Menu & Search

ကိုဗစ်ကာလ စိန်ခေါ်မှုများနှင့် နိုင်ငံ့ဝန်ထမ်းစွမ်းရည်

July 16, 2020

ကိုဗစ်-၁၉ စိန်ခေါ်မှုကြီး ကမ္ဘာတလွှား နိုင်ငံအသီးသီးအား ရိုက်ခတ်လာချိန်တွင် နိုင်ငံ့အစိုးရများ၏ ခေါင်းဆောင်မှု၊ မူဝါဒဆိုင်ရာများ၊ တုံ့ပြန်မှုများသည် အလွန်အရေးကြီးလာသည်။ အစိုးရစွမ်းရည်ကို အကဲဖြတ်သည့် ကပ်ရောဂါကြီးဟုပင် ဆိုနိုင်ပါသည်။ အစိုးရအသီးသီးသည် ကပ်ရောဂါကို တုံ့ပြန်ရာတွင် လျင်မြန်ထိရောက် မြန်ဆန်စွာ တုံ့ပြန်ရန် လိုအပ်ပြီး ပြည်သူများအတွက် လိုအပ်သည့် ကပ်ရောဂါဆိုင်ရာ အရေးပေါ် ကိစ္စများ၊ စီးပွားရေးဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုများ လျင်မြန်ထိရောက်စွာ ပံ့ပိုးနိုင်ရန်လည်း လိုအပ်ပါသည်။ ထို့အပြင် အစိုးရ အဆင့်ဆင့်၊ ပုဂ္ဂလိက ကဏ္ဍများ၊ အရပ်ဘက် အဖွဲ့များ၊ ပြည်သူများ အားလုံးအား ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထိရောက်သည့် အစိုးရတရပ်သည် ကိုဗစ်စိန်ခေါ်မှုများကို ကျော်ဖြတ်ရာတွင်

  • စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်လုပ်ကိုင်နိုင်ပြီး ဗဟိုအဆင့်နှင့် ဒေသန္တရအဆင့်များတွင် အရေးပေါ်ဆုံးဖြတ်ချက်များကို လွယ်ကူလျင်မြန်စွာ ချမှတ်နိုင်ရမည်ဖြစ်သည်။
  • အရင်းအမြစ်များကို လျင်မြန်လွယ်ကူထိရောက်စွာ အသုံးချနိုင်ပြီး မမှန်ကန်မှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရန် တားဆီးနိုင်ရမည်ဖြစ်သည်။
  • စီးပွားရေး ပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံ့ဝင်ငွေအခြေအနေကို ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးကဏ္ဍ ဝယ်လိုအားကို ဖြေရှင်းနိုင်ရမည်ဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် ပြည်သူများ ချောင်လည်စေရန်အတွက် အခွန်စနစ်များ ပြင်ဆင်ခြင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
  • ကျန်းမာရေးကဏ္ဍမှ ဝန်ထမ်းများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ အဆက်မပြတ် လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သည့် ဆွဲဆောင်မှုများ၊ ဖြေလျှော့မှုများ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
  • ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများဖြစ်သည့် ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ စွမ်းအင်နှင့် စည်ပင်သာယာရေး စသည့်ဝန်ဆောင်မှုများ ပြတ်တောက်မှု မရှိစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။
  • ကပ်ရောဂါကို တုံ့ပြန်ရာတွင် အစိုးရသည် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အရင်းအမြစ်များကို အသုံးပြုခြင်း စသည်တို့၌ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်သည်။
  • ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်ရန် အားပေးပြီး ဆန်းသစ်တီထွင်မှုများ ပြုလုပ်နိုင်ရန် စီမံပေးရမည်ဖြစ်သည်။

အဆိုပါ မူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်မှာ အစိုးရသည် စွမ်းရည်ပြည့် အစိုးရတရပ် ဖြစ်နေရန် အလွန်အရေးကြီးသည်။ စွမ်းရည်ပြည့်ဝသည့် အစိုးရတရပ်ဖြစ်လာစေရန် အရေးကြီးဆုံးမှာ အစိုးရယန္တရားကြီး တရပ်လုံး ကြံ့ခိုင်ကောင်းမွန် ခိုင်မာအားကောင်းရမည်ဖြစ်သည်

 

ကိုဗစ်ကာလ စိန်ခေါ်မှုများနှင့် နိုင်ငံ့ဝန်ထမ်းစွမ်းရည်

မြန်မာနိုင်ငံတွင် အစိုးရ အုပ်ချုပ်ရေး ယန္တရားမှာ အားနည်းမှုများ ရှိနေသည်။ ကိုဗစ်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းများ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးအတွက် ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ကြရသူများဖြစ်သည်။  နိုင်ငံ့ဝန်ထမ်း ယန္တရားစနစ်ကြီးအောက်တွင်  နေ့မနား ညမနား အလုပ်လုပ်နေကြရသော်လည်း ဝန်ထမ်းများ၏ စွမ်းရည်မှာ ယိုယွင်းနေသည့်  မြန်မာ့အုပ်ချုပ်ရေး ယန္တရားကြီးတခုလုံးအောက်တွင် တဦးချင်းစီ၏ စွမ်းရည်အားထုတ်မှုများမှာ အရာမထင်ဖြစ်နေသည်။

နိုင်ငံဝန်ထမ်းများ ကြုံတွေ့နေရသည့်  အခက်အခဲများနှင့် မြန်မာဗျူရိုကရေစီ ယန္တရား၏ အားနည်းမှုများကို မီးမောင်းထိုးပြလိုက်သူမှာ ကိုဗစ်ကေ့စ်လူနာ အမှတ် ၃၀ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်စိန်ဖြစ်သည်။ ဆရာမကြီးသည် ဧပြီ ၂၈ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့် ဗီဒီယိုကွန်ဖရင့်စ်မှ ပြောကြားသွားသည့် အချက်များအား ပြန်လည် ကိုးကားတင်ပြလိုက်ပါသည်။

ဆရာမကြီး ပြောကြားသွားသည့် အချက်များတွင် အဓိကအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အားနည်းချက်ကြီးများကို ထောက်ပြပြောဆိုသွားသည်။ အဓိက အားနည်းချက်ကြီး သုံးချက်မှာ

 

(၁) အရင်းအမြစ်များ အားနည်းခြင်း

(ဝန်ထမ်းအင်အားနှင့် အခြား ကုသရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ)

(က) ဝန်ထမ်းများ လုံလောက်မှုမရှိခြင်း။                 ။ ဆရာမကြီးသည် သူတာဝန်ကျခဲ့သည့် ပြည် ခုတင်                ၅၀၀ ဆေးရုံတွင် မေ့ဆေးဆရာဝန် နှစ်ဦးသာရှိပြီး လူနာနှင့် ဝန်ထမ်းမလုံလောက်မှု အချိုးကို ထောက်ပြ  ပြောဆိုသွားသည်။

(ခ) ပစ္စည်း ကိရိယာများ လုံလောက်မှုမရှိခြင်း။                    ။ အရေးပေါ်လူနာထားသည့် အထူးကြပ်မတ်              ကုသခန်း အိုင်စီယူခန်းအခြေအနေကအစ အသက်ရှူစက်များ၊ လိုအပ်သည့် ပစ္စည်းကိရိယာများလုံလောက်မှု မရှိခြင်းကိုလည်း ထောက်ပြပြောဆိုသွားပါသည်။

(၂) နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်း

(အသက်ရှူစက်နှင့် အခြားစက်ပစ္စည်းကိရိယာများ လေ့ကျင့်သင်ယူမှု အားနည်းခြင်း)

ကျန်းမာရေးဝန်ထမ်းများမှာ အသက်ရှူစက်နှင့် အခြားစက်ပစ္စည်းကိရိယာများ အသုံးပြုပုံကို လေ့လာသင်ယူ            မှု အားနည်းသည်ကို ဆရာဝန်မကြီးက ကိုယ်တွေ့ထောက်ပြသွားသည်။

(၃) ဗဟိုဦးစီးချုပ်ကိုင်မှု များပြားနေခြင်း

ဆရာဝန်မကြီးပြောသွားသည့် အချက်ထဲတွင် လူနာများကို ကိုဗစ်ရောဂါကုသရေးအတွက် Clinical Management Committee ဖွဲ့စည်းပြီး ဆောင်ရွက်သည့်အခါတွင် သက်ဆိုင်ရာ ဆရာဝန်များသည် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ အဆိုပါ ကော်မတီ၏ လမ်းညွှန်မှု၊ ဆုံးဖြတ်မှုကိုသာ လိုက်နာကြရသဖြင့် ဗဟိုဦးစီး စနစ်များပြားနေကြောင်း ထောက်ပြပြောဆိုသွားသည်

ဆရာဝန်မကြီး ပြောသွားသည့် အချက်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တခုတည်း ကြုံတွေ့နေရသည့် အခက်အခဲများ မဟုတ်ပေ။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး ယန္တရားကြီးအတွင်းရှိ ဝန်ကြီးဌာနတိုင်း ကြုံတွေ့ရသည့် ပြဿနာအခက်အခဲနှင့် စိန်ခေါ်မှုများ ဖြစ်သည်။

 

() အရင်းအမြစ်များ အားနည်းခြင်း 

(က) ဝန်ထမ်းအင်အား လုံလောက်မှု မရှိခြင်း

ဗဟိုစာရင်းအင်းအဖွဲ့Central Statistical Organization ၏ အချက်အလက်များအရ ၂၀၁၇-၁၈ တွင် မြန်မာနိုင်ငံ၌ ဆရာဝန် ၁၀,၅၉၅ ဦးနှင့် သူနာပြု ၁၉,၉၆၈ ဦး ရှိသည်။ WHO ကလည်း ၂၀၁၃-၁၄ တွင် လူဦးရေတသိန်းတွင် ဆရာဝန် ၆၁ ဦးခန့် ရှိကြောင်း ပြောကြားထားသည်။ ကျန်းမာရေးကဏ္ဍကြီး တခုတည်းတွင်သာမက အခြားကဏ္ဍ ဝန်ကြီးဌာနတိုင်းတွင် ဝန်ထမ်းအင်အား လိုအပ်မှုများပြားနေသည်။ ဝန်ထမ်းရွေးချယ်ခန့်ထားမှုမှာ ဌာနအများစုက ဘတ်ဂျက်လိုအပ်ချက်ကြောင့် သုံးပုံနှစ်ပုံသာ ခန့်အပ်သည်။ ယခုနောက်ပိုင်းတွင်မူ ကျန်းမာရေး၊ အုပ်ချုပ်ရေး ဌာနများတွင် ဝန်ထမ်းခန့်ထားရာ၌ ဖွဲ့စည်းပုံပြည့် ခန့်ထားလာကြသည်။ ဝန်ကြီးဌာနများတွင် အဆင့်အလိုက် ဝန်ထမ်းအင်အားကို ခန့်မှန်းတွက်ချက်သည့် Human Resource Policy Planning  လူစွမ်းအား အရင်းအမြစ်မူဝါဒစီမံချက် ရေးဆွဲမှု မရှိသောကြောင့် ဌာနကြီးတခုလုံး၏ လိုအပ်မှုနှင့် ကိုက်ညီသည့် မဟာဗျူဟာစီမံချက် အားနည်းသည်

အဆင့်အလိုက် လိုအပ်သည့်  ဝန်ထမ်းအင်အား အချိုးအစားတွက်ချက်မှု အားနည်းချက်နှင့် ဘတ်ဂျက်လိုအပ်မှုများကြောင့် ဝန်ထမ်းလိုအပ်မှုမှာ ဌာနတိုင်းတွင် အများအပြားဖြစ်နေသည်။ တဖက်မှာလည်း လုပ်ငန်းသဘာဝအရ လိုအပ်မှုကြောင့် ဝန်ထမ်းများ ခန့်ထားသော်လည်း (အထူးသဖြင့် အောက်ခြေအမှုထမ်း ဝန်ထမ်းအဆင့်များ) ဝန်ထမ်းအရည်အသွေး အားနည်းချက်ကြောင့် လူများပြီး ပွဲမစည်သကဲ့သို့ ဝန်ထမ်းများ အများအပြားရှိနေပြီး အလုပ်မတွင်သည့် ဌာနများလည်းရှိနေသည်။

 

() ပစ္စည်းကိရိယာများ လုံလောက်မှုမရှိခြင်း

နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် စာရွက်စာတမ်းမှအစ သယ်ယူပို့ဆောင်ရေး  ယာဉ်ယန္တရားအဆုံး လိုအပ်မှုများရှိနေသည်။ ကျန်းမာရေးပိုင်းဆိုင်ရာတွင် ဆေးရုံနှင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်ချက် အများအပြားရှိသော်လည်း ပြည်သူများနှင့် နိုင်ငံတကာက လိုအပ်သည့် ဆေးပစ္စည်းများ လှူဒါန်းမှုကြောင့် အခက်အခဲများကို လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများနည်းတူ အုပ်ချုပ်ရေး ဝန်ထမ်းများမှာလည်း စာရွက်စာတမ်းများ အချိန်မီကောက်ယူနိုင်ရေးအတွက် အခက်အခဲများရှိနေသည်။ အောက်ခြေတွင် တာဝန်ထမ်းဆောင်ကြရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုဦးရေ စာရင်းကောက်ယူခြင်း၊ နိုင်ငံခြားမှ ပြန်ရောက်လာကြသည့် ပြန်တော်ပြန်များအား စာရင်းကောက်ယူခြင်း စသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ကြရာတွင် အခက်အခဲများရှိနေသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အချက်အလက်များအရ မြန်မာပြည်တွင် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၇,၀၃၀  ရှိပြီး ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပေါင်း ၁၆,၁၆၅ ဦး ရှိသည်။ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး တဦးအား လစဉ်ချီးမြှင့်ငွေ ကျပ် ၇၀,၀၀၀ နှင့် ရုံးအသုံးစရိတ် ကျပ် ၅၀,၀၀၀  ကို နိုင်ငံတော်မှပံ့ပိုးသည်။ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးရုံးများအတွက် နိုင်ငံတော်မှ တလလျှင် ဘဏ္ဍာငွေ ၂,၀၄၃ ဒသမ ၆၀ သန်း၊ တနှစ်လျှင် ၂၄,၅၂၃ ဒသမ ၂ သန်းကျခံသုံးစွဲနေသည်

အဆိုပါ အုပ်ချုပ်ရေးမှူးများသည် ယခုကိုဗစ်ကာလ ရောဂါကာကွယ်တားဆီးရေးတွင် ရှေ့ဆုံးမှ တာဝန်ယူဆောင်ရွက်ကြရသူများ ဖြစ်သည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ပြည်သူများနှင့် သက်ဆိုင်သည့် အရေးကြီး သတင်းအချက်အလက်များအား အဓိက ကောက်ယူသူများဖြစ်ကြသည်။ စာရွက်စာတမ်းများ ပြုစုသည့်အခါ၊ ကောက်ယူသည့်အခါ၊ စာရင်းသွင်းသည့်အခါ၊ လိုအပ်သည့် စာရွက်စာတမ်း၊ ကွန်ပျူတာ၊ ရပ်ရွာအတွင်း သွားရေးလာရေးအတွက် ခရီးစရိတ် စသဖြင့် လိုအပ်မှုများရှိနေသည်။ အချို့နေရာများတွင် စာရွက်စာတမ်းများ သိမ်းဆည်းရန်ပင် ရပ်ကျေးရုံးများအနေနှင့် လုံလောက်မှု မရှိပေ။ မကွေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၁,၇၀၀ အနက် ကျေးရွာ ၉၀၀ ခန့်တွင်သာ ရပ်ကျေးအုပ်ချုပ်ရေးရုံးများ တည်ရှိပြီး ကျန်ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှာ နေအိမ်များတွင်သာ ရုံးခန်းဖွင့် အလုပ်လုပ်ကိုင်ကြရသည်။ အုပ်ချုပ်ရေးရုံးမရှိသဖြင့် အချက်အလက်များ သိမ်းဆည်းရာတွင်လည်းကောင်း၊ အစည်းအဝေးများ ပြုလုပ်ရာတွင်လည်းကောင်း အခက်အခဲများရှိနေသည် ။ အခြား ပြည်နယ်တိုင်းဒေသကြီးများတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ထိုအခက်အခဲများသည် ယခုကိုဗစ်ကာလတွင် ပိုမိုသိသာထင်ရှားသည့် အခက်အခဲများဖြစ်လာပြီး အုပ်ချုပ်ရေး နှောင့်နှေးမှုများဖြစ်ပေါ်လာသည်

 

() နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်း

သက်ဆိုင်ရာ ဝန်ထမ်းအသီးသီးသည် မိမိတို့ ထမ်းဆောင်ရမည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် စွမ်းရည် (skill) များ လိုအပ်သည်။ ဆရာမကြီးက ပြောသွားရာတွင် ကျန်းမာရေးဝန်ထမ်းများ အသက်ရှူစက်ကိုင်တွယ်ပုံမှအစ နည်းပညာကျွမ်းကျင်မှုများ လိုနေကြောင်း ထောက်ပြသွားပါသည်။ အခြား ဌာနများမှာလည်း ဝန်ထမ်းများသည် သက်ဆိုင်ရာ တာဝန်များအလိုက် စွမ်းရည် မြှင့်တင်ရေး၊ နည်းပညာကျွမ်းကျင်မှုများ လိုအပ်နေသည်။ ဝန်ထမ်းစွမ်းရည်မြှင့်တင်ရေးမှာ အစဉ်မပြတ် ဆောင်ရွက်နေရမည့် လုပ်ငန်းဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဝန်ထမ်းစွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ပုံမှန်ချမှတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ဝန်ထမ်းရေးရာ နည်းပညာကျွမ်းကျင်မှုသင်တန်းများ ဝန်ကြီးဌာနများအတွက် အဆက်မပြတ် ပံ့ပိုးပေးရန်နှင့် ဝန်ထမ်းရေးရာကဏ္ဍကြီးတခုလုံး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ၂၀၁၇-၂၀၂၀ ကို ရေးဆွဲခဲ့ပြီး ဝန်ထမ်းရေးရာပြုပြင်ပြောင်းလဲရေးအတွက်

(က) နိုင်ငံ့ဝန်ထမ်း အုပ်ချုပ်မှုပုံစံသစ်၊

(ခ) အရည်အချင်းကို အခြေခံ၍ စွမ်းဆောင်ရည်ရှိမှုကို ဦးစားပေးသော အလေ့အထနှင့် စနစ်များ၊

(ဂ) ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ခေါင်းဆောင်မှုပေးနိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်း၊

(ဃ) နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု/ တာဝန်ယူမှု ဟူသည့် ကဏ္ဍကြီးလေးရပ်တွင် ဝန်ထမ်းစွမ်းရည် မြှင့်တင်ရေးအတွက် ပြုပြင်ပြောင်းလဲရာတွင် ထည့်သွင်းစဉ်းစားခဲ့သည်

သို့သော် လက်တွေ့တွင်မူ နိုင်ငံဝန်ထမ်းစွမ်းရည်မြှင့်တင်ရေးသည် ဝန်ကြီးဌာနတခုချင်းစီ၏ မူဝါဒအလိုက်သာ ဆောင်ရွက်နေကြပြီး ဝန်ထမ်းများ လိုအပ်သည့် အရည်အချင်း အရည်အသွေးနှင့် ဆောင်ရွက်ကြရသည့် တာဝန်များမှာ ကွဲပြားခြားနားမှုများရှိနေသည်

 

() ဗဟိုဦးစီးချုပ်ကိုင်မှု များပြားခြင်း

ဆရာမကြီး ပြောကြားသွားသည့်အချက်များတွင် ဝန်ထမ်းရေးရာအကြားတွင် အစဉ်ဖြစ်ပေါ်နေသည့် အဓိကပြဿနာများဖြစ်သည့် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် မရှိခြင်း၊ အထက်အောက် အမိန့်ညွှန်ကြားမှုများအတိုင်းသာ လိုက်နာရခြင်း၊ ဝန်ထမ်းများမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့်မရှိသဖြင့် အထက်ညွှန်ကြားချက်ကိုသာ လိုက်နာကြပြီး မိမိဘာသာ ဖြေရှင်းဆောင်ရွက် လုပ်ကိုင်ရန် အားနည်းကြခြင်း စသည်တို့ကို ပြောကြားသွားသည်။ မြန်မာ့ဗျူရိုကရေစီ ယန္တရားတွင် အထက်အောက် အမိန့်ညွှန်ကြားချက်များကို လိုက်နာကြရသည့် အစဉ်အလာကြီးမားခဲ့သည်။

ဝန်ထမ်းများသည် အထက်အမိန့်ကိုသာ စောင့်ဆိုင်းလိုက်နာကြသဖြင့် ယခုကဲ့သို့ ကိုဗစ်ကာလများတွင် အခြေအနေကြည့်ပြီး ဆုံးဖြတ်ချက်များ လျင်လျင်မြန်မြန် ချမှတ်လုပ်ကိုင်ဆောင်ရွက်ကြရမည့် အခြေအနေတွင် အထက်အမိန့်ကို စောင့်ဆိုင်းနေပါက လုပ်ငန်းများ တွင်ကျယ်မည်မဟုတ်ပေ။ နိုင်ငံ့ဝန်ထမ်းများအား သက်ဆိုင်ရာ အဆင့်အလိုက် လုပ်ပိုင်ခွင့် အာဏာ လွှဲပြောင်းပေးခြင်း (authority delegation) သည် ဒေသန္တရအုပ်ချုပ်ရေးအတွက် အလွန်အရေးကြီးပြီး ယခု ကိုဗစ်ကာလတွင်မူ မဖြစ်မနေဆောင်ရွက်ကြရမည့် အခြေအနေဖြစ်သည်။ ဝန်ထမ်းရေးရာကဏ္ဍတွင် ဗဟိုဦးစီးစနစ် ဖြေလျှော့ရေးအတွက်လည်း အစိုးရက  ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် ၂၀၁၇-၂၀၂၀ တွင် “မြန်မာနိုင်ငံ အစိုးရ၏ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကို တည်ထောင်လိုသည့် ဆန္ဒသဘောထားကို ထင်ဟပ်သော မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းများအတွက် ဦးတည်ချက်အသစ်များကို ချမှတ်ခြင်း” အခန်းကဏ္ဍတွင် လက်ရှိ ဝန်ထမ်းရေးရာ လုပ်ထုံးလုပ်နည်း အစီအမံများသည် ဗဟိုချုပ်ကိုင်မှု မြင့်မားနေပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် နိုင်ငံ့ဝန်ထမ်းရေးရာ ကိစ္စများတွင် လုပ်ပိုင်ခွင့်များ ပိုမိုရရှိလာမည်ဟု ထည့်သွင်းဖော်ပြထားသည်  ။ သို့သော် ဝန်ထမ်းရေးရာကဏ္ဍအတွင်း ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရေးမှာ လက်တွေ့တွင်မူ အားနည်းနေဆဲဖြစ်သည်။

 

နိဂုံး

အချုပ်အားဖြင့်ဆိုရသော် အစိုးရတရပ်သည် ကိုဗစ်ကာလ စိန်ခေါ်မှုများကို အောင်မြင်စွာ တုံ့ပြန်နိုင်ရန်မှာ ကောင်းမွန်သည့် အုပ်ချုပ်ရေးယန္တရားကြီးနှင့် စွမ်းရည်ပြည့်ဝသည့် နိုင်ငံဝန်ထမ်း စနစ်ကြီး တရပ်လိုအပ်ပေသည်။ ထိုအုပ်ချုပ်ရေးယန္တရားနှင့် နိုင်ငံဝန်ထမ်းစနစ်မှာ နေ့ချင်းညချင်း ပြောင်းလဲ၍ မရနိုင်ပေ။ အစိုးရအဆက်ဆက် နိုင်ငံရေး ကတိကဝတ် (Political Commitment) ဖြင့်သာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားနှင့် နိုင်ငံဝန်ထမ်း စနစ် ပိုမိုခိုင်မာအားကောင်းလာစေရန်မှာ

(၁) အရင်းအမြစ်များအား စနစ်တကျ စီမံခန့်ခွဲရန်၊

(၂) ဝန်ထမ်းရေးရာ စွမ်းရည်မြှင့်တင်ရေးများအား ပိုမိုစနစ်ကျသော ဘက်စုံလွှမ်းခြုံသည့် လူစွမ်းအား အရင်းအမြစ် မူဝါဒချမှတ်ဆောင်ရွက်ရန်။

(၃) နိုင်ငံဝန်ထမ်းရေးရာအတွင်း ဗဟိုဦးစီးချုပ်ကိုင်မှု များပြားနေခြင်းကို ဖြေလျှော့ပြီး သက်ဆိုင်ရာအဆင့်များအလိုက် တာဝန်နှင့် လုပ်ပိုင်ခွင့်များ ဖြေလျှော့ဆောင်ရွက်ရန် စသည့်မူဝါဒများအား ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ်ကာလအလွန်တွင် အလျင်အမြန်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းများဖြင့် တည်ဆောက်ထားသော အစိုးရသည် ကိုဗစ်ကာလ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး လျင်မြန်ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပေသည်။        ။

 

 

ကိုးကား

Ensuring state continuity during the corona virus pandemic, https://blogs.worldbank.org/governance/ensuring-state-continuity-during-coronavirus-pandemic

 နိုင်ငံတော်အတိုင်ပင်ခံနှင့် COVID လူနာများတွေ့ဆုံခြင်း ဗီဒီယိုကွန်ဖရင့်၊ ဧပြီ ၂၈

Myanmar Pay, Compensation and Human Resource Management Review, The World Bank and Ministry of Planning and Finance, and Industry, 2018

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၏ ဖြေကြားချက်၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒဿမနေ့ မှတ်တမ်း။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အင်တာဗျူး

မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ၊ မဟာစီမံချက်၊ ၂၀၁၇-၂၀၂၀၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့

Myanmar Pay, Compensation and Human Resource Management Review, The World Bank and Ministry of Planning and Finance and Industry, 2018

Kyi Pyar Chit Saw

ကြည်ပြာချစ်စောသည် World Bank နှင့် Asia Foundation ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးတွဲဆောင်ရွက်နေသည့် အုပ်ချုပ်မှုဆိုင်ရာ အကြံပေးဖြစ်သည်။

Related article
ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို…

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search