မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
အချိန်က ဖေဖော်ဝါရီလကုန်။ မတ်လအတွက် ကျနော့်ရဲ့ တလစာ အလုပ်တွေကို ကြည့်လိုက်တော့ သင်တန်းတွေ၊ ဟောပြောပွဲတွေနဲ့ ပြည့်နေတယ်။ ပွဲ ကိုးပွဲ၊ မြို့ ခုနစ်မြို့။ ရှမ်းပြည်နယ်ထဲက လွိုင်လင်၊ ကွန်ဟိန်းစတဲ့ ကိုယ်တခါမှ မရောက်ဖူးသေးတဲ့ မြို့တွေပါ ပါသေးတယ်။ အဲဒါတွေအတွက် ပြင်ဆင်ရင်း၊ စီစဉ်ရင်း၊ ညှိနှိုင်းရင်းနဲ့ပဲ ကိုရိုနာဗိုင်းရပ်စ် ဆိုတဲ့ အသံက တဖြည်းဖြည်းနဲ့ ကျယ်လောင်လာတယ်။ ကိုယ်တွေနဲ့ ပိုနီးကပ်လာသလို ခံစားရတယ်။ အဲဒီလိုနဲ့ မတ် ပထမပတ်မှာပဲ တလလုံးစာ စီစဉ်ထားသမျှ ပွဲတွေကို ရွှေ့ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
အဲဒီလိုထိခိုက်တာ ကျနော်လားဆိုတော့ မဟုတ်ဘူး။ တနိုင်ငံလုံး။ တနိုင်ငံပဲလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ တကမ္ဘာလုံး။ အနည်းနဲ့ အများပဲ ကွာကြတယ်၊ သူ့နည်းသူ့ဟန်နဲ့သူတော့ ထိခိုက်ရတာချည်းပဲ။ အိမ်တအိမ်ကို ဓားပြဝင်တိုက်တယ်ဆိုရင် အတိုက်ခံရတဲ့ အိမ်က ငွေကြေးဆုံးရှုံးတယ်။ ဓားပြတွေကတော့ ဒီငွေတွေကို ပိုင်ဆိုင်ရဦးမယ်။ ဆိုလိုတာက တယောက်ယောက်တော့ သုံးလိုက်ရသေးတယ်။ အခု COVID-19 ပြဿနာမှာတော့ ဘယ်သူ့ဆီကို ရောက်လို့ ရောက်သွားမှန်း မသိဘဲနဲ့ကို ဆုံးရှုံးကုန်တာ။ မီဒီယာတွေ တင်စားသလို ပြောရရင် COVID-19 ဆိုတဲ့ Black hole (တွင်းနက်ကြီး) ထဲကို ကျနော်တို့ရဲ့ အခွင့်အလမ်းတွေ၊ ပိုင်ဆိုင်မှုတွေ၊ ငွေကြေးတွေ၊ အလုပ်အကိုင်တွေ စုပ်ယူခံလိုက်ရတာ။
တွေးကြည့်ရင် ရင်နာစရာလည်း ကောင်း။ ခံပြင်းစရာလည်း ကောင်း။ နောက်ပြီး သံဝေဂရစရာလည်း ကောင်းတယ်။ ၁၀၀ ရာခိုင်နှုန်း သေချာတယ်ဆိုပြီး ပြင်ဆင်ထားသမျှတွေ ဖြစ်မလာတော့ဘူး။ စုဆောင်းထားသမျှတွေ ရက်ပိုင်း၊ လပိုင်းလေးအတွင်း ဆုံးရှုံးသွားတယ်။ တသက်မှာတခါ အမှတ်တရဆိုတဲ့ မင်္ဂလာပွဲတွေ ပျက်သွားတယ်။ ကိုယ် သိပ်ချစ်ရသူတွေနဲ့ နီးနီးကပ်ကပ် နေခွင့်မရတော့ဘူး။ အင်မတန် လူစည်ကားတယ် ဆိုတဲ့နေရာတွေ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်ကုန်တယ်။ ဒါတွေဟာ အချိန်တိုလေးအတွင်း ဖြစ်သွားတာ။ လွန်ခဲ့တဲ့ သုံးလေးလလောက်ကသာ ဒါမျိုးဖြစ်လာမယ်လို့ တယောက်ယောက်က လာပြောရင် ကျနော်တို့ အော်ရယ်မိကြမှာ။ ခုတော့ ဒါတွေက တကယ်ဖြစ်လာခဲ့တယ်။
နောက်ပြီး ဒီဗိုင်းရပ်စ်က အသစ်ဖြစ်တယ်။ ကာကွယ်ဆေး ခုထိမရှိသေး။ ကုသတဲ့ဆေး ခုထိ အတိအကျ မသိသေး။ တကမ္ဘာလုံးကို သတိပေးချက် ထုတ်ပြန်နေရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တောင် မျက်စိတွေ လည်ချင်ချင်။ နောက်ပြီး ဘယ်တော့ပြီးဆုံးမယ်လည်း မသိ။ လုံးဝကင်းစင်သွားတဲ့ အနေအထားမျိုးလည်း ဖြစ်ချင်မှ ဖြစ်လာတော့မယ်။
ပြောရရင်တော့ COVID-19 ဟာ ကျနော်တို့ရဲ့ ကျန်းမာရေးတင်မကဘဲ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ အနာဂတ် လူနေမှုပုံစံ စတာတွေကိုပါ ကြီးကြီးမားမား သက်ရောက်ခဲ့တယ်။ ပြောင်းလဲစေခဲ့တယ်။ ထိခိုက်စေခဲ့တယ်။
ဒါပေမဲ့ သူက ကျနော်တို့ ကာလအတန်ကြာ မေ့လျော့နေတဲ့ အရာတခုကိုလည်း သတိပေးခဲ့ပြန်တယ်။ အဲဒါ ဘာလဲဆိုတော့ ကျနော်တို့ရဲ့ လူသားဆန်မှုပဲ။
စဉ်းစားကြည့်ပါ၊ လူနဲ့ တိရစ္ဆာန် ဘာကွာလဲ။ တကယ်တော့ လူဆိုတာလည်း သတ္တဝါပဲ။ ဘယ်အရာတွေကများ လူဆိုတဲ့ သတ္တဝါကို အဆင့်မြင့်သတ္တဝါ ဖြစ်လာစေခဲ့တာလဲ တွေးကြည့်မိပါတယ်။
၁။ စဉ်းစားဆင်ခြင်ဉာဏ်ရှိခြင်း
လူနဲ့ တခြားသတ္တဝါတွေကြားထဲက အဓိက ကွာခြားချက်တခု ဖြစ်ပါတယ်။ လုပ်သင့် မလုပ်သင့်၊ ပြောသင့် မပြောသင့်၊ ဖြစ်သင့် မဖြစ်သင့် စဉ်းစားဆုံးဖြတ်နိုင်တဲ့ အစွမ်းပါ။ ဒီ COVID-19 ကို ကာကွယ်ဖို့မှာလည်း စဉ်းစားဆင်ခြင်နိုင်တဲ့ ဉာဏ် ပညာဟာ သိပ်အရေးကြီးပါတယ်။ မလိုအပ်ဘဲ လူစုလူဝေး လုပ်လိုက်ရင်၊ အဆင်ခြင်မဲ့ ပွဲလမ်းသဘင်တွေ လုပ်လိုက်ရင် ဘာဖြစ်သွားနိုင်တယ် ဆိုတာကို ကမ္ဘာမှာရော မြန်မာမှာပါ သက်သေပြထားပါတယ်။ ဒါကြောင့် လူသားတွေရဲ့ ထူးခြားတဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ အသိဉာဏ်ပညာကို ခုလည်း အသုံးချပါ။ နောင်ဖြစ်လာသမျှသော အကြောင်းကိစ္စတိုင်းမှာလည်း အသုံးပြုပါ။
၂။ အများအကျိုးအတွက် အလုပ်လုပ်ခြင်း
The Saturday Evening Post မှာ ဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။ မနုဿဗေဒ ပညာရှင်တယောက်ဖြစ်တဲ့ Margaret Mead (1901-1978) ဆိုတဲ့ အမျိုးသမီးကြီးကို လူတယောက်က မေးပါတယ်။ လူသားယဉ်ကျေးမှု (Civilization) ရဲ့ ပထမဆုံး သက်သေဆိုရင် ဘာဖြစ်မလဲတဲ့။ ဥပမာ လက်နက်တွေ တီထွင်လာနိုင်တာလား။ ကိုးကွယ်ယုံကြည်စရာတွေ ရှိလာတာလား စသဖြင့်ပေါ့လေ။
အဲဒီမှာ Margaret Mead က ခဏစဉ်းစားပြီး ပြန်ဖြေပါတယ်။ နှစ်တသောင်းခွဲ သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ နေရာတခုကနေ ရှာဖွေတွေ့ရှိထားတဲ့၊ ကျိုးပြီး ပြန်ဆက်ထားတဲ့ လူ့ပေါင်ရိုးပါတဲ့။
သူက ဆက်ရှင်းပြတယ်။ တိရစ္ဆာန်တွေမှာဆို အားကြီးသူ အနိုင်ရတဲ့၊ လျင်သူ စားစတမ်း ယဉ်ကျေးမှုမျိုး ဖြစ်တဲ့အတွက် ခြေထောက်ကျိုးသွားရင် အစာမရှာနိုင်တော့ဘူး။ ရေမသောက်နိုင်တော့ဘူး။ သူ့ကိုယ်သူ မကာကွယ်နိုင်တော့ဘူး။ ဒီတော့ ခြေထောက်ကျိုးသွားပြီဆိုတာနဲ့ ပြန်ဆက်ဖို့ အချိန်မရဘဲနဲ့ကို သေသွားရမှာပါ။
လူသားတယောက်မှာ အဲ့လိုခြေထောက်ကျိုးပြီး ပြန်ဆက်ဖို့ အချိန်ရခဲ့တယ် ဆိုတဲ့ အဖြစ်အပျက်က ဘာကို ပြနေလဲဆိုတော့ သူ နားနေရတဲ့အချိန်မှာ သူ့ကို ကူညီပေးမယ့်၊ အစာရေစာ ရှာပေးမယ့်၊ အကာအကွယ်ပေးမယ့်သူ တယောက်ယောက် ရှိနေခဲ့တယ် ဆိုတာပါပဲ။ ဒါကြောင့် သူက “အဲ့လို တစုံတယောက်ကို ကူညီပေးတတ်လာခြင်းသည် လူသားယဉ်ကျေးမှု စတင်တဲ့ အချိန်ပါပဲ” ဆိုပြီး ဖြေသွားပါတယ်။
အခုလို COVID-19 ကာလမှာလည်း ဒီလိုကူညီပေးခြင်းတွေ အများကြီးပဲ တွေ့နေရပါတယ်။ ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းတွေ သူတို့အလုပ်သူတို့ လုပ်နေတာပဲ ဆိုပေမဲ့ အရာရာ မပြည့်မစုံ ဖြစ်နေတဲ့ အနေအထားမျိုးမှာ စွန့်စွန့်စားစားနဲ့ လုပ်နေရတာပါ။ ဒါကို နားလည်တဲ့ ပြည်သူတွေက လက်ခုပ်တီး အားပေးကြတာမျိုးတွေ၊ မုန့်၊ အစားအသောက်နဲ့ အားဆေးတွေ ပို့ပေးကြတာမျိုးတွေ မြင်ရတာ အင်မတန်မှ ပီတိဖြစ်ရတယ်။ Quarantine လုပ်ဖို့ဆိုလည်း ဆရာတော်တွေက ကျောင်းတိုက်တွေကို ပေးသုံးကြတယ်။ ကူညီလိုက်ကြတဲ့ ပရဟိတအဖွဲ့တွေ၊ လှူဒါန်းလိုက်ကြတဲ့ ပြည်သူတွေဆိုတာလည်း မနည်းဘူး။ ဒါတွေဟာ ပြည်သူ့အားနဲ့ပဲ အဓိက ရပ်တည်နေရတဲ့ ကျနော်တို့လိုနိုင်ငံအတွက် သိပ်ဆန်းတဲ့ မြင်ကွင်းတော့ မဟုတ်ပေမဲ့ ဒီပြဿနာကြီးကို ရင်ဆိုင်ဖို့မှာ ခွန်အားဖြစ်စေတယ်။ ယုံကြည်ချက် ပိုခိုင်မာစေတယ်။ မျှော်လင့်ချက်တွေ ရှိလာစေပါတယ်။
၃။ အားနည်းသူကို ညှာတာတတ်ခြင်း
ကျနော့်အိမ်မှာ ကြောင်နှစ်ကောင် မွေးထားတယ်။ အကောင်ကြီးတဲ့ ကြောင်က အကောင်သေးတဲ့ ကြောင်ကလေးကို ရရင်ရသလို အနိုင်ကျင့်တယ်။ အဲဒီပိုထွားတဲ့ကြောင်ကပဲ သူ့ထက်ကြီးတဲ့ကြောင်တွေနဲ့ တွေ့ပြန်တော့ အနိုင်ကျင့်ခံရပြန်ရော။ ဒါ တောကြီးမျက်မည်းထဲက သတ္တဝါတွေအကြောင်း မဟုတ်သေးဘူးနော်။ အိမ်မွေးတိရစ္ဆာန်တွေမှာကို တွေ့နေရတဲ့ သဘာဝတခု။ ကိုယ့်ထက် အားနည်းသူကို အနိုင်ကျင့်ခြင်းပေါ့။
လူတယောက်ရဲ့ အဆင့်အတန်းကို တိုင်းတာတဲ့နေရာမှာလည်း အဲဒီအချက်နဲ့ တိုင်းတာလို့ ရပါတယ်။ လူတွေဟာ ကိုယ့်ထက် ခွန်အားကြီးသူ၊ ချမ်းသာသူ၊ ရာထူးမြင့်သူတွေနဲ့ ဆက်ဆံတဲ့အခါ အဆင့်အတန်းရှိသယောင်၊ ယဉ်ကျေးသယောင်နဲ့ မသိသာပေမဲ့ ကိုယ့်ထက် နိမ့်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ အတွင်းစိတ်အမှန်က ပေါ်လာတတ်ပါတယ်။ အားမနာတမ်း ပြောရရင် အဲဒီလို ကိုယ့်ထက် အားနည်းတဲ့သူ၊ ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်သူကို အနိုင်ကျင့်တတ်တဲ့စိတ်သာ ရှိနေမယ်ဆို ကျနော်တို့လူသားတွေဟာ တိရစ္ဆာန်တွေနဲ့ ဘာထူးဦးမှာလဲ။
အခု COVID-19 ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ရောဂါပိုး ကူးစက်ခံရသူတွေကို ကူညီပေးသလိုပဲ၊ ပိုးကူးစက်မခံရပေမဲ့ ပိုးကြောင့် သွယ်ဝိုက်သောအားဖြင့် ထိခိုက်နစ်နာရတဲ့ အခြေခံလူတန်းစားတွေကို စောင့်ရှောက်ဖို့လည်း ကျနော်တို့ မပျက်ကွက်ခဲ့ကြဘူး။ အလုပ်တွေ နားလို့ စားစရာတောင် အနိုင်နိုင် ဖြစ်နေတဲ့သူတွေကို ဆန်၊ ဆီ၊ ဆား လှူကြတယ်။ များများစားစား မလှူနိုင်တောင် အိမ်ကို Delivery နဲ့ မုန့်မှာစားရင်း လာပို့ပေးတဲ့ ဝန်ထမ်းကလေးကို မုန့်ဖိုးတွေ ပေးလိုက်ကြတာမျိုး ကိုယ်နိုင်သလောက် လုပ်ကြတယ်။ ဆင်းရဲချမ်းသာ ကွာဟလွန်းတဲ့ ကျနော်တို့နိုင်ငံမှာ ပေးတဲ့သူအတွက် ဘာမှမဟုတ်တဲ့ ပမာဏလေးက လက်ခံရသူအတွက်ကျ သိပ်ကြီးနေတတ်တယ်။ ဒီလိုသတင်းတွေ၊ ဒီလိုမြင်ကွင်းတွေက အဆိုးသတင်းတွေနဲ့ ပြည့်နှက်နေတဲ့ ခုလိုအချိန်မှာ သဲကန္တာရထဲက အိုအေစစ်လိုပါပဲ။
၄။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး လက်ပိုက်ကြည့်မနေခြင်း
ဒီ COVID-19 က ကျနော်တို့ကို သင်ပေးလိုက်တာ နောက်တခု ရှိသေးတယ်။ အဲဒါကတော့ ကျနော်တို့အားလုံးဟာ အပြန်အလှန် ဆက်စပ်နေတယ် ဆိုတာပဲ။ သွေးတိုး၊ ဆီးချိုလို ရောဂါမျိုးက သူ မဆင်မခြင်နေရင် သူဖြစ်သူခံ ဆိုတာမျိုး မျက်နှာလွှဲထားလို့ ရသေးတယ်။ ခုက သူဖြစ်ရင် ကိုယ်ပါ ခံရမှာ။ အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် မချစ်လို့၊ တန်ဖိုးမထားလို့၊ ကျန်းမာရေး ဂရုမစိုက်ဘူး၊ နေချင်သလို နေမယ်ဆို အရင်က ရတယ်။ ကိုယ်ဖြစ်ကိုယ်ခံပဲ။ အခုကကျ ကိုယ့်ရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တခု၊ ချောင်းလေးတဟွတ်၊ တံတွေးလေးတပြွတ်ကလည်း တဖက်သားကို ဒုက္ခဖြစ်သွားစေနိုင်တယ်။ ဒါကြောင့် ကိုယ့်တာဝန်လည်း ကိုယ်ယူ။ သူများ မဆင်မခြင် လုပ်နေတာတွေ့ရင်လည်း လက်ပိုက်ကြည့်မနေနဲ့။ သွားထိန်း၊ သွားပြော။ လိုအပ်တာ ကူညီပေး။ အဲဒါက သူ့အတွက်တင် မဟုတ်ဘူး။ ကိုယ့်အတွက်ပါ ကာကွယ်ရာ ရောက်တယ်။
တကယ်တော့ အရင်ကတည်းကလည်း ကျနော်တို့ဟာ တယောက်နဲ့တယောက် ဆက်စပ်နေတာပါ။ အခုပြဿနာကတော့ ဒီအချက်ကို ပိုပြီးတော့မှ မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့လျှောက်လည်း အချင်းချင်း ကူညီကြပါ။ ပူးပေါင်းကြပါ။ ငဲ့ညှာကြပါ။ ဒီပုံစံကောင်းလေးကို ဆက်ထိန်းကြပါ။
၅။ အခြေအနေသစ်နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် နေနိုင်ခြင်း
အားလုံးနဲ့ ရင်းနှီးနေမဲ့ စကားပါ။ Survival of the fittest တဲ့။ အကြံ့ခိုင်ဆုံး၊ အသန်မာဆုံး သတ္တဝါတွေ ရှင်သန်ကျန်ရစ်ခဲ့ကြတာ မဟုတ်ပါဘူး။ အခြေအနေသစ်နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ပြောင်းလဲနေနိုင်သူတွေသာ ရှင်သန်နိုင်ကြမှာပါ။ သတ္တဝါတွေအားလုံးထဲမှာ အဲဒီလို အပြောင်းလဲနိုင်ဆုံး၊ အတိုးတက်လာဆုံး သတ္တဝါက လူပါ။ ခုလည်း ဒီလိုပဲ။ ဒီကပ်ကြီး ပြီးသွားရင် ဘာလုပ်မယ်၊ ညာလုပ်မယ် ပြောနေပေမဲ့ တကယ်တော့ ကျနော်တို့ဟာ ဘယ်လိုနည်းနဲ့မှ အရင်အခြေအနေကို ပြန်မရနိုင်တော့ပါဘူး။ လာမဲ့အနာဂတ်ဟာ ပုံစံအသစ် ဖြစ်ပါတယ်။ တောင်းဆိုမှုအသစ်တွေ ရှိနေမယ်။ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ရမယ်။ ဒါတွေကို လိုက်ပါပြောင်းလဲနိုင်ဖို့ လိုပါမယ်။
အနှစ်ချုပ်ပြောရရင်တော့ COVID-19 ဟာ ကျနော်တို့ကို ကြီးကြီးမားမား ထိခိုက်စေခဲ့တဲ့ ပြဿနာတရပ် ဖြစ်ပါတယ်။ တဖက်ကလည်း ကျနော်တို့ မေ့လျော့နေတဲ့၊ ပျောက်ဆုံးနေတဲ့၊ ရှားပါးလာတဲ့ လူသားဆန်မှုတွေကို ပြန်ဖော်ထုတ်ပေးလိုက်တယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝ့ါကြောင့်ရယ်လို့ အပြစ်တင်နေလို့ ထူးသွားမှာ မဟုတ်ဘူး။ ဒီလိုလူသားဆန်မှုတွေကို ဆက်လက်ထိန်းသိမ်းရင်း၊ ပျိုးထောင်ရင်း၊ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းရင်းနဲ့ပဲ ရှေ့ဆက်သွားကြရမှာ ဖြစ်တယ်။ ဒါမှလည်း ဒီပြဿနာကြီး ကြုံရကျိုးနပ်မယ်၊ အရှုံးထဲက အမြတ်ထွက်မယ်လို့ ယူဆမိပါတယ်။
Ref: Your Health Checkup: Be Compassionate, Be Generous, Be Thankful – Douglas P.Zipes, M.D., The Saturday Evening Post
ဒေါက်တာဖြိုးသီဟသည် လူငယ်စာရေးဆရာ တဦးဖြစ်ပြီးလူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ခေါင်းဆောင်မှုဆိုင်ရာဆောင်းပါးများ ရေးသားနေသူဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post