Menu & Search

ကွက်လပ်

October 7, 2020

ပြီးခဲ့သော သြဂုတ်လအတွင်းက တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေစဉ် တောင်အာဖရိက အစိုးရသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို အကူအညီပေးရန် တောင်းခံခဲ့လေသည်။ WHO သည် ကျွမ်းကျင်ပညာရှင် ၄၃ ဦး ပါဝင်သော အဖွဲ့တဖွဲ့ကို နိုင်ငံသို့ စေလွှတ်ပေးခဲ့ရာ ၄င်းအဖွဲ့ တောင်အာဖရိကသို့ ‌ရောက်ပြီး မကြာမြင့်မီမှာပင် ကူးစက်ပြန့်ပွားနူန်းသည် သိသိသာသာ ထိုးဆင်းသွားသည် ဟူ၏။ မီဒီယာများနှင့် တွေ့ဆုံသော အခါ တောင်အာဖရိက အသံလွှင့် မီဒီယာတခုက WHO အမှုဆောင်ဒါရိုက်တာ မိုက်ရွိုင်ရန် ကို ‘ရှင်တို့ အဖွဲ့ တယ်တော်တာပဲ’ ဟု ချီးကျုးဖို့ ကြိုးစားလေသည်။ ရွိုင်ရန်က ပျာပျာသလဲ ငြင်းပယ်လေသည် ‘ကျုပ်တို့ WHO ကြောင့် မဟုတ်ရပါဘူး။ တောင်အာဖရိက နိုင်ငံ ကိုယ်တိုင် ကြောင့်ပါ။ ဒီအချက်တွေကို သူတို့ လုပ်နိုင်ကြလို့ပါ’ ဟု ဆိုလေရာ ရွိုင်ရန် ဖော်ပြသော အချက်များကို လေ့လာကြည့်ကြပါစို့။

အဓိကက ရပ်ရွာ အသိုင်းအဝိုင်း(communities) တွေရဲ့ စွဲနစ်ကာကွယ်မှုရယ် တောင်အာဖရိက အစိုးရ (government) ရဲ့ ခေါင်းဆောင်မှုရယ်ကြောင့်ပါ။ ကျုပ်တို့ WHO အဖွဲ့ကတော့ ဒါတွေနဲ့ ပတ်သက်လို့ တခြား အာဖရိက နိုင်ငံတွေမှာ ကျုပ်တို့ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ဝေမျှပေးတယ်။

(၁) ရပ်ရွာအသိုင်းအဝိုင်းတွေကို တိုက်ပွဲထဲကို ဘယ်လို ခေါ်သွင်းမလဲ။

(၂) ရောဂါကူးစက်မှု ထောက်လှမ်းရေးစနစ်(surveillance) ကို ဘယ်လို အသက်သွင်းရသလဲ။

(၃) အောက်ခြေရပ်ရွာတွေထိ ထောက်လှမ်းရေးစနစ်က ထဲထဲဝင်ဝင် ထောက်လှမ်းနိုင်အောင် ဘယ်လို လုပ်ရသလဲ။

(၄)ကျန်းမာရေးလုပ်သားတွေကိုရောဂါမကူးစက်အောင်ကာကွယ်ရေးနှင့်လေ့ကျင့်ပျိုးထောင်သင်ကြားရေးကို တိုးမြှင့်လုပ်ဆောင်ဖို့

(၅) ဆေးရုံတွေနဲ့ တခြားကျန်းမာ‌ရေးထောက်ကူစခန်းတွေကိုယ်တိုင်က ပင်ရင်း ပိုးဖြန့်ဌာနတွေ မဖြစ်သွားရလေအောင် ကြပ်မတ်လုပ်ဆောင်ကြဖို့ ။

ကနေ့ ဗမာပြည်တွင် ကိုဗစ်-၁၉ ကူးစက်မှုနူန်းသည် တနေ့တခြား ဒီရေအလား တိုးတက်မြင့်မားလာလျက် ရှိရာ အကယ်၍သာ ကျွန်ုပ်တို့ ဗမာအစိုးရသည် WHO အား အကူအညီပေးရန် တောင်းဆိုခဲ့ပါလျှင် WHO ကနေ ဗမာပြည်ကို အကူအညီပေးရန် လွှတ်လိုက်သော အသင်းသည် ရွိုင်ရန်ပြောခဲ့သည့် အချက်များနှင့် တထပ်တည်းပင် ကျွန်ုပ်တို့ကို တိုက်တွန်းမည်ဟု ယူဆရပါသည်။ ရွိုင်ရန်ရှင်းပြသော တောင်အာဖရိက၏ ကိုဗစ်ကာကွယ်တိုက်ဖျက်ရေး စွမ်းဆောင်ချက်အောင်မြင်မှုသည် အပိုင်းနှစ်ပိုင်း ရှိ၏။ ပထမတပိုင်းက ဘယ်သူတွေက လုပ်ကြတာလဲ ကို ညွန်ပြခြင်းဖြစ်ပြီး ဒုတိယတပိုင်းက ဘာတွေ လုပ်ကြသလဲ ဆိုတာကို ခွဲခြား ပြခြင်း ဖြစ်သည်။

“ဘယ်သူတွေ လုပ်ကြသလဲ” နှင့် ပတ်သက်၍  ‘ရပ်ရွာ အသိုင်းအဝိုင်း(communities) တွေရဲ့ စွဲနစ်ကာကွယ်မှုရယ် တောင်အာဖရိက အစိုးရ (government) ရဲ့ ခေါင်းဆောင်မှုရယ်ကြောင့်ပါ’ ဟု ရွိုင်ရန်က ညွှန်ပြခဲ့ရာတွင် ရပ်ရွာသည် ရှေ့က ဖြစ်ပြီး အစိုးရကို နောက်မှာ ထားလေသည်။ သူက အတိုကလေး အစီအစဥ်ဖြင့် ပြောလိုက်သော်လည်း ၄င်းသည် ကိုဗစ်ကာကွယ်တိုက်ဖျက်ရေး အောင်မြင်ဖို့ရန်အတွက် ရိုးရှင်းသလောက် အရေးပါလှသော သော့ချက်တခုကို ဖော်ပြလျက်ရှိပေ၏။ ကိုဗစ်သည် စစ်ပွဲဟု ဆိုပါလျှင် ၄င်းကို ကာကွယ်တိုက်ဖျက်ရေးတွင် နံပတ်တစ် အခရာကျသော တပ်အင်အားသည် ရပ်ရွာပြည်သူလူထု ဖြစ်သည်။ စစ်သေနာ ပတိတယောက်သည် ဘယ်လောက်ပင် ကောင်းသည့် စစ်ရေးဗျူဟာဆိုင်ရာ အမိန့်တွေ ထုတ်နေနေ တပ်သားစစ်သည်တို့မှ အမိန့်ကို နားမလည်ကြသဖြင့် လိုက်နာဆောင်ရွက်ဖို့ မညီညာ မစွမ်းဆောင်နိုင်ကြလျှင် ထိုသေနာပတိတိုက်သော တိုက်ပွဲသည် မအောင်မြင်နိုင်သကဲ့သို့ အစိုးရခေါင်းဆောင်မှုက မည်သည့် ညွန်ကြားချက်များ ထုတ်နေထုတ်နေ ရပ်ရွာတို့သည် ညွှန်ကြားချက်များကို ရေရာစွာနားမလည်ကြသဖြင့် ညီညွတ်ပါဝင်ခြင်း ပျောက်ကွယ်နေပါက အားလုံး အဟောသိကံ ဖြစ်ကုန်ကြမည့် သဘောပင် ဖြစ်ပါသည်။

“ဘာတွေ လုပ်ကြသလဲ” ဆိုတာ နှင့် ပတ်သက်၍ စာရင်းကို ကျွန်ုပ်တို့ လေ့လာကြပါဦးစို့။ စာရင်းထဲတွင် ရှေးဦးဆုံးနံပါတ်တစ်ဖော်ပြချက်မှာ ရပ်ရွာအသိုင်းအဝိုင်းတွေကို တိုက်ပွဲထဲကို ဘယ်လို ခေါ်သွင်းမလဲ ဟု ဖြစ်ပြန်ပါသည်။ ကိုဗစ်စစ်ပွဲတွင် စွမ်းဆောင်ရှင်များမှာ ရပ်ရွာ နှင့် အစိုးရဟု နှစ်ပိုင်းရှိရာတွင် ဤအပိုင်းသည် အဓိကအားဖြင့် အစိုးရဘက်က စတင်ဦးဆောင် တာဝန်ယူရွေ့လျားစေရမည့် အပိုင်းဖြစ်သည်။ ဤညွှန်ပြချက်သည် သော့ချက် သဘောတရားတခုကို မြွက်လင်းပြနေပါသည်။ အစိုးရ၏ ဦး‌ဆောင်မှုသည် ဗဟိုမှ နေပြီး အမိန့် ညွှန်ကြားချက်များ ထုတ်နေရုံသက်သက် နှင့် ထိရောက်မှု မရှိနိုင်ကြောင်း၊ ဒေသန္တရ ရပ်ရွာအသိုင်းအဝိုင်းအသီးသီးမှ ပြည်သူများ အားတက်သရော ရွေ့လျားပါဝင်လာမှသာလျှင် ဤကမ္ဘာ့ကူးစက်ကပ်ကြီး၏ ကြောက်ခမန်းလိလိ အန္တရာယ်ကို ကျွန်ုပ်တို့ ထိရောက်စွာ ဟန့်တားကာကွယ်နိုင်လိမ့်မည့် အကြောင်း ဖြစ်သည်။ “ဤကိစ္စကို နောင်ဆောင်းပါးများတွင်  အကျယ်တဝင့် ထပ်ဆွေးနွေးပါဦးမည်”

အချက် နံပါတ် နှစ်နှင့် သုံးတို့ကမူ စုံစမ်းထောက်လှမ်းမှု စနစ်ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်သည့် အကြောင်း ဖြစ်သည်။ ကိုဗစ်သည် စုံထောက်စနစ် (surveillance) စနစ်လို၏၊ ကိုဗစ်စုံထောက်သည် တော်ရိ‌လျော်ရိ ဟိုရောက်ဒီရောက် ကာတွန်း ဦး “ရှံစား” ဖြစ်လို့မရ၊ ‌နက်ရှိုင်းစွာ ရေကုန်ရေဖျားလိုက်လို့ အမှုဇာတ်ကြောင်းတခုလုံးကို လုံးစေ့ပတ်စေ့ ရှင်းပြနိုင်သော ဖေသိန်း၏

ဦး “စံရှား” ဖြစ်ရပါမည်။ active case finding (လှုပ်ရှားတက်ကြွစွာဖြင့် မှုခင်းရှာဖွေခြင်း) ဟု ခေါ်သည်။ ကျွန်ုပ်တို့သည် ကိုဗစ်လူနာ ဖြစ်နိုင်သူဟု သံသယ ရှိသူများ(suspect) သာမက ၄င်းသံသယရှိဖွယ် လူနာများနှင့် ထိတွေ့ထားသော လူများ(contact)ကို မီးခိုးကြွက်လျှောက် လိုက်လံရှာဖွေရပါမည်။ ဘာလို့ သည်လို လှုပ်ရှားတက်ကြွ ရှာဖွေမှု လုပ်ရသလဲ ဆိုသည်ကို ရေရာချေမြစ် နားလည်ဖို့ဆိုလျှင် တရုတ်နိုင်ငံနှင့် WHO အကြား အဖုအထစ်ကလေး အနည်းငယ် ဖြစ်ခဲ့သော ကိစ္စကို ဖော်ြပလိုပါသည်။ မကြာသေးမီက တရုတ်ပြည်သည် ရက် ၂၀ လုံးလုံး ဒေသန္တရ ကူးစက်ပြန့်ပွားမှု မရှိတော့ဟု ဆိုကာ တရုတ်ကွန်မြူနစ်ပါတီသည် ဦးဆောင်စွမ်းဆောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်း များအား နိုင်ငံတော်မှ အသိအမှတ်ပြု ဆုချီးမြှင့်မည်၊ “ကိုဗစ်-၁၉ အောင်ပွဲ” ကျင်းပမည် ဆိုကာ စီစဥ်လျက်ရှိရာ WHO အား သူတို့ အောင်ပွဲခံမည့် အကြောင်းကို အကြောင်းကြားထားခြင်း မရှိ။ အဲသလို ‌ပေါက်ဖော်ကြီးက တိုးတိုးတိတ်တိတ် ကြိတ်လုပ်နေသည်ကို သတင်းထောက်တဦးသည် WHO ဒါရိုက်တာများအား သွားပြီး ဖွလေရာ ‘(ဟ) တကယ်ကို နက်နက်ရှိုင်းရှိုင်း အသိအမှတ်ပြုချီးကျုး ရမှာက ရပ်ရွာပြည်သူလူထုနဲ့ ရှေ့တန်းကနေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ’ ဟု ပေါက်ဖော်ကြီးအစိုးရ၏ COVID-aristocracy (ကိုဗစ် အထက်တန်းလွှာ ဦးဆောင်မှုအောင်ပွဲ) လုပ်ဖို့ ဦးတည်မှုကို WHO က မေးငေါ့လေတော့သည်။ WHO က တရုတ်အစိုးရ၏ ကိုဗစ်အောင်ပွဲခံမှုကို ကန့်ကွက်ရာတွင် ရှင်းပြပြောဆိုသော အချက်များကို ကျွန်ုပ်တို့ လေ့လာကြည့်ကြပါစို့။

(အောင်ပွဲလုပ်တာလဲ လုပ်ပေါ့ဗျာ) ဒါပေမယ့် ကျုပ်တို့ လေ့လာသိရှိပြီးသားပဲ။ ကမ္ဘာမြေတခွင် နေရာအားလုံးမှာ ကူးစက်မှု မကင်းစင်မချင်း ဘယ်နေရာကိုမှ ကိစ္စပြတ်သွားပြီ ပြောမရဘူးဗျ။ တရုတ်ဟာ ခုထက်ထိ အပြင်က မှုခင်းတွေကို သူ့နိုင်ငံထဲ တင်သွင်းနေဆဲပဲ။ ဒါကြောင့်မို့ နိုင်ငံအသီးသီးမှာ ပုံမှန်ဘဝဟာ ပြန်လည် ဖြစ်ထွန်းလို့ လာပေမယ့် အဲဒါကို ကိုယ့်ဟာကိုယ် ကျေနပ်နေလို့တော့ မဖြစ်သေးဘူးဗျ၊ အထူးသဖြင့် တရုတ်ပဲပေါ့ဗျာ။ ကျိုးတိကျဲတဲ မှုခင်းတွေကနေ ပိုးအုံစုတွေ(cluster) အဖြစ် အမှိုက်ကစ ပြာဿဒ်မီးလောင်ဖို့ အခွင့်အလမ်း အန္တရာယ်ဟာ ရှိနေဆဲပဲဗျ။ မှုခင်းကျဲတိကျဲ‌တောက်ကနေ အအုံအစုတွေဖြစ်လာ။ အအုံအစုကနေ ရပ်ရွာထဲမှာ လိုက်ကူးပါလေရော၊ ရပ်ရွာတွင်း ကူးစက်ပြန့်ပွားသွားတဲ့အခါမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်က မရှူနိုင်မကယ်နိုင် ဖြစ်တော့တာပေါ့ဗျာ။

အခုနှစ်အစမှာ သည်လိုပဲ ဖြစ်ခဲ့တယ်ဆိုတာ ကျုပ်တို့ တွေ့ထားပြီးသားပဲဗျ။ တောက်လျှောက်လည်း နိုင်ငံတချို့မှာ သည်လိုပဲ ဖြစ်နေတုန်းပဲ ဆိုတာ ကျုပ်တို့ တွေ့နေရတုန်းပဲ။ ဒါမျိုး ပြန်မဖြစ်ကြဖို့ ရှောင်ကြဖို့တော့ လိုသပေါ့ဗျာ။

WHO ကနေ၍ ပေါက်ဖော်ကြီး၏ အောင်ပွဲခံမှုကို မကျေမနပ်ပြောဆိုသည်မှ ကျွန်ုပ်တို့ သင်ခန်းစာ ယူရလိမ့်မည်မှာ မှုခင်းကျဲတိကျဲတောက်တို့ ကနေ အအုံအစုတွေ ဖြစ်လာ၊ ထိုမှသည် ရပ်ရွာတွင်း ပြန့်ပွားမှု ပြန်လည် ဖြစ်ပေါ်လာ နိုင်သည် ဆိုသော အချက် ဖြစ်သည်။ ထို့ကြောင့်လည်း ကိုဗစ်ရောဂါထိန်းချုပ်ရေးတွင် surveillance (စုံစမ်းထောက်လှမ်းမှု) ကို ကျယ်ပြန့်နက်ရှိုင်းစွာ လုပ်ဆောင်ခြင်းသည် အလွန်တရာ အရေးကြီးခြင်း ဖြစ်ပါသည်။ လူမသိ သူမသိ ကျိုးတိကျဲတဲ မှုခင်းတခုသည် အအုံအခဲကြီးတွေ ဖြစ်လာနိုင်ပါသည်။ ရပ်ရွာပေါင်းစုံနေရာအနှံ့ ပြန့်ပွားသွားနိုင်ပါသည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ရောဂါရှိနိုင်သည် ဟု သံသယဝင်ဖွယ် ရှိသူများသာမက ထိုသံသယရှိသူများနှင့် ထိစပ်ခဲ့သူများကိုပါ ကျယ်ပြန့်နက်ရှိုင်းစွာ ခြေရာခံလိုက်ရပါသည်။ ရောဂါရှိသူ၊ ရောဂါရှိနိုင်သူတို့ ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများ စတင်မဖော်ပြမီ ၁၄ ရက်တွင်း ထိတွေ့ခဲ့သူမှန်သမျှကို ခြေရာခံထောက်လှမ်းရသည် ဖြစ်ရာ ဤနက်ရှိုင်းထဲဝင် ထောက်လှမ်းမှုသည် အစိုးရဘက်မှ ဖြည့်ဆည်းရမည့် ဝန်ထမ်းအင်အားများစွာ လိုသလို ရပ်ရွာ ပြည်သူလူထုက ၄င်းစုံစမ်းထောက်လှမ်းမှု၏ အရေးကြီးပုံကို နားလည်သိမြင်ကာ ပူးပေါင်းပါဝင်ခြင်း မရှိဘဲ အောင်မြင်ဖို့ မလွယ်ကူကြောင်း ဖြစ်ပါသည်။

 

အစိုးရ၏ ဦးဆောင်မှု အောင်မြင်ဖို့ဆိုလျှင် ရပ်ရွာလူထု၏ အသိအလင်းသည် အင်မတန်မှပင် အ‌ရေးကြီးလေရာ ပြီးခဲ့သည့် သြဂုတ်က ကမ္ဘာကျော် The Economist မဂ္ဂဇင်းကြီးသည် လူမှုကွန်ယက်များအကြောင်း လေ့လာမှုတွင် ထင်ရှားသူ အမေရိကန်ပြည်ထောင်စု ယေးလ်တက္ကသိုလ် ပါမောက္ခ နီကိုလက်စ် ခရစ်တာကီကို ဖိတ်ခေါ်ကာ ဆောင်းပါးရေးသားစေခဲ့ပါသည်။ ခရစ်တာကီက ဆိုသည်မှာ ကိုဗစ်ဂရပ်မျဥ်းကို ပြားကပ်ထားဖို့ ဆိုတာသည် ရပ်ရွာလူထု၏ အသိရေချိန် နှင့် များစွာပတ်သက်လေသည်။ ကိုဗစ်ကို ဖိုက်တင်းချဖို့သည် ရပ်ရွာလူထုကိုယ်တိုင်က ဗိုင်းရပ်စ်အကြောင်းကို အမှန်တကယ် နားလည်မှ ဖြစ်နိုင်ပေသည်။ သူက ရေးသားသည်မှာ ရပ်ရွာလူထုတွင် တင်ရှိနေသော အဓိက အသိတရားပြဿနာတခုမှာ ခုလက်ရှိ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် အရင်တခြားပိုးတွေနဲ့ ဘယ်လို ကွာခြားသွားတာလဲ ဆိုတာကို မသိကြခြင်း ဖြစ်သည်။

ပထမဦးဆုံး အချက်တချက်မှာ သေဆုံးနူန်းကို ကြည့်ကာ ပေါ့ကြခြင်း ဖြစ်သည်။ ယခင် SARs ရောဂါပိုးသည် သေဆုံးနူန်း ၁၁ ရာခိုင်နှုန်း ပတ်ဝန်းကျင် ရှိ၏။ကိုဗစ်-၁၉ သေဆုံးနူန်းကို WHO က တရားဝင်ခန့်မှန်းချက် ထုတ်ပြန်ထားသည်မှာ ၀ ဒသမ ၅ မှ ၁ ဒသမ ၂ ရာနှုန်း အတွင်းသာ ရှိသည်ဟု ဆိုလေရာ သည်ပိုးဟာ SARs (ဆားစ်) ထက် ဆယ်ဆ‌သေဆုံးနှုန်း လျော့နည်းသည်ကို ကြည့်ကာ သိပ်ပြင်းတဲ့ ကောင် မဟုတ်ပါဘူးဟု ပေါ့ပျက် ချင်ကြလေသည်။ ထို့ပြင်လည်း ဆားစ် က ကူးစက်ခံရပြီး နှစ်ရက်အကြာတွင် ရောဂါလက္ခဏာပြသနေချိန်တွင် ကိုဗစ်-၁၉ က ကူးစက်ခံရပြီး ၁၄ ရက်အထိလည်း ရောဂါလက္ခဏာမပြဘဲ နေနိုင်သည်။ ကိုဗစ်သည် ရှေ့ဘက်ဆားစ်ထက် သေဆုံးနှုန်း အဆများစွာ နည်းသလို ရောဂါလက္ခဏာပြဖို့ ကြာညောင်းချိန်သည်လည်း နှစ်ပြန်ခွဲ သုံးပြန်လောက် ကြာညောင်းသည် ဖြစ်သဖြင့် ပြဿနာမှာ လူများစွာသည် သူတို့ကိုယ်သူတို့ ဒဏ်ရာ အနာတရ ဖြစ်နေလို့ ဖြစ်နေမှန်း မသိဘဲ ပုံမှန်သွားလာ နေကြခြင်း ဖြစ်သည်။

ဆိုပါစို့၊  ကျွန်ုပ်တို့မှာ လူဦးရေ ၁၀၀၀ စီရှိသည့် အုပ်စု နှစ်အုပ်စု ရှိသည် ဆိုကြပါစို့။ ကွဲပြားသော ရောဂါပိုးနှစ်မျိုး ရှိရာတွင် ရောဂါပိုးတခုချင်းစီက ၄င်း လူ (၁၀၀၀) အုပ် တအုပ်စီကို ကူးစက်ဒုက္ခပေးဖို့ရန် အသီးသီး ဝင်လာခဲ့ကြသည်။ ပထမရောဂါပိုးသည် လူ ၂၀ ဦးကို ကူးစက်စေပြီးလျှင် လူနှစ်ယောက် သေဆုံးကြရာ ၄င်းရောဂါပိုး၏ သေဆုံးမှုနူန်းသည် ၁၀ ရာခိုင်နှုန်း ဖြစ်သည်။ ဒုတိယ ရောဂါပိုးကမူ လူနှစ်ဆယ်ကို အပြင်း အထန်ရောဂါဆိုးဝါး စေပြီးလျှင် နှစ်ယောက်ကို သတ်ပစ်ပြန်သည်။ သို့သော် ဒုတိယပိုး၏ ထူးခြားချက်မှာ သူသည် နောက်ထပ် လူ ၁၈၀ ဦးကို ထပ်မံကူးစက်ပစ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒုတိယပိုးတွင် ကူးစက်သူ စုစုပေါင်းမှာ ၂၀၀ ဦးဖြစ်ပြီး နှစ်ဦးသေဆုံးသည် ဖြစ်ရာ သူ့သေဆုံးနူန်းသည် ၁ ရာခိုင်နှုန်းသာလျှင် ဖြစ်၏။ ၁၀ ရာခိုင်နှုန်း သေဆုံးစေသော ပထမပိုး နှင့် ၁ ရာခိုင်နှုန်းသာ သေဆုံးစေသော ဒုတိယပိုး ‘ဘယ်သင်းက ပိုဆိုးသလဲ’ ဟု ယေးလ်ပါမောက္ခက မေးခွန်းထုတ်လေသည်။ တကယ်ကတော့ ၁ ရာခိုင်နှုန်းသာ သေဆုံးခြင်းမှာ ပိုးကူးစက် ခံရသူတွေ အနမတဂ္ဂ (၂၀ နဲ့ ၂၀၀) ပိုမိုများပြားနေလွန်းလို့သာ ဖြစ်လေရာ ဘယ်သူကမှ လူ ၁,၀၀၀ ရှိသည်တွင် ရာချီဂဏန်း ကူးစက်သည်ထိ ဝင်မွှေနေသော ဒုတိယပိုးအုပ်စုထဲတွင် နေချင်ကြမှာ မဟုတ်ပါ။

ပါမောက္ခခရစ်တာကီက ညွှန်ပြသော အသိပြဿနာ နောက်ထပ်တခုမှာ ရပ်ရွာပြည်သူတို့သည် ကိုဗစ်၏ Ro (ရို) ကိန်း အကြောင်းကို မသိကြခြင်း ဖြစ်သည်။ R-nought ဟု အသံထွက်ပေမယ့် လွယ်လွယ်ကူကူ မှတ်မိစေရန် အတိုကောက်အသံ ရိုဟု သုံးပါမည်။ ရိုသည် ရောဂါကူးစက်မှုဗေဒ၏ နည်းပညာဆိုင်ရာ အညွှန်းကိန်း တခု ဖြစ်ပြီးလျှင် ရောဂါမှုခင်းတခုသည် နောက်ထပ် ရောဂါမှုခင်း အသစ် ဘယ်နှစ်ခု ကူးစက် ပြန့်ပွားနိုင်သလဲ ဆိုတာကို ညွှန်ပြသော ကိန်းဖြစ်သည်။ ဝက်သက်ရောဂါ၏ ရိုကိန်းသည် ၁၂ မှ ၁၈ ကြားရှိ၏။ ရာသီပေါ်တုပ်ကွေး၏ ရိုမှာ ၀ ဒသမ ၉ မှ ၂ ဒသမ ၁ ကြားရှိသည်။ ဆားစ် နှင့် ကိုဗစ်တို့ကမူ ၂ ဒသမ ၂ မှ ၃ ဒသမ ၆ ကြားရှိလေသည်။ ဆိုလိုသည်မှာ ကိုဗစ် ၁၉ ကူးစက် ခံရသူတဦးသည် လူ ၂ ဦးမှ ၄ ဦးနီးပါးထိ ဆပွား ကူးစက်သွားနိုင်စေပါသည်။

ရိုညွှန်းကိန်းသည် လူတယောက်ယောက် နှင့်မတူ၊ တဦးနှင့် တဦးကြား ကွာခြားပြောင်းလဲမှုတွေ (variation) ရှိသည်။  ခရစ်တာကီက ဆိုသည်မှာ ၄င်း ကွာခြားပြောင်းလဲမှုအတိုင်းအတာသည် ညွှန်းကိန်းတခု ဖြစ်ပြီးလျှင် ၄င်းသည် ကူးစက်ရောဂါတို့၏ လားရာကြမ္မာကို ဖော်ပြလျက်ရှိသည်။ ကိုဗစ်တွင် ပြဿနာမှာ ကွာခြားပြောင်းလဲမှုအတိုင်းအတာ ညွှန်းကိန်း သည် မရှိသလောက် သေးငယ်နေတာ ဖြစ်ပြီးလျှင် ကူးစက်ခံရပြီးသူ လူတယောက်သည် လူအသစ်သုံးယောက်ခန့်ကို ပုံမှန် ကူးစက် နိုင်ခြင်း ဖြစ်သည်။ ရိုကိန်းကွာခြားပြောင်းလဲမှု အတိုင်းအတာပမာဏ ကြီးမားသည့် တခြားကူးစက် ရောဂါများသည် အမြောက်အမြား ကူးစက်ခံရသည့် စူပါပျံ့နှံ့မှုများ ရှောင်တခင် ဖြစ်ပေါ်လျှင် ဖြစ်ပေါ်၊ သို့မဟုတ်ပါက ကူးစက်မှုဟာ လုံးဝ ရပ်တန့်သွားသည်။ ကိုဗစ်၏ ကူးစက်ပြန့်ပွားမှု ကမူ ဖြည်းဖြည်းမှန်မှန် တဦး မှ သုံးဦး၊ သုံးဦးမှ ကိုးဦး၊ ကိုးဦးမှ ၂၇ ဦး . . . လူမသိသူမသိ မဆုံးတမ်း သွားနေခြင်း ဖြစ်သည်။ ဤတွင် အလွန် အန္တရာယ် ကြီးမားနေမှုကို မြင်ရသည်မှာ ဖြည်းဖြည်းမှန်မှန် ပုံမှန် ကူးစက်နေသည့် ကိုဗစ်၏ ကူးစက်နိုင်မှု အကြိမ်ရေသည် ကောက်ရိုးမီးတောက်သလို ဟုန်းခနဲ တောက်ကာ ငြိမ်းသွားတတ်သည့် တခြားကူးစက်ရောဂါများထက် အဆထောင်သောင်း သိန်းသန်းမက များပြားနိုင်ခြင်း ဖြစ်သည်။

ခရစ်တာကီအတွက်ကတော့ အဲဒီသိပ္ပံအချက်အလက်တွေကို လူတွေ မသိကြခြင်းသည် လူများစွာသည် ကိုဗစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရကောင်းမှန်း မသိခြင်း ဖြစ်သည်။ ပထမဆုံး ကောက်နုတ် သတိပေးချက်တွင် သူသည် အစိုးရများ နှင့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေကို ပြောလေသည်။ ကိုဗစ်သည် ကောက်ရိုးမီးလို ဟုန်းကနဲ ထတောက်ကာ ငြိမ်းသွားမည့် ကူးစက်ရောဂါမျိုး မဟုတ်၊ ဖြည်းဖြည်းမှန်မှန် ရှေရှည် (ဘယ်လောက်တောင် တဆင့်ပြီး တဆင့် သွားနေဦးမလဲ မသိ) သွားနေသည် ဖြစ်ရာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တို့သည် ရေတို ပြင်ဆင်မှုမျိုး လုပ်လို့ မရဘဲ ရေရှည် ဆင်ယင်ထားရှိမှုတွေကို ပြင်ဆင်ကြရမည် ဖြစ်သည်။ ဒုတိယတချက်တွင် သူသည် ရပ်ရွာလူထု၏ ပါဝင်ဖို့ အရေးကြီးပုံကို ပြောလေသည်။ လူမသိသူမသိ ပုံမှန်သွားနေသည့် ကိုဗစ်၏ ရပ်ရွာတွင်း ကျယ်ပြန့်စွာ ဆက်လက်ပြန့်ပွားနိုင်မှုကို ဖြတ်တောက်ဖို့ဆိုလျှင် လူတွေသည် (အစိုးရက) လိုက်လံရှာဖွေမှ လုပ်ရမည် လို့ မဟုတ်ဘဲ မိမိဘာသာ ကွာရန်တင်းခြင်း၊ မိမိဘာသာ ပိုးစစ်ဆေးဖို့ လုပ်ခြင်းတို့ကို လုပ်ကြမှ ဖြစ်ပေမည်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရက လိုက်ရှာပြီး ဖမ်းမိမှသာ လူတွေက ကွာရန်တင်းခြင်း ပိုးစစ်ဆေးခြင်းတို့ လုပ်ကြမည် ဆိုပါက လွတ်ထွက်သွားသော မှုခင်းတခုသည် WHO က တရုတ်၏ အောင်ပွဲခံမှုကို မေးငေါ့ခဲ့သည့် နည်းတူ ကျိုးတိုးကျိုးတဲကနေ အစုအအုံဖြစ်၊ အစုအအုံကနေ နေရာ အနှံ့ ပြန်လည် ပြန့်ပွားသွားဦးမှာ ဖြစ်သည်။ တဖက်တွင်လည်း ဖြည်းဖြည်းမှန်မှန် ပြန့်ပွားလာမှာ ဖြစ်သော ကိုဗစ်ကူးစက်မှုကို တားဆီးဖို့ ဆိုတာသည် အစိုးရ နှင့် ကျန်းမာရေးအဖွဲ့အစည်းများသည် ရောဂါရှိသူ (သို့) ရောဂါသံသယရှိသူများ နှင့် ထိတွေ့ခဲ့သူတို့ကို ပြဲပြဲစင်အောင် လိုက်ကြရမည် ဖြစ်သည် (contact tracing) ။

WHO က တရုတ်ကြီးကို သတိပေးလိုက်သော ‘ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေလို့တော့ မဖြစ်ဘူး’ နှင့် လူမှုကွန်ယက် သိပ္ပံပညာရှင် ခရစ်တာကီ၏ ‘အမှန်အတိုင်း သေချာ သိရှိဖို့လိုတယ်’ ကျွန်ုပ်တို့ ဗမာနိုင်ငံသည် ရက်ပိုင်း အတွင်းတွင် ဘယ်လိုဖြစ်လို့ ဒါလောက်တောင် ပိုးကူးစက်သူတွေ တွေ့လာရသလဲကို ရှင်းပြနေပါသည်။ သြဂုတ် ၁၃ ရက်မှစလို့ မကြုံစဘူး ပိုးကူးစက်မှု အတည်ပြုလူနာများ တဟုန်ထိုး ကူးစက်များပြားလာရခြင်း ဆိုသည်မှာ ပိုပြီး ကူးစက်မှုမြန်သော ပိုးအသစ်တမျိုးကြောင့်ဆိုသည်ထက် ကိုဗစ်-၁၉ ရိုကိန်း၏ ပုံမှန်သွားနေခြင်းသဘော၊ လက္ခဏာ ပြသမှု နှေးကွေးခြင်း သဘော၊ အနာတရ ဖြစ်မှန်းမသိဘဲ လမ်းလျှောက်နေကြသူ အများအပြား ရှိနေကြခြင်း သဘောတို့ကို ကျွန်ုပ်တို့သည် သေချာထဲဝင် သိရှိကာ ထိရောက်သည့် ကာကွယ်မှု တို့ကို မလုပ်ခဲ့ ကြခြင်းပဲ ဖြစ်ပါသည်။ ကိုဗစ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ကျွန်ုပ်တို့သည် အကောင်းဆုံးနည်းလမ်းတွေကို အသုံးပြုဖို့ရန် နှောင့်နှေးခြင်း၊ လက်ဦးမှု မရယူနိုင်ခြင်း၊ အထူးသဖြင့် လက်ဦးမှု မရယူနိုင်ခြင်းကြောင့် ဖြစ်‌‌ပေါ်လာမည့် အန္တရာယ်ကို အာရုံခံနိုင်မှု အသိအမြင် အားနည်းခဲ့၍ ဖြစ်ပါသည်။

ထပ်ဆင့်မေးခွန်းတခု ပေါ်ပေါက်လာသည်မှာ ကျွန်ုပ်တို့၏ လက်ဦးမှု မရယူနိုင်ခြင်းသည် (အန္တရာယ်ကို အမှန် အတိုင်း) အာရုံခံမှု အသိအမြင် အားနည်း၍ ဆိုပါလျှင် တခြား စွမ်းဆောင်ပြနိုင်သည့် (ထိုင်း ၊ဗီယက်နမ်) နိုင်ငံတွေမှာ ၄င်းအသိတရား အားမနည်းဘဲ ကျွန်ုပ်တို့ လူ့ဘောင်မှာမှ ဘာလို့ အားနည်းနေရသလဲ ဆိုတဲ့ အချက် ဖြစ်သည်။ ဤမေးခွန်းနှင့် ပတ်သက်၍ ဗမာပြည်သည် နောက်ကျကျန်ရစ်နိုင်တာ ဖြစ်နေနိုင်သော အခြေခံအကြောင်းရင်း နှစ်ခုကို ဖော်ပြလိုပါသည်။ ပထမအားနည်းချက်ဟု ယူဆထင်မြင်မိသည်မှာ သိပ္ပံက ဖော်ထုတ် လိုက်သော ရှာဖွေတွေ့ရှိချက်များကို ဦးစီးဆောင်ရွက်သူတို့သည် ပေါ်လစီမူဝါဒများ အဖြစ် ပြန်လည် အသက်သွင်းရာတွင် ချို့ယွင်းအားနည်းချက်များ ရှိနေခြင်း ဖြစ်သည်။ ကိုဗစ်သည် သိပ္ပံကို တုံ့ပြန်သည်၊ သိပ္ပံ၏ ဒဏ်ကို မခံနိုင် ဟု အမေရိကန်ပြည်ထောင်စု ဗဟိုရောဂါထိန်းချုပ်ရေး ဌာန (CDC) ၏ အကြီးအကဲက ကမ္ဘာသိ ကြေညာခဲ့ဖူးသည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကပ်ရောဂါသာမက အချက်အလက် ကပ် (infodemic) ဟု ခေါ်ကြရာ သိပ္ပံအချက်အလက်များ တခုပြီး တခု၊ တနေ့ပြီး တနေ့ ပေါ်လာ လုံးခဲပြွတ်သိပ်လျက် နေသည်ကို တွေ့ကြရပါသည်။ ဤသို့ ဖြစ်နေရာတွင် အရေးကြီးသည်တို့မှာ ပေါ်လစီမူဝါဒချမှတ်သူတို့အတွက် ပထမ စွမ်းဆောင်ချက်အနေဖြင့် မိမိတို့၏ ချမှတ်လမ်းညွှန်မှုများသည် သိပ္ပံက ရှာဖွေတွေ့ရှိထား‌သော ခိုင်မာသည့် သက်သေ အထောက်အထား အချက်အလက်တို့ကို ရှင်းလင်းစွာ စုစည်းအခြေခံနိုင်သဖြင့်သာ ပြုလုပ်ရပါမည်။ ဒုတိယစွမ်းဆောင်ချက် အနေဖြင့် သက်သေအထောက်အထားအချက်အလက်တို့ကို လက်တွေ့ အကောင် အထည်ဖော်ဖို့ ထိရောက်သည့် မူဝါဒများအဖြစ် ကူးပြောင်းဖလှယ် ပြန်ဆိုနိုင်ရပါမည်။

တတိယ နှင့် ပဓာနအကျဆုံး အချက်ကမူ WHO နှင့် လူမှုကွန်ရက် သိပ္ပံပညာရှင်က ညွှန်ပြထားသော အချက်ပဲ ဖြစ်သည်။ မူဝါဒချမှတ်သော ခေါင်းဆောင်တို့သည် ပြည်သူကို တိုက်ပွဲတွင်း ဆွဲသွင်းနိုင်ဖို့ အတွက် ‘သိပ္ပံ’ ကို ပြည်သူက အမှန်အတိုင်း နားလည်သိမြင်စေရန် သတင်းပေး အကြောင်းကြားမှု ပြုလုပ်နိုင်ရပါမည်။ ဤ တတိယ စွမ်းဆောင်ချက်နှင့် ပတ်သက်၍ WHO က လေးနက်စွာ အသိပေးခဲ့သည်မှာ ထိုသို့ အမှန်အတိုင်း (သိပ္ပံသက်သေရှိသည့်) သတင်းစကားကို အသိပေးအကြောင်းကြားမှသာလျှင် အစီအမံမူဝါဒများနှင့် ပတ်သက်၍ ရှင်းလင်းစွာ နားလည်သဘောပေါက်လာသော ရပ်ရွာပြည်သူလူထုသည် အစိုးရ ကျန်းမာရေးစနစ်က တုံ့ပြန်ဆောင်ရွက်ချက်များ အပေါ် ယုံကြည်အားကိုးနိုင်ပါမည်။ ထိုသို့ အဖြစ်မှန်ကို အဖြစ်မှန်အတိုင်း၊ အန္တရာယ်ရှိတယ် ဆိုလျှင် ‘ဘာကြောင့် အမှန်ကို အန္တရာယ်ရှိနေသလဲ’ ဟု သိပ္ပံကို ကိုးကားရှင်းပြနေသော စနစ်တခု အပေါ်မှာ ပြည်သူသည် စိတ်လိုလက်ရ နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာကြမည် ဖြစ်သည်။

ရန်ကုန် မြို့နယ်များတွင် ကေ့စ်များ တဟုန်ထိုး များပြားလာသော အခါ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်မှာ ‘ရန်ကုန်သားတွေ သည့်ထက် ပိုပြီး လိမ္မာခဲ့ရင် အကောင်းသား’ ဟု ဖြစ်သည်။ အန္တရာယ်အပေါ် ပိုမိုသတိမူခဲ့လျှင် သည်လို ဖြစ်လိမ့်မှာ မဟုတ်ဟု ဆိုလိုပုံ ရပါသည်။ သို့သော် ဤမှတ်ချက်သည် ရလဒ်ကို တန်းရောက်နေသော သဘော ဖြစ်ပေသည်။ မလိမ္မာကြခြင်း (အန္တရာယ်ကို လက်လွတ်စပယ် နေကြခြင်း) ဟူသည် တွင် ၄င်းအမူအကျင့်ကို ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်းခံတခု ထင်ရှားသည်မှာ အမှန်အတိုင်း သိမြင်ဖို့  (သိပ္ပံဗဟုသုတ) သတင်းစကားသည် အများပြည်သူအကြားတွင် ပျံ့နှံ့ထွန်းကားမှု မရှိခဲ့ခြင်းကို လှစ်ဟ ဖော်ပြ လျက် ရှိပေသည်။

၄င်းသည် အစိုးရ၏ ရည်ရွယ်ချက်များနှင့် ရပ်ရွာလူထုအကြား မဆက်သွယ်နိုင်ဘဲ လေဟာနယ်ကြီး ဖြစ်နေသော ကွက်လပ်တခုကို ကိုယ်စားပြုလျက် ရှိပြီးလျှင် ထိုကွက်လပ်ကြီးကို ဖြည့်ဆည်းနိုင်ကြရန်အတွက် ရှေ့လျှောက် ကျွန်ုပ်တို့ လုံးပမ်းကြရမည် ဖြစ်သည်။ ထိုကွက်လပ်ပေါက်ကြီး သေးငယ်ပပျောက်သွားသည်နှင့် အမျှ ကိုဗစ်ကို အစွမ်းထက်မြက်စွာ စွဲနစ်ကာကွယ်ကြကုန်သော ရပ်ရွာပြည်သူလူထု နှင့်တကွ ခေါင်းဆောင်တို့၏ အောင်ပွဲကို ကျွန်ုပ်တို့ ကြည်သာအေးမြ တွေ့မြင်ကြရမည် ဖြစ်သည်။

Nyo Tun

ဒေါက်တာညိုထွန်းသည် နိုင်ငံတကာ အကြံပေးတဦးဖြစ်ပြီး EU, USAID, Gates Foundation နှင့် UN တို့အတွက် စီးပွားရေး ပိုင်းခြားစိတ်ဖြာသုတေသန အစီအစဉ်များ၌ လုပ်ကိုင်နေသူဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search