မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
‘ငွေချေးခြင်း’ Loan သည် ‘ခံ၀န်ချုပ်’ Bond မဟုတ်ပါ
ယခုအခါ မြန်မာနိုင်ငံတွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ အခက်အခဲများစွာ ပေါ်ပေါက် နေပါသည်။ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေသည် အင်္ဂလိပ်အစိုးရ လက်ထက် ၁၈၉၉ ခုနှစ် ကတည်းက ဥပဒေဖြစ်သည်။ နောက်ပိုင်းတွင် ပြင်ဆင်ဖြည့်စွက်ခြင်းများရှိသော်လည်း တကယ့်အနှစ်သာရမှာ ပြောင်းလဲ ခြင်းမရှိပေ။ အလွန်ရှေးကျနေပြီဖြစ်သည့်အတွက် ခေတ်နှင့်မလျော်ညီခြင်း၊ ရှင်းလင်းသည့် ရေးသားချက် များမဟုတ်ခြင်း၊ နားလည်ရ ခက်ခဲခြင်း၊ အဓိပ္ပာယ်ဖေါ်ြပချက် ကျဉ်းမြောင်းခြင်းများရှိသဖြင့် လွယ်ကူစွာ နားလည်နိုင်ခြင်းမရှိပေ။ သို့ရာတွင်လည်း ဤဥပဒေကြီးကိုသာ အားကိုးအားထားပြု၍ ယနေ့တိုင် သုံးစွဲနေကြ ရသည်။ ဤတွင် ယူဆချက်များတွင် လွဲမှားမှုများ၊ ကွဲလွဲမှုများ၊ တရားမမျှတမှုများ၊ နှစ်နာမှုများ တွေ့ကြုံ ခံစားကြရတော့သည်။
ပထမဦးစွာ ယခုအခါ၌ မြန်မာနိုင်ငံတွင် ‘ချေးငွေစာချုပ်များ’ (Loan Agreements) နှင့်ပတ်သက်၍ စုစုပေါင်းချေးငွေပမာဏပေါ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်း (ဤတံဆိပ်ခေါင်းခွန်ဥပဒေကို မပြင်ဆင်မီ ၂၀၁၆ ခုနှစ် မတိုင်မီက ဆိုလျှင် ၁ ဒသမ ၅ ရာခိုင်နှုန်း) ထမ်းဆောင်စေခြင်းနှင့်ပတ်သက်၍ မပေးဆောင်သင့်ပါကြောင်း တင်ပြအပ်ပါသည်။
အားလုံးသိသည့်အတိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မိမိတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြခြင်းအားဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်း၊ အခွန်အကောက်များတိုးတက်ရရှိစေခြင်း၊ နည်းပညာ၊ ဈေးကွက်၊ နိုင်ငံခြားဝင်ငွေ စသည့် အကျိုးကျေးဇူးများ တိုးတက်ခံစားနိုင်ကြမည်ဖြစ်သည်။ ထို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မိမိတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် သက်ဆိုင်ရာအစိုးရတို့က မက်လုံးပေးခြင်း၊ ဖြေလျော့ပေးခြင်းများ ပြုလုပ်ကြရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာကြရာတွင် အများစုမှာ ကိုယ်ပိုင်ငွေလုံးငွေရင်းဖြင့် ဝင်ရောက် လာခြင်းမျိုးမဟုတ်ဘဲ လုပ်ငန်းအခြေအနေပေါ်မူတည်၍ မိခင်ကုမ္ပဏီမှဖြစ်စေ၊ ဘဏ်များ၊ အခြားသော ငွေရေးကြေးရေး အဖွဲ့အစည်းများမှဖြစ်စေ ချေးယူကာ စီးပွားလုပ်ဆောင်ကြရသည်။ ထိုသို့ချေးယူရာတွင် အတိုးနှုန်း သတ်မှတ်ကြသကဲ့သို့ အတိုးနှုန်းမပါသည်လည်းရှိပါသည်။ အတိုးနှုန်းပါသည်ဖြစ်စေ မပါသည် ဖြစ်စေ ‘ငွေချေးခြင်း’ (Loan) သာဖြစ်သည်။
အချို့ကုမ္ပဏီကြီးများဆိုလျှင် စီးပွါးရေးလုပ်ငန်းစတင် လုပ်ကိုင်ရန်မဟုတ်သေးဘဲ နိုင်ငံတော်အစိုးရသို့ တင်ဒါ အောင်မြင်သည့်အတွက် ဘဏ်များ၊ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့များမှ ချေးငွေများရယူ၍ နိုင်ငံတော် အစိုးရသို့ တိုက်ရိုက် ပေးသွင်းရမည့် ငွေများအပေါ်တွင်လည်း တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရသည်ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအဖို့ များစွာ၀န်ထုတ်၀န်ပိုး ဖြစ်စေလျက်ရှိပါသည်။
ထို ချေးငွေများသည် ရင်းနှီးမြှုပ်နှံရန်အတွက် ဖြစ်သည့်အားလျော်စွာ ချေးယူသူအဖွဲ့အစည်း ကုမ္ပဏီများ၏ ၀င်ငွေ မဟုတ်သေးပါ။ ထိုသို့ ငွေကြေးလိုအပ်သဖြင့် ချေးယူထားရသော ထိုချေးငွေများကို စီးပွားရေးပင် စတင် မလုပ်ကိုင် မဆောင်ရွက်ရသေးသည့်အချိန်တွင် ယခုကဲ့သို့ ၀ ဒသမ ၅ % တံဆိပ်ခေါင်းခွန်ကို အရင် ပေးဆောင်ရသည့်အတွက် ရင်းနှီးမြှုပ်နှံသူတို့တွင် များစွာ နစ်နာဆုံးရှုံးစေပြီး အခက်အခဲများ ကြုံတွေ့နေရ ပါသည်။ ၀ ဒသမ ၅ ရာခိုင်နှုန်း ဟူသည် မှာ နည်းပါးသော နှုန်းထားဟု ဆိုနိုင်မည်မဟုတ်ဘဲ ဘီလျံနှင့်ချီသော ချေးငွေများ ချေးယူရာတွင် ငွေကြေးပမာဏများစွာကို အလုပ်မလုပ်ရမီ အရင်ကုန်ကျနေရတော့သည်။ အချို့ကုမ္ပဏီများ ဆိုလျှင် ၎င်းတို့၏ မိခင်ကုမ္ပဏီများမှ အတိုးမဲ့ ထုတ်ချေးပေးသည့်တိုင် မြန်မာနိုင်ငံတွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ကြရသည်။
အခွန်အကောက်ဟူသည် ကောက်ခံရယူရမည်မှာ မှန်သော်လည်း ကောက်ခံသင့်သည့် အခွန်အခ မဟုတ်သေး ဘဲ အကျိုးစီးပွားမပေါ်ပေါက်၊ မဖြစ်ထွန်းသေးချိန်၊ စတင်လုပ်ငန်းဆောင်ရွက်ချိန်တွင် ယခုကဲ့သို့ မကောက်ခံ သင့်သည့် အခွန်များ ကောက်ခံနေသည့်အတွက် အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ချေးငွေရယူ၍ စီးပွါးရေး လုပ်ကြရသူများအတွက် ကြီးစွာသောအဟန့်အတားကို ဖြစ်ပေါ်လျှက်ရှိပါသည်။
ထို့အပြင် ထိုချေးငွေစာချုပ်များကို တံဆိပ်ခေါင်းခွန်ကပ်နှိပ်ရာ၌ တရုံးတထုံး ဆိုသကဲ့သို့ ကျပ် ၁၅၀,၀၀၀ ကပ်နှိပ်ခြင်း၊ စုစုပေါင်းချေးငွေပေါ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်း ကပ်နှိပ်ခြင်းများဖြင့် အမျိုးမျိုးကွဲလွဲစွာ လမ်းညွှန် ဆောင်ရွက် နေကြသည်ကိုလည်း တွေ့ရှိရပါသည်။
အမှန်မှာ “ချေးငွေစာချုပ်များ” Loan Agreements နှင့်ပတ်သက်၍ တံဆိပ်ခေါင်းခွန် စည်းကြပ် ကောက်ခံရန်အတွက် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေတွင် လုံးဝ (လုံးဝ) သတ်မှတ်ဖော်ပြထားခြင်း မရှိပါ။ Loan ဆိုသည့် စကားလုံးလည်း မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေတွင် တလုံးတပါဒမျှ မပါရှိပါ။
“ချေးငွေစာချုပ်များ” (Loan Agreements) အား တံဆိပ်ခေါင်းခွန် ၀ ဒသမ ၅ ရာခိုင်နှုန်း ထိုက်သင့်ခွင့် မရှိကြောင်း တင်ပြချက်
ပြည်တွင်းအခွန်များဦးစီးဌာနက ယင်းကဲ့သို့ Loan Agreement ကို ၀ ဒသမ ၅ ရာခိုင်နှုန်း ထမ်းဆောင်စေခြင်းမှာ တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) အမှတ်စဉ် (၁၅) “ခံ၀န်ချုပ်” (Bond) နှင့်သက်ဆိုင်သည်ဟုဆိုကာ ကောက်ခံ နေခြင်းဖြစ်ကြောင်းသိရသည်။ သို့ရာတွင် အများပြည်သူသိရှိအောင် အမိန့်ကြော်ငြာစာထုတ်ပြန်ထားခြင်း မတွေ့ရသည့်အတွက် အတိအကျမပြောနိုင်ပေ။ ပြည်တွင်းအခွန်များဦးစီးဌာန၏ ရုံးတွင်းအမိန့်လား၊ ညွှန်ကြားချက်လားဆိုသည်ကိုလည်း ရှင်းလင်းစွာမသိရပေ။ ထိုသို့အခွန်ထမ်းနှင့် အများပြည်သူကို ပွင့်လင်း မြင်သာအောင် ကြေငြာဆောင်ရွက်ခြင်း မရှိသည့်အတွက် မှန်၏၊ မှား၏ အခြေအနေများဖြင့် ရှင်းလင်း သေချာသည့် အနေအထားမရှိ ဖြစ်နေရပါသည်။
Loan နှင့် Bond သည် သဘောသဘာဝအားဖြင့် လုံးဝမတူပေ။ Bond ကို ဥပဒေဝေါဟာရ အဘိဓါန်တွင် “ခံဝန်၊ ခံဝန်ချုပ်၊ ကတိခံဝန်ချုပ်” ဟု အဓိပ္ပါယ်သတ်မှတ်ထားသည်။
“ဝန်ခံခြင်း” နှင့် “ခံဝန်ခြင်း” ဟူသည်မှာ မြန်မာစကားအရ နီးစပ်သကဲ့သို့ရှိသော်လည်း အဓိပ္ပါယ်မှာ သီးခြားစီဖြစ်သည်။ ဝန်ခံသည်၊ လက်ခံသည်ကို Admit/Agree ဟုသုံးနှုန်းကြသည့်အလျှောက် ဘယ်နေ့ ဘယ်ရက်တွင် ချေးငွေကို ပြန်လည်ပေးအပ်ပါမည်ကို သဘောတူပါသည်ဟု ဆိုခြင်းသည် နှစ်ဦးနှစ်ဘက် သဘောတူ ကြခြင်းသာဖြစ်သည်။ ခံဝန်ထားခြင်း(ဝါ) ကတိခံဝန်ချုပ်မဟုတ်ပေ။
ထိုသို့မဟုတ်ဘဲ ဘယ်နေ့ဘယ်ရက်တွင် ငွေပြန်မပေးပါက ဤငွေချေးစာချုပ်သည် ပျက်ပြယ်သွားပြီဖြစ်ပြီး မိမိပိုင်ဘယ်ပစ္စည်းကို ထုခွဲရောင်းချပိုင်ခွင့်ရှိပါသည်… ဟု တာ၀န်ခံချက်တစ်ရပ် ထည့်သွင်းချုပ်ဆိုလျှင်မူ ထိုစာချုပ်သည် Loan သက်သက်မဟုတ်တော့ဘဲ Bond အဖြစ်သတ်မှတ်ရမည်ဖြစ်သည်။ သို့ရာတွင်လည်း ထိုသို့ ငွေချေးသည့်ကိစ္စအပြင် ခံ၀န်သည့်ကိစ္စကိုပါ ထည့်သွင်းထားခြင်းဖြစ်သဖြင့် “အာမခံစာချုပ်” (Security Bond) ဖြစ်သွားပြီး တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) အမှတ်စဉ် (၅၇)အရ ၂,၅၀၀ ကျပ် ထက်မပို သော တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရန်သာရှိပါသည်။
သို့မဟုတ်ဘဲ ငွေချေးယူခြင်းအတွက် ငွေချေးယူသူ၏ကိုယ်စား တစ်စုံတစ်ယောက်က တာဝန်ခံ၍ ပေးလျော် ပါမည်ဟု ခံဝန်ချုပ်ဆိုသည်ဟုဆိုရာတွင်လည်း “လျော်ကြေးခံဝန်ချုပ်” Indemnity Bond သာ ဖြစ်ပြီး တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) အမှတ်စဉ် (၃၄)အရ ၂,၅၀၀ ကျပ် ထက်မပိုသော တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရန်သာရှိပါသည်။
အကယ်၍ မရွှေ့မပြောင်းနိုင်သောပစ္စည်း၏ တန်ဖိုးကိုသင့်၍ အဆိုပါ မရွှေ့မပြောင်းနိုင်သောပစ္စည်း၏ အားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ လက်ရောက် အပ်နှံ၍ဖြစ်စေ၊ လက်ရောက်အပ်နှံခြင်းမပြုဘဲ ဖြစ်စေ ငွေချေးရာတွင် သာမန်ငွေချေးခြင်း Loan မဟုတ်တော့ ပေ။ အာမခံချက်၊ တာ၀န်ခံချက်တစ်ရပ် ထည့်သွင်းချုပ်ဆိုထားသည့် သဘောဟုဆိုနိုင်သော်လည်း “ခံ၀န်ချုပ်” Bond ဟုဆိုနိုင်မည်မဟုတ်ပေ။ ယင်းသို့ ငွေချေးယူရာတွင် နောင်တွင်ပေါ်ပေါက်လာမည့် မူလချေးယူထားသော ငွေပမာဏနှင့် အတိုးငွေများ ကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက အဆိုပြုထားသည့် ထိုမရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ထုခွဲရောင်းချ နိုင်သော ငွေချေးယူမှုဖြစ်သည့်အတွက် “ပေါင်နှံခြင်း” (Mortgage) ဟုသာသတ်မှတ်ရ တော့မည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန် ဥပဒေ ဇယား(၁) အမှတ်စဉ် (၄၀)အရ တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင် ရမည်ဖြစ်ပါသည်။
သို့ဆိုလျှင် “ခံ၀န်ချုပ်” Bond ဆိုသည်မှာအဘယ်နည်း။“ခံ၀န်ချုပ်” Bond ဆိုသည်မှာ ငွေကြေးကိစ္စ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ငွေချေးခြင်းကိစ္စမဟုတ်ပေ။
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ(၂)(၅)တွင် “ခံ၀န်ချုပ်” Bond ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်-
(က) လိုအပ်ပါက သီးခြားသတ်မှတ်ထားသော ပြုလုပ်မှုကိုဆောင်ရွက်ခဲ့လျှင် သို့မဟုတ် မဆောင်ရွက်ဘဲ နေလျှင် ချုပ်ဆိုသည့် တာ၀န်ခံချက်မှာ ပျက်ပြယ်စေရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပုဂ္ဂိုလ် တစ်ဦးက အခြားတစ်ဦးသို့ငွေကြေးပေးရန် တာ၀န်ခံချက်ဖြင့် ချုပ်ဆိုသည့် စာချုပ်စာတမ်းတခုခု၊
(ခ) လွှဲအပ်ခံရသူသို့ဖြစ်စေ၊ လက်မှတ်ရရှိသူသို့ဖြစ်စေ ထိုလက်မှတ်အရ ငွေပေးရန်မဟုတ်ဘဲ ပုဂ္ဂိုလ် တစ်ဦးက အခြားတစ်ဦးသို့ပေးရန် တာဝန်ခံ၍ အသိသက်သေဖြင့်ချုပ်ဆိုသည့် စာချုပ်စာတမ်းတခုခု၊
(ဂ) ကောက်ပဲသီနှံ သို့မဟုတ် စိုက်ပျိုးရေး အခြားထွက်ကုန်ကို ပုဂ္ဂိုလ်တစ်ဦးက အခြားတစ်ဦးသို့ပေးအပ်ရန် တာဝန်ခံ၍ အဆိုပါ အသိသက်သေဖြင့် ချုပ်ဆိုသည့် စာချုပ်စာတမ်းတခုခု တို့ပါဝင်သည်…ဟု ဖေါ်ပြသတ်မှတ်ထားပါသည်။
ခံ၀န်ချုပ်ထားခြင်းနှင့်ပတ်သက်၍ မြင်သာသော သာဓကများကိုတင်ပြပါအံ့။
သာဓက(၁) “အေ” က အဆောက်အဦးတခုကို တနှစ်အတွင်း လက်ရောက်လွှဲအပ်ပါမည်…အကယ်၍ တနှစ်အတွင်း လက်ရောက်လွှဲအပ်နိုင်ခြင်းမရှိပါက ငွေကျပ် သိန်း ၁၀၀ ကို “ဘီ” သို့ပေးပါမည်ဟု စာချုပ်ချုပ် သည်။ ထိုစာချုပ်သည် ငွေချေးစာချုပ် မဟုတ် “ခံ၀န်ချုပ်” Bond သာဖြစ်သည်။
သာဓက(၂) “ဦးဖြူ(သို့မဟုတ်) ဘဏ်တခုခု”က “ဦးနီ” ပိုင်သော/လက်ဝယ်ရှိသော လက်မှတ်သည် ငွေကျပ် သိန်း ၁၀၀ တန်ပါသည်ဟု တာ၀န်ခံ၍ အသိသက်သေတို့ဖြင့် စာချုပ်ချုပ်သည်။ ထိုစာချုပ်သည် “ခံ၀န်ချုပ်” Bond သာဖြစ်သည်။
သာဓက(၃) “ဒေါ်ပု”က မိမိ လယ်ယာမြေမှထွက်မည့် သိန်း ၁၀၀ တန်ဖိုးရှိ ကြက်သွန်နီများကို “ဦးလုံး” သို့ပေးအပ်ပါမည်ဟု အသိသက်သေတို့ဖြင့် စာချုပ်ချုပ်သည်။ ထိုစာချုပ်သည် “ခံ၀န်ချုပ်” Bond သာဖြစ်သည်။
သာဓက(၄) ဝန်ထမ်းတဦး နိုင်ငံတော်စရိတ်၊ နိုင်ငံတော်အစီအစဥ်ဖြင့် နိုင်ငံခြားသို့ ပညာတော်သင် သွားရာတွင် ထို၀န်ထမ်း ပြန်မလာခြင်း၊ အလုပ်ထွက်သွားခြင်းများ ပြုလုပ်လာပါက နိုင်ငံတော်ဘက်က သေချာမှုရှိစေရန် ထိုသို့ပြုမူပါက မည်ရွေ့မည်မျှ ပေးလျှော်ရမည်ဟုချုပ်ဆိုကြခြင်းသည် “ခံ၀န်ချုပ်” Bond ပြုလုပ်ခြင်းဖြစ်သည်။
သာဓက(၅) တရားရုံးတွင် တရားခံအား အာမခံပေးရာတွင် ငွေဘယ်လောက်တန် ပစ္စည်း/လူ ဘယ်နှယောက် ဖြင့် ခံဝန်ပြုကာ အာမခံပေးလိုက်သည်…ဆိုသည်မျိုးသည် “ခံ၀န်ချုပ်” Bond ပြုလုပ်ခြင်းဖြစ်သည်။ အကယ်၍ ထိုတရားခံထွက်ပြေးပါက ခံဝန်အဖြစ်ထားရှိသော ပစ္စည်းကို တရားရုံးတော်မှ လိုအပ်သလို စီမံဆောင်ရွက်မည်ဖြစ်သည်။
သို့ရာတွင် ငွေချေးယူရာ၌ ပစ္စည်းကို လက်ရောက်ပေးအပ်ခြင်း၊ မပေးအပ်ခြင်းဆိုသည့် ကိစ္စကိုလည်း မပြော၊မဖေါ်ပြ၊ မပါရှိ၊ ငွေပြန်မဆပ်နိုင်ပါက မည်သည့်ပစ္စည်းကို ထုခွဲရောင်းချစီမံနိုင်ပါသည်ဟုလည်း ကတိခံဝန်ချက်မပြုဘဲ တဦးနှင့်တဦး၊ တဖက်နှင့်တဖက် အတိုးနှင့်ဖြစ်စေ၊ အတိုးမဲ့ဖြစ်စေ ငွေချေး ယူခြင်းသည် “ခံ၀န်ချုပ်” Bond လည်းလုံးဝမဟုတ်သကဲ့သို့ “ပေါင်နှံခြင်း” Mortgage လည်းလုံးဝမဟုတ်ပါ။ ထို့ပြင် ပစ္စည်းကိစ္စမပါရှိသဖြင့် တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) အမှတ်စဥ် (၆) “ ပိုင်ဆိုင်ကြောင်းပြသည့် စာချုပ်စာတမ်းများ တင်သွင်းခြင်းနှင့် ပေါင်နှံခြင်းဆိုင်ရာ သဘောတူစာချုပ်”နှင့်လည်း သက်ဆိုင်မှုမရှိပါ။ ထို့အပြင် အပေါင်(၆)မျိုးနှင့်လည်း မသက်ဆိုင်ပါ။ ငွေချေးခြင်း (Loan) သက်သက်သာဖြစ်ပါသည်။
ယခုအခါတွင် အပေါင်ပစ္စည်းမပါဘဲ ငွေချေးယူခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ ငွေကြေးပံ့ပိုးခြင်းဆိုသည့် ပုံစံများကို ပြောင်းလဲကျင့်သုံးလာကြသည်။ Facilities Agreement ဟုသုံးနှုန်းကြသည်။ ငွေကြေးဆိုင်ရာ အထောက်အပံ့ပေးခြင်း ကတိစာချုပ်ဟု သင့်သလို ဘာသာပြန်ရပေမည်။ “ချေးငွေစာချုပ်” Loan Agreement နှင့် Facilities Agreement သည် အပေါင်ပစ္စည်းမပါဘဲ ငွေချေးယူခြင်းမှာတူညီသော်လည်း ကွဲလွဲသည့် ပုံစံဖြစ်သည်။ Loan Agreement သည် သတ်မှတ်ဖော်ပြထားသည့် ငွေကြေးပမာဏကို တစ်လုံး တစ်ခဲတည်းဖြစ်စေ၊ အကြိမ်ခွဲ၍ဖြစ်စေ သဘောတူထားသည့် ချေးငွေပမာဏကိုအပြည့် ထုတ်ယူချေးယူ ခြင်းဖြစ်သည်။
Facilities Agreement သည်ထိုသို့မဟုတ်၊ ဥပမာ – နှစ်တနှစ်အတွင်း ကျပ်ငွေ သိန်း ၁၀၀ အထိ ချေးယူခွင့် ပြုသည်ဟုဆိုရာ၌ တစ်နှစ်လုံးတွင် သိန်း ၆၀ တည်းသာချေးယူခြင်းလည်းဖြစ်နိုင်သည်။ သိန်း ၃၀ တည်းသာ ချေးယူခြင်းလည်းဖြစ်နိုင်သည်။ သိန်း ၁၀၀ထက်လည်း ပိုမိုချေးယူနိုင်သည်များလည်းရှိသည်။ ထိုသို့ချေးငွေသတ်မှတ်ချက် သိန်း၁၀၀ အပေါ် ချေးငွေ၏ လိုငွေ၊ ပိုငွေများကို ငွေထုတ်ချေးသူက သတ်မှတ်သည့် နှုန်းထားတစ်ခုဖြင့်ကောက်ခံရန် သဘောတူထားကြတတ်သည်။ ထိုသို့သော အခြေအနေများ ရှိသည့်အတွက် အဆိုပါ Facilities Agreement ၏ စုစုပေါင်း ချေးငွေပမာဏ သိန်း ၁၀၀ ပေါ်တွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်စေခြင်းမှာ တက်တက်စင်အောင် လွဲမှား လေတော့သည်။
တကယ်တော့ အထက်ကတင်ပြခဲ့သည့်အတိုင်း “ငွေချေးယူခြင်း” Loan ကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေထဲ၌ လုံးဝ မဖေါ်ပြ၊ မပါရှိပေ။ အဘယ်ကြောင့်ဆိုသော် ငွေကြေးလိုအပ်ပါသဖြင့် “ငွေချေးယူခြင်း” Loan ကိုပြုလုပ်ခြင်းသည် ငွေချေးယူသူ၏ ဝင်ငွေမဟုတ်သည့်အပြင် ငွေချေးယူသူသည် ချေးယူထားသည့် ငွေပမာဏအပါအဝင် အတိုးကိုပါ ပြန်လည်ပေးဆပ်ရန်တာဝန်ရှိနေခြင်း Liabilities ကြောင့်ဖြစ်သည်။ ထိုချေးငွေအပေါ်တွင် တံဆိပ်ခေါင်းခွန်ကောက်ခံမည်ဆိုပါက ငွေချေးယူသူအနေဖြင့် ပြန်လည်ပေးဆပ်ရန် ငွေ၊ အတိုး တို့အပြင် တံဆိပ်ခေါင်းခွန်ပါ ဝန်ထုတ်ဝန်ပိုးဖြစ်စေသောကြောင့် သီးခြားသတ်မှတ်ကောက်ခံမှု မပြုခြင်းဖြစ်သည်။ နှစ်ဦးနှစ်ဘက် ပစ္စည်းမဲ့ ချုပ်ဆိုကြသော “သဘောတူစာချုပ် (သို့မဟုတ်) သဘောတူ ညီချက်မှတ်တမ်း” Agreement Or Memorandum of Agreement သာ ဖြစ်သဖြင့် တံဆိပ်ခေါင်းခွန် ဥပဒေ ဇယား(၁) အမှတ်စဥ် (၅) အဖြစ်သာ သတ်မှတ်ရမည်ဖြစ်သည်။
၁၉၀၈ ခုနှစ် အောက်မြန်မာနိုင်ငံတရားစီရင်ထုံးများ (Civil Reference No.3 and No.1) စီရင်ထုံးတွင် လည်း အတိုးနှင့်ငွေချေးယူခြင်းစာချုပ်ကို တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) အမှတ်စဉ် (၅)ယခင်(ခ) ယခု (ဃ) အရ ကပ်နှိပ်ရန် စီရင်ထုံးပြုထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ အမှုတွင် အတိုးနှင့်ငွေချေးယူခြင်း ကိစ္စကို မူလရုံးက ထိုစဥ်က “ခံ၀န်ချုပ်” Bond ဟု သတ်မှတ်ခဲ့ခြင်း မဟုတ်သော်လည်း Promissory Note “ငွေပေး ကတိစာချုပ်”အဖြစ်သတ်မှတ်ခဲ့ခြင်းကို တရားရုံးချုပ်က အတိုးနှင့်ငွေချေးယူခြင်းကို တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) အမှတ်စဉ် (၅) ယခင်(ခ) ယခု (ဃ) အရ ကပ်နှိပ်ရမည်ဟု ဆုံးဖြတ်ခဲ့ခြင်းကို လေ့လာကြည့်ရှုပါက
“ငွေချေးယူခြင်း” Loan သည် “ခံ၀န်ချုပ်” Bond အဖြစ် သတ်မှတ်ခြင်း မပြုခဲ့ကြောင်း အထင်အရှား တွေ့မြင်ရမည် ဖြစ်ပါသည်။
အပေါင်/အာမခံ ပစ္စည်းမပါဘဲ ငွေချေးယူခြင်း Loan Agreement ၊ Facilities Agreement တို့နှင့် ပတ်သက်၍ အကျဥ်းချုပ်တင်ပြရလျှင် –
ထို့ကြောင့် “ငွေချေးယူခြင်းစာချုပ်” Loan Agreement သည် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) အမှတ်စဉ် (၅)(ဃ) အရ အခြားနည်းဖြင့် ပြဌာန်းမထားသည့် သဘောတူစာချုပ် ဖြစ်သည့် အလျှောက် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ မြန်မာငွေကျပ် ၃၀၀ိ/- (ကျပ်သုံးရာတိတိ) သာဖြစ်ပါသည်။
အခွန်ဟူသည် နိုင်ငံတိုင်းတွင် ကောက်ခံကြသည်မှာမှန်သော်လည်း ကောက်ခံသင့်၊ ကောက်ခံထိုက်သည် ကိုသာ ကောက်ခံသင့်ပြီး နည်းလမ်းမကျသည့်၊ မကောက်ခံသင့်သည့်အခွန်များကို ငါတို့နိုင်ငံပိုက်ဆံရရင် ပြီးရော ဆိုသည့် အမြင်ကျဉ်းကျဉ်းလေးဖြင့် ရှုမြင်နေကြမည်ဆိုလျှင်ဖြင့် မင်းကျင့်တရား ၁၀ ပါးတွင် ဖေါ်ပြ ထားသည့် “ပြည်သူကို အခွန်အတုတ်ဖြင့် မညှဉ်းဆဲခြင်း” ဆိုသည်ကို မျက်ကွယ်ပြုရာ ရောက်မည် ဖြစ်သည့် အပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံကြမည့်သူများကို အဟန့်အတားပြုသကဲ့သို့ဖြစ်နေပေသည်။
ဤဆောင်းပါးနှင့်ပတ်သက်၍ မိမိအတွေ့အကြုံများ၊ ဖတ်မှတ်လေ့လာမှုများကို အခြေခံ၍ တင်ပြရေးသား ထားခြင်းဖြစ်ပါသည်။ မှားယွင်းချက်များ၊ မှန်ကန်မှုမရှိသည်များရှိပါက မိမိ၏ အားနည်းချက်သာဖြစ်ပါသည်။ မည်သည့် ဥပဒေပညာရှင်များကိုမဆို ဝင်ရောက်ဆွေးနွေးစေလိုပါသည်။ လက်တွေ့ တွေ့ကြုံခံစားနေရသော လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများကိုလည်း ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ဥပဒေပညာအားဖြင့် အမှန် တရားကို ပေါ်လွင်စေပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တတ်အားသရွေ့ ပါဝင်နိုင်ကြပါစေကြောင်း ဆန္ဒပြု လိုက်ရပါသည်။
ကိုးကား –
ကျော်စွာမြင့်သည် တရားလွှတ်တော်ရှေ့နေတဦးဖြစ်ပြီး၊ တရားရုံးများတွင် ၁၄နှစ်ခန့် အမှုလိုက်ခဲ့သည်။ Myanmar Public Administration Network (MPAN) ၏ အဖွဲ့ဝင်တဦးဖြစ်ပါသည်။ နိုင်ငံတကာ ဥပဒေအကြံပေးလုပ်ငန်းအဖွဲ့အစည်းများတွင် စီးပွားရေးဆိုင်ရာ ဥပဒေအကြံပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post