မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
အယ်ဒီတာမှတ်ချက် ယခုဖော်ပြထားသည့်သုံးသပ်ချက်ဆောင်းပါးကို ဆရာညိုထွန်းက ဧပြီ ၁၁ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သုံးသပ်ချက်တွင်ပါဝင်သော ကိန်းဂဏန်းအချက်အလက်များသည် ဧပြီ ၁၁ ရက်မတိုင်ခင်က အခြေ အနေများကို ထင်ဟပ် ဖော်ပြထားခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။
သူ့ကို SARs-CoV-2 ဟု ခေါ်သည်၊ COVID-19 ဟုလည်း ခေါ်ကြသည်။ သူ့ အမျိုး တွေထဲမှာ သူက နာမည် အကြီးဆုံး ဖြစ်သည့်အတွက် ဘုံအမျိုးနာမည်နဲ့ပဲ corona ဟု သတင်းတွေမှာ ရေးတတ်ကြသည်။ corona ဆိုသည်မှာ crown ဟု အဓိပ္ပာယ်ရသည်။ အရင် ရှေးဟောင်း အဏုမြူ မှန်ပြောင်းတွေ အောက်မှာ သရဖူပုံစံနဲ့ မြင်ကြရသည့် အတွက် ဤအမည် တွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သည်ဘက်ခေတ် ပိုအားကောင်းတဲ့ မှန်ပြောင်းတွေနဲ့ ပြန်ကြည့်တော့ ရှေးဟောင်း ရေမြှုပ်ဗုံး ပုံသဏ္ဍာန် ဗိုင်းရပ်စ်သည် ခပ်လုံးလုံး ဖြစ်သည်။ ကနေ့ ဧပြီ ၁၁ ရက် နေ့လယ်ခင်း ဤ စာရေးချိန်အထိ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟု အတည်ပြုပြီးသူ တသန်း ခုနစ်သိန်း ခုနစ်ရာ့ ခုနစ်ဆယ် ရှိသည်။ ကူးစက်ခံရသူများအနက်မှ သေဆုံး သူစုစုပေါင်း တသိန်း နှစ်ထောင့် ခုနစ်ရာ ခုနစ်ဆယ့် ငါးရှိသည်။ တခု သတိထားကြရန်အချက်မှာ ဤမျှ ကြောက်စရာကောင်းသော ကိန်းဂဏန်းတို့သည် နှစ်လခွဲ ကျော်ကျော်သာ ရှိသည့် ကာလတိုကလေးတွင် ပြောင်းလဲ ဖြစ်ပျက်လာခဲ့ခြင်း ဖြစ်သည်။
ကျနော်တို့ ဗမာ့လူ့ဘောင်တွင် ကံကိုယိုးမယ်ဖွဲ့သော အလေ့အထ ထွန်းကားသည်။ အကျပ်အတည်းတခုခု ကြုံရလျှင် လူ၏ တုံ့ပြန်နိုင်စွမ်းထက် အခြေအနေ အရပ်ရပ်ကြောင့်ဟု ဆင်ခြေပေးတတ်သော အလေ့က ကြီးစိုးသည်။ သာမန် ဗမာ့လူ့ဘောင် မြင်ကွင်းမျိုးနှင့် ကြည့်လျှင် သည်လောက် တိုတောင်းသော အချိန်ကလေးမှ “တို့လည်း စွမ်းသလောက်တော့ လုပ်တာပဲ။ ကျန်တာက သဗ္ဗေ သတ္တာ ကမ္မသကာ” ဟု ထင်ကြေးပေးဖို့ ဖြစ်လိမ့်မည်။ သို့သော် ကျနော့်အနေဖြင့် ထိုမြင်ကွင်းမျိုးကို ချဲလင်း လုပ်လိုသည်။ ကမ္ဘာ့နိုင်ငံများမှ တာဝန်ရှိသူ အစိုးရအဖွဲ့ အသီးသီးသည် တိုတောင်းသော အချိန်ကလေးပဲ ရတာချင်းတူတူ တချို့က ဘေးလွတ်အောင် စွမ်းဆောင်နိုင်ကြ၍ အများစုကမူ ဖင့်နွှဲ လေးတွဲ့ကြသည်။ ကမ္ဘာ့တောင်ဘက်ခြမ်း ကျနော် တို့လို (နှိုင်းစာသဘောအားဖြင့်) ဆင်းရဲသား နိုင်ငံများသည် နဂိုအခံစွမ်းရည် (capacity) ကိုက အားနည်းကြောင်း သိထားကြသည် ဖြစ်ရာ ကျနော်တို့ ဆင်းရဲသားနိုင်ငံတွေ ဖင့်နွှဲ လေးတွဲ့ ကြသည့် ကိစ္စသည် မသိသာ လှသလို အစိုးရတွေ အထလေးနေသဖြင့် သူတို့ ပြည်သူတွေ (အမှန်အားဖြင့်) ဘယ်လောက် ထိခိုက်သွားကြောင်း၊ ဘယ်လောက် ထိခိုက်နေကြောင်း ရေရေရာရာ မသိကြရ။ သို့သော် ကမ္ဘာ့ အချမ်းသာဆုံး၊ အင်အား အကြီးဆုံး အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးက တပြည်ထောင်စုလုံးအတွက် တာဝန်ရှိသော အစိုးရသည် ဖင့်နွှဲနေသောအခါ ၎င်းနိုင်ငံကြီးသည် အချက်အလက် ဒေတာ ကောင်းမွန်လှလေရာ တာဝန်ရှိသူတွေ ညံ့ဖျင်း ပျက်ကွက်မှုကြောင့် ပြည်သူတွေ ဘယ်လောက်တောင် တလိမ့်ခေါက်ကွေး ဖြစ်ကုန်ကြရလဲ ဆိုသည်မှာ လယ်ပြင်တွင် ဆင်သွားသလို တန်းတန်းကြီး ပေါ်နေတော့သည်။
သူ့လိုပဲ ချမ်းသာကြွယ်ဝပြီး ဒေတာစနစ် ကောင်းသည့် ကိုရီးယားနှင့် နှိုင်းယှဉ် ကြည့်သောအခါ အမေရိကန် ပြည်ထောင်စုအစိုးရ၏ ဖင့်နွှဲနှောင့်နှေးမှု၊ ၎င်းဖင့်နွှဲသော စွမ်းဆောင်ရည်ကြောင့် နိုင်ငံ အဝှမ်း ပြည်သူများစွာ ပျက်စီး ထိခိုက်မှုတို့သည် လယ်ပြင် အလျားလိုက် ဆင်သွားတာထက်ပင် ဒိုင်နိုဆောကြီး မိုးကောင်းကင်က ထိုးဆင်းလာသလို တုန်လှုပ် ချောက်ချားဖွယ် မြင်တွေ့နေရပေသည်။ အမေရိကန် ပြည်ထောင်စုတွင် ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်ခံသော ပထမဆုံး ရောဂါမှုခင်းကို ယခုနှစ် ၂၀၂၀၊ ဇန်နဝါရီ ၂၀ မှာ တွေ့ရှိ အတည်ပြုခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသည်လည်း ၎င်းတနေ့တည်းမှာပင် သူ့နိုင်ငံ၏ ပထမဆုံး ကော်ရိုနာမှုခင်းကို အလားတူ တွေ့ရှိ အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ရက်ပေါင်း ၈၂ ရက်အကြာ ယနေ့ဧပြီလ ၁၁ ရက်တွင် အမေရိကန်ပြည်ထောင်စုတွင် စုစုပေါင်း ပိုးတွေ့ရှိသူ ငါးသိန်း သုံးထောင်ကျော် ရှိပြီး လူတသောင်း ရှစ်ထောင်ကျော် သေဆုံးခဲ့သည်။ ကိုးရီးယားနိုင်ငံတွင်မူ စုစုပေါင်း ပိုးတွေ့ရှိသူ ၁၀,၄၅၀ ဦးရှိပြီး ကိုရီးယားပြည်သူ ၂၀၈ ဦးသာ သေဆုံးခဲ့သည်။ တနိုင်ငံက နေ့ချင်းညချင်း မွဲပြာကျသွား၍ ကျန်တနိုင်ငံက ဟန်မပျက် တည်ငြိမ်နေရသည့် အကြောင်းရင်းကို စူးစမ်းကြည့်လျှင် ကျနော်တို့ဟာ testing (ပိုး ရှိမရှိ စစ်ဆေးခြင်း) ကိုပဲ လက်ညိုး ညွှန်ကြရမည် ဖြစ်သည်။
အောက်ဖော်ပြပါ ဇယားသည် ကိုဗစ် – ၁၉ မှုခင်း စတင် တွေ့ရှိသည့်အချိန်က စပြီး အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတို့ မည်ရွေ့ မည်မျှ ပိုးရှိ မရှိ စစ်ဆေးနှုန်းများ ရှိခဲ့သည်ကို နိုင်းယှဉ် ဖော်ပြထားပြီး မည်သူမဆို အလွယ်တကူ ဖတ်ရှု လေ့လာနိုင် ပါသည်။ (ဂဏန်းသင်္ချာ စာရင်းအင်းပညာ ကျွမ်းကျင်နေစရာ မလိုပါ) အထူးသဖြင့် ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၂၃ ရက်ကြား ကိန်းဂဏန်းများ မည်သို့ ကွာခြားသွားသလဲ ဆိုသည်ကို အလေးပေး ကြည့်ရှုလေ့လာကြစေလိုပါသည်။
ဤဇယားအရ အမေရိကန် ပြည်ထောင်စုသည် ပိုးတွေ့ချိန်မှ စကာ သတ္တမပတ် အထိ ပိုးရှိ မရှိ စစ်ဆေးနှုန်းသည် လူတသန်းလျှင် ခုဂဏန်းသာ ရှိသေးကြောင်း တွေ့ရပါသည်။ တောင်ကိုရီးယားသည် စတုတ္ထပတ်တွင် လူတသန်းလျှင် ငါးဆယ်ကျော်နှုန်းဖြင့် စစ်ဆေးနိုင်ခဲ့ပါသည်။ အမေရိကန်က တသန်း ၅ ဒသမ ၆ ခုသာ ရှိသေးသော သတ္တမပတ်တွင် တောင်ကိုရီးယားက ၁၉၀ဝ ကျော်နှုန်းဖြင့် စစ်ဆေးနေခဲ့ပြီ ဖြစ်သည်။
ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၂၃ ရက်ကြား ပိုးတွေ့ရှိနှုန်းကို အထူးဂရုပြု ကြည့်ရှုလေ့ လာစေလိုသည့် အကြောင်းရင်းကို ရှင်းလင်း တင်ပြပါမည်။ ဖေဖော်ဝါရီ ၁၆ တောင် ကိုရီးယားသည် လူတသန်း (၁၅၄ ဒသမ ၇) ခုနှုန်းဖြင့် စစ်ဆေးနေသော အချိန်တွင် ပိုးတွေ့ရှိသူ စုစုပေါင်း အရေအတွက် ၂၉ ဦး ရှိသည်။ [မှတ်ချက် – ယနေ့ ဧပြီ ၁၁ ရက် နေ့လယ်ခင်း ဗမာပြည်၏ ပိုးတွေ့ရှိမှု နောက်ဆုံး အခြေအနေနှင့် မတိမ်းမယိမ်းဖြစ်သည်] သည်လောက်တောင် နှုန်းမြင့် စစ်ဆေးနေပါလျက် လူသုံးဆယ် မပြည့်တပြည့်မျှသာ ပိုးရှိသည့်အဖြေကို တွေ့ရှိရလေရာ ပိုးဟာ ဘာမှ ပြောပလောက်အောင် သူ့ နိုင်ငံတွင် ကူးစက် မနေပါဘူးဟု ထင်စရာရှိသည်။ သို့သော် နောက်တပတ် ဖေဖော်ဝါရီ ၂၃၊ လူတသန်းလျှင် စစ်ဆေးမှု ၁၈၃၇ ခု ရှိလာသောအချိန်တွင် သူ့နိုင်ငံတွင် ပိုးကူးစက်ခံရ သူပေါင်း ၃၁၅၀ ပင် ရှိနေသည်ကို သိမြင် ကြရလေပြီ။ ကျနော်တို့ သင်ခန်းစာယူဖို့ လိုသည်မှာ ကျနော်တို့မှာလည်း ကျနော်တို့ နိုင်ငံတွင်း ကူးစက်ခံရမှု ပကတိ အခြေအနေကို မှန်မှန်ကန်ကန် ဆဝါးဖို့ဆိုလျှင် ကျနော်တို့၏ စစ်ဆေး စမ်းသပ်နှုန်းသည် အရေအတွက် လုံလုံလောက်လောက် မြင့်မားသည့် threshold (ဝါ) ရေချိန် အမှတ်တခုကို မကျော်လွန်ဘဲ ဘာမှ မသေချာနိုင်သေးသော သဘောဖြစ်သည်။
အိပဲ့အိပဲ့ဖြင့် စစ်ဆေးနေသော အမေရိကန်ပြည်ထောင်စုသည် ပထမဆုံး ပိုးတွေ့ လူနာမှ စ၍ ရက်သတ္တပတ် လေးပတ် ကြာမြင့်သည်အထိ လူ ၁၁ ဦးသာ ကူးစက်သေးသည်ဟု အတည်ပြုခဲ့လေရာ သူ့နိုင်ငံမှာ ဗိုင်းရပ်စ်သည် ကူးစက်ဖို့ အင်အား သိပ်မရှိသလို ထင်မြင်ဖို့ ဖြစ်လေသည်။ သို့သော် လူတသန်းလျှင် ၇၆၇၀ နှုန်းဖြင့် စစ်ဆေးလာသော ဤယနေ့တွင် တကယ့် လက်တွေ့ အခြေအနေသည် ပြည်ထောင်စုအတွင်း အနည်းဆုံး လူငါးသိန်းကျော် ကူးစက်ခံနေရပြီး လူပေါင်း ၁၈၀ဝ၀ ကျော်မှာ ဤနှစ်လခွဲတာ ကာလတိုကလေးတွင် ကိုဗစ်ကြောင့် ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။
ကော်ရိုနာကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် ပထမဦးဆုံး ကြေညာသော အချိန်မှ စကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ပိုးရှိ မရှိ စစ်ဆေးခြင်းကို ခေါင်းပေါ် မီးလောင် သည့်နှယ် အရေးကြီးဆုံး လုပ်ငန်းအဖြစ် အလေးအနက် သတ်မှတ် အသိပေးခဲ့သည်။ မြန်မြန်ဆန်ဆန် လွှမ်းခြုံနိုင်အောင် စစ်ဆေးဖို့သည် မဖြစ်မနေ အရေးကြီးပြီးလျှင် လုပ်ငန်းဆောင်တာ သုံးခုကို လုပ်ဖို့သည် သော့ချက်ဖြစ်သည့်
(၁) ရောဂါလက္ခဏာ ပြသနေသော မှုခင်းများ၏နောက်ကို ခြေရာခံလိုက်ရမည်၊
(၂) ပိုးကူးစက်နေသော စပျစ်သီးခိုင်ဌာနေများကို ခွဲခြမ်းရမည်၊
(၃) ၎င်းဌာနေများနှင့် ထိတွေ့မိသော လူများကို ခြေရာခံလိုက်ရမည်။ ကူးစက် ကပ်ရောဂါတခုကို ကျနော်တို့ စုံထောက် ထောက်၍ ဟန့်တား ပိတ်ချလိုက် နိုင်ဖို့ ဆိုသည်မှာ ပိုးရှိ မရှိ စစ်ဆေးခြင်း (testing) သည် အခြေခံ ဖြစ်သည်။
WHO ဦးဆောင် ညွှန်ကြားရေးမှူး တက်ဒရို အက်ဒန်နွန် ဂီဘရီရက်ဆပ်က မကြာသေးခင်က ပြောလေသည်မှာ “တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ လူတွေ ဗိုင်းရပ်စ် ဘယ်မှာ မရှိဘဲ ဘယ်ကို သွားတိုက်မှာလဲ” ဟု ဖြစ်လေသည်။
ကနေ့ ကမ္ဘာ့ ကူးစက် ရောဂါကပ်ဆိုးကြီး သံကွင်းတွေ ဆက်နေသည့်အလား ဆက်ပြီး သွားနေသည်ကို ဒီရေအလား မတိုးပွားလာစေဖို့ အခြေခံ အကျဆုံးနှင့် အရိုးရှင်းဆုံး နည်းဗျူဟာကို WHO က ပြောထားသည်မှာ “ရှာပါ၊ ခွဲပါ၊ ပိုးရှိ မရှိ စစ်ဆေးပါ၊ ကုသပါ” ဟု ဖြစ်သည်။ ကျနော်တို့သည် ရောဂါလက္ခဏာ ပြသနေသည့် လူများကို ရှာရမည် ဖြစ်၏။ တွေ့လျှင် သီးသန့် ခွဲထားရမည် ဖြစ်၏၊ ပိုးရှိမရှိ စစ်ရမည် ဖြစ်၏၊ ကုသမှုကို ဆောလျင်စွာ လုပ်ပေးရမည် ဖြစ်၏။ ကိုရီးယားသည် aggressive testing ဟု ခေါ်သည့် အရှိန်အဟုန်ဖြင့် ပိုးရှာခြင်း လုပ်ငန်းကို ပြုဆောင်လေရာ ကျန်သော လုပ်ငန်းဆောင် တာအားလုံးသည် ၎င်းနောက်က အဆင်ပြေချောမွေ့စွာနှင့် အကျိုးရှိ ထိရောက်စွာ လိုက်နိုင်ကြပါသည်။ ပြည်သူတဦးသည် သူ့ တွင် ပိုးရှိတာ မသိလျှင် လျှောက်သွားလို့ နေကာ (တနည်းမဟုတ်) အိမ်မှာ နေနေပြန်လျှင်လည်း တယောက်ပြီး တယောက် ကူးစက်နေမှာဖြစ်ပြီး ပိုးရှိမရှိ ရေရေရာရာ မသိဘဲ လုပ်နေကြသည့် ရှာခြင်း၊ ခွဲခြင်း စသည့် ကျန်လုပ်ငန်းဆောင်တာများသည် အဟောသိကံ ဖြစ်ကုန်ကြမည်သာ ဖြစ် သည်။ တကယ်ဖြစ်မြောက်ဖို့ အညှာသည် ပိုး ရှိ မရှိ မြန်ဆန်သွက်လက်စွာ အလုံးအရင်းနှင့် လွှမ်းခြုံ စစ်ဆေးခြင်း ဖြစ်သည်။
မြန်မာပြည်၏ ပိုး ရှိ မရှိ စစ်ဆေးနှုန်းသည် လက်ရှိအားဖြင့် လူတသန်းလျှင် ၂၆ ယောက်ဖြစ်ပြီး ကမ္ဘာ့အနိမ့်ဆုံး စစ်ဆေးနှုန်း စွမ်းဆောင်သည့် နိုင်ငံများထဲတွင် ပါဝင်နေလျက် ရှိပါသည်။ အမေရိကန် ပြည်ထောင်စု၏ ကျဆုံးခဲ့ရသည့် လောလောလတ်လတ် သင်ခန်းစာတွင် ပိုးရှိ မရှိ စစ်ဆေးဖို့ကို သံသယလူနာတို့က လက်လှမ်း မမီခဲ့သည့် အကြောင်းအချက်သည် အဓိကပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ဗဟိုချုပ်ကိုင်မှု အဆင့်တွေ များနေသည့်အတွက် ဖြစ်သည်။ လူနာကို ဆရာဝန်က ကိုဗစ် – ၁၉ သံသယ ဝင်၍ စစ်ဆေးရန် လွှတ်လိုက်သော်လည်း ပြည်နယ် အစိုးရ၏ အတည်ပြု ခွင့်ပြုချက်ကို စောင့်ရလေရာ နှောင့်နှေး ကြန့်ကြာကုန်တာ ဖြစ်သည်။ ထို့အပြင် အဦးပထမ အချိန် များတွင် နိုင်ငံကြီးဟူသော မိမိကိုယ်ပိုင် မာန်ဖြင့် ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန CDC က မည်သည့် မှုခင်းကို မဆို သူ့ကိုယ်ပိုင် နည်းလမ်းဖြင့် ဖော်ထုတ်ထားသည့် test ဖြင့် သာ အတည်ပြု စစ်ဆေးဖို့ လုပ်လေရာ ၎င်း ဗဟိုချုပ်ကိုင် test ကလည်း လွဲချော် မှားယွင်းမှုတခု ရှိနေပြီးလျှင် အများကြီး ကြန့်ကြာ ကုန်ပါတော့သည်။ ဗဟိုချုပ်ကိုင်ထားသော test kit များသည် ပြည်နယ်များကို အချိန်မီ မဖြန့်နိုင်ခဲ့သလို လုံလုံလောက် လောက်လည်း မရှိခဲ့။
အရင်းစစ်လိုက်လျှင် ကိုဗစ် – ၁၉ ရောဂန္တရကပ်ကို တုံ့ပြန်ရာတွင် အမေရိကန် ပြည်ထောင်စုသည် ဗဟိုကြိုး နီစနစ် ကြီးစိုးနေခဲ့ခြင်း ဖြစ်ပြီးလျှင် ၎င်းကြိုးနီ စနစ်သည် အမေရိကန် ပြည်သူတို့ကို သတ်လိုက်ခြင်းပင် ဖြစ်လေသည်။ ကျနော်တို့နိုင်ငံ အနေဖြင့်လည်း အမေရိကန်ပြည်ထောင်စုလို နိုင်ငံကြီးတောင်မှ အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရသော အဖြစ်အပျက်ကို သင်ခန်းစာယူပြီးလျှင် ကြိုးနီစနစ်တို့ကို ဖြေလျှော့၊ ကိုရီးယား နိုင်ငံမှ ပေးသော သင်ခန်းစာကို အတုယူကာ လုံလောက်သော အတိုင်းအတာတခုကို ရောက်သည်အထိ သည့်ထက်မက များစွာသော ပိုးစစ်ဆေးမှုတွေကို လုပ်ဆောင်ပြီးလျှင် ကူးစက်ကပ်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစား ကြရလိမ့်မည် ဖြစ်သည်။ ကျနော်တို့ သည် လုံလောက်သောအမြင့်နေရာ တခု (ဝါ) တောင်ထွတ် (Peak) ကို မရောက်ဘဲ မြေပြင်မှာပဲ တွယ်ကပ်ကာ အလျားလိုက် ကြည့်မြင်နေလို့တော့ဖြင့် ကျနော်တို့အားလုံးမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို မသိနိုင်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post