Menu & Search

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပညာရေးမူဝါဒ အပြောင်းအလဲ

May 28, 2020

ပုံမှန်ကျောင်းဖွင့်ချိန်နဲ့ စာသင်နှစ် တနှစ်တာကို စတင်ရတော့မယ့် အချိန်ကာလဟာ သိပ်မဝေးတော့ပါဘူး။ နှစ်စဉ် ဇွန်လ ၁ ရက်ဆိုရင် မြန်မာနိုင်ငံ တဝှမ်းလုံးမှာ အခြေခံပညာ စာသင်ကျောင်းတွေကို တပြိုင်နက်တည်း ဖွင့်လှစ်ကြတာပါ။ မိုးဦး ရာသီ ဇွန်လမိုးဖွဲဖွဲမှာ အဖြူအစိမ်းလေးတွေ ကျောင်းစတက်ကြတဲ့ မြင်ကွင်းဟာ အစဉ်အလာမပျက် နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ။ နိုင်ငံရေး အကျပ်အတည်း ရှိခဲ့တဲ့ ကာလတွေမှာလည်း ကျောင်းတွေ ပိတ်ခဲ့ရပေမဲ့ ကျောင်း ပုံမှန်ပြန်ဖွင့် လှစ်နိုင်ဖို့ကို ကြိုးစားခဲ့ကြဖူးပါတယ်။

အခုတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဘေးဒဏ်ကြောင့် စာသင်ကျောင်းတွေ အချိန်မီ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ ဆိုတာ မသေချာလှပါဘူး။ စိုးရိမ်နေရဆဲ ကူးစက်မြန် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်ကို မိဘတွေဟာ ကြောက်ရွံနေကြရတုန်းပါ။ ကျောင်းတွေကို ဘယ်တော့ ပြန်ဖွင့်နိုင်မှာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ပြန်ဖွင့်မှာလဲ။ အခြားသော ပညာရေး နည်းလမ်းတွေက ဘာတွေ ဖြစ်နိုင်မလဲ။ အစိုးရရဲ့ ကိုဗစ်-၁၉ ကာလ ပညာရေးမူဝါဒတွေက ဘာတွေလဲ။

ဧပြီလကုန်ပိုင်းအထိ ကမ္ဘာ့နိုင်ငံ ၁၈၀ ကျော်ရဲ့ စာသင်ကျောင်း ၈၅ ရာခိုင်နှုန်းဟာ ပိတ်ထားရပါတယ်။ ကိုဗစ်ကပ်ရောဂါ မတိုင်မီကတည်းက ကမ္ဘာကြီးရဲ့ ပညာရေးအခြေအနေဟာ အကျပ်အတည်း များစွာနဲ့ ရှိနေခဲ့တာပါ။ မူလယ်ထက် ကျောင်းသား သန်း ၂၅၈ သန်းဟာ စာသင်ခန်းများရဲ့ အပြင်ဘက်မှာ ရှိနေခဲ့တယ်။ ပညာရေး အရည်အသွေး နိမ့်ပါးလွန်းတဲ့ နိုင်ငံများရဲ့ စာသင်ခန်းတွေထဲက ကလေးများ ရရှိတဲ့ ပညာရေးဆိုတာဟာလည်း ၂၁ ရာစု ရှင်သန်မှုအတွက် မဆို စလောက်သာသာပါလို့လည်း စိုးရိမ်မှုတွေ ရှိခဲ့တယ်။ ဒီလိုအခြေအနေမှာ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ပညာရေးရလဒ်များကို ပိုမို ဆိုးရွားစေမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့လည်း ဆိုကြပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာ့ပညာရေးအပေါ် လက်ငင်း သက်ရောက်မှုများ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပထမဆုံးလူနာ စတင်တွေ့ရှိခဲ့တဲ့ ၂၀၂၀၊ မတ် ၂၃ ရက် နောက်ပိုင်း ရက်အနည်းငယ် အတွင်းမှာပဲ ပညာရေး ဝန်ကြီးဌာနက စာသင်ကျောင်း၊ အဆင့်မြင့် ပညာရေး ကောလိပ်၊ တက္ကသိုလ်တွေနဲ့ သက်မွေးပညာ ကျောင်းတွေ အားလုံးကို ပိတ်ထားဖို့ ကြေညာခဲ့ပါတယ်။

အခြေခံပညာရေး ကျောင်းသူ ကျောင်းသား ၉ ဒသမ ၇ သန်းနဲ့ ကျောင်းပြင်ပ ကလေးငယ် ၉ သိန်းခွဲ၊ TVET သက် မွေးပညာရေး သင်တန်းသား ၁၅,၇၁၂ ဦး၊ အဆင့်မြင့်ပညာက တက္ကသိုလ်၊ ကောလိပ် ကျောင်းသား ၁ ဒသမ ၅ သန်း တို့အပေါ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ကျောင်းပိတ် ထားလိုက်ရတဲ့ သက်ရောက်မှုတွေ ရှိနေပါပြီ။ ရေတို သက်ရောက် မှုများနဲ့ ရေရှည် သက်ရောက်မှုတွေအတွက် အစိုးရများနဲ့ မိဘတွေဟာ မလွဲမသွေ  ပြင်ဆင်ရတော့မယ့် ကာလလည်း ဖြစ် တယ်။

ကျောင်းတွေ ပိတ်ထားလိုက်ရတဲ့ အခြေအနေဆိုးဟာ မကြုံစဖူး ပညာရေး အကျပ်အတည်းကြီး တခုလာဖြစ်တယ်။ ကျန်း မာရေးစနစ်အပေါ် ဝန်ပိလာနေတဲ့ အခြေအနေဆိုးကနေ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆီကို ဦးတည်လာနေတာ တွေဟာ ပညာရေးအတွက် ရတက် မအေးဖွယ်ရာပါ။ ဒီလို ပညာရေး ရှော့ခ်တွေနဲ့ အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါပြီ။ အစိုးရများဟာ အလျင်အမြန်ပဲ ကိုဗစ်-၁၉ ရဲ့ ပညာရေး အပေါ် သက်ရောက်မှုကို တန်ပြန် လုပ်ဆောင်နိုင်မှ ဖြစ်မယ်လို့လည်း နိုင်ငံတကာ ပညာရေး အသိုင်းအဝိုင်းမှာ ဆွေးနွေး နေကြပါပြီ။

ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ပညာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ရှိနေပြီ။ ကျောင်းထွက်နှုန်း ပိုပြီး တိုးပွားလာနိုင်ပါ တယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဒီပြဿနာဟာ စိုးရိမ်ဖွယ်ရာပါ။

ပညာရေး ဝန်ကြီးဌာနက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေ ဖြေရှင်းဖို့ရာ  ဦးစားပေး လုပ်ငန်းစဉ် သုံးရပ်ကို တင်ပြထားပါတယ်။ ပထမဦးစားပေး လုပ်ငန်းစဉ်ကတော့ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ၊ ဆရာမများ အားလုံးအတွက် သင်ရိုးသစ် Grade 4, Grade 7, Grade 10 သင်ကြား-သင်ယူမှု သင်တန်းတွေနဲ့ ပညာရေးကောလိပ် များအတွက် လုပ်ငန်းအကြို ဆရာအတတ်ပညာ သင်တန်းများကို မြန်မာ ဒီဂျစ်တယ်ပညာရေးစနစ် (Myanmar Digital Education Platform – MDEP) ကို တည်ဆောက်မယ်ဆိုပါတယ်။ eLearning အစီအစဉ် စတင်မယ့်သဘော ရှိပါတယ်။ ဒုတိယဦးစားပေး လုပ်ငန်းကတော့ MDEP Platform အောက်မှာ အွန်လိုင်း စာကြည့်တိုက် (Free online library) တခု တည်ထောင်မှာပါ။  တတိယ အစီအစဉ်အရကတော့ “ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည် တည်ဆောက်ရေး အစီအစဉ် (၂၀၂၀-၂၀၂၁) COVID-19 Response and Recovery Plan (2020-2021) ပြုစုထားရှိထားတာကို လေ့လာတွေ့ရှိရပါတယ်။ ကာလအပိုင်းအခြား နှစ်ခု သတ်မှတ်ပြီး ပညာရေး အဆင့်တိုင်းမှာ ကပ်ရောဂါ ကာလတွင်းနဲ့ အလွန်မှာလည်း အရည်အသွေးမြင့် ပညာရေးကို လက်လှမ်းမီ ရရှိဖို့ရာ ရည်ရွယ်ထားတယ်။ GPE အကူအညီတချို့နဲ့ ကိုဗစ်ကာလ ပညာရေးရန်ပုံငွေကို ဒေါ်လာ ၂၆ သန်းကျော် လျာထားပါတယ်။ ပုံမှန် အခြေအနေမှာတောင် ပညာရေးမှာ အရေအတွက် သာမကဘဲ အရည်အသွေးဆိုင်ရာ စိန်ခေါ်ချက်တွေ ဒုနဲ့ဒေး ရှိနေခဲ့တဲ့ ပညာရေးစနစ်အတွက် မူဝါဒအသစ်၊ ချဉ်းကပ်ပုံအသစ်၊ နည်းလမ်းအသစ်နဲ့ အခွင့်အလမ်းသစ် တွေကိုတော့ မဖြစ်မနေ ဖန်တီးဖို့ လိုအပ်နေပါပြီ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စတုတ္ထတန်း၊ သတ္တမတန်းနဲ့ ဒသမတန်းတွေကို အွန်လိုင်း၊ အော့ဖ်လိုင်း စနစ်တွေ အသုံး ပြုပြီး သင်ကြားသွားမယ်လို့ ခေတ်သစ် သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်မှာ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပြခဲ့ပါတယ်။ အွန်လိုင်းပညာရေး နည်းလမ်းတွေကို နိုင်ငံတကာ အစိုးရများက အခုလို ကာလတွေမှာ တွင်တွင်ကျယ်ကျယ် ပြောဆိုလာကြပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နိုင်ခြေတွေအတွက် အတော်ကလေး ကြိုးစားလုပ်ဆောင်ရမှာပါ။ ရွေးချယ်စရာတွေလည်း ရှိနေပါတယ်။ ပညာရေးဆိုင်ရာ လက်လှမ်းမီမှုနဲ့ တရားမျှတမှု ရှုထောင့်က ချဉ်းကပ်သင့်ပါတယ်။

ပညာရေး ခေတ်ပြောင်းသမိုင်း၊ စတုတ္ထစက်မှုတော်လှန်ရေး၊ ပညာရေး ၄.၀ education 4.0 မှာ မြန်မာဟာ အများကြီး နောက်ကျနေခဲ့ရတဲ့ နိုင်ငံပါ။ ကြိုတင် ပြင်ဆင်ခွင့် အများကြီး မရရှိခဲ့ပါဘူး။ အခုတလော အပြောများလာတဲ့ အွန်လိုင်း သင်ယူမှုနဲ့ ဒစ်ဂျစ်တယ် ပညာရေးနည်းပညာမှာ တန်းတူရည်တူ လိုက်ပါဖို့ရာ အပူတပြင်း ပြင်ဆင်ခွင့်ပါပဲ။ digital natives ဒစ်ဂျစ်တယ် နိုင်ငံသားလို့ တင်စားထားတဲ့ မျက်မှောက်ခေတ် မြန်မာ ကျောင်းသားလူငယ်များရဲ့ ဒစ်ဂျစ်တယ် စိတ်ပါဝင်စားမှုနဲ့ စိတ်အား ထက်သန်မှုတွေဟာ အွန်လိုင်းပညာရေး အကန့်အသတ်နဲ့ အောင်မြင်မှု ရရှိနိုင်ပါတယ်။ မွေးဖွား လာတာနဲ့ ကွန်ပျူတာ၊ ဖုန်း၊ တဘ်လက်တွေနဲ့ ရင်းနှီးကျွမ်းဝင်နေကြပြီ။ မြန်မာ ကျောင်းဆရာမတွေထက် (ဒစ်ဂျစ်တယ် နည်းပညာ) ပိုတတ်နေတဲ့ ကလေးတွေ ရှိနေနိုင်ပါတယ်။

အင်တာနေရှင်နယ်ကျောင်း အနည်းစုသာလျှင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အွန်လိုင်းသင်ကြားမှုကို စတင် နိုင်ပါတယ်။ အသားမကျသေးတဲ့ အခြေအနေမှာ အခက်အခဲတွေ အများကြီး ကြုံနေကြရပါတယ်။ ကျောင်းများရဲ့ စီးပွား ရေးဆိုင်ရာ နစ်နာမှု၊ ကလေးများရဲ့ ပညာရေးဆိုင်ရာ နစ်နာမှုတွေကို လျော့ပါးစေပြီး အမှန်တကယ် အွန်လိုင်း သင်ယူမှု ဖြစ်ထွန်းစေဖို့ရာကလည်း စိန်ခေါ်မှုတွေ အများကြီး ရှိနေဆဲပါ။ သေချာတာကတော့ မြန်မာ ကျောင်းသားတိုင်းအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေတာပါ။ ကျောင်းသားရဲ့ ပညာရေးဟာ နစ်နာနေတာပါ။ အင်တာနေရှင်နယ်ကျောင်း၊ ပုဂ္ဂလိကျောင်း၊ အစိုးရကျောင်း၊ တိုင်းရင်းသားကျောင်းတွေ လုံးဝ ပိတ်ပစ်လိုက်ရတဲ့ အခြေအနေမျိုးကလည်း စိုးရိမ် ဖွယ်ရာပါပဲ။

တက္ကသိုလ် တွေကလည်း  တန်းလန်းနဲ့ ရပ်လိုက်ရတယ်။ ပထမနှစ်ဝက်၊ နောက်ဆုံး ၂ ရက် အလိုမှာ Stay Home ကြောင့် အရေးပေါ် ရပ်လိုက်ရပါတယ်။ ဘာသာရပ်တွေ ဖြေဆိုဖို့ရာ ကျန်နေသေးတယ်။ ဒါပေမဲ့ ပုံမှန်ပြန်ဖွင့်နိုင်တယ် ဆိုရင်တော့ ဒုတိယနှစ်ဝက်မှာ စစ်ဆေးလို့ ရနိုင်ပါသေးတယ်။ သို့ပေတဲ့ သိပ်မသေချာလှပါဘူး။ အားလုံးကို အတန်းအောင် ပေးလိုက်ဖို့ကိုလည်း အငြင်းပွားဖွယ်ရာ တိုက်တွန်းပြောဆိုမှုတွေ ရှိနေတယ်။ စဉ်းစားစရာပါ။

စာသင်နှစ် နောက်ကျရတဲ့ ဆိုးကျိုးတွေကို စတင်စဉ်းစားရပါမယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ကျောင်းတွေ ပိတ်လိုက်ရတဲ့ အတွက် လက်ရှိလုပ်ငန်းခွင် ဝင်နေကြတဲ့ မျိုးဆက်တွေဟာ ပညာရေးနဲ့ အလုပ်အကိုင်တွေမှာ တဦးချင်းအနေနဲ့ဖြစ်စေ နစ် နာခဲ့ရဖူးပါတယ်။ အရည်အသွေး ပြဿနာဟာ အဲဒီကာလများကတည်းက စတင်နေခဲ့ပါပြီ။

၂၀၂၀ ဝန်းကျင်ကာလဟာ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) NESP ငါးနှစ်တာကာလ နိဂုံးပိုင်းပါ။  ပညာရေးလက်လှမ်းမီမှုနဲ့ အရည်အသွေး မြှင့်တင်နိုင်မှုကို ကျားကုတ်ကျားခဲ ရုန်းကန် ကြိုးစားနေရဆဲ။

ပညာရေးမှာ “စီ ငါးလုံး” 5Cs ကို အသက်သွင်း ပုံဖေါ်ဖို့ ၁၂ တန်းပညာရေး သင်ရိုးသစ်များနဲ့အတူ အားယူနေဆဲ အချိန် လို့လည်း ပြောနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံတတ်မှု၊ အတွေးအခေါ် မျှဝေမှု (Communication)၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်တတ်မှု (Collaboration)၊ ဆန်းစစ်ဝေဖန် စဉ်းစားတတ်မှု (Critical Thinking)၊ ဆန်းသစ် ဖန်တီးတတ်မှု (Creativity)၊  နိုင်ငံသားဖြစ်မှု (Citizenship) ဆိုတဲ့ စီ ငါးလုံးဖြစ်ပါတယ်။ ဒါဟာ education 4.0 နဲ့ ဆက်စပ်လို့ မရှိမဖြစ် ၂၁ ရာစု အရည်အသွေးတွေပါပဲ။ ပညာရေး စိတ်ပညာက ထောက်ပြထားတဲ့ ပညာရှင်  Benjamin Samuel Bloom ရဲ့ အဆိုပြုချက်ဖြစ်တဲ့ Bloom taxonomy အရ အတန်းစဉ်မှာ အချက်အလက်များကို မှတ်မိတာထက် သာလွန်တဲ့ အဆင့် များဆီ ရောက်ရှိအောင် သင်ကြားဖို့ အားထုတ်ကြိုးပမ်းနေကြတာကိုလည်း လေ့လာမိပါတယ်။ သင်ယူမှုရဲ့ အနိမ့်ဆုံး အ ဆင့်ဖြစ်တဲ့  အချက်အလက်ကိုမှတ်မိခြင်း (remember) ကနေ နားလည်အောင် (understand)၊ အသုံးချနိုင်အောင်၊ (‌app ly) စိစစ်လေ့လာတတ်အောင် (analyze)၊ သုံးသပ်အကဲဖြတ်တတ်အောင် (evaluate)၊ ကိုယ်ပိုင်ဖန်တီး တီထွင်တတ် အောင် (create) ဆိုတဲ့ အဆင့် ခြောက်ဆင့်နဲ့ မူ-လယ်-ထက် သင်ရိုးကို ပြင်ဆင်ထားပြီးပြီ။ ပညာရည်တိုးတက်မှုကို စစ်ဆေးမှုမှာ အလွတ်ကျက်မှတ်ပြီး တပွဲထိုး စာမေးပွဲစနစ်ကို စဉ်ဆက်မပြတ် အကဲဖြတ်စစ်ဆေးတဲ့ စနစ်နဲ့ ပြောင်းလဲဖို့ရာလည်း စီစဉ်ထားကြပြီ။

သင်ယူမှုဆိုင်ရာ နစ်နာသူတို့အတွက် ကုစားနည်းလမ်းများကိုလည်း စာသင်ခန်းတွင်း ဆရာ၊ ဆရာမများ ကိုယ်တိုင်က ဖေါ်ထုတ်နိုင်ဖို့ ပြင်ဆင်ပေးနေတဲ့ ကာလလည်းဖြစ်တယ်။ ရက်တို၊ ရက်ရှည် သင်တန်းပေါင်း များစွာနဲ့ ဆရာ၊ ဆရာမများကို မွမ်းမံလျက် ရှိတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နာလန်ထ မြန်မာ့ပညာရေးဟာ တိုးတက်မှု ရပ်တန့်၊ နှောင့်နှေးကြန့်ကြာ သွားမှာကိုတော့ အားလုံးက စိတ်ပူနေကြတယ်။ ပွင့်လင်းစ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ အထူးလိုအပ်တဲ့ ပညာရေးဆိုင်ရာ ငြင်းခုံ ဆွေးနွေးမှုများဟာလည်း အရှိန်ရစဖြစ်တယ်။ UNESCO အပါအဝင် နိုင်ငံတကာ ပူးပေါင်းပါဝင်မှုနဲ့လည်း စနစ်သစ် ပညာရေးကို ပျိုးထောင်နေချိန်မှာ မလိုလားအပ်တဲ့ ကပ်ရောဂါ ဘေးဆိုးဟာ ရောက်ရှိလာခဲ့ပြီ။

 

ကိုဗစ်-၁၉ အကျပ်အတည်း ကာလ ပညာရေး မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ ပြုလုပ်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည်များ

ပညာရေးဆိုင်ရာ (ပုံမှန်) အခြေအနေ အသစ်တခု new normal ကို ဖန်တီးပေးဖို့ရာ အပူတပြင်း လိုအပ်နေပြီ။ ကျောင်းတွေ (ပုံမှန်) မဖွင့်နိုင်ဖို့ အခြေအနေက ပိုများနေပါတယ်။ မိဘတွေရဲ့ စိုးရိမ်စိတ်နဲ့အတူ စာသင်ရက်တွေ အများကြီး လျော့ နည်းသွားနိုင်ပါတယ်။ စာသင်ချိန် နည်းနေတော့မှာပါ။ ပုံမှန် မဖွင့်နိုင်ရင် အခြားနည်းလမ်းတွေက ဘာတွေ ဖြစ်မလဲ။ အခြားနိုင်ငံများနည်းတူ အွန်လိုင်းအတွက် အဆင်သင့် မဖြစ်သေးတဲ့အတွက် မြန်မာ့ပညာရေး အခြေခံ အဆင့်မှာကော၊ အဆင့်မြင့်ပညာရေးအဆင့်တွေမှာပါ ရပ်တန့်နေခဲ့ရပါပြီ။ အွန်လိုင်းသင်ကြားရေး-သင်ယူရေးကို မစတင်နိုင်သေးခင်မှာ တောင်မှ ကလေးများရဲ့ အင်တာနက်၊ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေ အသုံးပြုမှုအပေါ် နိုင်ငံတကာပညာရေး အသိုင်း အဝိုင်းက စိုးရိမ်နေခဲ့တာပါ။ digital distraction ပညာရေးမှာ ဒစ်ဂျစ်တယ် အနှောက်အယှက်လို့တောင် ပြောဆိုကြပြီး ဥပဒေနဲ့ ကာကွယ်ထားခဲ့ကြတယ်။ အခုတော့ မူလတန်းကစလို့ သုံးကြရမယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလမှာ မြန်မာ့ပညာရေးဟာ ဒစ်ဂျစ်တယ် စွမ်းရည်တွေကနေတဆင့် ပိုပြီး တိုးတက် ကောင်းမွန်တဲ့ အခွင့်အရေးတွေကို မျှမျှတတ ရရှိလာနိုင်ဖွယ်ရာလည်း ရှိနေပါတယ်။ ကူညီပံ့ပိုးမှုများသာ ရရှိမယ်ဆိုရင် မျိုးဆက်များအနေနဲ့လည်း အမီလိုက်ပါနိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။

အထူးသဖြင့် ဒီခေတ်ပေါ် အွန်လိုင်း ဒစ်ဂျစ်တယ်ကိရိယာများဟာ ပညာရေးရဲ့ မိတ်ဆွေ၊ ကလေးသူငယ်များရဲ့ စစ်မှန်တဲ့ သင်ထောက်ကူတွေ ဖြစ်လာဖို့ရာ အထူးကြပ်မတ်မှု online learning management system ကို တည်ဆောက်ရပါမယ်။ smart classroom, ဗာကျူရယ်စာသင်ခန်း စည်းမျဉ်းတွေ ချမှတ်ရပါမယ်။ စည်းကမ်း နည်းလမ်းတကျ ကူညီပံ့ပိုးမှုတွေ၊ ထိန်းကျောင်းမှုတွေနဲ့ ဗာကျူရယ် သင်ယူမှုနဲ့ အကျွမ်းဝင်မှု၊ အွန်လိုင်းသင်ယူမှု စိတ်ပညာကို အသုံးချနိုင်မှုတွေက ကလေးတိုင်းဟာ သင်ခန်းစာအပေါ်မှာ အချိန်နဲ့တပြေးညီ အမှန်တကယ် ပါဝင်လေ့လာမှုတွေ ဖြစ်လာနိုင်ပါတယ်။ အွန်လိုင်းပညာရေး၊ ဗာကျူရယ်သင်ကြား-သင်ယူမှုကို လုပ်တဲ့ပုံစံ အမျိုးမျိုး ရှိပါတယ်။ ဆရာနဲ့ ကျောင်းသား ပိုပြီးတော့ အပြန်အလှန် ဆွေးနွေးနိုင်တဲ့၊ interactive ဖြစ်တဲ့၊ ကြိုတင်ရိုက်ကူးထားတဲ့ သင်ခန်းစာ ဗွီဒီယိုဖိုင်တွေကို လေ့လာနိုင် တာပါ။ အွန်လိုင်းပညာရေး မူဝါဒအသစ်တွေကို ရေးဆွဲနိုင်ပါတယ်။ နယ်အားလုံး၊ ကျေးရွာအားလုံးက အွန်လိုင်းပညာရေးနဲ့ ဒစ်ဂျစ်တယ် သင်ယူလေ့လာမှုကို အားလုံးတပြေးညီ လက်လှမ်းမီမှာတော့လည်း မဟုတ်ပါဘူး။ အဲဒီအတွက် အခြားသော သင်ကြားရေး နည်းလမ်းများစွာကို အသုံးချနိုင်ပါတယ်။

အရည်အသွေးပိုင်းမှာ မအောင်မြင်သေးတဲ့ မြန်မာနိုင်ငံရဲ့ အဝေးသင်ပညာရေးကို နည်းမှန်လမ်းမှန်နဲ့ ပြန်လည် ဆန်းသစ် နိုင်ပါတယ်။ ထိုင်းအပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံများရဲ့ အောင်မြင်ခဲ့ဖူးတဲ့ အဝေးသင် ပညာရေးစနစ်များကို အတုယူ ရမှာပါ။

ကျောင်းပညာရေးနဲ့ ပတ်သက်လာရင် ပညာသင်ကြားရေး မရပ်တန့်စေဖို့ရာ ရွေးချယ်စရာ များများစားစားတော့လည်း မရှိပါဘူး။ ငယ်ရွယ်တဲ့ အတန်းတွေအတွက်တော့ မိဘ၊ ရပ်ရွာနဲ့ စာသင်ကျောင်းတွေ ပူးပေါင်းပြီး Home-schooling လို့ခေါ်တဲ့ “အိမ်မှာနေပြီး ကျောင်းစာသင်ယူလေ့လာခြင်း” အစီအစဉ်ကိုလည်း ပညာရေးဌာနများက ကူညီပေးသင့် ပါ တယ်။ အသိအမှတ်ပြုပေးနိုင်မယ့် မူဝါဒများ ချမှတ်ရမှာပါ။ မိဘများနဲ့ ရပ်ရွာက ပါဝင်ဆောင်ရွက်နိုင်တဲ့ “အိမ်မှ ကျောင်း စာသင်ယူမှု” မျိုးဟာ ပညာရေး ဝန်ထုပ်ဝန်ပိုးကို လျော့ချနိုင်ဖွယ်ရာ ရှိပါမယ်။

မိဘ၊ ရပ်ရွာ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းတွေ၊ CSOs တွေ၊ တိုင်းရင်းသား ပညာရေး အဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင် လုပ်ဆောင်မယ်ဆိုရင်တော့ (ကိုဗစ်-၁၉ စိတ်ချရတဲ့အခါ) အချိန်ပိုင်း၊ နာရီပိုင်း ကန့်သတ်ချက်နဲ့ ကျောင်းဖွင့်လှစ်ပြီး အတန်းစဉ် မနစ်နာအောင် ကြိုးစားနိုင်ကြပါမယ်။ ပုဂ္ဂလိကနဲ့ အစိုးရပညာရေးဌာနတို့ ဖက်စပ်ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ကာလ ပညာရေးကို မြှင့်တင်နိုင်ပါတယ်။ အဲဒီအတွက် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒတွေ၊ အညွှန်းဘောင်တွေ ချမှတ် ရပါမယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှု အလေ့အထသစ်ကို ပျိုးထောင်ပေးရပါမယ်။ mask မတ်တပ်လို့ ခပ်ခွါခွါ နေထိုင်ပြီး စာသင်ကြားနိုင်ဖို့ရာ စီစဉ်တဲ့အခါ ကျန်းမာရေးဌာနများနဲ့ ရပ်ရွာရဲ့ အကူအညီ လိုအပ်ပါမယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းစင်တာ သေချာတဲ့ နယ်မြေများနဲ့ ကျေးရွာတွေကနေ ကျောင်းတွေ စတင်ဖွင့်လှစ်နိုင်ပါ လိမ့်မယ်။ တနိုင်ငံလုံး တပြေးညီ ကျောင်းဖွင့်ဖို့အတွက် အခက်အခဲ ရှိနေနိုင်ပါတယ်။ ပညာရေးမှာ ဗဟိုဦးစီးချုပ်ကိုင်မှု တင်းကျပ်နေဆဲအခြေအနေကို ပြုပြင်ပြောင်းလဲဖို့ရာ အခွင့်အလမ်း တရပ်အနေနဲ့ ရှုမြင်သင့်ပါတယ်။ ကျေးရွာလူထု (ကွန်မြူနတီ) ဗဟိုပြု ပညာရေးစနစ်၊ ဒေသန္တရ ပညာရေးစနစ်တို့ကို စမ်းသပ်ကျင့်သုံးရင်း decentralization ဗဟိုဦးစီးချုပ်ကိုင်မှုကို တဖြည်းဖြည်း ဖြေလျှော့လာနိုင်ပါမယ်။ လိုအပ်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်တရပ် ကို ပျိုးထောင်ဖို့အတွက်လည်း လိုအပ်နေတဲ့ မူဝါဒများ တည်ဆောက် ကျင့်သုံးနိုင်မယ့် အခွင့်အရေးပါ။

ဘာသာရပ်အလိုက် သင်ကြားမှုပုံစံများမှာလည်း တူညီနိုင်မှာ မဟုတ်ပါဘူး။ အခြေခံပညာ သင်ရိုးသစ်မှာ ပြဌာန်းထားတဲ့ သင်ရိုးဝင်နယ်ပယ် ၁၀ ဘာသာရဲ့ သင်ခန်းစာ အားလုံးကို လတ်တလောမှာ သင်ကြားဖို့ရာ မလွယ်ကူလှပါဘူး။ အဲဒီ အတွက် သင်ခန်းစာတွေကို ရွေးချယ်ရပါမယ်။ အတန်းစဉ် တက်လှမ်းနိုင်မယ့် သင်ရိုးရွေးချယ်မှုမှာ ဘာသာစကား၊ သင်္ချာနဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေကို ပထမဦးစားပေးအနေနဲ့ သင်ရိုးကို ပြင်ဆင်သင့်ပါတယ်။ ကိုဗစ်-၁၉ ကာလ သင်ရိုး မူဝါဒနဲ့  စစ်ဆေးမှုစနစ်တို့ ထားရှိဖို့ လိုလာပါတယ်။

သင်ရိုးသစ်အတွက် ဆရာအတတ်သင် ပညာရေး၊ သင်ရိုးသစ် သင်ကြားမှု သင်တန်းအတွက် ပြင်ဆင်နေပေမဲ့လည်း ကျောင်းဆရာ၊ ဆရာမ ရာခိုင်နှုန်းအတော်များများဟာ အွန်လိုင်း သင်ယူမှုအတွက် အကူအညီ အများကြီး လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ် ကိရိယာတွေ၊ အွန်လိုင်း လက်လှမ်းမီမှုတွေ၊ အင်တာနက် ဖုန်းဘေလ် အကူအညီ လိုအပ်ပါတယ်။ ချက်ခြင်း သင်ယူနိုင်တဲ့ အွန်လိုင်းပညာရေး အခွင့်အရေးနဲ့အတူ ခေတ်ဟောင်းက အဝေးသင်ကြားမှု နည်းလမ်းတွေကို ဆန်းသစ်ပြီး အသုံးချခြင်းဟာ ကပ်ရောဂါကာလ အတွင်းမှာရော၊ ကပ်အလွန်ကာလ အတွက်မှာပါ ပညာရေးဆိုင်ရာ တရားမျှတမှုကို ကျင့်သုံးရာ ရောက်ပါလိမ့်မယ်။ ဘယ်နယ်မြေကဖြစ်ဖြစ် ရွာကျောင်းတကျောင်းမှ မကျန်ရစ်စေရအောင် မူဝါဒအရ ကာကွယ်စီမံပေးရမှာပါ။ ဖုန်းလိုင်း၊ အင်တာနက် မရရှိတဲ့၊ အပိတ်ခံထားရတဲ့ နယ်မြေများအတွက် ပညာရေး မနစ်နာ စေမယ့် အစီအမံနဲ့ ကြားကာလ မူဝါဒများကိုလည်း ထားရှိသင့်ပါတယ်။ ပညာရေးအင်တာနက် ဝန်ဆောင်မှုတွေကို (နယ် မြေ မခွဲခြားဘဲ) အခမဲ့ ရရှိအောင် စီမံရမှာပါ။ ထိခိုက်နစ်နာလွယ်တဲ့ ကျောင်းသားများအတွက် သင်ယူမှု ခြားနားချက်၊ နစ်နာချက်တွေကို လျော့ပါးသက်သာအောင် ကူညီပေးဖို့ လိုအပ်ပါမယ်။ အရေးပေါ်ကာလ ပညာရေး မူဝါဒများနဲ့ လုပ်ငန်း စဉ်များဟာ လူမှုတရားမျှတမှု ရှုထောင့်ကနေ ချဉ်းကပ်သင့်ပါတယ်။

ကိုဗစ် – ၁၉  တိုက်ဖျက်ရေး၊ ကျန်းမာရေး အသိမြင့်လူ့အဖွဲ့အစည်း ထူထောင်ရေးနဲ့ ကျောင်းပညာရေး အဆက်မပြတ် စေ ရေးတို့ဟာ နယ်ပယ်စုံပူးပေါင်း ပါဝင်ဆောင်ရွက်မှု multi-sector cooperation & coordination နဲ့ စတင်သင့်ပါတယ်။ သမားရိုးကျ ပညာရေးဝန်ကြီးဌာနနဲ့ စာသင်ကျောင်းများရဲ့ ပုံမှန် ဝန်တာထက်ကို များစွာကျော်လွန်တဲ့ အရေးပေါ်ကာလ မူဝါဒများ၊ အစီအစဉ်များနဲ့ အထူးအကူအညီ လိုအပ်နေတာ အသေအချာပါပဲ။

Thein Naing

သိန်းနိုင်သည် "ပညာနိုင်ငံတော်"၊ "ဖက်ဒရယ်ပညာရေး"၊ "မတူကွဲပြားမှုများနှင့် အသွေးအရောင်စုံပညာရေး"နှင့် "ဒီမိုကရေစီ စာသင်ခန်းထဲက ကမ္ဘာကြီး (ကလေးဗဟိုပြု သင်ခန်းစာများ)" စာအုပ်တို့ကို ပြုစုရေးသားခဲ့သည်။ ပညာရေးကောလိပ်များ၏ ဆရာအတတ်ပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများတွင် Education consultant အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search