Menu & Search

ကိုဗစ်-၁၉၊ နိုင်ငံတကာအခင်းအကျင်းနှင့် ပထဝီနိုင်ငံရေးကြားက မြန်မာနိုင်ငံ

May 29, 2020

သမိုင်းတလျှောက် ကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲကြီးတွေ၊ စီးပွားပျက်ကပ်တွေ၊ သဘာ၀ ကပ်ဘေးတွေဟာ နိုင်ငံတကာ အခင်းကျင်းအသစ်ကို ကိုဖန်တီးပေးလေ့ရှိပါတယ်။ ဥရောပမှာ ၁၇ ရာစုလယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်သုံးဆယ် စစ်ပွဲအပြီးမှာ ပေါ်ထွက်လာခဲ့တဲ့ Westphalia ငြိမ်းချမ်းရေး စာချုပ်ဟာ မျက်မှောက်ခေတ် နိုင်ငံတကာစနစ်နဲ့ အခြေခံဖြစ်တဲ့ ခေတ်သစ် အမျိုးသား နိုင်ငံတွေအတွက် အုတ်မြစ် ဖြစ်လာခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ဟာလည်း အင်အားကြီး နိုင်ငံပေါင်းများစွာကို ချည့်နဲ့စေခဲ့ပြီး အမေရိကန်နဲ့  ဆိုဗီယက် ပြည်ထောင်စု ဦးဆောင်တဲ့ ဝင်ရိုးနှစ်ခု နိုင်ငံတကာ စနစ်ကို ပေါ်ထွက်လာစေခဲ့တယ်။ စစ်အေးကာလမှာ  ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်မှာ အမေရိကန်ဟာ ပြိုင်ဘက်မဲ့ ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့တယ်။ တဖက်မှာကလည်း ကမ္ဘာစစ်ကြီးတွေကို ရှောင်ရှားနိုင်ဖို့ အစီအမံတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့ စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာခဲ့တယ်။ ဝါဒရေးရာအရလည်း ဒီမိုကရေစီ၊ လစ်ဘရယ် အယူအဆတွေဟာ နိုင်ငံတကာစနစ်ကို ပုံဖော်ရေးမှာ လွှမ်းမိုးလာခဲ့ပြန်တယ်။ နိုင်ငံအချင်းချင်းကြားမှာ အပြန်အလှန် ကူးလူးဆက်ဆံမှုကို အဟန့်အတား ဖြစ်စေတဲ့ နယ်စည်းအကန့်အသတ်တွေ၊ စီးပွားရေး အခွန်အကောက်  အကန့်အသတ်တွေကို တစတစဖြေလျှော့ပြီး နိုင်ငံအချင်းအချင်း အကြား အပြန်အလှန် မှီခိုမှုတိုးမြှင့်ရေးဟာ ၂၁ ရာစအစောပိုင်း နိုင်ငံတကာ ဆက်ဆံရေးကို လွှမ်းမိုး ပုံဖော်ခဲ့တယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတရပ်အဖြစ် စတင်ခဲ့ပေမဲ့ နောက်ဆက်တွဲ သက်ရောက်မှုဖြစ်တဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို လူတဦးခြင်းကအစ မိသားစုအလယ် နိုင်ငံများအထိ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ အလားတူပဲ လက်ရှိ နိုင်ငံရေးစနစ်တွေ၊ နိုင်ငံအချင်းချင်းကြားမှာရှိတဲ့ ဆက်ဆံရေးတွေရဲ့ အခြေခံဖြစ်တဲ့ အများလက်ခံ ကျင့်သုံးနေတဲ့ စံနှုန်းတွေ၊ တန်ဖိုးတွေ၊ နိုင်ငံတကာစနစ် တွေဟာလည်း ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုကို ခံနေရပါတယ်။ ဒီလိုကပ်ဘေးကို ရင်ဆိုင်ရာမှာ နိုင်ငံတွေက တနိုင်ငံချင်းဖြစ်စေ၊ စုဖွဲ့ မဟာမိတ်ပြုမှုအရဖြစ်စေ ဘယ်လိုမူဝါဒတွေနဲ့ တုံ့ပြန်အဖြေရှာကြမလဲဆိုတာကို ရွေးချယ်မှုပြုလုပ်ရတာပါပဲ။ ဒီလိုရွေးချယ်ခဲ့တာမူဝါဒတွေဟာ အဲ့ဒီနိုင်ငံရဲ့ အနာဂတ်ကို ထင်ဟပ်ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒီဆောင်းပါမှာ ကိုဗစ်ကာလ နိုင်ငံတကာ အခင်းအကျင်ရဲ့ လားရာနဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှု အလားအလာကို သုံးသပ်ဆွေးနွေးမှာဖြစ်ပါတယ်။   ကိုဗစ်-၁၉ ဟာ အမေရိကန်နဲ့ တရုတ်ရဲ့ အားပြိုင်မှုကို ပိုမိုအားကောင်းလာစေပြီး အာရှဒေသဟာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အားပြိုင်ရာ ဗဟိုချက် ဖြစ်လာစေပါတယ်။ ဒီလိုဆိုရင် အညှိရှိရာ ယင်အုံ ဆိုသလို မြန်မာဟာ ဒီနိုင်ငံတကာ အားပြိုင်မှုရဲ့ ရိုက်ခတ်မှုကို အထူးခံရနိုင်ပါတယ်။ နဂိုကတည်းက အားနည်းချည့်နဲ့တဲ့ မြန်မာနိုင်ငံဟာ ကိုဗစ်အလွန် လူမှုစီးပွား ပြန်လည် ထူထောင်ရေး အားထုတ်ရမယ့် အခြေအနေမှာ ဒီအားပြိုင်မှုတွေကြောင့် ရေနစ်သူဝါးကူထိုး ခံရမယ့်အရေးကို ရှောင်ရှားနိုင်ဖို့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေကို ချမှတ်ရာမှာ ရေရှည် လူမှုစီးပွား သက်ရောက်မှုတွေကို စဉ်းစားနိုင်ဖို့နဲ့ ပထဝီနိုင်ငံရေး အထူအပါးကို သေချာအာရုံထားနိုင်မှ ဖြစ်ပါလိမ့်မယ်။

 

ကိုဗစ်ကာလ အရှိန်ရလာတဲ့ အင်အားကြီးနိုင်ငံတွေ အကြား ပြိုင်ဆိုင်မှု

ကိုဗစ်-၁၉ ကမ္ဘာ့လုံးဆိုင်ရာ ကပ်ဘေးကြောင့်ဖြစ်တဲ့ အကြီးမားဆုံး စိန်ခေါ်မှုဟာ အမေရိကန်-တရုတ် ဆက်ဆံရေး  တင်းမာလာမှု ဖြစ်တယ်လို့ နိုင်ငံရေး သိပ္ပံပညာရှင်တွေ အတော်များများက သုံးသပ်ကြပါတယ်။ ထရမ့် သမ္မတဖြစ်ပြီးနောက် စတင်ခဲ့တဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲတွေကြောင့် ပြီးခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ သောင်မတင်ရေ မကျ ဖြစ်နေခဲ့တာပါ။ ကိုရိုနာကပ်ဘေးကြောင့် ပေါ်ပေါက်လာတဲ့ စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းတွေနဲ့တူ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အပြန်အလှန်စွပ်စွဲ အပြစ်တင်မှုတွေ၊ စကားစစ်ထိုးမှုတွေ အကြား ပိုမို တင်းမာလာခဲ့ပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် အမေရိကန်နဲ့ တရုတ်တို့ဟာ သံတမန်ရေးရာအရ၊ စီးပွားရေးအရ၊ စစ်ရေးအရ ပြိုင်ဆိုင်မှုတွေ ပိုမိုအားကောင်းလာပြီး ခေတ်သစ် စစ်အေးတိုက်ပွဲအသွင် ဆောင်လာတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်[1]

ကိုဗစ်-၁၉ ဟာ လက်ရှိ အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တက်သစ်စ နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံတို့ရဲ့ အင်အားအလှည့် အပြောင်းကို ပိုပြီး အရှိန်ရလာစေပါတယ်။ အမေရိကန်ရဲ့ အကျိုးစီးပွားသည်သာ ပထမဖြစ်သည် ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ထရမ့်အစိုးရ တက်လာချိန်ကစပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ အမေရိကန်ရဲ့ ဆက်လက် ခေါင်းဆောင်မှုဟာ အပေါ်မှာ ယုံကြည်မှုတွေ လျော့နည်းလာခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်​နေရချိန်မှာ အမေရိကန်နိုင်ငံဟာ ထိပ်တန်း အင်အားကြီးနိုင်ငံအနေနဲ့  ဦးဆောင်ဦးရွက်ပြုဖို့ ပျက်ကွက်တာက အမေရိကန် ဦးဆောင်မှုအလွန် ခေတ်ကို နိုင်ငံတကာအခင်းအကျင်း တရပ်ဆီကို စတင်ဝင်ရောက်နေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ကပ်ဘေးကြောင့် အမေရိကန်နိုင်ငံရဲ့ ထိခိုက်ဆုံးရှုံးမှု များလာတာနဲ့အမျှ တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ဝေဖန်မှုတွေ၊ စွပ်စွဲ အပြစ်တင်မှုတွေ မြင့်တက်ခဲ့ပါတယ်။ Pew Research Center ကထုတ်ပြန်တဲ့ စစ်တမ်းအရ ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အမေရိကန်နိုင်ငံမှာ တရုတ်နိုင်ငံကို မကောင်းမြင်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။ ဒီအမြင်တွေဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အခြေအနေမှာရှိနေတယ်လို့တောင် ဆိုပါတယ်[2]

တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ပျက်ကွက်မှုကြောင့် လစ်ဟာနေတဲ့ ခေါင်းဆောင်နေရာကို ဝင်ဖြည့်ဖို့အတွက် ကြိုးစားလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကိုရိုနာကပ်ဘေးကို အငြင်းပွားစရာ ကိုင်တွယ်မှုတွေကြောင့် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေကို ခံနေရတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒတွေဟာ ပိုပြီးရဲတင်းလာပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် ကမ္ဘာတဝှမ်းမှာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကျဆင်းခဲ့တာကြောင့်လည်း ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ အကူအညီလှူဒါန်းမှုတွေပြုလုပ်တာ၊ တရုတ်နိုင်ငံရဲ့  ကပ်ရောဂါ ကာကွယ်ရေးအတွေ့အကြုံတွေကို မျှဝေပေးတာတွေနဲ့ မိမိရဲ့ပုံရိပ်ကို ပြန်မြှင့်တင်ခဲ့ပါတယ်။ အလားတူပဲ ကိုရိုနာကပ်ဘေးကြောင့် တရုတ်နိုင်ငံက ဦးစီးဦးဆောင်လုပ်နေတဲ့ Belt and Road Initiative (BRI) စီမံကိန်းတွေ နှောင့်နှေး ရပ်တန့်သွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပေမဲ့ တရုတ်နိုင်ငံဟာ ကပ်ဘေးအကူအညီ အစီအစဉ်တွေကို BRI အဆိုပြုချက် မူဘောင်အောက်မှာ အဓိပ္ပါယ်ဖွင့်ဆိုလာခဲ့တာ တွေ့ရပါတယ်။ အခြားတဖက်မှာလည်း ပြည်ပနိုင်ငံတွေရဲ့ ဝေဖန်မှုတွေကို ခေါင်းငုံခံမနေဘဲ တုံ့ပြန်တာတွေ၊ တရုတ်နိုင်ငံရဲ့  အဓိကအကျိုးစီးပွားလို့ မှတ်ယူထားတဲ့အရာတွေကို ခိုင်ခိုင်မာမာ ကာကွယ် မြှင့်တင်တာတွေနဲ့အတူ တရုတ်နိုင်ငံရဲ့ အင်အားကို ထုတ်ပြခြင်းဖြင့် အမျိုးသားရေးဝါဒကိုမြှင့်တင်ကာ  ပြည်သူတွေရဲ့ ထောက်ခံမှုကို ပြန်လည်ရရှိအောင် ကြိုးပမ်းလာတဲ့ အနေအထားကိုတွေ့ရပါတယ်။

အကျိုးဆက်အနေနဲ့ အားနည်းလာတဲ့ လက်ရှိအင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့ မာန်ဟုန်လာတဲ့ တက်သစ် တရုတ်နိုင်ငံတို့ရဲ့  အာရှဒေသအတွင်း အားစမ်းအားပြိုင်မှုတွေလဲမြင့်တက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားရာဒေသကို တရုတ်နိုင်ငံရဲ့  အုပ်ချုပ်ရေး ယန္တရားထဲ ထည့်သွင်းခဲ့တာ၊ ကျွန်းတုတွေအပေါ်မှာ မိုးလေဝသ လေ့လာရေးစခန်းတွေ တည်ဆောက်တာတွေနဲ့ တောင်တရုတ်ပင်လယ်အတွင်း မိမိရဲ့ ဩဇာဖြန့်ဖို့ ဆောင်ရွက်ခဲ့သလို အမေရိကန်အနေနဲ့လည်း တောင်တရုတ်ပင်လယ် အတွင်းမှာ သူရဲ့  စစ်ရေးလှုပ်ရှားမှုတွေကို မြှင့်တင်ခဲ့ပါတယ်[3]။ အလားတူ ဒီကာလအတွင်းမှာပဲ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်ဆောင်ရွက်ခဲ့ကြသလို သံတန်မန်ရေးရာ ထိုးစစ်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့ပါတယ်[4]။ အာရှဇာတိသားဖြစ်တဲ့ တရုတ်နိုင်ငံဟာ မိမိရဲ့ ဒေသတွင်းမှာ ဩဇာဖြန့်ကျက်နိုင်ဖို့ ကြိုးပမ်းလာသလို အမေရိကန်အနေနဲ့လည်း မိမိရဲ့ ဒေသတွင်းအကျိုးစီးပွားတွေကို ကာကွယ်ဖို့လိုအပ်တာကြောင့် အာရှဒေသဟာ တရုတ်-အမေရိကန်ပြိုင်ဆိုင်မှုရဲ့ ဗဟိုချက်အသွင်ဆောင်လာတယ်လို့သုံးသပ် ရပါတယ်။

 

မြန်မာနိုင်ငံအပေါ် သက်ရောက်မှု

ဒီပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေကြားမှာ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတာဟာ မြန်မာနိုင်ငံ အတွက် စိန်ခေါ်မှုပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ အရိပ် ပိုမိုကြီးမားလာခဲ့ပြီး စီးပွားရေး၊ လူမှုရေး၊ သံတမန်ရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ပိုမိုသိသာ ထင်ရှားလာခဲ့ပါတယ်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပိုမိုနီးကပ်စွာ ချိတ်ဆက်စေနိုင်ဖို့ တရုတ်နိုင်ငံဟာ ရပ်ဝန်း လမ်းကြောင်းအဆိုပြုချက် အောက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကို ဆောလျင်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် တိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုကို မြန်မာပြည်သူ လူထုက စိုးရိမ်ကြတာ၊ ကြွေးမြီပြဿနာ၊ နိုင်ငံတကာ ပထဝီနိုင်ငံရေး စဉ်းစားချက်တွေကြောင့် တရုတ်နိုင်ငံက အဆိုပြုထားတဲ့ စီမံကိန်းကြီးတွေကို မြန်မာဘက်က သတိကြီးစွာကိုင်တွေနေရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ နားလည်မှုချွန်လွှာကို လက်မှတ်ရေးထိုးထားပေးမဲ့  စီမံကိန်းအများစုဟာ ဆွေးနွေးညှိနှိုင်းပြီး ဖြစ်တန်ခြေလေ့လာတဲ့အဆင့်မှာပဲ ရှိနေသေးတာကြောင့် တရုတ်နိုင်ငံက မျှော်လင့်ထားသလောက် မြန်မြန် ခရီးမပေါက်ခဲ့ပါဘူး။

ကိုဗစ်-၁၉ ဟာ ဒီစီမံကိန်းတွေကို အရှိန်မြှင့်တင်ပေးနိုင်တဲ့ တွန်းအားတရပ်ဖြစ်လာပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးချိန်ခွင်လျှာကို တရုတ်ဘက်ကို ပိုအလေးသာသွားစေနိုင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ အားနည်းချက်တွေ များစွာရှိနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကို ရင်ဆိုင်ဖို့ရာအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ရှိမနေတာကြောင့် ပြည်ပနိုင်ငံတွေရဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေနဲ့ အတွေ့အကြုံတွေကို မှီခိုအား ထားရပါတယ်။ ဒါပေမဲ့ နိုင်ငံ အတော်အများဟာလည်း ဒီကပ်ဘေးကို အလူးအလဲ ရင်ဆိုင်နေကြရတာကြောင့် အကူအညီတွေ အကန့်အသတ် ရှိနေပါတယ်။ ဒီလိုအချိန်မှာ ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို တစုံတရာ ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ တရုတ်နိုင်ငံဟာ မိတ်ဖက်နိုင်ငံအနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အစိုးရ၊ စီးပွားရေး လုပ်ငန်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကို ဆေးပစ္စည်းတွေ လှူဒါန်းတာတွေ၊ ဆရာဝန်တွေစေလွှတ်ပြီး အတွေ့အကြုံ ဖလှယ်တာတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရ၊ တပ်မတော်တို့နဲ့ပါ ကပ်ဘေးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ​ဆောင်ရွက်နေသလို တရုတ်ကုမ္ပဏီတွေဟာလည်း မိမိတို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့တွေကို အသီးသီး အသက လှူးဒါန်းခဲ့ကြပါတယ်။ ဒီလှူဒါန်းမှုတွေဟာ မြန်မာနိုင်ငံကပ်ဘေးကို ရင်ဆိုင်ဖို့ရာ အထောက်အပံ့ဖြစ်သလို တရုတ်နိုင်ငံက အလှူရှင်တွေအတွက်လည်း မြန်မာနိုင်ငံက အစိုးရဌာနတွေနဲ့ ဆက်ဆံရာမှာ လိုအပ်တဲ့ လူမှုရေးအရင်းအနှီးတွေ ရရှိစေခဲ့ပါတယ်။

နောက်တချက်ကတော့  မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကို ကျန်မာရေးအရ ရင်ဆိုင်ထိန်းချုပ်တာအပြင် ဒီကပ်ဘေးရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ စက်ရုံအလုပ်ရုံတွေ ပုံမှန်မလည်ပတ်နိုင်တာ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ကျဆင်းတာ၊ နိုင်ငံတကာပို့ကုန်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ထိခိုက်မှုတွေကနေ ပြန်လည်နာလန်ထူဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။   ဒီလိုဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် Comprehensive Economic Relief Plan ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီစဉ်မှာ လက်ရှိတုံ့ဆိုင်းနေတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို အလျင်အမြန်ဆောင် ရွက်ဖို့ ဖော်ပြထားပါတယ်။ မြန်မာ့စီးပွားရေး ပြန်လည် ထူထောင်လာဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူအညီတွေ များစွာ လိုအပ်ပါတယ်။ ပကတိအခြေအနေကို သုံးသပ်ရရင်တော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ရေခံမြေခံကောင်း ရှိမနေသေးတာကြောင့် ပုံရိပ်ကောင်းရှိတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ ခက်ခဲနိုင်ပါတယ်။  ဂျာမဏီနိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည် အရေးကြောင့် မြန်မာနိုင်ငံကို ပေးအပ်မယ့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို ရပ်နားထားမယ်လို့ ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပါတယ်[5]။ မေလ အစောပိုင်းမှာပဲ European Commission က မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု အလားအလာရှိတဲ့ နိုင်ငံစာရင်းထဲကို ထည့်သွင်းခဲ့ပါတယ်[6]။ ဒီလိုအခြေအနေအောက်မှာ မြန်မာနိုင်ငံဟာ ကိုဗစ်ကာလနဲ့ ကိုဗစ်အလွန်ကာလ စီးပွားရေး ပြန်လည် ထူထောင်ရေးတွေအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူအညီတွေ ဖိတ်ခေါ်ဖို့ စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။

ပဋိပက္ခတွေနဲ့ လူအခွင့်အရေးပြဿနာတွေကြောင့် တခြားနိုင်ငံကတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်ဖို့ အလားအလာ နည်းပေမဲ့ တရုတ်နိုင်ငံကတော့  တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းအောက်က စီမံကိန်းတွေကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ စိုင်းပြင်းနေပါတယ်။ အဲဒီအစီအစဉ် ထွက်ရှိပြီးမကြာခင်မှာပဲ တရုတ်သံအမတ်ဟာ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်နဲ့ တွေ့ဆုံပြီး သမ္မတရှီကျင့်ဖိန်ရဲ့ မြန်မာခရီးစဉ်အတွင်းမှာ အဓိကလက်မှတ်ထိုးထားတဲ့ စီမံကိန်းတွေဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ နယ်စပ်စီးပွားရေးဇုန်တွေကို CERP မူဘောင်အောက်မှာ အလျင်အမြန်အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်[7]

ဒါ့အပြင် မေ ၂၀ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖိန်ဟာ သမ္မတဦးဝင်းမြင့်နဲ ဖုန်းပြောခဲ့ကြပြီး ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ တရုတ်မြန်မာ စီးပွားရေးစင်္ကြစီမံကိန်းများကို အရှိန်အဟုန် မပျက်ဆက်လက် အကောင်အထည် ဖော်သွားရေး ဆွေးနွေးခဲ့ကြပါတယ်။ အခုလို အဆင့်မြင့်ခေါင်းဆောင်တွေကြားမှာ တိုက်တွန်းပြောဆိုတာမှုဟာ ဒီစီမံကိန်းတွေကို အလျင်အမြန် အကောင်အထည်ဖော်လိုတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကို ထင်ဟပ်နေပါတယ်[8]

ကပ်ရောဂါဘေးကြောင့် လက်ရှိအနေအထားအရ မြေပြင်အခြေအနေမှာ စီမံကိန်းတွေ စတင်ဖို့ မဖြစ်နိုင်ပေမယ့် တရုတ်နိုင်ငံအနေနဲ့ စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေးမှာ သေချာတဲ့ သဘောတူညီမှုမျိုး ရယူထားလိုတဲ့အနေအထားလို့ သုံးသပ်ရပါတယ်။ ယခုလို အကျပ်အတည်းကာလမှာ စီမံကိန်းကိုတရုတ်ဘက်က တိုက်တွန်းနေတဲ့ အကြောင်းအရင်းသုံးခုရှိတယ်လို့ သုံးသပ်ရပါတယ်။ ပထမတချက်ကတော့  မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အရေးပါမှုဖြစ်ပါတယ်။ အာရှဒေသတွင်းများ အားစမ်းအားပြိုင်မှုတွေမြင့်တာနဲ့အတူ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုက ပိုမိုမြင့်တယ်လာပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ လက်ဦးမှုရယူပြီး စီမံကိန်းတွေကို အကောင်အထည် ဖော်ခြင်းဖြင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပိုမိုနီးစပ်လာစေနိုင်မှာဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ ၂၀၂၀ ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနှစ် ဖြစ်တာကြောင့် တရုတ်နိုင်ငံဟာ မိမိအတွက် အရေးပါတဲ့ စီမံကိန်းတွေကို ရွေးကောက်ပွဲမတိုင်ခင်မှာ  တည်ပြုနိုင်ရန် ကြိုပမ်းနေတယ်လို့ ယူဆရပါတယ်။ ပြီးခဲတဲ့ ရွေးကောက်ပွဲတွေကို ပြန်ကြည့်ရင်လည်း အရေးပါတဲ့ မြစ်ဆုံ၊ တရုတ်မြန်မာ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းစတဲ့ စီမံကိန်းတွေကို ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အတည်ပြုခဲ့တာကိုတွေ့ရပါတယ်။ တတိယတချက်ကတော့ ရပ်ဝန်းလမ်းကြောင် းစီမံကိန်းဟာ သမ္မတ ရှီရဲ့  အမှတ်လက္ခဏာ စီမံကိန်းဖြစ်သလို တရုတ် မြန်မာစီးပွားရေး စင်္ကြလမ်းစီမံကိန်းတချို့ဟာ သမ္မတရဲ့ မြန်မာနိုင်ငံ အခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့တာကြောင့် ဒီစီမံကိန်းတွေ ရပ်တန့်ခြင်းဟာ သမ္မတနဲ့ တရုတ်နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တာကြောင့်အနည်းဆုံးတော့ သဘောတူထားတဲ့ စီမံကိန်းတချို့ အကောင်အထည် ဖော်နိုင်အောင် တရုတ်နိုင်ငံဘက်က တိုက်တွန်း နေတယ်လို့သုံးသပ်ရပါတယ်။  ဒီလိုအခြေအနေအောက်မှာ မြန်မာအနေနဲ့လည်း ကိုဗစ်ရဲ့ထိုးနက်ချက်ကြောင့် စီးပွားရေး ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ အရေးတကြီး လိုအပ်နေတာကြောင့်မြန်မာဘက်က လိုအပ်ချက်နဲ့ လိုအပ်ချက်နဲ့ တရုတ်ဘက်က လိုချင်တာနဲ့ အကျိုးစီးပွားချင်း ကိုက်ညီနေတာကြောင့် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ ပိုမိုအရှိန်ရလာနိုင်ပါတယ်။

 

နိဂုံး

ကမ္ဘာ့ကပ် ရောဂါဘေးဖြစ်တဲ့ ကိုဗစ်-၁၉ ဟာ ကျန်းမာရေး ပြဿနာကနေ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို ဖြစ်ပေါ်လာစေခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီလှိုင်းဟာ ဒီမှာပဲရပ်နေမှာ မဟုတ်ဘဲ  ပထဝီနိုင်ငံရေးရဲ့ နိုင်ငံတကာ အခင်းအကျင်းအပေါ်မှာ ကြီးမာတဲ့ သက်ရောက်မှုတွေ ရှိလာမှာပါ။ ဒါကြောင့် ကပ်ဘေးကို ရင်ဆိုင်ဖို့ မူဝါဒတွေချမှတ်ရာမှာ ပထဝီနိုင်ငံရေးကို ကိုလျစ်လျစ်လျူရှုပြီး စဉ်းစားလို့မဖြစ်နိုင်ပါဘူး။ ကိုရိုနာကပ်ဘေးဟာ အပြောင်းအလဲ အသစ်တွေကို ဖန်တီးတာထက် ရှိရင်းစွဲ အလားအလာတွေကို ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်လာစေတယ်လို့ နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ကြပါတယ်[9]။ အမေရိကန်-တရုတ် ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေတယ်၊ အာရှမှာ ပထဝီနိုင်ငံရေး အားပြိုင်မှုတွေကို ပိုမိုအရှိန်ရလာစေခဲ့ပါတယ်။  အလားတူပဲ  လိပ်ခဲတည်းလဲ ဖြစ်နေတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းအောက်မှာရှိတဲ့ အခြေခံ အဆောက်အအုံ  စီမံကိန်းတွေကို  ပိုမိုလျင်မြန်စွာ  အကောင်အထည်ပေါ်လာစေပြီး မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့  ပိုမိုနီးစပ်သွားစေနိုင်ပါတယ်။ တရုတ်ရဲ့ မဟာဗျူဟာစီမံကိန်းတွေ အရှိန်ရလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ တရုတ်နဲ့ အနောက်နိုင်ငံအကြား အားပြိုင်မှုတွေ ပိုပြီးမြင့်မား လာနိုင်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံတကာ အာရုံစိုက်ခံနေရတဲ့ လူအခွင့်အရေး ပြဿနာ၊ မူးယစ်ဆေးနဲ့ ငွေကြေးခဝါချမှု စတဲ့ ပြဿနာတွေ၊ မီးစတွေကြောင့် အာရှမှာ တရုတ်နိုင်ငံနဲ့ အနောက်နိုင်ငံတွေ အားပြိုင်ရာ မျက်နှာစာတခု ဖြစ်လာနိုင်ပါတယ်။ လက်ရှိကာလ ရင်ဆိုင်နေရတဲ့ လောလောဆယ် ပြဿနာတွေကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တဲ့ မူဝါဒ ဆုံးဖြတ်ချက်တွေဟာလည်း ရေရှည်မှာ ပထဝီနိုင်ငံရေးအရ ပိုကြီးတဲ့ ပြဿနာတွေမျိုးစေ့တွေ ချနေမိသလို ဖြစ်လာနိုင်တာကို သတိချပ်ရမှာဖြစ်ပါတယ်။

 

စာကိုး

Chau, Thomson. (2020). EU puts Myanmar on money-laundering blacklist. Myanmar Times.  May 07. https://www.mmtimes.com/news/eu-puts-myanmar-money-laundering-blacklist.html

 

Chinese Embassy in Myanmar. (2020).  Ambassador Chen Hai Exchanged Views with Deputy Minister for Planning, Finance and Industry U Set Aung on China-Myanmar Cooperation. May 06. http://mm.china-embassy.org/eng/sgxw/t1776513.htm

 

Delvin, Kat & Silver, Laura et.al. (2020). U.S. View of China Increasingly Negative Amid Coronavirus Outbreak. Pew Research Center. April 21. https://www.pewresearch.org/global/2020/04/21/u-s-views-of-china-increasingly-negative-amid-coronavirus-outbreak/

 

Federal Ministry for Economic Cooperation and Development. (2020). Development Minister Muller Suspends cooperation with Myanmar after visit to Rohingya refugee camp. Press Release. February. https://www.bmz.de/en/press/aktuelleMeldungen/2020/februar/200226_pm_05_Development-Minister-Mueller-suspends-cooperation-with-Myanmar-after-visit-to-Rohingya-refugee-camp/index.html

 

Haass, Richard. (2020). The Pandemic will Accelerate History Rather Than Reshape it. Foreign Affairs. April 7. https://www.foreignaffairs.com/articles/united-states/2020-04-07/pandemic-will-accelerate-history-rather-reshape-it

Haltiwanger, John. (2020). The US and China are on the brink of a new Cold War that could devastate the global economy. Business Insider. May 13. https://www.businessinsider.com/the-us-china-entering-new-cold-war-amid-coronavirus-2020-5

 

Lawrence, Chung.  (2020). US Navy warship transits Taiwan Strait as PLA starts live-fire drills. South China Morning Post. May 14. https://www.scmp.com/news/china/military/article/3084401/us-navy-warship-transits-taiwan-strait-pla-starts-live-fire

 

Valencia, Mark. J. (2020). Why is the US escalating its presence in the South China Sea amid the coronavirus pandemic. South China Morning Post. May 17. https://www.scmp.com/comment/opinion/article/3084517/why-us-escalating-its-presence-south-china-sea-amid-coronavirus

[1]  Haltiwanger, John (2020)

[2] Delvin, Kat & Silver, Laura et.al. (2020)

[3]Valencia, Mark. J. (2020)

[4] Lawrence, Chung (2020)

[5] Federal Ministry for Economic Cooperation and Development (2020)

[6]Chau, Thomson. (2020)

[7] Chinese Embassy in Myanmar (2020)

[8] Chinese Embassy in Myanmar Facebook Page (20. May. 2020)

[9] Haass, Richard (2020)

Khin Khin Kyaw Kyee

ခင်ခင်ကျော်ကြီးသည် ISP-Myanmar ၏ China Desk တာဝန်ခံနှင့် သုတေသနဌာန လက်ထောက်ဒါရိုက်တာ ဖြစ်သည်။

Related article
ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

ကိုဗစ်၏ ရေရှည်ကပ်ဘေးတွင် ကျန်းမာရေး၊ အလုပ်အကိုင်ကိစ္စနှင့် အိမ်တွင်းအကြမ်းဖက် ပြဿနာတို့တွင် အမျိုးသမီးတို့ ပိုမိုထိခိုက်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

အရှုံးထဲက အမြတ်တခု သို့မဟုတ် လူသားဆန်ခြင်း

အရှုံးထဲက အမြတ်တခု သို့မဟုတ် လူသားဆန်ခြင်း

လွန်ခဲ့တဲ့ သုံးလေးလလောက်ကသာ ဒါမျိုးဖြစ်လာမယ်လို့ တယောက်ယောက်က လာပြောရင် ကျနော်တို့ အော်ရယ်မိကြမှာ။ ခုတော့ ဒါတွေက တကယ်ဖြစ်လာခဲ့တယ်။

ကပ်နဲ့ နေထိုင်ခြင်း

ကပ်နဲ့ နေထိုင်ခြင်း

ကံကောင်းသူတွေက မြေကမ္ဘာမှာ ဆက်နေခွင့်ရကြဦးမယ်။ သူတို့ ချစ်တဲ့သူတွေနဲ့ ပြန်တွေ့ ပွေ့ဖက် ခရီးအတူဆက်နိုင်ကြမယ်.. ပန်းရောင်စုံတွေ လေပြေလေညှင်းတွေ…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search