Menu & Search

ကိုဗစ်-၁၉ နှင့် အမျိုးသားနိုင်ငံရေး

May 29, 2020

ISP -Myanmar (Institute for Strategy and Policy – Myanmar) က ဆောင်းပါး တောင်းတယ်။ တကယ် တော့ ကျနော်ကိုယ်တိုင်က ISP-Myanmar ရဲ့ ပရိသတ်ပါ။ အခု ကိုဗစ် ကာလထဲမှာ ဗီဒီယိုကွန်ဖရင့် (Video Conference) တို့၊ ဝါ့ခ်ဖရွန်ဟုမ်း (Work from Home) တို့ ခေတ်စားလာတော့ ဝါ့ခ်ဖရွန်ဟုမ်းက အလုပ် ဖြစ်ပါ့မလားလို့ ကျနော် စဉ်းစားမိတယ်။ လုပ်နိုင်တဲ့ လူဦးရေက ဘယ်လောက် ရှိမှာလဲလို့ စဉ်းစားနေတဲ့ အချိန်မှာပဲ ISP-Myanmar က  ကိုဗစ်-၁၉ အထူးထုတ်စာစဉ် အမှတ်စဉ် ၁၊ ၂  (COVID – 19 Special Series 1, 2) ဆို တာတွေ ဆက်တိုက် ထွက်လာတာ မြင်ရတော့ ကျနော် တော်တော်လေး အားရပါတယ်။ အခုလည်းပဲ အထူးထုတ် စာစဉ်၊ အမှတ်စဉ် ၃ (Special Series – 3) အတွက် ဆောင်းပါး တောင်းတဲ့အခါကျတော့ အလုပ်ပြီးမြောက်မှုတခု ထပ်ပြီးတော့ လုပ်ပြဦးမှာပဲ၊ သူ့ဆီကနေ ရလဒ်ကောင်းတွေ ထွက်လာဦးမှာပဲလို့ ကျနော် မျှော်လင့်မိပါတယ်။

ဆောင်းပါး ရေးတော့မယ် ဆိုတော့ ကျနော် စဉ်းစားတယ်။ ဒီ ကို ကိုဗစ်-၁၉ နဲ့ တိုက်ရိုက် ပတ်သက်တာက ကျန်းမာရေး ကိစ္စပါ။ ကိုဗစ်-၁၉ ကို ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို ထိန်းချုပ်ရမယ်၊ ဘယ်လို ကုသရမယ်ဆိုတဲ့ ကိစ္စတွေကို ကျနော် တတ်နိုင်သလောက် မျက်ခြေမပြတ် ဖတ်နေတယ်ဆိုပေမဲ့ တို့စိ၊ တို့စိ ဖတ်ထားသလောက်ပဲ သိတာ။ ဒါက ကိုယ့်ရဲ့ ကျွမ်းကျင်မှု နယ်ပယ်မဟုတ်ဘူး။ သာမန် ရောဂါတွေထက် ကိုဗစ်က ပိုတောင် ဆိုးသေးတယ်။ ဆရာဝန်တွေ၊ ကျန်းမာရေး ပညာရှင်တွေတောင်မှ ဓာတ်ခွဲတုန်း၊ လေ့လာတုန်းဆိုတော့ ဒါက သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ နယ်ပယ်လို့ပဲ ကျနော် ယုံကြည်မိပါတယ်။ နောက်တခုက ကိုဗစ်နဲ့ စီးပွားရေး သက်ရောက်မှု။ အဲဒါကိုတော့ ပိုပြီး စိတ်ဝင်စားတယ်။ ဘာကြောင့်လည်းဆိုရင် စီးပွားရေးနဲ့ နိုင်ငံရေးဆိုတာက ခွဲလို့ မရဘူးလေ။ ကိုယ်နဲ့လည်း နည်းနည်း ပိုနီးစပ်လာတယ်လို့ ခံစားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စီးပွားရေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ ရေးတာ ဖတ်ပြီးတဲ့အခါကျတော့ နိုင်ငံရေးသမားတဦးရဲ့ ရှုထောင့်ကနေ သုံးသပ်တာ၊ တွေးမိတာလေးတွေကို ဧပြီ ၂၀ ရက်တုန်းက “မြန်မာလူထု မီဒီယာ”တို့၊ “ကုမုဒြာ”တို့နဲ့ ဗီဒီယိုတွေ့ဆုံမေးမြန်းမှု (Video Interview) မှာ ကျနော် ပြောဖြစ်လိုက်ပါသေးတယ်။

 

နိုင်ငံရေး၊ ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေး  

နောက်ထပ် ကဏ္ဍတခုက ကျနော်တို့နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ကိစ္စ။ ကိုဗစ်-၁၉ နဲ့ နိုင်ငံရေး သက်ရောက်မှုလို့ ဆိုတဲ့အခါ တိုက်ရိုက် ပတ်သက်လာပြီပေါ့။ တကယ်က Everything is politics. ဆိုတဲ့ စကားအရ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ရေး အားလုံးဟာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးနဲ့ ကင်းလို့မှ မရဘဲကိုး။ နောက်ဆုံး ဒီ ကိုဗစ်-၁၉ ကပ်ဘေးကာလ ဘယ်လောက် တာရှည်မလဲဆိုတဲ့ကိစ္စက ကျနော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲ အချိန်ဇယားနဲ့ပါ သွားပြီး ဆက်စပ်နေတယ်။ ဒါကလည်း ဥပဒေရှုထောင့်က ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မတွေနဲ့ သီးခြား အသေးစိတ် ပြောစရာတွေ ရှိတယ်။ ဆွေးနွေးစရာတွေ ရှိပါတယ်။

နိုင်ငံရေးကိစ္စပြောပြီဆိုရင် ကျနော်တို့ နိုင်ငံမှာ အငြင်းပွားဖို့ ဖန်တီးထားတဲ့ စကားလုံးတခုက အမျိုးသား နိုင်ငံရေး ဆိုတဲ့ကိစ္စ။ စစ်တပ် အာဏာသိမ်းတဲ့ တလျှောက်လုံးမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီ လုပ်တဲ့သူတွေကို “ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေး” ဆိုပြီး နှိမ်ချတဲ့စကားလုံး၊ တိုက်ခိုက်တဲ့ စကားလုံး အဖြစ်နဲ့ “အမျိုးသား နိုင်ငံရေး” ကို သုံးစွဲခဲ့တာ။  တခါ စစ်တပ်က သူဟာ “ပါတီနိုင်ငံရေး” ကို လုပ်နေတာ မဟုတ်ဘူး။ အမျိုးသားရေးကို ဆောင်ရွက်နေတာ ဖြစ်တယ်။ “အမျိုးသားနိုင်ငံရေး” ကို ဆောင်ရွက်နေတာ ဖြစ်တယ်ဆိုပြီး ထပ်ခါ တလဲလဲ ပြောဖန်များတော့ ပါတီနိုင်ငံရေးလုပ်ရတာ “ဘုန်းနိမ့်သလိုတောင်” ဖြစ်လာပါတယ်။ “အမျိုးသားနိုင်ငံရေး” လုပ်မှပဲ “ပါတီနိုင်ငံရေး မလုပ်တဲ့သူက” မြင့်မြတ်သလိုလို ဖြစ်လာတယ်။

ဒီလို အခြေအနေမျိုးမှာ ကျနော်တို့က ကိုယ်ယုံကြည်တဲ့ ဘက်ကနေ တလျှောက်လုံး ခုခံ ကာကွယ်လာခဲ့တာ။ စစ်အစိုးရက နိုင်ငံရေးလုပ်တဲ့သူတွေကို အာဏာနိုင်ငံရေးလို့ပြောပြီး အာဏာကို မလွှတ်တမ်း ဖက်တွယ်ထားတာက သူတို့။ နိုင်ငံရေးသမားတွေက ဘာအကျိုးအမြတ်မှ ခံစားရတာမဟုတ်ဘဲနဲ့ ထောင်ကျ၊ သေကြေပျက်စီး၊ ဘဝပျက်နဲ့ အနစ်နာခံပြီး လုပ်နေရတာ။ တကယ် အာဏာနိုင်ငံရေးလုပ်တာက သူတို့မှလုပ်တာ။ နိုင်ငံရေးပါတီ ဆိုတာကလည်း အာဏာရဖို့လုပ်နေတာမဟုတ်ဘူး။ တမျိုးသားလုံး ပြုပြင် ပြောင်းလဲဖို့အတွက်၊ ဒီမိုကရေစီ အတွက်၊ လူ့အခွင့်အရေးအတွက်၊ တိုင်းရင်းသား တန်းတူညီမျှရေးအတွက် လုပ်နေကြတာ၊ အာဏာအတွက် လုပ် တာ မဟုတ်ဘူးလို့ ကျနော်တို့ကလည်း တောက်လျှောက် ခုခံကာကွယ်ခဲ့တာ။ ကိုယ်တိုင် နိုင်ငံရေးပါတီဝင် မဟုတ် ဘဲနဲ့ကို ကျနော်တို့ ခုခံကာကွယ်ခဲ့ကြတာ။

ဒီလိုနဲ့ စစ်တပ်က အမျိုးသားနိုင်ငံရေးလုပ်နေတာပါလို့ ပြောပြီး ကြံ့ခိုင်ရေးအသင်းကြီးကို ဖွဲ့တယ်။ ဒါဟာ ပါတီ နိုင်ငံရေး မဟုတ်ဘူး။ အမျိုးသားနိုင်ငံရေးပါဆိုပြီး စစ်တပ်ကိုအခြေခံ ဝန်ထမ်းတွေရော၊ ကျောင်းသားတွေရော အ ကုန်လုံးကို အသင်းဝင်ခိုင်း၊ လစဉ်ကြေးတွေကောက်ပြီး နိုင်ငံအနှံ့မှာ ဧရာမ ရုံးခန်းတွေ၊ အဆောက်အဦကြီးတွေ ဖွင့်လှစ်ပြီး လူစုဆောင်းတယ်။ စစ်တပ်က ဒီအတိုင်းသွားလို့ မဖြစ်ဘူး၊ အရပ်ဘက်ပုံစံ ပြောင်းမှဖြစ်မယ်၊ ရွေး ကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲမှဖြစ်မယ်ဆိုတာကို သိတယ်။ ပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြံ့ခိုင်ရေး အသင်းကြီး ဖွဲ့စည်းပြီးတဲ့အခါ အဲဒီ အမျိုးသားရေးအသင်းဆိုတဲ့ ဟာကြီးကိုပဲ  နိုင်ငံရေးပါတီအဖြစ် ချက်ချင်း ပြောင်းလိုက်တော့ “သြော် … လွယ်လိုက်တာ၊ အမျိုးသားနိုင်ငံရေးကနေ ပါတီနိုင်ငံရေး ဆိုပြီး ပြောင်းသွားတော့လည်း လွယ်လိုက်တာ။ ပါတီနိုင်ငံရေးကို တိုက်ခိုက်ဖို့ ကြံတုန်းကလည်း အမျိုးသားနိုင်ငံရေးဆိုတဲ့ လက်နက်နဲ့ တိုက်ခိုက်ပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အဖွဲ့အစည်းထောင်တယ်။ ပြီးတော့ ပါတီ နိုင်ငံရေးအသွင် ပြောင်း သွားတယ် …” ပေါ့။

ဒီအခါ ကျနော်တို့ကလည်း ကိုယ့်ဘက်က ကိုယ့်ဒီမိုကရေစီအင်အားစုတွေ မဲ မကွဲအောင်၊ တဖက်ကလည်း စစ် အာဏာရှင် သက်ဆိုး မရှည်အောင်ဆိုပြီးတော့ NLD ကို ဝိုင်းပြီး ထောက်ခံမဲပေးလိုက်ကြတာ။ ပထမဦးဆုံး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ (၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာပဲ) NLD က နေရာ ၄၀ ကျော် အနိုင် ရခဲ့တယ်။ ဒါက ကြားဖြတ် ရွေးကောက်ပွဲလို နေရာမျိုးမှာ အကုန်လုံး နီးပါးလောက် အနိုင်ရတာ။

ပြီးတော့ စစ်အစိုးရတပိုင်းဖြစ်တဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျနော်တို့ ကြိုးစားခဲ့တယ်။ ကိုယ့်ကို ဖမ်းဆီးခဲ့တာတွေ၊ ဖိနှိပ်ခဲ့တာတွေကို မေ့ထားပြီး ကိုယ့်ကို ဖိနှိပ်ခဲ့တဲ့၊ ဖမ်းဆီး ခဲ့တဲ့ (ဘက်က) သူတွေ ဆိုပေမဲ့လို့ တို့ရဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်တမျိုးသားလုံးအတွက် ပြင်းပြတဲ့ဆန္ဒကို ပြသခွင့်ရတဲ့ နယ်ပယ်တွေမှာ တွဲလုပ်ကြမယ်ဆိုပြီး ကျနော်တို့ ကြိုးစားခဲ့ကြတာပါ။ အထူးသဖြင့် ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်တို့၊ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီတို့မှာ တချိန်တုန်းက ကိုယ့်ကိုဖမ်းဆီးခဲ့၊ ဖိနှိပ်ခဲ့တဲ့သူတွေနဲ့ လက်တွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒါဟာ “အမျိုးသားနိုင်ငံရေး” အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည် တယ်ဆိုတာကို ပြသဖို့အတွက် ကျနော်တို့ ကြိုးစားခဲ့ကြတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲဖို့ ပြင်းပြတဲ့ဆန္ဒနဲ့ NLD ပါတီကို တခဲနက် ထပ်ပြီး မဲပေးခဲ့တဲ့ အတွက်ကြောင့် ပထမဆုံးအကြိမ် လူထုရဲ့ ရွေးကောက်တင်မြှောက်ပွဲကနေ တဆင့်ဖြစ်လာတဲ့သမ္မတ၊ အရပ်သား အများစု လွှမ်းမိုးထားတဲ့လွှတ်တော် အစရှိတဲ့ရလဒ်တွေ ထွက်လာခဲ့တယ်။

 

အမျိုးသားနိုင်ငံရေးကို ပြသဖို့ အကောင်းဆုံးအချိန်

ဒီအချိန်ဟာ အမျိုးသားနိုင်ငံရေးဆိုတာကို အသက်သွင်းဖို့၊ ပြသဖို့ အကောင်းဆုံးအချိန်ပဲလို့ ကျနော်တို့က မြင်ပါ တယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ကမ္ဘာ့ ကပ်ရောဂါ (Pandemic) လို့ သတ် မှတ်လိုက်တာသည် ကမ္ဘာ့လူသားအားလုံးအတွက် ကပ်ရောဂါအဖြစ်နဲ့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့နိုင်ငံအတိုင်းအတာနဲ့ ပြောမယ်ဆိုရင်လည်း ဒါဟာ တမျိုးသားလုံးနဲ့ဆိုင်တဲ့ ကပ်ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီကပ်ရောဂါကြီးကို ထိန်းချုပ်ဖို့၊ ကာကွယ်ဖို့၊ ကျော်လွန်ဖို့ ဆိုတာဟာ တမျိုးသားလုံးကို ဘယ်လောက် စုစည်းနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ မြင်ပါတယ်။ တမျိုးသားလုံးအင်အားစုတွေကို မြန်မြန် စုစည်း နိုင်လေလေ ကပ်ရောဂါကြီးကိုကျော်လွှားဖို့ လျင်မြန်လေလေ ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

အမျိုးသားအင်အားစုတွေလို့ ပြောတဲ့အခါ ဒီအချိန်မှာ နိုင်ငံရေးပါတီတွေ ရှိတယ်၊ အရပ်ဘက် အဖွဲ့အစည်းတွေ ရှိ တယ်၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ရှိတယ်၊ စစ်တပ် ရှိပါတယ်။ နိုင်ငံရေးပါတီတွေလို့ ပြောတဲ့ အခါမှာလည်း ပြည်မမှာရှိတဲ့ ပါတီတွေတင်မဟုတ်ဘဲနဲ့ တိုင်းရင်းသား ဒေသအသီးသီး၊ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေ ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ ရှိတယ်။ ဒီအင်အားစုတွေဟာ တ မျိုးသားလုံးရဲ့ အရင်းအမြစ်တွေဖြစ်တယ်၊ အင်အားစုတွေဖြစ်တယ်လို့ ရှုမြင်နိုင်လို့ရှိရင် ဒီ တမျိုးသားလုံးနဲ့ဆိုင်တဲ့ ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် အားကောင်းတဲ့ အင်အားတခုရမယ်လို့ မျှော်လင့်ပါတယ်။

အခု ကိုဗစ်ကာလမှာ ထူးထူးခြားခြား တွေ့ရတာက ဘာသာရေးခေါင်းဆောင်တွေ၊ ဘာသာရေး အဖွဲ့ အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို အများကြီး တွေ့နေရတာပါ။ ဥပမာအားဖြင့် ဘုန်းကြီးကျောင်းတွေကို ကွာရန်တင်းစင်တာတွေ (Quarantine Centre) အဖြစ်နဲ့ ဆောင်ရွက်နေတာတွေ၊ ဦးစီးဦးဆောင် လုပ်ပြီးတော့ ရုပ်ဝတ္ထုပိုင်း ကူညီရုံတင် မကဘဲနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ကိစ္စတွေ၊ ဘာသာရေး အဆုံးအမတွေနဲ့ ဆောင်ရွက်ပေးနေတာတွေ၊ သွန်သင်လေ့ကျင့်ပေးနေတာတွေဟာ တကယ့် တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေလို့ ကျွန်တော်တို့ မြင်တယ်။ ဘာသာရေးလို့ ပြောတဲ့အခါမှာလည်း အသီးသီးသော ဘာသာရေးခေါင်းဆောင်တွေ၊ အခြားသော ဘာသာဝင်တွေလည်း စုဆောင်းကြ၊ အလှူကောက်ခံကြပြီးတော့ အစားအသောက်တွေ လှူဒါန်းနေကြတာလည်း တွေ့ရတယ်။ ဒါတွေဟာ နိုင်ငံရဲ့ အရင်းအမြစ်တွေ ဖြစ်ပြီးတော့ အခုလို ကပ်ဘေး၊ ကပ်ဆိုး အကျပ်အတည်းကြီးထဲမှာ ဒီလို ကူညီကြတာဟာ ပိုပြီး သတိပြုစရာ၊ ကျေးဇူးတင်စရာ ကောင်းတယ်။ ဒါကြောင့် အမျိုးသားရေးအင်အားစုတွေကို စုစည်းဖို့ဆိုတဲ့ နေရာမှာ ခုနက အရပ်ဘက်၊ စစ်ဘက်၊ နိုင်ငံရေး ပါတီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တဦးချင်းအလှူရှင်တွေ၊ ဘာသာရေးခေါင်းဆောင် အသင်းအဖွဲ့တွေ အားလုံး စုစည်းနိုင်ဖို့ လိုတယ်။ ဒီလို အမျိုးသားရေးအင်အားစုတွေ အားလုံး စုစည်းနိုင်တာကို အဆိုးထဲက အခွင့်အလမ်းကောင်းအဖြစ်နဲ့  ရှုမြင်ပြီး အခွင့်အရေးတခုအနေနဲ့ အသုံးချစေချင်ပါတယ်။

သတိပြုစရာတခုက ဒီမိုကရေစီဘက် အလေးသာတဲ့ခေတ်မှာတောင် ခေတ်အဆက်ဆက်က မှိုင်းသွင်းထားတဲ့ ပါတီနိုင်ငံရေးကင်းစင်ရမည်ဆိုတဲ့ အချက်က အခုအချိန်အထိ ခိုင်ခိုင်မာမာ လွှမ်းမိုးနေဆဲဖြစ်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အခု နိုင်ငံတော်အဆင့် “စေတနာ့ဝန်ထမ်းအဖွဲ့” ဖွဲ့မယ်ဆိုတော့လည်း  အငြင်းပွားမှုတွေ အများ ကြီး ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းဆိုတာဟာ နဂိုကတည်းက နိုင်ငံရေးပါတီများ၊ အစိုးရများနဲ့ လွတ်ကင်းတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တယ်။ စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်းများ (Non – Governmental Organization) ဆိုတာ အစိုးရနဲ့ ပတ်ကို မပတ်သက်ရပါဘူး။

ဒါကို အစိုးရက ကြီးကြပ်ပြီးတော့ ဖွဲ့စည်းမယ်ဆိုကတည်းက အငြင်းပွားမှုတွေ အများကြီးဖြစ်လာပါတယ်။ အဲဒီလို ဖွဲ့စည်းတဲ့နေရာမှာ ဘယ်သူတွေက ဦးဆောင်မှာလဲဆိုတော့ သက်ဆိုင်ရာမြို့နယ်အသီးသီးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်တယ်လို့ ဆိုလာပါတယ်။ ဒီအခါ ပါတီနိုင်ငံရေးနဲ့ ရောထွေးလာ တာမျိုးတွေ ဖြစ်လာပါတယ်။ အခု ဒီလိုပြောနေတာဟာ အစိုးရရဲ့အခန်းကဏ္ဍ ကြီးထွားစေချင်လို့ ကျနော်တို့က ပြောနေတာပါ။ ကပ်ဘေးအန္တရာယ်တခု ဖြစ်လာပြီဆိုရင် အစိုးရရဲ့အခန်းကဏ္ဍက ကြီးကို ကြီးရမယ်။ အစိုးရက အဓိကတာဝန်ယူရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ဒီလိုအခြေအနေမျိုးမှာ သာမန် အခြေအနေတွေလိုမျိုး ကိုယ့် သဘောနဲ့ကိုယ်၊ ကိုယ့်အစုအဖွဲ့နဲ့ကိုယ် လုပ်နေတာမျိုးထက် အစိုးရက ကမကထလုပ်ရမယ်။ အစိုးရက ဦးစီး ဦးဆောင်လုပ်ရမယ် ဆိုတဲ့အပေါ် ကျနော်တို့က အပြည့်အဝ ယုံကြည်ပါတယ်။ ဒါဟာ သဘာဝပါပဲ။

သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားဖြစ်တဲ့ အခါမျိုး၊ အခုလို ကပ်ဘေးအန္တရာယ်ဖြစ်တဲ့ အခါမျိုးမှာ စစ်ဆင် ရေး (Operation) တခုလိုကို ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အစိုးရ အခန်းကဏ္ဍ ကြီးကို ကြီးရပါမယ်။ နောက်ဆက်တွဲဖြစ်လာမယ့် စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင်လည်း အစိုးရရဲ့ စွက်ဖက်မှုတွေက လိုကိုလိုအပ်ပါတယ်။ ကြီးကြီးမားမားကို လိုအပ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့က လက်ခံတယ်။ သို့သော် အမျိုးသားအင်အားစုတွေကို ဘယ်လို စုစည်းမလဲလို့ စဉ်းစားတဲ့အခါကျ အခု အစိုးရက ကြီးကြပ်တယ်ဆိုတဲ့ စေ တနာ့ဝန်ထမ်းအဖွဲ့အစည်းမှာ လွတ်လွတ်လပ်လပ်ဆောင်ရွက်ချင်တဲ့ ပရဟိတ အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်မှုမရှိပါဘူး။ ဒါက အရပ်ဖက်အဖွဲ့အစည်း၊ လူထုအခြေပြုအဖွဲ့အစည်း (CSOs/ CBOs) များရဲ့ တုံ့ပြန် မှု ဖြစ်ပါတယ်။ ဘာဖြစ်လာလဲဆိုတော့ အရပ်ဖက်အဖွဲ့အစည်းများဆိုပြီး ကိုယ့်အထဲမှာ စုစည်းရမယ့်အစား ဝိဝါဒ ကွဲပြားမှုတွေ ဖြစ်လာတယ်။

နောက်တခုက အခုကိစ္စသည် နယ်စပ်ဖြတ်ကျော်ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီတည်နေပုံ အနေအထားက တိုင်းရင်းသားပြည်နယ်များ ဝန်းရံထားတဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်။ ဒါကြောင့် နယ်စပ် ဂိတ်ပေါက်များအားလုံးဟာ တိုင်းရင်းသားဒေသများ ဖြစ်တယ်။ ဒီတော့ ဒီကိစ္စကို ထိန်းချုပ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်။ ဒီအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စက အရေးကြီးပါတယ်။ နောက်တခုက စစ်ဆင်ရေးတခုလို ဆောင်ရွက်ရမယ့်အချက် ဖြစ်ပါတယ်။ စစ်တပ်မှာ အတွေ့အကြုံနဲ့ သဘာဝဘေး အန္တရာယ်များ၊ ကပ်ဆိုးများနဲ့ပတ်သက်တဲ့ လေ့ကျင့်ထားမှုတွေ ရှိပါတယ်။ ဒီတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုက အင်မတန် အရေးကြီးပါတယ်။

ကျနော်တို့ ဒီကပ်ဆိုး၊ ကပ်ဘေးကြီးကို အခွင့်အလမ်းတခုအဖြစ်နဲ့ ပြောင်းလဲနိုင်မယ်ဆိုရင် အမျိုးသားစည်း လုံးညီညွတ်ရေးအထိ၊ ပြည်တွင်းစစ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးရတဲ့အထိ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင် နိုင်တယ်လို့ မြင်ပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံက အာချေးပြည်နယ်မှာ ဆူနာမီကြောင့် လူသိန်းနဲ့ချီပြီး သေကြတယ်။ ဒီတော့ ဒုက္ခသည်တွေကို ကူညီဖို့အတွက်၊ ဆူနာမီဘေးအန္တရာယ်ကို ကုစားဖို့အတွက်၊ အစိုးရ တပ်တွေနဲ့ အာချေးသူပုန်တွေနဲ့ လက်တွဲဆောင်ရွက်ရာကနေတဆင့် ငြိမ်းချမ်းရေးရတဲ့၊ လက်မှတ် ရေးထိုးနိုင်တဲ့ အဆင့်အထိ ပြောင်းလဲနိုင်ခဲ့တယ်။ နီပေါမှာလည်း ဒါမျိုး ကပ်ဘေးအခြေအနေဆိုးတွေကနေပြီးတော့ ရလဒ် ကောင်းထွက်ခဲ့တာတွေ ရှိပါတယ်။  ဒီအချိန်မှာ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးရော၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနဲ့ ဆက်ဆံရေးကိုပါ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတခုအဖြစ်နဲ့ အသုံးချသင့်တယ်လို့ မြင်တယ်။

 

နိုင်ငံရေးပါတီများ၏ ပါဝင်ခွင့်

ကျနော်ကိုယ်တိုင် နိုင်ငံရေးပါတီ တည်ထောင်ထားတဲ့အခါကျတော့ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်တယ်။ နိုင်ငံရေးပါတီဆိုတာ အနိမ့်ဆုံး ပါတီဝင်အင်အား ၁,၀၀၀ ရှိမှ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတီဖွဲ့စည်းခွင့်ရှိပါတယ်။ သန်းနဲ့ချီတဲ့ ပါတီဝင်တွေရှိတဲ့ ပါတီတွေလည်းရှိတယ်။ သေချာတာက နိုင်ငံရေးပါတီဆိုတာ အဖွဲ့အစည်း (Institution) တွေ ဖြစ်ပါတယ်၊ နိုင်ငံမှာရှိတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်တယ်လို့ ရှုမြင်ပြီး အမျိုးသားရေးဆိုင်ရာ အကျပ်အတည်းကြီးမှာ ပူးပေါင်း ဆောင်ရွက်ခွင့် ရစေချင်ပါတယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက်ခွင့် ရှိလဲ၊ ဘယ်နေရာက ပူးပေါင်းဆောင်ရွက်ခွင့် ရှိလဲဆိုတာကို မတွေ့ရသေးပါဘူး။ ဒီတော့ တခု ပြောစရာ ရှိပါတယ်။ လုပ်ချင်စိတ်ရှိရင် ဝင်လုပ်ပေးလို့ရတာပဲဆိုတော့ … လုပ်နေကြပါတယ်၊ တတ် စွမ်းသရွေ့တော့ ဝင်လုပ်နေကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်း မဟုတ်တဲ့ အတွက်ကြောင့် စေတနာ့ဝန်ထမ်းဆိုတဲ့ အစိုးရက ကြီးကြပ်ဖွဲ့စည်းတဲ့အထဲမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း အခက်အခဲရှိပါတယ်။ ဌာနဆိုင်ရာအဖွဲ့အစည်းများကလည်း ပါတီနိုင်ငံရေး ကင်းစင်ရမည်ဆိုတဲ့ကိစ္စက တလျှောက်လုံး မှိုင်းသွင်းခံထားရတဲ့ အခါကျတော့ နိုင်ငံရေးပါတီဆိုရင်  အနိုင်ရပါတီတခုကိုပဲ ဆက်ဆံရဲပါတယ်။ ဖြစ်နေတာက အနိုင်ရပါတီကိုတော့ အစိုးရအနေနဲ့ ဆက်ဆံမယ်၊ ကျန်တဲ့ နိုင်ငံရေးပါတီတွေဆိုရင် ပါတီနိုင်ငံရေး ကင်းစင်ရမည်ဆိုတဲ့ အခံနဲ့ မဆက်ဆံရဲဘူးဆိုတဲ့ ပုံစံမျိုးပါ။

ကိုဗစ်လိုမျိုး အမျိုးသားရေး အကျပ်အတည်းဖြစ်တဲ့အခါမှာ နိုင်ငံရေးပါတီတွေရဲ့ အရင်းအမြစ်တွေကို စုစည်း ရမယ့်အစား နိုင်ငံရေးပါတီတွေအနေနဲ့ ဆောင်ရွက်ဖို့ အခက်အခဲတွေ့နေရတာကို ကျနော်တို့ သတိပြုမိပါတယ်။ ပါတီဝင် တဦးချင်းအနေနဲ့ ဝင်လုပ်နေကြတာတွေတော့ ရှိတယ်။ သို့သော် နိုင်ငံရေးပါတီအနေနဲ့ (အင်စတီ ကျူး ရှင်း ပုံသဏ္ဍာန်အရ လုပ်တာဆိုလို့ ) အနိုင်ရပါတီက ယူနီဖောင်းတွေနဲ့ လုပ်နေတာပဲ မြင်ကွင်းထဲမှာ ရှိနေတဲ့အခါ တချို့ ပြောဆိုချက်တွေ ရှိလာပါတယ်။ တခြားပါတီတွေ ဘာလုပ်နေလဲပေါ့။ တခါ တခြားပါတီတွေက လုပ်လို့ ရှိရင်လည်း ဒါနိုင်ငံရေးအမြတ်ထုတ်တယ်ဆိုပြီး ဝိုင်းဝန်းပြီးတော့ ထိုးနှက်ကြတာ၊ တိုက်ခိုက်ကြတာတွေ  ဖြစ်လာ တယ်။ ပြီးတော့ ပါတီအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတာမျိုး၊ စုစည်းတာမျိုး မတွေ့ရတဲ့ အခါကျတော့ ဒါကလည်း ဒီအကျပ်အတည်းကတဆင့် သတိပြုသင့်တဲ့၊ သင်ခန်းစာယူသင့်တဲ့ ကိစ္စလို့ ကျနော် မြင်ပါတယ်။

 

ဘယ်ပုံဘယ်နည်း စုစည်းကြမလဲ

အရင့်အရင်က ရိုက်နှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်အဟောင်းတွေထဲမှာ ကျနော် သတိပြုမိတာက Who’s Who in Burma ဆိုတဲ့ စာအုပ်ကလေးဖြစ်ပါတယ်။ အခုအချိန်မှာ ဒီစာအုပ်ကို မျက်စိထဲမှာ မြင်ပါတယ်။ နိုင်ငံတကာ မှာလည်း ဒီလို စာအုပ်မျိုးတွေ ရှိပါတယ်။ ဆိုဗီယက်ယူနီယံ မပြိုကွဲခင် အချိန်တုန်းက Who’s Who in USSR ဆိုတဲ့ စာအုပ်ကို ကျနော်ဖတ်မိတယ်။ အဲဒီစာအုပ်ကို ကြည့်လိုက်တာနဲ့ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ အုပ်ချုပ်ရေး နယ်ပယ်မှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ စစ်ဘက်က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ ကျန်းမာရေးဆိုင်ရာ ထင်ရှားတဲ့ပါရဂူကြီးတွေ၊ … စသဖြင့် ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ အင်ဂျင်နီယာဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ စသဖြင့် နယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့၊ ထင်ရှား တဲ့ ပုဂ္ဂိုလ်များကို အဲဒီနိုင်ငံရဲ့ လူသားအရင်းအမြစ်အဖြစ်နဲ့ စုစည်းထားတာကို ကျနော်သတိပြုမိပါတယ်။

အခုလို အမျိုးသားကပ်ဘေး အခြေအနေမျိုး ရင်ဆိုင်ရတဲ့အခါ နိုင်ငံရဲ့ ဘယ်နယ်ပယ်မှာတော့ ဘယ်လို ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုတာမျိုး စုစည်းပြီးသား မှတ်တမ်းတခု ခိုင်ခိုင်မာမာရှိဖို့ လိုပါတယ်။ ဒီမှတ်တမ်းထဲမှာ ပြည်တွင်းက ပညာရှင်များသာမကဘဲနဲ့ မြန်မာနိုင်ငံသားဟောင်းတွေ၊ ပြည်ပကို ရောက်ရှိနေပြီးတော့ နယ်ပယ် အသီးသီးက ထူးချွန်တဲ့၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေပါဖို့ လိုပါတယ်။ ဒီမှတ်တမ်းကို ကျနော်တို့ ပြုစုထားခြင်းအားဖြင့် နိုင်ငံရဲ့ အရေးပေါ်အခြေအနေမျိုးမှာ ဒီပုဂ္ဂိုလ်တွေရဲ့အင်အားတွေကို စုစည်းနိုင်မှာပါ။ ဒီလို စုစည်းတဲ့အခါမှာ၊ ပညာရှင် တွေကို အကဲဖြတ်တဲ့နေရာမှာ ဒီပညာရှင်က ဟိုအစိုးရလူ၊ ဟိုပညာရှင်က ဒီအစိုးရလူ ဆိုတာမျိုး တံဆိပ်တွေ ကပ် ပြီး ပစ်ပယ်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလို ပစ်ပယ်ခြင်းတွေကို တွေ့နေရတာက ကျနော်တို့ကို စိတ်ထိခိုက် စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရှင်တယောက်ကို အကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့ ခန့်အပ်လိုက်တယ်ဆိုရင် တောင်မှ ပညာရှင်ဟာ အကြံပဲပေးနိုင်ပါတယ်။ ဆုံးဖြတ်ချက် မပေးနိုင်ဘူး။

ပြောမယ်ဆိုရင် အရင်အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ် ဖြစ်စေဦးတော့၊ ကိုယ့်လက်ထက်မှာလည်း သူ့ရဲ့ ကျွမ်းကျင်မှု၊ သူ့ရဲ့ အရည်အချင်းတွေကို တန်ဖိုးထားပြီး သူ့ကိုထပ်သုံးမယ်ဆိုရင်လည်း သူက အကြံဉာဏ်ပဲပေးမှာပါ။ သူပေး တဲ့ အကြံဉာဏ်ကို သင့်တော်၏၊ မသင့်တော်၏၊ လက်ခံမယ်၊ လက်မခံဘူးဆိုတာ နိုင်ငံရေးခေါင်းဆောင်ကသာ ဆုံးဖြတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး ပညာရှင်တွေကို တန်ဖိုးထားတတ်တဲ့ ယဉ်ကျေးမှုမျိုးဟာလည်း အခုလို အရေးပေါ်အခြေအနေမျိုးမှာ သိပ်အရေးကြီးတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ အခုလိုမျိုး ကိုဗစ်ကပ်ဘေးကို ရင်ဆိုင် ဖြေရှင်းတဲ့အခါ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ လိုသလို နိုင်ငံရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်က သြဇာတိက္ကမ ရှိသူများရဲ့ စည်းရုံးလှုံ့ဆော်မှုတွေ၊ သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကလည်း တန်ဖိုးရှိပါတယ်။ နောက်တခုက နိုင်ငံတကာအထောက်အပံ့တွေ၊ အကူအညီတွေရမှုနဲ့ပတ်သက်လို့ နိုင်ငံတကာဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များဟာလည်း အစိုးရအဖွဲ့နဲ့ ဝေးကွာတဲ့ နေရာတွေမှာ ရှိနေပါတယ်။ သံခင်း၊ တမန်ခင်းအရ ပေါက်ရောက်တဲ့ ပုဂ္ဂိုလ်များလည်း ရှိနေပါတယ်။

ပြောချင်တာက အဲဒီ ပုဂ္ဂိုလ်များဟာ မြန်မာနိုင်ငံရဲ့ Who’s Who တွေ ဖြစ်ပါတယ်။ Who’s Who in Burma တွေ ဖြစ်ပါတယ်။ ဒါကြောင့် အနှစ်ချုပ်ပြောရရင် အရေးပေါ်အခြေအနေတွေ၊ အမျိုးသားရေးအကျပ်အတည်းတွေကို ရင်ဆိုင်တဲ့အခါမှာ ပါတီအရောင်တွေ၊ တံဆိပ်တွေနဲ့ ဆောင်ရွက်နေတာထက် အမျိုးသားရေး အင်အားစုတွေ အားလုံးကို အရပ်ဘက်၊ စစ်ဘက်၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ပညာရှင်များ၊ ထင်ရှားသူများ၊ စီးပွားရေးပညာရှင်များ၊ အားလုံးကို သူ့လူ၊ ကိုယ့်လူလို့ မသတ်မှတ်ဘဲနဲ့ စုစည်းနိုင်လေလေ ဒီကပ်ဆိုး၊ ကပ်ဘေးကြီးကို လွန်မြောက်ဖို့ အချိန်ကာလ တိုလေလေ ဖြစ်မယ်လို့ တွေးမိပါကြောင်း ပြောချင်ပါတယ်။

Ko Ko Kyee

ကိုကိုကြီးသည် ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌဖြစ်ပါသည်။

Related article
ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

ကိုဗစ်၏ ရေရှည်ကပ်ဘေးတွင် ကျန်းမာရေး၊ အလုပ်အကိုင်ကိစ္စနှင့် အိမ်တွင်းအကြမ်းဖက် ပြဿနာတို့တွင် အမျိုးသမီးတို့ ပိုမိုထိခိုက်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

အရှုံးထဲက အမြတ်တခု သို့မဟုတ် လူသားဆန်ခြင်း

အရှုံးထဲက အမြတ်တခု သို့မဟုတ် လူသားဆန်ခြင်း

လွန်ခဲ့တဲ့ သုံးလေးလလောက်ကသာ ဒါမျိုးဖြစ်လာမယ်လို့ တယောက်ယောက်က လာပြောရင် ကျနော်တို့ အော်ရယ်မိကြမှာ။ ခုတော့ ဒါတွေက တကယ်ဖြစ်လာခဲ့တယ်။

ကပ်နဲ့ နေထိုင်ခြင်း

ကပ်နဲ့ နေထိုင်ခြင်း

ကံကောင်းသူတွေက မြေကမ္ဘာမှာ ဆက်နေခွင့်ရကြဦးမယ်။ သူတို့ ချစ်တဲ့သူတွေနဲ့ ပြန်တွေ့ ပွေ့ဖက် ခရီးအတူဆက်နိုင်ကြမယ်.. ပန်းရောင်စုံတွေ လေပြေလေညှင်းတွေ…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search