Menu & Search

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (CERP) အပေါ် သုံးသပ်ချက်များ

October 6, 2020

I.  နောက်ခံကြောင်းရာ

၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ကို ပူးတွဲ ဖော်ပြထားပါသည်။ စာရေးသူက ဤစာတမ်းကိုဖတ်၍ စာကြောင်းများနှင့် စာပိုဒ်များကို အစီအစဉ်တွင်ပါဝင်သည့် မူရင်းအတိုင်း ကူး၍ ကိုးကားဖော်ပြပြီး မှတ်ချက်ပေးထားပါသည်။ ယင်းတို့ကို အောက်တွင် ဖော်ပြထားပါသည်။

 

၂။ စာမျက်နှာ ၁  ခေါင်းစဉ်တွင် “အားလုံး တပေါင်းတည်း ကျော်လွှားခြင်းကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် ၂၇ ရက် ဧပြီလ၊ ၂၀၂၀ ပြည့်နှစ် ဟု ဖော်ပြထားသည်။

စာရေးသူ၏ မှတ်ချက်များ- အထက်တွင်ဖော်ပြထားသည့်အတိုင်း “တပေါင်းတည်း ဟု ဆိုရာ၌ CERP တွင် အရေးပါသည့် အင်အားစုအားလုံး၊ ရပ်ရွာ လူမှုအသိုက်အဝန်းများ၊ ကော်မရှင်များ၊ နိုင်ငံရေးပါတီများ၊ အဓိကကျသည့် အဖွဲ့အစည်းများ.. စသည်တို့ကို အတူတကွ စည်းရုံး၍ ဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ညီညွတ်ပူးပေါင်းဆောင်ရွက်မှုရှိစွာ တုံ့ပြန် ကြိုးပမ်းကြမည်ဟု အဓိပ္ပါယ်ရပါသည်။ သို့သော် CERP မှတ်တမ်းတွင် နာမည်ကြီးဝါကြီး ဆရာတော်များနှင့် ဘာသာရေး ခေါင်းဆောင်များ၊ တပ်မတော်၊ တိုင်းရင်းသား လူနည်းစုများ၊ ပညာရပ်ပိုင်းဆိုင်ရာ၊ ပညာရှင်လောက နှင့် ကျွမ်းကျင်မှုပညာ နယ်ပယ်များမှ လူသူလေးစားခံရသူများ၊ သတင်းမီဒီယာများ၊ ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ..စသည်တို့ လစ်ဟာနေပါသည်။

ထိုသူများအားလုံးသည် ဤနိုင်ငံ၏ ပြည်သူများ ဖြစ်ပါသည်။ CERP ချမှတ်ချိန်မှစတင်၍ ၄-လကျော်လာပြီ ဖြစ်သည်။ ထိုအချိန်ကာလအတွင်း ဗိုင်းရပ်စ်ပိုးကို ခုခံ တွန်းလှန်ရေး စုစည်းညီညွတ် ပူးပေါင်းဆောင်ရွက်မှု ရှိသည့် ကြိုးပမ်းဆောင်ရွက်ချက်များမှာ နိုင်ငံ၊ ဒေသ၊ နိုင်ငံတကာအဆင့်များတွင် လိုအပ်ကြောင်း ထင်ရှားလာခဲ့ပါသည်။

 

၃။ လက်ရှိအစိုးရသည် တစိုက်မတ်မတ် “ပြည်သူသာအဓိက”ဟု ကြွေးကြော်လာခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အရေးကြီးသော သတင်းများနှင့် လှုပ်ရှားမှုများတွင် ခေါင်းစဉ်တပ် အလေးပေးဖော်ပြခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖော်ပြပြောဆိုရာတွင်လည်း “ပြည်သူများ၏ ပူးပေါင်းကူညီမှု … စိတ်ထဲ နှလုံးထဲတွင် စွဲထင်စေရန် အကြိမ် ၂၀၀ ထပ်၍ပြောရမည် ဟု ဖော်ပြခဲ့သည်။ သို့အတွက်ကြောင့် အထက်တွင်ဖော်ပြထားခဲ့သည့် လစ်ဟာနေသူ ပြည်သူများ စုစည်းနိုင်ရေးမှာ အခက်အခဲ မရှိနိုင်ပါ။ CERP တွင် အတိအကျဆိုရလျှင် တန်းတူရည်တူ မိတ်ဖက်များအဖြစ် ဖော်ပြပြီး၊ အပြန်အလှန် လေးစားမှု ရှိစွာ စေတနာ၊ ယုံကြည်မှုတို့ဖြင့် ဗိုင်းရပ်စ်ရောဂါ တိုက်ခိုက်ရေးတွင် အင်အားစုစည်း ပါဝင်စေ ချင်ပါသည်။

 

၄။ စာမျက်နှာ ၁  ခေါင်းစဉ်တွင် “အားလုံး တပေါင်းတည်း ကျော်လွှားခြင်း– ကိုဗစ်-၁၉  စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် ၂၇ ရက် ဧပြီလ ၂၀၂၀ ပြည့်နှစ် ဟု ဖော်ပြထားသည်။

စာရေးသူ၏ မှတ်ချက်များ-မည်သည့်အတွက်ကြောင့် စီးပွားရေး တခုသာ ဖော်ပြထားပါသနည်း။ ဗိုင်းရပ်စ်၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပထဝီဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ၊ ဘာသာရေး၊ လူနေထိုင်မှုဘဝ နှင့် အလုပ် အကိုင်၊ စသည်ဖြင့် ထိခိုက်သက်ရောက်မှုများကို ကမ္ဘာတဝန်းမှ နေ့စဉ်အစီရင်ခံစာများ နှင့် သတင်းများ၊ အင်တာနက်၊ ဝက်ဘ်ဆိုက်များ၊ ဂြိုဟ်တုသတင်း TV ထုတ်လွှင့်မှုများအရ ဤခေါင်းစဉ်အကြောင်းအရာများကို ထည့်သွင်းစဉ်းစား သင့်သည် မဟုတ်ပါလား။ စီးပွားရေးအကြောင်းအချက်မျှသာ လိုအပ်ခြင်း မဟုတ်ပါ။ ကိုဗစ်-၁၉ ကူးစက်ဘေးကြောင့် ထိခိုက်သက်ရောက်မည့် ဆိုးကျိုးများကို ဖြေရှင်းပေးနိုင်ရန်အတွက် တန်းတူပင် သက်ဆိုင် အရေးကြီးမှု ရှိနေပါသည်။ သို့အတွက်ကြောင့် ခေါင်းစဉ်တွင် စီးပွားရေး ဟူသော စာလုံးကို ဖယ်ရှားပါက သင့်တော်ပါ လိမ့်မည်။ အကယ်၍ လက်ခံနိုင်ပါက ခေါင်းစဉ်သည် “အားလုံး တပေါင်းတည်း ကျော်လွှားခြင်းကိုဗစ်-၁၉ ထိခိုက်မှု သက်သာရေး စီမံချက် (CRP) ” ဟူ၍ ဖြစ်လာပါမည်။ ခေါင်းစဉ်မှ ဖယ်ရှားလိုက်သော်လည်း စီးပွားရေးအရ ထိခိုက်သက်ရောက်မှုများကို ဆက်၍ အာရုံထား အလေးပေးသင့်သကဲ့သို့ ပို၍အင်အားစုအားလုံး ပါဝင်လွှမ်းခြုံသည့် CRP အဖြစ် ပြင်ဆင်ရေးဆွဲသင့်ပါသည်။

 

၅။ ကျေးဇူးပြု၍ မှတ်ချက်ပြုရန်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်ဝင်းမင်းတို့ ပါဝင်သည့် ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတွင် “မြန်မာနိုင်ငံ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်မှသာလျှင် ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်” ဟု ဖော်ပြထားသည်။ မှန်ပါသည်။ လုံလောက်သည့် လူသားရင်းမြစ်နှင့် ဘဏ္ဍာရေးရင်းမြစ် ရှိပြီး၊ ကောင်းစွာလည်ပတ်နေသည့် ဈေးကွက်ယန္တရား ရှိ၍ စွမ်းဆောင်ရည်ကောင်းသော နိုင်ငံတော် အုပ်ချုပ်ရေး စနစ်ရှိမှသာလျှင် သာမန်ရောဂါ အဖျားအနာများ ခံစားနေရသည့် ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်ကို စောင့်ရှောက်ပေးနိုင်မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကုသပျောက်ကင်း နိုင်သည့် ရောဂါများအတွက် ရရှိနိုင်သည့်ဆေးဝါး များ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေခံ အဆောက်အအုံနှင့် ဆေးရုံ၊ ဆေးပေးခန်းများ၊ ဆရာဝန်များ၊ သူနာပြုများ စသည့် အဖွဲ့အစည်းစနစ်များ ရှိနေခြင်း ဖြစ်ပါသည်။ သို့သော်လည်း ကိုဗစ်-၁၉ သည် သာမန်ရောဂါတခု မဟုတ်ပါ။ ယင်းသည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပါသည်။ ယင်းကြောင့် ကမ္ဘာပေါ်ရှိ အဖွံ့ဖြိုးဆုံးနိုင်ငံပင်လျှင် ဒူးထောက်စေရပြီး ယင်းနိုင်ငံတွင်လည်း အဆုံးမသတ်နိုင်ကြသေးပါ။ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အခြားအချက်မှာ လုံလောက်သည့် ငွေကြေး၊ ကျွမ်းကျင်မှုပညာ မရှိသည့် ဆင်းရဲသည့်နိုင်ငံများ အတွက် ဆိုလျှင် သာမန်အဖျားအနာ ရောဂါကိုပင် စောင့်ရှောက်မှု မပေးနိုင်ကြရာ ပို၍ ကပ်ဘေးဒုက္ခဖြစ်စေပါမည်။ ထိုမျှမက ချမ်းသာသည့်နိုင်ငံများတွင်ပင် ဘေးဖယ်ကြဉ်ထားခြင်းခံနေရသည့် တိုင်းရင်းသားနှင့် လူမျိုးအုပ်စုများတွင် ဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှု ရာခိုင်နှုန်းမြင့်မားစွာ တွေ့မြင်နေရပါသည်။

 

၆။ ယခုအချိန်တွင် ကိုဗစ်-၁၉ အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ပန်းတိုင်များဖြစ်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  အပေါ် ဓမ္မဓိဌာန်ကျစွာ သုံးသပ်ဝေဖန်လျှင် ပို၍ အကျိုးရှိနိုင်ပါသည်။ ကာကွယ်ရေးနှင့် ပတ်သက်၍ ဥပမာဆိုကြပါစို့။ ကာကွယ်ရေးလုပ်ငန်းများ တွင် နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ ပိတ်ဆို့ကန့်သတ်ခြင်း (lockdowns) နှင့် အိမ်တွင်နေစေခြင်း (staying at home)၊ အိမ်မှနေ၍ အလုပ်လုပ်စေခြင်း (WFH)၊ လူစုလူဝေး ရှောင်ရှားခြင်း၊ ခပ်ခွာခွာ နေထိုင်ခြင်း၊ ထိတွေ့မှု ခြေရာခံ စနစ်ကို ထိရောက်စွာ မှတ်တမ်းတင် ဆောင်ရွက်ခြင်း၊ ပြည်သူများ -ပြည်တွင်း-ပြည်ပ သွားလာမှုများ ထိန်းချုပ်နိုင်ရန် ခြေချုပ်ထားခြင်း၊ နယ်စပ်များ ပိတ်ဆို့ခြင်း.. စသည်တို့ကို လူသိရှင်ကြား ဖော်ပြထားပြီး ဖြစ်ပါသည်။ အခြားသောနိုင်ငံများ ကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကပ်ဘေး အကျပ်အတည်းများ ကြုံတွေ့လာရသည့် အခါ တိုင်း လူအများစုစည်း ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ အစဉ်အလာအတိုင်း လုပ်ဆောင်နေခဲ့ပါသည်။ ဤအတိုင်း ဆက်၍ လုပ်ဆောင်နေကြပါမည်။ သို့အတွက်ကြောင့်  ကယ်ဆယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံက နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နေခဲ့ပါ သည်။

 

၇။ အလေးပေး ဖော်ပြကြသော ကာကွယ်မှု လုပ်ငန်းစဉ်တခုမှာ လူအများရှိရာ ပြင်ပသို့သွားလျှင် နှာခေါင်းစည်း ဝတ်ဆင် ရန် ဖြစ်ပါသည်။ ယင်းမှာ လွယ်ကူသည့် လိုအပ်ချက်တခုဖြစ်ပြီး၊ တနှစ်သား ကလေးငယ်ပင် ဆောင်ရွက်နိုင်ပါသည်။ အလားတူပင် သူ၏ အသက် ၉၁ နှစ်ရှိသည့် အဘွားလည်း ဆောင်ရွက်နိုင်ပါသည်။ ဗမာလွှတ်တော် ကိုယ်စားလှယ်များ သည်လည်း ခေါင်းပေါင်းဝတ်ဆင်သကဲ့သို့၊ နှာခေါင်းစည်းကို အလွယ်တကူနှင့် သက်တောင့်သက်သာ ဝတ်ဆင် နိုင်ကြ သည်ဟု ခံစားမိပါသည်။ ပါးစပ်ကို ဖုံးအုပ်ထား၍ လိုရင်းတိုရှင်းအားဖြင့် အကျိုးဖြစ်စေပါသည်။

 

၈။ သို့သော်လည်း ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ဘေး မည်မျှကြာမြင့်ပြီး ဆိုးရွားမည်ကိုလည်း အတိအကျ မသိနိုင်ပါ။ ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် ကာကွယ်ဆေးရရှိမှသာလျှင် ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ပါလိမ့်မည်။ ဤသို့ မသေချာ မရေရာသော အကြောင်းတရားကို ရင်ဆိုင်နေရရာ ကာကွယ်မှုလုပ်ငန်းများနှင့် တချိန်တည်းတွင် အမျိုးသား အဆင့် ဗဟိုကော်မတီက ထိန်းချုပ်ရေး နှင့် ကုသရေး ရည်ရွယ်ချက်များကိုလည်း အလေးပေးရပါလိမ့်မည်။

 

၉။ လူများအပေါ် ဗိုင်းရပ်စ်ကြောင့် သေဆုံး၊ ပျက်စီးဆုံးရှုံးရမှုများကို ကုသရေး နှင့် ပတ်သက်၍ မူဝါဒများ၊ အစီအစဉ်များ ချမှတ်ရာတွင်၊ လူများ၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ သူတို့၏ စီးပွားရေး နှင့် ပြန်လည်နာလံထူရေး အဆင့်၊ အလားတူပင် အသစ်သော ပုံမှန်အခြေအနေ ကိုဗစ်-၁၉ နောက်ပိုင်းကာလ စသည်တို့ကို ထည့်သွင်းစဉ်းစားရန်မှာ အထူး အရေးကြီးပါသည်။ ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီး (WHO)၊ ကမ္ဘာ့အဓိက အင်အားကြီးနိုင်ငံများနှင့် ကုသရေး ပူးပေါင်းဆောင်ရွက်မှုများတွင် မိမိတို့က ပူးပေါင်းဆောင်ရွက်ရပါမည်။  ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ယခုတပွဲတွင် အနိုင်ရပြီး နောက် နောက်တချီ ရင်ဆိုင်ရန်အတွက်ဆိုလျှင် ၆ နှစ်မျှ ပြင်ဆင်ချိန် အချိန်လိုအပ်ပါသည်။ အခြားတဘက်တွင် ဗိုင်းရပ်စ် ကူးစက်မှု ကျဆင်းသွားသော်လည်း၊ လုံးဝ ပျောက်ကွယ်သွားဖို့ မဖြစ်နိုင်ပါ။ မျိုးရိုးဗီဇပြောင်းလဲပြီး ယင်း၏ အိမ်နီးချင်း အခြားဗိုင်းရပ်စ်များဖြစ်သည့် avian virus စသည်နှင့် ပူးပေါင်းကာ နောက်ထပ် ပိုအားပြင်းသည့်၊ ပိုသေနှုန်းမြင့်မားသည့် ဗိုင်းရပ်စ်အသစ်တခုအဖြစ်လည်း လူသားများထံ နောက်တကြိမ် ပြန်လာနိုင်ခြေ ရှိပါသေးသည်။

 

၁၀။ ထိန်းချုပ်မှု အတွက်ဆိုလျှင် အချက် နှစ်ခု ရှိသည်။ ပထမအချက် မှာ အာဏာပိုင်များက လျော်ကန်သည့်အာဏာသုံး၍ နိုင်ငံအတွင်း ကာကွယ်ပေးမှုလုပ်ငန်းများအတွက် ဥပဒေစည်းမျဉ်းများ ထုတ်ပြန်ခြင်း ဖြစ်သည်။ အထက်၌ အပိုဒ် ၆ တွင် ဖော်ပြထားသည့်အတိုင်း အာဏာပိုင်များ အပါအဝင် လူထုများက လိုက်နာစေရေး ဖြစ်သည်။ ဒုတိယအချက်မှာ ထိ ရောက်၍ ယုံကြည်ကိုးစားရသော ကာကွယ်ဆေးရရန်ဖြစ်ပြီး ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ရန် ဖော်ထုတ်တီထွင်၍ လူအများ အတွက် ထုတ်လုပ်ပြီး၊ ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် ဖြန့်ဝေပေးနိုင်ရပေမည်။

 

၁၁။ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လူထုအပေါ် ထိန်းချုပ်မှုအစီအစဉ်များ ဆောင်ရွက်ရာတွင် ဝန်ထုပ်ဝန်ပိုးမှာ အလွန် အမင်း ကြီးမားပါသည်။ သို့သော်လည်း အတည်ပြုနိုင်သည့် ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းဆိုင်ရာ ဂရပ်မျဉ်းပြားသွား သည့် တိုင်အောင်၊ သို့မဟုတ် အောက်သို့ဆင်းသွားသည့်တိုင် (ဆိုလိုသည်မှာ တည်ငြိမ်သည်အထိ သို့မဟုတ် ကျဆင်းသွား သည်အထိ) ထိန်းချုပ်မှုများ ဆက်၍ ထိန်းသိမ်းထား-မထားဟူသည့် ပြဿနာ၊ သို့မဟုတ် အလွန်အမင်း ဒုက္ခမရောက် စေဘဲ ဖြေလျှော့ပေးရန်၊ ပြည်သူများ၏ ဒုက္ခကို သက်သာစေရန် ဆိုသည်မှာ လွန်စွာရှုပ်ထွေးခက်ခဲပြီး၊ အကြီးအကျယ် အငြင်းပွားဖွယ်လည်း ဖြစ်ပါသည်။ အလွယ်ဖော်ပြရလျှင် (i) ထိန်းချုပ်မှုများ ဆက်၍ ထိန်းထားခြင်း၊ တိုးခြင်းကြောင့် GDP ကို ကျဆင်းစေနိုင်သလို သေနှုန်းကိုလည်း လျော့ကျစေနိုင်ပါသည်။ (ii) ထိန်းချုပ်မှုများ ဖြေလျှော့ခြင်းကြောင့် GDP ကို တိုးတက်စေနိုင်သကဲ့သို့ သေနှုန်းကိုလည်း မြင့်မားစေနိုင်ပါသည်။ ယေဘုယျအားဖြင့် သိပ္ပံပညာရှင်များ၊ ဆရာဝန်များ နှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူများက ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှင့် သေနှုန်းလျှော့ချရန် တာဝန်ရှိကြပါ သည်။ သူတို့က နည်းလမ်း (i) ကိုသာ ရွေးချယ်ကြပါမည်။ အခြားတဖက်တွင်လည်း နိုင်ငံရေးသမားများက ရွေးကောက်ပွဲ တွင် အနိုင်ရစေရန် နည်းလမ်း (ii) ကို မျက်နှာသာပေး ရွေးချယ်ကြလိမ့်မည် ဖြစ်ပါသည်။

 

၁၂။ ပြည်သူများကို ဗိုင်းရပ်စ်၏ခြိမ်းခြောက်မှုမှ ကာကွယ်ပေးနိုင်ရန် ထိန်းချုပ်မှုများ ချမှတ်သည်ဆိုရာ၌ ဤသို့သော ကန့် သတ်ချက်များကို မည်မျှကြာကြာ ထားရှိမည်နည်း၊ မည်သည့်အခါ ဖြေလျှော့မည်နည်း သို့မဟုတ် တဖန်ပြန်၍ ကန့်သတ် ချက်များ ထားရှိမည်နည်း ဆိုသည်ကို ဆုံးဖြတ်ရန် ယုံကြည်ကိုးစားရသော အချက်အလက်များ လိုအပ်ပါသည်။ မည်သို့ မည်ပုံ နှင့် မည်သည့်အတိုင်းအဆ၊ မည်သည့်ကာလကြာ စသည့် ဒေတာများ လိုအပ်သည်။ ဗိုင်းရပ်စ်အနေဖြင့် နိုင်ငံအပေါ် မည်မျှ အန္တရာယ်မြင့်မားစေကြောင်းလည်း သိရှိရန် လိုအပ်ပါသည်။ လက်ရှိတွင် ဒစ်ဂျစ်တယ် သတင်းအချက်အလက် နည်းပညာဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ တစုံတရာ ကိုးစားနိုင်သော ဒေတာနှင့် သတင်းအချက်အလက်များကို ဖန်တီး နိုင်ပါသည်။ သို့ဖြစ်ရာ များသောအားဖြင့် ဒေတာ အချက်အလက်များကို သုံးသပ်စစ်ဆေးနိုင်ပြီး၊ ဆန်းကြယ်မှော် ဆန်စွာ ဗိုင်းရပ်စ်၏ ပြုမူနေပုံများကို သိရှိနိုင်ပါသည်။ ထို့အပြင် ဗိုင်းရပ်စ်နှင့် ပတ်သက်သည့်ဒေတာ စာရင်းအင်းများကို အလွန် အမင်း အာရုံထားနေမှုကြောင့် ပြည်သူများအတွင်း ဆုံးဖြတ်ခြင်းငှာ မတတ်သာသည့် သက်တောင့်သက်သာဖြစ်မှု၊ သို့ မဟုတ် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်စေနိုင်ကြောင်းလည်း ထောက်ပြထားကြပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ လေ့လာ စူးစမ်းမှု အချို့ကို နောက်ပိုင်းတွင် ဆက်၍ဆွေးနွေးပါမည်။ ယခုအခါတွင် စာမျက်နှာ ၁၁၆ နှင့် ၁၁၇ တွင် ဖော်ပြထားသည့် နောက်ဆက်တွဲ (A) နှင့် (B) တို့ကို ကြည့်စေလိုပါသည်။

 

၁၃။ ယခု ဇယားများကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၆ ရက်မှ ယခုတိုင် မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာများတွင် နေ့ စဉ် ပုံနှိပ်ထုတ်ဝေနေပါသည်။ စာမျက်နှာ ၁၁၆ နောက်ဆက်တွဲ (A) ရှိ ဇယား (၁) တွင်  ကိုဗစ်-၁၉ အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း အတည်ပြု ပိုးတွေ့ရှိလူနာနှင့် သေဆုံးစာရင်းကို ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်အထိ ဖော်ပြထားပါ သည်။ ဇယားရှိ နိုင်ငံများကို အတည်ပြုနိုင်သော ဗိုင်းရပ်စ်ပိုးကူးစက်လူနာအရ အပေါ်-အောက် စီစဉ်ထားသည်။ ဇယား အရ စင်ကာပူနိုင်ငံတွင် ပိုးတွေ့ရှိမှု ၁၇,၀၀၀ ကျော် ရှိသော်လည်း သေဆုံးမှု ၁၅ ဦးသာ ရှိပြီး စာရင်းထိပ်တွင် ရှိနေပါသည်။ ယင်းနောက်တွင် အင်ဒိုနီးရှားနိုင်ငံက ပိုးတွေ့လူနာ ၁၀,၀၀၀ ကျော် နှင့် သေဆုံး ၈၀၀ ဦးဖြင့် ရှိနေသည်။ မြန်မာနိုင်ငံက နံပါတ်ခုနစ်နေရာ တွင် ရှိနေပြီး ပိုးတွေ့လူနာ ၁၉၁ နှင့် သေဆုံး ၆ ဦး ရှိပါသည်။ သို့ဖြစ်ရာ ဤနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကြောင့် သက်ရောက်မှု မပြင်းထန်ဟု မှတ်ယူဖွယ် ရှိနေပါသည်။ စာမျက်နှာ ၁၁၆ရှိ နောက်ဆက်တွဲ (A)မှ ဇယား (၂) တွင် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုအများဆုံး ၁၀ နိုင်ငံမှ အချက်အလက်များကို ဖော်ပြထားပါသည်။ အမေရိ ကန်ပြည်ထောင်စုက ကူးစက်လူနာ ၁ သန်းကျော်ဖြင့် ထိပ်ဆုံးတွင် ရှိနေပြီး ယင်းနောက်တွင် ဥရောပငါးနိုင်ငံက ပိုးတွေ့ရှိ မှု ၁၀၀,၀၀၀ ကျော်မှသည် ၂၀၀,၀၀၀ ကျော် ရှိနေပြီး နောက်ကလိုက်သည်။ အရှေ့အလယ်ပိုင်းမှ နိုင်ငံ နှစ်ခု၊ ရုရှားနှင့် တရုတ်တို့က ဇယားရှိ လက်ကျန် လေးနေရာ ကို သိမ်းပိုက်ထားကြသည်။

 

၁၄။ စာမျက်နှာ ၁၁၇ ရှိ နောက်ဆက်တွဲ (B)၏ ဇယားများတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဗိုင်းရပ်စ်ကူးစက်မှု အမြင့်မား ဆုံး နိုင်ငံ ၁၀နိုင်ငံတွင် နှစ်လအကြာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁ ရက်တွင် မည်သို့ဖြစ်ပျက်သည်ကို ဖော်ပြထားပါသည်။ အာဆီယံနိုင်ငံများ တွင် အင်ဒိုနီးရှားက စင်္ကာပူကို ကျော်တက်၍ ကူးစက်မှု ၅၇,၀၀၀ ကျော်၊ သေဆုံးမှု ၃,၀၀၀ ခန့်ဖြင့် ထိပ်သို့ရောက်လာပါ သည်။ ယင်းနောက်တွင် စင်ကာပူက ပိုးတွေ့လူနာ ၄၄,၀၀၀၊ သေဆုံး ၂၆ ဦးဖြင့် ဒုတိယနေရာ၌ ရှိနေ သည်။ ကျန် ရှစ်နိုင်ငံမှာ သူတို့၏ ယခင်နေရာများတွင် ဆက်ရှိနေပါသည်။ မြန်မာနိုင်ငံက အမှတ် ခုနစ်နေရာတွင်ပင် ဆက်ရှိနေပြီး ပိုးကူးစက်မှုမှာ ၁၉၁ မှ ၃၀၃ သို့ မြင့်တက်လာသည်။ သေဆုံးမှုမှာခြောက်ဦးသာ မပြောင်းလဲဘဲ ဆက်လက်ရှိနေသည်။ အမြင့်မားဆုံး ပိုးကူးစက် ခံရသည့် နိုင်ငံ ၁၀ နိုင်ငံတွင်မူ ပြီးခဲ့သည့် နှစ်လအတွင်း သက်ရောက်မှုမှာ အမေရိကန် ပြည်ထောင်စုမှာ ထိပ်ဆုံးတွင် ဆက်လက်တည်ရှိနေပြီး ဗိုင်းရပ်စ်ကူးစက်မှုမှာ ပေါက်ကွဲနေသည့်သဖွယ် ၂ ဒသမ ၇ သန်းသို့၊ ယင်းနှင့်အတူ သေဆုံးမှုမှာ ၁၃၀,၀၀၀ ကျော်သို့ ရောက်ရှိလာသည်။ ထိပ်ဆုံး ၁၀ နိုင်ငံ ပါဝင်ဖွဲ့စည်းမှုမှာမူ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ စိုးရိမ်ပူပန်ဖွယ် မေးခွန်းမှာ တောင်အမေရိကတိုက်ရှိ နိုင်ငံ သုံးနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က ဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးအဖြစ် စာရင်းဝင်လာခဲ့ ခြင်း ဖြစ်သည်။ အာရှတိုက်က နောက်တွင် ဆက်၍ နေနိုင်မည်လောဟူ၍ မေးခွန်း ရှိပါသည်။

 

၁၅။ စာမျက်နှာ ၁၁၆ ရှိ နောက်ဆက်တွဲ (A) နှင့် စာမျက်နှာ ၁၁၇ နောက်ဆက်တွဲ (B) ရှိ ကိုဗစ်-၁၉ ကူးစက်မှုဒေတာများအရ မြန်မာနိုင်ငံ တွင် ကူးစက်သက်ရောက်မှုမှာ နှိုင်းယှဉ်ချက်အရ ညင်သာသည့် သဖွယ် ရှိသော်လည်း၊ အောက်ခြေမြေပြင်တွင် နိုင်ငံတွင်း ကောက်ယူစုဆောင်းနိုင်သည့် သတင်းအချက်အလက်များအရ (ဥပမာအားဖြင့်- ပညာရှင်များ၊ ဒေါက်တာများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု ကျွမ်းကျင်သူများ၊ သိပ္ပံပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းစာဆရာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း အဖွဲ့ဝင်များ၏ အဆိုအရ) ကိုဗစ်-၁၉ ကပ်ဘေး၏ နိုင်ငံအပေါ် သက်ရောက်ရိုက်ခတ်မှုမှာ ပြင်းထန်လှပါသည်။ ထို့အပြင် ဇွန်လ ၁၈ ရက်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်သူများကို ဗိုင်းရပ်စ်ပိုး ကူးစက်မှု နိမ့်ပါးနေခြင်း၊ သေဆုံးမှုနည်းနေခြင်းတို့ကြောင့် ကျေနပ်နှစ်သိမ့်မနေကြရန်၊ ကိုဗစ်-၁၉ ကူးစက်မှုကို ပေါ့ဆမနေကြရန် သတိပေးပြောကြားခဲ့သည်။ ထို့အပြင် သူကမှတ်ချက်ပေးရာ၌ ပြီးခဲ့သည့် ရက်သတ္တ ၃ ပတ်အတွင်း တွေ့ရှိရသည့်လူနာ တဦးမှအပ ကျန်သူအားလုံး ၅၀ ဦးသည် ရွှေ့ပြောင်းအခြေချလုပ်သားများ ဖြစ်ကြောင်း၊ ပြည်ပမှ အိမ်ပြန်လာကြသူများ ဖြစ်ကြောင်းဆိုခဲ့သည်။ ပြည်တွင်း၌ တခုတည်းသော ကူးစက်မှုမှာ တရုတ် နိုင်ငံမှ ပြန်လာသူကို ကုသပေးသော ရှမ်းပြည်နယ်ရှိ ကျန်းမာရေးလုပ်သားမှတဆင့် ကူးစက်မှု ဖြစ်သည်။

 

II.  မြန်မာရွှေ့ပြောင်းလုပ်သားများ နှင့် စင်ကာပူနိုင်ငံမှ သင်ခန်းစာများ

၁၆။ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာ ရွှေ့ပြောင်းအခြေချလုပ်သားများ၏ အကြီးစား အလုပ်ရှင်များ ဖြစ်ကြသည်။ ဤလုပ်သားများ အလုံးအရင်းဖြင့်၊ အလျှင်စလို စိတ်ဖိစီးမှုများစွာဖြင့် ပြီးခဲ့သည့်လများတွင် အစိုးရ စီစဉ်ပေးသည့် ကယ်ဆယ်ရေး လေယာဉ်များနှင့် ထိုင်းနိုင်ငံ နယ်စပ်ဖြတ်ကျော်ရေးဂိတ်များမှတဆင့် မြန်မာပြည်သို့ ပြန်လာကြသည်။ ထိုသူများ၏ လုပ်ငန်းခွင်များမှ အစီအစဉ်မရှိ၊ ဖရိုဖရဲဖြင့် ပြန်လာကြရသည့် အကြောင်းကို စင်ကာပူနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ ကာကွယ်တိုက်ခိုက်ခဲ့သော အတွေ့အကြုံများမှ သင်ခန်းစာများ ရနိုင်၍ အောက်တွင်ဖော်ပြပါမည်။

 

၁၇။ စင်ကာပူသည် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သည့် SARS ကူးစက်ကပ်ဘေး အတွေ့အကြုံမှ သင်ခန်းစာများယူ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို ရင်ဆိုင်ခဲ့သည်။ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၃ ရက်တွင် တွေ့ရှိခဲ့ပါသည်။ တရုတ်နိုင်ငံ ဝူဟန်မှ နိုင်ငံတွင်းသို့ လာလည်သည့်သူတဦးထံမှ စတင်ခြင်း ဖြစ်သည်။ စင်ကာပူက ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကာကွယ်တားဆီးမည့် လုပ်ငန်းဆောင်တာများကို လျင်မြန်စွာနှင့် တွန်းတွန်းထိုးထိုး ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်တားဆီးမည့် လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ခဲ့ကြသည်။ သို့အတွက်ကြောင့် အောင်မြင်စွာ ခုခံနိုင်ခြင်းလည်း ဖြစ်သည်။ ကာကွယ်ရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများတွင် (i) ဖေဖေါ်ဝါရီလ ၁ ရက်မှ စတင်၍ တရုတ်နိုင်ငံမှ နိုင်ငံတွင်းသို့ ရောက်ရှိလာမည့်သူများကို တားမြစ်ခြင်း (ii) နောက် နှစ်ပတ် အကြာတွင် နိုင်ငံခြားသားအားလုံးအတွက် နယ်စပ် ကို ပိတ်ပစ်ခြင်း (iii) မတ်၂၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ခပ်ခွာခွာနေထိုင်ခြင်းကို ကောင်းမွန်စွာ မကျင့်သုံးသူများ၊ သို့မဟုတ် လူ ၁၀ ဦးထက်ကျော်လွန်၍ စုဝေးသူများကို ဒဏ်ငွေနှင့် ထောင်ဒဏ်သော်လည်းကောင်း ချမှတ်မည်ဟု စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည်။ (iv) စမတ်ဖုန်း app ကိုသုံး၍ ဗိုင်းရပ်စ်ပိုး ကူးစက်မှုခံရနိုင်ဖွယ် ရှိသူများကို ကြပ်မတ်ခြေရာကောက်သည်။ နောက်ဆုံး အနေဖြင့် (v) တစုံတဦးက ပျော့ပျောင်းသည့် ဗိုင်းရပ်စ်ကူးစက်မှု လက္ခဏာ များ ပြသလာလျှင်ပင် ထိုသူကိုချက်ချင်း ဆေးရုံ သို့မဟုတ် ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ခြင်း… စသည့် လုပ်ငန်း များ ပါဝင်သည်။

 

၁၈။ စင်ကာပူနိုင်ငံက ဧရိယာ ၅၆၄ စတုရန်း ကီလိုမီတာသာရှိသည့် သေးငယ်သည့်နေရာ ဖြစ်ပြီး၊ လူဦးရေ ၅ ဒသမ ၈ သန်းသာ ရှိ သည်။ ထို့အပြင် ဆက်သွယ်မှုကောင်းစွာရှိပြီး၊ အဆင့်မြင့် နောက်ဆုံးပေါ် IT စနစ်ဖြင့် ဆက်သွယ်ထားသည့် အတွက် ကြောင့်လည်း ကူးစက်သူများကို ကောင်းစွာခြေရာခံနိုင်သည့် အားသာချက် ရှိသည်။ WHO အဖွဲ့က ထောက်ပြရာ၌လည်း မြို့ပြနိုင်ငံငယ်အဖို့ တက်ကြွတင်းကျပ်စွာ ကူးစက်မှုရှာဖွေနိုင်ခြင်းကြောင့် ကူးစက်သူအသစ်များကို လျှင်မြန်စွာရှာဖွေ သီးသန့်ခွဲထားနိုင်ကြောင်း ဖော်ပြခဲ့သည်။ ယင်းက မြန်ဆန်စွာပင် ရောဂါအစုလိုက် ကူးစက်မှုများကို ရပ်ဆိုင်းစေနိုင်ပြီး စီးပွားရေးပြန်လည် စတင်နိုင်သည်။ ကျောင်းများ ပြန်ဖွင့်ထားနိုင်သည်။ အထင်ကြီးဖွယ် အောင်မြင်မှုကြောင့် ယင်း နိုင်ငံအဖို့ ကိုဗစ်-၁၉ ထိန်းချုပ်မှုတွင် တောက်ပသောကြယ်တပွင့် အဖြစ် ချီးကျူးခံခဲ့ရသည်။

 

၁၉။ ထို့နောက် စင်ကာပူနိုင်ငံတွင် မျှော်လင့်မထားသည့်၊ ပြင်ဆင်မထားသည့်ကိစ္စ ဖြစ်ပေါ်ခဲ့သည်။ ဗိုင်းရပ်စ် ဒုတိယ လှိုင်းအဖြစ် လူအမြောက်အမြားကူးစက်မှုဖြစ်သည်။ ယင်းက သေချာစောင့်ကြည့်နေခြင်း မရှိသည့်၊ ရောဂါပိုး ကူးစက်ရန် အန္တရာယ်မြင့်မားသည့် ဘေးဖယ်ကြဉ်ခံထားရသော ရွှေ့ပြောင်းလုပ်သား လူထုများတွင် ကူးစက်မှု စတင်လာခြင်း ဖြစ်သည်။ ဤလုပ်သားများသည် များသောအားဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့မှ လာကြသူများဖြစ်သည်။ လူပေါင်း ၃၀၀,၀၀၀ ကျော်မှာ စင်ကာပူတွင် ဆောက်လုပ်ရေး၊ သန့်ရှင်းရေး၊ ဥယျာဉ်စိုက်ပျိုးရေး နှင့် အလုပ်ကြမ်းလုပ်သားများအဖြစ် လုပ်ကိုင် နေကြသည်။ ထိုသူများသည် စင်ကာပူ၏ ပြင်ပ အနားသတ်နေရာများတွင် သူတို့အတွက် ရည်ရွယ်ဆောက်ထား သည့် အဆောင်၊ အဆောက်အဦးကြီး ၄၃ ခုတွင် နေထိုင်နေကြသည်။ မြို့လယ် လူစည်ကားရာ မိုးမျှော်တိုက်များ (skyscrapers) နှင့် ဝေးကွာပြီး သူတို့ကို ထားရှိရန် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်ပိုး အလျင်အမြန်ကူးစက်လာရာ ဧပြီလအစတွင် ရွှေ့ပြောင်းလုပ်သားများအကြား ကူးစက်မှု ၁၉ ဦးသာ ရှိသော်လည်း၊ မေလ ၂-၃ ရက်သတ္တပတ် ကုန်ဆုံးချိန်တွင် လူပေါင်း ၁၅,၈၃၃ ဦး ကူးစက်နေပြီး ဖြစ်သည်။

 

၂၀။ စင်ကာပူက နိုင်ငံခြားလုပ်သားများကို အားကိုး၍ အခြေခံအဆောက်အအုံကို ဆောက်လုပ်ပြီး၊ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံတခု၏ ဖွံ့ဖြိုးမှုအတွက် တွန်းအားလည်း ဖြစ်သည်။ ထိုသူများအကြား ကူးစက်မှုမြင့်မားလာခြင်းကြောင့် စင်ကာပူ ထိပ်သီးခေါင်းဆောင်များအကြားတွင် မိမိတို့ကိုယ်ကို တစုံတရာ ပြန်၍ သုံးသပ်လာကြရသည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှင့်အတူ ဖြစ်ပေါ်လာသည့် ဆင်းရဲချမ်းသာ ကွာဟမှုအပေါ် ဝေဖန်သတိပေးမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။ ယခင် သံ တမန် ဟောင်းတဦးဖြစ်သူ တော်မီကိုး (Tommy Koh) က ထိုလူနေဆောင်များသည် ပေါက်ကွဲရန် အချိန်စောင့်နေသည့် ချိန်ကိုက်ဗုံးများသဖွယ် မှတ်ချက်ပေးခဲ့သည်။ စင်ကာပူနိုင်ငံက နိုင်ငံခြားလုပ်သားများအပေါ် ပြုမူဆက်ဆံပုံမှာ ပထမကမ္ဘာ အဆင့်မဟုတ်၊ တတိယကမ္ဘာ အဆင့်သာရှိသေးသည်။ ထိုသူတို့၏ အလုပ်ရှင်များက အလုပ်သမားများကို ထရပ်ကား ကျောပြင်ပေါ်တွင် ထိုင်ခုံများပင် မပါရှိဘဲ ပို့ဆောင်သွားလာခွင့်ကို အစိုးရက ခွင့်ပြုထားသည်။ ။ ထိုသူများက လူကျပ်ညပ်နေသည့် အဆောင်များတွင် နေကြရပြီး၊ အခန်းတခုလျှင် လူ ၁၂ ဦး ငါးသေတ္တာသဖွယ် စီ၍ နေထိုင်ကြရသည်။

 

၂၁။ သို့သော်လည်း “ကောင်းပါပြီ၊ အခု ရွှေ့ပြောင်းလုပ်သားများဟာ သူတို့ယဉ်ကျေးမှုအရ ညစ်ပတ်သူများပါ။ ခင်ဗျားတို့ သိကြတဲ့အတိုင်း သူတို့စင်ကာပူမှာ ပိုကောင်းပါတယ်။ ဘာကြောင့်ပိုလို့ တောင်းဆိုနေကြရမှာလဲ။ သူတို့ ရတာနဲ့ထိုက်တန် ပါတယ်” ဟု ပြောဆိုသူ စင်ကာပူနိုင်ငံသားများလည်း ရှိပါသေးသည်။ ဤသို့သော အမြင်မှာ အခြားသော အာရှနိုင်ငံများတွင် လည်း ရှိနေပါသေးသည်။ သာဓကအားဖြင့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အစီရင်ခံစာတွင်  ဂျပန်၊ ထိုင်း၊ မလေးရှား နှင့် စင်ကာပူနိုင်ငံများရှိ ရွှေ့ပြောင်းလုပ်သားများအပေါ် ပြည်သူလူထု၏အမြင်ကို လေ့လာဖော် ပြရာ၌ စစ်တမ်းဖြေဆိုသူ သိသာသည့်ရာခိုင်နှုန်းက ရွှေ့ပြောင်းလုပ်သားများသည် သူတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ အမွေအနှစ် များကို ခြိမ်းခြောက်နေကြသည်ဟု ဖြေဆိုကြသည်။ ဂျပန်တွင် ၄၁ ရာခိုင်နှုန်း၊ စင်ကာပူတွင် ၅၃ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၅၈ ရာခိုင်နှုန်း နှင့် မလေးရှားနိုင်ငံတွင် ၆၈ ရာခိုင်နှုန်း က ဤသို့ဖြေဆိုခဲ့ကြသည်။၁၀

 

၂၂။ မြန်မာနိုင်ငံအနေဖြင့်လည်း ဗြိတိသျှ ကိုလိုနီကာလများကို ပြန်၍ အမှတ်ရဖွယ်ကောင်းသည်။ ယင်းကာလတွင် အိန္ဒိယ မှ ပြောင်းရွှေ့လာသူ လုပ်သားများက မြန်မာနိုင်ငံ၏ စီးပွားရေးကို ကူညီပေးခဲ့ကြသည်။ သို့သော် ဗမာများက ယင်းသို့ ပြောင်းရွှေ့လာသူ အလုပ်သမားများကို ထိုကာလက ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထား ပါသည်။

သူတို့၏ မွေးရပ်ဇာတိမြေ ကျေးရွာများမှ ရေကြည်ရာမြက်နုရာကို ရှာဖွေရန် ထွက်ခွာခဲ့ကြသည့် အိန္ဒိယအလုပ်သမား လူတန်းစားသည် ပင်လယ်ကို ရဲဝံ့စွာဖြတ်ကျော်လာခဲ့ပြီး မြန်မာနိုင်ငံ အောက် ပိုင်းဒေသ နှင့် ငှက်ဖျားထူပြောရာ တောများ၊ ရေမြုပ်ရာနွံများကို ရှင်းလင်းကြသည်။ မြန်မာနိုင်ငံ အတွက် အထူးလိုအပ်နေသည့် လုပ်အားကို ထောက်ပံ့ပေးကြသည်။ ဤလုပ်ငန်းစဉ်တွင် အိန္ဒိယလူထု များ၏ ခေါင်းပုံဖြတ်အခံရဆုံးနှင့် ထိခိုက်နစ်နာမှု အရှိဆုံး လူအုပ်စုများ ဖြစ်လာခဲ့ကြသည်။ မြန်မာနိုင်ငံ တွင် အမျိုးသားရေးလှုပ်ရှားမှုများ အရှိန်ရလာကြသည့်အခါ ၎င်းတို့က အိန္ဒိယမှလာသူများကို ဆန့်ကျင် ကြသည်။ စိုက်ပျိုးမြေယာ အများကို အိန္ဒိယမှလာကြသည့် ချစ်တီးများအား စွန့်လွှတ် ပေးလိုက်ကြရမှု နှင့် ၁၉၃၀ ခုနှစ်များ ကမ္ဘာ့စီးပွားပျက်ကပ်အပြီး မြန်မာများ လုပ်သားအင်အားစုက လုပ်ငန်းတွင်းသို့ ဝင်ရောက်လာကြသည့်အခါ ယင်းနယ်ပယ်တွင် ယခင်က အိန္ဒိယတို့ ကြီးစိုးထားသည်ကို မြင်တွေ့ကြ ရသည်။ ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ခြင်းနှင့်အတူ နောက်ပိုင်းတွင် မြန်မာတို့က စာရေးစာချီ အလုပ် များ ရှာလာကြရာ ဤအချက်များအားလုံးက အိန္ဒိယဆန့်ကျင်ရေး စိတ်စေ့ဆော်မှုများအတွက် မီးစာ ဖြစ်စေသည်။ ၁၉၃၀ ခုနှစ်များတွင် လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အကြောင်းအချက်များကြောင့် အိန္ဒိယနွယ်ဖွားများကို ဦးတည် တိုက်ခိုက် သည့် အဓိကရုဏ်းများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။ မြန်မာအမျိုးသားရေးဝါဒီ များက ဗြိတိသျှ တို့၏ နိုင်ငံရေးအရ လွှမ်းမိုးချုပ်ကိုင်မှုများမှ လွတ်လပ်ခွင့်ကို ရလိုရုံမျှမက၊ အင်ဒီးယန်း တို့၏ စီးပွားရေးနှောင်ကြိုးထမ်းပိုးကိုလည်း တန်းတူပစ်ပယ် လိုကြသည်။၁၁

 

၂၃။ မှတ်ချက်တခုက ဖော်ပြရာတွင် စင်ကာပူနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဖြစ်သကဲ့သို့ စမတ်မြို့တော်တခုလည်း ဖြစ်သည်။ သို့ဖြစ်ရာ ရွှေ့ပြောင်းအခြေချ လုပ်သားများကို နိမ့်ကျသောလုပ်ခလစာပေးနေမှုမှာ ရှေ့နောက်မလျော် ဖြစ်နေ သည်။ ဗိသုကာလက်ရာမြောက်လှသော မြို့တော်ကြီးကို တည်ဆောက်သူများက ဆင်းရဲချို့ငဲ့သော ဘဝတွင်နေထိုင်နေ ကြရသည်။ သမိုင်းဆိုင်ရာ အချက်အလက်များအရ  နိုင်ငံတခု၏ အောင်မြင်မှုတွင်  ကျရှုံးရခြင်း မျိုးစေ့မှာလည်း ယင်း၏ အတွင်း၌သာ တည်ရှိနေတတ်သည်။ ဤအချက်သည်ပင် အထူးသဖြင့် တကမ္ဘာလုံးက ချီးမြှောက်နေကြရသော အောင်မြင်မှုများအတွင်း ရှေ့နောက်မညီ ဖြစ်နေရသော အကြောင်းအချက် ဖြစ်နိုင်ပါသည်။ မိမိက ၁၉၉၇-၉၈ တွင် ဖြစ်ပေါ် ခဲ့သည့် အရှေ့အာရှ ကျားနိုင်ငံတို့၏ ငွေကြေးအကျပ်အတည်းနှင့် ပတ်သက်၍ စာတမ်းတစောင်ရေးသားခဲ့ရာ ယင်းအချက်သည် စင်ကာပူ၏ အကြောင်းအချက်တခုဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ ဤစာတမ်းကို ပူးတွဲဖော်ပြထား ပါသည်။၁၂ ယခုကဲ့သို့ ရွှေ့ပြောင်းလုပ်သားများအပေါ် တတိယကမ္ဘာ၏ ပြုမူဆက်ဆံပုံသဖွယ် ရှိနေကြောင်း မစ္စတာကို့၏ ဖော်ပြချက်အတိုင်း ခံစားခဲ့ရဖူးသည်။ ဤအချက်ကြောင့်ပင် ဗိုင်းရပ်စ်က တိုက်ခိုက်ရန် ထိခိုက်နစ်နာဖွယ် ပစ်မှတ်တခု ဖြစ်လာစေပါသည်။ စင်ကာပူမြို့တော်၏ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ထူးခြားထင်ရှားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွင်း၌ ကျဆုံးစေရန် မျိုးစေ့တခု ဖြစ်စေခဲ့ပါသည်။

 

၂၄။ ဗိုင်းရပ်စ်ပိုး၏ ဖျက်ဆီးစေတတ်သော အခြေအနေကို ရင်ဆိုင်ရန် စင်ကာပူနိုင်ငံက ပြန်လည်ကုစားမှုဆိုင်ရာ ဆောင် ရွက်ချက်များ ပြုခဲ့ပါသည်။၁၃ နိုင်ငံ၏ လူသားအင်အား ဝန်ကြီးဌာန နှင့် အမျိုးသားဖွံ့ဖြိုးမှု ဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့်နှစ် အကုန်တွင် လုပ်သား ၆၀,၀၀၀ အတွက် နောက်ထပ်အပိုဆောင်း အိမ်ရာစီမံကိန်းများကို ချမှတ်ပြင်ဆင်ခဲ့သည်။ ထို့အပြင် ရေရှည်အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် အစိုးရက အထွေထွေ လူသုံးပစ္စည်းများ တပ်ဆင်ထားမည့် အဆောင်သစ်များ ဆောက်လုပ်မည် ဖြစ်သည်။ ယင်းတို့တွင် ဈေးများနှင့် ကျန်းမာရေးဝန်ဆောင်ပေးသည့်ဌာနများလည်း ပါဝင်မည် ဖြစ်ပြီး၊ လုပ်သား ၁၀၀,၀၀၀ ခန့် ထားရှိနိုင်မည်။ ဤသို့ဖြစ်ရန် အချိန်ယူရပါမည်။ သို့သော် ပထမဦးဆုံးတည်ဆောက်မည့် အဆောက်အအုံ ၁၁ ခုမှာ နှစ်နှစ်အတွင်း တည်ဆောက်ပြီးစီးမည် ဖြစ်သည်။

 

၂၅။ စင်ကာပူအခြေအနေကို ဖော်ပြရာ၌ အမြင်တခုမှာ လူနေကျပ်သိပ်ရုံမျှသာမဟုတ်၊ တကိုယ်ရေသန့်ရှင်းမှု နှင့် အိမ်သာ စနစ်များ ချို့တဲ့ရုံမျှသာ မဟုတ်ဘဲ၊ ဂေဟစနစ်တခုလုံးက ပြဿနာရှိနေသည်ဟု ဆိုကြသည်။ သို့ဖြစ်ရာ မြို့ပြနိုင်ငံတော် အတွင်း နေထိုင်ကြသူအားလုံးက နိုင်ငံခြားလုပ်သားများအပေါ် ပြုမူဆက်ဆံပုံကို ပြန်၍စဉ်းစားသုံးသပ်ကြရတော့မည့် အချိန် ဖြစ်ပါသည်။၁၄  ဤလုပ်သားများ၏ အခြေအနေ တိုးတက်စေရန်အတွက် များစွာ ဆောင်ရွက်နိုင်ပါသည်။ ယင်း တို့တွင် လွတ်လပ်သည့်ဈေးကွက်ကို စည်းမျဉ်းချကြပ်မတ် ရုံမျှမဟုတ်ဘဲ သူတို့အပေါ် ပြုမူဆက်ဆံပုံများကိုလည်း အစိုးရ ၏ အခန်းကဏ္ဍ အနည်းငယ် သို့မဟုတ် အစိုးရပါဝင်ပတ်သက်မှု မရှိစေဘဲ စည်းမျဉ်းများ ချမှတ်ဆောင်ရွက်ရပါမည်။ ထိုသူများကို နိုင်ငံတွင်းသို့ မခေါ်ဆောင်လာမီကပင် ကျင့်ဝတ်နှင့်လျော်ညီသည့် လုပ်သားအသုံးပြုမှု စံချိန်စံညွှန်းများ အကောင်အထည် ဖော်ရပါမည်။ ရွှေ့ပြောင်းအလုပ်သမားများ အရေးဆောင်ရွက်နေကြသည့် အဲန်ဂျီအိုများ၏ ဝေဖန်ပြော ဆိုနေမှုများကို အလေးထားကြရပါမည်။ “ဧည့်လုပ်သားများလည်း အရေးပါပါသည်” Transient Workers Count Too (TWC2) အဖွဲ့က ရွှေ့ပြောင်းအလုပ်သမားများ အပေါ် တရားမျှတမှု မရှိဘဲ ပြုမူဆက်ဆံနေပုံများကို စင်ကာပူနိုင်ငံ ဗိုင်းရပ်စ် ကူးစက်မှုကပ်ဘေး မသင့်မီကပင် အလေးပေး ထောက်ပြ ပြောဆိုနေခဲ့ပါသည်။

 

၂၆။ အထက်ဖော်ပြပါ အမြင်တွင် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ စင်ကာပူနိုင်ငံအတွက် ကိုဗစ်-၁၉ နောက် ပိုင်းကာလတွင် အကြံပြုချက် သုံးချက်ကိုလည်း တင်ပြထားပါသည်။ ယင်းတို့မှာ (i) ကြီးမားသည့်လူနေဆောင်များ သို့ မဟုတ် နိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများကို နေရာချထားရာ အခြားနေရာများ၌ ဒီဇိုင်း နှင့် နေဆံ့နိုင်မှုဝန်ကို ထည့်သွင်း စဉ်းစားရန် နှင့် ပို၍ကောင်းမွန်သော စနစ်တရပ်ရှာဖွေရန် (ii) နိုင်ငံအတွင်း လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမား တိုင်းအတွက် ဂုဏ်သိက္ခာရှိသည့် လုပ်ခလစာ သို့မဟုတ် သင့်လျော်သော လူနေမှုအဆင့်အတန်းကို စဉ်းစားဆုံးဖြတ်ပေး ရန်၊ (ယင်းတို့တွင် နိုင်ငံရပ်ခြားမှလာသည့် အိမ်အကူများလည်း ပါဝင်သည်)၊ နောက်ဆုံးအနေဖြင့် (iii) တစုံလုံးသော လုပ်သား ထောက်ပံ့ပေးမှုကွင်းဆက်ကို အနီးကပ်အလေးပေးရန် နှင့် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင် အသုံးဝင်သည့် ကျင့် ဝတ်နှင့် လျော်ညီသော လုပ်ငန်းဆိုင်ရာ ကျင့်သုံးမှုများ ချမှတ်ကျင့်သုံးရန် တို့ပင် ဖြစ်ပါသည်။

 

၂၇။ ထိုင်းနိုင်ငံ အနေဖြင့်မူ ရွှေ့ပြောင်းအလုပ်သမား အများစုသည် ကျန်းမာရေးနှင့် မညီညွတ်သော၊ နိုင်ငံ၏ ရောဂါ ထူပြွမ်းသော နေရာများတွင် နေထိုင်နေကြရသည်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက သူတို့နိုင်ငံသည် စင်ကာပူ ကဲ့သို့ပင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ကူးစက်မှုအတွက် နစ်နာဖွယ်ရှိကြောင်း ထောက်ပြသတိပေးထားကြပါသည်။ ထိုင်းနိုင်ငံ ရှိ ၃ ဒသမ ၉ သန်းမျှရှိသော ရွှေ့ပြောင်းလုပ်သား အများစုတွင် မြန်မာနိုင်ငံမှ အများဆုံးပါဝင်သည်။ (နိုင်ငံရှိ စုစုပေါင်း အလုပ် လုပ်နိုင်သည့် ဦးရေ၏ ၁၀ ရာခိုင်နှုန်း ရှိနေသည်) ယင်းတို့မှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အလုပ်ပြုတ်ကြရမည် ဖြစ်သည်။ ယင်းတို့အနက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၉၀ ရာခိုင်နှုန်းမှာ အလုပ်ပြုတ်ကြမည်ဖြစ်ပြီး၊ အလုပ်သမား ၇၅,၀၀၀ ခန့် မှာ နိုင်ငံတွင်း ဝင်ငွေမရှိ၊ သက်မွေးဝမ်းကျောင်းလုပ်ရန် အခွင့်အလမ်းမရှိဘဲ သောင်တင်ကျန်နေမည် ဖြစ်သည်။ ထိုသူများ အတွက် အစားအစာ နှင့် အမိုးအကာလည်း အရေးတကြီး လိုအပ်နေပါသည်။

 

၂၈။ သို့ဖြစ်ရာ မြန်မာအစိုးရက ဤရွှေ့ပြောင်းအလုပ်သမားများ အိမ်ပြန်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ မေ၁ ရက်မှ စတင်၍ စီစဉ်မှုများ၊ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာ့အလင်း နေ့စဉ် သတင်းဖော်ပြချက်အရ စုစုပေါင်း ၇၀,၂၆၇ ဦး နယ်စပ်ဖြတ်ကျော်ဂိတ်များမှတဆင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့အထိ အိမ်ပြန်ခဲ့ကြသည်။ နှစ်နိုင်ငံ နယ်စပ်စည်းရိုးသည် ၁,၅၀၁ မိုင် (၂,၄၁၆ ကီလိုမီတာ) ရှည်လျားပြီး တိုးရိုပေါက်ရှိနေရာ တရားမဝင် လမ်း ကြောင်းများကို သုံး၍ ပြန်လာသူများ၊ အစိုးရ၏ စာရင်းတွင် မဝင်ဘဲရှိနေသူများလည်း ရှိနိုင်ပါသည်။

 

၂၉။ လူနေဆောင်များကို အဆင့်မြှင့်တင်ခြင်း၊ လျော်ကန်သော လစာပေးခြင်းနှင့် အလုပ်သမားအခွင့်အရေး မူဝါဒများ အကောင်အထည်ဖော်ခြင်းတို့ကြောင့် ကုန်ကျစရိတ်မြင့်စေပြီး၊ ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်ကို လျော့ကျစေနိုင်ပါ သည်။ သာဓကအားဖြင့် စင်္ကာပူအစိုးရက နိုင်ငံခြားလုပ်သားများအပေါ် မှီခိုအားထားနေရခြင်းကို လျှော့ချနိုင်ရန် ကူးစက် ကပ်ဘေး မတိုင်မီကပင် တွန်းဆော်နေခဲ့ပါသည်။ အထူးသဖြင့် ‌ဆောက်လုပ်ရေးကဏ္ဍတွင် ဖြစ်သည်။ စက်များအသုံးပြု ခြင်းနှင့် ကြိုတင်၍ပုံသွင်းနည်းစနစ်များ (prefabrication techniques) သုံး၍ ပြောင်းလဲရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ  ဆောက်လုပ်ရေးလုပ်ငန်းများ များစွာဆက်လက် ရှိနေဦးမည်ဖြစ်ရာ လူလုပ်အားလိုအပ်နေဦးမည်ဟူသည့် အမြင်များ လည်း ရှိပါသည်။ ယင်းလုပ်ငန်းများနေရာတွင် ဖြည့်ဆည်းရန် ဒေသခံလုပ်သား ရရန်လည်း ခက်ခဲရာ ဆောက်လုပ်ရေး ကဏ္ဍတွင် ရွှေ့ပြောင်းလုပ်သားများကို လျစ်လျူရှုရန်မှာ လက်တွေ့မကျလှပါ။ ကိုဗစ်-၁၉ ကူးစက်ဘေး အရေးပေါ်အခြေ အနေကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် ယင်းတို့၏ စီးပွားရေးတွင် ရွှေ့ပြောင်းလုပ်သားများ မည်မျှအရေးပါပုံကို ပြန်၍ သုံးသပ်ရန် အခွင့်အရေး ရစေခဲ့ပါသည်။ ILO သဘောတူညီချက်များနှင့်အညီ ယင်းတို့၏ လူမှုဖူလုံရေးနှင့် အခွင့် အရေးများ ပို၍ကောင်းမွန်စွာ စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။ ဤအချက်များသည် ဗိုင်းရပ်စ်ကြောင့် မလိုလားအပ် သော သက်ရောက်ထိခိုက်မှုများကို စဉ်းစားရာတွင် များစွာ အထောက်အကူ ဖြစ်စေပါသည်။ ထို့အပြင် ဒေသတွင်းနိုင်ငံများ ၌ ပို၍မျှတကောင်းမွန်သည့် စီးပွားရေးဆက်ဆံရေး မြှင့်တင်ရန်အတွက်လည်း အကျိုးဖြစ်စေပါမည်။

 

၃၀။ မြန်မာနိုင်ငံအနေဖြင့်မူ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လည် ရောက်ရှိနိုင်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ မိမိတို့က သူတို့ကို ဈေးချို၍ ကျွမ်းကျင်မှုမရှိသည့် အလုပ်သမားများ အဖြစ်မှ ကျွမ်းကျင် အလုပ်သမား ရင်းမြစ်အဖြစ် ပြောင်းလဲရမည် ဖြစ်သည်။ ထိုသူတို့ကို ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံတခုအတွက် လိုအပ်မည်ဖြစ် ပါသည်။ သံသယရှိစရာ မလိုသည့်အချက်မှာ ဤခရီးလမ်းသည် ရှည်လျား ခက်ခဲပါမည်။ လူသိများသည့် ဆိုစကားတရပ် မှာ “မိုင်တထောင်ခရီးကို ခြေတလှမ်းဖြင့် စရမည်” ဟူ၍ ဖြစ်ပါသည်။ လက်ရှိတွင် မိမိတို့၏ လုပ်ငန်းမှာ ပထမခြေလှမ်းကို စတင်လိုက်ရန် နှင့် တည့်မှန်သော လမ်းသို့ဖြစ်စေရေးပင် ဖြစ်ပါသည်။ နောက်သို့ပြန်သည့်၊ လမ်းချော်သည့်၊ စက်ဝိုင်းပုံ လည်နေသည့် ခြေလှမ်းမဖြစ်ရန်သာ လိုအပ်ပါသည်။၁၅

 

III.  ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေး ကပ်ရောဂါမှ သင်ခန်းစာများ

၃၁။ စာမျက်နှာ ၃ နိဒါန်းတွင် “ကိုဗစ်-၁၉ လို ကိစ္စမျိုး ရင်ဆိုင်ဖြတ်သန်းခဲ့ဘူးတဲ့ အတွေ့အကြုံမျိုး အတိတ်မှာ မရှိခဲ့သော် လည်း၊ ယခုအချိန်မှာ ကျမတို့ ဒီ ကိုဗစ်-၁၉ ကပ်ဆိုးကြီးကိုအတူ လက်တွဲတွန်းလှန်ဖို့ ဆောင်ရွက်နေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဟု ဖော်ပြထားသည်။

စာရေးသူ၏ မှတ်ချက်များမိမိတို့၏အတိတ်” သည် အသေးစိတ် အစီအစဉ်၊ သို့မဟုတ် သင်ခန်းစာ ယူနိုင်ခြင်း ရှိ-မရှိကို ဆုံးဖြတ်နိုင်ရန်အတွက် အတိတ်ကဖြစ်ပျက်ခဲ့သည့် ကူးစက်ရောဂါဘေး ကပ်ဆိုးကြီးများ၏ ထိခိုက်သက်ရောက်မှု ကို ပြန်၍ ကြည့်ရှုဖို့ လိုအပ်လာပါသည်။ လူသားတို့နှင့် သေကျေစေတတ်သော ဘက်တီးရီးယားပိုးမွှား၊ ဗိုင်းရပ်စ် ကူးစက် ဘေးတို့အကြား ရာစုနှစ်နှင့်ချီ၍ တိုက်ပွဲများ ရှိခဲ့ပါသည်။ ယင်းတို့အနက် အတိတ်ကာလ ကူးစက်ရောဂါကပ်ဘေးများက မိမိတို့အပေါ် သက်ရောက်သည်ကို ထင်ရှားသည့် ရွေးချယ်စရာနည်းလမ်းများ ရှာဖွေကြရမည် ဖြစ်ရာ ၁၉၁၈ ခုနှစ်တွင်ဖြစ် ပွားသည့် စပိန်တုပ်ကွေးရောဂါ (Spanish Flu of 1918) မှာ အသေအပျောက်အများဆုံး ဖြစ်ပြီး၊ သမိုင်းတွင် ကူးစက် ရောဂါကပ်ဘေးတို့၏ မိခင်အဖြစ် တွင်ခဲ့ပါသည်။ ကမ္ဘာတဝန်း လူသန်း ၅၀ ကျော် သေဆုံးခဲ့ပြီး၊ ယင်းအနက် အိန္ဒိယ တိုက်တွင် သေဆုံးသူ ၁၅ သန်းလည်း အပါအဝင် ဖြစ်ပါသည်။၁၆  မြန်မာနိုင်ငံသို့ သက်ရောက်ခဲ့မှုတွင်မူ အစီရင်ခံစာ တခု ရှိပြီး မြန်မာနှင့် ၁၉၁၈-၂၀ စပိန်တုပ်ကွေးရောဂါ Myanmar and the 1918-20 Spanish Influenza” အမည်ဖြင့် ရှိပါ သည်။ ၁၇ ယင်းအစီရင်ခံစာတွင် အောက်ပါအချက်များ ဖော်ပြထားသည်။

(က) ၁၉၁၀ ခုနှစ်များ နောက်ပိုင်းတွင် မြန်မာနိုင်ငံအဖို့ အရေးကြီးသည့် နိုင်ငံရေးအပြောင်းအလဲများ၊ ဆွေးနွေးငြင်းခုံမှုများ ပြင်းထန်နေသည့်ကာလ ဖြစ်သည်။ ပထမကမ္ဘာစစ်မှာ ၁၉၁၈ ခုနှစ်တွင် ပြီးခဲ့ပြီး၊ ယင်းနှစ် နှောင်းပိုင်းတွင် ဗြိတိသျှကိုလိုနီ အစိုးရက အိန္ဒိယသို့ အကန့်အသတ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရန် စဉ်းစားခဲ့သည်။ မြန်မာမှာ ထိုအချိန်က အိန္ဒိယ၏ပြည်နယ်တခုအဖြစ် ရှိနေပြီး ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံ ဥပဒေအရ အပြောင်းအလဲများ ပြုလုပ်ခြင်းမှ ဖယ်ကြဉ်ခံထားရသည်။ သို့အတွက်ကြောင့်လည်း မြန်မာပြည်သူများက စိတ်ပျက်နေကြသည်။

(ခ) ကိုလိုနီအစိုးရနှင့် ပို၍ကောင်းမွန်သည့် နိုင်ငံရေးသဘောတူညီမှုများ ရရှိရေး ဆန္ဒစောနေကြရာ ကမ္ဘာ လုံးဆိုင်ရာ ကူးစက်ဘေးနှင့် နိုင်ငံတွင်း သက်ရောက်ထိခိုက်လာနိုင်ခြေကို လုံလောက်စွာ အာရုံထား နိုင်ခြင်း မရှိခဲ့ကြပါ။

(ဂ) ၁၉၁၈ ခုနှစ် အစောပိုင်းတွင် ကူးစက်ရောဂါက ဥရောပတွင် ကူးစက်ပျက်စီးစေပြီး ဖြစ်သည်။ မြန်မာ အတွက်မူ ဒေသအတွက် ပြင်ဆင်ထားမှုများ မရှိခဲ့ပါ။

(ဃ) ကူးစက်ရောဂါဘေး ဆိုက်ရောက်လာသည့်အခါ ထိခိုက်မှု များလှသည်။ များမကြာသေးမီက ပညာ ရှင်များ၏ ခန့်မှန်းချက်အရ ၁၉၁၈ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ ၁၂ သန်းအနက်မှ ၂-၃ ရာခိုင်နှုန်း သို့မဟုတ် လူပေါင်း ၃၆၀,၀၀၀ ခန့် ကူးစက်ရောဂါဘေးကြောင့် သေဆုံးသည်ဟု ဖော်ပြကြသည်။ အိန္ဒိယမှ ရွှေ့ပြောင်းလုပ်သားများ အပါအဝင် မြို့ပြနေ ဆင်းရဲသားများ အထူးထိခိုက်ကူးစက်ခံ ကြရသည်။ အလားတူ သာမန်ရွာသားများလည်း ကူးစက်ခံကြရသည်။ ၁၉၁၈ ခုနှစ်တွင် နိုင်ငံနေရာ အများရှိ စိုက်ပျိုးရေး လုပ်ငန်းများမှာ လုံးဝရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။ အိမ်ပြန်လာကြသည့် ရှေ့တန်းကျသည့် နေရာ များရှိ စစ်သားများအတွက် ဆေးဝါးထောက်ပံ့ပေးနိုင်ခြင်း မရှိကြပေ။ မည်မျှသေဆုံးခဲ့သည်ကိုလည်း မသိနိုင် ကြပေ။

(င) ယင်းတို့အနက် သေဆုံးသူတဦးမှာ ဦးထွန်းရှိန် ဖြစ်သည်။ သူက ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ၏ ခေါင်းဆောင်ဖြစ်သည်။ ဦးဘဖေ၊ ဦးပုတို့နှင့်အတူ မြန်မာနိုင်ငံ၏ အနာဂတ်ဖွဲ့စည်းပုံအတွက် လန်ဒန်သို့ သွားရောက်တောင်းဆိုခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦး ဖြစ်သည်။ ထိုသူများက လန်ဒန်တွင် ၁၉၁၉ ခုနှစ် ကူးစက်ကပ်ဘေး အမြင့်ဆုံးကာလ၌ ခြောက်လကြာ နေထိုင်ခဲ့ကြသည်။

(စ) ဦးထွန်းရှိန်မှာ ရန်ကုန်သို့ပြန်လာပြီး များမကြာမီတွင် သေဆုံးခဲ့သည်။ သူ၏ဈာပနမှာ အမျိုးသားရေး လှုပ်ရှားမှုအတွက် ကြီးကျယ်သည့်အခန်းအနား ဖြစ်ခဲ့သည်။ နယူးဘားမား ရုပ်ရှင်လုပ်ငန်းမှ ဦးအုန်းမောင် က ယင်းဈာပနကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ခဲ့သည်။ ယင်းကို ၁၉၂၀ ပြည့်နှစ် တွင် Cinema de Paris တွင် ပြသခဲ့သည်။ (နောက်ပိုင်းတွင် ယင်းရုပ်ရှင်ရုံနေရာ၌ စကော့ဈေးဖြစ်လာ သည်) ဤနည်းဖြင့် ကူးစက်ကပ်ဘေးက မြန်မာနိုင်ငံတွင် ရုပ်ရှင်လုပ်ငန်းကို အစပျိုးပေါ်ထွန်းစေခဲ့သည်။

 

၃၂။ မိမိတို့၏ အတိတ်မှ ကူးစက်ကပ်ဘေးကြီးများနှင့် ပတ်သက်၍ များစွာသင်ခန်းစာ ရယူရန် မရှိသော်လည်း ၁၉၁၈ ခုနှစ် စပိန်တုတ်ကွေး ကူးစက်ကပ်ဘေးမှ အသုံးဝင်သည့် သင်ခန်းစာအမြောက်အမြား ရှိပါသည်။ ယင်းကူးစက်ကပ်ဘေးမှာ ပထမကမ္ဘာစစ် ကာလတွင် ဖြစ်ပွားခဲ့ပြီး၊ စစ်ကြီးမှာ ၁၉၁၄ ခုနှစ် ဇူလိုင်လတွင် စတင်၍ ၁၉၁၈ ခုနှစ် နိုဝင်ဘာလတွင် ပြီးဆုံးသည်။ ဤအချက်သည်ပင် ဗိုင်းရပ်စ်ကြောင့် လူအမြောက်အမြား၊ အလျင်အမြန် သေဆုံး၊ ကမ္ဘာတလွှား ကူးစက်မှု မြန်ဆန်စေသည့် အကြောင်း ဖြစ်စေခဲ့သည်။ သေဆုံးပျက်စီးရမှုများအတွက် နမူနာဖော်ပြရန် အကောင်းဆုံးမှာ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက ဂျာမနီကို ၁၉၁၇ ခုနှစ် ဧပြီ ၆ ရက်တွင် စစ်ကြေညာခဲ့ပြီး ပထမကမ္ဘာစစ်တွင် အဓိကပါဝင်တိုက်ခိုက်သူတဦး ဖြစ်လာခဲ့သည်။

 

၃၃။ အမေရိကန်ပြည်ထောင်စုက ပထမကမ္ဘာစစ်တွင် နိုင်ငံနှင့် ၎င်း၏စစ်တပ်က သေချာပြင်ဆင်ထားမှုလုံးဝ မရှိပါဘဲ ပါဝင်လာခဲ့သည့်အကြောင်းကို ပထမကမ္ဘာစစ်- အမေရိကန်တပ်မတော်ကို တည်ဆောက်ခြင်း “World War 1: Building the American military” တွင် ဖော်ပြထားခဲ့သည်။၁၈ ပြင်ဆင်ထားမှု မရှိခြင်း ထင်ရှားနေသည့်အကြောင်းကို မှတ်ချက်ပြု ဖော်ပြရာ၌ ၁၉၁၇ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု တပ်မတော်၌ နယ်မြေခံရဲတပ်သား ၁၂၇,၁၅၁ ဦးနှင့် အမျိုးသားအရန်တပ်ဖွဲ့ဝင် ၁၈၁,၆၂၀ ဦးသာ ရှိနေသည်။ ထို့အပြင် ပထမကမ္ဘာစစ်တွင် ပါဝင်ကြသည့် အခြားနိုင်ငံများ ကဲ့သို့ အမြဲတမ်းတပ်မတော်တရပ် ဖွဲ့စည်းထူထောင်ထားခြင်း မရှိသေးပါ။ ဥပမာအားဖြင့်- မဟာမိတ်တပ်ဖွဲ့များဘက်တွင် ရုရှားနိုင်ငံ အမြဲတမ်းတိုက်ခိုက်ရေး တပ်မတော်၌ စစ်သား ၁၂ သန်း၊ ဗြိတိသျှအင်ပိုင်ယာတွင် စစ်သား ၈ ဒသမ ၉ သန်း နှင့် ပြင်သစ်တွင် စစ်သား ၈ ဒသမ ၄ သန်း ရှိနေသည်။ အခြား Central Powers ဘက်တွင် ဂျာမဏီ၌ စစ်သား ၁၁ သန်း၊ ဩစတြီးယား-ဟန်ဂေရီ၌ စစ်သား ၇ ဒသမ ၈ သန်းနှင့် တူရကီ၌ စစ်သား ၁ ဒသမ၂ သန်း ရှိနေသည်။

 

၃၄။ သို့ဖြစ်ရာ အမေရိကန်ပြည်ထောင်စုအတွက် ပထမဦးစားပေး ပြင်ဆင်ရမည့်ကိစ္စမှာ တပ်မတော်တရပ် တည်ထောင် ရန်ပင် ဖြစ်သည်။ ယင်းတွင် လိုအပ်ချက်များအဖြစ် စစ်သားစုဆောင်းရေးဌာနများ ဖွင့်လှစ်ခြင်း၊ စစ်တပ်စခန်းများ ထူ ထောင်ခြင်း၊ တပ်သားသစ်များ ပုံမှန်နှင့် အမြောက်အမြား ဆက်လက်သေချာ ရရှိစေခြင်းတို့ပင် ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ အတွက် စစ်တန်းလျားများ၊ သင်တန်းဧရိယာများ၊ ယူနီဖောင်းများ နှင့် ကိရိယာများ လိုအပ်ပြန်သည်။ ထိုမျှမက စခန်းများ နှင့် စစ်တန်းလျားများတွင် လမ်းများ၊ ရထားလမ်းများ၊ မိလ္လာစနစ်များ၊ လျှပ်စစ်၊ ရေပေးရေး၊ စားသောက်ဆောင်၊ အုပ်ချုပ် ရေး အဆောက်အဦများ၊ ဆေးရုံများ စသည်ဖြင့် လိုအပ်ပြန်သည်။ အခြား အထူးဦးစားပေးကိစ္စ လိုအပ်ချက်မှာ လက်နက် များ၊ လက်နက်ကြီးအမြောက်များ၊ သံချပ်ကာကားများ၊ တင့်ကားများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ သင်္ဘောများ၊ စသည်ဖြင့် ဖြစ်သည်။ တပ်မတော်တခုတည်ဆောက်ရန်မှာ ဤလိုအပ်ချက်အားလုံးသာမက အချိန်တိုအတွင်း နိုင်ငံက သံန္နိဌာန်ပိုင်းဖြတ်၍ ရင်းမြစ်အမြောက်အမြားနှင့် လုပ်သားအင်အားစုများ အသုံးချဖို့ လိုအပ်ပြန်သည်။ ဤသို့သောကိစ္စ များကို စပိန်တုပ်ကွေး ကူးစက်မှုခြိမ်းခြောက်ခံနေရသည့် နိုင်ငံတခုတွင် ပြီးမြောက်အောင် ဆောင်ရွက်ရခြင်း ဖြစ်သည်။

 

၃၅။ အမေရိကန်ပြည်ထောင်စု သမ္မတ ဝုဒ်ရိုးလ် ဝီလ်ဆင်က ပြဿနာကို ၁၉၁၇ ခုနှစ်တွင် လုပ်ငန်း နှစ်ရပ်ဖြင့် ဖြေရှင်းခဲ့သည်။ ယင်းတို့မှာ (i) ပြည်သူ့သတင်းဌာန (CPI) အတွက် ကော်မတီတရပ်ဖန်တီးခြင်း နှင့် အစိုးရဌာနက ပြည်သူများ၏ထင်မြင်ချက်များကို ဩဇာလွှမ်းမိုးနိုင်ရန် သတင်းများဖြန့်ဝေခြင်း နှင့် အမေရိကန်က စစ်အတွင်းပါဝင်ခြင်းကို လူထုက ထောက်ခံ လာစေရန်၁၉ နှင့် (ii) စပိန်တုပ်ကွေးသတင်းများကို ဆင်ဆာဖြတ်တောက်ရန် အစိုးရအမိန့်ကိုသုံးခြင်း ဖြစ်သည်။ အကယ်၍ လွတ်လပ်သည့်သတင်းဌာနများက ကူးစက်ကပ်ဘေးနှင့် ပတ်သက်၍ သတင်းများထုတ်လွှင့်နေပါက လူသစ် များ စုဆောင်း၍ အလုပ်လုပ်ဆောင်စေရာတွင် မည်သူမျှ လာတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။၂၀

 

၃၆။ CPI ဌာနအနေဖြင့် ရုပ်ရှင်များ ထုတ်လုပ်ခြင်း၊ ပိုစတာများ ဖန်တီးတာဝန်ပေးခြင်း၊ စာအုပ်နှင့် လက်ကမ်းစာစောင် အမြောက်အမြား ထုတ်ဝေဖြန့်ချိခြင်း၊ အဓိကကျသည့် သတင်းစာကြီးများတွင် ဈေးဝယ်ယူမည့် ကြော်ငြာများထည့်သွင်း ခြင်း၊ စီးပွားရေးသမားများ၊ ဟောပြောစည်းရုံးသူများနှင့် ပါမောက္ခများကို အမေရိကန် စစ်ထဲဝင်ရောက်သည်မှာ မှန်ကန် ကြောင်း လူထုထံ စည်းရုံးပြောကြားရန် စည်းရုံးသိမ်းသွင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ယင်းလုပ်ငန်းများကြောင့် သက် ရောက်မှု ဖြစ်စေပြီး၊ ပြည်သူများက အမေရိကန်အနေဖြင့် စစ်ပွဲတွင် ဝင်ရောက်စွက်ဖက်သည်ကို ထောက်ခံခဲ့ကြသည်။ ကူညီပံ့ပိုးရေးလုပ်ငန်းများတွင် အကျယ်အပြန့် ပါဝင်ခဲ့ကြသည်။ သို့သော်လည်း စစ်ပြီးနောက်ပိုင်းတွင် အခြေ အနေ ရှင်းလင်းလာသည့်အခါ၌ သတင်းများကို ပုံဖျက်အသုံးချမှုအပေါ် CPI ဌာနကို ဝေဖန်ခဲ့ကြသည်။ အလားတူပင် သမ္မတ၏ အုပ်ချုပ်ရေးအမိန့်အရ ပြည်သူများစိတ်ဓာတ်တက်ကြွစေရန် စပိန်တုပ်ကွေးသတင်း မှောင်ချ ဆင်ဆာဖြတ်တောက်ခြင်း ကို ဝေဖန်ခဲ့ကြသည်။ အများအားဖြင့် လိမ်ညာခြင်း၊ အမှန်တရားကို ဖုံးကွယ်ခြင်း၊ ပြည်သူများကို သတင်းမှားများပေး သည်ဟု ဖော်ပြခဲ့ကြသည်။

 

၃၇။ စပိန်တုပ်ကွေး ကူးစက်မှုက မည်သို့စတင် ဖြစ်ပေါ်လာသည်၊ မည်သည့်နေရာမှ ကူးစက်လာသည်ကို သေချာမသိကြ ရပေ။ လူအများက ယုံကြည်နေကြသည်မှာ အမေရိကန်ပြည်ထောင်စုမှပင် စတင်သည်ဟု ထင်မြင်နေကြသည်။ ပထမ ဦးဆုံး မှတ်တမ်းတင်ထားသည့် ကူးစက်မှုမှာ ၁၉၁၈ ခုနှစ် မတ် ၁၁ ရက်တွင် ကင်းဆတ်ပြည်နယ်ရှိ ရီလီခံတပ် (Fort Riley) တွင် ဖြစ်ပွားခဲ့သည်။ စစ်ခံတပ်စခန်း၏ လူပြည့်ကျပ်နေသည့်အခြေအနေ၊ မသန့်ရှင်းမှုကြောင့် ဗိုင်းရပ်စ် ကူးစက်မှု အတွက် ရေခံမြေခံ ဖြစ်စေခဲ့ပြီး၊ ရက်သတ္တအပတ်အတွင်း ကူးစက်သူပေါင်း ၅၀၀ ကျော် ရှိခဲ့သည်။၂၁ ကျန်းမာရေး အရာရှိ များက စစ်စခန်းတခုလုံးကို ကွာရန်တင်း တားဆီးမိန့်ပြုရန် အကြံပြုခဲ့ကြ သော်လည်း၊ တပ်မှူးများက လက်မခံခဲ့ကြပေ။ နိုင်ငံက စစ်တိုက်နေသည့်အချိန်တွင် မဖြစ်နိုင်ဟု ဆိုကြသည်။ တပ်ဖွဲ့များ ကို အမေရိကန်ပြည်ထောင်စု အခြားဒေသများ ရှိ စစ်စခန်းများသို့ ခွဲဝေပို့ဆောင်ရာ နိုင်ငံတခုလုံးသို့ ဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်စေခဲ့သည်။

 

၃၈။ ၁၉၁၈ ခုနှစ် မေလသို့ရောက်သည့်အခါ အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်စ်ကူးစက်မှု ကျဆင်းသွားပြီး၊ တပ်စခန်း အသီးသီးမှ စစ်သားများလည်း တိုက်ပွဲအတွက် အဆင်သင့်ဖြစ်ကြပြီ ဖြစ်သည်။ သူတို့ကို သမုဒ္ဒရာဖြတ်၍ ဥရောပသို့ ခရီး ရှည်ကြီးကို သန့်ရှင်းမှုကင်းမဲ့နေသော သင်္ဘောများဖြင့် ကျပ်ညပ်၍ ပို့ကြပြန်သည်။ ဤခရီးစဉ်တွင် ဗိုင်းရပ်စ်ပေါက်ဖွားကူး စက်မှုဖြစ်စေ၍ သင်္ဘောများကမ်းသို့ မကပ်မီပင် သင်္ဘောပေါ်၌ လူများစွာကို ကူးစက်၊ သေဆုံးစေကြသည်။ သင်္ဘောများ ကမ်းကပ်သည့်အခါ တပ်ဖွဲ့များကို လူပြည့်ကျပ်နေသော ရထားများ၊ ထရပ်ကားများဖြင့် ရှေ့တန်းများတွင် ရန်သူတပ်များ နှင့် ကတုတ်ကျင်းစစ်ပွဲများ ဆင်နွှဲရန် ပို့ကြပြန်သည်။ ကတုတ်ကျင်းများမှာ ညစ်ပတ်ပေရေနေပြီး ရောဂါကူးစက်ရန် အတွက် အခြေအနေကောင်း ဖြစ်နေသည်။ စစ်သားများကို ယင်းကတုတ်ကျင်းများထဲသို့ ပြည့်ညှပ်၍ ထည့်သည့်အခါ ဗိုင်းရပ်စ်ပိုး ကူးစက်မှုအတွက် တကယ့်အခြေအနေဖြစ်စေပြီး၊ လူများစွာ ကူးစက်သေဆုံးကြရသည်။ အမှန်ဆိုရလျှင် သမိုင်းမှတ်တမ်းများအရ ပထမကမ္ဘာစစ်အတွင်း ပြည်ပတွင်တာဝန်ထမ်းဆောင်၍ သေဆုံးရသူ အမေရိကန်စစ်သားအရေ အတွက်မှာ ၆၄,၁၁၄ ဦးရှိပြီး၊ ရောဂါများနှင့် အခြားအကြောင်းများကြောင့် သေဆုံးရခြင်း ဖြစ်သည်။ ယင်းမှာ တိုက်ပွဲများ အတွင်း ကျဆုံးရသူ ၅၃,၄၀၂ ဦးထက် များစွာ ပိုများနေသည်။၂၂ စစ်သားများ အိမ်ပြန်လာကြသည့်အခါ နိုင်ငံအတွင်းရောဂါ ကူးစက်မှု ပြန့်နှံ့စေသည်။ ထို့အပြင် ဖျားနာသည့်စစ်သားများကို သူတို့၏မိသားစုများထံ ပြန်ပို့သည့် စစ်တပ်၏လုပ်ငန်းစဉ် ကြောင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ပို၍ ကူညီပေးသည့်နှယ် ဖြစ်စေခဲ့သည်။

 

၃၉။ သို့အတွက်ကြောင့် တုပ်ကွေးရောဂါသည် ဥရောပစစ်မြေပြင်မှတဆင့် ပျံ့နှံ့လာပြီး၊ စစ်သင်္ဘောများ နှင့် ယာဉ်များ၊ ကုန်တင်သင်္ဘောများ၊ ရထားများ စီးနင်းရာတွင် မမြင်ရဘဲ ပို၍ပျံ့နှံ့စေသည်။ ဗိုင်းရပ်စ်က ကမ္ဘာတခုလုံး ခရီးထွက်သူဖြစ် လာစေသည်။ ထိုအခါ တုပ်ကွေး ကူးစက်မှုဘေးမှာ ကမ္ဘာ့ကပ်ဘေးအသွင် ဖြစ်လာစေသည်။ ထည့်သွင်းစဉ်းစားရမည့် အချက်နှင့် လက်ရှိတွင် စိတ်ဝင်စားဖွယ်မှာ စပိန်တုပ်ကွေးကပ်ရောဂါမှ ပြန်၍သင်ခန်းစာထုတ်ယူနိုင်သည့် အချက်များ ဖြစ်သည်။ ယင်းသို့အမှားများကို ပြန်၍ထပ်မမှားရန် လိုအပ်ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု လက်ရှိတိုက်ပွဲဝင်နေဆဲ အခြေအနေတွင် အသိအမှတ်ပြုထားရန် လိုအပ်သည်။

 

၄၀။ ပြန်၍ဖော်ထုတ်စရာ ထင်ရှားသည့်သင်ခန်းစာတခုမှာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်ရန် ထိရောက်သည့် ကာကွယ်တားဆီး မှုလုပ်ငန်းများဖြစ်ပြီး၊ ယနေ့ကာလတွင် ဆေးဝါးကုသမှုဆိုင်ရာ မဟုတ်သည့် ကြားဝင်ဆောင်ရွက်မှုများဟု ဆိုနေကြ သည်။ ယင်းတို့မှာ – နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ တဦးနှင့် တဦးခပ်ဝေးဝေးနေခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ ပိတ်ဆို့ တားမြစ်ခြင်း (lockdowns) နှင့် ကွာရန်တင်းလုပ်ငန်းများ စသည်ဖြင့် ပါဝင်ကြသည်။ ယင်းတို့မှာ စပိန်တုပ်ကွေး ကမ္ဘာ့ ကပ်ဘေး ကာလတွင်လည်း သက်သေအထောက်အထားဖြင့် ကောင်းစွာမှတ်တမ်းတင်ခဲ့သည့် ရလဒ်များ ဖြစ်သည်။ ယင်း သို့ ကာကွယ်ရန် ဆောင်ရွက်ချက်များ အသုံးဝင်ပုံကို ထိုကာလအတွင်း သိရှိခဲ့ကြပြီး ဖြစ်သည်။ တကိုယ်ရေကာကွယ်ရေး ဝတ်စုံ (PPE) ဆိုင်ရာ နည်းစနစ်များ၊ ခပ်ခွာခွာ နေထိုင်ခြင်း နှင့် ကွာရန်တိုင်း ပြုခြင်းတို့ကို ချက်ချင်းနှင့် တင်းကျပ်စွာ အသုံးပြုခဲ့ကြသူများက များစွာထိခိုက် အန္တရာယ်ဖြစ်မှု မရှိဘဲနှင့် ကူးစက်ကပ်ဘေးများကို ကျော်လွှားနိုင်ခဲ့ကြသည်။ ဤသို့ မဆောင်ရွက်ကြသူများက အဆမတန် တန်ဖိုးကြီးကြီး ပေးခဲ့ကြရသည်။

 

၄၁။ မြို့ကြီးများနှင့် ရပ်ရွာများတွင် ဗိုင်းရပ်စ်ကို တုံ့ပြန်ဆောင်ရွက်ပုံ ခြားနားမှု အကျိုးဆက်ကို တုပ်ကွေး ကူးစက်ကပ် ဘေး အစီရင်ခံစာများတွင် အလေးပေးဖော်ပြခဲ့ကြသည်။ ဝမ်းနည်းကြေကွဲဖွယ် အကောင်းဆုံးနှင့် အများဆုံးကိုးကားဖော် ပြကြသည်မှာ ဖီလာဒဲလ်ဖီးယားမြို့တွင် ကြုံတွေ့ခဲ့ရမှု ဖြစ်သည်။၂၃ လွတ်မြောက်ရေး ငွေတိုက်စာချုပ် (Liberty Bond)- စစ်ပွဲအတွက်ချေးငွေနှင့် ပတ်သက်၍ လူထုထောက်ခံမှုရရန် ယင်းမြို့တော်တွင် ဧရာမ လူထုချီတက်ပွဲကြီး ကျင်းပရန် စီစဉ် ထားသည်ကို ဆရာဝန်များက ဖျက်သိမ်းလိုက်ပါရန် တိုက်တွန်းခဲ့ကြသည်။ ပြည်သူ့ကျန်းမာရေးဌာန ဒါရိုက်တာက အကြံပေးချက်ကို လျစ်လျူပြု၍ ၁၉၁၈ ခုနှစ်၊ စက်တင်ဘာ၂၈ ရက်တွင် လူ ၂၀၀,၀၀၀ ပါဝင်သည့် ချီတက်ပွဲကြီး ကျင်းပ ခဲ့သည်။ များမကြာမီပင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ တကယ့်ကပ်ဘေးဒုက္ခကြီး ဆိုက်စေခဲ့သည်။ လူထောင်ပေါင်းများစွာ သို့ တုပ်ကွေးပိုး ကူးစက်ခဲ့ပြီး နေ့စဉ်နှင့်အမျှ လူရာချီ သေဆုံးရသည်။ ရက်အနည်းငယ်အတွင်းမှာပင် မြို့တော်၏ ဆေးရုံ ၃၁ ခု တွင် လူနာများဖြင့် ပြည့်လျှံသွားပြီး၊ သေကျေကြသည်။ ရက်သတ္တပတ်အကုန်တွင် လူပေါင်း ၄,၅၀၀ ကျော် သေဆုံးရ သည်။ ထိုအခါ ရင်ခွဲရုံများနှင့် သုသာန်များတွင်ပါ လူများပြည့်ညပ်ကုန်ရသည်။ စုစုပေါင်း သေဆုံးသူ ၁၅,၀၀၀ ကျော် ခဲ့သည်။

 

၄၂။ ချက်ချင်း ကာကွယ်မှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်သူနှင့် မလုပ်ဆောင်ခဲ့သူများအကြား ဗိုင်းရပ်စ်၏သက်ရောက် မှုနှင့် ပတ်သက်၍ များစွာသော နှိုင်းယှဉ်လေ့လာမှု အမြင်များ ရှိနေပါသည်။ စိတ်ဝင်စားဖွယ် ဖြစ်ရပ်တခုမှာ ပစိဖိတ် သမုဒ္ဒရာ အလယ်ရှိ ကျွန်းငယ် ၂ ခုဖြစ်သည့် အနောက် ဆာမိုအာ (Western Samoa) နှင့် အမေရိကန် ဆာမိုအာ (American Samoa)၂၄ တို့ပင် ဖြစ်သည်။ အနောက်ဆာမိုအာကျွန်းသို့ နယူးဇီလန်မှ သင်္ဘောတစင်းလာရောက်လည်ပတ် ရာမှ တုတ်ကွေးရောဂါ သယ်ဆောင်လာခဲ့သည်။ ကနဦးစတင်ကူးစက်မှုများကို ကျွန်းအာဏာပိုင်များက လျစ်လျူရှုခဲ့ကြ ပြီး၊ သို့အတွက်ကြောင့် ကြီးမားပြင်းထန်သည့် ပြည်သူ့ကျန်းမာရေး ပြဿနာ တုတ်ကွေး ကူးစက်ကပ်ဘေး အဖြစ်သို့ ရောက်စေခဲ့သည်။ အချိန်တိုအတွင်း ကျွန်းနေလူထု ၈၅,၀၀၀ ဦး သေဆုံးခဲ့ရသည်။ ကျွန်းနေလူဦးရေ၏ ၂၅ ရာခိုင်နှုန်း ရှိပါသည်။ အခြားတဘက်တွင် အနောက်ဆာမိုအာကျွန်း၏ အရှေ့ဖက် မိုင် ၄၀ အကွာတွင် တည်ရှိနေသည့်၊ အမေရိကန် ဆာမိုအာ ကျွန်းတွင်မူ အာဏာပိုင်များက တင်းကျပ်သည့် ကွာရန်တိုင်းကန့်သတ်မှုများ ပြုကာ၊ လိုအပ်သည့် ကာကွယ်မှုလုပ်ငန်းများ ချက်ချင်း ဆောင်ရွက်ခဲ့ကြသည်။ ရောဂါကူးစက်မှုကို တားဆီးနိုင်ကာ သေဆုံးသူ မရှိခဲ့ပေ။

 

၄၃။ ကွာရန်တင်း နှင့် ခပ်ခွာခွာနေရေး လုပ်ငန်းစဉ်များ ချမှတ်ကြသည့် အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးအများ၏ အတွေ့အကြုံအရ ကူးစက်ကပ်ရောဂါကို တုံ့နှေးစေနိုင်ခဲ့ကြသည်။ စိန့်လူးဝစ်မြို့တော် (St. Louis city) က ဥပမာ ကောင်းတခု ဖြစ်သည်။ ကနဦးကူးစက်လူနာ အနည်းငယ်တွေ့ရှိသည်နှင့် နှစ်ရက်အတွင်း မြို့တော်က ကျောင်းများ၊ ကစား ကွင်းများ၊ စာကြည့်တိုက်များ၊ တရားရုံးများ၊ ဘုရားရှိခိုးကျောင်းများကို ပိတ်ပစ်လိုက်ပြီး၊ လူ ၂၀ ဦးထက်ပို၍ စုဝေးခြင်းကို တားမြစ်ခဲ့သည်။ သို့ဖြစ်၍ တုပ်ကွေးရောဂါ ကူးစက်မှု နှင့် သေဆုံးမှု ဂရပ်မျဉ်းကို ပြားစေခဲ့သည်။ လူအနည်းငယ် သေဆုံး ရပြီးနောက် ဂရပ်က အောက်သို့ဆင်းသွားခဲ့သည်။ ကွဲပြားသော နှိုင်းယှဉ်ချက်မှာ ကာကွယ်ရေး အစီအမံများ အချိန်မီ မဆောင်ရွက်ခဲ့ကြသည့် မြို့ကြီးများ (ဥပမာ- ဖီလာဒဲလ်ဖီးယား) တွင် သေဆုံးမှုနှုန်း ရာချီ၍ ဂရပ်မျဉ်း မိုးထိုး ထောင်တက် ခဲ့ပြီး၊ တခဏတာ မျဉ်းပြန်ကျကာ နောက်ပိုင်းပြန်၍ ထိုးတက်ခဲ့ပြန်သည်။ ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုက လှိုင်းသဖွယ်လာ သောကြောင့် ဖြစ်သည်။ ဒုတိယလှိုင်းနှင့် နောက်ပိုင်းလှိုင်းများမှာ ပထမအကြိမ်ကထက် အသေအပျောက် ပိုများပါသည်။

 

၄၄။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်တွင်၊ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်နေရသည့်စစ်ပွဲ ခုနစ်လ တကျော့ ပြန်လည် လာသည်။ နိုင်ငံအများက ကွာရန်တင်းထားခြင်းနှင့် အခြားသော ကာကွယ်မှုဆိုင်ရာ လုပ်ငန်းများ ဤကာလ အတွင်း ဆောင်ရွက်ခဲ့ကြသည်။ ယခင်က ဖော်ပြထားသည့်အတိုင်း ဤသို့လုပ်ငန်းများ ဆောင်ရွက်ရသည့် အလျောက် ပေးဆပ်ရ သည့်တန်ဖိုးမှာလည်း အလွန်အမင်း ကြီးမားခဲ့သည်။ ယခုအခါ အရေးပါသည့် ပြဿနာမှာ ကန့်သတ်ချုပ်ချယ် ထားမှုများကို မည်သည့်အခါနှင့် မည်သည့်အတိုင်းအတာ ပြန်၍ ဖြေလျှော့ပေးရမည်ဟူ၍ ဖြစ်သည်။ တုတ်ကွေးနှင့် ပတ်သက်၍ တွေ့ ကြုံရသည်များမှ မည်သည့်သင်ခန်းစာ ထုတ်ယူနိုင်ပါမည်နည်း။

 

၄၅။ အမေရိကန်တနိုင်ငံလုံးကို တုပ်ကွေးရောဂါက အပြင်းအထန်တိုက်ခိုက်နေစဉ်၊ ၁၉၁၈ ခုနှစ် စက်တင်ဘာလတွင် တမြို့တော်လုံး ပိတ်ဆို့ကန့်သတ်မှုများနှင့် နှာခေါင်းစည်း ဝတ်ဆင်ရေး လုပ်ငန်းများကို တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့ သည့် ဆန်ဖရန်စစ္စကိုမြို့တော်မှ ရရှိသော သင်ခန်းစာတခု ရှိပါသည်။ ဤသို့ဆောင်ရွက်ပြီးနောက်ပိုင်း နိုဝင်ဘာလတွင် အသစ်သော ကူးစက်မှုကျဆင်းလာခဲ့သည်။ မြို့တော်က ပိတ်ဆို့ကန့်သတ်မှုများ ရုပ်သိမ်း၍ စီးပွားရေးလုပ်ငန်းများ ပြန် လည်ဖွင့်ပေးခဲ့သည်။ လူများကို သူတို့၏ အိမ်ပြင်ပသို့ နှာခေါင်းစည်း မဝတ်ဆင်ဘဲ ပြန်၍ထွက်ခွင့်ပြုခဲ့ပါသည်။ သို့သော် ဤသို့ နည်းဗျူဟာပြောင်းလဲမှုမှာ အချိန်စောလွန်းသေးပြီး မြို့တော်က တန်ဖိုးကြီးကြီးပေးခဲ့ရသည်။၂၅ ပေးဆပ်ရသော ကြီးမားသည့်တန်ဖိုးမှာ ဒီဇင်ဘာလ အစောပိုင်းတွင် ဖြစ်လာခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုက အသစ်တဖန်ပြန်၍ မြင့်လာခဲ့ သည်။ မြို့တော်အာဏာပိုင်များက အမိန့်ထုတ်ပြန်၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီလလယ်တွင် ပြန်၍ ကန့်သတ်ပိတ်ဆို့မှုများကို ပြုရသည်။ လူအများက အမိန့်ကိုဆန့်ကျင်ကြပြီး၊ လူအချို့မှာ ဒဏ်ငွေတပ်ခံရသည်၊ ဖမ်းဆီးခံကြရသည်။ ဆရာဝန်အချို့ ပူးပေါင်းကာ အရပ်သားများက “နှာခေါင်းစည်း မတပ်ဆင်ရေးအသင်း” ကို ဖွဲ့စည်းကြသည်။ ယင်းတို့က ရိုလာစကိတ်ကွင်း တွင် စုရုံးကြရာ ဆန္ဒပြသူပေါင်း ၄,၅၀၀ ခန့် ပါဝင်သည်။ လူသားတို့စုစည်းမှုမှာ အပြိုပြိုအကွဲကွဲဖြစ်နေ ရာ ၁၉၁၉ ခုနှစ်၊ ဇန်နဝါရီ-ဖေဖေါ်ဝါရီလတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများ ဖြစ်လာခဲ့ရပြီး၊ ၁၉၁၈ ခုနှစ် နိုဝင်ဘာလက ကြုံရသည့် သေဆုံးမှုများထက် နှစ်ဆရှိခဲ့သည်။ ဤအတွေ့အကြုံအရ တွေ့ရသည်မှာ လူများက ပိတ်ဆို့ကန့်သတ်မှုများ ဖယ်ရှားပြီး ပါမှ ပြန်၍ချမှတ်တင်းကျပ်မည်ဆိုလျှင် သည်းညည်းမခံနိုင်ကြကြောင်း ပြသနေသည်။

 

၄၆။ ကျန်းမာရေးဆိုင်ရာ သမိုင်းပညာရှင်များ အုပ်စုတခု၏ လေ့လာမှုအရ ကမ္ဘာ့ကူးစက်ကပ်ရောဂါကြီး အမြင့်ဆုံး အခြေအနေတွင်၊ အမှန် တကယ် ရာသီတုပ်ကွေးနှစ်ထက် လူမည်မျှ ပို၍သေဆုံးကြောင်း (၁၉၁၈ ခုနှစ် စက်တင်ဘာလမှ ၁၉၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ) တွက်ချက်ခဲ့ ကြသည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီး ၄၃ ခု ပါဝင်ပြီး၊ “အလွန်အကျွံ သေဆုံးမှု” ဟု ခေါ်ဆိုကြသည့် စာရင်းအင်း ထွက်ရှိခဲ့သည်။၂၆ ယင်းအဖွဲ့က ကျန်းမာရေး ဆေးဝါးကုသပေးမှု မဟုတ်သည့် ကြားဝင်ဆောင်ရွက်မှုကြောင့် ဗိုင်းရပ်စ် ကူးစက်မှုအပေါ် သက်ရောက်ပုံကိုလည်း လေ့လာခဲ့ကြသည်။ လူပေါင်း ၁၁၅,၀၀၀ ဦးကျော် “အလွန်အကျွံ သေဆုံး”ကြောင်း တွေ့ရှိခဲ့သည်။ ဤသို့မြင့်မားသည့်သေဆုံးမှုမှာ ပစ်စဘာ့ဂ် မြို့တွင် လူတသိန်းလျှင် ၈၀၇ ဦး အပို သေဆုံးကြောင်း တွေ့ရသည်။ နိမ့်ကျသည့်သေနှုန်းမှာ မီနီယာပိုးလစ်စ်မြို့တွင် လူတသိန်းလျှင် ၂၆၇ ဦး ဖြစ်သည်။ ထို့အပြင် ဤလေ့လာမှုအရ အကောင်းဆုံး ဆောင်ရွက်ခဲ့သော မြို့တော်များ၊ အစောဆုံး တင်းကြပ်ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ကြသည့် မြို့များ၊ ကာလအကြာရှည်ဆုံး ထိန်းသိမ်းခဲ့ကြသည့်မြို့များ လည်း ရှိကြသည်။ တင်းကြပ်ကန့်သတ်မှုများ ဖယ်ရှားပြီးပါက နောက်တကြိမ်ပြန်၍ ကန့်သတ်မှုချမည်ဆိုလျှင် ခက်ခဲ ကြောင်း တွေ့ရသည်။

 

၄၇။ တုပ်ကွေး ကမ္ဘာ့ကပ်ဘေးကြောင့် မဟာမိတ်အဖွဲ့ဝင်နိုင်ငံ တပ်ဖွဲ့များရော၊ ဗဟိုအာဏာနိုင်ငံများ (Central Powers) ၏ တပ်ဖွဲ့များပါ များစွာ ဆုံးရှုံးထိခိုက်ရသည်။ စစ်ပွဲတွင်း တိုက်ခိုက်နေကြသူ စစ်သားများက ရန်သူများ တန်ဖိုးရှိသည့် သတင်းများ မရနိုင်စေရန် အစီရင်ခံစာများကို ထိန်ချန် တိတ်ဆိတ်ထားခဲ့ကြသည်။ စစ်ပွဲကာလ သတင်းဆင်ဆာတည်း ဖြတ်မှုများကြောင့်လည်း သတင်းများကို ထပ်၍ တိတ်ဆိတ်နေစေပြန်သည်။ စပိန်နိုင်ငံက ကြားနေဖြစ်ပြီး၊ သတင်းများကို ဖြတ်တောက်ခြင်း မရှိပေ။ ယင်းနိုင်ငံ၏ လွတ်လပ်သည့် သတင်းမီဒီယာများကလည်း ကူးစက်ရောဂါနှင့် ပတ်သက်၍ အဓိက အားကိုးအားထားရာ ရင်းမြစ်အဖြစ် ဂုဏ်သိက္ခာနာမည်ကောင်း ရခဲ့ကြသည်။ သို့အတွက်ကြောင့်ပင် တုပ်ကွေး ရောဂါကို ယင်းနိုင်ငံ၏အမည်ဖြင့် ဖော်ညွှန်းခေါ်ဆိုခံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ဤသို့အမည်တပ်ခံရရန်အတွက်  ယင်းနိုင်ငံက ထူးခြားလုပ်ဆောင်ခဲ့သည် မဟုတ်ပါ။

 

၄၈။ ထူးခြားသည့် နှိုင်းယှဉ်ဖွယ်အခြေအနေမှာ ယခုအခါ မိမိတို့က သတင်းနည်းပညာ (IT) ခေတ်တွင် ဖြစ်နေပြီး၊ စာရင်း အင်း ဒေတာများနှင့် သတင်းအချက်အလက်များကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ အလွယ်တကူ ရရှိနိုင်ခြင်းပင် ဖြစ် သည်။ သိပ္ပံပညာရှင်များအတွက် အသုံးဝင်လှသည့် သတင်းအချက်အလက်မှာ ဗိုင်းရပ်စ်က မည်သို့မည်ပုံနှင့် မည်သည့် နေရာမှ ပေါက်ပွားလာခြင်းကို သိရှိရခြင်းပင် ဖြစ်သည်။ ဗိုင်းရပ်စ် မည်သည့်နေရာမှ မူရင်းတည်လာသည်နှင့် ပတ်သက်၍ အတိတ်က အတွေ့အကြုံများ ရှိကြသည်။ ယင်းနှင့်အတူ အာဏာပိုင်များထံမှလည်း လျှင်မြန် ခိုင်မာသည့် ထောက်ခံပံ့ပိုးမှု များ ရရှိကြသည်။ သို့ဖြစ်ရာ သိပ္ပံပညာရှင်များအတွက် ထိရောက်သော ကာကွယ်ဆေးဖော်ထုတ်ရန် များစွာ အထောက် အကူဖြစ်စေသည်။ ကမ္ဘာ့ကပ်ရောဂါ မဖြစ်စေရန် ကာကွယ်ပေးနိုင်ကြသည်။

 

၄၉။ ကိုရိုနာဗိုင်းရပ်စ်က မည်သည့်နေရာမှ ရောက်ရှိလာကြောင်း မေးခွန်းနှင့် ပတ်သက်၍မူ အမေရိကန်ပြည်ထောင်စုက အခြားသူအပေါ် အပြစ်ဖို့သည့် စုံစမ်းမှုများလည်း လုပ်ခဲ့ကြသည်။ မည်သူ့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုဖြစ်စေသည်၊ မည်သူက တာဝန်ရှိသည်.. စသည်ဖြင့် စွပ်စွဲခဲ့ကြသည်။ သတင်းစာရှင်းပွဲတခုတွင်၊ သတင်းထောက်တဦးက သမ္မတထရမ့် ကို မည်သည့်အတွက်ကြောင့် သူက တရုတ်ဗိုင်းရပ်စ်၊ ဝူဟန်ဗိုင်းရပ်စ်ဟု ခေါ်ဆိုရကြောင်း အကြောင်းရင်းကို မေးမြန်းခဲ့ သည်။ သူ၏အဖြေတွင် တရုတ်နိုင်ငံမှလာသောကြောင့်ဟု ဖြေဆိုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာများကို အစောဆုံးကိုင်တွယ်ခဲ့ကြရသူ တရုတ်ပြည်သူ့ ကျန်းမာရေး ကျွမ်းကျင်သူအချို့က ဤဗိုင်းရပ်စ်သည် သေစေနိုင်သည်အထိ အန္တရာယ်ကြီးကြောင်း၊ လူတဦးချင်းမှ တဦးချင်းဆီသို့ ကူးစက်နိုင်ကြောင်း သတိပြုမိခဲ့ကြသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဤအန္တရာယ်နှင့် ပတ်သက်၍ သတိပေးချက်ကို သူတို့က ဒေသဆိုင်ရာနှင့် နိုင်ငံ၏ ဗဟိုအာဏာပိုင်များ၊ တရုတ်ကွန်မြူနစ် ပါတီ (CPP) ထံ တင်ပြခဲ့ကြသည်။ ဤသတိပေးချက်များကို လျစ်လျူရှု မထားခဲ့ပါ။ သို့သော် CCP က အမှန်တရားကို ဖုံး ကွယ်၍ ကမ္ဘာ့မိသားစုထံ ဤဗိုင်းရပ်စ်မှာ အန္တရာယ်မရှိကြောင်း၊ ထိန်းချုပ်နိုင်ကြောင်း ဖော်ပြခဲ့ကြသည်။၂၇ သို့သော်ရက် သတ္တပတ်များစွာ မကြာခဲ့ပါ။ ဝူဟန် ဗဟိုဆေးရုံမှ ဆရာဝန်တဦးဖြစ်သူ လီဝန်လီယန်း (Li Wenliang) ကို ဗိုင်းရပ်စ်ပိုး ကူး စက်ပြီးနောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် အခြားဆရာဝန်များထံ ကူးစက်မှုကာကွယ်နိုင်ရန် လုံခြုံရေးဝတ်စုံ များ အကာအကွယ်ပြုဝတ်ဆင်ကြရန် သတိပေးခဲ့သည်။ တလကြာပြီးနောက် သူ၏အကြောင်းကို Weibo (တရုတ်နိုင်ငံသုံး လူမှုမီဒီယာ) တွင် ဆေးရုံကုတင်ပေါ်မှနေ၍ တင်ပြခဲ့သည်။ ဒေသခံအာဏာပိုင်များက သူ့ကို ကောလာ ဟလများ ဖြန့်ချိနေကြောင်း စွပ်စွဲခဲ့ပြီး၊ လူမှုတည်ငြိမ်မှု ပျက်ပြားစေရန် မှတ်ချက်အတုအယောင်များ ပြုနေကြောင်း ဆိုခဲ့ကြသည်။၂၈ ဒေါက်တာ လီက ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီ ၇ ရက်တွင် သေဆုံးခဲ့သည်။ တရုတ်ပြည်သူများက ဆရာဝန် သေဆုံးကြောင်း သတင်းစာပေါ်မှ သိကြရသည့်အခါ ကြေကွဲဒေါသဖြစ်ကြရပြီး၊ Weibo ပေါ်တွင် များစွာဝေဖန် ရေးသားခဲ့ ကြသည်။

 

၅၀။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်က အမေရိကန်ပြည်ထောင်စု နှင့် စစ်ပွဲတွင် အောင်ပွဲခံနေဆဲ ဖြစ်သည်။ ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတွင် ရွေးကောက်ပွဲ ရှိနေပြီး၊ ကမ္ဘာ့အကြီးဆုံး စီးပွားရေး စနစ်ရှိ နိုင်ငံလည်း ဖြစ်သည်။ စပိန်တုပ်ကွေး ကပ်ဘေးမှ ဖော်ပြခဲ့သည့် သင်ခန်းစာများအရ ဗိုင်းရပ်စ်က မည်သည့် နေရာမှလာသည် ဖြစ်စေ၊ နိုင်ငံတခုအတွင်း သက်ရောက်မှုမှာ ယင်းနိုင်ငံက မည်သို့တုံ့ပြန်ဆောင်ရွက်သည်၊ ဆေးဝါး ကျန်းမာရေးမဟုတ်သည့် ကြားဝင်ဆောင်ရွက်မှုများ မည်သို့ ဆောင်ရွက်ကြသည်၊ နိုင်ငံ၏ ရှေ့တန်းမှ ဗိုင်းရပ်စ်တိုက် ခိုက်မှုအပေါ် တုံ့ပြန်တိုက် ပွဲဝင်နေကြသည့်သူများ ဖြစ်ကြသည့်- ဆရာဝန်များ၊ သူနာပြုများ၊ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများ နှင့် သိပ္ပံပညာရှင်များ၏ အကြံပေးချက်များကို မည်မျှနားထောင် လိုက်နာသည်၊ မည်မျှ ပံ့ပိုးပေးသည် ဆိုသည့်အပေါ် မူတည်နေပါသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတက ဗိုင်းရပ်စ်ကို ခုခံတိုက်ခိုက်ရေး ဆောင်ရွက်ချက် များကို လျစ်လျူရှုခဲ့သည်။ ယင်း၏ အကျိုးဆက်မှာ နိုင်ငံအတွင်း ဆုံးရှုံးမှုများစေရုံမျှမက၊ ကမ္ဘာ့ဇာတ်ခုံပေါ်မှ အဓိက ဇာတ်ဆောင်များနှင့်၊ အထူးသဖြင့် တရုတ်နှင့် ဆက်ဆံရေးတွင်လည်း ထိခိုက်နစ်နာရသည်။ အမေရိကန် ပြည်ထောင်စု တွင် ပရမ်းပတာဖြစ်မှု ဆက်ရှိနေပြီး ပြည်နယ် အများတွင် ကူးစက်မှုနှင့် သေဆုံးမှုများလည်း မြင့်မားနေဆဲ ဖြစ်သည်။ လူမှု ရေးတည်ငြိမ်မှုများလည်း ပျက်ပြားခဲ့ရသည်။ ကိုဗစ်-၁၉ကူးစက်ကပ်ဘေး ခုခံတိုက်ခိုက်မှုအတွက် အမေရိကန် ပြည်ထောင်စု၏ အတွေ့အကြုံမှာ လူ့သမိုင်း တလျှောက်လုံး အတွက် သင်ခန်းစာယူစရာ အထူးကောင်းပြီး၊ လူသားနှင့် ဗိုင်းရပ်စ်ပိုးတိုက်ပွဲများက ရာစုနှစ်များတိုင် ဆက်လက်တည်ရှိမည် ဖြစ်သည်။ အမေရိကန်တို့ကိုယ်၌က မိမိတို့အတွက် ပြသခဲ့သည့် သင်ခန်းစာများမှာ ယခု (စာတန်း ရေးသည့်အချိန် စက်တင်ဘာ ၁၆ ရက်) မှစ၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ တိုင် ဆက်၍ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ မိမိတို့က အမေရိကန်ပြည်ထောင်စု၏ အတွေ့အကြုံများကို နားလည်သဘော ပေါက်ရန် ကြိုးပမ်းသင့်ပြီး၊ သင်ခန်းစာလည်း ထုတ်ယူရမည် ဖြစ်သည်။ ဤသို့ဖြင့် သက်သေအထောက်အထား အခြေပြုသည့် သင်ခန်းစာများအဖြစ် ယူနိုင်ပြီး၊ မိမိတို့ဆက်လက်တိုက် ပွဲဝင်နေရဆဲ ကိုရိုနာဗိုင်းရပ်စ်အတွက် တစိုက် မတ်မတ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိနိုင်မည် ဖြစ်သည်။

 

IV.  ၂၀၁၄-၂၀၁၆ ခုနှစ် အီဘိုးလား ကူးစက်မှု ကပ်ရောဂါမှ သင်ခန်းစာများ

၅၁။ ၂၀၁၄-၂၀၁၆ ခုနှစ် အီဘိုးလား ကူးစက်ဘေး သည်လည်း ဗိုင်းရပ်စ်ပိုးနှင့် တိုက်ရသည့်နောက်ထပ် တိုက်ပွဲတခုဖြစ်ပြီး သင်ခန်းစာများ ရယူနိုင်ပါသည်။ မှတ်ချက်ပြုရန်မှာ အီဘိုးလားသည် ကူးစက်ဘေး (epidemic) ဖြစ်ပြီး၊ ကမ္ဘာ့ကူးစက်ကပ် ရောဂါ (pandemic) နှင့် ကွာခြားပါသည်။ ကူးစက်ဘေး (Epidemic) ကို ဖွင့်ဆိုကြရာ၌ ရပ်ရွာအသိုက်အဝန်းတခု၊ လူဦး ရေတစုံတရာ၊ ဒေသတခုတွင် ကျယ်ပြန့်စွာ ဖြစ်ပွားသည့် ရောဂါတခု ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါ (pandemic) ဟု ဆိုရာ၌ နိုင်ငံအများ သို့မဟုတ် ကမ္ဘာ့တိုက်ကြီးများကိုကျော်၍ ဖြစ်ပွားသည့် ရောဂါကူးစက်မှုမျိုး ဖြစ်ပါသည်။၂၉ ထို့အပြင် အီဘိုးလားရောဂါနှင့် ပတ်သက်၍ ရှင်း လင်းပြစရာ အခြားစကားလုံး နှစ်ခု ရှိပါသေးသည်။ ယင်းတို့မှာ (က) endemic ဖြစ်ပြီး၊ တိုင်းပြည်၊ ဒေသ၊ လူစုအလိုက် သီးသန့်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါမျိုး ဖြစ်သည်။ (ခ) outbreak (ကူးစက် ပြန့်ပွားမှု) ဆိုသည်မှာ ယင်းသို့ တိုင်းပြည်၊ ဒေသ၊ လူစုအလိုက် ကူးစက်ပြန့်ပွားမှုမျိုး (endemic cases) မျှော်လင့် ထားသည်ထက်ပို၍ တိုးပွားများနေခြင်း ဖြစ်သည်။ ယင်း သည် နေရာအသစ်တခုတွင် မကြုံဖူးသော ရောဂါကူးစက်မှု အသစ်တခု တွေ့ခြင်းလည်း ဖြစ်နိုင်သည်။

 

၅၂။ ၁၉၇၆ ခုနှစ်မှစတင်၍ အီဘိုးလားဗိုင်းရပ်စ်ရောဂါ Ebola Virus Disease (EVD) အငယ်စား ကူးစက်ပြန့်ပွားမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါသည်။၃၀ များသောအားဖြင့် ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ အမှန်ဆိုရလျှင် အီဘိုးလား  ဟူသော အမည်ကို ကွန်ဂိုနိုင်ငံကို ဖြတ်၍စီးဆင်းနေသော မြစ်တခု၏ အမည်ကိုစွဲ၍ ၁၉၇၆ ခုနှစ်ကတည်းက ပေးခဲ့ခြင်းဖြစ်ပါသည်။ အစောပိုင်းကာလများတွင် အီဘိုးလား EVD “တောတွင်းမှ” ရုတ်ချည်း ပေါ်ပေါက် လာပြီး အလျှင်အမြန် ပျောက်ကွယ်သွားသည်ဟု ဆိုကြသည်။ EVD ကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ ဖျားနာမှုနှုန်း နှင့် သေနှုန်းမှာ ၂၀၁၃ ခုနှစ် မတိုင်မီက စုစုပေါင်း ဖျားနာသူ ၂,၄၂၇ ဦးနှင့် သေဆုံးသူ ၁,၅၉၇ ဦး ရှိခဲ့သည်။ ယင်းမှာ ကူးစက်ဘေး Epidemic ဟု ခေါ်ဆို ရလောက်အောင် ပြင်းထန်ကြီးမားမှု မဟုတ်ပါ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် EVD ကူးစက်ပြန့်ပွားမှုက အနောက် အာဖရိကနိုင်ငံများ ဖြစ်သည့် ဂီနီယာ (Guinea)၊ လိုင်ဘေးရီးယား (Liberia)၊ ဆီရာ လီယွန်း (Sierra leone) တို့တွင် ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ကြီး (WHO) က နိုင်ငံတကာက စိုးရိမ်ဖွယ်ရာဖြစ်သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ Public Health Emergency of International Concern (PHEIC) အဖြစ် ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှ စတင်၍ ၂၀၁၆ ခုနှစ် မတ် ၂၉ ရက်အထိ ကြေညာခဲ့သည်။ ယင်းကာလအတွင်း EVD ကူးစက်မှု စုစုပေါင်း ၂၈,၆၁၆ ဦး ရှိပြီး၊ အောက်ခြေမှတ်စု ၃၂ တွင် ဖော်ပြထားသည့်  အခြားခုနစ်နိုင်ငံသို့လည်း ကူးစက်ခဲ့ပါသည်။ EVD ရောဂါ ကူးစက်မှုကြောင့် လူပေါင်း ၁၁,၃၁၀ ဦး သေဆုံးခဲ့ရသည်။ သို့သော် ယင်းနိုင်ငံများတွင် သက်ရောက်မှု မှာ မထင်ရှားခဲ့ပါ။ စုစုပေါင်း ကူးစက်မှု ၃၆ ခုနှင့် လူ ၁၅ ဦးသာ သေဆုံးခဲ့သည်။ သို့အတွက်ကြောင့် အီဘိုးလား Ebola ရောဂါ ကို အနောက်အာဖရိက နိုင်ငံများ၏ ကူးစက်ဘေး West African epidemic အဖြစ်သာ သတ်မှတ်ခဲ့သည်။ အခြားနိုင်ငံ ၇-ခု၏ ကူးစက်မှုနှင့် သေဆုံးမှု ပေါင်းထည့်ပါကလည်း အနောက်အာဖရိကနိုင်ငံများ ကူးစက်ဘေး၏ စုစုပေါင်း ကူးစက်မှုမှာ ၂၈,၆၅၂ ဖြစ်ရပ်နှင့် သေဆုံးသူ ၁၁,၃၂၅ ဦးသာ ရှိပါသည်။ သို့အတွက်ကြောင့် ကူးစက်မှု-သေဆုံးမှုအချိုး Case Fatality Ratio (CFR) ၄၀% ရှိသည်။ အတန်မြင့်မားသည့် သေနှုန်းရှိသည်ဟု ဆိုနိုင်သည်။၃၁

 

၅၃။ ကိုဇော်မင်းဦးသည် (အသက် ၂၂) သည်ဂီနီယာနှင့် လိုင်ဘေးရီးယားနိုင်ငံတို့မှ အဖျားဖြင့်သတိလစ်ရောဂါဖြစ်ပြီး ၂၀၁၄ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။ သူ့ကို ဆေးရုံတင်၊ လူခွဲခြားထားပြီး သွေးနမူနာကို အိန္ဒိယရှိ WHO အသိအမှတ်ပြု ဓာတ်ခွဲခန်းသို့ စစ်ဆေးရန်ပေးပို့ခဲ့သည်။ စစ်ဆေးမှုအရ ပိုးမတွေ့ပါ။၃၂ ထို့ကြောင့် မြန်မာနိုင်ငံသည် အီဘိုးလားဗိုင်းရပ်စ်အတွက် ထိထိ ရောက်ရောက် အတွေ့အကြုံ မရှိပါ။ မည်သို့ပင်ဖြစ်စေ၊ အနောက်အာဖရိက EVD ဘေးမှ မိမိတို့သင်ခန်းစာ ထုတ်ယူရန် အချက်များ ရှိပါသည်။ ဤသင်ခန်းစာများကို ယေးလ်တက္ကသိုလ် ကျန်းမာရေး သမိုင်းပညာရှင် အငြိမ်းစားဂုဏ်ထူး ဆောင် ပါမောက္ခ ဖရန့်ခ် အမ်၊ စနိုးဒန် (Yale University’s Emeritus Professor Frank M. Snowden) ၏ (ရောဂါကူးစက်ဘေးနှင့် လူ့အဖွဲ့ အစည်း- ပလိပ်ရောဂါ မှ ယနေ့အထိ) “Epidemics and Society: From Black Death to the Present”၃၃ စာအုပ် တွင် တွေ့ရှိနိုင်ပါသည်။ ထိုတွေ့ရှိခဲ့သည့် အီဘိုးလားဗိုင်းရပ်စ်၏ ပြဿနာများကို မိမိကိုယ်တိုင် သိရှိနားလည်စေရန်နှင့် အခြားစိတ်ဝင်စားသူများတွေကိုပါ ဝေနိုင်ရန် စာရေးသူက အောက်ပါစာပုဒ်များတွင် အကျဉ်းချုပ် တင်ပြထားသည်။

 

၅၄။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ၌ ဂီနီယာနိုင်ငံ ကျေးရွာတခုတွင်နေထိုင်သည့် အီမိုင်းလ် (Emile) အမည် ကလေးငယ်တဦးသည် သူ့အိမ်နှင့်အနီး လင်းနို့များပြည့်နှက်နေသည့် သစ်ပင်အောက်တွင် ဆော့ကစားပြီးနောက် အီဘိုးလားရောဂါဖြင့် သေဆုံးခဲ့သည်။ လင်းနို့သည် သဘာဝအရ အီဘိုးလားဗိုင်းရပ်စ်များ ပေါက်ဖွားခိုအောင်းရာဖြစ်ပြီး၊ လင်းနို့ချေးများ အပင်အောက်တွင် ပြန့်ကျဲနေသည်။ ယင်းမှ ကလေးငယ် အီမိုင်းလ်ကို ဗိုင်းရပ်စ်ကူးစက် သေဆုံးရခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် လင်းနို့ထောင်ပေါင်းများစွာသည် တောနက်ထဲ နေထိုင် သော်လည်း  သစ်ပင်များရှင်းလင်း ခံရ ခြင်းကြောင့် တောပြုန်းလာပြီး ရွာများတဝိုက်ရှိ သစ်ပင်များသို့ ရောက်ရှိ ခိုနားကြသည်။ ၂၀၀၉ ခုနှစ် အစီရင်ခံစာတခုအရ အနောက်အာဖရိက ၃-နိုင်ငံတွင် သစ်တောဖုံးလွှမ်းနေသည့် ဧရိ ယာ ၇၅ ရာခိုင်နှုန်းခန့် ရှင်းလင်းခံရသည်။ သတ္တုတွင်း တူးဖော်မှု၊ သစ်ထုတ်လုပ်မှုနှင့် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများ အတွက် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု အားပေးလို သောကြောင့် ဖြစ်သည်။ သို့သော်လည်း အီဘိုးလားဗိုင်းရပ်စ် လင်းနို့မှ ကူးစက်မှုနှင့် ပတ်သက်၍ အများယုံကြည်နေမှု တခုလည်း ရှိသေးသည်။ သစ်တောနေသူ လူများက အမဲလိုက်၊ သတ်ဖြတ်၍ ပိုးရှိနေသော လင်းနို့နှင့် အခြားသတ္တဝါများကို စားသောက်ခြင်းတို့ကြောင့်ဟု ဆိုကြသည်။ ယင်းယုံကြည်မှုကို သေချာကျန လေ့လာထားမှု မရှိသဖြင့်ပါ။ ဗိုင်းရပ်စ်ကူးစက်ဘေးကိစ္စတွင် အငြင်းပွားလျှက်ရှိပါသည်။

 

၅၅။ အနောက် အာဖရိကနိုင်ငံများတွင် ပရမ်းပတာ သစ်တောပြုန်းတီးမှုနှင့် မြေကွက်လပ်ရှင်းလင်းမှုများ ဆောင်ရွက်နေရ သည့်အကြောင်းသည် ဆီအုန်းအတွက် နိုင်ငံတကာဝယ်လိုအားမြင့်နေသောကြောင့်ဖြစ်သည်။ ဆီအုန်းပင်သည် စက်မှုသုံး နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ကျယ်ပြန့်စွာသုံးကြ၍ ဤဒေသ၏ ပေါက်ပင်ဖြစ်သည်။ ယင်းမြေများကို လယ်သမားငယ်များက ဥပဒေကြောင်းအရမဟုတ်ဘဲ ထုံးတမ်းစဉ်လာသဘော ပိုင်ဆိုင်ကြရာ၊ အစိုးရများက မြေပိုင်ဆိုင်မှုများကို ဖျက်သိမ်း၊ လုယက်၍ သူတို့အတွက် ရယူခဲ့ကြသည်။ ဤသို့ မြေလုယက်ရယူမှုများမှာ မိမိတို့အတွက် အဆန်းမဟုတ်ပါ။ မြေကို ဈေးချိုချိုဖြင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များထံ လွှဲပြောင်းပေးလိုက်ကြသည်။ အမြတ်များရရှိကြပြီး အစိုးရ အာဏာပိုင်များကလည်း ပွဲစားသဖွယ် မြေရယူပေးခြင်းကြောင့် နှင့် အခြားကိစ္စ မြေရရှိရေးဆိုင်ရာ လုပ်ငန်းများအတွက် မြိုးမြိုးမြက်မြက် ရရှိကြသည်။ ထို့အပြင် ဆီအုန်းသည် အကျိုးအမြတ်များသော သီးနှံဖြစ်၍ ဒေသခံ အစိုးရများအတွက် ဆီအုန်းပြည်ပတင်ပို့မှုမှ လိုအပ်နေသည့် နိုင်ငံခြားငွေများစွာကို ရရှိစေကြသည်။ ပုဂ္ဂလိကကဏ္ဍကို ပြည်ပ တင်ပို့နိုင်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာရန် အလားအလာကောင်း သည်ဟု မြင်ကြသည်။ ဒေသခံအစိုးရများကလည်း နိုင်ငံစုံ၊ ဒေသတွင်း ဖွံ့ဖြိုးရေးမိတ်ဖက်အင်အားစုများနှင့် ပူးပေါင်း၍၊ အလားတူပင် ပြည်တွင်းနှင့် ပြည်ပမှ စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းကြီးများနှင့်အတူ အကောင်အထည်ဖော်ခဲ့ကြသည်။

 

၅၆။ ဘူဒိုဇာနှင့် မီးရှို့၍မြေရှင်းပြီး သစ်တောများအစား ဆီအုန်းခြံများ (monoculture plantation) အစားထိုးလာသော ကြောင့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှုများ ကြီးလေးစွာဖြစ်စေပါသည်။ ယင်းကို ကမ္ဘာ့မုတ်သုန်တောများဆိုင်ရာ လှုပ်ရှားမှု (World Rainforest Movement) နှင့် မြစိမ်းရောင်ငြိမ်းချမ်းရေးအဖွဲ့ (Greenpeace) တို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါသည်။ သူတို့ထောက်ပြကြသည့် ဆိုးကျိုးသက်ရောက်မှုများတွင် ဇီဝသတ္တမျိုးကွဲ စုံလင်ထွေပြားမှု ဆုံးရှုံးရခြင်း၊ သဘာဝ ဖန်လုံအိမ်အာနိသင် ဖြစ်စေခြင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်း၊ လူဦးရေများ ရွှေ့ပြောင်းကြရခြင်း၊ လုပ်ခလစာနည်းခြင်း နှင့် စိုက်ပျိုးခြံ လုပ်သားများ ကြမ်းတမ်းသည့်လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြရခြင်း၊ ကမ္ဘာဈေးကွက်ကုန်ကြမ်း ထုတ်လုပ်မှုအပေါ် မှီခိုနေရသည့်အတွက် ရေရှည်ဖွံ့ဖြိုးမှု အလားအလာအတွက် မကောင်းခြင်း၊ ဈေးနှုန်းမတည်ငြိမ်မှုအပေါ် ဆီအုန်း ကဲ့သို့သော ရေရှည်ခံပင်များ စိုက်ပျိုးမှုက လိုက်၍ မယှဉ်ပြိုင်နိုင်ခြင်းတို့ပင် ဖြစ်ပါသည်။

 

၅၇။ အထက်ဖော်ပြပါ ဆိုးကျိုးကြောင်းချက်များအတွက် အနောက်အာဖရိက သုံးနိုင်ငံ၏ များမကြာမီက စီးပွားရေး အခြေအနေကို သုံးသပ်သင့်ပါသည်။ ယင်းနိုင်ငံများက၊ မြန်မာနိုင်ငံနှင့် အတူ ကုလသမဂ္ဂ ကုန်သွယ်မှု နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကွန်ဖရင့် (UNCTAD) မှထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ်၏ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) ၄၇ နိုင်ငံတွင် ပါဝင် နေသည်။၃၄

 

၅၈။ ထိုနိုင်ငံများ၏ များမကြာသေးမီက စီးပွားရေးအခြေအနေကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၁၈၆ နိုင်ငံ စာရင်းမှ ရရှိနိုင်ပါသည်။ ယင်းတို့ကို ၂၀၁၉ ခုနှစ် ဒေါ်လာတန်ဖိုးအရ တဦးချင်းဝင်ငွေ (per capita GDP) အလိုက် ရှေ့နောက် စီစဉ်ထားပါသည်။ လေးနိုင်ငံ၏ ဒေတာများကို စာရင်းစဉ်အရ အောက်ပါအတိုင်း တွေ့ရှိရသည်။ (က) မြန်မာ- အဆင့် ၁၅၆ တွင် ရှိပြီး၊ လူတဦးချင်းဝင်ငွေ Per Capita GDP ဒေါ်လာ ၁,၂၄၄၊ လူဦးရေ ၅၄ ဒသမ ၄ သန်း၊  (ခ) ဂီနီယာ – အဆင့် ၁၆၀ တွင် ရှိပြီး၊ လူတဦးချင်းဝင်ငွေ Per Capita GDP ဒေါ်လာ ၉၈၁၊ လူဦးရေ ၁၃ ဒသမ ၂ သန်း၊ (ဂ) လိုင်ဘေးရီးယား- အဆင့် ၁၇၄ တွင် ရှိပြီး၊ လူတဦးချင်းဝင်ငွေ Per Capita GDP ဒေါ်လာ ၇၀၃၊ လူဦးရေ ၅ ဒသမ ၁ သန်း၊ (ဃ) ဆီရာ လီယွန်း- အဆင့် ၁၇၆ တွင် ရှိပြီး၊ လူတဦးချင်းဝင်ငွေ Per Capita GDP ဒေါ်လာ ၅၄၆၊ လူဦးရေ ၈ သန်း ရှိကြသည်။၃၅ ဤကိန်းဂဏန်းများတွင် သူတို့၏ ဆီအုန်းထုတ်လုပ်ရေး ကြိုးပမ်းချက်ကိုလည်း တွေ့ရသည်။ အနောက်အာဖရိက ၃- နိုင်ငံတွင် သူတို့မျှော်လင့်ထားသကဲ့သို့ ကောင်းမွန်သည့် အပြုသဘောရလဒ်ကို မတွေ့ကြရပါ။ ယင်းအစား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC စာရင်းတွင် ကျန်ရှိနေဆဲဖြစ်သည်။ ယင်းနိုင်ငံများသည် ကမ္ဘာပေါ်တွင် တဦးချင်းဝင်ငွေအနည်းဆုံး (lowest per capita GDPs) နိုင်ငံများ ဖြစ်နေကြသေးပြီး၊ လက်ရှိတိုင် LDC နိုင်ငံများအဆင့်မှ လွတ်မြောက်ရေးမှာလည်း အလားအလာ မရှိသေးပါ။ ထို့အပြင် အစိုးရများက ကျန်းမာရေးကဏ္ဍကို ဦးစားပေးမှု နိမ့်ကြသောကြောင့် အခြေအနေပို၍ ဆိုးစေပါသည်။ ဥပမာအားဖြင့်- အာဖရိကတိုက် ကျန်းမာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး (၂၀၀၁) တွင် နိုင်ငံအားလုံးအနေဖြင့် ကျန်းမာရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၁၅ ရာခိုင်နှုန်းအထိ သုံးစွဲမည်ဟု ကတိပြုထားကြသော်လည်း ၂၀၁၄ ခုနှစ်တွင် ယင်း သုံးနိုင်ငံမှာ ဖော်ပြသည့်ပန်းတိုင်၏ နောက်တွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဆီရာလီယွန်းက ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ဂီနီယာက ၂ ဒသမ ၇ ရာခိုင်နှုန်း၊ လိုင်ဘေးရီးယားက ၃ ဒသမ၂ ရာခိုင်နှုန်းသာ ရှိသေးသည်။ သို့အတွက်ကြောင့် ဆီအုန်းအတွက် သစ်တောများ ပြုန်းတီး၍ တွန်းဆော်ဆောင်ရွက်သော်လည်း ပြည်သူများအတွက် စီးပွားရေးပြေလည် ချောင်လည်မှုဖြစ်ရမည့် အစား၊ လင်းနို့များ၏ သဘာဝ အိမ်ဂေဟာကို ဖျက်ဆီးမိကာ လင်းနို့များနှင့်အတူပါလာသည့် အီဘိုးလားရောဂါကို ဖိတ်ခေါ်မိသကဲ့သို့ ဖြစ်စေခဲ့သည်။

 

၅၉။ အီဘိုးလားရောဂါ၏ လူတဦးမှ လူတဦးသို့ ကူးစက်မှုသည် တိုက်ရိုက်ထိတွေ့မှုကြောင့်ဖြစ်ပြီး၊ ကျန်းမာသည့်လူ နှင့် ဖျားနာနေသူတို့ ကိုယ်ခန္ဓာအရည်များ ထိတွေ့မှုကြောင့် ကူးစက်ရသည်။ ဤရောဂါကူးစက်မှုကို အိမ်၊ ဈာပနနှင့် ဆေးရုံ တွင် ဖြစ်ပွားခဲ့သည်။ အိမ်တွင်းကူးစက်မှုကို အီမိုင်းလ်မှ သူ၏မိသားစုဝင်များ၊ လာရောက် လည်ပတ်သည့် ဧည့်သည်များ၊ သူ့ကိုပြုစုစောင့်ရှောက်ကြသူများကို ကူးစက်ခဲ့သည်။ အီမိုင်းလ်သေဆုံးပြီးနောက် သူ၏အမေ၊ ညီမ၊ အဖွား၊ ကျေးရွာ၏ သူနာပြု နှင့် သားဖွားဆရာမတို့လိုက်၍ သေဆုံးကြသည်။ အီဘိုးလား ကူးစက်ခံရသူများက သေဆုံးပြီးနောက် ဗိုင်းရပ်စ် အမှုန်များ ပို၍ဖြစ်ပေါ်သောကြောင့် ထုံးတမ်းစဉ်လာ ဈာပနချခြင်းကြောင့် ပို၍ကူးစက် သေဆုံးမှု ဖြစ်ပွားစေသည်။ ထို ထုံးတမ်းစဉ်လာအရ အလောင်းကို အဝေးအနီးမှ ဆွေမျိုးများနှင့် မိတ်ဆွေများ နှုတ်ဆက်တွေ့ဆုံရန် ရက်အတန်ကြာ အိမ်တွင် ထားလေ့ရှိသည်။ အလောင်းကို ရေချိုးပေး၍ ပိတ်စဖြင့် ရစ်ပတ်သည်။ ကြေကွဲပူဆွေးသူများက အလေးအမြတ် ပြုသည့်အနေဖြင့် သူ၏ ဦးခေါင်းကို နမ်းကြသည်။ ထို့နောက် ရပ်ရွာအသိုက်အဝန်းက စုဆုံကာ သုသာန်သို့အလောင်းကို ပို့ဆောင်ကြသည်။

 

၆၀။ အီဘိုးလားဗိုင်းရပ်စ် နောက်ထပ်ကူးစက်မှုများသည့် နေရာတခုမှာ ဆေးရုံဖြစ်သည်။ ဆင်းရဲမွဲတေမှုကြောင့် ဆေးရုံ အများစု၏ အခြေအနေမကောင်းပါ။ သီးခြားခွဲခြားထားသည့် အခန်း၊ လျှပ်စစ်မီး၊ ပိုက်ရေ၊ ရောဂါ ရှာဖွေစမ်းသပ်နိုင်သော ကိရိယာ၊ ဝန်ထမ်းများအတွက် ကာကွယ်မှုပေးရန်ပစ္စည်းများ စသည်ဖြင့်တို့ မရှိကြပါ။ ထိုအခြေအနေအောက်တွင် ကျန်းမာရေးစောင့်ရှောက်ပေးသူဝန်ထမ်း (အကူ၊ သူနာပြုနှင့် ဆရာဝန်များ) က ဗိုင်းရပ်စ်၏ သားကောင်များ ဖြစ်ကုန်ကြ ၍ ကူးစက်မှုနှင့် သေဆုံးမှုဒဏ်ကို အလူးအလဲခံကြရသည်။ EVD ကူးစက်ရောဂါကျရောက်သည့်အခါ ဝန်ထမ်းများသည် ပြင်ဆင်ထားမှုကင်းမဲ့ တုန်လှုပ်ကြောက်ရွံနေရပြီး၊ လစာမလုံလောက်၊ စိတ်ပျက်အားငယ်၊ အချိန်ပို အလုပ်လုပ်ကြရကာ ရောဂါဝေဒနာ ခံစားနေရသူများကို ကောင်းစွာ စောင့်ရှောက်ရန် စွမ်းရည်မရှိကြပါ။ ထို့အပြင် ဈာပနချသည့် ဓလေ့ ထုံးတမ်းမှာ သေဆုံးပြီးနောက် ဝိဉာဉ်ကို ငြိမ်းချမ်းရန် (Rest in Peace- RIP) ဆောင်ရွက်ပေးကြခြင်း ဖြစ်သည်။ ရောဂါ ကူးစက်ဘေးကြောင့် နေ့စဉ် လူရာနှင့်ချီ၍ သေဆုံးနေလျှင် ဓလေ့ထုံးစံဈာပနကျင့်ဝတ်များ မလိုက်နိုင်တော့ဘဲ သေဆုံးသူ ၏ ဝိဉာဉ်က ရှင်သူများကို ခြောက်လှန့်နေမည်ဟု အယူအဆ ရှိပါသည်။ ဒေသခံလူထုများက ဗိုင်းရပ်စ်ပိုးထက် ဤအန္တရာယ်ကို ပို၍ကြောက်လန့်ပြီး စိတ်ဓာတ်ရေးရာ ဖိစီးမှုဝေဒနာ ခံစားကြရပါသည်။ ယင်းစိတ်ဓာတ်ရေး ပြဿနာကို ဖြေရှင်းပေးရန် ဆင်းရဲသောနိုင်ငံများ၏ ကျန်းမာရေးဝန်ထမ်းများ စွမ်းရည်လုံလောက်စွာ မရှိပါ။ သို့ကြောင့် ဆရာဝန်နှင့် သူနာပြုများကို လူထု၏ အယုံအကြည်ကျဆင်းပြီး ဆေးရုံများကို သေရမည့် နေရာများဟု ထင်မြင်လာကြသည်။

 

၆၁။ ရောဂါ လူတဦးမှ တဦးသို့ ကူးစက်ကပ်ဘေးအပေါ် တုံ့ပြန်မှုများမှလည်း အရေးပါသည့် သင်ခန်းစာများ ရယူနိုင်သည်။ ဤတုံ့ပြန်မှုများကို အရေးပေါ် မီးလှန့်သံချောင်းခေါက်သူ Médecins Sans Frontières (MSF, သို့မဟုတ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့) က စတင်သည်။ MSF အဖွဲ့၏ ဦးတည်ချက်မှာ ယင်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့်အတိုင်း “လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများတွင် ပထမဦးဆုံးတုံ့ပြန်ပေးသူဖြစ်ရန်ဖြစ်ပြီး၊ တချိန်တည်းတွင် ဒေသဆိုင်ရာအစိုးရများ၊ WHO, နှင့် ပထမကမ္ဘာ့နိုင်ငံများကို အဓိကကျသည့် တာဝန်များယူလာစေရန် လှုံ့ဆော်စည်းရုံးရန် ဖြစ်သည်။” MSF သည် ယင်းဦးတည်ချက်ကို ဖော်ဆောင်ရန် အကောင်းဆုံး ကြိုးစားလုပ်ကိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်တွင် MSF က အနောက်အာဖရိက နိုင်ငံများရှိ အီဘိုးလားရောဂါသည် မကြုံစဖူး အရေးပေါ် အခြေအနေတခု အဖြစ် ရောက်နေကြောင်း ကြေညာ၍ ချက်ချင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများပြုကြပါရန် တောင်းဆိုခဲ့သည်။

 

၆၂။ MSF ၏ အီဘိုးလားဗိုင်းရပ်စ်အတွက် တောင်းဆိုချက်ကို WHO အဖွဲ့က တုံ့ပြန်ရာ၌ အကြောင်းအမျိုးမျိုးတို့ကြောင့် သတင်းများအရ ကျေနပ်ဖွယ် မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းမဆို အကန့်အသတ် များ ရှိနေသောကြောင့် ဖြစ်ပါသည်။ ဥပမာ-မလိုလားအပ်ဘဲ လူထုကြောက်ရွံ့စေနိုင်သည့်သတင်း၊ ဒေသခံ အစိုးရများနှင့် ကမ္ဘာ့ဇာတ်ခုံပေါ်ရှိ အင်အားစုများနှင့် အမြင်မတူညီဘဲ ထုတ်ပြန်ချက်များကို သတိထား ဆင်ခြင်တင်ပြရန် လိုအပ်သော ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် WHO အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အောက်ပါအတိုင်းပြောကြားပါသည်။

“အီဘိုးလားရောဂါနှင့်ပတ်သက်၍ ကံကောင်းသည်မှာ ကူးစက်ရန်ခက်ခဲခြင်းဖြစ်ပြီး၊ လူအများအတွက် အန္တရာယ် နည်းနေခြင်း ဖြစ်သည်။ … ထို့အပြင် ယင်းသည် ထူးခြားသည့် အခြေအနေတခု မဟုတ်ပါ။ ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ဖူးသော ဖြစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ စီမံကိုင်တွယ်နိုင်မည်ဟု ယုံကြည်ထားပါသည်” ။၃၆

 

၆၃။ ဒေသဆိုင်ရာ အဆင့်တွင် အနောက်အာဖရိက ၃ နိုင်ငံက ပြည်သူများ၏ ကျန်းမာရေး နှင့် သိပ္ပံကိစ္စထက် စာလျှင် စီးပွားရေးကို ပို၍ အလေးပေးခဲ့သည်။ သူတို့၏ အထူးစိုးရိမ်ပူပန်ချက်မှာ ရောဂါ၏ သက်ရောက်မှုကြောင့် ရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ ထိခိုက်ပျက်စီးရမည်ကို ဖြစ်သည်။ နိုင်ငံတကာ လေကြောင်းလိုင်းများ ဖျက်သိမ်း၍ တိုးရစ် ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်သည်။ သတ္တုတွင်းနှင့် စီးပွားဖြစ် စိုက်ခင်းများမှ မြိုးမြိုးမြက်မြက်ရနေသည့် ငွေဝင် လမ်းများကို ထိခိုက်စေမည်။ သတင်းမီဒီယာများတွင် သူတို့ဒေသကို ရောဂါအစပျိုး ကူးစက်ရာနေရာဟု အကျယ်အပြန့် ဖော်ပြမှုကြောင့် နိုင်ငံပုံရိပ်ပျက်ရမည်ကို စိုးရိမ်ကြပြီး၊ ခေတ်နောက်ကျသည့် လူမျိုးစု အလေ့အထများ ကျင့်သုံးနေကြဆဲ မယဉ်ကျေးသည့် နိုင်ငံများအဖြစ် အထင်အမြင်ခံရမည်ကို စိုးရိမ်ကြသည်။ သို့ဖြစ်ရာ ဖုံးကွယ်ခြင်းနှင့် လှည့်ဖျားခြင်းသာ သူတို့၏ ရွေးချယ်စရာ မဟာဗျူဟာများ ဖြစ်လာစေတော့သည်။

 

၆၄။ ဂီနီယာနိုင်ငံ၏ သမ္မတဖြစ်သူ အယ်လ်ဖာ ကွန်ဒေး (Alpha Conde) က ဤသို့ မဟာဗျူဟာကို ကိုင်စွဲမှုကြောင့် သိရှိသည့်၊ သံသယရှိသည့် ကူးစက်မှုများ၏ အစွန်အဖျား ကိန်းဂဏန်းကိုသာ ဖော်ပြတော့သည်။ သူက ချမှတ်ထားသည့် ကွာရန်တင်း ကန့်သတ်မှုကို ဖယ်ရှား၍ ဗိုင်းရပ်စ်က အန္တရာယ်မပေးနိုင်ကြောင်း ပြသပြီး၊ နှင့် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ဖော်ပြသည်။ တချိန်တည်းမှာပင် သူက ကွာရန်တင်းချမှတ်မှုကို သတင်းထောက်များအပေါ်ပြောင်း၍ ကျင့်သုံးခဲ့သည်။ သူ၏ရဲဌာန နှင့် တင်းကျပ်သည့် အမိန့်အာဏာသုံး၍ အာဏာပိုင်များ၏ အမြင်နှင့် ကွဲလွဲသည်များကို သတင်းမပို့နိုင်ရန် ကာကွယ်တားမြစ်ခဲ့သည်။ တောကောင်သားများ ရောင်းချခြင်း၊ စားသုံးခြင်း တားမြစ်မှုကို အလေးပေး ဖော်ပြ၍ ဗိုင်းရပ်စ်ကူးစက်မှုအပေါ် ကာကွယ်တားဆီးမှု ဦးစားပေးလုပ်ငန်းအဖြစ် ဖော်ပြခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် (ကူးစက်ဘေး ဖြစ်၍ အရှိန်ကောင်းဆဲ ကာလတွင်) ဂျီနီဗာသို့ လာရောက် လည်ပတ်သည့်အခါ သမ္မတ ကွန်ဒေးက “အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ပြီး၊ နောက်ထပ် ကူးစက်မှုအသစ်များ မရှိနိုင်တော့၊” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

 

၆၅။ ပထမကမ္ဘာ၏ နိုင်ငံတကာတုံ့ပြန်မှုအဖြစ်မူ အမေရိကန်ပြည်ထောင်စု၏ ဦးဆောင်မှုအပေါ် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ၌ အားလုံးက မျှော်လင့်ချက် ကြီးထားကြသည်။ ထိုအချိန်က အမေရိကန်ပြည်ထောင်စုသည် တဦးတည်းသော မဟာအင် အားကြီး နိုင်ငံဖြစ်ပြီး၊ အရင်းအမြစ်များစွာရှိသည်။ အတ္တလန်တာ အခြေစိုက် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (CDC) က ကျန်းမာရေးအရ စောင့်ကြည့်ရေး နှင့် အရေးပေါ် ကူးစက်ကပ်ဘေး တုံ့ပြန်ရေးတို့အတွက် ကျန်းမာရေး အဖွဲ့အစည်းအားလုံးသို့ နိုင်ငံတကာစံနှုန်းများ သတ်မှတ်ပေးနေသည်။ အကြောင်းမလှစွာ US က ယင်း၏ အခန်းကဏ္ဍကို ယူရန် စိတ်မဝင်စားဘဲ၊ ပြည်သူ့ကျန်းမာရေးအရ အထီးတည်းနေရေးမူဝါဒကို ကျင့်သုံးနေသည်ဟု ပြောဆိုခဲ့သည်။ အမေရိကန် ပြည်သူအများက အဓိက သိလိုကြသည်မှာ အနောက်အာဖရိကမှ ကူးစက်ဘေးသည် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်၍ နယူးယောက်၊ ဟူစတန်၊ ဆန်စရန် စစ္စကိုတို့ကို ခြိမ်းခြောက်စေနိုင်သလား ဟူ၍ပင်ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတိုင် ဤမေးခွန်းအတွက် အများတူသောအဖြေမှာ “မဖြစ်နိုင်” ဟု ယုံကြည်ကြသည်။ ဤအကောင်းအမြင်ကို ဒေးဗစ် ကွမ်မင်း (David Quammen) က နယူးယောက်တိုင်းမ်စ် သတင်းစာတွင် “အီဘိုးလားက နောက်ထပ် ကမ္ဘာ့ကူစက်ဘေးမဖြစ်နိုင်” (Ebola is not the Next Pandemic) ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သည်။ သူက အီဘိုးလား ရောဂါသည် ကြောက်မက်ဖွယ်၊ လူနာကူးစက်ခံရသူများအတွက် နာကျဉ်ကျောချမ်းဖွယ် ဖြစ်သည်ကို အသိအမှတ်ပြုခဲ့ သည်။ သို့သော် အမေရိကန်ပြည်ထောင်စု နှင့် မည်သို့မှ စပ်ဆိုင်စရာမရှိဟု ယုံကြည်သည်ဟု ဆိုခဲ့သည်။ ဆက်၍ဖော်ပြ ရာတွင် အီဘိုးလားသည် အမှန်တကယ် “ရှားပါးသည့် ရောဂါတခုဖြစ်ပြီး၊ ရှင်သန်ရန်အတွက် အာဖရိကန်လူနည်းစုက ရွေးချယ်စရာ ရှားပါးလွန်းသောကြောင့် လင်းနို့၊ လူဝံ၊ အခြားတောရိုင်း တိရစ္ဆာန်များကို အသေဖြစ်စေ၊ အရှင်ဖမ်း၍ဖြစ်စေ စားသုံးရင်း ဖြစ်လာရသည်”၃၇ ဟု ဖော်ပြခဲ့သည်။

 

၆၆။ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုမှ ကျန်းမာရေး စေတနာ့ဝန်ထမ်း နှစ်ဦး အီဘိုးလား ကူးစက်၍ အိမ်သို့ ပြန်လာကြသည့်အခါ ဤသို့သော အကောင်းမြင် သုံးသပ်မှုအပေါ် ထိတ်လန့်ခဲ့ကြရသည်။ ထိုသူတို့ကို အဆင့်မြင့် နည်း ပညာတပ်ဆင်ထားသည့် စင်တာတွင် နောက်ဆုံးပေါ် ကုသမှု ရရှိခဲ့ကြပြီး၊ ပြန်၍နေကောင်းလာကြသည်။ ထိုသူတို့၏ ကံကြမ္မာကြောင့် အမေရိကန်ပြည်သူလူထု၏ အမြင်ရပ်တည်ချက်တွင် အီဘိုးလားဗိုင်းရပ်စ်နှင့် ပတ်သက်၍ သိသိသာသာ ပြောင်းလဲသွားကြသည်။ သတင်းများ ဖော်ပြရာတွင် ချက်ချင်း ပြောင်းလဲလာကြသည်။ လူများက “ဘုရားရေ.. တို့တံခါးဝ ကို အီဘိုးလားက လာခေါက်နေပါပေါ့လား”ဟု မြည်တမ်းကြသည်။ ၂၀၁၄ ခုနှစ် ဩဂုတ်လလယ်တွင် ဆောင်ရွက်သည့် လူထုအမြင် စစ်တမ်းများအရ ဖြေကြားသူများ၏ ၃၉ ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စုတွင် အီဘိုးလား ကူးစက်ပြန့်ပွားမှု ဖြစ်လာနိုင်သည်ဟု ဖြေဆိုကြသည်။ ယင်းနောက်ပိုင်းတွင် အနောက် အာဖရိကတွင် အလုပ်လုပ်နေကြသည့် ကျန်းမာရေးလုပ်သား ရှစ်ဦး နောက်ထပ် ကူးစက်ခံရပြန်သည်။ လူနာတဦးမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ အနောက် အာဖရိကမှ ဒါးလပ်စ်သို့ ခရီးထွက်လာသူ ဖြစ်သည်။ ထိုသူသည် ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးရပြီး၊ သူမှတဆင့် သူ့ကို ပြုစုသည့် သူနာပြု ၂-ဦးထံ ထပ်၍ကူးစက်ခဲ့သည်။ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ဥရောပနိုင်ငံများ တွင် ကူးစက်မှုဖြစ်ရပ် ၃၀ ခု တွေ့ခဲ့ရသည်။

 

၆၇။ သို့ဖြစ်ရာ အီဘိုးလားဗိုင်းရပ်စ်က သမုဒ္ဒရာနှင့် ကမ္ဘာ့တိုက်ကြီးကို ဖြတ်ကျော်၍ ပထမကမ္ဘာနိုင်ငံများသို့ ပျံ့နှံ့လာ၍ လူများက သတိပြုမိကြသည်။ နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်မှုအတွက် ကူညီပူးပေါင်းကြပြီး အီဘိုးလား ကူးစက်ဘေးမှ သည် ကမ္ဘာ့ကပ်ရောဂါကြီး မဖြစ်စေရေးအတွက် တားဆီးနိုင်ခဲ့ကြသည်။ အထက်ပါ အပိုဒ် ၅၂ တွင် ဖော်ပြထားသည့် မှတ်ချက်အရ WHO အဖွဲ့က အီဘိုးလားရောဂါကို နိုင်ငံတကာက စိုးရိမ်ဖွယ်ရာဖြစ်သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (PHEIC) အဖြစ် ၂၀၁၄ ခုနှစ်၊ ဩဂုတ်၂၈ ရက်မှ စတင်၍ ကြေညာခဲ့သည်။ MSF က ဤအနောက်အာဖရိက အကျပ်အတည်းနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ မတ်လတွင် မကြုံစဖူး အရေးပေါ်အခြေအနေဟု ထုတ်ပြန်ကြေညာခဲ့ပြီး၊ WHO အဖွဲ့က ဤသို့ထုတ်ပြန်ကြေညာရန် ငါးလအချိန်ယူခဲ့ရသည်။  ဤသို့ နောက်ကျခဲ့သော်လည်း နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်သည့် တုံ့ပြန်မှုက အခက်အခဲများ ရှိခဲ့သည့်တိုင် အီဘိုးလားဗိုင်းရပ်စ် ကူးစက်မှုကို အဆုံးသတ်နိုင်ခဲ့သည်။ WHO က ထုတ်ပြန်ကြေညာထားသည့် PHEIC အဆင့်ကို အနောက် အာဖရိကနိုင်ငံများတွက် ၂၀၁၆ ခုနှစ် မတ် ၁၆ ရက်တွင် ပြန်၍ရုပ်သိမ်းခဲ့သည်။ အီဘိုးလား ကူးစက်ဘေးနှင့် ပတ်သက်၍ အသုံးတည့်သည့် သင်ခန်းစာအများ ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားသည့် အခြေအနေကို ကိုင်တွယ်ရန်ဖြစ်ပြီး၊ အခန်း (VI) စာမျက်နှာ ၁၀၇ တွင် တင်ပြထားပါ သည်။ သို့သော်လည်း ဤသို့ မဆောင်ရွက်မီတွင် မြန်မာအစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်တွင် အငြင်းပွားဖွယ် အချက်အချို့ကို မှတ်ချက်ပေးရန် လိုအပ်ပါသည်။ ပုံမှန် အတိုင်း အောက်စာပိုဒ်များတွင် ဖော်ပြထားပါသည်။

 

၆၈။ စာမျက်နှာ ၃၊ နိဒါန်းတွင်၊ မည်သို့ပင်ဖြစ်စေ [အစိုးရအသုံးစရိတ်များ၏] ဤသို့သော ခွဲဝေချထားမှုသည် မြန်မာနိုင်ငံတွင် ခက်ခဲပင်ပန်းစွာ ရုန်းကန်၍ ယခုရရှိခံစားနေပြီဖြစ်သော ၊ အခြေခံကျသည့် လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာ လွတ်လပ်ခွင့်များကို မထိခိုက်စေဘဲ ဆောင်ရွက်သွားမည်။

 

စာရေးသူ၏ မှတ်ချက်ခက်ခဲပင်ပန်းစွာ ရုန်းကန်ရရှိထားသော အခြေခံလူမှုနှင့် စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်များဟု ဆို ရာ၌ မှန်ကန်ပါသည်။ ပို၍လွတ်လပ်ခွင့်နှင့် တရားမျှတမှုအတွက် အပြောင်းအလဲများဖြစ်ပေါ်စေရန် ခက်ခဲပင်ပန်းစွာ တိုက်ပွဲဝင်ခဲ့ရပြီး ယင်းအတွက် တသီးပုဂ္ဂလများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ တိုင်းရင်းသားလူနည်းစုများက ဆယ်စုနှစ်များစွာ ကြီးလေးသည့်အခက်အခဲများကို ရုန်းကန်ခဲ့ကြရသည်။ စွန့်လွှတ်ပေးဆပ်မှုများ ပြုခဲ့ရသည်။ ယင်းလုပ် ငန်းစဉ်မှ သင်ခန်းစာများလည်း ထုတ်ယူနိုင်ခဲ့ကြသည်။ NLD က စာမျက်နှာသစ်စတင် ဖွင့်လှစ်၍ အပြောင်းအလဲများပြု လုပ်မည်ဟု ကတိပြုသည့်အခါ မိမိတို့ ကျေနပ်ဝမ်းမြောက်ရပါသည်။ ဤအချက်မှာ ကောင်းပါသည်။ အပြောင်းအလဲများ ဆောင်ရွက်ရာတွင် အတိတ် ကောင်းမွေးဆိုးမွေများကို ဆက်ခံယူရင်း ကာလသုံးပါးအချိတ်အဆက် မှန်ကန်အောင် ဆောင် ရွက်ရပါမည်။ ကျောက်သင်ပုန်းသစ်တွင် ရေးလိုရာရေးရော့ဟူ၍ မဖြစ်တန်ပါ။ CERP က ဖော်ပြသော ခွဲဝေမှု လိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ဖို့အတွက် စာမျက်နှာသစ် ဖွင့်လှစ်မည်ဆိုပါက စာမျက်နှာဟောင်းတချို့ကို နောက်ပြန်ခေတ္တလှန်လှော ၍ ဆက်၍လုပ်ဆောင်ရန် တန်ဖိုးရှိမည့် ကိစ္စများကိုဆက်၍ ဆောင်ရွက်သင့်ပါသည်။ သို့သော် လူမသိသော အရည်အသွေးအရ သံသယရှိဖွယ်ဖြစ်သည့် စာရေးသူများထုတ်လုပ်ထားသည့် စာအုပ်အသစ်ဖြင့် ဤလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည် မဟုတ်ပါ။ ဖော်ပြထားသည့် စာပိုဒ် “ယခု မြန်မာနိုင်ငံက ခံစားနေရပြီဖြစ်သည့် အခြေခံကျသည့် လူမှုရေးနှင့် စီးပွားရေး လွတ်လပ်ခွင့်များ” ဆိုသည်မှာ အငြင်းထွက်ဖွယ် ဖြစ်ပါသည်။

 

၆၉။ စာမျက်နှာ ၅၊ အကျဉ်းချုပ်နှင့် ဖွဲ့စည်းတည်ဆောက်ပုံတွင် [CERP] သည် မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေရသည့် အရေးပေါ် အခြေအနေများကို တုံ့ပြန်ဖို့ လိုက်လျောညီထွေ ရေးဆွဲထားပါသည်။ ယင်းတွင် ပေါ်လွင်၍ အလားအလာ ကောင်းသော လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် မူဝါဒများနှင့် အဆိုပြုချက်များ ပါဝင်ပါသည်။ CERP သည် ရှိပြီးသား ရင်းမြစ်များနှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်အောင်လည်း ဂရုပြုထားပါသည်။ မြန်မာနိုင်ငံ၏ ခိုင်မာသော ကြွေးမြီရရှိမှုနှင့် မကြာသေးခင် နှစ်များအတွင်းက တည်ငြိမ်သော မက္ကရိုစီးပွားရေး ရှိလာမှုတို့က ကျွန်ုပ်တို့လိုအပ်သည့် အသုံးစရိတ်များ သုံးစွဲရာတွင် ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။

 

စာရေးသူ၏ မှတ်ချက်စိတ်ဝင်စားဖွယ်ကောင်းသည့် ဖော်ပြချက်ပင် ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးက မြန်မာနိုင်ငံတွင်  ၂၀၂၀ ခုနှစ် ဇန်နဝါရီလ တချိန်တွင် စတင်ခဲ့သည်။ ယခုအခါ မိမိတို့က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်သို့ ရောက်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ ပဋိပက္ခက ခုနစ်လကျော် ဖြစ်ပွားခဲ့ပေပြီ။ ဤလများတွင် မြန်မာအစိုးရက အခြားအစိုးရများကဲ့သို့ပင် နိုင်ငံ၏ ပြည်သူများ သေစေတတ်သည့် ကိုရိုနာဗိုင်းရပ်စ် ဘေးအန္တရာယ်မှ ဘေးကင်းလုံခြုံရေး အတွက် ဦးစားပေးဆောင်ရွက်ခဲ့သည်။ ယင်းကိုယ်ပိုင်ရင်းမြစ်များထဲမှ ထုတ်နုတ်ကာ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီများ ထောက်ပံ့ပေးခဲ့သည်။ ပြည်တွင်းရှိ စေတနာရှင်များ နှင့် နှစ်နိုင်ငံချင်း၊ နိုင်ငံစုံဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ပူးပေါင်း ကာ ကူညီပေးခဲ့သည်။ မြန်မာနိုင်ငံက ကျင့်သုံးနေသကဲ့သို့ပင် ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှင့် သေဆုံးမှု စာရင်းဇယားများကို စံနှုန်းကျ ကျန်းမာရေးညွှန်းကိန်းများအဖြစ် တင်ပြနေသည့် နိုင်ငံများ၏ ဝက်ဘ်ဆိုဒ်များ ရှိပါသည်။ CERP မူဝါဒများ နှင့် အဆိုပြုချက်များသည် လက်တွေ့ဖြစ်နိုင်ဖွယ် ရှိ-မရှိ၊ အကောင်အထည်ဖော်နိုင်ခြေ နှင့် ထိရောက်မှုနှင့် မျှော်လင့်ချက်များ၊ အလားတူပင် မြန်မာနိုင်ငံ၏ ခိုင်မာသော ကြွေးမြီရရှိမှုအခြေအနေ မကြာသေးမီနှစ်များက ကောင်းမွန်သည့် စီးပွားရေး ဆိုင်ရာ စွမ်းဆောင်မှုများက ဗိုင်းရပ်စ်တိုက်ခိုက်ရေးအတွက် တိုးမြင့်သုံးရသည့် အသုံးစရိတ်များအတွက် မိမိတို့နိုင်ငံက နေရာကောင်းတွင် ရှိ-မရှိ ဆိုသည်ကို မိမိတို့က ဤညွှန်းကိန်းများကို သုံးသပ်၍ စစ်ဆေးရန် ကောင်းပါသည်။ သုံးသပ်ထားသည့် ကိန်းဂဏန်းများနှင့် ဒေတာများကို အောက်ပါအခန်း (V) တွင် ဖော်ပြထားပါသည်။

V.  ကိုဗစ်-၁၉ စာရင်းအင်းများနှင့် ဒေတာများအပေါ် သုံးသပ်ချက်

၇၀။ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးနှင့် ပတ်သက်၍ ကဏ္ဍပေါင်းစုံအတွက် အတန်ပြည့်စုံသည့် ဒေတာများကို https://www.worldometers.info/coronavirus/?utm_campaign=homeAdUOA?Si,#countries. ကဲသို့သော ဝက်ဘ်ဆိုဒ်များတွင် ရရှိနိုင်ပါသည်။

ဤဝက်ဘ်ဆိုဒ်တွင် ကမ္ဘာကြီး၏ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သည့် ဒေတာများကို ဖော်ပြထားပြီး၊ နိုင်ငံနှင့်နယ်မြေ ၂၁၃ ခု အတွက် ပါဝင်ပါသည်။ (လူစီးသင်္ဘောကြီး ၂ ခု အတွက်လည်း ပါဝင်သည်။) နိုင်ငံအားလုံးအတွက် ဖော်ပြထားသည့်ဒေတာ များတွင် စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်မှု၊ အသစ်ကူးစက်မှု၊ စုစုပေါင်းသေဆုံးမှု၊ အသစ်သေဆုံးမှု၊ စုစုပေါင်း ပြန်ကောင်းလာ သူ၊ ဖျားနာကူးစက်ခံရဆဲ လူနာ၊ အသည်းအသန် လူနာ၊ စမ်းသပ်စစ်ဆေးမှုပေါင်းစသည်တို့ ပါဝင်ပါသည်။၃၈

 

၇၁။ ဤဒေတာများကို များသောအားဖြင့် စာရင်းများဖြင့် ဖော်ပြထားပြီး စုစုပေါင်းအတည်ပြုလူနာ ဖြစ်ရပ်များကို အခြေခံ ထားပါသည်။ သို့ဖြစ်ရာ ရှုပ်ထွေးဝေဝါးစရာ ပြဿနာရှိပါသည်။ အချို့သောအကြောင်းအချက်များမှာ ဗိုင်းရပ်စ်နှင့် ပတ် သက်၍ ကျန်းမာရေးဆိုင်ရာညွှန်းကိန်းများ ခန့်မှန်းတွက်ချက်ဖော်ပြရာ၌ သက်ရောက်မှု ရှိပါသည်။ ယင်းအကြောင်း အချက်များမှာ နိုင်ငံတခု၏ လူဦးရေပမာဏ၊ ရရှိနိုင်သော စမ်းသပ်ပစ္စည်း ကိရိယာ၊ ရုပ်ပစ္စည်းများ၊ ရှိနေသော ဆရာဝန် နှင့် သူနာပြုများ၊ စမ်းသပ်စစ်ဆေးမှုများပြုရန် လေ့ကျင့်ထားသော ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ကာကွယ်ရေး ဆိုင်ရာ လုပ်ဆောင်မှုများကို မည်သို့၊ မည်သည့်အချိန် ချမှတ်ဆောင်ရွက်သည်၊ (နိုင်ငံသားဖြစ်မှု၊ လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ ယုံကြည်မှု၊ ကျား-မကွဲပြားမှု၊ လိင်စိတ်ခံစားမှု၊ အသက်အရွယ်၊ နိုင်ငံရေးယုံကြည်မှု၊ စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်းမရွေးချယ်ဘဲ လူတိုင်းကိုကူးစက်နိုင်သည့်) ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်တိုက်ခိုက်နိုင်ရန် နိုင်ငံ၏ လူသားဆိုင် ရာ၊ သဘာဝဆိုင်ရာ နှင့် လူလုပ်နိုင်သည့်ရင်းမြစ်များ.. စသည်တို့ ပါဝင်ပါသည်။

 

၇၂။ အထက်ဖော်ပြပါ ခက်ခဲလှသည့် အချက်များကို ထည့်သွင်းစဉ်းစား၍ မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သိသာထင်ရှားသည့် ဖြစ်ရပ်များကို မြန်မာ့အလင်းသတင်းစာ မှရရှိသော ဖော်ပြချက်များကို နောက်ခံ အချက်အလက်အဖြစ်ထား၍ ဆက်၍ဆောင်ရွက်ရမည်ဖြစ်သော ဆုံးဖြတ်ချက် ချမှတ်မှု၊ မူဝါဒများ အကောင် အထည်ဖော်မှု၊ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ အစီအစဉ်များ၊ စီမံကိန်းများကို အောက်ပါအတိုင်း ဖော်ပြပါသည်။

(က) ၂၀၂၀ ပြည့်နှစ်၊ မတ်၂၃ ရက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အတည်ပြုနိုင်သော ဗိုင်းရပ်စ် လူနာ ၂ ဦးကို တွေ့ရှိရသည်။

(ခ) မတ် ၃၁ ရက်နေ့တွင် ကူးစက်ခံရမှုဖြစ်ရပ် ၄- ခုရှိလာသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံ၏ ပထမဦးဆုံး ကူးစက်မှုကြောင့် သေဆုံးမှုကို မတ် ၃၁ ရက်တွင်ပင် ကြေညာသည်။ ရန်ကုန်မြို့နေ အသက် ၆၉ နှစ်ရှိသူ ကျား လူအိုတဦး ကင်ဆာဆေးကုသရန် ဩစတြေးလျသို့ သွားရောက်ရာမှ အပြန်ခရီးတွင် စင်ကာပူတွင် ရက်အနည်းငယ်နားခဲ့သည်။ ရန်ကုန်ပြန်ရောက်ပြီး နောက် ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးခြင်း ဖြစ်သည်။

(ဂ) ဧပြီ ၈ ရက်တွင် ကူးစက်မှု ၂၂ ခုရှိကြောင်း တရားဝင် ကြေညာသည်။ သေဆုံးသူမှာ ၃ ဦး ရှိလာသည်။

(ဃ) ဧပြီ ၂၉ တွင် ကူးစက်မှု ၁၅၀ ရှိလာပြီး၊ သေဆုံးသူ ၆ ဦး ရှိသည်။

(င) ထို့အပြင် ဧပြီ ၂၉ တွင် ကူးစက်မှု ၁၅၀ အနက်မှ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၁၆ ဦးရှိရာ ကူးစက်မှုများ၏ ၇၇ ရာခိုင်နှုန်း ရှိသည်။ ယင်းနေ့တွင်ပင် ၆ ဦးသေဆုံးကြောင်း ကြေညာရာ၊ ၅ ဦးမှာ ရန်ကုန်မှပင် ဖြစ်သည်။

 

၇၃။ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၅ ရက်တွင် စာမျက်နှာ ၁၁၈ရှိ နောက်ဆက်တွဲ (C)ဇယား (၅)၌ ဖော်ပြထားသည့်အတိုင်း မြန်မာနိုင်ငံတွင် ကူးစက်မှု ပေါင်း ၃၃၇ ရှိပြီး၊ သေဆုံးသူ အရေအတွက်မှာ ခြောက်ဦးရှိ၍ အာဆီယံနိုင်ငံများတွင် အဆင့် ခုနစ်နေရာ၌ ရှိနေသည်။ အခြား အာဆီယံ ၆ နိုင်ငံနှင့် ယှဉ်လျှင် သူတို့က ဗိုင်းရပ်စ်ကြောင့် ကူးစက်ထိခိုက်မှုများပြီး၊ မြန်မာနိုင်ငံက ကောင်းစွာဆောင်ရွက်နိုင်သည်။ ဤသို့စွမ်းဆောင်မှုမှာ ကမ္ဘာပေါ်ရှိ ဗိုင်းရပ်စ်ကူးစက်မှု အခံရဆုံး နိုင်ငံ (၁၀) နိုင်ငံ စာမျက်နှာ ၁၁၈ရှိ၊ ဇယား (၆) အခြေအနေနှင့် ယှဉ်ပါက အထင်ကြီးဖွယ်ပင် ဖြစ်သည်။ ယင်းဇယားကို စာမျက်နှာ ၁၁၈ရှိ၊ ဇယား (၅) နှင့် ယှဉ်၍ဖော်ပြထားပါသည်။ နံပတ် (၁) နေရာတွင် ရှိနေသည့် အမေရိကန် ပြည်ထောင်စုကို ကြည့်ပါက ကူးစက်ခံရသူ ၃ ဒသမ ၅ သန်း ရှိ၍ လူပေါင်း ၁၃၉,၀၀၀ နီးပါး သေဆုံးခဲ့ရ သည်ကို ဇယား (၆) တွင် တွေ့နိုင်သည်။ ကူးစက်မှု နံပါတ် ၁၀ နေရာရှိ ယူကေနိုင်ငံသည်ပင် ကူးစက်မှု ၂၉၁,၀၀၀ ဦး ရှိပြီး၊ လူပေါင်း ၄၅,၀၀၀ နီးပါး သေဆုံးခဲ့ရပြီ ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံက ဗိုင်းရပ်စ်ကို တုံ့ပြန်ရာတွင် သိသာသည့် အောင်မြင်မှု ရရှိသည်ဟု ဆိုနိုင် သည်။

 

၇၄။ ဤဇယားများပါ စာရင်းအင်းအချက်အလက်များအပေါ် မူတည်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်က ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၇ ရက်တွင် ပြောကြားရာ၌ “မိမိတို့ နိုင်ငံမှာ မချမ်းသာပါ။ သို့သော် ယခုတိုင် ကိုဗစ်-၁၉ ကူးစက်ဘေးကို ထိရောက်စွာ ထိန်းချုပ်နိုင်သည်။ မိမိတို့ ဤသို့ဆောင်ရွက်နိုင်သည့်အကြောင်းမှာ စောစီးစွာကတည်းကပင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ်သက်ရောက်ထိခိုက်မှုများ ရှိလာမည်ဟု မြော်မြင်မှုနှင့်  ပြင်ဆင်မှုများကြောင့်ဖြစ်သည်။ [ထို့ အပြင်] မိမိတို့နိုင်ငံက မချမ်းသာသော်လည်း၊ စိတ်ပျက်အားငယ်ဖွယ် မရှိပါ”ဟု ဆိုခဲ့သည်။ တချိန်တည်းမှာပင် သူမက  ကိုဗစ်-၁၉ ကူးစက်ဘေးသည် အရေးကြီးကြောင်း၊ မပြီးဆုံးသေးကြောင်း သတိပေးခဲ့ပြီး၊ စိန်ခေါ်မှုများမှာ နောက်ဆုံးအခြေအနေ မဟုတ်သေးပါ။ မိမိတို့ စွမ်းအားရှိသမျှ ရုန်းကန်ကြရမည်ဟု ဆိုပါသည်။၃၉

 

၇၅။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအလယ်တွင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခု တိုင် မြန်မာနိုင်ငံက ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းသိမ်းထားနိုင်ပြီဟု ဆိုခဲ့သည်။ အကြောင်းမှာ ဇန်နဝါရီလကတည်းက ဆောင်ရွက်ခဲ့သည့် စီမံမှုများ နှင့် ဗိုင်းရပ်စ်ပိုး တိုက်ခိုက်ရေးတွင် လူထု၏တက်ကြွစွာ ပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ သို့သော်လည်း သူက ယခင်ကတည်းက ပြောခဲ့သကဲ့သို့ သတိပေးပြောကြားရာ၌ နိုင်ငံ တွင်းရှိ ပြည်သူများမှာ ကိုဗစ်-၁၉ ကို အဆုံးမသတ်နိုင်သေးမီ၌ သတိမပေါ့လျော့သင့်ကြောင်း၊ နိုင်ငံအများတွင် အဓိက ကျသည့် ကပ်ဒုက္ခများ ဖြစ်ရသကဲ့သို့ ဒုတိယအကျော့ ပိုးပြန့်ပွားမှုများ ဖြစ်လာနိုင်ကြောင်း ဆိုခဲ့သည်။ ယခုအခါ လူများက ပေါ့လျှော့နေကြပြီး ဤသတိပေးချက်ကို မကြားနိုင်ကြကြောင်း အသိအမှတ်မပြုကြကြောင်းကိုလည်း ဝမ်းနည်းစကား ဆိုခဲ့သည်။ လူများက နှာခေါင်းစည်းများ မဝတ်ဆင်ဘဲ နေကြရာ၊ လူစုဝေးရာနေရာများ၌ လူမှုရေးအရ ခပ်ခွာခွာနေထိုင်သည့် အမူအကျင့်မပြုကြရာ ရောဂါ၏ ဒုတိယအကျော့ ပြန့်ပွားမှုကို ဖိတ်ခေါ်နေသယောင် ရှိနေသည်ဟု ဆိုခဲ့သည်။ ထို့အပြင် သူကထောက်ပြရာ၌ များမကြာမီကတရားဝင် စစ်ဆေးမှုများအရ ရန်ကုန်ရှိ စက်ရုံများနှင့် လုပ်ငန်းခွင်အများသည် ကျန်းမာရေးဝန်ကြီးဌာန၏ ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်များကို ချိုးဖောက်နေကြသည်ဟု ဆိုသည်။၄၀

 

၇၆။ လေးလကျော် ကာလအတွင်း ကူးစက်မှုနှုန်း နည်းပါးပြီး၊ လူ ခြောက်ဦးသာ ဆုံးပါးသေးရာ မြန်မာနိုင်ငံ၏ အထင်ကြီးဖွယ် စွမ်းဆောင်မှုကို အစိုးရမီဒီယာက လူသိရှင်ကြား ဖော်ပြဂုဏ်ယူခဲ့ကြသည်။ ဝန်ကြီး ဒေါက်တာမြင့်ထွေး ၏ စိုးရိမ်ပူပန်မှုများတွင်မူ လူအများ၊ စက်ရုံများ၊ လုပ်ငန်းခွင်အများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ဆက်လက်၍ လိုက်နာခြင်း မရှိကြဘဲ သူတို့က ဗိုင်းရပ်စ်ပိုး၏ ခြိမ်းခြောက်မှုကို မှုစရာ မလိုတော့၊ အန္တရာယ်များ ပြီးမြောက်ပြီဟု ထင်မြင် ခံစားနေကြသည်။

 

၇၇။ တကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို လူအများ သိကြသည်။ နိုင်ငံနှင့် နယ်မြေ ၂၁၃ ခုတွင် ထိခိုက်သက်ရောက်မှု ဇယားတွင်၊ စုစုပေါင်း အတည်ပြုကူးစက်မှု တွေ့ရှိရသည့် အရေအတွက်အလိုက် နိုင်ငံတခုချင်း ၏ အဆင့် အတက်အကျကို ဝက်ဘ်ဆိုက်အများတွင် မြင်တွေ့ရပါသည်။ စာမျက်နှာ ၁၁၉၊ နောက်ဆက်တွဲ ဇယား (D) တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်အထိ သတင်းအချက်အလက်များကို ဖော်ပြထားပါသည်။ ဥပမာအားဖြင့် စာမျက်နှာ ၁၁၉၊ ဇယား (၇) အာဆီယံနိုင်ငံများအတွက် ဖော်ပြချက်တွင် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၅ တွင် နေရာယူထားပါသည်။ ကမ္ဘာ့နိုင်ငံ/ နယ်မြေများ စရင်း ၂၁၃ နိုင်ငံတွင် မြန်မာက အဆင့် ၁၂၅ တွင် ရှိသည်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ၃,၈၂၁ နှင့် နိုင်ငံ၏လူဦးရေ ခန့်မှန်း ၅၄,၄၈၇,၁၈၂ ဦး ရှိပါသည်။ အောက်ဖော်ပြပါ တွက်ချက်မှုတွင် လူဦးရေတသန်းအတွက် စုစုပေါင်းကူးစက်မှုကို ဖော်ပြထားသည်။

                    ၃၈၂၁/ ၅၄၄၈၇၁၈၂ = ၀.၀၀၀၀၇၀၁၂၇ x ၁,၀၀၀,၀၀၀ = ၇၀.၁၃  = ၇၀

စုစုပေါင်း သေဆုံးမှု ၄၀ ဦး ရှိရာ လူတစ်သန်းအတွက် စုစုပေါင်းသေဆုံးမှုကို အောက်ပါအတိုင်း တွက်ချက်နိုင်သည်။

                    ၄၀/ ၅၄၄၈၇၁၈၂  = ၀.၀၀၀၀၀၀၇၃၄ x ၁,၀၀၀,၀၀၀  = ၀.၇၃ = ၀.၇  

စုစုပေါင်း စစ်ဆေးမှု ၁၉၁,၆၉၆ အတွက် လူတစ်သန်းအတွက် စစ်ဆေးနိုင်မှုကို အောက်ပါအတိုင်း တွက်ချက်နိုင်သည်။

၁၉၁၆၉၆/ ၅၄၄၈၇၁၈၂ = ၀.၀၀၃၅၁၈၁၉ x ၁,၀၀၀,၀၀၀ = ၃၅၁၈.၁၉ = ၃၅၁၈ ၄၁

 

၇၈။ စာမျက်နှာ ၁၁၉ ရှိ ဇယား (၈) တွင် ကမ္ဘာ့ ၁၆ နိုင်ငံမှ ဗိုင်းရပ်စ်ပိုး ထိခိုက်သက်ရောက်မှု ဒေတာများကို ဖော်ပြထားပါသည်။ ဤနိုင်ငံများကို ပထဝီနယ်‌မြေလွှမ်းခြုံမှု နှင့် အထွေထွေအတွေ့အကြုံများမှနေ၍ မကြာသေးမီက ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံအတွက် မည်သို့တုံ့ပြန်ရန် စိတ်ဝင်စားဖွယ်ရှိသည်တို့ကို ရွေးချယ်ထုတ်နှုတ်ထားသည်။ ယင်းကို အခန်း (VI) အောက်တွင် ဖော်ပြထားပါသည်။ CERP စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် စာပိုဒ်များနှင့် ပတ်သက်၍ အတိုချုပ်မှတ်ချက် အနည်းငယ်ပြုပြီးနောက် ဆက်၍ဖော်ပြပါမည်။

 

၇၉။ စာမျက်နှာ ၆-၁၅ ပါ ဆောင်ရွက်ရမည့် အခြေပြဇယား နှင့် အကောင်အထည်ဖော်မှုကို စောင့်ကြည့်ခြင်း

စာရေးသူ၏ မှတ်ချက်များCERP သည် သက်သာရေးအစီအစဉ်တခု ဖြစ်သည်။ ကိုဗစ်-၁၉ စစ်ပွဲက ဆက်လက်ဖြစ်ပွား နေရာ သက်သာရေး မည်မျှအတိုင်းအတာအထိ ဆောင်ရွက်ပေးမည်ကို မသိရှိနိုင်သေးပါ။ များစွာသောကိစ္စများမှာ ဗိုင်းရပ်စ်အပေါ် မူတည်ပါသည်။ ယင်းကို လူအသေအပျောက်များသည့် ဒုတိယအကျော့ ကူးစက်မှုတွင်မှ စတင်၍ ဖော်ပြခဲ့ပါသည်။ ယင်းသည် အားပျော့သည့်နေရာများကို အဓိကထားပြီး၊ မိမိတို့တွင် အားနည်းချက်များစွာ ရှိပါသည်။ ဆောင် ရွက်ရမည့် အခြေပြဇယား နှင့် အကောင်အထည်ဖော်မှုကို စောင့်ကြည့်ခြင်းခေါင်းစဉ်အရ များစွာသောလုပ်ငန်းများကို ဖော်ပြထားသည်။ လုပ်ငန်းတခုချင်းစီအတွက် စာနှစ်ကြောင်းသုံးကြောင်း ရေးထားပါသည်။ ဤခေါင်းစဉ်များအတွက် အရေးကြီးသည့် သတင်းအချက်အလက်များကို ပို၍ပြည့်စုံစွာ ဖော်ထုတ်၊ ရှင်းလင်းမှသာလျှင် မှတ်ချက်များ ပြုနိုင်မည် ဖြစ်ပါသည်။

 

VI.မြန်မာနိုင်ငံတွင် မြင့်တက်နေသည့် ဗိုင်းရပ်စ်ကူးစက်မှုအပေါ် ကိုင်တွယ်စီမံခြင်း

၈၀။ မြန်မာနိုင်ငံတွင် လက်ရှိ ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာမှုအပေါ် မည်သို့ကိုင်တွယ် စီမံရမည့်ကိစ္စကို ယခုအခန်း (VI) တွင် (Normative) နှင့် (Positive) economics အတွေးအခေါ်များအပေါ် အခြေခံ၍ အကြံပြုသွားပါ မည်။ Normative economics သည် မည်သို့ဖြစ်သင့်သည် (what should) ကို ဖော်ပြသည်။ Positive economics ကတော့ မည်သို့ဖြစ်နေသည် (what is) ကို တင်ပြပါသည်။ ၄၂

 

၈၁။ ရှင်းပြရန်မှာ စီးပွားရေးပညာရှင် အချို့က ဗိုင်းရပ်စ်ရန်ကို တုံ့ပြန်သည့်နည်းလမ်းကောင်း တခုမှာ အစိုးရနှင့် ပြည်သူ များအကြားရှိ ယုံကြည်မှု တိုးမြှင့်တင်ပေးရန် ဖြစ်ပါသည်။ ဆွီဒင်နိုင်ငံက ဤလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် နမူနာ ကောင်းဟု ဖော်ပြလေ့ ရှိပါသည်။ ဆွီဒင်အစိုးရက လူထုကို ယုံကြည်ပြီး၊ ဆွီဒင်လူထုကလည်း အစိုးရကို ယုံကြည်ကြ သည်။ ဆွီဒင်လူမှုအသိုက်အဝန်းတွင် ယုံကြည်မှုမြင့်မားစွာ တည်ရှိ၍ လော့ဒေါင်းမချ၊ ကွာရန်တင်းမပြု၊ နှာခေါင်းစည်း တပ်ရန် မလိုသည့် နိုင်ငံဖြစ်လာပါသည်။ ဥပမာ ဆွီဒင်အစိုးရက ပြည်သူများ နှာခေါင်းစည်းတပ်ရန် အကြံပြုသည် ဆိုကြပါစို့။ အကြံပြုချက်ကို လိုက်နာ – မလိုက်နာသည်မှာ လူတဦးချင်း၏ လွတ်လပ်စွာ ဆုံးဖြတ်ချက်သာ ဖြစ်သည်။ အစိုးရက ဘယ်လို ဆုံးဖြတ်ချက်ဖြစ်ဖြစ် အရေးမယူပါ။ ထို့ကြောင့် ၂၀၂၀ ၊ မတ်လအထိ ဆွီဒင်နိုင်ငံက ဘား (Bar)၊ စားသောက်ဆိုင်၊ အားကစားရုံနှင့် မူလတန်း၊ အလယ်တန်းကျောင်းများ ဖွင့်ထားခဲ့သည်။ ပြည်သူများကို မိမိတို့ ပုံမှန်နေထိုင်သည့် အတိုင်း ပင် ခွင့်ပြုထားခဲ့သည်။၄၃

 

၈၂။ သို့သော် စာမျက်နှာ ၁၂၀ ရှိ နောက်ဆက်တွဲ (E) နော့ဒစ် ဒေသနိုင်ငံများ၏ စာရင်း (၉) တွင် ဆွီဒင်၏ စုစုပေါင်း ရောဂါ ကူးစက်၊ စစ်ဆေး နှင့် သေဆုံးမှုတွေမှာ အခြား နော့ဒစ်နိုင်ငံများနှင့်ယှဉ်လျှင် (ဒိန်းမတ် စစ်ဆေးမှုမှအပ) လွန်စွာ ကြီးမား နေပါသည်။ ဤ ဗိုင်းရပ်စ်ရောဂါ တုံ့ပြန်မှု ညံ့ဖျင်းမှုအပေါ် ဆွီဒင်သိပ္ပံရှင် ၂၂ ဦးတို့ အစိုးရထံ ဗိုင်းရပ်စ်ကိုင်တွယ်ပုံ လမ်းကြောင်းပြောင်းရန် လက်မှတ်ရေးထိုး စာပေးပို့ခဲ့ပါသည်။ ယင်းအနက် ဗိုင်းရပ်စ်လေ့လာ ပညာရှင် လီနာ အိန်ဟွန်း (Lena Einhorn) လည်းပါဝင်သည်။ သတင်းထောက်တဦးက မည်သည့်အတွက်ကြောင့် သူမကဲ့သို့ သိပ္ပံပညာရှင်တဦးက ဤသို့ဆောင်ရွက်ရကြောင်း မေးမြန်းသည့်အခါ “သိပ္ပံပညာရှင်တွေလည်း လူသားတွေပါပဲ၊ သူတို့ အယူအဆတွေ ရှိကြပါ တယ်။ သိပ္ပံရှင်တွေ ဘယ်လောက်အတိုင်းအတာအထိ ကျိုးကြောင်းဆီလျော် မစဉ်းစားဘဲ ဆုံးဖြတ်ကြတာ ရှင်သိရင် အံ့ဩသွားပါလိမ့်မယ်။ များသောအားဖြင့် မိမိတို့၏ ခံစားချက် (feeling) နဲ့ ဆုံးဖြတ်ကြတာပါ”ဟု ပြန်ဖြေခဲ့သည်။

 

၈၃။ စာရေးသူသည် သူမနှင့် သဘောတူပါသည်။ စီးပွားရေးပညာရှင်တွေလည်း လူသားများဖြစ်၍ မိမိတို့၏ ခံစားချက်တွေကို အလေးပေး လေ့လာဆုံးဖြတ်ကြလေ့ ရှိပါသည်။ ထိုဆောင်ရွက်ပုံကို အကျိုးရှိစွာ သုံးစွဲနိုင်ရန် စီးပွားရေးသုံးသပ်မှု နည်းပညာ တခုဖြစ်သည့် အမူအကျင့်ဆိုင်ရာ စီးပွားရေးပညာ (Behavioral economics) ကို ပေါ်လစီချမှတ် အကောင် အထည်ဖော်ရာတွင် ထည့်သွင်းဆောင်ရွက်ရန် ဖြစ်ပါသည်။ Behavioral economics သည် စိတ်ပိုင်းဆိုင်ရာ အတွင်းကျ သည့် အမြင်နှင့် လူတို့၏ အမူအကျင့်ကို စီးပွားရေးဆုံးဖြတ်ချက်ချရာတွင် ထည့်သွင်းရှင်းပြခြင်း ဖြစ်ပါသည်။ ယင်းပညာကို ကိုဗစ်-၁၉ ရောဂါ ပြီးဆုံးသည့် ကာလတွင် အရေးပေးဆောင်ရွက်ရန်လိုမည်ဟု စာရေးသူက ယုံကြည်ပါသည်။

 

၈၄။ Behavioral economics ဟူသည် အဘယ်နည်း။ မည်သည့်အတွက် အလေးပေးသင့်သနည်း၊ ယင်းကို အသုံးပြု၍ မည်သို့ ဆောင်ရွက်နိုင်မည်နည်း? တို့ကို အဖြေပေးရန် ဤနည်းပညာ၏ အခြေခံဖြစ်သည့်  စွန့်စားမှု ရှောင်တိမ်းခြင်း (risk aversion) နှင့် စနိုင်ပါသည်။ Risk aversion ကို ဥပမာပြရန် လူတဦးကို အောက်ပါရွေးချယ်စရာ နှစ်ခုမှ တခုကို ရွေးပါ။  (a) အကြွေစေ့ကို ခေါင်းပန်းလှန်လျှင် ခေါင်းကျလျှင် ၅,၀၀၀ ကျပ် ရမည်။ ပန်းကျလျှင် တပြားမှ ရမည်မဟုတ်။ (b) တွင် ခေါင်း-ပန်း မလှန်ဘဲနှင့် သင့်ကို ၄,၀၀၀ ကျပ်ပေးမည်။ ဘာကို ရွေးချယ်မည်နည်း။

၈၅။ လူသားတို့၏ သဘောသဘာဝအရ နှင့် ခံစားချက်အရ လူတို့သည် ရွေးချယ်စရာ (b) ကိုပင် ယူပါမည်။ အကြောင်း မှာ သေချာသောကြောင့် ဖြစ်သည်။ ရွေးချယ်စရာ နည်းလမ်း (a) က ၁,၀၀၀ ကျပ် ပို၍ ကမ်းလှမ်းထားသော်လည်း စွန့်စားရမည် ဖြစ်သည်။ များပါသည်။ ထို့ကြောင့် ဘာမှမရဘဲ ဖြစ်နိုင်သည်။ သူက စွန့်စားမှု မလုပ်လိုပါ။

 

၈၆။ ဤအချက်က စီးပွားရေးအရ ဆုံးဖြတ်ချက်များပြုရာတွင် မည်သို့မည်ပုံ သက်ရောက်စေပါသနည်း။ လက်ရှိ မြန်မာ နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာရာ ဤအချက်ကို ထည့်သွင်းစဉ်းစားရန် အခွင့်အလမ်း ဖြစ်လာစေပါသည်။ မြန်မာ နိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြဿနာကို အခန်း (V) ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ စာရင်း ဇယားများ၊ ဒေတာသုံးသပ် ချက်များတွင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ အောက်တွင်ထပ်၍ ဖော်ပြမည့် အချက်အလက် များတွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာလ ၁၇ ရက် အတွင်း ကူးစက်ခံရသူ အရေအတွက် ပြောင်းလဲသွားပုံကို ဖော်ပြပါမည်။၄၄

(က) ဩဂုတ် ၁ ရက်မှ ၇ ရက်အထိ၊ ဗိုင်းရပ်စ်ကူးစက်မှု ပြောင်းလဲမှု ၃၅၉  – ၃၅၃  = ၆ ဦး

(ခ) ဩဂုတ် ၇ ရက်မှ ၁၄ ရက်အထိ၊ ဗိုင်းရပ်စ်ကူးစက်မှု ပြောင်းလဲမှု ၃၇၄  – ၃၅၉  = ၁၅ ဦး

(ဂ) ဩဂုတ် ၁၆ ရက်မှ ၂၂ ရက်အထိ၊ ဗိုင်းရပ်စ်ကူးစက်မှု ပြောင်းလဲမှု ၄၄၁  – ၃၇၅  = ၆၆ ဦး

(ဃ) ဩဂုတ် ၂၃ ရက်မှ ၃၀ ရက်အထိ၊ ဗိုင်းရပ်စ်ကူးစက်မှု ပြောင်းလဲမှု ၇၇၅  – ၄၅၀  = ၃၂၅ ဦး

(င) စက်တင်ဘာလ ၁ ရက်မှ ၇ ရက်အထိ၊ ဗိုင်းရပ်စ်ကူးစက်မှု ပြောင်းလဲမှု ၁၅၁၈  – ၉၁၉  = ၅၉၉ ဦး

(စ) စက်တင်ဘာလ ၈ ရက်မှ ၁၇ ရက်အထိ၊ ဗိုင်းရပ်စ်ကူးစက်မှု ပြောင်းလဲမှု ,၀၄၃  – ၁,၇၀၉ = ၂,၃၃၄ ဦး

 

၈၇။ စက်တင်ဘာ ၃ ရက်နေ့မှသည် ၁၇ ရက်အတွင်း သေဆုံးမှုနှင့် ပတ်သက်၍ အပြောင်းအလဲများလည်း ရှိခဲ့ပါသည်။

(က) စက်တင်ဘာလ ၃ ရက်မှ ၈ ရက်အထိ၊ သေဆုံးမှု ပြောင်းလဲမှု ၁၀  – ၆  = ၄ ဦး

(ခ) စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ၊ သေဆုံးမှု ပြောင်းလဲမှု ၁၆  – ၁၀  = ၆ ဦး

(ဂ) စက်တင်ဘာလ ၁၂ ရက်မှ ၁၇ ရက်အထိ၊ သေဆုံးမှု ပြောင်းလဲမှု ၆၀  – ၁၆  = ၄၄ ဦး

 

၈၈။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လနောက်ဆုံးအပတ်တွင် ကူးစက်မှု မြင့်တက်လာခဲ့သည်။ သို့သော် စုစုပေါင်းသေဆုံးသူမှာ ၁၂၄ ရက် အတွင်း (ဧပြီ ၂၉ ရက်မှသည် ဩဂုတ် ၃၀ ရက်နေ့အထိ) ၆ ဦးသာ ရှိသေးသည်။  အနီးအဝေးရှိ အခြားနိုင်ငံများတွင် ထောင်ပေါင်းများစွာသော သေဆုံးရသူများနှင့် သောင်းသိန်းချီသည့် ကူးစက်ခံရမှုများရှိနေရာ မြန်မာနိုင်ငံရှိ ကူးစက်မှုမှာ အတန်သက်သာသည်ဟု ဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဒုတိယအကျော့ သေစေတတ်သော ဗိုင်းရပ်စ်ပိုးတိုက်ခိုက်မှုကို ခုခံကာကွယ်ရန်အတွက် မြန်မာအာဏာပိုင်များက အောက်ပါ လှိုင်းသဘောတုံ့ပြန်မှု (Wave response model) ကို အကောင်အထည်ဖော်ခဲ့ကြသည်။ ယင်းမှာ (ကူးစက်မှုနှုန်း မြင့်တက်လာပါက ပို၍ထိန်းချုပ်မှုတိုးပါ။ ကူးစက်မှု လျှော့လာ လျှင် ထိန်းချုပ်မှု လျှော့ချပါနှင့် ထပ်မံမြင့်တက်လာပါက ထပ်မံတိုး၍ ထိန်းချုပ်ပါ) ဖြစ်သည်။ ၄၅

 

၈၉။ လှိုင်းသဘော တုံ့ပြန်မှုမိုဒယ်ကို အထက်တွင်ဖွင့်ဆိုထားသည့်အတိုင်း၊ ကမ္ဘာတဝန်းတွင် ဗိုင်းရပ်စ်ပိုးကို ခုခံဆန့်ကျင် ရန် အကောင်းဆုံးလက်နက်ဟု ယူဆထားကြပါသည်။ ယင်းတွင် normative (ဖြစ်သင့်သည်) နှင့် positive (ဖြစ်နေသည်) ရှုထောင့်များ ဖြစ်သည်။ normative ရှုထောင့်အရ လူထု မည်သို့ ဆောင်ရွက်သင့်သည်ကို တင်ပြပြောဆိုရန်လွယ်ပါသည်။ သို့သော်လည်း positive (ဖြစ်နေသည်) ရှုထောင့်အရ  အတိအကျ ဖြစ်နေခြင်းကို ပြောဆိုရန် မလွယ်ပါ။ ဥပမာ အားဖြင့်၊ တနိုင်ငံအတွင်း ကူးစက်မှုများ မြင့်တက်လာသည် ဆိုပါစို့။ ယင်းက အထူးထိခိုက် အန္တရာယ်ရှိစေမည့် ဒုတိယ လှိုင်းမျိုး ဖြစ်ပေါ်လာနိုင်သည်။ ထိုအခါ နိုင်ငံ၏ အာဏာပိုင်များက ချက်ချင်းအရေးယူ ဆောင်ရွက်မှုများပြု၍ ဖြေလျှော့ ထားသည့် ထိန်းချုပ်မှု တင်းကျပ်ခြင်း ဆောင်ရွက်နိုင်ပါသည်။ အကြောင်းမှာ ပြီးခဲ့သည့်လများအတွင်း ဗိုင်းရပ်စ်၏ လှုပ်ရှားမှုများ လျော့နည်းနေသည့်အတွက်ကြောင့် ဖြစ်သည်။ အမှန်တွင် ကူးစက်မှုမြင့်မားသည့်အခါ နိုင်ငံတွင်းရှိ လူအများက  ပို၍စိတ်ဝင်စားလာကြပြီး၊ ဗိုင်းရပ်စ်က ပို၍အန္တရာယ်ရှိလာခြင်းကြောင့် မဟုတ်ဘဲ၊ အစိုးရက ယင်းကို တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကိုလည်း သိကြပါသည်။ မျှော်လင့်မထားသည့်၊ မကြာခဏ ပြောင်းလဲတတ်သော ဗိုင်းရပ်စ်၏ လှုပ်ရှားမှုများကို တုံ့ပြန်ရာ၌ မသေချာ မရေရာမှုများလည်း ကြုံရနိုင်ပါသည်။ အထူးသဖြင့် ဝင်ငွေအောက်ဆုံးအလွှာတွင် ရှိနေကြသည့် စားသုံးသူများနှင့် ထုတ်လုပ်သူများအတွက် အခက်အခဲများ ဖြစ်စေသည်။ လုပ်ခလစာ နည်းပြီး၊ လျစ်လျူရှု ထားခံရကာ တနေ့လုပ်မှ တနေ့စား အသက်ဆက်နေကြရပါသည်။

 

၉၀။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန (MoHS) ၏ ဝက်ဘ်ဆိုက်တွင် နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း ကိုဗစ်-၁၉ ဒေတာ နှင့် သတင်းအချက်အလက်များကို ပုံကားများ၊ ဂရပ်များ၊ ဇယားများဖြင့် ဖော်ပြထားပါသည်။ သို့ဖြစ်၍ နိုင်ငံ အချင်းချင်း နှိုင်းယှဉ်မှုပြုရန် အသုံးဝင်ပါသည်။ ယင်းကို နောက်ဆက်တွဲ (D) စာမျက်နှာ ၁၁၉ ရှိ ဇယားများတွင် ဖော်ပြထားပါသည်။ သာဓကအားဖြင့် ဇယား (၇) တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက် အ‌ခြေအနေကို ဖော်ပြထားရာတွင် စစ်ဆေးမှုပေါင်း ၁၉၁,၆၉၆ ခု ဆောင်ရွက်ခဲ့ပြီး နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူကို ဖော်ထုတ်ခဲ့ကြပါသည်။ ယင်းမှာ ဖိလစ်ပိုင်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် စစ်ဆေးမှု ၃ ဒသမ၂ သန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် စစ်ဆေးမှု ၂ ဒသမ၇ သန်း၊ စင်ကာပူနိုင်ငံတွင် စစ်ဆေးမှု ၂ ဒသမ ၄၉ သန်း၊ မလေးရှားနှင့် ဗီယက်နမ်တွင် ဆောင်ရွက်ခဲ့သည့် စစ်ဆေးမှု ၁ သန်းကျော်ထက် မြန်မာက နည်းပါသည်။ အကယ်၍ မိမိတို့က စုစုပေါင်း စစ်ဆေးမှုကို လူဦးရေတသန်းတွင် ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာအတွက်မူ ၃၅၁၈ ဦးသာ စစ်ဆေးနိုင်ပြီး အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံး ဖြစ်နေပါသည်။ MoHS က နှစ်နိုင်ငံ နှင့် နိုင်ငံစုံဖွံ့ဖြိုးရေး မိတ်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက်နေပြီး၊ ကျန်းမာရေးနှင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် ဒေတာများ အဆင့်မြင့်နိုင်ရေး ဆောင်ရွက်နေပါသည်။ သေချာသည်မှာ ပို၍ယုံကြည်ကိုးစားရသည့် ဒေတာများ ရရှိလာပါက ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပို၍ထိရောက်သည့်တုံ့ပြန်မှုများကို ဆောင်ရွက်နိုင် မည် ဖြစ်သည်။

 

၉၁။ ယခုအခါ မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ၈ ရက်တွင် ကျင်းပမည်ဟု ဆိုကြပါစို့။ အစိုးရ အဖွဲ့သစ်က ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် အာဏာလွှဲပြောင်းရမည် ဖြစ်ပြီး၊ အုပ်ချုပ်ရေးအဖွဲ့သစ်ကို စုစည်း နေရာချရန် နှစ်လ ခန့် (၂၀၂၁ ခုနှစ် ဇွန်လအထိ) အချိန်ယူရ နိုင်ပါသည်။ သို့ဆိုလျှင် အစိုးရအာဏာပိုင်များ (ပြည်ထောင်စု နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့်များ) က ယခုအချိန်မှ ၂၀၂၁ ခုနှစ် ဇွန်လအထိ အလုပ်များနေနိုင်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးသစ် ရပြီ ဆိုကြပါစို့။ ဖြန့်ဖြူးပြီး ကမ္ဘာပေါ်ရှိ လူအားလုံးအတွက် ပေးနိုင်ပြီးနောက် ကိုဗစ်-၁၉ ကူးစက်ဘေး နောက်ပိုင်းကာလ “အသစ်သော ပုံမှန်အခြေအနေ” New Normal ပေါ်ပေါက်နေနိုင်ပြီဟု မှန်းဆနိုင်သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၂၁ ခုနှစ် ဇွန်လအထိ ကာလကို အသွင်ကူးပြောင်းရေးကာလဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။ ဤသို့ အကူးအပြောင်းကာလတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေခြင်း ဆက်၍ဖြစ်နိုင်ပြီး၊ နယ်ပယ်စုံမှ ပညာရှင်များ၊ သုတေသီများ၊ ကျွမ်းကျင်သူများကို အားကိုး၍ ဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်မည့် စွမ်းရည်များ၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရန် လိုပါသည်။

 

၉၂။ စာရေးသူ၏ မိတ်ဆွေများနှင့် ဆွေးနွေးချက်များမှ ပေါ်လာသည့် လုပ်ငန်းတခုမှာ၊ ဖြစ်နေသည် (what is) ကို စစ်တမ်း ကောက်ယူ‌ လေ့လာရန်ပင် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မည်သူများက အထိခိုက်ဆုံး ခံစားနေရသည်၊ မည်သို့ ဖြစ် ပျက်နေသည်ကို သက်သေအထောက်အထား အခြေပြု ချဉ်းကပ်နည်းဖြင့် လေ့လာ၍ ထိုသူများကို အထောက်အပံ့ပေးရန် ဖြစ်သည်။ ထိုကာလတွင် ဗိုင်းရပ်စ်က မျှော်လင့်မထားသည့်နေရာများတွင် တိုက်ခိုက်ရန် ပုန်းကွယ် စောင့်ဆိုင်းနေတတ် ရာ ကူးစက်မှုအတွက် ခြိမ်းခြောက်မှုကို လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

 

၉၃။ မကြာသေးမီက ဗီယက်နမ်တွင် စိတ်ဝင်စားဖွယ် ဖြစ်ပေါ်တိုးတက်မှုများ ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၀ ရက် နေ့အထိ ၉၉ ရက်ကြာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှု ၄၆၈ ဦးသာ ရှိခဲ့ပြီး ဒေသရပ်ရွာတွင်း ကူးစက်မှုများ မဟုတ်ပေ။ သေဆုံးမှုလည်း မရှိခဲ့ပေ။ ဗီယက်နမ်နိုင်ငံက လူဦးရေ ၉၇ ဒသမ ၄ သန်းရှိသော နိုင်ငံကြီးတခု ဖြစ်သည်။ ယင်းတွင် တရုတ်နိုင်ငံ နှင့် ၈၇၀ မိုင် ရှည်လျားသည့် နယ်စပ်တည်ရှိနေပြီး၊ နယ်စပ်ဖြတ်ကျော်၍ စီးပွားရေးနှင့် လူမှုရေးဆက်ဆံ သွားလာမှုများ အစဉ်မပြတ် ရှိနေခဲ့သည်။ ဤနိုင်ငံက မည်သည့်အတွက်ကြောင့် ကောင်းမွန်သည့်စွမ်းဆောင်မှုရရှိနေသည်မှာ စိတ်ဝင် စားဖွယ်ပင် ဖြစ်သည်။ အောင်မြင်မှုရသည့်အကြောင်းမှာ ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်း၊ SARS ကူးစက် ရောဂါ ကာလက သင်ခန်းစာများကောင်းစွာ ထုတ်နှုတ်အသုံးချခြင်းနှင့် တပါတီစနစ်ကြောင့် လူအဖွဲ့အစည်းအတွင်း အာဏာဖြန့် ကျက်ထားပြီး ကာကွယ်မှုဆိုင်ရာ စည်းမျဉ်းများကို ကောင်းစွာလိုက်နာစေသောကြောင့် ဖြစ်သည်။၄၆

 

၉၄။ သို့ဖြစ်ရာ ဗိုင်းရပ်စ်ပိုး ခြိမ်းခြောက်မှုက လျော့ကျသွားနိုင်ကြောင်း လူအများတွင် ယေဘုယျ ခံစားချက် ရှိနေကြပါ သည်။ ဘောလုံးကွင်းများထဲ ပရိသတ်များ ပြန်စုဝေး ကျောင်းများ ပြန်ဖွင့်ပြီး၊ ဖောက်သည်များလည်း သူတို့စိတ်ကြိုက် ကဖေးဆိုင်များသို့ ပြန်လာထိုင်နိုင်ကြပါမည်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်နောက်ပိုင်း တရက်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ၅၄၆ ဦးအထိ မြင့်တက်လာကာ ပထမဦးဆုံးအကြိမ် တဦးသေဆုံးခဲ့ရသည်။ နောက်ပိုင်း ၂၀၂၀ ပြည့် နှစ် စက်တင်ဘာ ၁၆ ရက်တွင် စုစုပေါင်း ကူးစက်မှု ၃,၈၂၁ ဦး ရှိလာပြီး သေဆုံးသူ ၄၀ ဦးတိုင် ရှိလာခဲ့သည်။ ရုတ်ခြည်း ကူးစက်မှုမြင့်တက်လာသည်မှာ ဆန်းကြယ်ပါသည်။ သို့သော်လည်း ဖြစ်နိုင်သည်မှာ ပြီးခဲ့သည့် လများတွင် ဗိုင်းရပ်စ်က မတွေ့ရှိနိုင်ဘဲ ပြန့်ပွားနေခဲ့ပုံ ရပါသည်။ ထိုကာလများတွင် တွေ့ရှိမှု သတင်းများ မရှိခဲ့ပေ။ ကွာရန်တိုင်း လုပ်ငန်း စဉ်များတွင် အမှားအယွင်းတစုံတရာ ရှိခဲ့သည်လည်း ဖြစ်နိုင်ပြီး  တစုံတဦးကို အချိန်မသင့်မီ လွှတ်ပေးခဲ့သည်လည်း ဖြစ်နိုင်ပါသည်။၄၇ ဗီယက်နမ်တွင်လည်း မြန်မာနိုင်ငံနှင့် အလားတူဖြစ်ခဲ့သည်။ ယင်းတွင် ဖြစ်ပျက်နေပုံကို ခြေရာခံ စောင့်ကြည့်နေပါက အသုံးတည့်နိုင်ပါသည်။ နှစ်နိုင်ငံကြား အမြင်များလည်း ဖလှယ်နိုင်ကြပါသည်။

 

၉၅။ နောက်ဆုံးအနေဖြင့်၊ အခြားသော အကြောင်းအရာတခုဖြစ်သော်လည်း စာမျက်နှာ ၁၁၉၊ နောက်တက်ဆွဲ (D) ဇယား (၈) တွင် ဖော်ပြထားသည့် အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကူးစက်မှု ၃၄၁, ၆၇၂ ဦးဖြင့် အဆင့် ၁၅ နေရာ တွင် ရှိနေပါသည်။ သေဆုံးသူ ၄,၈၂၃ ဦး ရှိခဲ့ပြီ ဖြစ်ပါသည်။ ရိုဟင်ဂျာ စခန်းများတွင် လူများ မတန်တဆ ကျပ်သိပ်စွာဖြင့် ချို့ငဲ့သော အမိုးအကာအောက်တွင် နေထိုင်နေကြရပြီး အခန်းတခုလျှင် လူ ၁၀ ဦးခန့်အထိ စု၍ နေထိုင်ကြရသည်။ ပြီး၊ ရပ်ရွာစုပေါင်း အိမ်သာ၊ ရေပေးစနစ်ကို သုံးနေကြရပြီး စားနပ်ရိက္ခာဝေငှရာတွင်လည်း အကန့်အသတ်ကျဉ်းသည့် နေရာများတွင် ဆောင်ရွက်နေကြသည်။ ဤအခြေအနေသည် ကူးစက်မှုဖြစ်ဖို့ လွယ်ကူပါသည်။ သို့သော်လည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နေမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ကို သွားရောက် စစ်ဆေးရာတွင် ရိုဟင်ဂျာစခန်းနေ လူထုများတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့အထိ အတည်ပြု ကူးစက်မှု ၁၃၀ ဦးနှင့် သေဆုံး ၇ ဦးသာ တွေ့ရှိရပါသည်။၄၈ ရိုဟင်ဂျာဒုက္ခသည် စခန်းများတွင် ဗိုင်းရပ်စ် ကူးစက်မှု ပေါက်ကွဲရန် အချိန်မရွေး ဖြစ်ပေါ်နိုင်ပါသည်။ ယင်းသို့ ဖြစ်ပေါ်ပါက မြန်မာနိုင်ငံအနေဖြင့် နောက်ထပ် စွပ်စွဲမှုခံရဖွယ် အခြေအနေကိုလည်း မျှော်လင့်ထားသင့်ပါသည်။

 

 

 

 

 

 

 

 

 

 

အကိုးအကား

Government of the Republic of the Union of Myanmar, Overcoming as One: COVID-19 Economic Relief Plan, (Naypyitaw, 27 April 2020).

Global New Light of Myanmar, (Yangon, 29 May 2020), page 1. 

State Counsellor discusses remedies to lessen COVID-19 impacts on economy, Global New Light of Myanmar, (Yangon: 17 June 2020), Pages 1,3, and 4.

Holly Yan, CDC Director: Covid-19 has brought this nation to its knees, CNN News, 23 June 2020. The CDC Director is Dr. Robert Redfield, Director of the US Centers for Disease Control and Prevention (CDC).

Dr Zaw Oo, “Impact of COVID-19 on the Economy of Myanmar,” The Myanmar Times, Myanmar Language Edition, pp. 14-17.  Pease also see, “State Counsellor discusses COVID-19 situation with representatives from labour and industry,” Global New Light of Myanmar, 23 April 2020 edition, pages 1 & 3.

Hmue Angel, “Myanmar health minister warns against complacency,” The Myanmar Times, 8 June 2020.

James Crabtree, How Singapore’s second wave is exposing economic inequalities, New Statesman, 6 May 2020.

Sophia Ankel, How Singapore went from being applauded for its coronavirus response to facing an alarming second wave with thousands of new cases, Business Insider, 22 April 2020.

Jason Beaubien, Singapore was A Shining Star In COVID-19 Control – until it wasn’t, The New Normal Newsletter, 3 May 2020.

၁၀ Kentaro Iwamoto, From Malaysia to Japan, crisis highlights need for support and social inclusion, Nikkei Asian Review, 9 June 2020.

၁၁ Medha Chaturvedi, Indian Migrants in Myanmar: Emerging Trends and Challenges. Please visit: https://www.mea.gov.in/images/pdf/Indian-Migrants-Myanmar.pdf. Medha Chaturvedi is Senior Fellow, India Centre for Migration, Ministry of Overseas Indian Affairs.

၁၂ U Myint, Lessons of the Asian Financial Crisis of 1997-98, National Defence University: Course No. 8, (Yangon: 19 March 2007).

၁၃ Pizaro Gozali Idrus and Maria Elisa Hospita, “New dorms for migrant workers in Singapore are right step,” AA News Broadcasting System, (10 June 2020).

၁၄ Harpreet Singh, “More must be done to improve treatment of migrant workers in Singapore post COVID-19 crisis,” The On-Line Citizen, (16 May 2020).

၁၅ The Policy Research Centre for Economic and Social Development (CESD), in which I am a founder and patron, will help undertake this task.

၁၆ Manimanjara Sengupta, How Spanish Flu Pandemic of 1918 affected India, The Indian Express, YouTube, Down-Loaded 28 May 2020. 

၁၇ Myanmar and the1918-1920 Spanish Influenza. Please visit: https://lostfootsteps.org/en/history/myanmar-andthe-1918-20-spanish-influenza.

၁၈ Jim Gramine, World War I: Building the American military, Department of Defense News, Defense Media Activity April 3, 2017.

၁၉ Robert McNamara, “Committee on Public Information, America’s WWI Propaganda Agency,” https://www.thoughtco.com/committeeonpublicinformation4691743, accessed 29 June 2020.

၂၀ “How America’s Newspapers Covered Up a Pandemic,” https://newrepublic.com/article/157094/americasnewspaperscoveredpandemic, accessed 29 June 2020. 

၂၁ Sara Francis Fujimura, Purple Death: The Great Flu of 1918, Perspectives in Health Magazine, vol. 8, Number 3, 2003.

၂၂ World War I United States Military Records, 1917 to 1918. Please visit:

https://www.google.com/search?client=firefox-b-d&q=number+of+us+soldiers+in+ww1

၂၃ How Philadelphia city officials helped the Spanish Flu to take hold, Smithsonian Channel, YouTube, assessed 29 May 2020.

၂၄ “Spanish Flu of 1918_The history of a deadly pandemic and lessons for Coronavirus,” YouTube, assessed 29 May 2020. 

၂၅ San Francisco paid the price of lifting Spanish Flu lockdown early, YouTube, assessed on 28 May 2020. 

၂၆ Steve Liewer, In 1918 flu pandemic, Omaha had second surge of cases after lifting restrictions, Omaha World Herald, 2 May 2020.

၂၇ Samone Gao, The coverup of the century: New documentary on how the CCP covered up the coronavirus outbreak, NTD News, YouTube, accessed 17 April 2020.

၂၈ Stephen McDonell, Li Wenliang: Coronavirus kills Chinese whistleblower doctor, BBC News, Beijing, 7 February 2020.

၂၉ What is the difference between a pandemic, an epidemic, endemic, and an outbreak? Intermountain Healthcare, 2 April 2020.

၃၀ The name Ebola Virus Disease (EVD) is given by WHO in consultation with US Centers for Disease Control and Prevention (CDC).

၃၁ 2014-2016 Ebola Outbreak in West Africa, The Ebola Virus Disease. Please visit: https://www.cdc.gov/vhf/ebola/history/20142016outbreak/index.html. The seven countries are Italy, Mali, Nigeria, Senegal, Spain, UK and USA.

၃၂ Shwe Yee Saw Myint, Myanmar man tested for Ebola shows signs of improvement, The Myanmar Times, 22 August 2014.

၃၃ Frank M. Snowden, Chapter on The Challenge of Ebola, Epidemics and Society: From Black Death to the Present, (Kindle eBook, pp. 473–505). This eBook was purchased on-line, on 23 May 2020.

၃၄ UNCTAD, UN least of Least Developed Countries List of year 2020. Please visit: https://unctad.org/en/Pages/ALDC/Least%20Developed%20Countries/UN-list-of-Least-DevelopedCountries.aspx

၃၅ IMF, Rank of countries by per capita GDP in 2019. Please visit: https://en.wikipedia.org/wiki/ List_of_countries_by_GDP_(nominal)_per_capita

၃၆ Frank M. Snowden, Epidemics and Society: From Black Death to the Present, Op. Cit., p. 488.

၃၇ Ibid.; page 489.

၃၈ In addition following data are also provided: Total Cases/1M Pop, Total Deaths/1M Pop, Total Test/1M Pop, and size of Population. Countries with some of these data are presented in tables (7) and (8) in Annex (D)

၃၉ Global New Light of Myanmar, 8 July 2020, p.3.

၄၀ San Yamin Aung, “Myanmar Health Minister Urges Renewed Vigilance to Prevent Second COVID-19 Wave,” The Irrawaddy, 29 July 2020

၄၁ Please note this is the lowest estimate of total tests per 1 million population among ASEAN countries.

၄၂ “Normative and positive economics,” Wikipedia and Investopedia.

၄၃ “Sweden’s Covid-19 strategy has caused an amplification of the epidemic,” France 24, 17 May 2020.

၄၄ The data for 17 September, is obtained from New Light of Myanmar, 18 September 2020, p. 10.

၄၅ James Griffiths, If New Zealand’s Covid-19 outbreak is terrible like Trump says, then how bad rest of the world? CNN News, 18 August 2020.

၄၆ Stephen Cameron, “Vietnam has zero coronavirus deaths: Here’s why,” CNBC Report, 18 March 2020

၄၇ Preeti Jha, “Coronavirus Vietnam: The mysterious resurgence of Covid-19,” BBC News, 8 August 2020. 49 Immanuel Chayan, Preventing the spread of COVID-19 in Rohingya camps, Reliefweb, 26 June 2020.

၄၈ Md. Kamruzzaman, “Covid-19 death toll in Rohingya camps rise to 7,” World, Health,Asia-Pacific, Latest on coronavirus outbreak, Dhaka, Bangladesh, 7 September 2020

Dr. U Myint

ဒေါက်တာဦးမြင့်သည် ထွန်းဖောင်ဒေးရှင်းဘဏ်၏ ဒါရိုက်တာတဦးဖြစ်ပြီး UMFCCI ၏ စီးပွားရေးအကြံပေးလည်းဖြစ်သည်။ ထို့အပြင် ယခင်အစိုးရလက်ထက် သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပါသည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search