Menu & Search

လှေခွက်ကြီးကျန်အလံမလှဲ

October 7, 2020

စက်တင်ဘာ ၂၅ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ နံနက်၈နာရီကြေငြာချက်အရ ဓာတ်ခွဲစမ်းသပ်စစ်ဆေးသူ ၄,၇၂၅ မှာ ၆၈၈ ဦးပိုးတွေ့ရှိတယ်လို့ဖော်ပြထားပါတယ်။

ဒါဟာ လူတရာမှာ ၁၄.၅% ပိုးစစ်ဆေးတွေ့ရှိတာဖြစ်ပြီး ဆေးစစ်သူ ၆ယောက်မှာ ၁ယောက်က ပိုးတွေ့ရှိတာဖြစ်ပါတယ်။ လူထုထဲ အမှန်တကယ်ကူးစက်မှုနှုန်းဟာ ဘယ်လောက်များလဲ မသိနိုင်ပေမဲ့ ကျိန်းသေတာက ဒီထက်မနည်းနိုင်တာပါပဲ။ ခုလို မသက်သာလို့၊ သံသယရှိလို့ Fever Clinic လာတဲ့ သူတွေကို ထိုင်စစ်တာမဟုတ်ပဲ ရပ်ကွက်တွေထဲဝင်ပြီး ရှာဖွေစူးစမ်း စစ်ဆေးမယ် ဆိုရင် နိုင်ငံတကာပညာရှင်တွေ သုတေသနအချက်တွေအပေါ်မှာအခြေပြုခန့်မှန်းထားတဲ့ သုံးယောက်တယောက်နှုန်း နဲ့လည်း ပိုးကူးစက်နေတာဖြစ်နိုင်ပါတယ်။ ဗီဇပြောင်း ပိုးဖြစ်တယ်လို့ ဆိုကြတော့ ဒီထက်လည်းများနေ နည်းနေနိုင်ပါတယ်။ ကျိန်းသေတာကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးပထမဆုံးတွေ့ရှိခဲ့တဲ့ မတ်လတုန်းကအခြေအနေတွေနဲ့ ကွာခြားသွားနေပြီဖြစ်လို့ အဲ့ဒီ့တုန်းကတည်းက ကျင့်သုံးခဲ့တဲ့ Containment and tracing approach နဲ့ ဖိဖိစီးစီး သံသယရှိတဲ့ လူနာတွေကို ရှာဖွေစစ်ဆေး၊ ထိန်းသိမ်းကာကွယ်၊ တတ်နိုင်သမျှ အစိုးရက အကုန်ကျခံကုသပေးနေတဲ့နည်းတွေက ဘယ်လောက်ထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်မလည်းဆိုတဲ့ အချက်ကို ပြန်လည်ဆန်းစစ်ဖို့လိုလာတယ်လို့ထင်ပါတယ်။ လက်ရှိရန်ကုန်မှာ တိုးပွားလာတဲ့ ရောဂါပိုးတွေ့လူနာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူတဦးက တော့ ဒီ Containment and tracing နည်းကိုပါ တတ်နိုင်သမျှကြိုးစားလုပ်ဆောင်ဖို့နှင့် ပြည်သူတွေက ဝိုင်းဝန်းကူညီဖို့၊ တဦးချင်း ကျန်းမာရေး ညွှန်ကြားချက်တွေကို လိုက်နာထိန်းသိမ်းစွားဖို့ လူထုကို မေတ္တာရပ်ခံတဲ့ ဗီဒီယိုမက်ဆေ့ချ်ကိုလည်း ကြည့်လိုက်ရပါတယ်။ တာဝန်ရှိဆရာကြီးရဲ့ ယုံကြည်ချက်ရှိရှိ အတတ်နိုင်ဆုံးစွမ်းစွမ်းတမံကာကွယ်၊ ထိန်းသိမ်းကုသသွားမယ်ဆိုတဲ့ ပြောကြားချက်ဟာ ကြည့်ရှုရသူ ပြည်သူအပေါင်းအနေနဲ့ များစွာ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ လှေခွက်ကြီးကျန် အလံမလှဲဆိုသလို ဆောင်ရွက်နေတဲ့ကိစ္စ ဘယ်လောက်ပဲ အခက်အခဲကြုံနေပါစေ စိတ်မပျက်ပဲ၊ အရှုံးမပေးပဲ ရတဲ့အထိ စွမ်းနိုင်သလောက် ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုတဲ့ကြွေးကျော်သံပါပဲ။ စိတ်ခွန်အားကို ဖြစ်စေပါတယ်။

ကိုဗစ် ကူးစက်မှု ပြန်လည်ခေါင်းထောင်လာတဲ့အချိန်မှာ ဆေးမပေါ်သေးတဲ့အတွက် ရောဂါကို ကုသဖို့ထက် အတတ်နိုင်ဆုံးထိန်းသိမ်းမယ်။ မပြန့်ပွားသွားအောင် ထိန်းချုပ်မယ်။ အသေအပျောက် အနည်းဆုံးဖြစ်အောင် ရောဂါဖြစ်သူတွေကို ဆေးမပေါ်သော်ငြားလည်း အတတ်နိုင်ဆုံး ကုသပေးမယ်ဆိုတာ အင်မတန်ကောင်းတဲ့၊ မွန်မြတ်တဲ့ စိတ်ဓာတ်ပါပဲ။ ဆရာဝန်တိုင်း မဖြစ်မနေထားရမဲ့ Professional Spirit သမားတော် စိတ်ဓာတ်ပါပဲ။ ဒီလို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ လုပ်ကိုင်နိုင်အောင် ပံပိုးပေးတဲ့သူတွေကလည်း လူထုကို တကယ်ရှေ့ရှုတဲ့ တာဝန်ရှိ၊ တာဝန်သိ၊ တာဝန်ကျေတဲ့ နိုင်ငံရေးသမားများလည်း ဖြစ်ပါတယ်။ သို့သော်စဉ်းစားစရာရှိတာက လှေခွက်ကြီးကျန် အလံမလှဲဟာ စိတ်ဓာတ်ရေးရာ အခြေခံမူ Moral Principle ပါ။ အခြေနေနဲ့ အချိန်ခါအပေါ်မူတည်ပြီး ကျင့်သုံးအပ်တဲ့ မဟာဗျူဟာမြောက်နည်းလမ်း Tactical Approach ဟုတ်မဟုတ်ဆိုတာတော့ အထက်မှာ ဆိုခဲ့သလို ပြန်လည်စီစစ်ဖို့လိုတယ် လို့ထင်ပါတယ်။

အတတ်နိုင်ဆုံး မပြန့်ပွားရေး ထိန်းချုပ်ကုသပေးရေးကို အခြေခံမူအဖြစ်ဆွဲကိုင်ပြီး လက်တွေ့ကျနတဲ့ ဦးစားပေးမှု မူ Priority Setting Approach နဲ့ ကိုင်တွယ်ဖြေရှင်းသင့်မသင့် Crisis Management ကို ကျွမ်းကျင်သူများ ဝိုင်းဝန်းခေါင်းစား Brainstorming အဖြေထုတ်ဖို့ လိုတယ်ထင်ပါတယ်။ ဆေးမပေါ်သေးတဲ့ရောဂါကို ဆက်လက်တိုက်ပွဲဝင်ဖို့ ခရီးရှည်ကြီး ချီတက်ရဦးမှာပါ။ ကနဦးအစမှာတင် ခြေကုန်လက်ပန်းကျပြီးကျန်းမာရေးစနစ်ကြီးတခုလုံး ချုံးချူံးကျလို့ စီးပွားပျက်ကာ နလန်မထူနိုင် ဖြစ်သွားမလား ဆိုတာကိုလည်းထည့်တွက်ရပါမယ်။ ကိုဗစ်ဟာ တပွဲတိုးနဲ့ ရှိသမျှအင်အား အကုန်သုံးပြီး တိုက်ရမဲ့ ပွဲမဟုတ်ပါဘူး။ ဘယ်လို ယှဉ်ပြိုင်တိုက်ခိုက် အတူဆက်သွားရင်း နလန်ထူနိုင်အောင် ဘယ်လို ပြင်ဆင်မလဲဆိုတဲ့ Adaptation and Resilience ကို မဖြစ်မနေ ကြံဆောင်ကြိုးပမ်းဖို့လိုမယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။

လက်ရှိစာရင်းဇယားတွေအရ ရန်ကုန်မှာ ကိုဗစ်လူနာ ၈,၅၁၅ ဦးရှိပြီး ၁၅၅ဦး၊ သေဆုံးကာ ၂,၃၈၁ ဦးဆေးရုံမှဆင်းခွင့်ပြုတယ်ဆိုတဲ့အတွက် လက်ရှိကုသဆဲ လူနာ ၅,၉၇၉ ဦး ကျော်ရှိပါတယ်။ အဲ့ဒီအထဲက ၈၀% ခန့်ဟာလည်း ရန်ကုန်မြို့မှာ ရှိတဲ့လူနာတွေဖြစ်ပါတယ်။ စက်တင်ဘာ ၂၀ရက်နေ့အရ ကုသဆဲ လူနာ ၄,၄၅၁ ဦးအနက် ရန်ကုန်မှာ ၃,၇၀၀ခန့်တက်ရောက်ကုသနေတယ်လို့ ဧရာဝတီသတင်းဌာနကဆိုပါတယ်။ နေ့စဉ် လူနာ တွေ့ရှိမှုကလည်း တရာ၊နှစ်ရာကနေ ငါးရာ၊ခြောက်ရာ ခုန်ပြန်ကျော်လွှားလို့ အမြင့်ဆုံး ရှစ်ရာ အထက်ရှိခဲ့တာ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း တွေ့နေရပါတယ်။ လက်ရှိပိုးရှိ-မရှိ စစ်နိုင်တဲ့ အနေအထားကလည်း တနေ့ ၄,၀၀၀ မှ ၅,၀၀၀ ကြား လောက်ရှိနေတာ သတိပြုမိပါတယ်။ Facility Quarantine FQ တွေမှာ စစ်သမျှ အဖြေတွေအရ ပိုးတွေ့သူတွေရဲ့ ၇၅% ဟာ လက္ခဏာမပြတဲ့ လူနာ Asymptomatic Patient တွေ ဖြစ်နေပါတယ်။

ကိုရီးယား မှာတွေ့တဲ့ရောဂါဖြစ်ပွားမှုပုံစံကိုကြည့်ပြီး လူတယောက်ရောဂါ ဖြစ်တဲ့အခါ မဆင်မခြင် နေထိုင်ကြရင် ၅ရက်အတွင်း သုံးယောက်ကူးမယ် တလဆိုရင် လူ၄၀၀ ကျော် ကူးမယ်။ ပြောတဲ့ အတိုင်းနှာခေါင်းစည်း၊ လက်ဆေး၊ ခပ်ခွာခွာနေရင် တပတ်အတွင်း တယောက်၊ တလလုံးမှ သုံးဦးလောက်ပဲ ကူးမယ်ဆိုတဲ့ ကိုဗစ်-၁၉ ပညာပေး ပိုစတာတွေမှတ်မိကြဦးမယ်ထင်ပါတယ်။ ခုမြန်မာပြည်မှာ ရောက်နေတဲ့ ပိုးဟာ ကိုရီးယားအအေးပိုင်းဒေသမှာတွေ့တဲ့ ပိုးမျိုးမဟုတ်တော့ပါဘူး၊ အပူပိုင်းဒေသတွေမှာ အစပထမဦး အားပျော့စွာရောက်လာပြီး အဲ့ဒီမှတဆင့် မျိုးရိုးဗီဇပြောင်းလဲလာတဲ့ ကိုရိုနာဗိုင်းရပ်ပိုးမျိုး ဖြစ်တယ်လို့ပြောနေတာဖြစ်တဲ့အတွက် သူရဲ့ အမှန်တကယ်ကူးစက်မှုနှုန်း RO ဟာ အထက်မှာပြောတဲ့ အတိုင်း ဟုတ်ချင်မှ ဟုတ်တော့မှာပါ။ ဒီကနေ့အိန္ဒိယမှာ တနေ့ လူတသိန်းလောက် ကူးနေတဲ့ ပိုးမျိုးဖြစ်ဖို့များပါတယ်။ ကဲ…စိတ်ချမ်းသာအောင်လို့ ကိုရီးယား data အပေါ်အခြေခံတွက်တဲ့ ဆင်ဆင်ခြင်ခြင်နေတာတောင်မှ တလသုံးယောက်ကူးတယ်ဆိုတဲ့ နှုန်းကိုပဲ ယူသုံးပြီးတွက်ရင်တောင်မှ ရန်ကုန်က လက်ရှိလူနာ ၅,၀၀၀ ကနေ လူနာ ၁၅,၀၀၀ ဟာ အောက်တိုဘာလကုန်ခါနီး မှာတင် ဖြစ်လာနိုင်ပါတယ်။ ဒါက ဆေးရုံကုသဆဲ လူနာအပေါ်မူတည်ပြီးတွက်တာပါ။ ရပ်ကွက်ထဲနေထိုင်သူတွေကြားမှာ ပျံ့နှံ့နေတဲ့ ရောဂါလက္ခဏာမပြတဲ့ လူနာတွေကိုပါထည့်တွက်ရင် ဒီထက်မကများပါမယ်။ အပြင်လူနာက ဆေးရုံထဲကထက် နှစ်ဆရှိတယ်လို့ယူဆပြီးတွက်ရင် အောက်တိုဘာလကုန်မှာ ပိုးရှိလူနာ ၁၅,၀၀၀ ကနေ ၄၅,၀၀၀ လောက်အထိ ဖြစ်သွားနိုင်ပါတယ်။ လူနာတယောက်မှာ ထိတွေ့ဆက်ဆံမိလို့ သံသယရှိ ကူးနိုင်ခြေရှိသူ က ၃ ယောက်ကနေ ၅ ယောက်ကြားတွက်ရင်ကို စောင့်ကြည့် Q ဝင်ရမဲ့သူဟာ အနိမ့်ဆုံးအခြေအနေမှာ ၄၅,၀၀၀ ကနေ ၁၃,၅၀၀ သို့မဟုတ် အမြင့်ဆုံးအခြေအနေမှာ ၇၅,၀၀၀ ကနေ ၂၂၅,၀၀၀ အထိ ဖြစ်သွားနိုင်ပါတယ်။ လက်ရှိအတွေ့အကြုံအရ လူနာထဲမှာ လက္ခဏာမပြတဲ့ သူက ၇၅% ရှိတယ်ဆိုတော့ ဒီလိုအမျိုးအစား လူနာကလည်း အောက်တိုဘာလအတွင်း ၁၁,၂၅၀ ကနေ ၃၃,၇၅၀ ဦးရေရှိနိုင်ပါတယ်။ ရောဂါလက္ခဏာ ပြတဲ့သူတွေထဲက ၈၀% ဟာ ပြန်လည်ကောင်းမွန်သွားတယ်၊ အထူးဂရုပြု ကုသပေးရသူက ၂၀% လောက်ပဲရှိတယ်ဆိုတဲ့ အချက်ကို အခြေပြုတွက်ချက်ရင် ဒီလို လူနာမျိုးကလည်း ၇၀၀ ကနေ ၂,၂၅၀ လောက်ရှိမယ်လို့ခန့်မှန်းနိုင်ပါတယ်။

ဒါကြောင့်ဒီစာရဲ့ အစပိုင်းမှာတင်ပြတဲ့ ဦးစားပေးချမှတ်ပြီး လူထုအခြေပြု ကာကွယ်ဆောင်ရွက်ခြင်းနည်းလမ်း (Prioritization and Community based prevention and protection approach) အလိုက် အတတ်နိုင်ဆုံး အကောင်းဆုံးကာကွယ်ထိန်းချုပ်ကုသမယ်ဆိုတဲ့ နည်းဗျူဟာကို ပြောင်းဖို့လိုမလား ဝိုင်းစဉ်းစားသင့်ပါတယ်။ ဒီနည်းလမ်းကို လက်ခံရင်ကြိုတင်ပြင်ဆင်ထားရင် မကောင်းဘူးလား ဆိုပြီး ဆက်ဆွေးနွေးဖို့ပါ။ ဒါဆိုရင် အောက်ပါအဆိုပြုချက်တွေက အသုံးဝင်မယ် ထင်ပါတယ်။

၁။   လက်ရှိ ဝေဘာဂီ၊ တောင်ဥက္ကလာ၊ဖောင်ကြီးဆေးရုံ နဲ့ အသက်ရှုစက် ရှိတဲ့ဆေးရုံတွေကို အထူးကုသမှုကိုခံယူဖို့လိုတဲ့ လူနာ ၇၀၀ ကနေ ၂,၂၅၀ တို့အတွက် သက်စောင့်ထားစေချင်ပါတယ်။

၂။   ကျန် လက္ခဏာပြ၊ ရောဂါမဆိုးတဲ့ လူနာ ၃,၀၀၀ ကနေ ၉,၀၀၀ လောက်အထိကိုထားနိုင်အောင် အရေးပေါ်ဆေးရုံတွေဆောက်လုပ်နိုင်အောင်ကြိုးစားပါ။ တချို့ လက်ရှိ FQ တွေကို ယာယီဆေးရုံ အဖြစ်ပြောင်းလဲ အသုံးပြုလိုက်တာက လူနာ ၄,၀၀၀ လောက်ထိကို ထားနိုင်စွမ်းရှိမယ် ထင်ပါတယ်။ အသစ်တိုးချဲ့ ဆောက်လုပ်နေတဲ့ယာယီဆေးရုံတွေ အနေအထားနဲ့ ဆိုရင် ဒီပမာဏလောက်ကို ပြည့်မှီသွားနိုင်မယ်လို့ မှန်းပါတယ်။ ဒီယာယီဆေးရုံတွေမှာတော့ အလှူရှင် ဒါမှမဟုတ် ကိုယ့်စရိတ်ကိုယ်စား ဆေးရုံဖြစ်စေချင်ပါတယ်။ နိုင်ငံတော်မှာ ဝန်မပိစေချင်လို့ပါ။ ဆေးဝါး နိုင်ငံတော်က အကုန်ကျခံနိုင်ပါတယ်။

၃။   လက္ခဏာမပြ ပိုးရှိလူနာ ၁၁,၂၅၀ ကနေ ၃၃,၂၅၀ အတွက်ကိုတော့ Township Quarantine for Asymptomatic Patient (TQAP) ဖွင့်လှစ်ပြီး မြို့နယ်ကိုဗစ်ကော်မတီက ဝိုင်းတာဝန်ခွဲယူနိုင်မလားလို့ စဉ်းစားမိပါတယ်။ မြို့နယ် ၃၀ နဲ့စားရင် တမြို့နယ် ၃၇၅ ဦးကနေ ၁,၁၀၀ ဦးလောက်ထားနိုင်မဲ့ ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေ ရှာလို့ရမလားလို့တွေးမိပါတယ်။ ဆေး၊ အစားအသောက် မိမိအစီအစဉ်နဲ့ မိမိနေထိုင်ဖို့ပါပဲ။ အစိုးရအနေနဲ့က Mobile Clinic Team ဖွဲ့ပြီး လှည့်လည်ကြည့်ရှု အကြံဉာဏ်ပေးဖို့ပါပဲ။ ရောဂါဆိုးလာရင် အထက်က ဆေးရုံတွေရွှေ့ဖို့ပါပဲ။

၄။   လူနာနဲ့ထိတွေ့မှုရှိတာကြောင့် ​စောင့်ကြည်ရမဲ့ သူ ၇၅,၀၀၀ ကနေ ၂၂၅,၀၀၀ အတွက်ကတော့ သုံးမျိုး စဉ်းစားလို့ရပါတယ်။

(က)       မြို့နယ်အတွင်းမှာရှိတဲ့ တည်းခိုခန်း၊ ဟိုတယ်တွေမှာ ပြောင်းရွှေ့နေခြင်း။ အဲ့ဒီအတွက်တော့ အစိုးရက သက်ဆိုင်ရာ တည်းခိုခန်းပိုင်ရှင်တွေနဲ့ Q ဝင်နိုင်မဲ့ သူတွေကြား သင့်တော်တဲ့နှုန်းနဲ့နေနိုင်အောင်ညှိပေးဖို့လိုပါမယ်။ လက်ရှိ တနေ့ ၃ သောင်းက​နေ ၅ သောင်းက များလွန်းပါတယ်။ တနေ့ ငါးထောင်၊ တသောင်း ကိုယ့်ခြင်ထောင် ခေါင်းအုံးနဲ့ လာဆိုတာမျိုး ညှိုနှိုင်းသင့်ပါတယ်။ ဒီလို ဆောင်ရွက်ပေးတဲ့ တည်းခိုခန်းပိုင်ရှင်တွေကိုလဲ အထူးအခွင့်ရေးတွေ ပေးသင့်ပါတယ်။ ဒီတည်းခိုခန်းတွေရဲ့ လွတ်တဲ့စာရင်းကို နေ့စဉ် Facebook မှာ တင်ပေးထားရင် မြို့နယ်နေ Q ဝင်မဲ့သူတွေ အလွယ်တကူရွေးချယ်နိုင်ပါလိမ့်မယ်။

(ခ)      မိမိအိမ်မှာပဲ သီးခြားခွဲနေဖို့ ဖြစ်နိုင်သူတွေအတွက်ကတော့ အိမ်မှာပဲ Q ခိုင်းပါ။ ရပ်ကွက် ကိုဗစ်ကော်မတီက ဒါကို စိစစ်ဖို့လိုပါတယ်။

(ဂ)      မိမိအိမ်မှာ Q ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်သူတွေအတွက် အထက်မှာရေးခဲ့သလို မြို့နယ် TQAP တွေမှာ သီးခြားနေရာပေးပြီး စီစဉ်ထားရှိနိုင်မလား ထည့်စဉ်းစားဖို့လိုပါတယ်။ တမြို့နယ်မှာစောင့်ကြည့်လူနာ၊ လက္ခဏာမပြလူနာ ၁,၁၀၀ ထက်ပိုလို့ ၂,၀၀၀ လောက်ထိ ထားနိုင်မဲ့နေရာ ကြိုတင်ရှာဖွေ စီစဉ်ဆောင်ရွက်ထားမယ်ဆိုရင် လူနာနဲ့Q ဝင်ရမဲ့သူတွေ ၁၁ ရက်ခြား လှည့်လည်ထားနိုင်မယ့် ပုံစံအရ နေအိမ် Q ဝင်ဖို့ခက်ခဲသူတွေအတွက်လည်း အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။

၅။   စောင့်ကြည့်လူနာများလာသည်နှင့်အညီ သူတို့ထဲက လူနာဖြစ်လာမဲ့သူတွေလဲ ရှိနိုင်ပါတယ်။ သူတို့တွေဟာ စောင့်ကြည့်စဉ်ကာလမှာ ရောဂါနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်သတိထားစောင့်ကြည့်သလို သိလိုတာတွေ မေးမြန်းဖို့ ကျန်းမာရေးဆိုင်ရာ ပြန်ကြားရေးစနစ်တခုလိုလာပါတယ်။ လက်ရှိ Call Center တခုတည်းနဲ့ အဆင်မပြေနိုင်တာမို့ ပိုမို အဆင်မြင့်အဆင်ပြေစေမဲ့ Mobile App တခုလိုလာပါလိမ့်မယ်။ လက်ရှိမှာလည်း အသင့်ရရှိနိုင်တဲ့ Mobile App တွေ ရှိနေပြီမို့ သင့်တော်ရာကို ကျန်းမာရေးဝန်ကြီးဌာနက လက်ခံအသုံးပြုဖို့ပါပဲ။ ဒီနေရာမှာ အရေးကြီးတာက Coding system ပါပဲ။ ဒါကြောင့် တွေ့ရှိလူနာ၊ စောင့်ကြည့်လူနာတွေအတွက် Coding system တခုကို တပြေးညီတီထွင်ကျင့်သုံးနိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ Health Information System (HIS) တခုကို လက်ရှိဝန်ကြီးဌာနမှာ အောင်မြင်စွာ ကျင့်သုံးနေပြီဖြစ်လို့ ဒါဟာ မခက်ခဲဘူးလို့ထင်ပါတယ်။ Workload များမှာဖြစ်တဲ့အတွက် IT Volunteer တွေတော့ကြိုတင် အားဖြည့်ထားဖို့လိုပါလိမ့်မယ်။ နို့မို့ဆိုရင် လူမှားပြီး လူနာသတ်မှတ်တာ၊ ဆေးစစ်ချက်လွဲတာတွေက ပြဿနာကို ပိုရှုပ်ထွေးစေမှာဖြစ်ပါတယ်။

၆။   များများ၊ မြန်မြန်စစ်ဆေးခြင်းဟာ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းမှာ အခရာ အကျဆုံးပါ။ အောက်တိုဘာလအတွင်း အများဆုံးရှိနိုင်တဲ့ ပိုးရှိလူနာ ၄၅,၀၀၀ ဟာ တပြိုင်နက်ရောက်လာတာ မဟုတ်ပဲ ဆယ်ရက်တသုတ် ဆေးရုံတက်လာနိုင်တဲ့ပုံစံမျိုးလို့ခန့်မှန်းတာမို့ ပိုးတွေ့လူနာ ၁၅,၀၀၀ ကို ဆေးစစ်ရမယ့်လူနာဟာ တရက်ကို ၁,၅၀၀ခန့် ရှိမယ်လို့မှန်းပါတယ်၊ တလအတွင်းအများဆုံးစောင့်ကြည့်လူနာ ၂၂၅,၀၀၀ ကို စစ်ဆေးဖို့ဆိုရင် တရက် ၇,၅၀၀ လောက်စစ်ရပါမယ်။ ရပ်ကွက်တွင်း ရှာဖွေစစ်ဆေးခြင်း (Aggressive Testing) နှင့် လုပ်ငန်းခွင်ဝင်ဖို့ စစ်ဆေးပေးရမယ့်လူကို ၂၁,၀၀၀ လောက်ယူဆပြီး ထည့်ပေါင်းရင် ရန်ကုန်မှာ တနေ့ လူ၃ သောင်းလောက် စစ်ဆေးနိုင်မှ အဆင်ပြေပါမယ်။ အထိုင်စောင့်ပြီးစစ်တာထက်စာရင် (Fever Clinic တို့ Q center ရောက်မှစစ်တာမျိုးထက်) ရှာဖွေစစ်ဆေးတာ (Aggressive Testing) လုပ်နိုင်ပါမှ ရောဂါထိန်းချုပ်ရင်း တတ်နိုင်သမျှ စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်မှာပါ။ မန္တလေး၊နေပြည်တော်မပါ၊ ရန်ကုန်မှာ လက်ရှိ Roche Cobas 6800/8800 PCR စက် ၄ လုံးရှိတယ်ကြားပါတယ် (မှားရင်လည်းမှားမှာပါ)။ ပညာရှင်မရှိရင် နိုင်ငံခြားက ငှားလိုက်ပါ။ မခက်ပါဘူး။ သုံးရမယ့် ဓာတုဆေးက $ 30 လောက်ဆိုရင် စမ်းသပ်မှု နှစ်သန်းစာလောက်ထိကို ဆေးဝယ်စုထားသင့်ပါတယ်။ လက်ရှိနိုင်ငံတကာ လှူဒါန်းမှုတွေအရ ဒေါ်လာ သန်း ၁၀၀ လောက်ဆိုတာ သုံးနိုင်မယ့်ပမာ်လို့ ယူဆပါတယ်။ သုံးလဲသုံးသင့်ပါတယ်။ လက်ရှိစက် ၄ လုံးအပြည့်လည်ရင်ကို လူနာ ငါးထောင်ကျော်ကျော်ပဲ စစ်နိုင်ပါလိမ့်မယ်။ စစ်တဲ့သူတွေရဲ့သွေးတွေကို ပေါင်းပြီး Blood Pool စစ်နည်းကလည်း လက်ရှိ ရှိတဲ့စက်တွေနဲ့ကို ဒီထက်ပိုစစ်နိုင်မယ်ထင်ပါတယ်။ ဒါကြောင့်မို့ Cobas 6800/8800 ကျော်တွေ အမြန်ရရှိရေးကို ဆောင်ရွက်သင့်ပါတယ်။ မကြာသေးခင်က UK မှာ အောင်မြင်စွာတီထွင်လိုက်တဲ့ DnaNudge က ကိုဗစ်-၁၉ အမြန်စစ်ဆေးတဲ့စက်ဟာ မိနစ်၉၀ အတွင်းစစ်ဆေးနိုင်ပြီး တိကျမှုအလွန်မြင့်မားတဲ့အတွက် UK ကျန်းမာရေးဌာနက တနေ့လူငါးသိန်း စစ်ဆေးဖို့ စက်တွေဝယ်ယူဖို့မှာလိုက်ပါတယ်။ဒီနည်းဟာ RTPCR စက် မလိုအပ်ပဲ တိကျစွာ စစ်ဆေးနိုင်တာမို့ မြန်မာပြည်အတွက် အလွန်သင့်တော်တယ်လို့ ယူဆရပြီး သံတမာန်ရေးအကူအညီရယူပြီး မှာယူမယ်ဆိုရင်ဖြင့် အောက်တိုဘာလအတွင်းမှာပင်ရနိုင်မယ် လို့ထင်ပါတယ်။ လူနာတွေ၊ စောင့်ကြည့်သူတွေအပြင် တနေ့ကို ရှာဖွေစစ်ဆေးနိုင်မှု ၂၀,၀၀၀ ပိုလုပ်နိုင်ရင် ရန်ကုန်မြို့မှာရှိတဲ့ Workforce လုပ်သားအင်အား တသန်းကို ရက် ၅၀ အတွင်း (ထားလိုက်ပါ ၂ လ) စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ရောဂါမရှိသူတွေ မြန်မြန်ဆန်ဆန် အလုပ်ပြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။ Risk များတဲ့ ရပ်ကွက်တွေ၊ စျေးတွေ၊ စက်ရုံတွေမှာလည်း အပူတိုင်းရုံတင်မက အလျင်အမြန်မှန်းဆနိုင်တဲ့ သင့်တော်တဲ့ နည်းလမ်းကို အသုံးပြုပြီး Medical Screening လုပ် အဲ့ဒီထဲမှ ကျပန်းရာခိုင်နှုန်း ၂၀% လောက်နဲ့ PCR Testing လုပ် Verification ပေးနိုင်ရင် ပိုမိုယုံကြည်စိတ်ချရတဲ့ ရောဂါကူးနှုန်းကို စမ်းနိုင်မှာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုမရှိတဲ့ ရပ်ကွက်တွေ၊ လူတွေကိုလည်း စီးပွားရေးဆက်လုပ်ဖို့ ခွင့်ပြုနိုင်မှာဖြစ်ပါတယ်။

၇။   လက်ရှိ Lockdown လုပ်တဲ့ ကျင့်ထုံးမူကို ပြန်ဆန်းစစ်သင့်ပါတယ်။ ရောဂါရှိသူတယောက်တွေ့တာနဲ့ လုံးဝအသွားအလာကန့်သတ်လိုက်တာရဲ့ ထိရောက်မှုကို သိရှိဖို့လိုပါတယ်။ ဝူဟန်မှာအောင်မြင်တယ် ဆိုတာက တကယ့်ကို Complete Lockdown ပါ။ ခုလို Semi Lockdown မျိုးနဲ့ ထိန်းချုပ်မှု ရဲ့ အကျိုးအပြစ်ကိုသိဖို့လိုပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျန်းမာရေးတာဝန်ရှိသူတွေ အကြံပြုတဲ့ Complete Lockdown ကို ထောက်ခံပါတယ်။ နှစ်ပတ်အကြာမှာ ရောဂါတွေ့ရှိနှုန်းကျမကျလည်း လေ့လာနိုင်မယ်ထင်ပါတယ်။ ရေရှည်မှာ ထိန်းချုပ်ရင်းစီးပွားရေး ဆက်လုပ်ဖို့ဆိုရင်တော့ ပိုးတွေ့တဲ့ ရုံးတွေ၊ စျေးတွေ၊ အလုပ်ရုံတွေ ပိုးသေသွားအောင် ဆေးဖျန်း၊ ပထမခုနှစ်ရက် လုံးဝပိတ်ဖို့ပါပဲ။ ဝန်ထမ်းတွေ၊ လုပ်သားတွေကိုလဲ Complete Aggressive Testing လုပ်ပါ။ ဗိုင်းရပ်စ်ပိုးဟာ လေထဲက အောက်ဆီဂျင်နဲ့တွေ့ရင် တန်းသေပါတယ်။ မသေဘူးဆိုတာက လူ့နှာရည်အမှုန်အမွှားကာထားလို့ပါ၊ သတ္တုအပေါ်မှာကျရင် ရာသီဥတုကလည်း စိုစွတ်ထိုင်းမှိုင်း အေးမြနေရင် နည်းနည်းပိုကြာကြာနေနိုင်မှာဖြစ်ပါတယ်။ စမ်းသပ်ချက်တွေအရ ခုနှစ်ရက်က အများဆုံးပါ။ ဒါကြောင့်ပိုးတွေ့ ရုံး၊ စျေး၊ အလုပ်ရုံဌာနတွေကို ခုလို ၁၄ ရက်နေ ၂၁ ရက်အထိ မပိတ်ပဲ၊ တပတ်အတွင်းမှာ ရောဂါပိုးမတွေ့တဲ့သူတွေ အလုပ်ဆင်းနိုင်အောင် ခွင့်ပြုသင့်ပါတယ်။ အလုပ်ဆင်းတဲ့သူတွေကလည်း လေးရက်ဆင်း၊ ဆယ်ရက်နား ပုံစံနဲ့ အလှည့်ကျ လုပ်ကိုင်နည်းပုံစံကို ပြောင်းလဲ လုပ်ကိုင်မယ်ဆိုရင် ပိုးပြန့်မဲ့ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါစဖြစ်တဲ့သူဟာ ပထမ လေးရက်အတွင်း ပိုးပျိုးတဲ့ကာလ ဖြတ်သန်းနေတာမို့ သူများကို မကူးနိုင်ပါဘူး။ တကယ်လို့ လေးရက် အလုပ်လုပ်ပြီး နားလိုက်တဲ့အချိန် ပိုးလက္ခဏာထကြွလာရင် ရုံးမလာပါနဲ့တော့၊။ ဆေးရုံဆေးခန်း Q ဝင်နိုင်ပါတယ်။ လက်ရှိ လူတွေ Q ဝင်ဖို့ကြောက်ကြတာ နှစ်ပိုင်းရှိပါတယ်။ အုတ်ရောရော ကျောက်ရောရောနဲ့ Q စင်တာကျမှကူးမှာလား၊ လူမှုစီးပွား မိသားစုစောင့်ရှောက်ရေး အဆင်မပြေတာတွေကြောင့်ပါ။ အထက်မှာ ဆွေးနွေးခဲ့သလို မိမိမြို့နယ်အတွင်းမှာပဲ Q ဝင်နိုင်မဲ့ Option သုံးခုရှိမယ်။ ကျန်းမာရေးဆွေးနွေးတိုင်ပင်နိုင်မဲ့ Mobile App တို့ Mobile Clinical Team တို့ Medical Online Supply Logistics တို့ရှိမယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီး အလွယ်တကူ ဝင်ရောက်နိုင်မယ်ထင်ပါတယ်။ တကယ်လို့ နားတဲ့ ဆယ်ရက်အတွင်း ရောဂါလက္ခဏာမပြရင် ရုံး၊ အလုပ်ဆက်တက်ရုံပါပဲ။ အလုပ်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်တွေက ဒီလို Lockdown Policy ကိုပြင်ပေးရင် သူ့လုပ်ငန်း အရှိန်အဟုန်မပျက်ပဲ ဘယ်လို ဆက်လက်ထုတ်လုပ်ရောင်းချမယ်၊ ဝန်ဆောင်မှုပေးမယ်ဆိုတာကို ကြိုတင်ပြီး ပြင်ဆင်ထားလို့ရမှာမို့ စီးပွားမပျက်အောင်ထိန်းထားနိုင်စွမ်းရှိပါမယ်။ လက်ရှိကျင့်သုံးနေတဲ့ ဖြစ်လို့ကတော့ ၂ပတ် ၊ အလိုက်မတတ်ရင် သုံးပတ်ကနေ တလ ပိတ်ထားရမယ်ဆိုရင် စီးပွားပျက်ပါလိမ့်မယ်။ ရောဂါထိန်းဖို့လဲ အရေးကြီးပါတယ် ၊ စီးပွားမပျက်အောင်လည်း Adapt လုပ်ဖို့ အရေးကြီးပါတယ်။

၈။   အထက်က အကြံပြုချက်အတိုင်းလုပ်ဖို့ဆိုရင် မြို့နယ်နဲ့ရပ်ကျေး ကိုဗစ်တိုက်ဖျက်ရေး ကော်မတီတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါလာပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေး၊ ရာအိမ်မှူး၊ မီးသတ်၊ ကြက်ခြေနီတွေလောက်နဲ့ မရတော့ပါဘူး၊ ရပ်ကွက်ထဲက ရပ်မိရပ်ဖတွေ၊ သာရေးနာရေးအသင်းတွေ၊ စေတနာအလှူရှင်တွေ၊ ရပ်ကွက်ထဲက စေတနာလုပ်အားရှင် လူငယ်တွေ၊ အရပ်ဖက်အဖွဲ့စည်းတွေ အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်မှဖြစ်နိုင်ပါတယ်။ တိကျတဲ့ Guideline ချပေးပြီး မြို့နယ်ရပ်ကွက် အဆင့်မှာတင် ကိုဗစ်တိုက်ဖျက်ရေးစီမံချက်ရေးစွဲကျင့်သုံးနိုင်ရင် သူတလူငါတမင်း လမ်းပိတ်ထိန်းချုပ်တာထက် ပိုကောင်းတဲ့ Community Based Disease Control Plan ကို ရနိုင်ပါလိမ့်မယ်။ ဖြစ်တော့မှကောက်ကောက် လိုက်လုပ်တာထက် ခုလို ကြိုတင်ပြင်ဆင်ထားရင် လူထုက ပိုပူပေါင်းပါဝင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ လူထုရဲ့ Panic ကို လျှော့ချနိုင်ပါလိမ့်မယ်။

၉။   Community Based Prevention and Protection နည်းကို သုံးမယ်ဆိုရင်တော့ဖြင့် Harm Reduction Principle ထိခိုက်နစ်နာမှုမရှိစေရေး မူကို ညွှန်ကြားချက် ထုတ်ကာ လိုက်နာစေရန်ဆောင်ရွက်သွားဖို့လိုပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ သူတွေအပေါ်မှာ Victim Blaming လို့ခေါ်တဲ့ အပြစ်ပြော ရန်လိုတဲ့အပြုအမူတွေကြီးထွားနေတာ သတိပြုမိပါတယ်။ ရောဂါကူးခံလိုက်ရတဲ့အချိန်မှာ လူနာဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ရတဲ့အထဲ ခုလို ဘေးပတ်ဝန်းကျင်တွေက မဆင်မခြင် ပြောဆိုပစ်တင်မှုတွေခံရရင် ကိုယ်ခံအားကျဆင်းကာ ပို၍အန္တရာယ် ရှိနိုင်ပါတယ်။ နိုင်ငံတကာမှာ ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပတ်သက်၍ ကျင့်သုံးကြတဲ့ ကျင့်ထုံးတွေကို မူတည်၍ အနှစ်ထုတ်လေ့လာ ထားတာကို ဇယား (၁) မှာဖော်ပြထားပါတယ်။ အကျဥ်းချုပ် အဓိကအချက်တွေကို အလေးထားပြောရရင်ဖြင့်

  • လူနာတွေအပေါ် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားစေရမယ့် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာတွေ Moral Judgement သုံးသပ်ပြစ်တင်ဝေဖန် ကောက်ချက်ချတာတွေ မပြုရ။
  • လူနာတွေအပေါ် ဆောင့်အောင့် ငြိုငြင်တာတွေ မပြုရ။
  • ကျန်းမာရေးစောင့်ရှောက်မှုဟာ ဖော်ရွေနွေးထွေးမှုရှိပြီး လူနာတွေရဲ့ လိုအပ်ချက်တွေ အပေါ်မူတည်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်း တုံ့ပြန်ဆောင်ရွက်ပေးရမယ်။
  • ကုသပေးသူတွေဟာ လူနာတွေကို ရွေးချယ်ခွင့်ပေးရပါမယ်။
  • ရောဂါကာကွယ် ထိန်းသိမ်းရေးအတွက် ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် အမူအကျင့်များနဲ့ ပတ်သက်ပြီး (လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းတပ်ခြင်း အစရှိသဖြင့်) သိစေလိုတဲ့ ပြောကြားချက်တွေဟာ လူနာတိုင်းကို တသမတ်တည်း ပြောဆိုဆက်ဆံ၊ ပညာပေး အမူအကျင့်တွေ ပြောင်းခိုင်းတာထက် လူနာတဦးချင်းဆီရဲ့အနေအထားအပေါ်မှာ ချင့်ချိန်ပြီး ကုသသူတွေက သင့်တော်သလို လူနာကို ပြောဆိုဆက်ဆံပြီး မိမိတို့အသိစိတ်နဲ့ လိုက်နာဆောင်ရွက်သင့်တဲ့ ကျန်းမာရေးဆိုင်ရာကောင်းမွန်တဲ့ အမူအကျင့်တွေကို ပြောင်းလဲလေ့ကျင့် ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဖို့နဲ့ လှေနံဓါးထစ်မကျင့်သုံးဖို့။
  • လူတိုင်း ရာနှုန်းပြည့်လိုက်နာဆောင်ရွက်ရမယ့် အမူအကျင့်များကို လိုက်နာဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် အတင်းတွန်းအားပေးပြီး မဖြစ်မနေဆောင်ရွက်တာမျိုးကို ရှောင်ကြဉ်ဖို့။
  • အကြံပြုအမူအကျင့်တွေကို မလိုက်နာတဲ့ လူနာတွေအပေါ်မှာ အပြစ်မပေးမိစေဖို့နဲ့ ၎င်းတို့ကိုယ်တိုင် အဆိုပါပျက်ကွက်မှု၏ အကျိုးအပြစ်ကို သိရှိစေဖို့သာ တာဝန်ရှိသူများက အကျိုးသင့်အကြောင်းသင့် နားဝင်အောင်ပြောဆိုဖို့၊ ကိုယ်တိုင်ဆင်ခြင်ပြီး ဆက်လက်လိုက်နာစေဖို့ ဖေးမပေးဖို့၊ လိုက်နာပြီး တိုးတက်မှုရှိတာနှင့်အညီ အားပေးကူညီပေးဖို့။
  • လူတွေ အကြံပြုတာတွေကို မလိုက်နာတဲ့အခါ ဖြစ်လာနိုင်တဲ့ အခက်အခဲ၊ အနှောင့်အနှေးတွေ၊ အဆိုးတွေကိုလည်း ကြိုတင်တွက်ဆကာ ဆောင်ရွက်နိုင်တာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်ထားရှိဖို့။
  • ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို တာဝန်ရှိသူတွေက တဖက်သတ် မချမှတ်ပဲ လူနာနဲ့ ပူးပေါင်း အတူတကွချမှတ်နိုင်ဖို့ ကြိုးပမ်းသွားဖို့။

အထက်မှာရေးတာတွေကတော့ ပိုးရှိလူနာတဦးဟာ တသွေမတိမ်းလိုက်နာမယ်ဆိုရင် တလမှာ လူသုံးယောက်ပဲ ကူးနိုင်တယ်ဆိုတဲ့ ယူဆချက် Assumption ပေါ်မှာ မူတည်ပြီး မိမိအမြင်ကို တင်ပြဆွေးနွေးတာဖြစ်ပြီး လိုအပ်တာတွေ၊ အားနည်းတာတွေ၊ လက်တွေ့မကျတာတွေလဲ ရှိပါလိမ့်မယ်။ Crisis Management နဲ့ Health Planning တွဲနိုင်မှ အလုပ်ဖြစ်မယ်ယူဆတဲ့အတွက် တထောင့်တနေရာက ဝင်ဆွေးနွေးတာပါ။လက်ရှိဖြစ်နှုန်းက အဲ့ထက်မက ဖြစ်ပြီး လူနာဦးရေကလည်း တွက်ချက်ထားတာ ထက်များလာမယ်ဆိုရင်တော့ အပေါ်ကဆွေးနွေးတာတွေထက်ပိုပြီး အကျယ်ချဲ့စဉ်းစားဖို့ လိုပါလိမ့်မယ်။ လှေခွက်ချည်းကျန် အလံမလှဲ ဆိုသလို ရသလောက်ထိန်းချုပ်နိုင်ဖို့အတွက် လိုကောင်းလိုမဲ့ အချက်တွေကို ဆွေးနွေးတာလည်းဖြစ်ပါတယ်။ မည်သို့ပင် တွက်ချက်ပြင်ဆင်ကာမူ အမှန်တကယ် ကူးစက်ပြန့်ပွားနှုန်းက အဆမတန်များနေမယ်ဆိုရင်တော့လည်း အထက်ပါနည်းတွေက ထိရောက်ချင်မှ ထိရောက်တော့မှာ ဖြစ်ပါတယ်။ အဲ့လို မနိုင်မနင်း အဆင့်ရောက်ရှိပါကလည်း အိမ်မှာသာ မိမိဘာသာ ကုသခြင်း၊ Q ဝင်ခြင်း၊ အခြေအနေဆိုးဝါးလာသည့်အခါမှသာ ဆေးရုံတွင်နေရာလွတ်ရှိပါက ပြောင်းရွှေ့ကုသစောင့်ရှောက်မှုရယူခြင်းမှလွဲပြီး ကျန်အခြားနည်း ရွေးချယ်စရာ သိပ်မရှိတော့ဘူးလို့ ထင်မြင်မိပါတယ်။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး ကာကွယ်ထိန်းချုပ်ခြင်း လျာထားချက်ကို အထက်မှာ ဆွေးနွေးတင်ပြတဲ့အတိုင်း ပြင်ဆင်ထားရှိသလို Lockdown ကိုလည်း ထိရောက်စွာ ပေါင်းစပ်ကျင့်သုံးပါက ရောဂါ အရှိန်ကျသွားအောင် ဆောင်ရွက်လိုက်၊ ကျသွားပါက စီးပွားရေးလုပ်ငန်းများ ပြန်လည်ကာ လျင်လျင်မြန်မြန် အန္တရာယ်နည်းနည်းနဲ့  လုပ်ဆောင်နိုင်ပါက Resilience ကို တဖြေးဖြေးဆွဲတင်ပြီး လိုက်လျောညီထွေ ပုံမှန်ဆောင်ရွက်သွားနိုင်မည်လို့ မျှော်လင့်မိပါတယ်။

Win Myo Thu

ဝင်းမျိုးသူသည် စိမ်းလန်းအမိမြေ Advancing Life and Regenerating Motherland (ALARM) တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာဖြစ်ပါသည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search