Menu & Search

ကတုတ်ကျင်းထဲက ကဗျာဆရာတယောက်ရဲ့ သေနင်္ဂဗျူဟာ အတွေး

May 29, 2020

(က)

COVID-19 ကူးစက်ရောဂါ ကူးစက်ခံထားရသူတဦး ချင်းပြည်နယ် တီးတိန်မြို့မှာ စတင်တွေ့ရပြီဆိုတဲ့ သတင်းဟာ အိပ်မောကျနတဲ့ ကျနော်တို့ မြို့ကလေးရဲ့ တံခါးကို ခြေထောက်နဲ့ ကန်ဖွင့်လိုက်သလိုပါပဲ။

သတင်းမီဒီယာသမားလေးတဦးဖြစ်တဲ့ ဒေါ်တင်ဇာ ဆိုသူက သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒီသတင်း အပေါ်မူတည်ပြီး “ကဲ မျှော်လင့်ထားသလိုပဲ အခုတော့ သူရောက်လာပြီလေ” ဆိုတဲ့ စာတကြောင်း တင်လိုက်ပါတယ်။ အဲဒီ အချိန်ကစပြီး ကျနော်ဟာ ရေနစ်သူတဦး မီရာမြက်တပင်ကို သွေးရူးသွေးတန်း ဆုပ်ကိုင်ထားမိတဲ့ လူတယောက်လို သုံးလေး ရက်အတွင်း ကိုယ်တွေးမိတွေးရာ အလုပ်တွေကို တရစပ် လုပ်ပါတော့တယ်။

ကျနော်တွေးမိတာက ဒီ COVID-19 ကူးစက်ရောဂါနဲ့ ကျနော်တို့ မြို့ကလေးရဲ့ အခြေအနေဟာ သတ္တဝါနဲ့ လက်နက်နဲ့ မမျှ ဆိုတဲ့ အနေအထား ဖြစ်နေပါလား ဆိုတဲ့အတွေးပါပဲ။ ဒီတော့ကာ ကိုယ်လုပ်ကိုင်နိုင်တဲ့ အခြေအနေဟာ ပင်လယ်ထဲ ခဏထပွက်တဲ့ ရေပွက်တခုလို ဘာမှထိရောက်မှု မရှိနိုင်ဘူးဆိုတာ အသေအချာ သိပေမဲ့လည်း အထက်ကပြောခဲ့သလိုပဲ၊ ကိုယ့်ခွန်အား ကိုယ့်အတွေး မြက်တပင်ကိုပဲ အချိန်မဆိုင်းဘဲ ဆွဲကိုင်ဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အတွေးက ကျနော့်ကို တချိန်လုံး သွေးဆူနေစေခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ကျော်ဆွေရဲ့ ပုလဲမျက်ရည် စစ်ကားကြီးထဲက “ဆရာကျော်ရေ ရန်သူတွေ နီးလာနေပြီ၊ ရန်သူတွေ နီးလာနေပြီ” ဆိုတဲ့ ထိတ်လန့်တကြား အော်ဟစ်ပြောဆိုခဲ့တဲ့ မင်းသမီးခင်ယုမေရဲ့ စကားကိုလည်း နားထဲ ကြားနေမိပြန်ပါတယ်။ ဒီစကားကို ငယ်စဉ်တုန်းကတော့ အချင်းချင်း အပြောင်အပျက် ပြောတဲ့နေရာမှာ အသုံးပြုခဲ့တာများပေမဲ့ အခုတော့ တကယ့်ကို အံဝင်ခွင်ကျ ပြောရတော့မယ့် အခြေအနေ ဖြစ်နေပြီလို့လည်း ယူဆခဲ့ပါတယ်။

ဒီတုန်းက ကျနော့်လက်ထဲမှာ ပန်းချီကားရောင်းလို့ရတဲ့ငွေ နှစ်သိန်းရှိပါတယ်။ COVID-19 ကူးစက်ရောဂါဟာ လောလောဆယ် မှာ ကုရာနတ္ထိ ဆေးမရှိတဲ့ရောဂါ ဖြစ်တဲ့အကြောင်း၊ ဒီရောဂါကြီး ကိုယ့်ဆီကို မကူးစက်ရလေအောင် ဘယ်လိုပြုမူ နေထိုင်သင့်တဲ့ အကြောင်း သတင်းအချက်အလက်တွေကို အလွယ်တကူ လူတွေနားလည်အောင် တိုတို တုတ်တုတ်ရေးပြီး လက်ကမ်း စာရွက် ၂ သောင်း ရိုက်မယ် (ကျနော့်မြို့ကလေး အဝန်းအဝိုင်းက ကျေးရွာအုပ်စု ၄၇ အုပ်စုအပါအဝင်မှ အိမ်ခြေ ၂ သောင်း ဝန်းကျင်ပဲ ရှိပါတယ်။)။ ကားတစင်းငှားမယ်။ ကားပေါ်မှာ အသံချဲ့စက်တင်မယ်။ ကျေးရွာအုပ်စု ၄၇ အုပ်စုကို ရွာတိုင်းအနှံ့ ရောက်အောင်သွားပြီး ပညာပေးဟောပြော နှိုးဆော်မယ်။ အိမ်တိုင်းစေ့ တအိမ်တရွက် စေ့ငအောင် စာရွက်တွေဝေမယ်။ ဒီအလုပ်ကို လက်ထဲမှာရှိတဲ့ ငွေနှစ်သိန်းနဲ့ ချက်ချင်း အကောင်အထည်ဖေါ်မယ်ပေါ့။ ကိုယ်လိုပဲ ပရဟိတစိတ်ရှိသူ ကိုယ်နဲ့လည်း ရင်းနီးသူ သူငယ်ချင်းတဦး၊ တခြားလူငယ် သုံးလေးယောက်နဲ့ အချိန်တိုင်း လိုက်လံထိတွေ့ဆွေးနွေးနေခဲ့ပါတယ်။ ဒီ သုံးလေးရက်အတွင်းမှာ ကျနော့်စိတ်တွေ ဆူဝေနေခဲ့ပါတယ်။

တကယ်တော့ ဒီစိတ်ကူးကို ကျနော်တို့ အကောင်အထည် မဖေါ်နိုင်ခဲ့ပါဘူး။ အမှန်အကန်ဆုံး ပြောရရင် အကောင်အထည် ဖေါ်ချိန် မရလောက်အောင်ပဲ ဖြစ်ခဲ့ပါတယ်။ COVID-19 ကူးစက်ရောဂါ တကမ္ဘာလုံး ပတ်ဖြစ်နေတဲ့အချိန် ကိုယ်နဲ့မဆိုင်သလို အေးတိအေးစက်နေခဲ့ကြတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကလည်း အဲဒီအခါကြမှ ဖုတ်ပူမီးတိုက် အလုပ်တွေ စလုပ်ပါတော့တယ်။

နိုင်ငံရပ်ခြားထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ ကိုယ့်နိုင်ငံသားတွေ မြင်မကောင်း ရှုမကောင်းအောင် ပြန်လာနေကြတဲ့ သတင်းတွေ၊ ရောဂါရှာဖွေစမ်းသပ်ရေး၊ ရောဂါရှိသူလို့ ယူဆရသူတွေအတွက် ယာယီနေရာထိုင်ခင်းတွေ၊ ပညာပေးလုပ်ငန်း တွေ၊ ဥပဒေပြဌာန်း တားမြစ်ရတဲ့ကိစ္စတွေ၊ အစရှိတဲ့ ကိစ္စတွေကို အချိန်တိုအတွင်း ဝရုန်းသုန်းကား ဆောင်ရွက်မှုတွေဟာ အခြေခံပညာ အထက်တန်းစာမေးပွဲကြီး ကာလအတွင်းမှာပဲ ဆောင်ရွက်ကြရပါတယ်။

အဲဒီရက်တွေအတွင်းမှာ ကျနော့်တို့ မြို့လေးထဲ စုပေါင်းပရိတ်ရွတ်ပွဲ၊ တရားပွဲ လှုံ့ဆော်တဲ့ ဓာတ်စက်သံတွေ၊ ဒီကြားထဲကပဲ လူစုလူဝေးရှိရာ မသွားမလာကြဖို့၊ လူတဦးနဲ့ တဦး အနည်းဆုံး သုံးပေခွာပြီး နေထိုင်ဆက်ဆံကြဖို့ လိုက်လံ ဆော်သြကြတဲ့ ဓာတ်စက်တင်ကားတွေဟာ ရှေ့ကားနဲ့ နောက်ကား တနာရီမခြား လှည့်လည်သွားနေကြပါတယ်။ ဆိုင်းသံဗုံသံ တညံညံနဲ့ အလှူ ရှင်လောင်းလှည့်ပွဲတွေကလည်း တရက်မခြား လှည့်နေခဲ့ကြပါတယ်။ စုပေါင်းပရိတ်ရွတ်ပွဲ ဖိတ်ခေါ်သံ၊ အလှူပွဲ ဆိုင်းသံ ဗုံသံတွေရဲ့နောက်ကမှ လူတဦးနဲ့ တဦး အနည်းဆုံး သုံးပေခွာပြီး နေကြထိုင်ကြဖို့နဲ့ လူစုလူဝေးရှိရာနေရာတွေကို ရှောင်ပြီး ကိုယ့်အိမ်ထဲမှာပဲ အပြင်မထွက်ဘဲနေကြဖို့ ဆော်သြနေတဲ့ ဓာတ်စက်သံတွေဟာ ထပ်ချပ်မကွာလိုက်ရင်း တမြို့လုံးအနှံ့ သူတပြန် ကိုယ်တပြန် ဖြစ်နေခဲ့ကြပါတယ်။

အခြေအနေ မပေးတော့တဲ့အခါ လက်ထဲမှာရှိတဲ့ ငွေနှစ်သိန်းအနက်က တသိန်းကို COVID-19 ကူးစက်ရောဂါ ခုခံကာကွယ်ရေး လုပ်ငန်းတွေမှာ လိုအပ်သလို သုံးစွဲဖို့အတွက်ဆိုပြီး အုပ်ချုပ်ရေးမှူးဆီ သွားရောက်အပ်နှံ လှူဒါန်းလိုက်ပါတယ်။

ကျန်တဲ့ ပိုက်ဆံထဲက ရှစ်ပြည်ဝင် ဆန်နှစ်အိတ်နဲ့ ငါးပိဿာဝင် ဆီတပုံးဝယ်ပြီး ကိုယ်တဦးတည်းသာနေတဲ့ ကိုယ့်ဝပ်ကျင်း အိမ် ကလေးထဲမှာ အနည်းဆုံး တလကိုးသီတင်း ကွာရန်တင်းဝင်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ရပါတယ်။ တင်စားပြီးပြောရရင်တော့ ကိုယ့်ကတုတ်ကျင်း ကိုယ်တိုင်တူးပြီး COVID-19 ရောဂါ ကူးစက်မခံရလေအောင် ကတုတ်ကျင်းထဲ ခဏတော့ ဝင်နေဖို့ စီစဉ်လိုက်ပါတယ်။

(ခ)

ကျနော်က နဂိုကတည်းက ခြံတခုထဲက အိမ်ကလေးတလုံးမှာ တဦးတည်းနေထိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရောဂါဆိုး ကြီးကချမှတ်ပေးတဲ့ လူတဦးချင်း လိုက်နာနေထိုင်ရမယ့် အသက်ရှင်နေထိုင်မှုပုံစံကို တစုံတရာ အချိန်ကာလတခုလောက် အထိတော့ ကိုက်ညီအောင် နေထိုင်လို့ရတဲ့ အခြေအနေပါပဲ။ ဒီတော့ကာ နေ့စဉ် ပန်းချီဆွဲလိုက်၊ အင်တာနက် လူမှုကွန်ရက် ပေါ်တက်လိုက်၊ စိတ်ပါတဲ့အခါ ကဗျာရေးလိုက်နဲ့ ဖြတ်ကျော်သွားလို့တော့ ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီရောဂါဆိုးကြီးကို ကဗျာ ဆရာတဦးအနေနဲ့ ဘယ်လိုစိတ်ထားနဲ့ ဖြတ်ကျော်သင့်သလဲဆိုတာကို တချိန်လုံး တွေးနေခဲ့တာလည်း အမှန်ပါပဲ။

ဥပမာ…။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဆိုဗီယက်ရုရှားမှာ နာဇီဂျာမာန်တွေ နှစ်နှစ်လောက် ဝိုင်းပတ် ပိတ်ဆို့ထားတာ ခံခဲ့ရစဉ်က ပက်ထရိုဂရက်မြို့သားတွေ ဘယ်လို ကြံ့ကြံ့ခံ ရင်ဆိုင်ထားနိုင်ခဲ့ကြသလဲ ဆိုတာမျိုးကိုလည်း တွေးပါတယ်။ ဒီတုန်းက ကျနော် သတိပြုမိတဲ့အချက်က ရုရှားဗဟိုအစိုးရက အသံလွှင့်ဌာနကတဆင့် ကဗျာတွေ နေ့စဉ်ပုံမှန် အသံလွှင့် ပေးခဲ့တဲ့အချက်ကို မှတ်မှတ်ထင်ထင် သတိရနေခဲ့ပါတယ်။ ရန်သူက အချိန်ကြာမြင့်စွာ ပိတ်ဆို့ခံထားရလို့ အငတ်ဘေး ကျရောက်နေတဲ့ ပက်ထရိုဂရက်မြို့သားတွေဟာ နေ့စဉ် ရေဒီယိုကလာတဲ့ သတင်းအချက်အလက်တွေ၊ အစီစဉ်တွေအပြင် ကဗျာရွတ်သံတွေကိုလည်း တခုတ်တရ နားထောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တိုတိုပြောရရင် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ် ကူသူကယ်သူမဲ့ပြီး မြေအောက်ကြွက်တွေကအစ လိုက်လံ ရှာဖွေစားသောက်ရတာမျိုးအထိ ရှိခဲ့ပါတယ်။(တချို့သတင်းတွေအရဆိုရင် အငတ်ဘေးကြောင့် လမ်းပေါ်မှာ လဲကျသေဆုံးတဲ့ အလောင်းတချို့သည်ပင်လျင် နောက်တနေ့ကျတော့ ထူးဆန်းစွာ ပျောက်ဆုံးသွားတတ်တယ်ဆိုတဲ့ အခြေအနေမျိုးအထိ။) ဒီလို ကြောက်စရာကောင်းလှတဲ့ ဘေးကျပ်နံကျပ် အနေအထားကြီးကို အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့ပြီးတဲ့နောက် သူတို့တတွေ ဘယ်လိုစိတ်ထား၊ ဘယ်လိုခွန်အားမျိုးနဲ့ ဖြတ်ကျော်နိုင်လာခဲ့ကြတာဖြစ်တယ်ဆိုတာကို ပြန်လည်ဆန်းစစ်တဲ့အခါ နေ့စဉ်နေ့တိုင်း ရေဒီယိုက အသံလွှင့်ပေးနေတဲ့ ကဗျာရွတ်သံတွေကို နားထောင်ပြီး စိတ်ဓာတ်ခွန်အား ယူခဲ့ကြတယ်ဆိုတဲ့ အချက်ဟာလည်း အထင်အရှား အကျွမ်းဝင်နေတယ်လို့ ပြောခဲ့ဝန်ခံခဲ့ကြပါတယ်။

နောက်တချက် ကျနော်စဉ်းစားမိတာ ရှိပါတယ်။ ၂၀၀၄ ခုနှစ်လောက်မှာ လွတ်လပ်တဲ့အာရှအသံ RFA ကနေပြီး အပတ်စဉ် ကဗျာတွေ ရွတ်ဆိုခဲ့၊ ကဗျာတွေကို ခံစားဖွင့်ဆိုပြခဲ့တဲ့ အချိန်တွေကို ပြန်တွေးမိတယ်။ ဒီတုန်းက ဒီတိုင်းပြည်က စစ်အာဏာရှင်စနစ်ရဲ့ အထွေထွေ ပိတ်ဆို့ဟန့်တားမှုကြီးအောက်မှာ နေကြထိုင်ကြရတဲ့အချိန်ပဲ။ ဘယ်လိုကဗျာမျိုးတွေကို အသံလွှင့်ရရင် ကောင်းမလဲလို့ စဉ်းစားတဲ့အခါ လူတွေရဲ့ဘဝ အခြေအနေတွေကို ထင်ဟပ်တဲ့ကဗျာနဲ့ အဲဒီပိတ်ဆို့ ဟန့်တားထားမှုကြီးကို တုံ့ပြန် ရုန်းကန်ဖောက်ထွက် လွတ်မြောက်ဖို့ တွန်းအားပေးတဲ့ ကဗျာအမျိုးအစားတွေကို အဓိကထားရွေးချယ် အသံလွှင့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နောင်တချိန် တိုင်းပြည် တစုံတရာ ပြောင်းလဲလာတဲ့အခါ ကဗျာအစီစဉ်ကို ပုံမှန်နားထောင်တဲ့ ပရိသတ်နှစ်ယောက်ဆီက မှတ်သားဖွယ်စကားတွေ အခုလိုပြန်ကြားလာရပါတယ်။ “ဟာ…ဒီတုန်းက  လက်စသတ်တော့ ဒီစစ် အာဏာရှင်ကောင်တွေကို ကဗျာဆရာတွေက ဝိုင်းတွယ်နေကြတာပဲကိုး” ဆိုတဲ့စကားနဲ့ ကဗျာအသံလွှင့် အစီအစဉ်ကို နား ထောင်ရတဲ့အခါ ကျနော်တို့ကို ခွန်အားအသစ်တွေရသလို အနာဂါတ်ကို ပိုယုံကြည်လာသလိုဖြစ်ခဲ့တာ အမှန်ပဲဆိုတဲ့ မှတ်ချက် စကားကိုလည်း ကြားခဲ့ရပါတယ်။

အခုလည်း ကျနော်တို့ဟာ ကိုယ့်အိမ်ထဲမှာပဲ ပိတ်လှောင်ခံထားကြရတဲ့ အချိန်မျိုးမှာ ကဗျာဆရာတွေ ဘယ်လိုကဗျာမျိုးတွေ ရေးလာကြသလဲ။ အခုလို လူ့သမိုင်းမှာ တခါဖူးမျှ မကြုံဖူးသေးတဲ့ ပိတ်လှောင်ခံထားရမှုဖြတ်သန်းမှုထဲ ကဗျာဆရာတွေ ဘယ်လိုခံယူမှုနဲ့ နေထိုင်ကြသလဲ။

တချို့လူငယ်တွေ ကဗျာဆရာတွေက COVID-19 နဲ့ ကဗျာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာ စာမျက်နှာဖွင့်ထားကြတာတွေ့ရပါတယ်။ တချို့ကတော့ တဦးစီ ကဗျာရေးပြီး မဂ္ဂဇင်းတွေ၊ ကိုယ်ပိုင်ဖေ့ဘုတ်စာမျက်နှာတွေပေါ်မှာ ရေးလာကြတာတွေ့ရပါတယ်။ ဥပမာ ကဗျာဆရာ နဒီမင်းက အခုလိုကဗျာ ရေးလိုက်ပါတယ်။

မေတ္တာတရားတို့ သုံးပေအကွာ

မိုးလင်းတာနဲ့

ရှုပ်ထွေးနေတဲ့ ဆံပင်ကြားက

လောကကြီးကို စရှင်းရတော့တယ်။

စိတ်ကလူ တကိုယ်လုံးကို အိပ်ယာပေါ်ပြန်ဆွဲချ

မနေ့ညက သတင်းတွေ ဖတ်အုံးတဲ့။

မနေ့က တရုတ်မှာရှိတဲ့ ဗိုင်းရပ်စ်

ဒီနေ့ ကမ္ဘာအနှံ့ ပျံ့သွားတယ်။

ကမ္ဘာကြီးက တဖြည်းဖြည်း

မိုဘိုင်းလ်ဒဗိုက်လေးထက် သေးလာ

လူတွေလည်း

မက်စ်နဲ့ နှာခေါင်းကြားက လေလောက်ကိုပဲ

ရှူဖို့ဖြစ်လာ

နှလုံးသားတွေဟာ သုံးပေအကွာ

ငါ့တို့ဘဝတွေ သုံးပေအကွာ

နောက်ဆို ငါတို့ဘယ်လောက်အထိ ကွာရမလဲမသိ။

တစ်နေ့ကပဲ

ဟိမဝန္တာ တောင်တန်းကြီးကို အိန္ဒိယသားတွေ စမြင်ရ

ကမ်းခြေဆီ ငှက်ကလေးတွေ ရောက်လာကြ

မြို့ထဲကို တောကောင်လေးတွေ ဝင်လာကြ

ကမ္ဘာကြီးတုန်ခါမှုတွေလျော့ကျ

ငါတို့ ကမ္ဘာကြီးကို ဖိနှိပ်ခဲ့သမျှ

ပြန်တော်လှန်ခံနေရတာလား။

အချင်းချင်းအားပြိုင်မှုရဲ့

အကျိုးဆက်တွေလား။

နိုင်ငံတစ်နိုင်ငံရဲ့ သစ်တောပြုန်းတီးမှုဟာ

တခြားနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုပဲ

ငါတို့ရပ်ကွက်ရဲ့ ဆင်းရဲမွဲတေမှုဟာ

မင်းတို့ရပ်ကွက်ရဲ့ ဆင်းရဲမွဲတေမှုပဲ

ကိုယ်ချင်းစာတရားရှိရင်

ငါတို့အသက်တွေ ချကျွေးစရာမလိုတော့ဘူး။

ကမ္ဘာကြီးကိုယ်တိုင်

သူ့တပ်တွေပြန်သိမ်းချိန်ကို စောင့်ရင်း

ငါတို့

သုံးပေအကွာက မေတ္တာလှမ်းပေးကြတာပေါ့။

နဒီမင်း

၉၊ ၄၊ ၂၀၂၀

 

နဒီမင်းရဲ့ကဗျာကို ကျနော့်အနေနဲ့ ထပ်မံဖွင့်ဆိုဖို့ လိုမယ်မထင်ပါဘူး။ စာဖတ်သူများ ကောင်းကောင်း ခံစားနားလည်နိုင်မှာပါ။

နိဂုံးချုပ်ကာနီး ကဗျာဆရာတယောက်အနေနဲ့ ကဗျာအကြောင်းအရာ မဟုတ်သော်ငြားလည်း ကြားညှပ်ဝင်ပြောချင်တဲ့ အချက်ကလေးတခု ထည့်ပြောလိုက်ချင်ပါသေးတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း တိုင်းပြည်ကို တဗိုလ်တမင်း အုပ်ချုပ်နေစဉ်က အဖြစ်အပျက်ကလေးတခုပါ။ ပဲခူးရိုးမမှာ ခြေကုတ်ယူပြီး လက်နက်ကိုင်ပုန်ကန်တော်လှန်နေတဲ့ ကွန်မြူနစ်တွေကို ဗိုလ်နေဝင်းက  ဖြတ်လေးဖြတ်စနစ်နဲ့ ချေမှုန်းဖို့လုပ်ပါတယ်။ အစာရိက္ခာဖြတ်၊ အဆက်အသွယ်ဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ် လုပ်ပါတယ်။ ကွန်မြူနစ်တွေဟာ အဲဒီ ဖြတ်လေးဖြတ် မဟာပိတ်ဆို့ကာလကြီးကို ဖြတ်သန်းကြတဲ့အခါ လက်တွေ့ကျကျ တီထွင်ဖြတ်သန်းခဲ့ကြတဲ့အချက်တချို့က အတုယူဖို့ကောင်းပါတယ်။

ကျနော်တို့မြို့ကလေးနဲ့ နာရီဝက်သာသာ ဆိုင်ကယ်စီးသွားရင်ရောက်တဲ့ ရေသိုးကြီးရွာမှာ ဒေါ်အေးမိုးဆိုတာ ရှိပါတယ်။ သူက အထက်ကပြောခဲ့တဲ့ ဖြတ်လေးဖြတ် ဝိုင်းပတ်ပိတ်ဆို့မှုကြီးထဲ ဖြတ်သန်းခဲ့ဖူတဲ့ ကွန်မြူနစ်အမျိုးသမီးကြီးပါပဲ။ နောက်ပိုင်းကြတော့ လက်နက်ချအလင်းဝင်ခဲ့သူပါ။ သူ့ဆီမှာ စာအုပ်စာတမ်းတချို့တွေ့လို့မေးကြည့်တော့ သူ့ကို ပါတီက စာသင်ပေးခဲ့လို့ သူ စာတတ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီ ဖြတ်လေးဖြတ် ဝိုင်းပတ်ပိတ်ဆို့ခံထားရစဉ်ကာလကြီးမှာပဲ ဗဟို စခန်းက ကျောင်းဆရာလေးတယောက်က သူတို့ဗဟိုက ရဲဘော်လေးတွေကို မြေကြီးပေါ် တုတ်နဲ့ရေးပြီး ပြေးရင်းလွှားရင်း စာသင်ပေးခဲ့လို့ သူ စာတတ်ခဲ့တာဖြစ်တယ်ဆိုတဲ့စကားပါပဲ။ ဒီအချက်ဟာ ဒီရောဂါဆိုးကာလကြီးအတွင်း စာသင်ကျောင်း တွေ ဘယ်လို ပြန်ဖွင့်ကြမလည်းဆိုတဲ့ ကိစ္စကအစ တခြားစိန်ခေါ်မှုပေါင်းစုံကို ကိုယ့်အခြေအနေ ကိုယ်အင်အားနဲ့ ကိုက်ညီပြီး လက်တွေ့ကျတဲ့ စဉ်းစားချက်တွေ နည်းလမ်းတွေနဲ့ နေထိုင်ဖြတ်ကျော်သင့်တယ် ဆိုတဲ့အချက်ကို မီးမောင်းထိုးပြတဲ့ သဘောပဲ ဆိုတာပြောရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။ ။

Nyein Wai

ငြိမ်းဝေသည် စာပေ၊ ကဗျာနှင့် ပန်းချီအနုပညာရှင်တဦး ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search