Menu & Search

ကျေးရွာတို့၏ အပူ

May 29, 2020

တနေကုန် မခံမရပ်နိုင်အောင် ပြင်းလွန်းသည့် အပူသည် ည ၁၀၊ ၁၁ နာရီအထိ အရှိန်မပြယ်သေးဘဲ အိပ်ရာ ကုတင်များတွင် အငွေ့ပြန်နေဆဲ။ ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ရင်း၊ လူးရင်းလွန့်ရင်းဖြင့် ရွာကလေးသည် အိပ် ပျော်အောင် ကြိုးပမ်းနေရလေသည်။

ညမထွက်ရအမိန့်များ ရှိနေသည့်တိုင် ရွာလယ်လမ်းမထက်မှ ဆိုင်ကယ်ကို ဝူးဝူးဝေါဝေါမြည်အောင် မောင်းနှင် ပြေးသွားကြသံတချို့ကို ကြားနေရသေးသည်။ ဆိုင်ကယ်သံသည် တခါတရံတွင် မိုးခြိမ်းသံနှင့် ရောထွေးသွား၏။ သည်ညတော့ မိုးရွာလိမ့်မည်ဟု ထင်ရသည်။

ရွာကလေးသည် အိပ်ပျော်အောင် ကြိုးပမ်းရင်း မိုးကို သတိရမိပြန်သည်။ မိုးမရွာသည်မှာ ကြာသွားပြီ။ သည်လို ပူနေသည်မှာ တပတ်ဆယ်ရက် မကတော့။ သည်မိုးဦးအတွက် ပထမတမိုးတော့ မစို့မပို့ ရွာပြီးခဲ့ပြီ။ ထိုမိုးနှင့်အတူ ထွန်ရေးပြင်နိုင်ခဲ့ကြ။ တချို့တလေက ပဲကလေးဘာလေးကို အပြေးအလွှား စိုက်ပျိုးနိုင်ခဲ့ရပြီ။ သို့သော် နောက်မိုး မဆက်သောကြောင့် ယာခင်းအများစုသည် ထွန်ရင်းတန်းလန်း ခြောက်သွေ့သွားကြ။ ပြီးခဲ့သည့် ရက်များ အားလုံးထဲဝယ် မိုးကိုသာ မျှော်နေခဲ့ကြရသည်။

အကြောက်တရားနှစ်ခုကို တပြိုင်နက်ထဲ ထမ်းပိုးထားရန် မနိုင်နင်းသည့်အခါ ရွာကလေးသည် ကပ်ဘေး၏ ခြောက်လှန့်မှုကို ဂရုမူနိုင်ခြင်းမရှိတော့ဘဲ ကိုဗစ်အပါ် ထားရှိသည့် အကြောက်စိတ်ကို ပစ်ချလိုက်လေပြီ။

ယခု သူကြောက်သည်မှာ မိုးခေါင်ခြင်း ဖြစ်သည်။ ကိုဗစ်ထက် မိုးမရွာမည်ကို ပို၍ တွေးပူနေမိရသည်။

သုံးနှစ်ဆက် မိုးခေါင်လျှင် ဘာဖြစ်မည်နည်း။ ထိုမေးခွန်းသည် ကျေးလက်၏ စကားဝိုင်းများတွင် ရေပန်းစား ပါသည်။ သို့သော် လူကြိုက်မများ။ မိုးခေါင်သည် ဆိုသည့်အသံကို မကြားချင်သောကြောင့် ဖြစ်သည်။ ပို၍ ဆိုးသည်မှာ ထိုမေးခွန်း၏ အဖြေဖြစ်သည်။ သိသာ သိစေ၊ မမြင်စေနှင့်ဟူသည့် စကားအတိုင်း အဖြေကို သိနှင့်ပြီး ဖြစ်သော်လည်း တစုံတယောက်က ထုတ်ပြောလာမည်ကို မကြားလိုကြပေ။

ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် မိုးခေါင်ခဲ့ရာ စပါး၊ ပဲ၊ ပြောင်းတို့ မစိုက်ပျိုးနိုင်ခဲ့ကြ။ အမှန်တကယ်တွင်မူ ထို့မတိုင် မီနှစ်များကတည်းက မိုးခေါင်ခြင်းသည် သည်အရပ်ဒေသများနှင့် ရင်းနှီးကျွမ်းဝင် ယဉ်ပါးနေခဲ့ပြီး ဖြစ်သည်။ မိုးသည် နှစ်နှစ်လောက် ခေါင်လိုက်၊ တနှစ်လောက် ပြန်ကောင်းလာလိုက်၊ နောက်တနှစ်၊ နှစ်နှစ် ပြန်ခေါင်လိုက်ဖြင့် လုံးလည်လိုက်နေခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားပင်လယ်ဘက်ဆီမှ မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ချိန်မှာ တနှစ်ထက်တနှစ် ရှေးက ထက် နောက်ကျ၍ ပြန်လည် ဆုတ်ခွာချိန်မှာမူ စော၍လာနေသောကြောင့် မိုးကာလသည် တဖြည်းဖြည်း တိုတောင်းလာနေပြီဖြစ်ကြောင်း မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်၏ ပြောဆိုသတိပေးမှုကို ပြီးခဲ့သည့် နှစ်များအတွင်းက နာကြားခဲ့ရချိန်တွင် ရွာကလေးတို့သည် မျက်လုံးလေး ကလယ်ကလယ်ဖြင့်။ သည်ဖြစ်စဉ် အတွက် သူတို့က ဘာများ တတ်နိုင်ပါမည်နည်း။

တိုတောင်းသည့် မိုးကာလနှင့် လိုက်လျောညီထွေ ဖြစ်မည့် သီးနှံများကို စိုက်ပျိုးရန် သို့မဟုတ် မိရိုးဖလာ စိုက်ပျိုးရေး စနစ်ကို စွန့်လွှတ်၍ ခေတ်မီနည်းစနစ်တို့ဖြင့် အစားထိုးကြရန် စိုက်ပျိုးရေးပညာရှင်တို့၏ ဆော်ဩမှုအချို့ကို သဲ့သဲ့ယဲ့ယဲ့ ကြားရပြန်သည်။

ခေတ်မီစိုက်ပျိုးနည်းစနစ်ဆိုသည်မှာ အဘယ်နည်း။ ခေတ်မီနည်းစနစ်များအတွက် အရင်းအနှီးနှင့် အရင်းအမြစ် များက ဘယ်ဆီမည်နည်း။

ထိုနည်းပညာနှင့် အရင်းအနှီးများသည် ရွာကလေးများထံသို့ လုံလုံလောက်လောက် ရောက်ရှိမလာခဲ့သည့်အခါ  လုပ်သားများစွာသည် လယ်ယာတို့အား ဟင်းလင်းထားခဲ့ရုံမှတပါး အခြားမရှိတော့ပေ။

သူတို့လုပ်နိုင်သည်မှာ ထွန်နှင့် နွားတို့ကို ပစ်ချ၍ ရေကြည်ရာ မြက်နုရာကို ရှာဖွေသွားလာခြင်းသာ။ ရွှေတွင်း၊ ကျောက်တွင်းနှင့် ငှက်ပျောခင်းများဆီသို့ တသုတ်ပြီး တသုတ် ထွက်ခွာသွားကြတော့သည်။ အချို့က နယ်စပ်ကို ဖြတ်ကျော်၍ ဟိုဘက်ကမ်းအထိ။ လယ်ထဲဆင်းရန် မလိုတော့သည့် ကောက်စိုက်သမတို့သည်လည်း မြို့ပြများရှိ စက်ရုံ၊ အလုပ်ရုံများ၏ အရိပ်သို့ ဝင်ပြေးကြ။

ထိုသို့ဖြင့် လျှာပေါ်မြက်ပေါက်မည့်ဘေးနှင့် ပြေးတမ်း၊ လိုက်တမ်း။

လောက၏ ဖြစ်စဉ်များသည် အစီစဉ်တကျဖြင့် ကြောင်းကျိုးညီစွာ ဖြစ်သည် သို့မဟုတ် ပရမ်းပတာ သူဖြစ်ချင်သလို ဖြစ်သည် သို့မဟုတ် ပရမ်းပတာအားဖြင့် အစီအစဉ်တကျဖြစ်သည်ဟူ၍ ရွာကလေးတို့သည် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိကြပါ။ ထိုသည်တို့ကို လေ့လာသင်ယူနိုင်ရန် အခြေအနေလည်း မရှိကြ။ သို့တိုင် ထိုဖြစ်စဉ်တို့၏ ရိုက်ခတ်ခြင်းကို ကြုံတွေ့ခံစားကြရသည်မှာမူ နတ်ဒေဝါတို့၏ ရက်စက်မှုအဖြစ်သာ ရှုမြင်နိုင်ကြပေလိမ့်မည်။

ဟူပေဟုခေါ်သော ပြည်နယ်အတွင်းမှ ဝူဟန်ဟုတွင်သည့် မြို့သည် မည်သည့်နေရာတွင် ရှိသည်ကို တကြိမ်တခါမှ ကြားဖူးခဲ့ခြင်း မရှိ။ နားလည်တတ်သိသူ တယောက်ယောက်က ဂူးဂဲမြေပုံအားဖွင့်၍ ပြမည်ဆိုလျှင်မူ အနှီ ဝူဟန်မြို့သည် ရွာကလေးနှင့် မြန်မာပြည် တပြန်နှစ်ပြန်စာမက ကွာခြားကြောင်း တွေ့ရပေလိမ့်မည်။ ထိုမျှ ဝေးသော အရပ်ဖြစ်ရာ ထိုမြို့တွင် တောရိုင်း တိရစ္ဆာန်ဈေးတခုရှိနေသည် ဆိုသည်ကို သိရန်မှာမူ ပို၍ပင်မဖြစ်နိုင်။

အပ်ကျမတ်ကျ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း သုတေသနပညာရှင်တို့၏ စကားဝိုင်းတွင် ကြားရလေ့ရှိသည့် ယူဆချက် ပုံပြင် တပုဒ်မှာ ဤသို့ဖြစ်၏။ ထိုဒေသရှိ လင်းနို့တို့မှ ဗိုင်းရပ်စ်ပိုးသည် သင်းခွေချပ်သို့ ကူးစက်ခဲ့ပုံရှိသည်။ လူတစုသည် ထိုသို့ ကူးစက်ခံရသော သတ္တဝါတစ်ကောင်ကို ဈေးမှ ဝယ်ယူစားသောက်ခဲ့သည်။ ထိုဖြစ်ရပ်သည် သာမန် အသေးအဖွဲ ကလေးဖြစ်သော်လည်း ကမ္ဘာတခွင်ကို ကသောင်းကနင်းဖြင့် ရမ်းခါသွားစေခဲ့သည်။

ကမ္ဘာ့တဖက်ခြမ်းတွင် လိပ်ပြာတကောင် အတောင်ပံ ခတ်လိုက်မှုကြောင့် ကမ္ဘာ့အခြား တဖက်ခြမ်းတွင် မုန်တိုင်းတို့ ဖြစ်ပေါ်၊ မပေါ်မှာ အငြင်းပွားဖွယ်ရာ ဖြစ်သော်လည်း အသေးအဖွဲ လုပ်ရပ်ကလေးတခုသည် အကြောင်း တိုက်ဆိုင် သွားသည့်အခါ အဆမတန် ကြီးမားသည့် အကျိုးဆက်များ ဖြစ်ပေါ်တတ်ကြောင်း ပညာရှင်တို့က တွေ့ရှိ ထားကြပြီး ဖြစ်သည်။ ၎င်းကို ခေးအော့စ်ဖြစ်စဉ်ဟု အမည်ပေးထားကြပါသည်။ ခေးအော့စ်ဆိုသည့် စကားလုံးကိုမူ ရွာကလေး တို့အနေနှင့် ကြားဖူးပုံမပေါ်ပေ။

ကိုဗစ်-၁၉ ဟူသော တပ်မကြီးသည် ယင်းသဘောတရား ကိုအသုံးပြု၍ ကမ္ဘာအနှံ့အပြားကို မွှေနှောက် သောင်း ကျန်း နေသည်မှာ လတချို့ကြာမြင့်ခဲ့ပြီဖြစ်သည်။

သဘာဝတရား၏ ဟန့်တားထားနိုင်မှုကြောင့် ရွာကလေးများထံသို့ လတ်တလော အခြေအနေအထိ ကိုဗစ်-၁၉ စစ်သားများ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးသော်လည်း အုံးအုံးခြိမ့်ခြိမ့် မြည်လျက်ရှိသည့် ညာကြွေး သံတို့ကိုမူ ဟိုမှ သည်မှ ကြားနေခဲ့ရသည်။

ကိုဗစ်-၁၉ သည် အဝေးရောက် သား၊ သမီးများအား အစုလိုက် အပြုံလိုက် ထိုးသိပ်ကာ မိဘတို့ထံသို့ ပြန်လည်ပို့ဆောင်ခဲ့ပေသည်။

စက်ရုံ၊ အလုပ်ရုံများ ပိတ်လိုက်ကြပြီ။ ထိုသတင်းတို့အား နေ့စဉ်လိုလိုပင် ကြားနေခဲ့ရလေသည်။ သတင်းများ၏နောက် မရှေးမနှောင်းမှာပင် အဝေးရောက် သား၊ သမီးများသည်လည်း တဖွဲဖွဲ တသည်းသည်းဖြင့် ရွာကလေးများထံသို့ ပြန်လည် ခိုဝင်လာကြတော့သည်။  တိုင်းတပါးသို့ ရောက်နေကြသူတို့အားလည်း မိမိနေရပ်သို့ ပြန်ခိုင်းနေကြပြီ။ သား၊ သမီးတို့ အိမ်အပြန်ကို အမြဲတစေ စောင့်မျှော်နေခဲ့ကြသည့် မိခင်တို့သည် သည်ဇာတ်လမ်းတွင်မူ သည်ပုံစံနှင့် ပြန်လာကြသည့် သား၊ သမီးများအတွက် ဝမ်းသာရွှင်မြူး၊ နှစ်ထောင်းအားရ မဖြစ်နိုင်ကြပေ။

ပြဿနာမှာ ထိုသူတို့အား ဝဝလင်လင် ကျွေးမွေးစောင့်ရှောက်ထားနိုင်သည့် အခြေအနေသည် ရွာကလေးတို့တွင် ရှိမနေခြင်း ဖြစ်သည်။ နဂိုကမှ ရေလည်းနောက်၊ မြက်လည်းခြောက်ခဲ့ပြီးဖြစ်သောကြောင့်  သား၊ သမီးတို့သည် အဝေးသို့ ရွှေ့ပြောင်းသွားလာနေခဲ့ကြရသည် မဟုတ်ပါလား။

လွန်ခဲ့သည့်နှစ်များစွာထဲ တောက်လျှောက်ပင် ရွာကလေးတို့သည် ချောင်ထိုးပစ်ပယ်ခြင်းကို ခံထားခဲ့ရသည်။ ရွာကလေးတို့၏ အားဆိုသည်က တောင်သူလယ်သမားများ၏ အားသာဖြစ်ပြီး တောင်သူလယ်သမားတို့၏ အားထားရာ ရေသောက်မြစ်သည် မှန်ကန်သည့် မိုးလေဝသ၊ ကောင်းမွန်သည့် စိုက်ပျိုးရေးနည်းနာများ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့စိုက်ပျိုးထုတ်လုပ်လိုက်သည့် ကောက်ပဲသီးနှံတို့အတွက် ခိုင်မာသည့်ဈေးကွက်သည်လည်း အားကောင်းတခု ဖြစ်ကြောင်းကိုမူ သူတို့အနေနှင့် မိမိဘာသာ တွေးမြင်နားလည်နိုင်ကြပါသည်။

သို့သော် ထိုအခြေအနေတို့ကို ရွားကလေးများထံသို့ မည်သူကမျှ ဆောင်ယူ တင်သွင်းလာခြင်း မရှိခဲ့ပေ။ မိုးလေက မမှန်၊ စိုက်နည်းက လွဲ၊ ဈေးကွက်က ယိုင်နှင့် ရှိခဲ့သည်ချည်း။

မိုးခေါင်သောကြောင့် ဝမ်းမဝသည့် နှစ်များ ပိုများလာခဲ့သည်။ တချို့နှစ်များတွင် မိုးလေဝသမှန်သော်လည်း ခေတ်မမီတော့သည့် စိုက်ပျိုးရေးနည်းနာများနှင့် မလုံလောက်သည့် သွင်းအားစုများကြောင့် မှန်းချက်နှင့် နှမ်းထွက်သည် ပါစင်အောင် လွဲနေခဲ့ရ။ တခါတရံတွင် ကံအကျိုးပေး၍ သီးနှံတို့ ဖြိုးဖြိုးမောက်မောက် ထွက်ရှိခဲ့သည့်တိုင် ဈေးကောင်းမရ၍ ခါးမလှခဲ့။

မိုးလေ ဘာကြောင့်မမှန်သနည်း၊ ဘယ့်အတွက်ကြောင့် စိုက်နည်းတို့ လွဲရသနည်း၊ ဈေးကွက်သည် အဘယ်ကြောင့် ယိုင်နဲ့နေရသနည်း။

ထိုမေးခွန်းတို့အတွက် ရွာကလေးများအနေနှင့် အဖြေမထုတ်တတ်ခဲ့၊ မထုတ်ဝံ့ခဲ့ကြပါ။ သစ်ပင်သစ်တောမဲ့စွာ ခြောက်သွေ့လျက်ရှိသော ကုန်းခေါင်ခေါင်တို့အား မျှော်ရင်း၊ သိမ်ဖျင်းလှသော စိုက်ခင်းများအား ကြည့်ရင်း၊ ဝယ်သူမဲ့သဖြင့် ပျက်စီးပုပ်အဲ့သွားသည့် သီးနှံတို့အား ငေးရင်း ထိုမြင်ကွင်းတို့သည် နတ်ဒေဝါတို့၏ ဆိုးသွမ်းမှုအဖြစ် နှလုံးသွင်းရုံသာ။

ယခုမူ မိမိဘာသာပင် တုန်ရီချည့်နဲ့လျက်ရှိသည့် အမယ်အိုသည် သားသမီး၊ မြေးမြစ်များ၏ ဝန်ကိုပါ ထမ်းပိုး သယ်ရွက်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာနေပြီ။

ဖားကန့်ပြန်၊ လိုင်ဇာပြန်၊ လှိုင်သာယာပြန်၊ တရုတ်ပြန်၊ ထိုင်းနှင့် မလေးရှားပြန် စသဖြင့် အပြန်မျိုးစုံဖြင့် ရွာများတွင်  ယခုရက်များတွင် စည်ပင်ဝေဆာနေသယောင်။ သို့သော် ခြောက်ခြောက်သွေ့သွေ့။ တိတ်တိတ်ဆိတ်ဆိတ်။ နွေအပူ၊ နေအပူအောက်တွင် မိသားစု စားဝတ်နေရေးအပူ၊ ထိုအထဲတွင်မှ ရောဂါကပ်ဘေးအပူ။ ထိုအပူတို့၏အောက်တွင် မလူးသာ၊ မလွန့်သာဖြင့် ဖြစ်၍နေလေသည်။

သူတို့အတွက် ထွက်ပေါက်သည် မည်သည်နည်း။ ကူကယ်မည့်သူတို့သည် ဘယ်ဆီမည်နည်း။

မည်သည့် အရပ်ဒေသတွင်မှ လုပ်သား လိုအပ်မှုမရှိကြတော့သည့်အခါ ထိုနယ်စုံပြန် သား၊ သမီးတို့သည် မိမိတို့ နာကျင်ဆွေးမြည့်စွာ စွန့်လွှတ်ခဲ့ပြီဖြစ်သော လယ်ယာ လုပ်ငန်းခွင်များအတွင်းသို့ ပြန်လည် တိုးဝင်ရပေလိမ့်မည်။ ပစ်ချထားခဲ့သော ထွန်နှင့် နွားတို့ကို ပြန်လည် ကောက်ကိုင်ရပေလိမ့်မည်။

တနေ့သောအခါတွင် အမယ်အိုတဦး၏ မြည်တမ်းသံသည် ရွာကလေး၏ ကောင်းကင်ယံမှ ဤသို့ ထွက်ပေါ်ခဲ့သည်။

“မိုးလေဝသလေး မှန်ရင် တော်ပါပြီ” ဟူ၍။

သူ၏ မြည်တမ်းမှုသည် ညည်းတွားမှုတချို့တဝက် ရောယှက်နေသည့်တိုင် တောင်းဆိုမှု များများစားစား မပါဝင်သည်ကို သတိပြုနိုင်ပါသည်။ ရွာကလေးတို့တွင် အခြားသော အပူနှင့် သောကများစွာ ရှိနေပါမည်မှာ သေချာ ပါသည်။ အမှောင်နှင့် ကြမ်းတမ်းမှုတို့ ကြီးစိုးခြယ်လှယ်ခဲ့သည့် ခေတ်ဆိုးခေတ်ကျပ်များစွာကို ဖြတ်သန်းခဲ့ရပြီးသည့် နောက်တွင် သူတို့သည် တောင်းဆိုရခြင်းကို ငြီးငွေ့စိတ်ကုန်ခဲ့ကြပြီလော၊ မပြောတတ်ပေ။

မဖြစ်မနေ တောင်းဆိုရန်ရှိလာသည့်အခါတွင်သော်မှ အုပ်စိုးသူ လူသားတို့ထံမှ မတောင်း၊ သဘာဝတရားဆီကသာ တောင်းဆိုလေသည်။

နေက တနေ့ထက် တနေ့ ပူပြင်းလာနေသည်။ ထိုအထဲတွင် ကိုဗစ်-၁၉ ဟူသော တစ္ဆေသည် တဝီဝီမြည်နေသော ခြင်တို့နှင့်အတူ ပျံဝဲလျက် ခြောက်လှန့်နေပြန်သေးသည်။ အိပ်ရခက်သော ညတို့သည်လည်း ဆက်၍ ဆက်၍ လာခဲ့ချေပြီ။

မိုးရာသီရောက်လျှင် ရောဂါပျံ့နှံ့မှုသည် ပို၍ဆိုးလာနိုင်ဖွယ်ရှိကြောင်း ထင်မြင်သုံးသပ်ကြသံအချို့သည် ရွာကလေး များထံသို့ ရှေးမဆွကပင် ရောက်နေခဲ့ပြီး ဖြစ်သည်။ ထိုစကားကို မည်သူကမျှ အရေးတယူပြု၍ အဖက် မလုပ်ချင်ကြပါ။

အကြောက်တရားနှစ်ခုကို တပြိုင်နက်ထဲ ထမ်းပိုးထားရန် မနိုင်နင်းသည့်အခါ ရွာကလေးတို့သည် ကိုဗစ် အပါ်ထားရှိသည့် အကြောက်စိတ်ကို ပစ်ချလိုက်ပြီဖြစ်သည်။

ကောင်းကင်သည် မိုးသံတို့ ထစ်ချုံးလျက် မိုးစက်တို့အား မြေပြင်သို့ သွန်ချရန် အားယူနေသည်မှာ မီးမဖွားနိုင်သည့် ကိုယ်ဝန်သည်မိခင်တဦးနှင့်ပင် တူသေး၏။ ချွေးပြိုက်ပြိုက်ကျအောင် အားသွန်ခွန်စိုက် ညည်းတွားရုန်းကန်နေရပုံ။

Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။

Related article
ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

ကိုဗစ်၏ ရေရှည်ကပ်ဘေးတွင် ကျန်းမာရေး၊ အလုပ်အကိုင်ကိစ္စနှင့် အိမ်တွင်းအကြမ်းဖက် ပြဿနာတို့တွင် အမျိုးသမီးတို့ ပိုမိုထိခိုက်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

အရှုံးထဲက အမြတ်တခု သို့မဟုတ် လူသားဆန်ခြင်း

အရှုံးထဲက အမြတ်တခု သို့မဟုတ် လူသားဆန်ခြင်း

လွန်ခဲ့တဲ့ သုံးလေးလလောက်ကသာ ဒါမျိုးဖြစ်လာမယ်လို့ တယောက်ယောက်က လာပြောရင် ကျနော်တို့ အော်ရယ်မိကြမှာ။ ခုတော့ ဒါတွေက တကယ်ဖြစ်လာခဲ့တယ်။

ကပ်နဲ့ နေထိုင်ခြင်း

ကပ်နဲ့ နေထိုင်ခြင်း

ကံကောင်းသူတွေက မြေကမ္ဘာမှာ ဆက်နေခွင့်ရကြဦးမယ်။ သူတို့ ချစ်တဲ့သူတွေနဲ့ ပြန်တွေ့ ပွေ့ဖက် ခရီးအတူဆက်နိုင်ကြမယ်.. ပန်းရောင်စုံတွေ လေပြေလေညှင်းတွေ…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search