Menu & Search

အစိုးရ၏ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အား လွှမ်းခြုံနိုင်စွမ်းရှိမှုနှင့် အကောင်အထည်ဖော်နိုင်မှု  ရှုထောင့်များမှ သုံးသပ်ခြင်း

May 28, 2020

ကိုဗစ်-၁၉  ဂယက်ကြောင့် စီးပွားရေး တုံ့ဆိုင်းသွားတာကို ဖြေရှင်းဖို့အတွက် အစိုးရရဲ့ စီးပွားရေး ကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan- CERP) ကို မကြာသေးခင်က ထုတ်ပြန်လိုက်ပါတယ်။ ရည်မှန်းချက် ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ ဆောင်ရွက်ရမယ့် အစီအစဉ် ၃၆ ခု၊ ဆောင်ရွက်နေတဲ့ အစီအစဉ် ၇၆ ခု ပါဝင်ပါတယ်။ CERP ကို သုံးသပ်တဲ့အခါ လိုအပ်တဲ့ အရေးကြီးတဲ့ ကဏ္ဍတွေ လွှမ်းခြုံနိုင်စွမ်းရှိမှု (Comprehensiveness)နဲ့ အကောင်အထည်ဖော်မှု (Execution) ဆိုပြီး နှစ်ပိုင်းခွဲပြီး ကြည့်နိုင်ပါတယ်။

လွှမ်းခြုံနိုင်စွမ်းရှိမှု (Comprehensiveness)နဲ့ပတ်သတ်ပြီး အစီအစဉ် ထုတ်ပြန်ပြီး သိပ်မကြာတဲ့ ရက်ပိုင်းမှာပဲ သုံးသပ်မှုတွေ၊ ဝေဖန်အကြံပြုမှုတွေကို မီဒီယာတွေပေါ်မှာ တွေ့လာရပါတယ်။ အစီအစဉ်ရေးဆွဲသူ အစိုးရခေါင်းဆောင်ပိုင်းဘက်ကနေ အစီအစဉ်နဲ့ ပတ်သတ်ပြီး ကာလတိုစီမံချက် ဖြစ်တဲ့အတွက်ကြောင့် ရေရှည်အစီအစဉ်တွေမပါဝင်ကြောင်း ပြန်လည်ဖြေရှင်းတာတွေလည်း ရှိပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ  ကိုဗစ်ရောဂါဘယဘေးဒဏ် မကျရောက်ခင်ကတည်းက စစ်ဘေးဒဏ်၊ မင်းဘေးဒဏ်၊ ရာသီဥတုဘေးဒဏ်ကို ဆယ်စုနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံလာခဲ့ရပါတယ်။ ဒါ့ကြောင့် လွှမ်းခြုံနိုင်စွမ်းရှိမှု (Comprehensiveness) အနေနဲ့သုံးသပ်မယ်ဆို ကိုဗစ်-၁၉ နဲ့ပတ်သတ်ပြီး စီးပွားရေး ကုစားမှုအစီအစဉ်တွေမှာ ဒီလိုမျိုး ဆင်းရဲနွမ်းပါးတဲ့ဘေးဒဏ်၊ ကျား-မ ခွဲခြားဆက်ဆံမှု ဖိနှိပ်မှုဒဏ်၊ ပဋိပက္ခဒဏ်တွေ ခံခဲ့ရသူတွေအတွက် အထူးအရေးပေး စဉ်းစားဖို့ ပိုပြီးလိုအပ်ပါတယ်။ ဒါ့အပြင် မူဝါဒချမှတ်တဲ့ လုပ်ငန်းစဉ်က မရှင်းလင်းတဲ့အတွက် CERP ကို တကယ်အကောင်အထည်ဖော်တဲ့အခါ တွေ့လာရမယ့် အခက်အခဲတွေလည်းရှိပါတယ်။

ဒီဆောင်းပါးမှာတော့ ပထမဦးဆုံး အစိုးရရဲ့ CERP စီးပွားရေးကုစားမှု အစီအစဉ်ကို အကျဉ်းချုပ်ဖော်ပြပြီး ၎င်းရဲ့ လွှမ်းခြုံနိုင်စွမ်းရှိမှု (Comprehensiveness)ကို စီးပွာရေး လုပ်ငန်းရှင်တွေရဲ့ အမြင်နဲ့ ပညာရှင်တွေရဲ့ အမြင်တွေ၊ အစိုးရရဲ့ ပြန် လည်ရှင်းလင်းချက်တွေကို ဆွေးနွေးပါမယ်။ ဒုတိယပိုင်းမှာ ဆောင်းပါးရဲ့ ဆန်းစစ်ချက်ကို နွမ်းပါးသူတွေအတွက် ထည့် သွင်း စဉ်းစားချက်တွေ (Pro-poor Sensitivity)၊  အမျိုးသမီးများအတွက် ထည့်သွင်းစဉ်းစားချက် (Gender Sensitivity)၊ ပဋိပက္ခဒဏ်ခံခဲ့ရတဲ့ လူ့အဖွဲ့အစည်းအတွက်  ထည့်သွင်း စဉ်းစားချက် (Conflict sensitivity) စတဲ့ ပေတံ သုံးချောင်းနဲ့ သုံးသပ်သွားပါမယ်။ တတိယအပိုင်းမှာတော့  အကောင်အထည်ဖော်မှု (Execution) ကို မူဝါဒချမှတ်တဲ့လုပ်ငန်းစဉ် ရှင်းလင်းပြတ်သားမှုနဲ့ သုံးသပ်တင်ပြပြီး  နိဂုံးအားဖြင့်  CERP ရဲ့ ကနဦး ခြေလှမ်းများက ပေးတဲ့ မူဝါဒမျှော်လင့်ချက်များကို ဆွေးနွေးဖော်ပြသွားပါမယ်။

 

(၁) အစီအစဉ် အကျဉ်းချုပ်၊ စီးပွာရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ အမြင်များနှင့် အစိုးရ၏ ပြန်လည်ရှင်းလင်းချက်များ

CERP အကျဉ်းချုပ်။        ။ အစိုးရရဲ့ စီးပွားရေးကုစားမှု အစီအစဉ်မှာ ပန်းတိုင် ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ ဆောင်ရွက်ရမယ့် စီမံချက် ၃၆ ခု၊ အရေး ယူဆောင်ရွက်မှု ၇၆ ချက်များနဲ့ ဖော်ပြထားပါတယ်။ ရောင်းလိုအား ပြန်လည် လည်ပတ်စေဖို့ ဆောင်ရွက်ချက်တွေ၊ ဝယ်လိုအားဖြစ်တဲ့ အိမ်ထောင်စုတွေ၊ အလုပ်သမားတွေအတွက် စီးပွားရေးအရ ကုစားပေးတဲ့ စီမံချက်တွေ ပါရှိပါတယ်။

နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ မြင့်နေတဲ့ ဘဏ်အတိုးနှုန်းတွေကို လပိုင်းအတွင်း လျှော့ချတာတွေ၊ စီးပွားရေး လုပ်ငန်းတွေအ တွက် ချေးငွေတွေကို အတိုးနှုန်းလျှော့ပေးပြီး ချေးယူနိုင်တဲ့ အစီအမံတွေ၊ ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာ့စီးပွားရေးလုပ်ငန်းတွေကို အသစ်ထုတ်ချေးပေးတဲ့ ဘဏ်ချေးငွေကို အစိုးရက ၅၀ ရာခိုင်နှုန်း အာမခံပေးတာတွေ၊ ကူးသန်းရောင်း ဝယ်ရေး ဘဏ်အချို့ကို ငွေကြေးထောက်ပံ့ဖို့  ကျပ် ဘီလီယံ ၁၀၀ ရှိတဲ့ ရန်ပုံငွေ ထူထောင်တာတွေ ပါရှိပါတယ်။ ဒါ့အပြင် ပို့ကုန်တွေအပေါ်မှာပေးရတဲ့  ၂ ရာခိုင်နှုန်း အခွန်ကို လျှော့ပေါ့တာ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို အကောက်ခွန်နဲ့ ကုန်သွယ်ခွန်တွေ လျှော့ပေါ့ပေးတာ၊ ကုန်တင်ကားတွေ ဂိတ်ကြေးလျှော့ပေးတာ  စတာတွေ ပါဝင်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို ငွေလည်ပတ်စေဖို့ရာ ရည်ရွယ်ထားတဲ့အတွက် ဈေးကွက်ထဲမှာ အထိုက်အလျောက် ငွေကြေးစီးဆင်းမှုကို ပြန်လည်တွေ့ ရနိုင်ပါတယ်။

အိမ်ထောင်စုတွေအတွက် မီတာခကို လစဉ် ယူနစ် ၁၅၀ အထိကင်းလွတ်ခွင့်ပြုတာ၊ ထိခိုက်ခံရတဲ့ အိမ်ထောင်စုတွေအတွက်  စားသောက်ကုန်တွေ ထောက်ပံ့တာ၊ လူမှုရေးပင်စင်ထောက်ပံ့ကြေးတွေကို  အသက်ကန့်သတ်ချက် လျှော့ချတာ၊ စစ်ဘေးရှောင်စခန်းတွေက အိမ်ထောင်စုတွေကို ငွေကြေး ကူညီမှုပေးတာ စတာတွေပါဝင်ပါတယ်။ လူမှုဖူလုံရေး ရန်ပုံငွေ ခံစားခွင့် အကျုံးဝင်သူတွေကို ကျန်းမာရေးခံစားခွင့်၊ ဆေးကုသမှုနဲ့ ခရီးသွားလာမှု ခံစားခွင့်တွေကို အလုပ်လက်မဲ့ဖြစ်တဲ့ ကာလကစပြီး တနှစ်အတွင်း သုံးစွဲနိုင်တာ ၊ လယ်သမားတွေအတွက် မုတ်သုန်ရာသီချိန် စိုက်ပျိုးနိုင်ဖို့  ထောက်ပံ့တာ စတဲ့ အချက်တွေ များစွာ ပါဝင်ပါတယ်။ ကိုဗစ်-၁၉  မတိုင်မီအထိ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ နှေးကွေးနေခဲ့တာပါ။ အခုထုတ်ပြန်လိုက်တဲ့ အစီအစဉ်ဟာ လေးလံနေတဲ့ စီးပွားရေး ယန္တရားတခုလုံးကို ပြန်လည် နှိုးဆွပေးနိုင်အောင် ရည်ရွယ်ထားတဲ့၊ လတ်တလောလုပ်နိုင်တဲ့ အစီအစဉ်တွေ ဖြစ်တယ်လို့ ခေါင်းဆောင်ပိုင်းက ဆိုပါတယ်။

စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ၏ သုံးသပ်ချက်အမြင်များ။         ။ အခု ထွက်ပေါ်လာတဲ့ အစိုးရရဲ့ စီးပွားရေး ကုစားမှု အစီအစဉ်ကို လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေအနေနဲ့ ရှုမြင်သုံးသပ်ချက်များစွာ ရှိပါတယ်။ ဒီသုံးသပ်ချက်တွေရဲ့ အများစုကတော့ CERP စီးပွားရေးကုစားမှု အစီအစဉ်ရဲ့ ပြည့်စုံပါဝင်မှု (Comprehensiveness)နဲ့ ပတ်သက်နေပါတယ်။ အဓိကအားဖြင့် အစီအစဉ်ရဲ့  (၁) ငွေကြေး အလုံးအရင်း ပမာဏ၊ ချေးငွေနဲ့ အခွန်အခသက်သာခွင့်တွေ နည်းပါးတာ၊ (၂) စိုက်ပျိုးရေးကဏ္ဍ အာရုံစိုက်မှု အားနည်းတာ၊ (၃) အလုပ်သမား၊ လယ်သမား၊ မိသားစုတွေအတွက် ကာကွယ်မှုတွေ မလုံလောက်တာတွေ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေထုတ်ချေးမယ့် ကိစ္စ၊ ဘဏ်ချေးငွေကို အစိုးရက အာမခံထားပေးမယ့် ကိစ္စနဲ့ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ငွေပေးချေမှု လုပ်နိုင်မယ့် ကိစ္စတွေအတွက် ကြိုဆိုကြပါတယ်။ ဒါပေမဲ့  လုပ်ငန်းတခုချင်းစီအတွက် ချေးငွေရနိုင်တဲ့ပမာဏက နည်းနေသေးပြီး လုပ်ငန်းအားလုံးအတွက် ထားရှိတဲ့ ရန်ပုံငွေဟာလည်း စီးပွားရေး တခုလုံးကို နှိုးဆွဖို့ မလုံလောက်သေးတဲ့အတွက် ဒီထက်ပိုပြီး တိုးမြှင့်ပေးဖို့  လိုပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးကဏ္ဍဟာ  မြန်မာ့စီးပွားရေးရဲ့ အရေးကြီးတဲ့ ကဏ္ဍဖြစ်လို့ စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေကို အဓိကထားပြီး မြှင့်တင်ပေးဖို့ လိုအပ်မယ်လို့ သုံးသပ်ကြပါတယ်။

ပညာရှင်အချို့ကတော့ ယေဘုယျဆန်တဲ့အတွက် ပြည့်စုံမှုမရှိသေးကြောင်း သုံးသပ်ပါတယ်။ အခွန်အခတွေကို လျှော့ချတာမှာ ပမာဏနည်းနေပြီး Tax Holiday ကာလတခုအတွင်း အခွန် ပေးဆောင်မှု လွတ်လပ်ခွင့်၊ Tax Break အခွန် ပေးဆောင်မှု ခေတ္တရပ်နားခွင့် စတာတွေ မပါရှိပါဘူး။ စီမံကိန်းတွေကို အလျင်စလို အကောင်အထည်ဖော်မယ်ဆိုရင် အရည် အသွေးပိုင်း သတိထားသင့်ကြောင်းနဲ့ တရားမျှတတဲ့ ယှဉ်ပြိုင်မှု၊ သင့်တော်တဲ့ ဈေးနှုန်းနဲ့ အရည်အသွေးရဖို့ ပိုမိုစိစစ်သင့်ကြောင်း အကြံပြုထားကြပါတယ်။[1]  စိုက်ပျိုးရေး ကဏ္ဍမှာ  စပါးအဓိက စိုက်ပျိုးနေရာကနေ အခြားသီးနှံတွေ စိုက်ပျိုးဖို့၊ လယ်သမားတွေ ကျေးလက်ဒေသ ငွေကြေးထောက်ပံ့မှု ကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့၊ စက်မှုလယ်ယာ၊ မျိုးစေ့နည်းပညာတွေ တိုးတက်ရေး အားပေးဖို့၊ ဆည်မြောင်းတာတမံနဲ့ စိုက်ပျိုးရေ ရရှိရေး၊ စိုက်ပျိုးရေး သီးနှံတွေအတွက် ဈေးကွက်တွေ ဖန်တီးပေးဖို့၊ မြေယာမူဝါဒတွေကို စဉ်ဆက်မပြတ် တိုးတက်မှုတွေ ပြင်ဆင်နိုင်ရေး စတာတွေအတွက် အသေးစိတ်စဉ်းစားချက်တွေ လိုအပ်ကြောင်း ပါဝင်ပါတယ်။ CERP  အရ လက်ရှိ ရှိနေတဲ့ လူမှုဖူလုံရေး ရန်ပုံငွေထဲကမှ အလုပ်ပြုတ်သွားခဲ့တဲ့ အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကို ခြောက်လကနေ တနှစ်အတွင်း ပေးသွားမယ်လို့ ဆိုပေမဲ့ နေ့စဉ်ဘဝ ပြန်လည်ပတ်ဖို့  စားဝတ်နေရေး လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်တာကြောင့် ထိရောက်မှု သိပ်မရှိနိုင်ဘူး။ အချို့အချက်တွေက စီမံချက်အချိန်ကာလ အသေးစိတ်ဖော်ပြထားပေမဲ့  အချို့သောအချက်တွေကတော့ ယေဘုယျသာ ဖြစ်နေတဲ့အတွက် တကယ် အကောင်အထည်ဖော်တဲ့အခါ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထက်ပိုပြီး ပြည့်စုံမယ့် အစီအစဉ်တခု လိုအပ်မယ်လို့ သုံးသပ်ကြပါတယ်။

အစိုးရ၏ နောက်ဆက်တွဲ ပြန်လည်ဖြေရှင်းချက်များ။         ။ အစီအစဉ်ရေးဆွဲရာမှာ ဦးဆောင်ခဲ့တဲ့ မူဝါဒချမှတ်သူတွေဟာ CERP ရဲ့ ငွေပမာဏ အနည်းအများ၊ အစီအစဉ်အသေးစိတ် လုပ်ငန်းစဉ်များ၊ ကဏ္ဍများ ပါဝင်နိုင်မှုအကန့်အသတ်များ ပြန်လည်ဖြေရှင်းချက်များ ပြုလုပ်ခဲ့ပါတယ်။ ငွေပမာဏ တွက်ချက်ရာမှာ အတိအကျ မဖော်ပြထားတဲ့  လုပ်ငန်းအစီအစဉ်တွေ ပါဝင်တာကြောင့် ငွေပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်ရှိနိုင်ပါလို့ ဆိုပါတယ်။[2]  ကာလတို စီမံချက်ဖြစ်တာကြောင့် ကာလရှည် စဉ်းစားချက်တွေ လိုအပ်တဲ့ လယ်ယာထွက်ကုန်သီးနှံ ကုန်သွယ်မှုကိစ္စတွေ၊ မြေယာ ဥပဒေနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ ကာလရှည် ငွေချေးစာချုပ်နဲ့ပတ်သတ်တဲ့ ကိစ္စတွေ မပါဝင်ပါဘူးလို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

 

(၂) အစီအစဉ် လွှမ်းခြုံနိုင်စွမ်းရှိမှု (Comprehensiveness)ကို Sensitivity ပေတံသုံးချောင်းဖြင့် ဆန်းစစ်ခြင်း

CERP စီးပွားရေးကုစားမှုထဲမှာ နွမ်းပါးသူဦးစားပေးဖြစ်စေရေး ထည့်သွင်းစဉ်းစားချက်တွေ (Pro-poor Sensitivity)၊ ကျား-မ အကျိုးကျေးဇူးရရှိမှု တန်းတူညီစေနိုင်မှုအတွက် ထည့်သွင်းစဉ်းစားချက် (Gender Sensitivity)၊ ပဋိပက္ခဒဏ်ခံခဲ့ရတဲ့ လူ့အဖွဲ့အစည်းအတွက်  ထည့်သွင်း စဉ်းစားချက် (Conflict Sensitivity)၊ စတဲ့ ပေတံသုံးချောင်းနဲ့ သုံးသပ်သွားပါမယ်။ ဆင်းရဲနွမ်းပါးမှုဒဏ်၊ ကျား-မ ခွဲခြားမှုဒဏ်၊ ပဋိပက္ခဒဏ်ခံတွေ ခဲ့ရတဲ့  မြန့်မာ့လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန်ကို ထင်ဟပ်မှု အားနည်းတယ်လို့ သုံးသပ်ပါတယ်။

CERP မှာ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေကို ကူညီပေးခြင်းအားဖြင့် ဈေးကွက်ထဲကို ငွေကြေး အမြောက်အ မြား ရောက်ရှိရေးကို အားပြုထားတာကိုတွေ့ရပါတယ်။ ပန်းတိုင် ခုနစ်ခုမှာ ငါးခုဟာ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်လုပ် ငန်းတွေ ပုံမှန်လည်ပတ်စေရေးကို ဦးစားပေးထားပြီး အလုပ်သမားများ၊ အိမ်ထောင်စုများကို ကူညီပေးတဲ့ အစီအစဉ်ဟာ ပန်းတိုင် နှစ်ခုနဲ့သာ သက်ဆိုင်တာကို  တွေ့ရပါတယ်။

အလုပ်သမားများ၊ လယ်သမားများ၊ မိသားစုများကို ထောက်ပံ့ရေးမှာ တရားဝင် စီးပွားရေး ကဏ္ဍအပေါ်မှာ အခြေခံ ရေးဆွဲထားပြီး အလွတ်သဘော လည်ပတ်နေတဲ့ စီးပွားရေးကဏ္ဍ informal sector ကို ထည့်သွင်းစဉ်းစားချက် မပါဝင်ပါဘူး။  အလွတ်သဘော စီးပွားရေးကဏ္ဍ ဆိုတာကို နားလည်လွယ်ကူအောင် ဖော်ပြရရင်တော့ အစိုးရရဲ့ အခွန်စည်းကြပ်မှုထဲမှာ မရှိတာ၊ လုပ်ငန်းခွင် စစ်ဆေးမှုတွေ မလုပ်နိုင်တဲ့ လုပ်ငန်းတွေကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ မှောင်ခိုလုပ်ငန်းတွေ၊ အဂတိလိုက်စားမှုတွေ များခဲ့တဲ့အတွက်   အလွတ်သဘောဖြစ်နေတဲ့ စီးပွားရေးကဏ္ဍ Informal sector က တော်တော်ကြီးမားပါတယ်။ တပ်မတော်အစိုးရလက်ထက်က ရှိခဲ့တဲ့ အလွတ် သဘော စီးပွားရေးကဏ္ဍဟာ  တရားဝင် လည်ပတ်နေတဲ့ စီးပွားရေးကဏ္ဍနဲ့ ဆတူရှိနိုင်တယ်လို့  နိုင်ငံတကာ သုတေသီတွေက ခန့်မှန်းကြပါတယ်။[3] ၂၀၁၇ ခုနှစ် အစိုးရရဲ့ တရားဝင် စစ်တမ်းအရဆိုရင် မြန်မာနိုင်ငံရဲ့ လုပ်သားအင်အားရဲ့ ၈၃ ရာခိုင်နှုန်းက အလွတ်သဘောကဏ္ဍတွေမှာ လုပ်ကိုင်နေတာပါ။

အခု CERP မှာ အလုပ်သမားတွေအပေါ် သက်ရောက်မှုကို လျော့ပါးစေခြင်း အစီအစဉ် (၃.၁.၁ ကနှင့် ခ)မှာ ဖော်ပြထားတာဟာ လူမှုဖူလုံရေးနဲ့သာ ချိတ်ဆက်ထားတာကိုတွေ့ရပါတယ်။ လူမှုဖူလုံရေး အကျုံးဝင်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်ကို အလုပ်လက်မဲ့ဖြစ်တဲ့နေ့ကစပြီး ခြောက်လကနေ  တနှစ်အထိ တိုးမြှင့်ပေးထားပါတယ်။ တကယ်တမ်း တရားဝင်စီးပွားရေးကဏ္ဍရဲ့ လုပ်ငန်းတွေထဲမှာတောင် လူမှု့ဖူလုံရေးကြေးပုံမှန် ထည့်သွင်းတဲ့လုပ်ငန်းတွေရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် မထည့်သွင်းတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ မထည့်သွင်းတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေဟာ လူမှုဖူလုံရေး အကျိုးခံစားခွင့်မရှိပါဘူး။ လက်ရှိ လူမှုဖူလုံရေးစနစ်ဟာ နိုင်ငံလူဦးရေရဲ့ ၃ ရာခိုင်နှုန်း ဝန်းကျင်ကိုသာ ခြုံငုံမိပါတယ် (ပုံ ၁)။

တပိုင်တနိုင် သီးနှံစိုက်ပျိုးရေး လုပ်ကိုင်တဲ့ လယ်သမား၊ ခြံသမားတွေကအစ ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်း၊ ကျေးရွာ ကုန်စုံဆိုင်၊ ခေါင်းရွက်ဗျတ်ထိုးဈေးသည်တွေ၊ ရေသန့်သယ်ယူပို့ဆောင်ပေးတဲ့ အလုပ်သမားတွေ၊ အချို့သော ဆောက်လုပ်ရေး လုပ်သားတွေ စတဲ့  မြင်တွေ့နေကျဖြစ်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်နေတဲ့ သူတွေဟာ အလွတ်သဘော စီးပွားရေးကဏ္ဍမှာ လုပ်ကိုင်နေကြတာပါ။

ဒါ့ကြောင့် တနိုင်ငံလုံး လုပ်သားအင်အားရဲ့ ၈၃ ရာခိုင်နှုန်းဟာ အလွတ်သဘော စီးပွားရေးကဏ္ဍတွေမှာ လုပ်နေတဲ့အတွက် CERP မှာပါဝင်တဲ့  အလုပ်သမားတွေကို ကုစားပေးတဲ့ အစီအစဉ်မှာ ဒီလုပ်သားထုဟာ အကျုံးဝင်မှာမဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ စုစုပေါင်းလုပ်သားအင်အားရဲ့  ၉၀ ဒသမ ၇ ရာခိုင်နှုန်းဟာ အလွတ်သဘောစီးပွားရေးကဏ္ဍမှာ ပါဝင်နေတဲ့အတွက်လည်း CERP ရဲ့ အကျိုးကျေးဇူးကို သိပ်မရရှိသူ  အများစုဟာ အမျိုးသမီး လုပ်သားများဖြစ်ပါလိမ့်မယ်။[4]

အလုပ်သမားတွေ အလုပ်ကနေ ယာယီ နားရခြင်း၊ စက်ရုံတွေ အပြီးတိုင်ဖျက်သိမ်းသွားလို့ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ကုန်သွယ်ရေးလမ်းတွေ ယာယီပိတ်ထားတာကြောင့် ဝင်ငွေအတွက်  တပိုင်တနိုင် လုပ်ကိုင်ရှာဖွေနေရတဲ့ အလုပ်သမားတွေ၊  နွမ်းပါးသူ မိသားစုတွေအတွက် ငွေကြေးအခက်အခဲ ပိုကြုံတွေ့လာနိုင်ပါတယ်။ (လူမှုဖူလုံရေး အကျိုးခံစားခွင့်ထဲမှ အလုပ်လက်မဲ့ ခံစားခွင့်ကို ထပ်တိုး ရရှိနိုင်ရေးအတွက် အခက်အခဲတွေကို ISP Special Series အမှတ် ၂ မှာ ဖော်ပြခဲ့ပြီး ဆောင်းပါရှင်များဖြစ်ကြတဲ့ ငြိမ်းကိုကိုစိုး၊ ဇေရှိုင်းဗိုလ်၊ ဇော်ထက်ဦး၊ သက်သက်ဖြိုးတို့ရဲ့ ဆောင်းပါးမှာ အကျယ်တဝင့်ဆွေးနွေးထားပါတယ်။)

CERP ရဲ့ စီမံချက် ၃.၁.၂ က မှာ အလုပ်ပြုတ်သွားသော သို့မဟုတ် ပြည်ပြန်ရွေ့ပြောင်းသူများအတွက် လုပ်သားအခြေပြု အခြေခံအဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော်ခြင်းလို့ပါရှိပါတယ်။ ကိုဗစ်ကြောင့် အလုပ်နားလိုက်ရတဲ့ လုပ်ငန်းတွေကလုပ်သားများ (ဥပမာ အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများ၊ ဆောက်လုပ်ရေး ကဏ္ဍမှ လုပ်သားများ) အကျိုးကျေးဇူး ခံစားရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့  အစိုးရက အကောင်အထည်ဖော်မယ့် လုပ်သားအခြေပြု အဆောက်အအုံ စီမံကိန်းတွေဟာ အမျိုးသမီး လုပ်သားထုအတွက် အကန့်အသတ်ဖြစ်စေမယ့် လုပ်ကိုင်ရခက်တဲ့ လုပ်ငန်းတွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ အထည်ချုပ်ကလွဲပြီး အခြားသော အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းတွေရဲ့ သဘောအရ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူအများစုဟာ အမျိုးသားများဖြစ်ပါတယ်။ အစိုးရရဲ့ အကူအညီ ပေးမယ့် စီမံကိန်းတွေကို ရွေးချယ်မှုမှာ  အလုပ်ရပ်နားခဲ့ရတဲ့ အမျိုးသမီးလုပ်သားများအတွက် အစိုးရရဲ့ အကူအညီကို တန်းတူရရှိစေဖို့အတွက် ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ အလားတူ မိသားစုဝမ်းရေးကို ရှာဖွေနေရတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ၊ ရက်ကန်းလုပ်ငန်း၊ လက်မှုလုပ်ငန်း၊ စက်ချုပ်လုပ်ငန်းကဲ့သို့ တပိုင်တနိုင် အိမ်တွင်းမှု လုပ်ငန်းလုပ်ဆောင်ပြီး အသက်မွေးနေတဲ့ အမျိုးသမီးတွေဟာ အစိုးရရဲ့ အလုပ်အကိုင်ပြန်လည်ရရှိရေးအကူအညီပေးမှုမှာ ဦးစားပေးထည့်သွင်းစဉ်းစားခြင်း မခံရပါဘူး။ ဒါ့အပြင် အမျိုးသမီးများ ကာကွယ်စောင့်ရှောက်မှုအတွက် သီးသန့်ရည်ရွယ်ထားသည့် အစီအစဉ်တွေ၊ မိခင်နဲ့  ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားရေးအတွက် အကူအညီပေးတဲ့အစီအစဉ်တွေကို မတွေ့ရပါဘူး။  ဒါကြောင့် CERP ရဲ့ ကဏ္ဍအားလုံးပါဝင်နိုင်မှုကို စဉ်းစားတဲ့အခါ ကျား-မ တန်းတူ အကျိုးကျေးဇူး ရရှိနိုင်မှုကို ဒီထက်ပိုပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်။

အစိုးရရဲ့ မူဝါဒများဟာ ဆင်းရဲနွမ်းပါးသူ ဦးစားပေးဖြစ်စေဖို့  ၎င်းတို့ချမှတ်ထားတဲ့ မူဝါဒတွေကို နွမ်းပါးသူတွေ အမှန်တကယ် လက်လှမ်းမီနိုင်မှု ရှိ၊ မရှိကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ၂၀၁၇ ခုနှစ်က ထုတ်ဝေတဲ့ ကမ္တာ့ဘဏ်ရဲ့ စာတမ်းအရ  မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားမိသားစုတွေမှာ အစားအသောက်အတွက် အသုံးပြုမှုက ပျမ်းမျှအားဖြင့် မိသားစုဝင်ငွေရဲ့ ၆၆ ရာခိုင်နှုန်း ရှိပါတယ်။[5]  ဒီကာလမှာ နွမ်းပါးတဲ့ အိမ်ထောင်စုတွေက အခြားပစ္စည်းတွေ ဝယ်ယူစုဆောင်းတာထက် ဝမ်းစာအတွက် အစားအသောက်ပစ္စည်းတွေ ဝယ်ခြမ်းရေးအတွက်သာ အဓိကထားနေကြရပါတယ်။  ငွေပိုငွေလျှံရှိတဲ့ အိမ်ထောင်စုတွေအနေနဲ့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဒုတိယဦးစားပေးအဖြစ် ဝယ်ယူနိုင်ပေမယ့် နွမ်းပါးတဲ့ မိသားစုများကတော့ ဝင်ငွေကို နေထိုင်ရေး၊ ထင်း၊ လောင်စာ၊ ဖယောင်းတိုင်နဲ့ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားသုံးစွဲရေး စတဲ့ မရှိမဖြစ် ကုန်ကျစရိတ်တွေအတွက် ကာမိအောင်သာ သုံးစွဲနေရဦးမယ့် အလားအလာကိုတွေ့ရပါတယ်။ အစိုးရရဲ့ လျှပ်စစ်ဓာတ်အားကို ရရှိမှုဟာ ၄၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ် (ပုံ ၂)။ ပါဝါတိုင်တွေ စိုက်ထူရာမှာ လမ်းပန်းဆက် သွယ်ရေး အခက်အခဲတွေကြောင့် မြို့ပြနဲ့ မြေပြန့်ဒေသများသာ လျှပ်စစ်မီးရရှိပြီး တောင်ပေါ်ဒေသတွေမှာ လျှပ်စစ်ပေးဝေမှုမှာ အကန့်အသတ် ရှိပါတယ်။ ကမ္ဘာ့ဘဏ်က ၂၀၁၆ ခုနှစ်မှာ  ထုတ်ပြန်ထားတဲ့ စာတမ်းအရ ကျေးလက်မှာရှိကြတဲ့ ၈၄ ရာခိုင်နှုန်းသော အိမ်ထောင်စုတွေဟာ အစိုးရက ဖြန့်ဖြူးပေးတဲ့ လျှပ်စစ်ဓါတ်အားကို မရရှိကြပါဘူး။[6]  အဲဒီအတွက်ကြောင့်  CERP ရဲ့ အိမ်ထောင်စုတွေအပေါ်သက်ရောက်မှုကို လျော့ပါးစေခြင်း (၄.၁.၁ က) အစီအစဉ်အရ လျှပ်စစ်ဓါတ်အားခကို တလမှာ ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့်ပြုတာဟာ ကျေးလက်နဲ့ တိုင်းရင်းသားဒေသမှာရှိကြတဲ့  ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာရှိတဲ့ အိမ်ထောင်စုတွေအနေနဲ့ မြို့ပြနေ အိမ်ထောင်စုများတန်းတူ အကျိုးခံစားနိုင်ခွင့် နည်းပါးပါတယ်။

နွမ်းပါးတဲ့ အိမ်ထောင်စုတွေမှာ မိသားစုဝင်ငွေကို အစားအစာဖူလုံရေး၊ စွမ်းအင်လောင်စာရရှိရေးတို့အတွက်  ပိုမိုသုံးစွဲရတဲ့အတွက် လတ်တလောမှာ ကျန်းမာရေးစရိတ်၊ ကလေး ပညာရေးစရိတ်တွေ အတွက်သုံးစွဲဖို့  အခက်အခဲတွေရှိနိုင်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ငွေကြေးချို့တဲ့ကြတဲ့ အိမ်ထောင်စု တော်တော်များများဟာ ယခင် ကပ်ဘေးကြုံလာရတိုင်း လိုအပ်ငွေကို နီးစပ်ရာက ငွေချေးတာ၊ အခြားစရိတ်တွေ ချွေတာတာ၊ ရရာအလုပ် ထွက်လုပ်ကြပြီး ဝမ်းရေးအတွက် ဖြေရှင်းလေ့ ရှိကြပါတယ်။ ဒီလိုဖြေရှင်းနည်းတွေကလည်း ကိုဗစ်ကာလမှာ လုပ်ဆောင်ဖို့ အကန့်အသတ်ရှိတာကြောင့် နွမ်းပါးတဲ့ အိမ်ထောင်စုတွေအနေနဲ့ ရှိတဲ့စရိတ်တွေ လျှော့ချဖို့ အစားအစာ၊ ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ အသုံးစရိတ်တွေမှာ အလွန်အကျွံ ခြိုးခြံချွေတာတာကလွဲလို့ အခြား ဖြေရှင်းဖို့နည်းလမ်းက မရှိသလောက် နည်းပါးနေပါတယ်။ အကြွေးနွံနစ်နေတဲ့ အိမ်ထောင်စုတွေအတွက် အစီအစဉ် ၄.၁.၃ က အရ အတိုးနဲ့ အပေါင်စာချုပ်တွေမှာ ပိုမိုပျော့ပြောင်းလွယ်ဖြစ်စေဖို့ ပုဂ္ဂလိက ဘဏ္ဍာရေး အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဖော်ပြထားပါတယ်။ သို့သော်လည်း နွမ်းပါးတဲ့ အိမ်ထောင်စုတွေမှာ ဘဏ်စာရင်းဖွင့်လှစ်နိုင်ခြင်းမရှိဘဲ နီးစပ်ရာတွေကနေ ချေးယူထားကြတာ၊ ပေါင်နှံထားကြတာတွေ လုပ်ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ  အစိုးရက ထုတ်ပြန်ထားတဲ့ လူနေထိုင်မှု အဆင့်အတန်း စာရင်းကောက်ယူခြင်းအရဆိုရင် အိမ်ထောင်စု စုစုပေါင်းရဲ့ ၈၅ ဒသမ ၅ ရခိုင်နှုန်းနီးပါးဟာ တရားဝင် ဘဏ္ဍာရေး အဖွဲ့အစည်းတွေကနေ ငွေချေးထားခြင်းမဟုတ်ဘဲ ငွေတိုးချေးစားသူတွေ၊ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေတွေဆီ ပေါင်နှံ၊ ချေးငှားလေ့ရှိကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် CERP အရ ဆောင်ရွက်ပေးမယ့် ပေးရန်တာဝန်များ လျော့ပါးစေခြင်းအစီအစဉ်မှာ  ချေးငွေရဲ့ အခြား ရင်းမြစ်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလမှာ ဆန်၊ ဆီ၊ဆား၊ ကြက်သွန်၊ ပဲ စတဲ့ အခြေခံရိက္ခာ ငါးမျိုး ဝေငှခဲ့တဲ့ အစီအစဉ်ဟာ ထိခိုက်ခံရတဲ့ အိမ်ထောင်စုတွေအတွက် စားသောက်ကုန်များ ထောက်ပံ့ခြင်း အစီအစဉ် (၄.၁.၂ က)အရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သမ္မတရုံးက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအရ အိမ်ထောင်စုပေါင်း ၃ ဒသမ ၉၉  သန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ (အချက်အလက်အခြေပြု သုံးသပ်သူတွေကတော့ အိမ်ထောင်စုပေါင်း ၂,၇၇၇,၇၇၈ စုကို ဖြန့်ဝေခဲ့တယ်လို့ ဆိုတဲ့အတွက် အစိုးရ အချက်အလက်နဲ့ ကွာခြားချက်ရှိတာ တွေ့ရပါတယ်။) အစိုးရက ထုတ်ပြန်ထားတဲ့ ၂၀၁၇ ခုနှစ် လူနေထိုင်မှု စစ်တမ်းအရ မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၁ ဒသမ ၁ သန်း ရှိတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အစိုးရရဲ့ ရိက္ခာထောက်ပံ့မှုဟာ စုစုပေါင်းအိမ်ထောင်စုအရေအတွက်ရဲ့ သုံးပုံတပုံကို ရရှိစေခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်က သတ်မှတ်ချက်အရ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဟာ ဆင်းရဲနွမ်းပါးတဲ့သူတွေဖြစ်တယ်လို့ ဆိုတာကြောင့် အခုပေးဝေတဲ့ ပမာဏဟာ မူအားဖြင့် သင့်တော်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီထောက်ပံ့မှုအစီအစဉ်အရ အိမ်ထောင်စုအရေအတွက်ဟာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေဆီကနေတဆင့် ကောက်ယူထားတာဖြစ်လို့  တရားဝင်ရှိတဲ့ အရေအတွက်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ နယ်မြေဒေသတွေက အိမ်ထောင်စုတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စစ်ဘေးရှောင်စခန်းက အိမ်ထောင်စုတွေအတွက် ဘယ်ပုံဘယ်နည်း ထောက်ပံ့မှုပြုတယ်ဆိုတာကိုတော့ မသိရပါဘူး။ တကယ်တမ်း အကောင်အထည်ဖော်တဲ့အခါမှာ လက်ခံရရှိတဲ့သူများထဲမှ အချို့ဟာ ငွေကြေးတတ်နိုင်သများ ရှိသလို အမှန်တကယ် နွမ်းပါးပေမဲ့ ဝေငှတဲ့ စာရင်းထဲမှာ မပါဝင်တဲ့အတွက်ကြောင့် မရရှိတာလည်း ရှိခဲ့ပါတယ်။ အစီအစဉ် (၄.၁.၂ ဃ) အရ IDP နဲ့ ထိခိုက်လွယ်ဆုံး အိမ်ထောင်စုတွေနဲ့ ထိခိုက်ခံအိမ်ထောင်စုများ ငွေကြေးထောက်ပံ့ခြင်းဆိုတာ ပါရှိတဲ့အတွက် ပဋိပက္ခဒေသတွေအတွက် စဉ်းစားချက်ပါဝင်လို့ ကြိုဆိုရမှာ ဖြစ်ပါတယ်။  ဒါပေမဲ့  စစ်ပွဲတွေ ဆက်လက်ရှိနေသေးတာ၊ လမ်းပန်းဆက်သွယ်ရေး၊ နည်းပညာ အသုံးချနိုင်မှု ခက်ခဲတာ တာတွေ ရှိတာကြောင့် မည်သို့မည်ပုံ ထောက်ပံ့မယ်၊ မည်မျှထောက်ပံ့မယ်ဆိုတာကိုတော့ ဆက်လက်ဖော်ပြပေးဖို့ လိုပါတယ်။ ပဋိပက္ခဒေသတွေအတွက် ထောက်ပံ့မှုပေးရာမှာ ဦးစွာ အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အခြားဒေသများနည်းတူ ရရှိစေဖို့ လိုပါတယ်။ အခြေခံ ဝန်ဆောင်မှုတွေဖြစ်တဲ့ သောက်သုံးရေ ရရှိမှု၊ မီးရရှိမှု၊ အရေးပေါ် ဆက်သွယ်ရေးလိုအပ်ချက်တွေဖြစ်တဲ့ တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်း ရရှိနိုင်မှုတွေကို အလေးပေး ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ ပဋိပက္ခဒေသတွေမှာရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရိက္ခာထောက်ပံ့မှုတွေကို လုပ်ပေးဖို့ လိုပါတယ်။ (ပဋိပက္ခပေါ် ထည့်သွင်းစဉ်းစားချက် အသေးစိတ်ကို ISP Special Series No 3 တွင် အောင်သူငြိမ်းရေးသားသော  Covid-19 ကူးစက်ကပ်ဘေးနှင့် ပဋိပက္ခအပေါ် အကဲဆတ်သော တုံ့ပြန်မှု ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါတယ်။) ဒါ့ကြောင့် အစိုးရရဲ့ CERP အစီအစဉ်ဟာ လုပ်ငန်းရှင်တွေ၊ ဘဏ်တွေ စတဲ့ မက်ခရို စီးပွားရေး ပြန်လည်လည်ပတ်ရေးကို အာရုံထားပြီး အမှန်တကယ် ဆင်းရဲနွမ်းပါးသူတွေကို ဦးတည်ထားတဲ့၊ ကျား-မ ခွဲခြားဆက်ဆံမှုကို လျော့နည်းစေဖို့ ဦးတည်ထားတဲ့၊ ပဋိပက္ခလျော့ကျရေး အတွက် ဦးတည်ထားတဲ့ အစီအမံဖြစ်ဖို့  လိုအပ်ချက်တွေ ရှိနေသေးတာကို သုံးသပ်ရပါတယ်။

 

(၃)CERP အကောင်အထည်ဖော်မှု (Execution) ကို မူဝါဒချမှတ်သည့် လုပ်ငန်းစဉ် ရှင်းလင်းပြတ်သားမှုဖြင့် သုံးသပ်ခြင်း

အစိုးရ မူဝါဒတွေနဲ့ အစီအစဉ်တွေရဲ့ အကောင်အထည်ဖော်နိုင်မှုဟာ မူဝါဒချမှတ်တဲ့ လုပ်ငန်းစဉ် ရှင်းလင်းပြတ်သားမှု ရှိခြင်း၊ မရှိခြင်းတို့နဲ့ အများကြီး သက်ဆိုင်ပါတယ်။  မူဝါဒလုပ်ငန်းစဉ်မှာ လက်တွေ့အကောင်အထည်ဖော်တဲ့အခါ ဖြစ်လာမယ့် အကြောင်းအရာတွေ ထည့်သွင်းမစဉ်းစားထားရင်  ဖြစ်စေ၊ စဉ်းစားမှု မရှင်းလင်းလျှင်ဖြစ်စေ မဟာဗျူဟာအရ ရည်ရွယ်ချက်ကောင်းပေမဲ့ တကယ်တမ်း အကောင်အထည်ဖော်တဲ့အခါ အခက်အခဲတွေ ရှိလာပြီး  ပြည်သူတွေအတွက် ရည်ရွယ်ထားသလောက် အကျိုးကျေးဇူး မရရှိတာတွေဖြစ်ရပါတယ်။  CERP အရ အကောင်အထည်ဖော်တဲ့ စီမံချက်တွေမှာလည်း ဒီသဘောတွေ အများကြီးတွေ့ရပါတယ်။ အိမ်ထောင်စုတွေအတွက် စားသောက်ကုန်တွေ ထောက်ပံ့တဲ့ အစီအ စဉ် (၄.၁.၂ က)အရ  ထောက်ပံ့ခဲ့တဲ့ အစီအစဉ်ဟာ တက်သုတ်ရိုက်ပြီး အကောင်အထည်ဖော်ခဲ့ရတဲ့အတွက် ပြဿနာများစွာ ကြုံခဲ့ရပါတယ်။ ‘ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား’ တွေကို ထောက်ပံ့ပေးမယ်ဆိုတဲ့အတွက် ဘယ်သူက အကျိုးခံစားရမယ့်အုပ်စု ဖြစ်သလဲဆိုတာဟာ ပထမဦးစွာ ဒွိဟဖြစ်စရာဖြစ်ပါတယ်။  ဆင်းရဲနွမ်းပါးသူ အစစ်အမှန်ကို ပစ်မှတ်ထားပြီး ထောက်ပံ့တဲ့ ရည်ရွယ်ချက်ရှိပေမဲ့ ဆင်းရဲနွမ်းပါးသူတွေကို အဓိပ္ပာယ်ဖွင့်ရာမှာ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းဖြစ်ခဲ့ပါတယ်။ အချိန်တရက်ခွဲအတွင်း ထောက်ပံ့ရမယ့် အိမ်ထောင်စုအရေအတွက်ကို ရပ်ကျေးအုပ်ချုပ်ရေးကို ပေးပို့စေတာကြောင့် စနစ်တကျ ပြင်ဆင်ချိန်မရခဲ့ပါ။ ဒါ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေမှာ သန်းခေါင်စာရင်းအရ အချက်အ လက်ကိုသာ အခြေခံထားတာတွေကြောင့် အချို့ဒေသတွေမှာ နွမ်းပါးသူထောက်ပံ့မှုဟာ လက်သင့်ရာ စားတော်ခေါ်တဲ့ ကိစ္စများဖြစ်လာရပါတယ်။ သန်းခေါင်စာရင်းရှိတဲ့ ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေတောင်မှ ရပ်ကျေးအုပ်ချုပ်ရေးမှုးနဲ့ ပြေလည်လို့  ထောက်ပံ့မှုကို ရယူသူတွေလည်း ရှိပါတယ်။

အချို့ဒေသတွေမှာ အမှန်တကယ်ဆင်းရဲနွမ်းပါးသူများစွာ ထောက်ပံ့မှုမရတာကြောင့်  မကျေနပ်ချက်များလည်း  များစွာဖြစ်ခဲ့ရပါတယ်။ ဥပမာအားဖြင့်  မြဝတီမြို့မှာ  လူဦးရေ ငါးထောင်လောက် ရိက္ခာဝေငှမှုအစီအစဉ်မှာ  မပါဝင်ခဲ့တာကြောင့် မကျေမလည်ဖြစ်ခဲ့ကြတာမို့ ဒေသအတွင်းရှိ အလျှုရှင်တွေ စုစည်းပြီး ထောက်ပံ့ဖြေရှင်းခဲ့ကြပါတယ်။ ကျုးကျော်ရပ်ကွက်မှာ နေထိုင်ကြသူတွေ၊ ဒေသတွင်း ရွေ့ပြောင်းလုပ်သားတွေဖြစ်ကြတဲ့ ခြံလုပ်သားတွေ၊ အုတ်ဖုတ်လုပ်သားတွေ၊ ကျောက်မိုင်းတွင်းမှာ လုပ်ကိုင်နေကြတဲ့သူတွေ စတဲ့ လုပ်သားတွေဟာ အရေအတွက်အားဖြင့် များပြားလှပြီး အမှန်တကယ် နွမ်းပါးသူများဖြစ်ကြပါတယ်။ ဒါပေမဲ့ နေထိုင်ရာဒေသတွေမှာ သန်းခေါင်စာရင်းမရှိကြလို့  ထောက်ပံ့တဲ့အစီအစဉ်ထဲမှာ မပါဝင်ခဲ့ပါ။  ထောက်ပံ့ရိက္ခာအတွက် စာရင်းထဲ ထည့်ပေးလိုပါက ကျပ်သုံးထောင်ကနေ ငါးထောင်အထိ ပေးရင်ရနိုင်တယ်လို့ အချို့ဒေသခံများက ဆိုကြပါတယ် (ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှ အရပ်ဘက်အဖွဲ့အစည်းအချို့ ပြောကြားချက်၊ ၂၀၂၀ မေ ၁၈)။ ဒါ့ကြောင့် အိမ်ထောင်စုတွေကို သက်ရောက်မှု လျော့ပါးစေရေးအစီအစဉ်ဟာ ရသင့်ရထိုက်တဲ့ ပစ်မှတ်ဖြစ်တဲ့ အမှတ်တကယ် ဆင်းရဲသူတွေကို ထိရောက်အောင် ထောက်ပံ့နိုင်မှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ပြည်နယ်၊ တိုင်းအစိုးရတွေက ထောက်ပံ့တဲ့အခါမှာလည်း ရောဂါကာကွယ်ရေးအရ လိုအပ်တဲ့အကွာအဝေးကနေ ထောက်ပံ့ဖို့၊ လူစုလူဝေး မဖြစ်စေဖို့အတွက်  တိကျတဲ့ ညွှန်ကြားချက် မထုတ်ပြန်ထားတဲ့အတွက် ပြည်သူများ ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။

နောက်ထပ် CERP စီမံချက် အကောင်အထည်ဖော်ရာမှာ ဒွိဟတွေဖြစ်ခဲ့ရတဲ့ အခြားကိစ္စတခုကတော့ အစိုးရက ကောက်ခံတဲ့ လျှပ်စစ်ဓာတ်အားခကို အိမ်ထောင်စုတွေအားလုံးအတွက် တလကို ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့်ပြုတဲ့ ကိစ္စဖြစ်ပါတယ်။ အစီအစဉ်အရ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုမယ်ဆိုတဲ့အတွက် ဓာတ်အားခကောက်ခံရာမှာ ယူနစ် ၁၅၀ ကို ဖြတ်ပြီး ကျန်ယူနစ်တွေကိုပဲ တွက်ချက်သင့်တယ်လို့ အများစုက မှတ်ယူကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ယူနစ် ၁၅၀ ကိုပါတွက်ချက်ပြီးမှ ပြန်နုတ်ထားပြီး ဓာတ်အားခ ပိုမိုပေးဆောင်ရတဲ့အတွက် ကန့်ကွက်သံတွေ ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် မီတာအသုံးပြုမှု ကောက်ယူတဲ့အခါ ခန့်မှန်းကောက်ယူမှုတွေ ရှိခဲ့တဲ့အတွက် အချို့သော အိမ်ထောင်စုတွေမှာ ယခင်လတွေနဲ့ နှိုင်းယှဉ်ပါက မသက်သာတဲ့အပြင် ပိုမိုပေးဆောင်ရတာကိုပါ တွေ့ကြုံခဲ့ရပါတယ်။ CERP အရ အိမ်ထောင်စုတွေကို သက်သာစေဖို့ ချမှတ်ထားတဲ့ အစီအမံတွေမှာ ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်သော်လည်း မူဝါဒချမှတ်တဲ့လုပ်ငန်းစဉ် ရှင်းလင်းပြတ်သားမှု မရှိတာကြောင့် တကယ်တမ်း အကောင်အထည်ဖော်တဲ့အခါမှာ ရည်ရွယ်ထားသလို ပြည်သူတွေကို ထိထိရောက်ရောက် ဖြစ်စေမယ့် ပံ့ပိုးမှုမျိုးမဖြစ်နိုင်သေးပါဘူး။

 

(၄) CERP ကနဦး ခြေလှမ်းများက ပေးသည့် မူဝါဒမျှော်လင့်ချက်များ

အချုပ်အားဖြင့်ဆိုရရင် အစိုးရ စီးပွားရေး ကုစားမှု အစီအစဉ်ဟာ ပြည်သူလူထုအတွက် အချိန်အခါအရ များစွာ လိုအပ်တဲ့ စီမံချက် ဖြစ်ပါတယ်။ အစီအစဉ်အရ မက်ခရို စီးပွားရေးကို ပြန်လည်နှိုးဆွပေးနိုင်မယ့် အစီအမံတွေ၊ လုပ်ငန်းရှင်တွေကို အကူအညီပေးမယ့်အစီအမံတွေ ထွက်ပေါ်လာတာဟာ ရောင်းလိုအားကို အလျင်မပြတ်စေဖို့ ကူညီပံ့ပိုးပေးတဲ့ အစီအစဉ်တွေဖြစ်တဲ့အတွက် ငွေကြေးစီးဆင်းမှု အထောက်အကူပြုပြီး ဈေးကွက်ကို ပြန်လည် လည်ပတ်စေနိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ဝယ်လိုအားကို ပိုမိုစီးဆင်းစေဖို့  ထောက်ပံ့ပေးတဲ့ အစီအစဉ်တွေမှာ ပြည့်စုံပါဝင်မှု အားနည်းတာကို သုံးသပ်ရပါတယ်။ CERP မှာ ဆက်လက်ကောင်အထည်ဖော်မယ့် အစီအစဉ်တွေ၊ ထပ်မံဖြည့်စွက်ထုတ်ပြန်မယ့် အစီအစဉ်တွေ ရှိသေးတာကြောင့် အဲဒီအစီအစဉ်တွေမှာ နွမ်းပါးသူတွေ၊ ကျား-မ ခွဲခြားမှုခံရတဲ့ အမျိုးသမီးတွေ၊ ပဋိပက္ခဒဏ်ခံရတဲ့ ပြည်သူတွေအတွက် သက်သာရာရစေမယ့် စီမံချက်တွေ  ပိုမိုပါဝင်နိုင်လာမယ်လို့ မျှော်လင့်ပါတယ်။ ဥပမာ အစိုးရက နွမ်းပါးသူအိမ်ထောင်စုများကို ဒုတိယအကြိမ်ထောက်ပံ့ပေးမယ့် ငွေကြေးပံ့ပိုးမှုအစီအစဉ်မှာ တကယ့်မြေပြင်အနေအထားကို လွှမ်းခြုံနိုင်တဲ့ စာရင်းအချက်အလက်များကို အခြေခံမိနိုင်ဖို့၊ ဖြစ်လာနိုင်တဲ့ ပြသာနာတွေအတွက်  ဖြေရှင်းမယ့်နည်းလမ်းတွေကိုပါ ကြိုတင်ပြင်ဆင်ထားဖို့၊ ထောက်ပံ့မှုအစီအစဉ်အပြီးမှာ ရလဒ်ဆန်းစစ်ချက်ကို မြေပြင်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကနေတဆင့် ကောက်ယူသင့်ပါတယ်။ ဒါ့အပြင် ဒီ ကိုဗစ်ကာလအတွင်း မူဝါဒကောင်အထည်ဖော်ရာမှာ မြန်မြန်ဆန်ဆန် လုပ်ဆောင်ရတဲ့အတွက် အစိုးရယန္တရားဟာ  မူဝါဒအစီအမံတွေကို အချိန်၊ ရင်းမြစ်၊ နည်းပညာ အကန့်အသတ်အတွင်း အကောင်အထည်ဖော်နိုင်တဲ့ အတွေ့အကြုံတွေ ပိုမိုရရှိလာမယ်လို့ ယူဆပါတယ်။ ဒီအတွေ့အကြုံတွေအရ  မကြာခင်ကာလမှာ  ဖော်ဆောင်မယ့် အစီအစဉ်တွေဟာ  မြေပြင်မှာ ထိရောက်မှုရှိဖို့ ပိုမို တိကျတဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒ လမ်းညွှန်မှုတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

[1] VOA (April 30, 2020) စီးပွားရေးထိခိုက်မှု သက်သာစေမယ့် မြန်မာအစိုးရရဲ့ CERP အစီအစဉ် https://burmese.voanews.com/a/covid-myanmar-business-/5397939.html

[2] 7 Days News (May 9, 2020) မြန်မာ၏ Covid 19 စီးပွားရေးကုစားမှု အစီအစဉ် အတွက် နိုင်ငံတကာ အဖွဲ့အစည်းများက ဒေါ်လာ နှစ်ဘီလီယံခန့် ထောက်ပံ့မည်။ https://7day.news/detail?id=185656

[3] Cook, P., & Minogue, M. (1997). Economic Reform and Political Conditionality in Myanmar. In Burma (pp. 183-208). Palgrave Macmillan, London.

[4] ASEAN (2019). Regional Study on Informal Employment Statistics to support Decent Workplace. https://asean.org/storage/2012/05/13-Regional-Study-on-Informal-Employment-Statistics-to-Support-Decent-Wo….pdf

[5] World Bank. (2017). An Analysis of Poverty in Myanmar, Part 01. Poverty Profile. URL http://documents.worldbank.org/curated/en/829581512375610375/pdf/121822-REVISED-PovertyReportPartEng.pdf

[6] The World bank (2017), Electrifying Myanmar Challenges and opportunities for planning national access to electricity https://energypedia.info/images/c/cc/WB_2016_Electrifying_Myanmar_Opportunities_Challenges.pdf

Dr Su Mon Thazin Aung

ဒေါက်တာဆုမွန်သဇင်အောင်သည် ISP-Myanmar ၏ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် ဒါရိုက်တာဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search