Menu & Search

ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပညာရေးမူဝါဒများ မည်သို့ဖြစ်သင့်သနည်း

July 16, 2020

၁။ နိဒါန်း

ကိုဗစ်-၁၉ ၏ ပညာရေးအပေါ်သက်ရောက်မှု

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကမ္ဘာအနှံ့ဖြစ်ပွားမှုကြောင့် ကျန်းမာရေး၊ စီးပွားရေးများသာမက ပညာရေးပါ ထိခိုက်ပါသည်။ UNESCO ၏ သတင်းပေးပို့ချက်အရ နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ကျောင်းများပိတ်ထားရပြီး၊ ကျောင်းသား ၁ ဒသမ ၂ ဘီလီယံ၏ ပညာသင်ကြားရေးကို ထိခိုက်ကြောင်း သိရပါသည်။ ရောဂါကူးစက်မှု အတော်အတန်ထိန်းချုပ်နိုင်သော နိုင်ငံများတွင် ၂၀၂၀ မေလမှစတင်၍ တစတစ ကျောင်းများပြန်ဖွင့်လာကြပါသည်။ ကျောင်းပြန်ဖွင့်သည်ဆိုသော်လည်း ယခင်အတိုင်း မဟုတ်တော့ဘဲ နည်းလမ်းအသစ်များကို အသုံးပြုလာကြပါသည်။

ကျောင်းပြန်ဖွင့်သည့် နိုင်ငံအတော်များများတွင် ကျောင်းသားများကို အိမ်မှာပဲနေစေပြီး သင်ခန်းစာများကို အင်တာနက်၊ တီဗွီ အစရှိသည်တို့ဖြင့် အဝေးရောက်သင်ကြားနည်းစနစ်များ အသုံးပြုလာကြပါသည်။ နည်းပညာဖွံ့ဖြိုးပြီး ပညာရေး အသုံးစရိတ် မြင့်သောနိုင်ငံများတွင် အင်တာနက်အသုံးပြု၍ သင်ကြား သင်ယူခြင်း (online learning) ပြု လုပ်ကြပါသည်။ ဂျပန်နိုင်ငံတွင် ကျောင်းသားတိုင်း အင်တာနက်ဖြင့်သင်ယူနိုင်အောင် ကွန်ပျူတာ သို့မဟုတ် Tablet ကို ကျောင်းသားတိုင်း တခုစီရှိအောင် စီစဉ်ပေးပါသည်။ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော ဂျပန်မိသားစုများ၏ ကလေးများကိုလည်း လူတိုင်းကွန်ပျူတာ သို့မဟုတ် Tablet ရရှိအောင် စီစဉ်ပေးပါသည်။ ဂျပန်အစိုးရက ကုန်ကျငွေ တဝက်ကျခံပါသည်။ ထိုင်းနိုင်ငံရှိ အခြေခံပညာကျောင်းများ တွင် မေလဆန်းမှစ၍ ကျောင်းသားမိဘများကို ခေါ်ယူတွေ့ဆုံကာ အင်တာနက် သို့မဟုတ် တယ်လီဗီးရှင်းဖြင့် သင်ယူမည့် နည်းလမ်းနှစ်မျိုးအနက် တမျိုး ရွေးချယ်စေပြီး နည်းစနစ်များကို ရှင်းလင်းပြသပါသည်။ ဖတ်စာနှင့် လေ့ကျင့်ခန်းစာအုပ်များ ပေးပါသည်။ မိဘများ၏ အကူအညီဖြင့် ကျောင်းသားများ အိမ်တွင် သင်ယူနိုင်ပါသည်။ ဇူလိုင် ၁ ရက်၌ ကျောင်းတွင် သင်ယူကြရန် ထိုင်းအစိုးရ ပညာရေးဌာနက ကြေညာထားပါသည်။

မြန်မာနိုင်ငံတွင် ကျောင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်သော ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းမှာ မည်သို့ဖြစ်သင့်ပါသနည်း။

 

၂။ ကမ္ဘာလုံးဆိုင်ရာ ပညာရေးပြောင်းလဲမှုများ

UNESCO အပါအဝင် ကမ္ဘာ့ပညာရေးအဖွဲ့အစည်းကြီးများသည် နိုင်ငံတကာတွင်ကြုံတွေ့ရသည့် အခြေအနေများကို သုံးသပ် ပြီး ပညာရေးမူဝါဒများကို ရေးဆွဲလေ့ရှိပါသည်။ ကမ္ဘာပေါ်တွင် မွေးဖွားသည့်ကလေးတိုင်း ပညာသင်ယူနိုင်သည့် အခွင့် အလမ်းရရှိရေးအတွက် ‘အားလုံးအတွက်ပညာရေး’ (Education For All) ဟု ၁၉၉၀ ခုနှစ် ကတည်းက ကြွေးကြော်ခဲ့ကြ ပါသည်။ နိုင်ငံတိုင်း အကောင်အထည်ဖော်ရန် တိုက်တွန်းပြီး ငွေကြေး အကူအညီများလည်း ပေးအပ်ခဲ့ပါသည်။

ဆယ်နှစ်အတွင်းကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ပြန်လည်သုံးသပ်ပြီး သက္ကရာဇ် ၂၀၀၀ တွင် ‘ထောင်စုနှစ် ရည်မှန်း ချက်’ ဟူသော ကြွေးကြော်သံဖြင့် ကလေးတိုင်း ပညာသင်ယူခွင့် ရရှိရေးကို ဆက်လက် ကြိုး ပမ်းခဲ့ပါသည်။ ကျန်းမာရေး စောင့်ရှောက်ခြင်း၊ ကျား-မ တန်းတူအခွင့်အရေး စသည်တို့ကို ဖြည့်စွက်ကာ ဆောင်ရွက်ခဲ့ကြပါသည်။

၁၅ နှစ်ကြာသောအခါ ပညာရှင်များက ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစနစ်များကို လေ့လာကြပြီး ‘ပညာရေးကို ပြန်ပြောင်း စဉ်းစားကြစို့’ (Rethinking Education) ဟု အကြံပြုကြပါသည်။ လူသားများ နေ ထိုင်ရာ ကမ္ဘာကြီး ရေရှည်တည်တံ့ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတု ပျက်ယွင်းမှုကို တားဆီးရေး၊ ယဉ်ကျေးမှုများ ထိန်းသိမ်းရေး၊ ကျန်းမာရေး စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေး အစရှိသည့်  ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို ဦးတည်သော ပညာရေးမူဝါဒများ ချမှတ်ကြပါသည်။

ပညာရေးကို နိုင်ငံရေးအရ ချဉ်းကပ်ခြင်း၊ စီးပွားရေးအရ ချဉ်းကပ်ခြင်းတို့ကို ကျော်လွန်၍ လူသားအမြင်ဖြင့် ချဉ်းကပ် လာကြ ပါသည်။ နိုင်ငံရေးစနစ်တခု၊ စီးပွားရေးမူဝါဒတခု၊ ယဉ်ကျေးမှုတခု၊ လူအုပ်စုတစုတို့အတွက်သာ ရည်ရွယ်သော ပညာ ရေးမျိုးမဟုတ်ဘဲ လူသားအားလုံး တန်းတူညီမျှအခွင့်အရေးရှိသော ပညာရေးကို စဉ်းစားလာကြပါ သည်။ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာ စသည့် မည်သည့်ကွဲပြားမှုများပင်ရှိစေ လူတိုင်း ပညာရေးအခွင့်အလမ်း ညီမျှစေရန် လိုလားကြသည်။

၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သော လူသားဝါဒအခြေခံသည့် ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို ဦးတည်သော ပညာရေး (SDG-4) ကို နိုင်ငံတကာပညာရေးလှုပ်ရှားမှုအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ လေးနှစ်အကြာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင် ကြရပြီး ပညာရေးလုပ်ငန်းများ ခေတ္တရပ်တန့်သွားပါသည်။ ကူးစက်ရောဂါပျံ့နှံ့မှုသည် ပညာရေးအပေါ် သက်ရောက်မှု ရှိသော်လည်း ပညာသင်ကြားမှု ရပ်တန့်မှုမရှိစေရေးအတွက် နိုင်ငံတကာပညာရေးအဖွဲ့အစည်းများက ကြံဆလာပါသည်။

UNESCO အပါအဝင် နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းကြီးများဖြစ်ကြသော Global Campaign for Education (GCE), Education International (EI), Asia South Pacific Association for Basic and Adult Education (ASPBAE) စသည်တို့ သည် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များနှင့် online အစည်းအဝေးများ ကျင်းပကာ ညှိနှိုင်းတိုင်ပင်လျက် ရှိကြပါသည်။ GCE သည် အစိုးရမဟုတ်သော ပညာရေးအဖွဲ့အစည်းများပါဝင်သည့် နိုင်ငံတကာ ပညာရေး အဖွဲ့ဖြစ်ပါသည်။ EI သည် ဆရာသမဂ္ဂ များပါဝင်သည့် နိုင်ငံတကာ ပညာရေးအဖွဲ့ဖြစ်ပါသည်။ ASPBAE သည် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ပညာရေးအဖွဲ့ ဖြစ် ပါသည်။ အဆိုပါ အဖွဲ့များသည် ပညာရေးကို လူ့အခွင့်အရေးအခြေခံ (Right to Education) ပေါ်တွင် ရပ်တည်ကြပြီး ကိုဗစ်-၁၉ ကာလပညာရေးကို ကလေးအားလုံး အခွင့်အရေး တန်းတူညီမျှရှိစေရန် စဉ်းစားဆောင်ရွက်လျက်ရှိပါသည်။

 

၃။ နည်းပညာကွာဟမှုနှင့် ပညာရေးအခွင့်အလမ်း

UNESCO မှထုတ်ပြန်သော အချက်အလက်များအရ တကမ္ဘာလုံးရှိကျောင်းသားဦးရေ၏ ၄၃ ရာခိုင်နှုန်းဖြစ်သော ကျောင်း သား သန်း ၇၀၀ ကျော်သည် အင်တာနက်အသုံးပြုနိုင်ခြင်း မရှိကြောင်း သိရပါသည်။ ဂျပန်၊ တောင်ကိုးရီးယား၊ စင်ကာပူ အစရှိသည့် စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးသောနိုင်ငံများသည် ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် အင်တာနက်အသုံးပြု၍ အဝေးသင် (online) စနစ်ကို အသုံးပြုလာကြပါသည်။ အင်တာနက်ကို ကျောင်းသားတိုင်း လက်လှမ်းမီသဖြင့် အဆင်ပြေလှ ပါသည်။ စီးပွားရေးနှင့် နည်းပညာ အတော်အတန်ဖွံ့ဖြိုးသည့် ထိုင်းနိုင်ငံတွင်ပင် အင်တာနက်ကို ကျောင်းသားတိုင်း လက်လှမ်းမမီပါ။ အခြေခံပညာကျောင်းများတွင် အဝေးသင်စနစ်ကို နည်းလမ်း နှစ်မျိုး အသုံးပြုပါသည်။

အင်တာနက်လက်လှမ်းမီသူတို့က ကွန်ပျူတာ၊ Tablet နှင့် မိုဘိုင်းဖုန်းများကို အသုံးပြုကြပြီး  လက်လှမ်းမမီသော ကျောင်း သားများအတွက် ကျောင်းသင်ခန်းစာများကို TV မှ ထုတ်လွှင့်ပေးပါသည်။ ဖတ်စာနှင့် လေ့ကျင့်ခန်းစာအုပ်များကိုလည်း အခမဲ့ ဖြန့်ဝေပါသည်။ ထိုင်းနိုင်ငံတက္ကသိုလ်များတွင် online စနစ်ကို အသုံးပြု သင်ကြားပါသည်။ သို့ရာတွင် Kasetsart University ၏ သုတေသနတခုတွင် ထိုင်းတက္ကသိုလ် ကျောင်းသား ၄၅ ရာခိုင်နှုန်းသည် online ဖြင့်သင်ယူရန် အဆင်သင့် မရှိ ကြောင်း ဖော်ပြပါသည်။

အာဖရိကနိုင်ငံများတွင်လည်း အခက်အခဲကြုံရပါသည်။ အင်တာနက်နှင့် TV လက်လှမ်းမမီသော ဒေသများအတွက် ရေဒီယိုမှ သင်ခန်းစာများ ပို့ချပေးပါသည်။ သို့ရာတွင် Liberia နိုင်ငံ၏ သုတေသနအရ အဆိုပါ ဒေသများမှ ကျောင်းသား ၂၀ ရာခိုင်နှုန်းသာ ရေဒီယိုသင်ခန်းစာများကို နားထောင်ကြကြောင်း သိရပါသည်။ နည်းပညာ အသုံးပြုနိုင်မှု အခွင့်အလမ်း ကွာဟမှုကြောင့် ကျောင်းသားများ၏ ပညာသင်ယူမှု အခွင့်အလမ်းများ ကွာခြားလာပါသည်။ နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းကြီးများက ကျောင်းသားတိုင်းပညာရေး အခွင့်အလမ်းညီမျှစေရန်နှင့် online ပညာရေးကို လက် လှမ်းမီစေရန်အတွက် ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရန် နိုင်ငံအစိုးရများအား တိုက်တွန်းလာကြပါသည်။

မြန်မာနိုင်ငံကဲ့သို့ ပညာရေးအသုံးစရိတ်နည်းပါးပြီး နည်းပညာအသုံးပြုနိုင်မှု ကွာဟချက်ကြီးမားသော နိုင်ငံအတွက် ကိုဗစ်-၁၉ အလွန်ပညာရေး မည်သို့ဖြစ်သင့်သည်ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတိုင်ပင်ကြရန် လိုအပ်ပါသည်။ နိုင်ငံအသီးသီး၏ ပညာရေးအသုံးစရိတ်ကို တနိုင်ငံလုံးအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲရန် ကမ္ဘာ့ကုလသမဂ္ဂမှ တိုက်တွန်းထားသော်လည်း မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ ၈ ရာခိုင်နှုန်းခန့်သာ ရှိနေသေးသည်။ တောင်ကိုးရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်အစရှိသည့် နိုင်ငံများသည် ပညာရေးအသုံးစရိတ်ကို ၁၈-၂၀ ရာခိုင်နှုန်းအထိ သုံးစွဲကြောင်းသိရပါသည်။

မိဘဝင်ငွေကောင်းသော ကျောင်းသားများ တက်ရောက်ကြသည့် ပုဂ္ဂလိကကျောင်းများတွင် အင်တာနက် အသုံးပြုသော online သင်ယူမှုဖြစ်နိုင်သော်လည်း အစိုးရကျောင်းများတွင် အင်တာနက်အသုံးပြုရန် အတော်ပင် ခက်ခဲပါသည်။ အထူး သဖြင့် တောင်ပေါ်ဒေသနှင့် ဝေးလံခေါင်ဖျားသောကျေးရွာများတွင် ပို၍ခက်ခဲပါသည်။ မကြာခင်က မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ကျောင်းမှ ဆရာတော်နှင့် တယ်လီဖုန်းဖြင့် အဆက်အသွယ်ရသဖြင့် ဝမ်းသာစရာ ကြားရသည်မှာ ဖော်တော်ဦးကျောင်းတွင် အင်တာနက် online သင်ကြားမှုကို စမ်းသပ် အသုံးပြုနေကြောင်း သိရပါသည်။ သို့ရာတွင် ကျောင်းသား ၈,၀၀၀ ကျော်အနက် လေးရာခန့်(၅ ရာခိုင်နှုန်း) ကိုသာ online စနစ် အသုံးပြုနိုင်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတက္ကသိုလ်များ၌ပင် online စနစ် အသုံးပြုရန် အခက်အခဲရှိပါသည်။ ပစ္စည်းကိရိယာ မလုံလောက်ခြင်း၊ နည်း ပညာအားနည်းခြင်း၊ စရိတ်ကြီးမြင့်ခြင်း စသည်တို့ကြောင့် ကိုဗစ်-၁၉ ကာလ ပညာရေးကို မြန်မာနိုင်ငံအတွက် အဆင်ပြေ အောင် စဉ်းစားဆောင်ရွက်ရပါမည်။

ကွန်ပျူတာ၊ အင်တာနက် အသုံးပြုသင်ကြားသည့် နည်းစနစ်များကို ပစ်ပယ်ထားရန်မဟုတ်ဘဲ online နည်းပညာ အသုံးပြု နိုင်အောင် ပြင်ဆင်မှုများ ပြုလုပ်ရပါမည်။ ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲ၍ ပစ္စည်းကိရိယာများ လုံလောက်အောင် ထားရှိခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများ ပို့ချခြင်းတို့ပြုလုပ်သင့်ပါသည်။ ဥပမာ၊ တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကာလ ၌ online ဖြင့် သင်ကြားသင်ယူနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို အရေးပေါ် ရန်ပုံငွေ ထားရှိကြောင်း သိရပါသည်။ နည်းပညာဖွံ့ဖြိုးအောင် ဆောင်ရွက်ရင်း တဖက်တွင်လည်း ကျောင်းသား အားလုံး ပညာရေးအခွင့်အလမ်း ညီမျှမှုရှိစေရန်အတွက် အများနှင့်ကိုက်ညီမည့် နည်းစနစ်များကို ကြံဆ၍ ကိုဗစ်အလွန်ပညာရေးကို စတင်သင့်ပါသည်။

 

၄။ သင်ရိုးညွှန်းတမ်းတွေ ဘယ်လိုဖြစ်သင့်သလဲ

မြန်မာနိုင်ငံသည် မတူကွဲပြားမှုများ အတူတကွ ရှင်သန်ရမည့်နိုင်ငံဖြစ်ပါသည်။ လူမျိုးကွဲပြားမှု၊ ဘာသာစကား ကွဲပြားမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကွဲပြားမှု၊ ဆင်းရဲ-ချမ်းသာ၊ ကျေးလက်-မြို့ပြ၊ တောင်ပေါ်-မြေပြန့် အစ ရှိသဖြင့် မတူကွဲပြားမှုများနှင့် တည်ဆောက်ထားသော နိုင်ငံဖြစ်ပါသည်။ ဤနိုင်ငံတွင် လူမျိုးတမျိုး၊ ဘာသာ စကားတခု၊ ယဉ်ကျေးမှုတခုက လွှမ်းမိုးသော ပညာရေးမျိုးမဖြစ်သင့်ပါ။ သက်ဆိုင်ရာလူမျိုး၊ သက်ဆိုင်ရာဒေသတို့နှင့် လိုက်လျော ညီထွေဖြစ်သော ပညာရေးစနစ်မျိုးကို တည်ဆောက်သင့်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံအသီးသီးရှိ ဌာနေ တိုင်းရင်း သားများ၏ အခွင့်အရေးအတွက် ထုတ်ပြန်ထားသော ကြေညာစာတမ်းတွင် ပညာရေးဆိုင်ရာ  ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထည့်သွင်းဖော်ပြထားပါသည်။ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်၊ ဘာသာစကား လွတ်လပ်ခွင့်၊ ဒေသဆိုင်ရာ အသိပညာများ ထည့်သွင်းသင်ကြားခွင့် အစရှိသည့် အခွင့်အရေးများ ပါဝင်ပါသည်။ မြန်မာနိုင်ငံ အစိုးရကလည်း သဘောတူ လက်မှတ်ရေး ထိုးထားပြီးဖြစ်ပါသည်။ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးသည် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ဖြစ်၍ ဖယ်ဒရယ် စနစ်နှင့် ကိုက်ညီသော ပညာရေးမျိုး  ဖြစ်သင့်ပါသည်။

မြန်မာနိုင်ငံကျောင်းများတွင် လက်ရှိအသုံးပြုနေသော သင်ရိုးညွှန်းတမ်းသည် အကြောင်းအရာနှင့် အချက်အလက်များကို အဓိကထားသော သင်ရိုးညွှန်းတမ်း အမျိုးအစား ဖြစ်ပါသည်။ ဒေသအလိုက် လွတ်လပ်ခွင့်ရှိပြီး၊ စွမ်းရည်ကို အခြေပြုသည့် (Competency based) သင်ရိုးညွှန်းတမ်းအမျိုးအစားကို ပြောင်းလဲရန် အကြံပြုလိုပါသည်။ လေ့လာ သင်ယူနိုင်သည့် စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာနိုင်သည့် စွမ်းရည်၊ အကဲဖြတ်နိုင်သည့် စွမ်းရည်၊ ဘာသာစကားစွမ်းရည်၊ တင်ပြနိုင်မှု စွမ်းရည်၊ ပေါင်း သင်းဆက်ဆံရေးဆိုင်ရာစွမ်းရည်၊ ပြဿနာများကို ဖြေရှင်းနိုင်သည့်စွမ်းရည်၊ တီထွင်ဖန်တီးမှု စွမ်းရည် အစရှိသည့် စွမ်းရည်များက ဘဝတလျှောက်လုံးအတွက် အသုံးဝင်ပါသည်။ လက်ရှိပညာရေးစနစ်အရ အလွတ်ကျက် ဖြေဆိုကြရသော အချက်အလက်များကို စာအုပ်စာတမ်းနှင့် အင်တာနက်စာမျက်နှာများတွင် အချိန်မရွေး ရှာဖွေကြည့်ရှုနိုင်ပါသည်။ အကြောင်းအရာ အချက်အလက်များကို မှတ်မိခြင်းသည် ကောင်းသော်လည်း မှတ်မိရုံမျှနှင့် မပြည့်စုံဘဲ အချက်အလက်များ ကို ခွဲခြမ်းစိတ်ဖြာခြင်း၊ စဉ်းစားဆင်ခြင် သုံးသပ်ခြင်း၊ အကဲဖြတ်နိုင်ခြင်း တို့က ပို၍ အရေးကြီးပါသည်။ အဆိုပါစွမ်းရည်များ သည် ကလေးများကို မမြင်ရသေးသည့် အနာဂတ်အတွက်လည်း  ပြင်ဆင်ပေးရာ ရောက်ပါသည်။

သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် မြန်မာနိုင်ငံဒေသအသီးသီးရှိကျောင်းများတွင် အခြေခံတူညီမည့် သင်ရိုးညွှန်းတမ်းကျောရိုး (core curriculum) တခုလိုအပ်ပါသည်။ ပညာရှင်များနှင့် လူမျိုး သို့မဟုတ်  ဒေသဆိုင်ရာ ကိုယ်စားပြုသူများ ညှိနှိုင်းတိုင် ပင်၍ သင်ရိုးညွှန်းတမ်းကျောရိုးတခု တည်ဆောက်သင့်ပါသည်။ အဆိုပါ ကျောရိုးကို အခြေခံပြီး ဒေသအသီးသီးသည် ဒေသအခြေအနေ၊ ဒေသလိုအပ်ချက်များနှင့် ကိုက်ညီသော ဒေသသင်ရိုး (local curriculum) များရေးဆွဲသင့်သည်။

တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားများကို သက်ဆိုင်ရာ ကျောင်းများတွင် ဘာသာရပ်တခုအနေဖြင့် သင်ကြားရန် ခွင့်ပြုနေပြီ ဖြစ်သော်လည်း ကျောင်းသုံးဖတ်စာနှင့် ကျောင်းသင်ဘာသာစကားမှာ ဗမာစာ၊ ဗမာစကားကိုသာ အသုံးပြုနေ ဆဲဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနနှင့် အစိုးရအကြီးအကဲများက မိခင်ဘာသာစကားအခြေပြု ဘာသာ စကားစုံပညာရေး Mother Tongue based Multilingual Education (MTB-MLE) ကို မဖြစ်နိုင်ဟု ထင်မြင်နေကြဆဲ ဖြစ်ပါသည်။  ဘာသာစကားများပြားခြင်း၊ ဘာသာစကားတခုတည်း၌ပင် စာအရေးအသား ကွဲပြားခြင်းတို့ကြောင့် MTB-MLE မဖြစ်နိုင်ဟု ယူဆဟန်တူပါသည်။

အစိုးရအကြီးအကဲများနှင့် ပညာရေးဝန်ကြီးဌာနတို့သည် ဗဟိုအထိုင်မှ ကြည့်ကြသဖြင့် များပြားသော အခက်အခဲများကို မြင် နေရခြင်းဖြစ်ပါသည်။ ကျောင်းသင်ဘာသာစကားဆိုင်ရာရွေးချယ်မှုကို ဗဟိုမှဆုံးဖြတ်ခြင်းမပြုဘဲ စာသင်ကျောင်းအဆင့် အထိ ဆုံးဖြတ်ခွင့်ပေးပါက လွယ်ကူပါသည်။ မြို့ကြီးများမှလွဲ၍ ကျေးရွာများတွင် တရွာလျှင် လူမျိုး တမျိုးတည်းသာ နေထိုင်ကြပါသည်။ သူ့ရွာနှင့် သူ့ဘာသာစကားကို ကျောင်းသုံး ဘာသာစကားအဖြစ် အသုံးပြုလျှင် အဆင်ပြေနိုင်ပါသည်။ မြို့ကြီးများတွင် တိုင်းရင်းသားလူမျိုးစုံနေထိုင်ကြသော်လည်း ဗမာစာနှင့် ဗမာစကားကိုသာ အသုံးများကြသဖြင့် ကလေး တိုင်းလိုလို ဗမာစကား နားလည်ကြပါသည်။  မြို့ကြီးများတွင်  ဗမာစာ ဗမာစကားကို ကျောင်းသင် ဘာသာစကားအဖြစ် အသုံးပြုလျှင်လည်း အဆင်ပြေပါသည်။ အကယ်၍ မြို့ ပေါ်ရပ်ကွက်တခုတွင် တိုင်းရင်းသားလူမျိုးတခုက အများစု ဖြစ် နေလျှင် အဆိုပါရပ်ကွက်ကျောင်းတွင် အဆိုပါ တိုင်းရင်းသားလူမျိုး၏ ဘာသာစကားကို ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုနိုင်ပါသည်။ ဥပမာ၊ အင်းစိန်မြို့ ရပ်ကွက်တခုတွင် ကရင်လူမျိုး အများစုနေထိုင်ပါက အဆိုပါ ရပ်ကွက်ရှိ ကျောင်း တွင် ကရင်ဘာသာစကားကို ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုနိုင်ပါသည်။ သင်ကြားမည့် ဆရာများကို သက်ဆိုင်ရာ လူမျိုးများထဲမှ ရွေးချယ် လေ့ကျင့်ပေးခြင်းများ လုပ်သင့်ပါသည်။

MTB-MLE သည် မိခင်ဘာသာစကားတခုတည်းကိုသာ အသုံးပြုသင်ကြားခြင်းမျိုးမဟုတ်ဘဲ မိခင်ဘာသာစကား၊ နိုင်ငံသုံး ဘာသာစကား (မြန်မာ) နှင့် နိုင်ငံတကာသုံးဘာသာစကား (အင်္ဂလိပ်) တို့ကို စနစ်တကျ စာသင်ချိန် အချိုးကျ သတ်မှတ် သင်ကြားခြင်းမျိုးဖြစ်ပါသည်။ ဘာသာစကား သုံးမျိုးစလုံးကို ကျွမ်းကျင်တတ်မြောက်နိုင်သည့် ချဉ်းကပ်နည်းဖြစ်ပါသည်။ ဘာသာစကားဆိုင်ရာ သုတေသနများအရ MTB-MLE စနစ် အသုံးပြုသော ကျောင်းများတွင် ကျောင်းသားတဦးသည် မူလတန်းအဆင့် ပညာရေးပြီးဆုံးပါက ဘာသာစကာ သုံးမျိုးစလုံးကို ကျွမ်းကျင်တတ် မြောက်ပါသည်။ ပညာသင်ယူရာတွင် မိမိနားလည် ကျွမ်းကျင်သော ဘာသာစကားဖြင့် သင်ယူရသဖြင့် ပျော်ရွှင်ခြင်း၊ ယုံကြည်မှုမြင့်တက်လာခြင်း၊ မိမိ၏ ယဉ်ကျေး မှုနှင့် ဓလေ့ထုံးစံများကို တန်ဖိုးထားတတ်ခြင်း၊ လူမျိုးဆိုင်ရာနှင့် ဒေသ ဆိုင်ရာအသိပညာများ တိုးပွားလာခြင်း၊ ထိန်းသိမ်း တတ်ခြင်းနှင့် မတူညီကွဲပြားသော အခြားလူမျိုးများ၏ ထုံးတမ်း အစဉ်အလာများကိုလည်း လေးစားတတ်ခြင်း စသည့် အကျိုး မြောက်များစွာ ရရှိကြောင်း သုတေသန များစွာက ဖော်ပြပါသည်။ ထို့ကြောင့် မတူကွဲပြားမှုများ စုံလင်သော မြန်မာနိုင်ငံတွင် ကလေးတိုင်း ပညာရေးဆိုင်ရာ တန်းတူအခွင့်အရေး ရရှိရန်၊ ဒေသနှင့်ကိုက်ညီသော ပညာရေးစနစ်ဖြစ်ရန် MTB- MLE ပညာ ရေးစနစ်ကို အကောင်အထည်ဖော်သင့်ပါသည်။

 

၅။ သင်ကြားနည်းစနစ်တွေ ဘယ်လိုဖြစ်သင့်သလဲ

ကိုဗစ်-၁၉ ကာလ ပညာသင်ကြားရေး ပြန်လည်စတင်သောနိုင်ငံများတွင် အဝေးသင်စနစ်ဖြင့် သင်ကြား သင်ယူခြင်း တခုတည်း မလုံလောက်သဖြင့် ကလေးများကို ကျောင်းသို့လာရန် စီစဉ်လာကြပါသည်။ ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း အဝေး သင်စနစ်ဖြင့် သင်ခန်းစာများကို ပို့ချလျက်ရှိပြီး ဇူလိုင် ၁ ရက်တွင် ကျောင်းသား ကျောင်းသူများ ကျောင်းသို့သွားရမည် ဖြစ်ပါသည်။ သို့ရာတွင် ကျောင်း၌ ကျောင်းသားများ အများအပြား စုရုံးမှုမရှိစေရန်အတွက် တရက်ခြားစီ လူခွဲ၍ ကျောင်းတက်ရန် စီစဉ်ထားပါသည်။ ဥပမာ၊ ကျောင်းသား ၄၀ ရှိသောအခန်းတွင် ၂၀ စီ ခွဲ၍ တရက်ခြားစီ ကျောင်းတက် ကြရပါမည်။ ကူးစက်ရောဂါများ ပျံ့နှံ့မှုမရှိအောင် နည်းနည်းနှင့် ကျဲကျဲ စီစဉ်ထားသော်လည်း ပညာသင်ယူမှု မထိခိုက်စေရန် သင်ကြားနည်း စနစ်များကို ပြောင်းလဲကျင့်သုံးရပါမည်။

မြန်မာနိုင်ငံ၏ အစဉ်အလာစာသင်နည်းဖြစ်သော မှတ်စုပေး၊ အလွတ်ကျက်နည်းသည် ထိရောက်မှုမရှိကြောင်း သင်ယူမှု ရလဒ်အားဖြင့် သိရှိကြပြီး ဖြစ်ပါမည်။ ကျောင်းသားကိုယ်တိုင် စူးစမ်းလေ့လာ၊ စာတွေ့နှင့် လက်တွေ့ချိန်ဆပြီး နားလည်မှုကို တည်ဆောက်ခြင်းသည် အလွတ်ကျက်မှတ်ခြင်းထက် မယှဉ်သာအောင် ထိရောက်သော သင်ယူမှု ဖြစ်ပါသည်။ ကျောင်းသားများကို လေးယောက်၊ ငါးယောက်စီ အုပ်စုများခွဲ၍ လေ့လာရမည့် အကြောင်းအရာကို စုပေါင်း လေ့လာကြပြီးနောက် စာသင်ခန်းတွင် ပြန်ဆုံကာ အုပ်စုလိုက် မိမိတို့လေ့လာခဲ့သော အတွေ့အကြုံ၊ တွေ့ရှိချက်၊ ထင်မြင်ယူဆချက်စသည်တို့ကို အဖွဲ့လိုက်တင်ပြခြင်းဖြင့် မိမိတို့အဖွဲ့၏ အတွေ့အကြုံလည်းမျှဝေ၊ တခြားအဖွဲ့များ၏ အတွေ့အကြုံများကိုလည်း ဆင်ခြင်သုံးသပ်ကြပြီး အသိဉာဏ်တည်ဆောက်နိုင်ကြပါသည်။ ဤနည်းလမ်းကို သိပ္ပံ၊ သင်္ချာ၊ လူမှုရေး၊ ဘာသာစကား၊ အနုပညာ၊ အားကစား စသည့် ဘာသာရပ်အသီးသီးတွင် အသုံးပြုနိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် မြန်မာနိုင်ငံကျောင်းများ ပြန်လည်ဖွင့်လှစ်သောအခါ အလားတူ ရက်ခြားကျောင်းတက်စေခြင်းဖြင့် စာသင်ခန်းအတွင်း လူဦးရေလျှော့ချနိုင်ပါသည်။ သင်ကြားနည်းကိုလည်း အုပ်စုငယ်များခွဲ၍ စုပေါင်းသင်ယူခြင်း နည်းလမ်း(cooperative learning) ကို အသုံးပြုရန် အကြံပြုပါသည်။

သင်ကြားနည်းစနစ်များ ပြောင်းလဲသည်နှင့်တပြိုင်နက် စစ်ဆေးနည်းစနစ် (assessment of student learning) ကို လည်း ပြောင်းလဲကျင့်သုံးရပါမည်။ အုပ်စုငယ်များဖြင့် စုပေါင်းသင်ယူခြင်းနည်းလမ်းတွင် ကဏ္ဍ သုံးခုဖြင့်  အမှတ်ပေးနိုင်ပါသည်။ စူးစမ်းလေ့လာသင်ယူမှုတွင် ပါဝင်မှုကို အမှတ်ပေးခြင်း၊ လေ့လာသည့်အကြောင်းအရာအပေါ် နားလည် တတ်ကျွမ်းမှုကို အမှတ်ပေးခြင်း၊ မိမိလေ့လာသင်ယူမှုအပေါ် ပြန်လည်စဉ်းစားဆင်ခြင်သုံးသပ်ခြင်းကို အမှတ် ပေးခြင်းဖြင့် သင်ယူမှုကို ပံ့ပိုး သည့် စဉ်ဆက်မပြတ်အကဲဖြတ်ခြင်း (assessment for learning and formative assessment) ကို အသုံးပြုသင့်ပါသည်။ လေ့လာသင်ယူမှုတွင် ထူးချွန်သောအဖွဲ့၊ လက်ခံနိုင်သည့် လေ့လာသင်ယူမှုပြုသောအဖွဲ့နှင့် ပံ့ပိုးပေးရန်လိုအပ်ချက်ရှိသဖြင့် ပြန်လည်လေ့လာရန် တိုက်တွန်းရသောအဖွဲ့ဟူ၍ သတ်မှတ်နိုင်ပါသည်။ လိုအပ်ချက်ရှိပြီး ပြန်လည်လေ့လာမှုပြုပါက သင်ယူသည့်အကြောင်းအရာများကို နားလည် တတ်ကျွမ်းမှု ရရှိလာမည်ဖြစ်ပါသည်။ စာမေးပွဲကျသူဟူ၍ ရှိတော့မည် မဟုတ် ပါ။ အစဉ်အလာ စာမေးပွဲများကဲ့သို့ ကျောင်းသားများ စိတ်ဖိစီးမှုမျိုးလည်း မရှိနိုင်တော့ပါ။ ဆရာက ကျောင်းသားများ သင်ယူ နိုင်မည့် နည်းလမ်းများကို လမ်းညွှန်ပြသပြီး  ကျောင်းသားများ၏ သင်ယူမှုအခက်အခဲကို ဖြေရှင်းပေးခြင်းဖြင့် သင်ယူမှုကို ထိရောက်စွာ ပံ့ပိုးနိုင်ပါသည်။

တရက်ခြားစီ ကျောင်းသွားရသည့်နည်းကို အသုံးပြုလျှင် ကျောင်းသွားသည့်ရက်၌ သင်ယူရမည့် အကြောင်းအရာ  ခေါင်းစဉ် အပေါ် ဆွေးနွေးခြင်း၊ သင်ယူရမည့်နည်းလမ်းများကို တိုင်ပင်ခြင်း၊ လိုအပ်သည့်လေ့လာစရာ အချက်အလက်၊ အထောက် အထား စာရွက်စာတမ်းများရှာဖွေ စုဆောင်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကျောင်းသွားစရာ မလိုသည့်ရက်တွင် အဖွဲ့ငယ်များ အလိုက် စာကြည့်တိုက်တွင်ဖြစ်စေ၊ ရပ်ရွာအတွင်း၌ ဖြစ်စေ၊ ကျောင်းသားတဦးဦး၏ အိမ်တွင် စု၍ဖြစ်စေ လေ့လာသင်ယူမှု များပြုလုပ်ကြပြီး ကျောင်းသွားရမည့်ရက်တွင် တင်ပြစရာရှိသည်များကို ပြင်ဆင်ခြင်း ပြုလုပ်နိုင်ပါသည်။ တရက်အတွင်း ဘာသာရပ်အများအပြားကို  လေ့လာစေခြင်း မပြုဘဲ တရက်လျှင် ဘာသာရပ်တခု (သို့မဟုတ်) နှစ်ခုသာ လေ့လာစေသင့် ပါသည်။ ဤသို့ပြုလုပ်နိုင်ရန်အတွက် သင်ရိုးညွှန်းတမ်း စီမံခန့်ခွဲမှုကို ဘာသာရပ်အသီးသီးမှာ ဆရာများ ညှိနှိုင်းချမှတ်သင့်ပါ သည်။

 

၆။ ပညာရေးစီမံခန့်ခွဲမှု မည်သို့ဖြစ်သင့်သလဲ

ကိုဗစ်-၁၉ ကပ်ရောဂါကာလ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် စဉ်းစားရာတွင် အချို့က ကူးစက်ရောဂါ မတွေ့ရှိသောဒေသတွင် ကျောင်းများကို အရင်ဖွင့်ပြီး ကူးစက်ရောဂါတွေ့ရှိသောဒေသများတွင် နောက်ကျမှ ဖွင့်ရန် အကြံပြုကြသည်။ DVB ပညာရေးဆွေးနွေးပွဲတခုတွင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ  ဒေါက်တာတင်အောင်က ကျောင်းဖွင့်လှစ်မှုကို ဒေသအလိုက်သီးခြားစီ ဆောင်ရွက်ရန် အကြံပြုပါသည်။ ပညာရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဝင်းက ကျောင်းဖွင့်လှစ်လျှင် တပြည်လုံးရှိ ကျောင်းများအားလုံး တပြိုင်နက်ဖွင့်မည်ဖြစ်ကြောင်း ပြောပါသည်။

ပညာရေးဝန်ကြီးဌာန၏ စဉ်းစားချက်သည် ဗဟိုမှဆုံးဖြတ်ချက်ကို တပြည်လုံးလိုက်နာရန်ကျင့်သုံးသည့် လက်ရှိစနစ်အတိုင်း ဖြစ်ပါသည်။ ကိုဗစ်ကာလကို နမူနာယူ၍ ဒေသအလိုက် သီးခြားဆုံးဖြတ်ပိုင်ခွင့်ရှိသော ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် စနစ်ကို ကျင့်သုံးသင့်ပါသည်။ ပညာရေးဝန်ကြီးဌာနမှ တပြည်လုံး တပြိုင်နက်ကျောင်းဖွင့်ရန် စဉ်းစားချက်သည် စာမေးပွဲစနစ်အပေါ် အခြေခံသည်ဟု ယူဆပါသည်။ မည်သည့်လတွင် မည်သည့်သင်ခန်းစာ ပြီးအောင်သင်၊ မည်သည့်ရက်တွင် စာမေးပွဲစစ်ဟူ၍ ဗဟိုမှဆုံးဖြတ်ချက်ကို ကျောင်းအားလုံး လိုက်နာစေသည့် စီမံခန့်ခွဲမှုကြောင့်  ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သင်ယူနေစဉ်အတွင်း သင်ယူမှုကို အထောက်အကူ ပံ့ပိုးမှု ဖြစ်စေသော စစ်ဆေးနည်း (formative assessment) ကျင့်သုံး ပါက ကျောင်းအလိုက်၊ ဘာသာရပ်အလိုက် ဆုံးဖြတ်ခွင့် ရှိလာမည် ဖြစ်ပါသည်။ သင်ခန်းစာပြီးစီးမှုကို လအလိုက် မသတ်မှတ် ဘဲ စာသင်နှစ် တနှစ်အတွင်း သင်ယူရမည့် အကြောင်းအရာများနှင့် ရရှိရမည့် စွမ်းရည်များကို ပြီးစီးအောင် ဘာသာရပ် အလိုက်၊ ကျောင်းအလိုက်၊ ဒေသအလိုက် စီမံခန့်ခွဲစေသင့်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ပံ့ပိုးမှုကို ပညာရေး ဝန်ကြီးဌာနမှ ပံ့ပိုးပေးသင့်ပါသည်။  ကျောင်းပိတ်ရက်၊ ကျောင်းဖွင့်ရက်တို့ကိုလည်း ဒေသအလိုက် ဆုံးဖြတ်နိုင်ခွင့်ရှိပါက ပိုမိုအဆင်ပြေပါမည်။ ဟားခါးတွင် ပညာရေးဆွေးနွေးပွဲတခု တက်ရောက်စဉ်က ‘ကျောင်းဖွင့်ရက် ဇွန်၊ ဇူလိုင်လများသည် ပြည်မနှင့် သင့်လျော်သော်လည်း ချင်းတောင်တွင် မိုးလေသည်းထန်သည့် ကာလဖြစ်၍ အဆင်မပြေကြောင်း’ ဆရာတဦး တင်ပြသည်ကို အမှတ်ရပါသည်။ ပညာရေးစီမံခန့်ခွဲမှုတွင် ဒေသအလိုက်၊ ကျောင်းအလိုက် ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်ပါသည်။

 

၇။ နိဂုံး / အကြံပြုချက်

  • ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပညာရေးကို ရေတိုလိုအပ်ချက်များ ဖြည့်ဆည်းရုံမျှမက မြန်မာနိုင်ငံ၏ ရေရှည် ပညာ ရေးခရီးကို ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသား လူမျိုးများအရေး၊ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတု စသည်တို့ကို ထည့်သွင်းစဉ်းစား တွက်ချက်ပြီး ဒေသအသီးသီး၊ လူမျိုးအသီးသီးနှင့်ကိုက်ညီသော လူတိုင်းအကျုံးဝင်သည့်ပညာရေးမူဝါဒများကို ချမှတ်သင့်ပါသည်။
  • ၂၀၁၆ မှ ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံတကာ စုပေါင်းအကောင်အထည်ဖော်နေသော လူသားဝါဒ အခြေခံသည့် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးကို ဦးတည်သော ပညာရေးမူဝါဒအခြေခံပေါ်တွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကူးစက်ရောဂါ ထိန်းချုပ်ရေးကို ယှဉ်တွဲဆောင်ရွက်သင့်ပါသည်။ ကျောင်းသားတိုင်း ပညာရေးအခွင့်အလမ်း ညီမျှမှုရှိရန် လူတိုင်း အကျုံးဝင်သည့် ပညာရေးဖြစ်ရန် စဉ်းစားဆောင်ရွက်ရပါမည်။
  • မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသော အဝေးသင်ပညာရေးစနစ် (online learning) သည် လက်ရှိ အခြေ အနေတွင် ကျောင်းသားအားလုံး၊ ဒေသအားလုံးအတွက် အခွင့်အရေးညီမျှမှု မဖြစ်နိုင်သေးပါ။ ကျောင်းသား အားလုံးသင်ယူမှု အခွင့်အလမ်း တူညီစေမည့်နည်းလမ်းများကို အသုံးပြုသင့်ပါသည်။ ရေရှည်တွင် အင်တာနက် အသုံးပြုနည်းလမ်းများဖြင့် သင်ကြားသင်ယူမှုပြုလုပ်နိုင်ရန် ပြင်ဆင်မှုများ လိုအပ်ပါသည်။ ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရန် အကြံပြုပါသည်။
  • ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကို ဦးတည်သည့်ပညာရေး (SDG-4) နှင့်လည်း ကိုက်ညီပြီး မြန်မာနိုင်ငံ ဒေသအသီး သီး၊ လူမျိုးအသီးသီးနှင့်ကိုက်ညီမှုရှိစေမည့် ဒေသအလိုက်ရေးဆွဲသည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြုသင့်ပါသည်။ ဒေသ အသီးသီးကို ကိုယ်စားပြုထားသော ပညာရှင်များ ညှိနှိုင်းတိုင်ပင် ရေးဆွဲသည့် သင်ရိုးညွှန်းတမ်းကျောရိုး (core curriculum) တခု လိုအပ်ပြီး အဆိုပါကျောရိုးကို အခြေခံ၍ ဒေသသင်ရိုး (local curriculum) များရေးဆွဲသင့်ပါသည်။ အသစ်ရေးဆွဲမည့် သင်ရိုးညွှန်းတမ်းသည် ကျောင်းသားများ ဘဝတလျှောက် လိုအပ်မည့် စွမ်းရည်များကို မြှင့်တင်နိုင်သည့် (competency-based) သင်ရိုးညွှန်းတမ်း အမျိုးအစား ဖြစ်သင့်သည်ဟု အကြံပြုပါသည်။ မိခင်ဘာသာစကားအခြေပြုပညာရေး (MTB-MLE) ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။
  • ကူးစက်ရောဂါများကိုလည်း ကာကွယ်နိုင်ပြီး ကျောင်းသားများကိုယ်တိုင် အားထုတ်သင်ယူသည့် သင်ကြားနည်း စနစ်နှင့် စာသင်ခန်းစီမံခန့်ခွဲမှုကို ပြောင်းလဲကျင့်သုံးသင့်ပါသည်။ သင်ခန်းစာပါ အကြောင်းအရာ၊ အချက်အလက်များကို မည်မျှမှတ်မိကြောင်းစစ်ဆေးသည့် စာမေးပွဲများသည် သင်ယူမှုကို ထိခိုက်စေပါသည်။ လေ့လာသည့် အကြောင်းအရာကို ကျောင်းသားကိုယ်တိုင် အားထုတ်သင်ယူခြင်း၊ အသိဉာဏ်တည်ဆောက်နိုင်ခြင်းနှင့် စဉ်းစားဆင်ခြင် သုံးသပ်နိုင်ခြင်းတို့ကို အားပေးမြှင့်တင်သော စစ်ဆေးနည်း (Formative Assessment) ကို ကျင့်သုံးသင့်ပါသည်။ ကာလတခုအထိ ကျင့်သားရ လာလျှင် သင်ယူသူကျောင်းသားကိုယ်တိုင် အကဲဖြတ်နိုင်သည့် စစ်ဆေးနည်း (Authentic Assessment) ကို ကျင့်သုံးနိုင် ပါမည်။
  • ဗဟိုချုပ်ကိုင်မှုကိုလျှော့ချ၍ ဒေသအလိုက် ကျောင်းအလိုက် စီမံခန့်ခွဲ ဆုံးဖြတ်နိုင်သည့် အခွင့်အရေး ရှိသင့်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပညာရေးစီမံခန့်ခွဲမှုမှစတင်၍ ဒေသအလိုက် ကျောင်းဖွင့်ခြင်း၊ ကျောင်းပိတ်ခြင်းတို့ကို ဆုံးဖြတ် နိုင်သည့် အခွင့်ပေးခြင်းဖြင့် စတင်သင့်ပါသည်။ ဒေသအလိုက်၊ ကျောင်းအလိုက် ဆုံး ဖြတ်နိုင်သည့် အလေ့အကျင့်ကို တဖြည်းဖြည်း တိုးမြှင့်ဆောင်ရွက်သင့်ပါသည်။ ဗဟိုပညာရေးဌာနမှ နည်းပညာ၊ ငွေကြေး စသည်တို့ကို ထောက်ပံ့ပြီး သင်ယူမှု ပတ်ဝန်းကျင် (Learning Community) တည်ဆောက်သင့်ပါသည်။
Dr Thein Lwin

ဒေါက်တာသိန်းလွင်သည် အင်္ဂလန်နိုင်ငံ နယူးကာဆယ်တက္ကသိုလ်မှ ပညာရေးဆိုင်ရာမဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်ပြီး Thinking Classroom Foundation ကို တည်ထောင်၍ သင်ကြားရေးနည်းစနစ်များကို ၂၀၀၁ ခုနှစ်မှ ယနေ့အထိ ဖြန့်ဝေလျက်ရှိသည်။ တိုင်းရင်းသားဒေသ အခြေပြုကျောင်းများ၊ ဘာသာရေး အခြေပြုကျောင်းများနှင့် ရွှေ့ပြောင်းဒေသကျောင်းများတွင် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးစနစ်များအတွက် အကြံဉာဏ်နှင့် သင်တန်းများ ပေးအပ်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်မှစ၍ ၂၀၁၈ ခုနှစ်အထိ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) တွင်ဦးဆောင်ပါဝင်ခဲ့သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search