02/08/215116.html?fbclid=IwAR25buxwkRGtawFS514bHlMGZ8AV4LqxcBs7oP-BoCKbq22-hoRf3gCQbOU

Coombs, W. T. (2007), Ongoing crisis communication: Planning, managing, and responding, Sage, Thousand Oaks, CA.

Myanmar State Counsellor Office Page

https://www.facebook.com/state.counsellor/

NapoleonCat, (2020), Facebook users in Myanmar.

https://napoleoncat.com/stats/facebook-users-in-myanmar/2020/05

Palttala, P., & Vos, M. (2012). Quality Indicators for Crisis Communication to Support

Emergency Management by Public Authorities. Journal of Contingencies and Crisis Management, 20 (1), 39-51

S-04၊ (၂၀၂၀)၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးတွင် တပ်မတော်က အရပ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်မည်၊ The Voice

http://thevoicemyanmar.com/news/40434-knr?fbclid=IwAR0y8yND2Rc05dV9bgVGo2hH2cIVHRuwQw2sH6MgggpicMJK0DSsh3pFcgI

Senior Advisor, Risk and Outbreak Communication, (2009), Creating a Communication Strategy for Pandemic Influenza, Pan American Health Organization.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

https://www.mohs.gov.mm/Main/content/publication/2019-ncov

စိုင်းထွန်းအောင်လွင်၊ (၂၀၂၀)၊ ကိုရိုနာဗိုင်းရပ်စ် – ပုံပန်းမကျ အမိန့်ပေးစင်တာနဲ့ လက်တကမ်း အကျပ်အတည်းများ၊ ဘီဘီစီ

https://www.bbc.com/burmese/burma-52388506?fbclid=IwAR0zJ-35f-XznPIB3oiWEYsyCVQlE44cKTd9nKGWAuTO_bm7chq9rNkIbgI

တင်မောင်သန်း(သင့်ဘ၀) (၂၀၂၀) ၊ ကိုဗစ်၏မူဝါဒစိန်ခေါ်ချက်ဆိုင်ရာမေးခွန်းများ ၊ ISP-Myanmar Special Series No.2

https://ispmyanmarspecialseries.com/tmt2/

ထက်နိုင်ဇော်၊ (၂၀၂၀)၊ လူစုလူဝေးဖြင့် ပွဲကျင်းပခဲ့မှု အပေါ် ဦးဖြိုးမင်းသိန်းကို ပြန်ဖြေရှင်းဖို့ သမ္မတရုံး ညွှန်ကြားထား၊ ဧရာ၀တီ

https://burma.irrawaddy.com/news/2020/05/30/223681.html

နိုင်ငံခြားရေးဝန်ကြီးဌာန

https://www.mofa.gov.mm/

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်

https://www.president-office.gov.mm/

ပြန်ကြားရေးဝန်ကြီးဌာန

https://www.moi.gov.mm/?q=announcements

ပြည့်ဖြိုးအောင်၊ (၂၀၂၀)၊ အစိုးရက ဒုတိယအကြိမ်ထောက်ပံ့မှုအတွက် အခြေခံလူတန်းစား အိမ်ထောင်စု ငါးသန်းနီးပါး ကောက်ယူထားပြီး ပထမအကြိမ်ထောက်ပံ့စဉ်က ကျန်ရှိခဲ့သူများအား ဦးစားပေးမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား၊ Eleven

https://news-eleven.com/article/176186

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

http://myanmarpresscouncil.org/activities-mpc/statements-mpc.html

ရန်ကုန်ခေတ်သစ် ၊ (၂၀၂၀)၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် Ventalitor အရှုပ်တော်ပုံ(ရုပ်/သံ)

https://www.facebook.com/khitthitnews/videos/255124865687530?_rdc=1&_rdr

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

http://moswrr.gov.mm/index.php/main/announcements/mm

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

https://www.moee.gov.mm/mm/ignite/page/14

သမ္မတအိမ်တော်ပုံမှန် Press Briefing၊ (၃၀ မေ၊၂၀၂၀)

https://www.facebook.com/official.zawhtay/videos/vb.100002612916066/3039966419433759/?type=3

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

http://www.mol.gov.mm/mm/

အောင်ဖြိုးဦး၊ (၂၀၂၀)၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုယ့်စည်းကိုယ်ကျော်သလော၊ The Voice Journal

https://thevoicejournal.com/news/5776

အောင်ဖြိုးဦး၊ (၂၀၂၀)၊ မရေရာသည့် ဒုတိယမ္ပိ အစိုးရ ထောက်ပံ့ရေး အစီအစဉ်၊ The Voice Journal

https://thevoicejournal.com/news/5818

တင်မောင်သန်း(သင့်ဘ၀)၊ ကိုဗစ်၏မူဝါဒစိန်ခေါ်ချက်ဆိုင်ရာမေးခွန်းများ၊ ISP-Myanmar Special Series No.2

Reynolds & Seeger, 2005; Coombs, 2007

Creating a Communication Strategy for Pandemic Influenza, Pan American Health Organization/World Health Organization Senior Advisor, Risk and Outbreak Communication, Updated 30 April 2009

 Coombs, T. (1999). Ongoing crisis communication: Planning, managing, and responding. Thousand Oaks, CA: Sage.

မတ် ၁၆ ရက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်ပါသည်။

မတ် ၁၆ ရက်၊ နိုင်ငံတော်သမ္မတအိမ်တော်တွင် ကျင်းပသော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှ ဆွေးနွေးချက်ဖြစ်ပါသည်။

https://napoleoncat.com/stats/facebook-users-in-myanmar/2020/05

မတ် ၁၃ ရက်၊ နိုင်ငံတော်သမ္မတရုံး၏ ပြည်သူသို့ပန်ကြားချက်မှ ကောက်နုတ်ချက်ဖြစ်ပါသည်။

Video Post from Aung San Suu Kyi Facebook Account

၁၀ Video Post from Aung San Suu Kyi Facebook Account

၁၁ https://www.facebook.com/khitthitnews/videos/255124865687530?_rdc=1&_rdr

၁၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိခြင်းခံရပြီး ရောဂါပိုးဓာတ်ခွဲနမူနာယူခြင်းခံရသူ တဦးအား ISP-Myanmar က ဖုန်းဖြင့်မေးမြန်းချက်ဖြစ်သည်။

၁၃ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတရွာမှ ရာအိမ်မှူးတဦးအား ဧပြီလအတွင်း ISP-Myanmar က လူတွေ့မေးမြန်းချက်ဖြစ်သည်။

၁၄ https://news-eleven.com/article/176186

၁၅ Aurora၊ (၂၀၂၀)၊ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို စင်ကာပူနိုင်ငံမှာ လိမ္မော်ရောင်အဆင့် သတ်မှတ်ထား၊ ဧရာဝတီhttps://burma.irrawaddy.com/lifestyle/trend/2020/02/08/215116.html?fbclid=IwAR25buxwkRGtawFS514bHlMGZ8AV4LqxcBs7oP-BoCKbq22-hoRf3gCQbOU

၁၆ S-04၊ (၂၀၂၀)၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးတွင် တပ်မတော်က အရပ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်မည်၊ The Voicehttp://thevoicemyanmar.com/news/40434-knr?fbclid=IwAR0y8yND2Rc05dV9bgVGo2hH2cIVHRuwQw2sH6MgggpicMJK0DSsh3pFcgI

၁၇ https://thevoicejournal.com/news/5776

 

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို…

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search