Menu & Search

အနာဂတ်မှမေးခွန်း

May 29, 2020

ကိုရိုနာကပ်ဘေးကြောင့် စိတ်ပူပင်သောက မြင့်မားနေသည့် ယခုနှစ် ဧပြီတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ နောက်ထပ်ရတက်မအေးစရာ သတင်းတပုဒ် ထွက်ပေါ်လာခဲ့သည်။ များစွာသော ပူပင်စရာများရှိနေသော အချိန်ဖြစ်သည့်အတွက် အဆိုပါသတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့ပါ။ အဆိုပါသတင်းမှာ စမစ်ဆိုးနီးယမ်း သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ခြောက်မျိုးကို မြန်မာနိုင်ငံရှိ လင်းနို့များတွင် တွေ့ရှိခဲ့သည့်သတင်း ဖြစ်သည်။ “Smithsonian scientists discover six new Coronaviruses in Myanmar” ဟူသော ခေါင်းစဉ်ဖြင့် စမစ်ဆိုးနီးယမ်း သုတေသနအဖွဲ့ပိုင် မဂ္ဂဇင်းစာမျက်နှာတွင် ဧပြီ ၁၃ ရက်က ဖော်ပြခဲ့သည်။

ဧပြီ ၂၇ ရက်တွင် စီအန်အန် (CNN) သတင်းစာ စာမျက်နှာ၌ “နောက်ထပ်ကပ်ဘေးကို ခန့်မှန်းနိုင်ရန် လင်းနို့ဂူများထဲတွင် ဗိုင်းရပ်စ်ရှာသူများ – “The virus hunters who search bat caves to predict the next pandemic” ဟူသော ဆောင်းပါးဖော်ပြခဲ့သည်။ အဆိုပါဆောင်းပါးတွင်လည်း “အခုအထိတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ခြောက်မျိုးတွေ့ရှိထားတယ်” ဟူသော သုတေသနအဖွဲ့ခေါင်းဆောင် ဆူစန်မာရေး၏ ပြောကြားချက်ကို ထည့်သွင်းရေးသားထားသည်။

“အဲဒီဒေသတွေမှာ သဘာဝနယ်မြေတွေအပေါ် လူတွေရဲ့ ကျူးကျော်မှုက တိုးလာနေတယ်။ အဆင်သင့်နေတဲ့ လမ်းခရီးကွန်ရက်လည်း ရှိနေတယ်။ မွေးမြူရေး တိရစ္ဆာန်ပမာဏလည်း ကြီးလာတယ်။ အဓိပ္ပာယ်ကတော့ သတ္တဝါတမျိုးကနေ တခြားတမျိုးကို ဗိုင်းရပ်စ်ဖြတ်ကျော် ရောက်ရှိလာနိုင်တဲ့ ဖြစ်နိုင်ခြေ အရမ်းမြင့်တယ်ဆိုတာပါပဲ” ဟူသော ဗိုင်းရပ်စ်နမူနာကောက်ယူရေးအဖွဲ့ ခေါင်းဆောင် ဒေါင်းဇင်မာမန် (Dawn Zimmerman) ၏ မှတ်ချက်ကိုလည်း ဖော်ပြထားသည်။

စီအန်အန်နှင့် စမစ်အိုးနီယမ်းသတင်းတို့၏ ဇာစ်မြစ်မှာ ပြည်ပပညာရှင်များနှင့်အတူ မြန်မာပညာရှင်များ ပါဝင်ရေးသားသော “မြန်မာပြည်ရှိ လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိခြင်း – Detection of novel coronaviruses in bats in Myanmar” ဟူသော သိပ္ပံသုတေသနစာတမ်း ဖြစ်ပါသည်။ ထိုစာတမ်းကို ဧပြီ ၁၀ ရက် နေ့စွဲဖြင့် PLOS ONE သုတေသနစာစောင်တွင် ဖော်ပြခဲ့သည်။ အဆိုပါ သုတေသန စာစောင်မှာပင် ၂၀၁၃၊ ဧပြီ ၂၂ ရက် ရက်စွဲဖြင့် တရုတ်နိုင်ငံ ထိန်းချုံးဒေသနှင့်ကပ်လျက် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် အရှေ့တောင်ဘက် ဆဒုံးအနီးရှိ လင်းနို့များတွင် ဗိုင်းရပ်စ်အသစ်များ တွေ့ရှိခဲ့ပုံကို ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော် ရောက်ရှိနိုင်သည့် အန္တရာယ်ကို ကြိုတင်လေ့လာသိရှိနိုင်ရန် တရုတ်ပညာရှင်အဖွဲ့က လေ့လာခဲ့ခြင်းဖြစ်သည်။ အဆိုပါစာတမ်း (Virome profiling of bats from Myanmar by metagenomic analysis of tissue samples) နိဂုံးတွင် ယခုသိရှိရသည်မှာ အစွန်အဖျားလောက်သာ ရှိသေးသည်ဟု ဖော်ပြထားသည်။

လင်းနို့အမျိုးသမီး

ကျန်လီရှီ (Zhengli Shi) ကို လုပ်ဖော်ကိုင်ဘက်များက လင်းနို့အမျိုးသမီး (Bat woman) ဟု  ခေါ်ကြသည်။ အကြောင်းမှာ လင်းနို့ဂူများကို သူမ လှည့်လည်သုတေသန ပြုနေသည်မှာ ၁၆ နှစ် ကျော်ပြီဖြစ်သောကြောင့်ဖြစ်သည်။ ကျန်းသည် ဝူဟန်ဗိုင်းရပ်ပညာ သုတေသနဌာန (Wuhan Institute of Virology) ၏ ခေါင်းဆောင် တယောက်ဖြစ်သည်။ ဆားရောဂါဗိုင်းရပ်စ် (SARS Virus) မှာ လင်းနို့မှလာကြောင်း ပြနိုင်ခဲ့သည်။

၂၀၀၅ ခုနှစ် သုတေသနခရီးကိုလည်း ဦးဆောင်ခဲ့သူဖြစ်သည်။ လင်းနို့မှ ကိုရိုနာဗိုင်းရပ်စ်တချို့တွင် သရဖူ အချွန်အတက်များနှင့် တူသော ဖွဲ့စည်းပုံရှိခြင်းကြောင့် လူ့ အသက်ရှုလမ်းကြောင်းတွင်လည်း တွယ်ကပ်နိုင်သည့် အစွမ်းရှိပုံကို ဖော်ပြသော သုတေသနစာတမ်းကို ၂၀၁၃ ခုနှစ်တွင် ရေးသားခဲ့သည်။ ဗိုင်းရပ်စ်၏ သရဖူအချွန်များနှင့် လူ၏ လက်ခံခွက်များ (ACE-2 receptors) ကို ချိတ်မိ၍ ကူးစက်ဝင်ရောက်ပုံအား မီးမောင်းထိုးပြသော အဆိုပါစာတမ်းကို ကျန်းနှင့် အခြားပညာရှင်များ ပူးတွဲရေးသားခဲ့ခြင်းဖြစ်သည်။

ထိုကာလဝန်းကျင်တွင်ပင် ကျန်းသည် မြန်မာနိုင်ငံနှင့် ကပ်လျက်ရှိသော ယူနန်ပြည်နယ် ကူမင်းမြို့ဝန်းကျင်မှ လင်းနို့ဂူများကို လေ့လာနေခဲ့သည်။ တွေ့ရှိခဲ့သည်များကို ရေးသားသည်။ ၂၀၁၇ ခုနှစ် သုတေသနစာတမ်းတွင် “ဆားကဲ့သို့ ကူးစက်ရောဂါများ အနာဂတ်တွင် ဖြစ်ရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် လိုအပ်သည်ဟု ဖော်ပြခဲ့သည်။ စာတမ်းတွင် မြင်းခွာလင်းနို့မှ  ဗိုင်းရပ်စ်ကို RaTG 13 ဟု ကုတ်နံပါတ်ဖြင့် ဖော်ပြခဲ့သည်။ အဆိုပါ RaTG 13  ဗိုင်းရပ်စ်သည် လက်ရှိ ကိုဗစ်ကပ်ဘေးကိုဖြစ်စေသော ဆားကိုဗီးတူး (SAR Cov-2) ဗိုင်းရပ်စ်၏ အနီးစပ်ဆုံး ဆွေမျိုး ဖြစ်သည်။ မျိုးဗီဇဂျီနုန်း ဆင်တူမှု ၉၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။

ကြုံနေရသော မုန်တိုင်းများ

သဘာဝထဲတွင် ဗိုင်းရပ်စ်များ ရှိနေသည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စဖြစ်ပါသည်။ ဗိုင်းရပ်စ် မှန်သမျှ လူကို ဒုက္ခပေးသည်မဟုတ်ပါ။ လူနှင့်ပတ်ဝန်းကျင်ကို ကူညီပေးသော ဗိုင်းရပ်စ်များစွာ ရှိပါသည်။ ထို့အတူ လင်းနို့များ၏ ဂေဟစနစ်ကို အထောက်အကူပြုမှုမှာလည်း ကြီးမားပါသည်။ ပြဿနာမှာ သဘာဝရပ်ဝန်းများထဲသို့ လူက မရပ်မနားတိုးဝင် ချဲ့ထွင်နေမှု ဖြစ်ပါသည်။ ဗိုင်းရပ်စ်က ကျူးကျော်လာသူမဟုတ်ပါ။ လူက ကျူးကျော်ရာမှ ပြဿနာ ကြုံရခြင်းဖြစ်ပါသည်။  ဗိုင်းရပ်စ်များသည် လင်းနို့ကဲ့သို့သော သတ္တဝါများတွင် ပြဿနာ အထွေအထူးမရှိဘဲ နေထိုင်ကြသည်။ သတ္တဝါများထဲမှ ဗိုင်းရပ်စ်တို့ လူထဲသို့ ကူးပြောင်းရောက်ရှိသည့် ဖြစ်စဉ်ကို ဇိုနိုးဆစ် (Zoonosis) ဟု ရည်ညွှန်းသည်။

လူတို့ကြုံတွေ့နေရသော ကူးစက်ရောဂါများ၏ ၆၀ ရာခိုင်နှုန်းသည် သတ္တဝါများမှ လာသည်။ တနည်းအားဖြင့် ဇိုးနိုးဆစ်ဖြစ်စဉ်များဖြစ်သည်။ သမိုင်းတလျှောက်တွင် ထိုသို့သော ကူးပြောင်း ရောက်ရှိမှုမှာ အလွန်နည်းပါးပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များတွင်မူ အလွန်လျင်မြန်လာခဲ့သည်။ ဆားစ် (SARS)၊ မားစ် (MARS)၊ ကြက်ငှက်တုပ်ကွေး (H5N1)၊ အေအိုင်ဒီအက်စ် (AIDS)၊ လိုင်းရောဂါ (Lyme disease)၊ အီဘိုလာ (Ebola) နှင့် ယခုနောက်ဆုံး ကိုဗစ် (COVID-19) အထိဖြစ်သည်။

ယခုကပ်ရောဂါကို ငလျင်လှုပ်သကဲ့သို့သော သဘာဝဘေးအန္တရာယ်ဟု အများစုက ယူဆကြသည်။ အမှန်တကယ်တွင်မူ သဘာဝဝန်းကျင်နှင့် ဥတုရာသီကို ပြောင်းလဲပစ်ခြင်းကြောင့် မကြာမကြာ ကြုံတွေ့ရပြီး ပိုမိုပြင်းထန်လာနေသော မုန်တိုင်းများ ဥပမာဖြင့် တွေးစဆင်ခြင်ခြင်းက ပိုမိုမှန်ကန်ပါသည်။ လူ့ပယောဂကြောင့် ဖြစ်ခဲ့ဖူးပြီးသော၊ လက်ရှိတွင်လည်း ကြုံနေရသော၊ အနာဂတ်တွင်လည်း ဖြစ်နိုင်ခြေများရှိနေသော ကိစ္စများ (probabilistic events) ဟု ယူဆခြင်းက ပြင်ဆင်မှုများ၊ ကာကွယ်မှုများလုပ်ရန် ပို၍အကာအကွယ်ပေးပါသည်။

လေပွေကို စိုက်ပျိုး၍ မုန်တိုင်းကို ရိတ်သိမ်းရခြင်း

လူ့ပယောဂ ဆိုသည့်အချက်ကို အထူးအလေးပေး စဉ်းစားကြရပါမည်။ ယခုအခါတွင် လူတို့၏ အခြေချ နေထိုင်မှုနှင့် အထွေထွေသော လုပ်ရပ်များက ကမ္ဘာမြေဧရိယာ တဝက်ကျော်ကို စိုးမိုးထားသည်။ စိုက်ခင်းကြီးများ၊ သတ္တုတွင်းများ၊ မွေးမြူရေးလုပ်ငန်းကြီးများ၊ တိုးချဲ့မြို့ရွာများက သဘာဝနယ်မြေများထဲသို့ မရပ်မနားတိုးဝင်နေသည်။ သတ္တဝါများအတွက်မူ လူက ကပ်ရောဂါဖြစ်နေသည်မှာ ကြာမြင့်လှပါပြီ။ သဘာဝရပ်ဝန်းများလေ ဗိုင်းရပ်စ်မှာ လူဆီသို့ ကူးပြောင်းရောက်ရှိရန် အခွင့်အလမ်းနည်းလေ၊ သဘာဝရပ်ဝန်းနည်းလာလေ လူတို့နှင့် ထိတွေ့ရန် အခွင့်အလမ်း များလေ ဆိုသည့် ရိုးရှင်းသော ညီမျှခြင်းကို တွေ့မြင်နေရပါသည်။

လူတို့၏ ကျူးကျော်မှုကို မောင်းနှင်နေသော အခြေအနေတခုမှာ တကမ္ဘာလုံး၏ ဝယ်ယူသုံးစွဲမှု (consumption) ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၅၀ အတွင်း ကမ္ဘာ့လူဦးရေနှစ်ဆ တိုးလာပြီး သဘာဝရင်းမြစ် ထုတ်ယူမှုက သုံးဆတိုးလာပါသည်။ ဝင်ငွေမြင့် စက်မှုနိုင်ငံများ၏ သုံးစွဲမှုက ဝင်ငွေနိမ့် နိုင်ငံများ၏ တဦးချင်းသုံးစွဲမှုထက် ၁၃ ဆ ပိုများပါသည်။ တရုတ်နှင့် အိန္ဒိယကဲ့သို့သော အလယ်အလတ် ဝင်ငွေနိုင်ငံများ၏ သဘာဝရင်းမြစ် တောင်းဆိုမှုကလည်း များသထက် များလာနေပါသည်။

အားလုံးတွင်တော့ တာဝန်ရှိကြသည်သာ ဖြစ်ပါသည်။ အင်ဒိုနီးရှားတွင် ဆီအုန်းစိုက်ပျိုးရန် သစ်တောများ မီးရှို့ရာမှ လင်းနို့များ ခိုလှုံရာပျောက်၊ လူနေဒေသများအနီး ရောက်လာ၍ ဝက်များကို ကူး၊ ထိုမှ လူကိုကူးသော နီပါဗိုင်းရပ်စ် (Napah) ကူးစက်ခဲ့ပါသည်။ သိကြသည့်အတိုင်း ဆီအုန်းကို အသင့်စား စားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများတွင် အသုံးပြုပါသည်။ မိုဘိုင်းဖုန်းများ၊ ကွန်ပျုတာများတွင် အသုံးပြုသော Coltan သတ္တုကို အာဖရိကတွင် အဓိကတူးဖော် ကြရသည်။ မိုးသစ်တောထဲမှ ထိုသတ္တုတွင်းများတွင် လာရောက်နေထိုင်လုပ်ကိုင်သူများသည် တောရိုင်းတိရစ္ဆာန်အသား (Bush meat) ရှာဖွေစားသောက်၊ ရောင်းဝယ်ရာများ ဖြစ်လာသည်။ တောရိုင်းသတ္တဝါတို့နှင့် ပိုမိုထိတွေ့လာကြရာမှ အီဘိုလာကပ်ဘေး ဖြစ်လာသည်။

ကြီးမားလာသော နောက်ထပ်စားသုံးမှုတခုမှာ ထွက်နှုန်းမြင့် မွေးမြူရေးလုပ်ငန်း ထွက်ကုန်များ ဖြစ်ပါသည်။ ရပ်ရွာဒေသအခြေပြု စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာနေသော ကမ္ဘာတွင် အဆိုပါ လုပ်ငန်းကြီးများကို မှီခိုရမှု များပြားလာပါသည်။ အသားထုတ်လုပ်မှု တစ်ကယ်လိုရီအတွက် မြေလိုအပ်ချက်သည် အပင်အခြေပြု အစားအစာထုတ်လုပ်မှုထက် ၇၆ ရာခိုင်နှုန်း ပိုများသည်။ စက်ရုံပုံစံ မွေးမြူရေးနေရာအတွက်၊ တိရစ္ဆာန်အစာထုတ်လုပ်ရန်အတွက်၊ ထုတ်ပိုးပြင်ဆင်ရန်အတွက်၊ သယ်ယူပို့ဆောင်ရန်အတွက် ကြွယ်ဝသော သဘာဝနယ်မြေများစွာသည် လမ်းများအဖြစ် အသွင်ပြောင်း လျက်ရှိသည်။

ထို့အပြင် စက်ရုံပုံစံ ထွက်နှုန်းမြင့် မွေးမြူရေးစနစ်သည် ဗိုင်းရပ်စ်ပိုးမွှားကူးစက်မှုကို ရပ်တန့်ပေးနိုင်သော မျိုးဗီဇအထိန်းအချုပ် (Genetic fire brake) မပါသော လုပ်ငန်းဖြစ်ပါသည်။ တောရိုင်းသတ္တဝါဆီမှ ဗိုင်းရပ်စ်ကို လက်ခံအားကောင်းစေ၍ လူဆီသို့ ကြားခံဖြန့်ချီ ကူးစက်စေသောဖြစ်စဉ်က မွေးမြူရေးလုပ်ငန်းကြီးများနှင့် ဆက်စပ်နေပါသည်။ ယခုကိုရိုနာကပ်ဘေးတွင် မူလအိမ်ရှင် လင်းနို့ဆီမှ ဗိုင်းရပ်စ်သည် လူထံသို့ မရောက်မီ ကြားခံသတ္တဝါ သင်းခွေချပ်ဆီသို့ ရောက်ရှိခဲ့ဖွယ်ရှိသည်ဟု ခန့်မှန်းပါသည်။ ယခင်ကူးစက်ရောဂါများတွင်မူ ကြက်၊ ဝက်၊ စသည့်မွေးမြူရေးခြံများက ကြားခံဖြစ်နေသည်ကို တွေ့ကြရပါသည်။ မေ ၁၁ ရက်သတင်းတွင် အမေရိကန် ဆီနိတ်လွှတ်တော်အမတ် ကိုရီဘတ်ကာ (Cory Booker) နှင့် အဲလစ်ဇဘတ်ဝါရန် (Elizabeth Warren) တို့က စက်ရုံပုံ ရိက္ခာထုတ်လုပ်မှု (Factory Farming) ကို ကန့်သတ်မည့် ဥပဒေကြမ်း တင်သွင်းမည်ဟု ဆိုပါသည်။ ထွက်နှုန်းမြင့် မွေးမြူရေးစနစ်များနှင့်ပတ်သက်သော ပူပင်မှုသည် အာဏာဗဟိုချက်များအထိ ရောက်ရှိလာသည့် သဘောဖြစ်သည်။

ထိခိုက်မှုများစေသော အတောမသတ် ဝယ်ယူသုံးစွဲမှုဝါဒနှင့် သဘာဝလွန် ရိက္ခာထုတ်လုပ်မှုများ၏ နောက်ကွယ်မှ တွန်းအားတခုသည် ကမ္ဘာ့စီးပွားရေး လည်ပတ်ပုံစနစ် ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးစနစ်၏ မမြင်ရသော အကြမ်းဖက်မှုပုံသဏ္ဌာန်ကို ပြနိုင်သော ကူးစက်ရောဂါ ကပ်ဘေးများမှာ အာဖရိကမှ အီဘိုလာနှင့် ကျောက်ရောဂါပုံစံ ဗိုင်းရပ်စ်ပျံ့နှံမှုတို့ ဖြစ်ပါသည်။ အာဖရိက အစိုးရများထံမှ လုပ်ပိုင်ခွင့်ရသော တရုတ်နှင့် ဥရောပငါးဖမ်းလုပ်ငန်းများသည် အာဖရိက ကမ်းရိုးတန်းများတွင် အလွန်အကျွံ ငါးဖမ်းခဲ့ကြပါသည်။ ရလဒ်မှာ ငါးရှားပါးမှု ကြုံတွေ့ရသော ဒေသခံများက တောရိုင်းသတ္တဝါအသားကို ပိုမိုမှီခိုလာကြရသည်။ ထို့ကြောင့် အလယ်အာဖရိကတွင် ရိုဒန့် (Rodent – ကြွက်/ရှဉ့် စသည့် ရှေ့သွားဖြင့်ကိုက်သည့်)သတ္တဝါများမှ ကူးသည့် ကျောက်ရောဂါဆင်တူသော (monkeypox) ရောဂါများဖြစ်လာကြပါသည်။

အနောက်အာဖရိကတွင်မူ ငါးရှားပါးလာမှု တောရိုင်းတိရစ္တာန်ကို ပိုမိုစားသုံးလာရမှုသည် အီဘိုလာကပ်ဘေးနှင့် ဆက်စပ်နေပါသည်။ ၂၀၁၅ ခုနှစ်တွင် ပေါ်ထွက်လာသော သုတေသနစာတမ်း၏ ခေါင်းစဉ်မှာ ဆက်စပ်နေသော တွန်းဖိအားများ (contextual drivers) ကို ခြုံငုံဖော်ပြနေပါသည်။ အဆိုပါ သုတေသနစာတမ်း၏ ခေါင်းစဉ်မှာ “ပင်လယ်စာရိက္ခာ မဖူလုံမှု၊ တောင်ရိုင်းသတ္တဝါအသား စားသုံးမှုနှင့် အနောက်အာဖရိကမှ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ-အီဘိုလာ ကူးစက်ရောဂါဘေး၏ အစောပိုင်းသတိပေးချက်များကို ကျုပ်တို့ သတိလွတ်သွားကြသည်လား” (Seafood insecurity, bush meat consumption, and public health emergency in the West Africa: Did we miss the early warning signs of an Ebola?) ဟူ၍ ဖြစ်ပါသည်။

ယခုကြုံတွေ့နေရသော ကပ်ဘေးတွင် ခေတ်သစ်စီးပွားရေးစနစ်၏ အပျက်အစီး ကြီးမားပုံကို ထင်ထင်ရှားရှားမြင်တွေ့ကြရပါသည်။ “ခုကြုံနေရတဲ့ ကပ်ဘေးကြီးက ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အမြတ်သာပဓာန စီးပွားရေးကို ကမ္ဘာကြီးရဲ့ ဇီဝစနစ်က မထမ်းပိုးနိုင်ကြောင်း ပြလိုက်တာပဲ” ဟူသော မိုက်ဒေးဗစ်၏ မှတ်ချက်ကို ဆင်ခြင်ကြရန် ဖြစ်ပါသည်။

ရောက်ရှိလာသောဖိအားများ

ဧပြီလအတွင်း မြန်မာနိုင်ငံမှ ပြည်သူများ ကပ်ဘေးနှင့် သောကကြုံနေချိန်၊ ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်များ မြန်မာနိုင်ငံ လင်းနို့များတွင် တွေ့ရသည်ဟူသော သုတေသနစာတမ်းများက ပူပန်နေကြချိန်၊  အထိတ်တလန့်ဖြစ်နေချိန်၌ နေရာယူခြင်း (Shock Doctrine) မူဝါဒ ပုံစံများလည်း ဖြစ်ပွားလျက်ရှိပါသည်။ အခြေအနေရှုပ်ထွေးနေချိန်တွင် စီးပွားရေးနှင့် နိုင်ငံရေးအင်အားစုများက မိမိတို့အကျိုးစီးပွား ပိုမိုနက်ရှိုင်းစေရန် လှုပ်ရှားကြသည်ကို ရည်ညွှန်းသော အဆိုပါစကားလုံးကို ဖော်ထုတ်ခဲ့သည်မှာ ကနေဒါစာရေးဆရာမနှင့် လှုပ်ရှားတက်ကြွသူ နာအိုမီကလိန်း (Naomi Klein) ဖြစ်ပါသည်။

ဧပြီ ၂၉ ရက်တွင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် အမဲသားစီမံကိန်း လက်လီဆိုင်များကို ရွှေလီတွင် ဖွင့်လှစ်ပါသည်။ မွေးမြူရေး စီမံကိန်းကြီးများကို မြန်မာနိုင်ငံဘက်တွင် အခြေတည်မည် ဖြစ်ပါသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် သံလွင်မြစ်အနီး နယ်စပ်သို့ပြောင်းရွေ့လာသော ဧရာမသားသတ်ရုံကြီးလည်း ရှိနေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်တွင် စိုက်ပျိုးရေး လုပ်ငန်းကြီးများအတွက် မြေတူးစက်ကြီးများဖြင့် အပြောင်ရှင်းနေသော ဓါတ်ပုံများကိုလည်း ကုမ္ပဏီ၏ ဧပြီ ၁၆ ရက် တရုတ်ဘာသာထုတ်ပြန်ချက်တွင် တွေ့ကြရသည်။ မြဝတီတွင် ဆိုက်ရှိကန်း စက်မှုဇုန်စီမံကိန်း တည်ဆောက်ရန် နားလည်မှုစာချွန်လွှာကို ဖေဖော်ဝါရီ ၂၄ ရက်တွင် လက်မှတ်ထိုးခဲ့သည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများအတွက် နှစ် ၇၀ အာမခံ မြေရောင်းပေးမည်ဟု တရုတ်ပြည်တွင် ကြေငြာသည်။ ကမ္ဘောဒီးယားမှ သိဟာနုဗေး (Sihanoukville) ကို သုံးနှစ်အတွင်း ကျော်တက်မည်ဟု ကြော်ငြာသည်။ သီဟာနုဗေးသည် လူဆိုးဂိုဏ်းများ၊ လောင်းကစားလုပ်ငန်း အရှုပ်အထွေးများဖြင့် မကြာခင်က နာမည်ပျက်သွားသော ဒေသဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ဌာနေပြည်သူတို့၏ ဘဝရပ်တည်မှုကို ဖျက်ဆီး၍ လူတစု အကျိုးသာဖြစ်စေသော လုပ်ငန်းများသည် ဖွံ့ဖြိုးမှုမဟုတ်ပါ။ အကိုင်းချိုင်၊ အခေါက်ခွာ၊ အမြစ်လှန်သည့် ဖျက်ဆီးမှု (plunder) များသာဖြစ်သည်။

ကျေးဇူးပြု၍ ဖြေပါ

မြန်မာနိုင်ငံကို မြေကမ္ဘာဆိုသည့် သစ်ပင်အုပ်ထဲမှ ဂေဟသစ်ပင်တပင်အဖြစ် မြင်ယောင်ကြည့်၍ ရပါသည်။ ဆယ်စုနှစ်များနှင့်ချီ၍ အခွံခွာခံရသဖြင့် ခြောက်သွေ့လာနေသော သစ်ပင်တပင်ဖြစ်နေပါသည်။ တဖြေးဖြေးအရိပ်မဲ့လာသော သစ်ပင်အောက်မှ ပြည်သူများကမူ ပို၍ပို၍သာ ဆင်းရဲနိမ့်ကျလျက် သစ်ပင်ကို  အနိုင်အထက် စီမံနေကြသည့် နိုင်ငံရေး၊ စီးပွာရေး အင်အားစုများကို ကြည့်နေကြရပါသည်။

တချိန်တည်းတွင် သစ်ပင်အတွက် စိန်ခေါ်မှုများက တိုး၍သာ လာနေပါသည်။ ကမ္ဘာ့ဥတုရာသီ ပြောင်းလဲမှုနှင့် ဆက်စပ်သက်ရောက်မှုများက ငြင်းမရအောင်ဖြစ်နေပါသည်။ ယခုနှစ် မြန်မာနိုင်ငံအလယ်ပိုင်း၏ အပူချိန်များ ထိတ်လန့်စရာဖြစ်လာပါသည်။ အကြမ်းဖက်မှု ပဋိပက္ခများကလည်း တိုး၍သာနေပါသည်။ မြန်မာပြည်သူတို့၏ ဖြစ်တည်ရပ်တည်မှု ဘေးရန်များက ပမာဏကြီးလှပါသည်။ အကြီးဆုံးဟု မရည်ညွှန်းချင်ပါ။ ထပ်လာရန်များ ရှိနေသေး၍ ဖြစ်ပါသည်။ ထပ်ရောက်လာနိုင်ခြေများထဲတွင် ယခုဆောင်းပါးအစ၌ ဖော်ပြထားသော ပြည်တွင်းဖြစ် ဗိုင်းရပ်စ်နှင့် ပြည်တွင်းဖြစ် ကပ်ဘေးပါဝင်ပါသည်။ ‘ဂေဟသစ်ပင်ကို လှုပ်ခါလိုက်တဲ့အခါ ဗိုင်းရပ်စ်ပိုးမွှားတွေက လူတွေပေါ်ကျလာတော့တာပေ့ါ” ဟူသော မှတ်ချက်ကို သတိပြုကြရပါမည်။

ယခုအထိတော့ အချိန်မီသေးသည်ဟု မျှော်လင့်ရပါသည်။ ဂေဟသစ်ပင်ကို လှုပ်ခါဖြိုလှဲမည့် စီမံကိန်းကြီးများ၊ အစီအစဉ်များကို ပြောင်းလဲရပ်တည်နိုင်သည့် ဖြစ်နိုင်ခြေ ရှိနေပါသေးသည်။

မည်သို့ပြောင်းလဲကြမည်နည်း။ အိန္ဒိယစာရေးဆရာမ အာရန်ဒါတေရွိုင်း (Arundhati Roy) ၏ မှတ်ချက်က ရှေခြေလှမ်းများအတွက် စဉ်းစားစရာဖြစ်စေပါလိမ့်မည်။ “ဒီနေ့ကျမတို့ ရောက်နေတဲ့နေရာဟာ အရင်ဆုံးဖြတ်ချက်အများကြီးရဲ့ ရလဒ်လေ… ရေကာတာတွေ ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ညစ်ညမ်းတဲ့ စက်ရုံ၊ လုပ်ငန်းတွေ ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သယံဇာတတွေ ထုတ်ယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဌာနေပြည်သူတွေရဲ့ အခွင့်အရေးကို ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားလမ်းတွေကို ပယ်ပြီး ဒီလမ်းဆက်သွားမယ်ဆိုတာကို ဆုံးဖြတ်ချက်တွေနဲ့ လုပ်ခဲ့တာ။ နောက်ထပ် ဆုံးဖြတ်ချက် တခုချင်းစီမှာ ဘယ်လမ်းသွားမလဲလို့ ရွေးလို့ရတာပဲ။ ဘယ်အလုပ်တွေ မလုပ်ဘူးလဲ၊ ဘယ်အလုပ်တွေ လုပ်မှာလဲ၊ လွန်ကျွံသွားတဲ့ ကိစ္စတွေ၊ ဆင်းရဲဒုက္ခဖြစ်စေတဲ့ ကိစ္စတွေအတွက် ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ ပြန်ကုစားမလဲ”

လက်ရှိ ကိုရိုနာကပ်ဘေးတွင် မေးကြလေ့ရှိသည့် မေးခွန်းတခုမှာ ယခုကဲ့သိုသော ကပ်ရောဂါ ဖြစ်နိုင်ခြေရှိခြင်းကို ပညာရှင်များက ပြောခဲ့ကြသော်လည်း အဘယ်ကြောင့် မပြင်ဆင်ခဲ့ကြ၊ မရှောင်လွှဲ နိုင်ခဲ့ကြသနည်း ဟူသော မွေးခွန်း ဖြစ်ပါသည်။

အနာဂတ်ကာလတခုတွင် မြန်မာနိုင်ငံ၌နေထိုင်သော ကပ်ဘေးသင့် ပြည်သူတစု စုဝေးနေကြသည်။ အဖေ၊ အမေများ ပါသည်။ မြေးမြစ်များပါသည်။ သားသမီးများပါသည်။ တူ၊ တူမများ ပါသည်။ ဆွေမျိုးမိတ်သင်္ဂဟများ ပါသည်။ ထိုလူအုပ်စုသည် စာစောင်တခုကိုကိုင်လျက် ၂၀၂၀ လောက်က ဤမြေပေါ်တွင် နေထိုင်ခဲ့သော  နိုင်ငံသူ၊ နိုင်ငံသားများကို မေးခွန်းထုတ်သည်။ ‘ခင်ဗျားတို့ ဘဝမှာလည်း ကြုံတွေ့ခဲ့ဖူးတဲ့ကပ်ဘေး၊ နောက်ကြုံနိုင်တယ်ဆိုတာကိုလည်း သိတဲ့ကပ်ဘေးအတွက် လိုအပ်တဲ့ အပြောင်းအလဲတွေ ဘာလို့မလုပ်ခဲ့ကြတာလဲဗျာ’ ဟု မေးကြပါသည်။ သူတို့ ကိုင်ထားသော စာစောင်၏ သတင်းခေါင်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

                                                         “ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ခြောက်မျိုးကို မြန်မာနိုင်ငံရှိ လင်းနို့များတွင် တွေ့ရှိ”

References 
He, B., Li, Z., Yang, F., Zheng, J., Feng, Y., Guo, H., Li, Y., Wang, Y., Su, N., Zhang, F. and Fan, Q., 2013. Virome profiling of bats from Myanmar by metagenomic analysis of tissue samples reveals more novel mammalian viruses. PLoS One8(4), viewed 1 May 2020, https://journals.plos.org/plosone/article?id=10.1371/journal.pone.0061950

Khan, A.S. and Sesay, S.S., 2015. Seafood insecurity, bush meat consumption, and public health emergency in West Africa: Did we miss the early warning signs of an Ebola epidemic?. Maritime Studies14(1), p.3. viewed 1 May 2020,  https://link.springer.com/article/10.1186/s40152-015-0020-2

Kutner, Max 2020, 2020, “Smithsonian Scientists Discover Six New Coronaviruses in Bats in Myanmar”, Smithsonianmag, 13 April, viewed 12 May 2020,
https://www.smithsonianmag.com/smithsonian-institution/smithsonian-scientists-discover-six-new-coronaviruses-bats-myanmar-180974657/

Qiu, Jane 2020, “How China’s ‘Bat Woman’ Hunted Down Viruses from SARS to the New Coronavirus”, Scientific American, June Issue, viewed 12 May 2020,https://www.scientificamerican.com/article/how-chinas-bat-woman-hunted-down-viruses-from-sars-to-the-new-coronavirus1/

Shah,Sonia 2020, “Mass Consumption Is What Ails Us: To Avoid Pandemics, Our Whole Economy Needs to Change,” Foreign Affairs, 17 April, viewed 17 April 2020, https://www.foreignaffairs.com/articles/world/2020-04-17/mass-consumption-what-ails-us

齐心抗疫 志存高远:东南亚生态农业航母启航亚太城 ​, https://mp.weixin.qq.com/s/JRlmA2BxvHecI48QGWGcHQ

Valitutto, M.T., Aung, O., Tun, K.Y.N., Vodzak, M.E., Zimmerman, D., Yu, J.H., Win, Y.T., Maw, M.T., Thein, W.Z., Win, H.H. and Dhanota, J., 2020. Detection of novel coronaviruses in bats in Myanmar. PloS one15(4), p.e0230802,https://journals.plos.org/plosone/article?id=10.1371/journal.pone.0230802

Zaugg ,Julie 2020, “The virus hunters who search bat caves to predict the next pandemic”, CNN, 27 April, viewed 27 April 2020, https://edition.cnn.com/2020/04/26/health/virus-hunters-bat-cave-coronavirus-hnk-intl/index.html

Zhou, P., Yang, X.L., Wang, X.G., Hu, B., Zhang, L., Zhang, W., Si, H.R., Zhu, Y., Li, B., Huang, C.L. and Chen, H.D., 2020. A pneumonia outbreak associated with a new coronavirus of probable bat origin. nature579(7798), pp.270-273, https://www.nature.com/articles/s41586-020-2012-7

ဇော်, မြင့် ၂၀၂၀, ကပ်ဘေးထဲက တော်လှန်ရေး, https://www.salayam-media.org/ကပ်ဘေးထဲက-တော်လှန်ရေး-ဒ/

ဇော်, မြင့် ၂၀၂၀, ကိုဗစ်နောက်‌ကြောင်းပြန် https://www.salayam-media.org/ကိုဗစ်-နောက်ကြောင်းပြန်/

Dr. Myint Zaw

ဒေါက်တာမြင့်ဇော်သည် ဩစတေးလျ အမျိုးသားတက္ကသိုလ်မှ သဘာဝဘေးအ္တရာယ်နှင့် သယံဇာတစီမံခန့်ခွဲမှု ပညာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။ သဘာဝဝန်းကျင်နှင့် ငြိမ်းချမ်းရေးစာအုပ်များ ရေးသားခဲ့သည်။ "ကိုဗစ်နောက်ကြောင်းပြန်"နှင့် "ကပ်ဘေးထဲက တော်လှန်ရေး"စာအုပ်နှစ်အုပ်ကို မကြာမီက ရေးသားခဲ့ပြီးwww.salayam-media.org တွင် အခမဲ့ Download ရယူ ဖတ်ရှုနိုင်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search