Menu & Search

လိုအပ်နေတဲ့ စာနာနားလည်မှုတွေ

October 7, 2020

ကျနော့်အပေါ် လွှမ်းမိုးမှုကြီးတဲ့ စာအုပ်တအုပ်ကိုပြောပါဆိုရင် ရုရှားနာမည်ကျော် စာရေးဆရာတယောက်ဖြစ်တဲ့ အန်တွန်ချက်ကော့ဗ် (Anton Chekhov) ရဲ့ Ward No.6 (လူနာဆောင်အမှတ်- ၆) ဝတ္ထုဖြစ်ပါတယ်။ တော်တော်များများလည်း ဖတ်ဖူးကြမယ်လို့ ထင်တယ်။ ဇာတ်လမ်းကို လိုတိုရှင်းပြောရရင်တော့ လူနာဆောင် အမှတ်-၆ ဆိုတာက စိတ်ရောဂါဝေဒနာသည်တွေကို ထားတဲ့အဆောင်။ ဒါပေမဲ့ ခေတ်ပျက်နေချိန်မို့ အဲဒီထဲမှာ ထည့်သာထားတာ၊ ဘာကုသမှုမှ ကောင်းကောင်းမပေးဘူး။ ဘယ်ဆရာဝန်မှတောင် လာမကြည့်ဘူး။ တည့်တည့်ပြောရရင်တော့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ထောင်သွင်းအကျဉ်းချထားသလို သဘောပဲ။

အဲဒီလူနာတွေထဲမှာ ပညာတတ်တဲ့သူတယောက် ရှိတယ်။ ဘဝရဲ့ အခက်အခဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတာကို လူတွေက စိတ်မနှံ့တော့ဘူးထင်ပြီး ဒီအဆောင်ဆီ ပို့လိုက်ကြတာ။ ဆိုတော့ သူက တခြားလူနာတွေထက်စာရင် အခြေ အနေ အများကြီးကောင်းတယ်။ အဲဒီဆေးရုံကို ဆရာဝန်တယောက် အသစ်ပြောင်းလာတယ်။ လုပ်စရာကလည်း မယ်မယ်ရရမရှိတော့ ဆေးရုံကို လှည့်ပတ်ကြည့်ရင်း လူနာဆောင် အမှတ်-၆ ကို ရောက်လာ။ ခုနကလူနာနဲ့ တွေ့တယ်။ ဖြစ်ချင်တော့ ဒီ ဆရာဝန်ကလည်း စာသမား။ သူနဲ့ ပြောနိုင်ဆိုနိုင်တဲ့သူကို လိုအပ်နေတုန်း ဒီလူနာနဲ့ စကားစပ်မိပြီး သဘောကျသွားတယ်။ ဝတ္ထုကတော့ သူတို့နှစ်ယောက်ရဲ့ အပြန်အလှန် စကားပြောတွေနဲ့အများစုဖွဲ့ထားတာ။

လူနာဖြစ်သူကပြောတယ်။ ဒီအဆောင်မှာ ဆေးကုသမှုလည်း မပေးဘူး။ အစားအသောက်လည်း ကောင်းကောင်းမစားရဘူး။ ဒီကြားထဲ အစောင့်ဖြစ်သူက နှိပ်စက်သေးတယ်။ ဒီလူ့အတွေးက ဒါတွေက အရူးတွေ၊ ကောင်းကောင်းပြောလို့မရဘူး။ အသားနာအောင်လုပ်မှဆိုတဲ့ အတွေးမျိုး စသည်ဖြင့် အဆင်မပြေတာတွေပြောတယ်။

အဲဒီအခါ အဆောင်ရဲ့အပြင်ဘက်ကနေ မတ်တပ်ရပ်စကားပြောနေတဲ့ ဆရာဝန်က အဲဒါ အကောင်းမြင်စိတ်နဲ့ ဆိုင်တယ်ဆိုပြီး သူဖတ်ဖူးတဲ့စာတွေနဲ့ ကိုးကားပြတယ်။ လူတယောက်ဟာ ပျော်တတ်တဲ့စိတ်မရှိရင် ဘုရင်ဖြစ်နေရင်တောင် မပျော်ဘူး။ ပျော်တတ်တဲ့စိတ်ရှိပြန်ရင်လည်း စည်ပိုင်းလေးထဲမှာပဲ နေရရင်တောင် ပျော်နေမှာတဲ့။

အခြေအနေချင်းမတူတော့ အမြင်ချင်းလည်း မတူဘူးပေါ့လေ။ ဘယ်လိုပဲ အမြင် မတူမတူ ဒီဆရာဝန်က ဒီလူ့ကို သဘောကျသွားတယ်။ စကားပြောလို့ ကောင်းတယ်ဆိုပြီး မကြာခဏ အဲဒီအဆောင်ထဲသွား၊ ငြင်းကြခုံကြပေါ့။ အဲဒီလိုနဲ့ ပတ်ဝန်းကျင်က သတိထားမိလာတယ်။ ဘယ်တုန်းကမှ၊ ဘယ်ဆရာဝန်မှ မသွားခဲ့တဲ့အဆောင်ကို ဒီဆရာဝန်က ဘာကိစ္စ ခဏခဏ သွားနေရတာလဲပေါ့။ သူ့စကားတွေကလည်း နဂိုကတည်းကမှ အဆန်းဖြစ်နေတော့ နောက်ဆုံး သူ့ကိုလည်း စိတ်ရောဂါရှိနေပြီထင်ပြီး အဆောင်ထဲကို ပို့လိုက်ရော။

အစက အကောင်းမြင်စိတ်နဲ့ဆိုင်တယ်ဆိုပြီး ကိုယ့်ကို လာမထိသေးတဲ့အချိန်မှာ ငြင်းခဲ့တဲ့ဆရာဝန်လည်း ကိုယ်တိုင် အထဲရောက်တော့မှ နှိပ်စက်မှုဒဏ်တွေ၊ အစားအသောက်၊ အနေအထိုင် ဆင်းရဲမှုဒဏ်တွေ မခံနိုင်တော့ဘဲ ရက်ပိုင်းအတွင်း သေဆုံးသွားခဲ့တယ်။

အဲဒီဝတ္ထုကလေးက ကျနော့်ကို ကိုယ်ချင်းစာတရားနဲ့ ပတ်သက်လို့ ကောင်းကောင်း နားလည်သဘောပေါက်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ်နဲ့ တိုက်ရိုက်မဆိုင်ခင်တုန်းကတော့ သည်းခံပါ၊ အကောင်းမြင်ပါလို့ ပြောနိုင်ပေမဲ့ တကယ်တမ်း ကိုယ်လည်း ရင်ဆိုင်လာရပြီဆိုမှ အဲဒါတွေဟာ ပြောသလောက်မလွယ်မှန်း သိတော့တာ။

အခု ကိုဗစ်-၁၉ ပြဿနာဟာ တကမ္ဘာလုံးကို ရိုက်ခတ်နေဆဲဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာဆိုလည်း ပိုးတွေ့လူနာအရေအတွက်က နေ့တိုင်းတက်နေတာ။ နောက် ဘယ်လောက်အထိ ဒီပြဿနာ ကြာဦးမယ်ဆိုတာလည်း မသိဘူး။ စစချင်းကတော့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဆိုပေမဲ့ အချိန်ကြာလာတဲ့အခါ လူမှုရေး ပြဿနာတွေ ရှိလာပြီ။ စီးပွားရေးတွေ ထိခိုက်လာပြီ။ ဒီကနေမှတဆင့် ရာဇဝတ်မှု တွေလည်း များလာနိုင်တယ်။ နောက်ပြီး ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း အကြီးအကျယ် ပြဿနာပေးလာပါတယ်။ ဝင်ငွေထိခိုက်တယ်။ တချို့တွေ အလုပ်ပါပြုတ်တယ်။ အနာဂတ်ကလည်း မရေရာမသေချာ။ စီမံခန့်ခွဲမှုအလွဲတွေကိုလည်း ကြုံနေရသေးတယ်။

ဒီတော့ ခုလိုအချိန်မှာ အကောင်းမြင်စိတ်မွေးပါဆိုတဲ့ စကားလုံးကို လွယ်လွယ် ပြောမထွက်ဘူး။ ခုနက ဆရာဝန်နဲ့ လူနာလိုပဲ အခြေအနေချင်းကမှ မတူကြတာ။ တတ်နိုင်သလောက် အိမ်မှာနေကြပါဆိုပေမဲ့ တနေ့လုပ်မှ တနေ့စားရသူတွေဟာ ဘယ်လိုမှ အိမ်မှာမနေနိုင်ဘူး။ သူတို့မှာ ကိုဗစ်ထက်ဆိုးတဲ့ ပြဿနာပေါင်း မြောက်မြားစွာရှိတယ်။ တီဘီဖြစ်ပြီးသေတယ်။ ကားတိုက်ခံရပြီးသေတယ်။ အရက်တွေ ဖိသောက်ရင်း သေတယ်။ ဆိုတော့ ကိုဗစ်ကို ထူးပြီးဂရုစိုက်မနေနိုင်ဘူး။

များပြားလှတဲ့လူနာတွေကို ကြည့်နေရတဲ့ ဆရာဝန်၊ ဆရာမတွေ။ ခုဆို တော်တော်များများက အိမ်ခွဲနေနေကြပြီ။ အဆောင်အဆင်ပြေတဲ့သူကလည်း အဆောင်ကို ပြောင်းနေတယ်။ ဘာလို့ဆိုတော့ သူတို့က ပိုးကူးစက်ခံရနိုင်ခြေများတဲ့အတွက် မိသားစုကို ကူးမှာစိုးလို့။ မိသားစုလိုက် Quarantine ဝင်နေရမှာစိုးလို့။ တိုက်ခန်းမှာ နေတဲ့သူဆို တတိုက်လုံး Lockdown ချခံရမှာစိုးလို့။ မိသားစုနဲ့ ပတ်ဝန်းကျင်ကို မထိစေချင်လို့ စိတ်ရှင်းရှင်းနဲ့ အိမ်ခွဲနေပြီး ကိုဗစ်ကို တွန်းလှန်နေကြတယ်။

စီးပွားရေးလုပ်ငန်းတွေ ရပ်ကုန်တယ်။ ဆိုင်တွေ ပိတ်ထားရတယ်။ ဝန်ထမ်းတွေ လျှော့လိုက်ရတယ်။ အဲဒီလို အလုပ်ပြုတ်သွားတဲ့ဝန်ထမ်းတွေ ဘာဆက်လုပ်မလဲ။ သူတို့နောက်မှာ မှီခိုနေတဲ့ အနယ်နယ်အရပ်ရပ်က မိသားစုတွေရော ခုချိန် ဘယ်လို ခံစားနေကြရမလဲ။ ဒါတွေဟာ ကိုဗစ်ကြောင့် ထိခိုက်ခံစားနေရတဲ့အထဲက ဥပမာတချို့ပဲ ရှိသေးတယ်။ ဒီလိုအခြေအနေမှာ အကောင်းမြင်စိတ်ထားပြီး ရှေ့ဆက်ဖို့ကို လွယ်လွယ်လေး ပြောမထွက်တော့ဘူး။ သူတို့နေရာကို မရောက်ဖူးဘဲနဲ့ ပါးစပ်ဖျားလေးနဲ့ နှစ်သိမ့်ရမှာ အားနာလာတယ်။

ငါ ဘာလုပ်ပေးနိုင်လဲ။ ဘယ်လို ပါဝင်ကူညီလို့ရမလဲ။ ဒါကိုပဲ စဉ်းစားနေမိတယ်။ ကိုဗစ်ဟာ ကျနော်တို့အပြစ်ကြောင့် ဖြစ်လာတာလည်း မဟုတ်သလို၊ ရှောင်လွှဲလို့လည်းမရတဲ့ ပြဿနာဖြစ်ပါတယ်။ တချိန်လုံး ဆိုရှယ်မီဒီယာက သတင်းတွေ ထိုင်ဖတ်ပြီး စိတ်ညစ်ညူးနေမလား။ ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေ အများကြီး ရှိနေတာကိုမေ့ပြီး ကိုယ့်ရဲ့ပြဿနာတွေအကြောင်းပဲ တွေးနေမလား။ ဒီအနေအထားမှာ ကိုယ် ဘာတွေလုပ်လို့ရသလဲဆိုတာကို စဉ်းစားကြည့်သင့်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မယ်

ဒီပိုးက ကူးစက်ရောဂါ ဖြစ်ပါတယ်။ သွေးတိုး၊ ဆီးချိုတို့လို ရောဂါတွေဆို ကိုယ့်ဟာကိုယ် ဖြစ်ချင်ရာဖြစ်ဆိုပြီး သဘောထားလို့ရတယ်။ ကိုယ်ဖြစ်ကိုယ်ခံပဲ။ အခုကျ ကိုယ်ဖြစ်ရင် သူများတွေပါခံရမယ့် ကူးစက်ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မယ်။ ကိုယ့်မိသားစုကို ကာကွယ်မယ်။ ဒါဟာ ဆရာဝန်၊ ဆရာမ စတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် ဝန်ထုပ်ဝန်ပိုး လျော့သွားအောင် ကူညီပေးခြင်းလည်း ဖြစ်တယ်။

၂။ ကိုယ်ခံအား ကောင်းအောင်နေမယ်

မတော်တဆ ပိုးကူးစက်ခံခဲ့ရရင်တောင် မပြင်းထန်ဖို့၊ မသေဖို့အတွက် ကိုယ်ခံအားကောင်းဖို့ လိုပါတယ်။ အမြင်သာဆုံးဥပမာက ကမ္ဘာကျော် အားကစားသမားတွေပါ။ ပိုးတွေ့တယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်မဖြစ်ဘူး။ ရက်ပိုင်းနဲ့တင် ဘောလုံး ပြန်ကန်လို့ရတယ်။ ဒီတော့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ စိတ်ဖိစီးမှုလျှော့ချ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်။

၃။ နိုင်သလောက် ကူညီမယ်

ကိုဗစ်လူနာတွေ ရှိတယ်။ Quarantine ဝင်နေရသူတွေရှိတယ်။ သူတို့ကိုကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ ဆရာဝန်၊ ဆရာမတွေရှိတယ်။ အစားအသောက်၊ ဆေးဝါးပစ္စည်းတွေလိုနေတယ်။ တတ်နိုင်သလောက် လှူပေးမယ်။ ပိုးတွေ့သူကို ခွဲခြားဆက်ဆံမှုမလုပ်ဖို့ လိုတယ်။ လုပ်နေသူတွေကိုလည်း ပြည်သူအချင်းချင်းက ထိန်းဖို့လိုတယ်။ ခုနကလို စီးပွားရေး အကြီးအကျယ်ထိခိုက်နေတဲ့ အခြေခံလူတန်းစားတွေ ရှိတယ်။ သူတို့ကို Mask ၊ ငွေကြေး၊ စားသောက်ကုန်လှူတာ၊ သူတို့ ရောင်းနေတဲ့ ပစ္စည်းကို ဝယ်ယူအားပေးတာတွေ လုပ်လို့ရတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေမယ်

တနေ့တနေ့ သတင်းတွေပဲ ထိုင်ဖတ်ပြီး စိတ်ညစ်မနေဘူး။ ဆိုရှယ်မီဒီယာကို လျှော့သုံးတယ်။ အဲဒီအစား ဝါသနာပါတာကလေးတွေ လုပ်တယ်။ မိသားစုနဲ့ အချိန်ပေးတယ်။ တခုခု လေ့လာသင်ယူနေတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တယ်။ ကိုယ့်ကိုယ်ကိုယ် အအားမထားဘူး။ ခုချိန်မှာ အားလုံးက စိတ်ဖိစီးနေကြတဲ့ အချိန်မို့ ပြဿနာဖြစ်လွယ်တယ်။ ဒီတော့ သူလျှော့တလှည့်၊ ကိုယ်လျှော့တလှည့်နဲ့ အပြန်အလှန် နားလည်ပေးကြမယ်။ ကိုယ်တိုင်မှပျော်မနေဘဲ သူများကို ပျော်အောင် ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အိမ်မှာပဲ အနေများနေတဲ့အချိန် အိမ်ကမိသားစုနဲ့မှ အဆင်မပြေရင်လည်း ပျော်ဖို့မလွယ်ဘူး။

၅။ လွဲချော်မှုတွေကို ထောက်ပြမယ်

ကိုဗစ်က ပိုးအသစ်၊ ပြဿနာအသစ်ဖြစ်လို့ တကမ္ဘာလုံးမှာ သူ့ပုံစံနဲ့သူ တုံ့ပြန် ဆောင်ရွက်ကြရတယ်။ ဘယ်နိုင်ငံမှာမှ ၁၀ဝ ရာခိုင်နှုန်း ပြည့်စုံကောင်းမွန်တယ်ဆိုတာ မရှိဘူး။ ကျနော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံကတော့ ပိုဆိုးတာပေါ့။ ဒီအတွက် တချို့သော အားနည်းချက်တွေကို နားလည်ပေးကြဖို့လိုသလို တဖက်မှာလည်း ပြည်သူတွေရဲ့ ထောက်ပြပြောဆိုမှုတွေဟာ သိပ်အရေးကြီးတယ်။ အထင်ရှားဆုံး ဥပမာဆိုရင် ရပ်ကွက်ထဲမှာ လူစုပြီး ကိုယ်ပူတိုင်းခဲ့တဲ့ကိစ္စ။ အကျိုးမရှိတဲ့အပြင် အပြစ်ကပိုများတယ်။ ပြည်သူအများ ဝေဖန်လိုက်တဲ့အခါမှာ ဒီလိုလုပ်တာတွေ ရပ်သွားတယ်။

ကိုယ့်ရပ်ကွက်ထဲ မတိုင်းသေးလို့၊ ကိုယ်က Quarantine မဝင်ရသေးလို့ ဘာမှမပြောဘဲ နေနေကြသူတွေဟာ ကျနော်ပြောခဲ့တဲ့ဝတ္ထုထဲက လူနာဆောင်ထဲမှာ ဖြစ်ပျက်နေတဲ့ လွဲချော်မှုတွေကို မပြောခဲ့တဲ့ဆရာဝန်လိုပဲ တာဝန်မဲ့ရာ ရောက်ပါတယ်။ ဒီလိုထောက်ပြပြောဆိုတာဟာ အပြစ်တင်တာမဟုတ်ဘူး။ ကန့်လန့်တိုက်တာ မဟုတ်ဘူး။ ဘေးထိုင်ဘုပြောတာ မဟုတ်ဘူး။ တာဝန်ရှိတဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းပဲဖြစ်တယ်လို့ ခံယူစေချင်ပါတယ်။

ဒါကြောင့် ခုလိုအချိန်မှာ အကောင်းမြင်စိတ်မွေးပါလို့ ပါးစပ်က သက်သက်တိုက်တွန်းနေတာထက် တတ်နိုင်တဲ့သူက ကိုယ်တတ်နိုင်ရင်တတ်နိုင်သလို လိုအပ်နေသူတွေအပေါ် စာနာနားလည်မှုပေးခြင်းကသာ ပိုကောင်းမယ်လို့ မြင်ပါတယ်။ ဒီလောက်ဆိုးရွားတဲ့ကပ်ဘေး၊ ကမ္ဘာ့နိုင်ငံကြီးတွေတောင် အလူးအလဲခံနေရတဲ့ ကပ်ဘေး၊ အထိအခိုက် အဆုံးအရှုံးများလှတဲ့ ကပ်ဘေးတခုကနေ အသက်ရှင်လျက်၊ ကျန်းမာလျက် ကျန်ခဲ့မယ်၊ လက်ထဲ ပိုက်ဆံရှိသေးတယ်ဆိုရင်ကိုပဲ အတော်လေး ကံကောင်းတယ် ပြောလို့ရပါတယ်။ အဲဒီအတွေး၊ အဲဒီစိတ်နဲ့ ခွန်အားတွေမွေးပြီး၊ ကိုယ့်ပတ်ဝန်းကျင်က အကောင်းမြင်စိတ် ဘယ်လိုမှ ထားလို့မရနိုင်တဲ့သူတွေအပေါ် စာနာနားလည်မှုပြသရင်း ဒီကပ်ဘေးကို အတူကျော်ဖြတ်ကြပါစို့ခင်ဗျာ။

Dr Phyo Thiha

ဒေါက်တာဖြိုးသီဟသည် လူငယ်စာရေးဆရာ တဦးဖြစ်ပြီးလူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ခေါင်းဆောင်မှုဆိုင်ရာဆောင်းပါးများ ရေးသားနေသူဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search