Menu & Search

မြန်မာနိုင်ငံနဲ့ ဒုတိယလှိုင်းခပ်ပြင်းပြင်း

October 7, 2020

မြန်မာနိုင်ငံကို ကိုဗစ်လှိုင်းတွေရိုက်ခတ်ခဲ့တာ မတ်လမှာ ပထမလှိုင်း၊ ဩဂုတ်လမှာတော့ ဒုတိယလှိုင်းက သက်ရောက်မှုအားပြင်းပြင်းနဲ့ ဝေဒနာဆိုးတွေပေးနေပါတယ်။ နေ့စဉ်လူနာ ရာနဲ့ချီတိုးပွားနေပြီး သေဆုံးသူအရေအတွက်မှာလည်း တရိပ်ရိပ်တိုးတက်လာနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုဗစ်ဒုတိယလှိုင်းဆိုတာဘာလဲ၊ ဘာလို့ ပိုဆိုးရွားနေခဲ့တာလဲဆိုတာနဲ့ ဘာတွေမျှော်လင့်ပြင်ဆင်ထားရမလဲဆိုတာကို ဆွေးနွေးသွားမှာပါ။

ဒုတိယလှိုင်းဆိုတာဘာကိုခေါ်တာလဲ

မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်နေတယ်ဆိုတဲ့အကြောင်း‌ ပြောသံဆိုသံတွေကြားဖူးမှာပါ။ ဒုတိယလှိုင်းဆိုတာ ကြားဖူးပေမယ့် ဘာကြောင့် ဒုတိယလှိုင်းလို့ခေါ်တာလဲဆိုတာကိုတော့ အကုန်မသိကြလောက်ဘူး။

ပင်လယ်ကမ်းစပ် ရောက်ဖူးတဲ့သူတွေဟာ လှိုင်းတွေရဲ့သဘောသဘာဝကို သိပါလိမ့်မယ်။ ပထမလှိုင်းတစ်လုံးတက်လာမယ်၊ အမြင့်ဆုံးနေရာကိုရောက်ပြီးပြီဆိုရင် အဲဒီလှိုင်းက ကမ်းစပ်ကိုရိုက်ခတ်ပြီးပျောက်ဆုံးသွားမယ်။ ဒီအချိန်မှာပဲ နောက်ထပ် လှိုင်းတစ်လုံးထွက်ပေါ်လာတော့တာပါပဲ။

မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေကို ဇယားချကြည့်မယ်ဆိုရင်လည်း ရေလှိုင်းတွေလိုမျိုး သဘောသဘာဝကို မြင်တွေ့နိုင်ပါလိမ့်မယ်။ မတ်လကနေ စတင်ပေါ်ထွက်လာတဲ့ပထမလှိုင်းက ဇွန်လလောက်မှာ အမြင့်ဆုံးရောက်ပြီး ဇူလိုင်မှာတော့ ကျဆင်းသွားတယ်၊ ဩဂုတ်လအစောပိုင်းမှာဆိုရင် အနိမ့်ဆုံးဖြစ်လာပြီး ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့တယ်။ ဒီအချိန်မှာပဲ ဩဂုတ်လ တတိယပတ်မှာ လှိုင်းအသစ်တစ်လုံး ရခိုင်ကနေ စတက်လာတယ်။ ပြီးနောက်မှာတော့ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး ပြင်းပြင်းထန်ထန် ရိုက်ခတ်နေတော့တာမို့ ဒုတိယလှိုင်းလို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။

ဘာလို့ ဒုတိယလှိုင်းက ပထမလှိုင်းထက်ဆိုးရွားခဲ့တာလဲ

သမိုင်းမှာလည်း ဒုတိယလှိုင်းတွေက ရှိခဲ့ဖူး၊ ပိုဆိုးခဲ့ဖူးတာပါပဲ။ ဥပမာ- ၁၉၁၈ခုနှစ်မှာ ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးကူးစက်မှုမှာလည်း ဒုတိယလှိုင်းက ပထမလှိုင်းထက် ကူးစက်မှုနဲ့ အသေအပျောက် အများကြီး ပိုဆိုးခဲ့ပါတယ်။ အချိန်လည်းပိုကြာခဲ့တယ်။ ၁၉၁၈ ခုနှစ် အစောပိုင်းမှာဖြစ်တဲ့ စပိန်တုပ်ကွေးဟာ ဩဂုတ်လလောက်မှာတော့ အားပျော့သွားတယ်။ ဒါပေမယ့် ဩဂုတ်လနှောင်းပိုင်းမှာတော့ ပြန်လည်အားကောင်းလာလိုက်တာ ၁၉၂၀ ထိကြာအောင်ဖြစ်ပွားခဲ့ပြီး လူ သန်း ၂၀ ကနေ သန်း ၅၀ လောက်သေကြေပျက်စီးခဲ့ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းက လေးခုပါ။

၁။   ဗိုင်းရပ်စ်က မျိုးဗီဇပြောင်းသွားပြီး ပိုဆိုးရွားပြီး အသေအပျောက်မြင့်တဲ့ ဗိုင်းရပ်စ်ဖြစ်လာတယ်။

၂။   ပထမကမ္ဘာစစ်ပြီးခါနီးအချိန်ဖြစ်နေလို့ စစ်သားတွေအသွားအလာများပြီး အိမ်ပြန်ကြတာကို မထိန်းသိမ်းနိုင်တာကနေ ပြန့်ပွားမှုအသစ် ဆက်ဖြစ်တယ်။

၃။   ဗိုင်းရပ်စ်ကူးစက်မှု မပြီးဆုံးသွားသေးခင်မှာ ကူးစက်မှု ကာကွယ်ရေးလုပ်ထားတဲ့ တင်းကြပ်မှုတွေကို ပြန်ဖြေလျော့ပေးလိုက်တယ်။

၄။   ကာကွယ်ဆေးနည်းပညာ မထွန်းကားသေးဘူး။

ဒီလိုနဲ့ စပိန်တုပ်ကွေးဟာ ပထမလှိုင်းအပြီးမှာ ဒုတိယလှိုင်းအနေနဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေကို ကြည့်မယ်ဆိုရင်လည်း ဒီသဘောကိုတွေ့ရလိမ့်မယ်။

၁။   ကိုဗစ်ဟာ ဇူလိုင်လကုန်လောက်မှာ မျိုးဗီဇပြောင်းနေတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်။

၂။   ရခိုင်မှာ ပြည်တွင်းကူးစက်မှု အစပြုနေချိန် တခြားနေရာတွေကို မကူးစက်လာအောင် မထိန်းသိမ်းနိုင်ခဲ့ဘူး။

၃။   ကိုဗစ်ဇာတ်လမ်း အဆုံးမသတ်သေးခင်မှာ ပိတ်ဆို့တင်းကျပ်ထားတာတွေကို ဖြေလျှော့ပေးလိုက်တာနဲ့အတူ လူတွေဘက်ကလည်း မက်စ်တပ်တာ လက်ဆေးတာတွေ အရှိန်လျော့သွားတယ်။ မလုပ်ကြတော့ဘူး။ လူတွေကြားထဲ မသွားကြသေးဖို့ ပြောတာတွေကို နားမထောင်တော့ဘူး။ ဘားတွေမှာတောင် “ဂိုးအဝေးကိုရိုနာ” သီချင်းနဲ့ ကကြသေးတယ်။ ဒီတော့ ဒုတိယအကြိမ် ကူးစက်မှု ပြန်ဖြစ်လာချိန်မှာ အရှိန်အဟုန်ပြင်းပြင်း ကူးစက်တယ်။

၄။   ကာကွယ်ဆေး ထွက်ပေါ်မလာသေးတာကလည်း ဒုတိယလှိုင်း ရိုက်ခတ်မှုရဲ့ နောက်ထပ်အကြောင်းရင်း အချက်တစ်ခုပါ။

ဒီအခြေအနေတွေ ဘယ်တော့ ပြီးဆုံးသွားနိုင်မှာလဲ

ကိုဗစ်ဘယ်တော့ ပြီးဆုံးမှာလဲဆိုတာက လူတိုင်းသိချင်နေတဲ့ မေးခွန်းတစ်ခုပါ။ လွယ်မလိုလိုနဲ့ အဖြေပေးရတာလည်း ခက်ပါတယ်။ ကူးစက်မြန်ရောဂါတစ်ခု အဆုံးသတ်သွားဖို့အတွက် အများစုကူးစက်ခံရပြီး ကိုယ်ခံအားထွက်ရှိဖို့နဲ့ ကာကွယ်ဆေးထိုးပြီး ကိုယ်ခံအားရဖို့ နည်းလမ်းနှစ်ခုပဲရှိမယ်။ ကိုဗစ်ဟာ တုပ်ကွေးလို တခြားကူးစက်မြန်ရောဂါတွေနဲ့ မတူတာက ကူးစက်မှုနှုန်း မြန်ဆန်တဲ့အပြင် သေဆုံးမှုနှုန်းလည်း မြင့်မားတယ်။ မြန်မာနိုင်ငံမှာဆိုရင် သေဆုံးမှုနှုန်းက ၁.၆ ရာခိုင်နှုန်းရှိတယ်။ လူတစ်ထောင်ကူးစက်ခံရရင် ၁၆ယောက်သေဆုံးမယ်ဆိုတဲ့အတိုင်း တွက်ကြည့်မယ်ဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်ခံအားထွက်ဖို့ဆိုရင် လူ ၆သိန်းကျော်သေဆုံးနိုင်တဲ့ အနေအထားမှာရှိတယ်။ ဒါကြောင့် အကူးခံပြီး ကိုယ်ခံအားထွက်ရှိဖို့ထက် ပိုးကူးစက်မှုကို အတတ်နိုင်ဆုံးထိန်းချုပ်၊ ကာကွယ်ဆေးရအောင်စောင့်ပြီး ကိုယ်ခံအားထွက်ရှိနိုင်ဖို့က ပိုဖြစ်နိုင်ခြေရှိတယ်။ အသေအပျောက်နည်းမယ်။ ဒါပေမယ့် စီးပွားရေး ထိခိုက်မှုတော့ ပိုများမယ်။ ကာကွယ်ဆေးက ဒီနှစ်ကုန်လောက်မှာ ရရှိနိုင်မယ်လို့မှန်းပေမယ့် မြန်မာနိုင်ငံအတွက်နဲ့ လူတော်တော်များများဆီရောက်ဖို့ကတော့ နောက်ထပ် လနဲ့ချီအချိန်ယူရနိုင်သေးတဲ့အတွက် ရှေ့နှစ် အစောပိုင်းကာလတွေအထိ ကိုဗစ်ပျောက်ဆုံးသွားဖို့ဆိုတာ မသေချာသေးဘူး။

အခုချိန်မှာ ဘာတွေကိုမျှော်လင့်ပြီး ပြင်ဆင်ထားမလဲ

ရေတိုကာလအတွင်း ကိုဗစ်ပြီးဆုံးသွားဖို့ဆိုပြီး မျှော်နေလို့ရတဲ့ အနေအထားမဟုတ်ပါဘူး။ အခု အိမ်မှာနေဖို့ကာလ ပြီးဆုံးသွားတာနဲ့ ကိုဗစ်ပြီးဆုံးသွားပြီလို့ မှတ်ယူလို့မရပါဘူး။ အစိုးရရဲ့ ရည်မှန်းချက်က ကိုဗစ်ပြီးဆုံးသွားဖို့မဟုတ်ဘဲ အပေါ်မှာပြောခဲ့သလိုပဲ ကူးစက်မှုကိုထိန်းချုပ်သွားပြီး ကာကွယ်ဆေးထွက်ရှိအောင် စောင့်ဖို့ပါ။ Flatten the curve ဆိုတာ ဒီသဘောကိုပြောတာပါ။ ကိုဗစ်လိုကူးစက်မြန်ရောဂါမျိုးကို အိမ်မှာနှစ်ပတ်နေလိုက်ရုံနဲ့ လုံးဝအပြီးပျောက်ကင်းသွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်နေ့ကို ရာနဲ့ချီတွေ့နေပြီး ပိုးကူးစက်ခံရသူ ဇယားအပေါ်ကိုထောင်နေတာကိုတော့ လျှော့ချနိုင်လိမ့်မယ်။ ရည်မှန်းချက်က ကိုဗစ်ကူးစက်ခံရတဲ့လူနာနဲ့ သေဆုံးနှုန်းပမာဏကို အစိုးရက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်လောက်တဲ့ ဝန်းကျင်မှာ ထိန်းထားနိုင်ဖို့ပါ။

လက်ရှိမြန်မာနိုင်ငံအခြေအနေ

ဒီစာရေးနေတဲ့အချိန် စက်တင်ဘာ ၂၉ရက် ထုတ်ပြန်ချက်တွေအရဆိုရင် မြန်မာနိုင်ငံမှာ လူပေါင်း ၁၀,၇၃၄ ဦးကူးစက်ခံနေရပြီး သူတို့ထဲက ၂၂၆ ဦးကတော့ အသက်သေဆုံးခဲ့ပါတယ်။ ပိုးတွေ့ရှိသူအရေအတွက်ဟာ တရက်ကို စစ်ဆေးမှုရဲ့ အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒီထက်ပိုပြီး စစ်ဆေးမှုတွေ ပြုလုပ်နိုင်ရင် ထပ်တွေ့နိုင်တဲ့ အလားအလာတွေလည်းရှိပါတယ်။ ဒါပေမယ့် လောလောဆယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ မြန်မာနိုင်ငံဟာ Cluster of cases transmission လို့ခေါ်တဲ့ အစုအဝေးနဲ့ ပြန့်ပွားမှုအဆင့်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။

ကူးစက်မှုအဆင့်သတ်မှတ်ချက်တွေကို WHO ကနေ ကြီးကြပ်ပြီး ရက်သတ္တပတ်အလိုက် ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ Community transmission အဖြစ်သတ်မှတ်ဖို့ ရှိနေလားဆိုတာတော့ မသိရသေးပါဘူး။ လက်ရှိအနေအထားအရ အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ရှိသမျှ အရင်းအမြစ်ကို အသုံးချပြီး‌‌ ရောဂါကို ထိန်းချုပ်ဖို့ကြိုးစားနေတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်အရဆိုရင် မြန်မာနိုင်ငံအနေအထားနဲ့ ရောဂါရှိသူတွေကို အိမ်မှာပဲနေခိုင်းဖို့ မဖြစ်နိုင်သေးဘူး။ Containment လို့ခေါ်တဲ့ ပျောက်ကင်းတဲ့အထိ ထိန်းသိမ်းနိုင်မယ့်နည်းလမ်းကိုပဲ ဆက်ကျင့်သုံးမယ်။ ရောဂါရှာဖွေမှုတွေ အရှိန်အဟုန်မြှင့်မယ်လို့ ပြောဆိုထားပြီး ဆေးရုံတွေ တိုးချဲ့တာ၊ လူနာထားမယ့်နေရာအသစ်တွေ ပြုလုပ်နေတာတွေကို ဆက်လုပ်နေတယ်။ ဒါကို နောက်ဆုံးတိုက်ပွဲပဲလို့‌ ပြောဆိုထားပြီး ရနိုင်သမျှအရင်းအမြစ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့်လည်း အောက်ခြေက ကုသမှုပေးနေသူတွေ လက်ပန်းကျနေပြီဆိုတဲ့ ပြောဆိုမှုတွေ၊ ဆေးရုံတွေမှာ လူနာသစ် လက်မခံနိုင်လောက်အောင် ဖြစ်နေတယ်ဆိုတာတွေနဲ့ သီးသန့်ခွဲထားတဲ့နေရာ Quarantine Center တွေပြည့်နေပြီဆိုတာတွေကိုလည်း ကြားနေရပါတယ်။ ဒီနှစ်ပတ် အခြေအနေမှာ အကောင်းဘက်ကို ဦးတည်လာဖို့အတွက်ကိုပဲ မျှော်လင့်နေကြရပါတယ်။

ဘာတွေပြင်ဆင်ထားရမလဲ

ပထမဆုံး သိရမဲ့အချက်ကတော့ ဒီနှစ်ပတ်ပြီးတာနဲ့ ကိုဗစ် ပြီးဆုံးသွားမယ်ဆိုတာ မဟုတ်ဘူးဆိုတာကိုပါ။ ဒီလိုနမူနာမျိုး ပထမလှိုင်းမှာလည်း ကြုံတွေ့ပြီးပြီဆိုတော့ အခုတစ်ခေါက် အိမ်မှာနေတဲ့အချိန် ပြီးပြီဆိုရင် တော်တော်များများလည်း သင်ခန်းစာရသွားလောက်ပြီလို့ မျှော်လင့်ရပါတယ်။

လက်ဆေးတာ၊ မက်စ်တပ်တာနဲ့ လူချင်းခပ်ခွာခွာနေတဲ့ အလေ့အကျင့်တွေဟာ ခဏတဖြုတ်လုပ်ရမဲ့ အရာတွေမဟုတ်ဘဲ နေထိုင်မှုနည်းလမ်း အသစ်ဆိုတာကို စိတ်ထဲထည့်ထားရမယ်။ အိမ်မှာပဲနေဖို့ တားမြစ်ချက်အဆုံးသတ်သွားလည်း ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်ပြီး လုပ်ဆောင်သွားရမယ်။ ကိုယ့်ရဲ့ လူမှုရေး၊ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို ဖြစ်နေတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြောင်းလဲထားရမယ်။ အစိုးရဘက်ကတော့ ဖြေလျော့ပေးလိုက် ကူးစက်မှုမြင့်တက်လာချိန်မှာ ပြန်ပြီးတင်းကျပ်မှုတွေလုပ်လိုက်နဲ့ စီမံမှာပဲဆိုတာကို သဘောပေါက်ရင် ကိုယ်တိုင်လည်း အဲဒီလိုပုံစံအတိုင်း အဆင်ပြေပြေနေနိုင်အောင် ကြိုးစားပြီး ပြောင်းလဲယူရလိမ့်မယ်။

ကျတော်တို့ လက်ရှိမှာ လုပ်နိုင်တာက အခုချိန် အိမ်မှာနေဖို့အမိန့်ကို တိတိကျကျလိုက်နာပြီး ကူးစက်မှုတွေလျော့သွားအောင် အကူအညီပေးရမယ်။ ကိုယ့်ဘေးနားပတ်လည်က အကူအညီလိုအပ်နေတဲ့သူတွေကို စာနာစိတ်နဲ့ အကူအညီပေးကြမယ်။ အရေးအကြီးဆုံးကတော့ ဒုတိယလှိုင်းရိုက်ခတ်မှုကို နမူနာယူပြီး နောက်ထပ် တတိယလှိုင်းတွေ၊ စတုတ္ထလှိုင်းတွေထပ်ပြီး မရိုက်ခတ်တော့အောင် သတိထားကြရမယ်။ ၁၉၁၈ စပိန်တုပ်ကွေးနဲ့ အခုဖြစ်နေတဲ့ ကိုဗစ်ရောဂါနဲ့ အကြားမှာ ကွာခြားတာကတော့ အခုခေတ်မှာ ကာကွယ်ဆေးနည်းပညာတွေ ထွန်းကားနေတာပါပဲ။ ဒါကြောင့် အဲဒီတုန်းကလို အခြေအနေဆိုးမျိုးနဲ့ ထပ်ကြုံတွေ့ရဖို့ အခွင့်အလမ်းနည်းပါတယ်။ ကာကွယ်ဆေးမရလာခင်စပ်ကြား ကျတော်တို့ အားတင်းထားကြဖို့နဲ့ သတိကြီးကြီးထားကြဖို့တော့ လိုအပ်ပါတယ်။ ဒီတစ်ခါလည်း ကျတော်တို့အတူ ကျော်ဖြတ်နိုင်မှာပါ။

Dr Thurein Hlaing Win

ဒေါက်တာသူရိန်လှိုင်ဝင်းသည် Hello ဆရာဝန်ဝက်ဘ်ဆိုက်၏ တာဝန်ခံအယ်ဒီတာတဦး ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search