Menu & Search

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

July 17, 2020

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးတွေ့ရှိသူတွေ ဆက်လက်ကျန်ရှိနေသေးပေမယ့် ပြည်ထောင်စုအစိုးရ က  မေလက စတင်ပြီး တားမြစ်ချက်အချို့အပေါ် ဖြေလျှော့မှုတွေ စတင်ပြုလုပ်ပေးလာခဲ့ပါတယ်။ အစိုးရရဲ့ ဖြေလျှော့မှု အစီအမံတွေအပေါ် ရွေးချယ်ဆုံးဖြတ်ချက်တွေအရ ကိုဗစ်-၁၉ ကာလနဲ့၊ ကာလအလွန်အချိန်တွေမှာ  နိုင်ငံတော်အတွင်းက အင်အားစု အသီးသီးအပေါ်  မတူညီတဲ့ သက်ရောက်မှုတွေ ရှိလာပါတယ်။

အစိုးရရဲ့ ကပ်ဘေးကာလဆောင်ရွက်မှုတွေက အရပ်ဘက်အင်အားစုတွေရဲ့ နယ်ပယ်အထိ အာဏာလက်တံ ဖြန့်ကျက်လာသလို၊ အုပ်ချုပ်ရေးကဏ္ဍမှာလည်း ဗဟိုချုပ်ကိုင်မှု မြင့်တက်လာပါတယ်။ စီးပွားရေးကဏ္ဍမှာ လုပ်ငန်းတွေပြန်လည်အားကောင်းလာဖို့ လိုအပ်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဖြေလျှော့မှု၊ ပံ့ပိုးမှု အစီအစဉ်တွေကို မြန်မြန်ဆန်ဆန် ဖော်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို ဆောင်းပါးက အဓိကထား ဆွေးနွေးလိုပါတယ်။

ဒီမတိုင်ခင်မှာတော့ ဆောင်းပါးမှာ အထူးပြုမယ့် ဝေါဟာရအသီးသီးရဲ့ ယူဆချက်အချို့ကို ဦးစွာ ဆွေးနွေး မိတ်ဆက်ပါမယ်။ အယူအဆပိုင်းဆိုင်ရာအချက်အလက်တွေ ဆွေးနွေးပြီးနောက်မှာတော့ ဆောင်းပါးရဲ့ တင်ပြ လိုရင်းနဲ့ အစိုးရ၊ အရပ်ဘက်နယ်ပယ်နဲ့ စီးပွားရေးနယ်ပယ်စတဲ့ အလွှာတလွှာချင်းစီရဲ့ အခြေအနေကို ခွဲခြား သုံးသပ်ပြသွားမှာ ဖြစ်ပါတယ်။

 

ဝေါဟာရဖွင့်ဆိုယူဆချက်များ

ဒီမိုကရေစီနိုင်ငံတွေရဲ့ လူမှုအဝန်းအဝိုင်းထဲမှာ အပြန်အလှန်ထိန်းထေမှုပုံစံနဲ့ ဆက်စပ်တည်ရှိနေတဲ့ ထောင့်သုံး ထောင့်ရှိပါတယ်။ ဒါတွေကတော့ အစိုးရ(State) စျေးကွက်(Market)နဲ့ အရပ်ဘက်အဖွဲ့အစည်း(Civil Society) တို့ဖြစ်ပါတယ်။ ဒီသုံးခုစလုံးမှာလည်း ကိုယ်ပိုင်အသွင်လက္ခဏာတွေ အသီးသီးရှိကြပါတယ်။

လူထုရဲ့ နိုင်ငံရေးပါဝင်မှုမြင့်မားဖို့လိုတဲ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ အခင်းအကျင်းတွေမှာတော့ အရပ်ဘက်အဖွဲ့ အစည်းတွေကို လူ့အဖွဲ့အစည်းနဲ့ အစိုးရကြားက ကြားခံနယ်အဖြစ် ရှုမြင်ကြပါတယ်။ တဖက်မှာလည်း လက်ရှိ မြန်မာနိုင်ငံက ရွေးကောက်ခံအစိုးရ နဲ့ ၂၀၀၈ အခြေခံဥပဒေက လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားတဲ့ တပ်မတော် အင်စတီကျူးရှင်း နှစ်ခုအပြိုင်ဖြစ်တည်နေတဲ့ စပ်ကြားအုပ်စိုးမှုစနစ် (Hybrid regime) ရဲ့အခင်းအကျင်းကို ကျင့်သုံးနေရတာပါ။ ဒီလိုအခြေအနေမျိုးမှာ လူထုနဲ့ နိုင်ငံတော်အကြား ပေါင်းကူးပေးတဲ့တာဝန်ကို ယူထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အင်အား မယုတ်လျော့ဖို့ နိုင်ငံအတွက် အင်မတန်လိုအပ်ကြောင်း သုတေသီတွေရဲ့ ထောက်ပြဆွေးနွေးမှုတွေ များစွာ ရှိပါတယ်။

လွတ်လပ်ပြီး အများပြည်သူအကျိုးရှေးရှုတဲ့ ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်း(CBOs)တွေ၊ NGOs တွေ၊ မီဒီယာအဖွဲ့အစည်းတွေစတဲ့အရာတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ(Civil Society Organizations-CSOs) အဖြစ်မှတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေသော်ငြားလည်း အကျိုးအမြတ် တစုံတရာ ရယူလိုတဲ့အဖွဲ့အစည်းတွေကိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေအဖြစ် မသတ်မှတ်ကြပါဘူး။ ဥပမာ  Mainstream Media Corporation ကြီးတွေပါ။ တဖန်နိုင်ငံရေးပါတီတွေရဲ့ အရင်းကို စစ်ရရင်လည်း အစိုးရရဲ့ မဏ္ဍိုင်အသီးသီးအတွင်းမှာ အရပ်သား၊ လူထု ပါဝင်ကိုယ်စားပြုနိုင်မှုကို ဦးတည်ရတာဖြစ်ပါတယ်။ ဝေါဟာရ ဖွင့်ဆိုချက်နဲ့ ယူဆချက်တွေအရ အရပ်ဘက်အဖွဲ့အစည်း(CSOs) တွေရဲ့ သတ်မှတ်ချက်ဘောင်တွေက ကျဉ်းသွား တာ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ အစိုးရရဲ့ ဖြေလျှော့မှုအစီအစဉ်တွေက အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် အရပ်ဘက်လူ့ဘောင်အသိုက်အမြုံအပေါ် အကျိုးသက်ရောက်မှု ပုံစံတွေကို တင်ပြလိုတာ ဖြစ်ပါတယ်။

 

ကနဦးယူဆချက်နှင့် ခွဲခြားသုံးသပ်မည့် အလွှာသုံးလွှာ

ဒီဆောင်းပါးမှာ တွင်တွင်ကျယ်ကျယ် အထူးပြုမယ့် အဓိကဝေါဟာရတွေကို ဆွေးနွေးပြီးတဲ့အခါမှာ လက်ရှိ ကိုဗစ်-၁၉  ကူးစက်ရောဂါကာလအတွင်း အခြေအနေတွေနဲ့ လူမှုအဖွဲ့အစည်းကြားထဲက အခင်းအကျင်းတွေ အပေါ် ဆောင်းပါးရဲ့ ကနဦးယူဆချက်ကို ဆက်လက်ဆွေးနွေးပါမယ်။ ကိုဗစ်ကပ်ဘေးအတွင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုလာကြရပါတယ်။ မူဝါဒချမှတ်တာကစလို့ အောက်ခြေအဆင့်အကောင်အထည်ဖော်တာတွေအထိ အစိုးရရဲ့လက်တံက ကျယ်ပြန့် လာပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုအခြေအနေရှိနေပြီး အစိုးရရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကသာ နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်၊ ညွှန်ကြား ချက်တွေအားလုံးကို ထုတ်ပြန်ပေးနေပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေ အတွက် ချေးငွေနဲ့ အရင်းအမြစ်  စီမံခန့်ခွဲမှုကစလို့ စေတနာ့ဝန်ထမ်းအဖွဲ့တွေကို ကြီးကြပ်ကွပ်ကဲတဲ့ကိစ္စတွေအထိ အစိုးရက ကိုဗစ်ကာလမှာ(သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ထိန်းထေပေးမယ့် အရပ်ဘက် အင်အားစုတွေ အားနည်းသွားတာကြောင့်) အရပ်ဘက်အဖွဲ့အစည်းများရဲ့ ကန့်သတ်ထိန်းထေမှုကို မခံရဘဲ လုပ်ခဲ့တာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေဟာ ထောင့်သုံးထောင့်ထဲက တခုဖြစ်တဲ့ အစိုးရရဲ့ လုပ်နိုင်စွမ်းအား ပိုမိုအားကောင်း လွှမ်းမိုး လာတဲ့ အနေအထားမျိုး ပြသနေပါတယ်။ တဖက်မှာလည်း အစိုးရက ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့ အညီ စျေးကွက်ပုံမှန်လည်ပတ်နိုင်အောင် ဖြေလျော့ပေးမှုတွေ စတင်လုပ်ဆောင်လာပါတယ်။ အထိနာနိုင်ချေ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကျားကန်နိုင်အောင် ထောက်ပံ့မှုတွေ၊ အခွန်ဖြေလျော့မှုတွေစတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ထောင့်သုံးထောင့်ရဲ့ဒုတိယတဖက်ကလည်း အလေးပေးခံနေရတဲ့ အနေအထားဖြစ်နေပါတယ်။ ဒီလိုအခင်းအကျင်းအတွင်းမှာ အရပ်ဘက်အဖွဲ့အစည်း၊ အင်အားစုတွေကတော့ အခြားနှစ်ခုထက်စာရင် မျက်ကွယ်ပြုခံရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် ဆောင်းပါးရဲ့ ကနဦးယူဆချက်က ကိုဗစ်၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးကာလအတွင်းမှာ အစိုးရရဲ့ အရွေ့၊ အခင်းအကျင်းတွေက စျေးကွက်နဲ့ အထူးသဖြင့် အစိုးရရဲ့ အခန်းကဏ္ဍကို သိသိသာသာမြင့်တက်လာစေပေမယ့်လည်း အရပ်ဘက်အဖွဲ့အစည်း အတွက်တော့ မညီမျှ တဲ့၊ ချိနဲ့စေတဲ့ အခင်းအကျင်းကိုသာ သက်ရောက်နေစေတယ်လို့ဖော်ပြလိုပါတယ်။ ဒီယူဆချက်ကို ပိုင်းခြား သုံးသပ်နိုင်ဖို့အတွက် အရပ်ဘက်အင်အားစု၊ အဖွဲ့အစည်းတွေအတွင်းက အကျုံးဝင်တဲ့ အလွှာသုံးလွှာရဲ့ လက်ရှိကိုဗစ်ကာလအတွင်း အခြေအနေတွေကို ဆောင်းပါးမှာ အထူးပြုဆွေးနွေးသွားပါမယ်။ အဲ့ဒါတွေကတော့ မီဒီယာ များ၊ နိုင်ငံရေးပါတီများနဲ့ လူမှုအဖွဲ့အစည်းများ ပဲ ဖြစ်ပါတယ်။

 

မီဒီယာကဏ္ဍအပေါ် သက်ရောက်မှုအခြေအနေများ

နိုင်ငံပိုင်မဟုတ်တဲ့ ပုဂ္ဂလိကမီဒီယာအဖွဲ့အစည်းတွေက ပြည်သူလူထု၊  လူ့အဖွဲ့အစည်းနဲ့ အစိုးရတို့အကြားမှာ သတင်းအချက်အလက် ပေါင်းကူးဖြည့်စွက်ပေးခြင်းနည်းလမ်းနဲ့ ဒီမိုကရေစီစနစ်အားကောင်းရေးကို အကျိုးပြု လေ့ရှိပါတယ်။ အစိုးရယန္တရားတွေအတွက် မူဝါဒချမှတ်ရေးကိစ္စတွေမှာ ပြည်သူတွေရဲ့ အမြင်သဘောထားကို နားလည်နိုင်ဖို့၊ ပြည်သူတွေအတွက် အစိုးရရဲ့ မူဝါဒဖော်ဆောင်မှုတွေ သိရှိနားလည်နိုင်ဖို့စတဲ့ အချက်တွေကို မီဒီယာတွေက ဖြည့်စွမ်းပေးနိုင်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ကာလမျိုးမှာ ဒီအခန်းကဏ္ဍက ပိုပြီး အရေးပါလာပါတယ်။ အစိုးရ ချမှတ်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာမူဝါဒတွေရဲ့ အကျိုးအပြစ်ကို ပြည်သူတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပေးနိုင်ပါတယ်။ သတင်းအတုတွေ၊ ကောလ ဟလ၊ သတင်းအမှားတွေ ပြည့်နှက်နေတဲ့အွန်လိုင်းမီဒီယာတွေအစား တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ Professional Media တွေအပေါ် ပြည်သူလူထုက ပိုပြီးအားထားဖတ်ရှုရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သတင်းမှန်တွေကို ပြည်သူတွေဆီ တင်ဆက်ပြန်ကြားပေးမယ့် ပုဂ္ဂလိကမီဒီယာကဏ္ဍအပေါ်မှာ ကိုဗစ်-၁၉ရဲ့ ရိုက်ခတ်မှုကလည်း ကြီးမားခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ လုပ်ငန်းသဘောသဘာဝအရ၊ အဖွဲ့အစည်း ဆက်လက်ရှင်သန်ရပ်တည်ရေးအရ အချို့ မီဒီယာအဖွဲ့အစည်းတွေမှာ ဝန်ထမ်းလျှော့ပေါ့မှုတွေနဲ့ လစာငွေလျှော့ပေါ့မှုတွေ လုပ်ဆောင်လာကြရပါတယ်။ လုပ်ငန်းသဘောအရ မီဒီယာသမားတွေအတွက် လက်ရှိကိုဗစ်ကာလမှာ ကျန်မာရေးစိန်ခေါ်မှုတွေ ရှိနေတဲ့အပြင်၊ စားဝတ်နေရေးအခက်အခဲတွေပါ ရင်ဆိုင်လာရတာဖြစ်ပါတယ်။ ကိုဗစ်ဂယက်ကြောင့် အလုပ်လက်မဲ့ ဖြစ်လာရ တဲ့ သတင်းသမားတွေလည်း ရှိလာပါတယ်။ (ပုံ – ၁)

နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ဂယက်ကြောင့် ထိခိုက်ရတဲ့ အစုအဖွဲ့တွေ အများကြီးရှိပြီး အစိုးရက ကျားကန်နိုင်ရေး အစီအမံတွေ ကူညီပံ့ပိုးလာတာတွေ့ရပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ စီးပွားရေးကဏ္ဍအပေါ် အာရုံစိုက်မှုကို ထင်သာမြင်သာတွေ့ရပေမယ့် မီဒီယာအဖွဲ့အစည်းတွေရဲ့အရေးကိုတော့ အကျေအလည်ထည့်သွင်းစဉ်းစားတာ မျိုး မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)ကပဲ အလုပ်ရပ်ဆိုင်းခံရတဲ့ အနယ်နယ် အရပ်ရပ်က သတင်းသမားတွေကို အခြေခံစားသောက်ကုန်ထောက်ပံ့ပေးတာ၊ သတင်းထောက်တွေမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာပြလာရင် (သို့မဟုတ်) ရောဂါပိုးရှိတဲ့သူတွေနဲ့ ထိစပ်မိလို့ Quarantine ဝင်ရရင် ငွေကြေး ထောက်ပံ့ပေးတာမျိုးတွေတော့ရှိပါတယ်။ ကောင်စီအနေနဲ့ ဒီလိုအသေးစားထောက်ပံ့မှုတွေကို လုပ်ဆောင်နိုင်ခဲ့ ပေမယ့် မီဒီယာကုမ္ပဏီများရဲ့ ဘဏ္ဏာရေးအင်အားကျဆင်းလာမှုကိုတော့ ကုစားနိုင်ဖို့ ဆေး မပေးနိုင်သေးပါဘူး။

နိုင်ငံရဲ့စီးပွားရေးကဏ္ဍကောင်းကောင်းမွန်မွန် ပြန်လည်ပတ်နိုင်ဖို့‌ အရေးကြီးသလို လွတ်လပ်တဲ့မီဒီယာကဏ္ဍ ဆက်လက်ရပ်တည်နိုင်ရေးကလည်း လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လို အပ်ပါတယ်။ ဒါပေမဲ့လည်း ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေရဲ့ ကိုဗစ်ကာလ ရပ်တည်ရေးနဲ့ ကိုဗစ်အလွန်ကာလ ရပ်တည်နိုင်ရေးအတွက် ထောက်ပံ့ကူညီမှု အစီအစဉ်တွေဖော်ဆောင်နေတာ၊ ကြိုးပမ်းနေတဲ့ အခြေအနေမျိုးကို တော့ မတွေ့ရသေးပါဘူး။ (အစိုးရရဲ့ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan – CERP မှာလည်း တိုက်ရိုက်ထည့်သွင်းစဉ်းစားထားတာမျိုး မတွေ့ရပါဘူး။)

ကိုဗစ်-၁၉ကာလအတွင်း သတင်းမီဒီယာတွေအနေနဲ့ သတင်းဝက်ဘ်ဆိုက်တွေအပါအဝင် ဝက်ဘ်ဆိုက်တွေကို အစိုးရက ပိတ်ဆို့နေမှုနဲ့လည်း ထပ်မံကြုံတွေ့နေရပါတယ်။  သတင်းတုဖြန့်ချိတဲ့ ဝက်ဘ်ဆိုက် ၆၇ ခုအပါအဝင် ဝက်ဘ်ဆိုက် ၂၀၀ ကျော်ကို ပိတ်ဆို့ဖို့ မတ်လကုန်ပိုင်းက ညွှန်ကြားခဲ့တဲ့ အစိုးရရဲ့ လုပ်ဆောင်မှုမှာ ပြည်နယ် အခြေစိုက်တိုင်းရင်းသားမီဒီယာတွေဖြစ်တဲ့ Narinjara၊ Development Media Group၊ Karen News၊ Mekong News တို့လည်း အပိတ်ခံခဲ့ရပါတယ်။ အစိုးရရဲ့ဒီလုပ်ဆောင်မှုဟာ ကိုဗစ်-၁၉ ကြောင့် အကျပ် အတည်းနဲ့ ကြုံတွေ့နေရတဲ့ မြန်မာ့မီဒီယာအဖွဲ့အစည်းတွေအတွက် ထိုးနှက်ချက်တခုဖြစ်ခဲ့ပြီး သတင်း လွတ်လပ်ခွင့်ကို ထိခိုက်စေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကိုဗစ် – ၁၉ နှင့် ပတ်သက်ပြီး သတင်းရေးသားဖော်ပြမှုတွေကြောင့် သတင်းသမားတချို့  တရားစွဲဆိုခံရတာ၊ ထောင်ချခံရတာတွေ ရှိသလို ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် သတင်းရယူရာမှာ ကန့်သတ်၊ တားဆီးခံရမှုတွေလည်း ကြုံတွေ့နေရ ပါတယ်။

ဒါကြောင့် မီဒီယာကဏ္ဍအနေနဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ အရင်းအမြစ်အခက်အခဲတွေနဲ့၊ အစိုးရရဲ့ ထိထိ ရောက်ရောက် ပံ့ပိုးကူညီမှု မရှိသေးတဲ့ အချက်တွေက လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲ စာမျက်နှာ နှစ်ရပ် ဖြစ်လာပါတယ်။ တဦးချင်း စားဝတ်နေရေးအခက်အခဲ၊ အဖွဲ့အစည်းတွေရဲ့ ရပ်တည်နိုင်ရေးအခက်အခဲတွေက ရေရှည်မှာ အစိုးရနဲ့ ပြည်သူအကြားက အပြန်အလှန်ကူးလူးဆက်သွယ်မှု ပြတ်တောက်နိုင်မှုမှတဆင့်  လူ့အဖွဲ့ အစည်းအတွင်းက လူမှုအရင်းအနှီးတွေအပေါ် ထိခိုက်နိုင်တာကို သတိပြုသင့်ပါတယ်။

 

နိုင်ငံရေးပါတီများအပေါ် သက်ရောက်မှုအခြေအနေများ

ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးကာလအတွင်း အစိုးရရဲ့ အခန်းကဏ္ဍ မြင့်တက်လာမှုအကျိုးဆက်ကို သိသာစွာ ခံစားနေရတဲ့အလွှာတခုကတော့ နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ တည်ဆဲနိုင်ငံရေးပါတီပေါင်း ၉၇ ပါတီရှိပြီး ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ပါတီအရေအတွက်က ၉၄ ပါတီ ရှိပါတယ်။ နိုင်ငံတဝှမ်း စည်းရုံးရေး လုပ်ဆောင်မယ့် ပါတီအရေအတွက်နဲ့ တိုင်းနဲ့ပြည်နယ်အဆင့် စည်းရုံးရေးလုပ်ဆောင်မယ့်ပါတီအရေအတွက်ကို အောက်ပါအတိုင်း တွေ့မြင်နိုင်ပါတယ်။(ပုံ-၂)

တဆက်တည်းမှာပဲ အစိုးရ အပြောင်းအလဲတခု ဖြစ်ပေါ်လာဖို့အထိ အဆုံးအဖြတ်ပေးမယ့် ယခုနှစ်အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ  ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ အရေးကြောင့် ပါတီတွေရဲ့ လှုပ်ရှားမှုဟာ ယခုအချိန်ထိ ကန့်သတ်ချက်တွေ ရှိနေပြီး မျှတတဲ့ ရွေးကောက်ပွဲဝန်းကျင် ဖြစ်လာဖို့ ခဲယဉ်းနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းမှာ ပြုလုပ်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဇွန်လဆန်း မှာ အတည်ပြုခဲ့ပေမယ့် ရက်အတိအကျ မပြောကြားခဲ့သလို ပါတီတွေ လှုပ်ရှားဆောင်ရွက်ဖို့အတွက် အရေးပါတဲ့ ကိုဗစ်ကာလကန့်သတ်ချက်အချို့ကိုလည်း အစိုးရက မပယ်ဖျက်ခဲ့ပါဘူး။ အဲဒီအတွက် အခြားနိုင်ငံရေးပါတီတွေ အနေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုလို ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ပြင်ဆင်မှုတွေဟာ အာဏာရ NLD ပါတီထက် ခြေတလှမ်းနောက်ကျခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း နိုဝင်ဘာ ၈ ရက်မှာ  ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်မှာ ကြေညာခဲ့ချိန်မှာတော့ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်တွေက ဇွန်လလယ်ကတည်းက ထွက်ပေါ်နေခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ ပြိုင်ဘက်ပါတီအများစုက ကိုယ်စားလှယ်လောင်းရွေးချယ်မှုကိုတောင် မစတင်နိုင်သေးတဲ့အခြေ အနေက ကိုဗစ်ကာလအတွင်း အာဏာရပါတီရဲ့ ရွေးကောက်ပွဲအတွက် အားသာသွားမှုကို ရှင်းရှင်းလင်းလင်း ထောက်ပြနေပါတယ်။

ဒါ့အပြင် လက်ရှိကျန်းမာရေးအစီအမံလိုအပ်ချက်တွေအရ ရွေးကောက်ပွဲကြို မဲဆွယ်စည်းရုံးမှုအခြေအနေတွေ ကလည်း ပြောင်းလဲလာမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ချိတ်ဆက်နိုင်ဖို့ လူမှု ကွန်ရက်စာမျက်နှာတွေကတဆင့် လုပ်ဆောင်နိုင်ပေမယ့်၊ မြန်မာနိုင်ငံက နိုင်ငံရေးပါတီအချို့ရဲ့ လူမှုကွန်ရက်စာ မျက်နှာတွေကတော့  တရားဝင်အသိအမှတ်ပြုမှု ခိုင်မာတဲ့ အခြေအနေ မရှိသေးပါဘူး။ ( ပုံ-၃)

 

 

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် အခြားပါတီအများစုရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်နေရပေမယ့် အာဏာရ NLD ပါတီကတော့ အစိုးရအဖွဲ့တခုအနေနဲ့ နိုင်ငံပိုင်မီဒီယာတွေက တဆင့် ၎င်းတို့ရဲ့ လှုပ်ရှားမှုကို ပြသနိုင်နေပါတယ်။ တချိန်တည်းမှာ ယခုကိုဗစ်ကာလအတွင်း အာဏာရပါတီဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် Facebook လူမှုကွန်ရက် အသုံးပြုပြီး ပြည်သူနဲ့ ထိတွေ့မှုကို မြှင့်တင်နေ တာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ အွန်လိုင်းမဲဆွယ်စည်းရုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေမှာ တိကျတဲ့ပြဌာန်းပုဒ်မနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိမှုက အားနည်းချက်တခု ဖြစ်နေပါတယ်။ ဒါ့အပြင် NLD ပါတီရဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လှုပ်ရှားမှုတွေဟာလည်း စည်းရုံးရေးအသွင်ဆောင်နေတယ်လို့ အခြားပါတီတွေဘက်က သူတို့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားမှုတွေ ရှိနေပါတယ်။

လက်တွေ့မြေပြင်အခြေအနေတွေမှာလည်း အသက်(၈၅) နှစ်အထက် ဘိုး/ဘွားများ လစဉ်ထောက်ပံ့ငွေတွေ၊  ကိုဗစ်-၁၉ ကာလထောက်ပံ့ငွေပေးအပ်တဲ့အစီအစဉ်စတဲ့ နိုင်ငံတော်မှ ထောက်ပံ့မှုအစီအစဉ်တွေမှာ အာဏာရ ပါတီရဲ့ ပါတီဝင်အများအပြားက အင်နဲ့အားနဲ့ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သင်္ကြန်ကာလ မတိုင်မီ အခြေခံ လူတန်းစားတွေအတွက် အစိုးရမှ စားသောက်ကုန်ပစ္စည်း(၅)မျိုး ထောက်ပံ့ရာမှာ အာဏာရပါတီရဲ့ အစိုးရ အဖွဲ့ဝင်တွေကိုယ်တိုင် ဦးဆောင်ပြီး ပုံရိပ်မြှင့်တင်တဲ့ ပုံစံမျိုး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ငွေကျပ်၄၀,၀၀၀ ထောက်ပံ့ဖို့အတွက် စာရင်းပြုစုရာမှာလည်း ရပ်ကျေးအဖွဲ့တွေနဲ့ အတူ အာဏာရ ပါတီဝင်တွေကပါ ပါဝင်စာရင်း ကောက်ယူခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲနီးကပ်လာချိန်မှာ ပါတီပုံရိပ်ကို မြှင့်တင်တဲ့သဘော ဖြစ်ခဲ့ပါတယ်။

ဒီလို နိုင်ငံတော်ယန္တရားထဲရှိလူတွေက နိုင်ငံတော်အထောက်အပံ့ရရှိသူတွေရဲ့ ထောက်ခံမှုကို ပြန်ယူတဲ့ ဆရာမွေး -တပည့်မွေးစနစ် (ဝါ) ကျေးဇူးခံ-ကျေးဇူးစားစနစ် (Patron – client System)ကို ဒီမိုကရေစီနိုင်ငံ တော်တော်များ များမှာ တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကလည်း ဒီလိုစနစ်မျိုးကို လွှတ်တော်ကိုယ်စားလှယ်တွေအတွက် မြို့နယ်ဖွံ့ဖြိုးရေး ဘတ်ဂျက် ကျပ်သိန်း ၁၀၀၀ နဲ့ မြစိမ်းရောင်စီမံကိန်း တွေမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဒီလို လုပ်ဆောင်မှုတွေဟာ အာဏာရပါတီတခုအနေနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချတာ ဖြစ်တဲ့အတွက် ပါတီတွေအနေနဲ့ ကန့်ကွက်ဖို့ မတတ်နိုင်ဘဲ ပါတီငယ်တွေမှာ နစ်နာနိုင်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

အာဏာရပါတီရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကတော့ ဒီလိုသုံးသပ်ချက်တွေက မှန်ကန်မှုမရှိ ကြောင်း ငြင်းဆိုထားပြီး ပါတီဝင်လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကော်မတီတွေကနေတဆင့်သာ တာဝန်ထမ်းဆောင်နေတာဖြစ်လို့ ပါတီစည်းရုံးရေးဆင်းနေတာမျိုး မဟုတ်ကြောင်း ဖြေကြားခဲ့တာ ရှိပါတယ်။၁၀ဒါပေမဲ့လည်း အခြားသော အင်အားကြီးပါတီကြီးတွေအပါအဝင် ကျန်ပါတီတွေ အားလုံးက ဒီလိုအခြေအနေမျိုး ကို ညီမျှမှုမရှိတဲ့ အခင်းအကျင်းအဖြစ်ရှုမြင်နေတာပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ပါတီတွေအနေနဲ့ လူထုနဲ့ ထိတွေ့နိုင်ဖို့ခက်ခဲမှု အခြေအနေတွေ၊ ရွေးကောက်ပွဲအတွက် အလုံးစုံအဆင်သင့်မဖြစ်သေးတဲ့အခြေအနေတွေကို အတားအဆီးသဖွယ် ကြုံတွေ့နိုင်ပါတယ်။

 

လူမှုအဖွဲ့အစည်းများအပေါ် သက်ရောက်မှုအခြေအနေများ

ကိုဗစ်-၁၉ အရေးမှာ နိုင်ငံတော်ရဲ့ လှုပ်ရှားမှုတွေဟာ မီဒီယာနဲ့ နိုင်ငံရေးပါတီကဏ္ဍတွေမှာ လျစ်လှူရှုမှု၊ အသာရရှိ မှုတွေကိုအပေါ်မှာ တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီအပိုင်းဖြစ်တဲ့ လူမှုအဖွဲ့အစည်းတွေအပေါ် သက်ရောက်မှု မှာတော့ နိုင်ငံတော်အနေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေအပေါ် ဦးဆောင်ဦးရွက်ပြုလာတဲ့  ပုံစံတွေက မှတဆင့် ပါဝင်စွက်ဖက်မှုတွေ တိုးမြှင့်လာတာကို ဆက်လက်ဆွေးနွေးသွားပါမယ်။

အထင်ရှားဆုံးအချက်ကတော့ နိုင်ငံတော်ဟာ ကြားခံအဖွဲ့အစည်းတွေရဲ့ကဏ္ဍကို လျှော့ချပြီး ဒေသအာဏာပိုင် တွေကတဆင့် ပြည်သူနဲ့တိုက်ရိုက်ထိတွေ့ဖို့ ကြိုးစားမှုတွေရှိလာပါတယ်။ ဒီအခင်းအကျင်းမျိုးက ကိုဗစ်ကာလ     မတိုင်ခင်ကတည်းက ပညာရှင်တွေကြားမှာ ထောက်ပြဆွေးနွေးခဲ့တာမျိုးရှိပါတယ်။၁၁ယခု ကိုဗစ်ကာလမှာလည်း ဒီလိုပုံစံမျိုးကိုပဲ အစိုးရရဲ့ အရွေ့တွေကြားမှာ တွေ့လာရပါတယ်။

ဧပြီလကုန်ပိုင်းမှာပဲ နိုင်ငံတော်သမ္မတရုံးက ကိုဗစ်-၁၉ အပါအဝင် နောင်တွေ့ကြုံလာနိုင်တဲ့ အရေးပေါ် အခြေအနေတွေမှာ အစိုးရရဲ့ မူဝါဒနှင့်အညီ စေတနာ့ဝန်ထမ်းအဖွဲ့တွေကို စုစည်း ပါဝင်ပံ့ပိုးနိုင်ရေး အမျိုးသား အဆင့် စေတနာ့ဝန်ထမ်းအသင်းချုပ်ကို တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တွေအထိ ဖွဲ့စည်းဖို့ အမိန့်စာထုတ်ပြန်ခဲ့ ပါတယ်။ အစိုးရကို ကိုယ်စားမပြုတဲ့၊ လွတ်လွတ်လပ်လပ်ရပ်တည်တဲ့ လူမှုအဖွဲ့အစည်းအချို့ရဲ့  လုပ်ငန်း နယ်ပယ်ဘောင်ထဲကို အစိုးရရဲ့ လက်တံ၊ ခြေတံ ဆန့်တန်းလာကြတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ပေါ်လာပါ တယ်။ ဒါဟာ တည်ဆောက်ပုံနဲ့ ရပ်တည်မှုအရ နိုင်ငံတော်အလိုကျ စွက်ဖက်ထိန်းချုပ်မှုအောက်မှာ ရှိမနေရမယ့် လူမှုအဖွဲ့အစည်းတွေရဲ့ ကဏ္ဍအပေါ်  လွှမ်းမိုးနိုင်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်မှု တရပ်အဖြစ်လည်း မှတ်ချက်ပေး ကြပါတယ်။ အစိုးရရဲ့ ဒီလုပ်ဆောင်မှုနဲ့ ပတ်သက်လို့ လူမှုအဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို တင်ပြနိုင်မှာ ဖြစ်လို့ အကောင်းမြင်တဲ့ အဖွဲ့အစည်းတွေ ရှိနေသလို အစိုးရ လက်အောက်ခံအဖွဲ့တွေ မဟုတ်တာကြောင့် အစိုးရရဲ့ ညွှန်ကြားမှုတွေနဲ့ ဆောင်ရွက်ရင် အဆင်ပြေမှာမဟုတ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး ဆိုတဲ့ လူမှုအဖွဲ့အစည်းတွေလည်း အများအပြားရှိနေပါတယ်။ တဆက်တည်းမှာပဲ ဇွန်လ ၂၉ ရက်နေ့မှာ ပြည်နယ်နဲ့တိုင်း ၁၄ ခုက အရပ်ဘက်အဖွဲ့အစည်းပေါင်း ၇၀ ကျော်က “ကိုဗစ်ကပ်ဘေးအတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏ အသံများ” အမည်ရတဲ့ အိတ်ဖွင့်ပေးစာတစောင်ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။ အကြံပေးစာတမ်းရဲ့ ဆွေးနွေးချက်တွေအနက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေကို ဆွေးနွေး ထားပါတယ်။ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အစိုးရရဲ့ ဦးဆောင်မှုအစား၊ ပူးပေါင်းဆောင်ရွက်မှုကိုသာ အားကောင်းအောင် ကြိုးပမ်းသင့်ကြောင်း အဲဒီစာတမ်းမှာ အကြံပြု ထားပါတယ်။၁၂(နောက်ဆက်တွဲ-၁ တွင် ကြည့်ရှုနိုင်ပါသည်)

ဒါ့အပြင် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ လူတန်းစားတွေအတွက် အစိုးရရဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် ထောက်ပံ့ကူညီမှု ငါးမျိုးစီ ဖြန့်ဖြူးထောက်ပံ့မှုမှာလည်း လူ့အဖွဲ့အစည်းနဲ့ အနီးဆုံးမှာ ရှိတဲ့ ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရယူမှု မရှိခဲ့တာကို တွေ့ရပါတယ်။ အဲဒီထောက်ပံ့မှုအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ထုတ်ပြန်မှုမှာ လူမှုအသင်းအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်မြေပြင်အခြေအနေတွေမှာတော့ နေရာဒေသအများ အပြားမှာ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်တွေကသာ ဦးစီး ဆောင်ရွက် သွားခဲ့တာဖြစ်ပြီး ရပ်ရွာအခြေပြု လူမှုအဖွဲ့တွေဆီက သတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မရယူခဲ့ပါဘူး။ ဒါကြောင့်လည်း အောက်ခြေအဆင့်ဖြန့်ဝေမှုအပိုင်းတွေမှာ ပြဿနာများစွာရှိခဲ့ပြီး အမှန်တကယ်ဆင်းရဲချို့တဲ့တဲ့ အိမ်ထောင်စုတွေဆီ ထိရောက် အောင် ပံ့ပိုးပေးနိုင်မှုရှိခဲ့ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။၁၃

ဆက်စပ်ဆွေးနွေးစရာက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်အရေးကိစ္စပါ။ သက်ဆိုင်ရာ ဒေသ တွေက ပြည်နယ်အစိုးရတွေအနေနဲ့ ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအား ကောင်းအောင် ဆောင်ရွက်နိုင်ရဲ့လားဆိုတဲ့အချက်က ဆင်ခြင်စရာဖြစ်ပါတယ်။ ကိုဗစ်အရေးမှာ နိုင်ငံတော်ရဲ့ ဗဟိုချုပ်ကိုင်မှုများတဲ့ လုပ်ဆောင်မှုတွေဟာ သိသာစေခဲ့ပြီး ပြည်နယ်အစိုးရတွေဆီမှာ လုပ်ပိုင်ခွင့်ကန့်သတ်မှု တွေ ရှိနေတာကိုတွေ့မြင်ခဲ့ရပါတယ်။ ဒီလိုအရေးပေါ်အခြေအနေမျိုးမှာ ပြည်နယ်တွေရဲ့ လိုအပ်မှုတွေကို ထောက်ပံ့ကူညီပေးမယ့် လှူဒါန်းမှုတွေအတွက် ပြည်နယ်အစိုးရအနေနဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ခွင့်မရှိဘဲ ဗဟိုအစိုးရရဲ့ ခွင့်ပြုမှုကို တောင်းခံနေရခြင်းက နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းတွေဘက်က ထောက်ပြမှုတွေ ရှိနေပါတယ်။၁၄

သုတေသနတွေရဲ့ ထောက်ပြမှုအရလည်း ဗဟိုချုပ်ကိုင်မှုများတဲ့ ပေါင်းစပ်ညှိနှိုင်းမှုဟာ မထိရောက်ဘူးလို့ ညွှန်းဆိုပြနေပြီး အကုန်အကျပိုများတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတော် အနေနဲ့ လူထုလိုအပ်ချက်တွေအတွက် ခိုင်မာတဲ့သတင်းအချက်အလက်တွေ ရရှိဖို့နဲ့ လုပ်ဆောင်မှုတွေ ထိရောက်ဖို့ ပါဝင်စွက်ဖက်မှုကို လျှော့ချပြီး ဖြေလျှော့မှုတွေ ပိုပြုလုပ်ဖို့ လိုတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။

 

နိဂုံးချုပ်သုံးသပ်ချက်များ

 ဆောင်းပါးရဲ့ အထူးပြုချဉ်းကပ်ရာ အလွှာသုံးလွှာရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပြီးတဲ့အခါမှာ ကနဦးယူဆ ချက်ဖြစ်တဲ့ ကိုဗစ်၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးကာလအတွင်းမှာ အစိုးရရဲ့ အရွေ့၊ အခင်းအကျင်း တွေက စျေးကွက်နဲ့ အထူးသဖြင့် အစိုးရရဲ့ အခန်းကဏ္ဍကို သိသိသာသာမြင့်တက်လာစေပေမယ့်လည်း အရပ်ဘက်အဖွဲ့အစည်းအတွက်တော့ မညီမျှတဲ့၊ ချိနဲ့စေတဲ့အခင်းအကျင်းကိုသာ သက်ရောက်နေစေတယ် ဆိုတဲ့ အချက်ကို အဆိုပြုလိုပါတယ်။ ဒီလိုပြောရခြင်းရဲ့ အကြောင်းတရားတွေကို ဆောင်းပါးရဲ့ တွေ့ရှိချက်တွေ ကနေတဆင့် အချက်သုံးချက်နဲ့ ချဉ်းကပ်တင်ပြပါမယ်။ ထည့်သွင်းစဉ်းစားသင့်တဲ့ မူဝါဒအကြံပြုချက်အချို့ ကိုလည်း တပါတည်းဆွေးနွေးသွားပါမယ်။

 

∎ ပထမတချက်က သဘောတရားနဲ့ ရပ်တည်မှုအရ လွတ်လွတ်လပ်လပ်ရှိတဲ့၊ သက်ဆိုင်ရာလူ့အသိုက်အမြုံ ကိုသာ ကိုယ်စားပြုရတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်တာမူဘောင်ထဲကိုပါ အစိုးရရဲ့ ဝင်ရောက် လုပ်ဆောင်မှု၊ ထိန်းချုပ်မှုနဲ့ လွှမ်းမိုးမှုတွေ အနည်းနဲ့အများသက်ရောက်လာခြင်းကြောင့်ဖြစ်ပါတယ်။ နိုင်ငံတော်က ဖွဲ့စည်းတဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းကိစ္စအပေါ် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထား မှတ်ချက်ပြုမှု တွေနဲ့အတူ ဒီအချက်ကို ဆင်ခြင်သုံးသပ်နိုင်ပါတယ်။

ဒီလိုအခြေအနေမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရတို့အကြားအားကောင်းသင့်တဲ့ဆက်ဆံရေးပုံစံမျိုးကို  မူဝါဒအကြံပြုချက်အနေနဲ့ ထည့်သွင်း ဆွေးနွေးလိုပါတယ်။ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်း ဆောင်တာ ပြီးမြောက်ရေးတခုတည်းကို ရှေးရှုပြီး လူမှုရေးအဖွဲ့အစည်းတွေနဲ့ ၎င်းတို့အကြား ချိတ်ဆက်ဆောင် ရွက်မှုထက် အသုံးတော်ခံခိုင်းခြင်း ပုံစံမျိုး မပေါ်ပေါက်အောင် ဂရုပြုသင့်ပါတယ်။ မြေပြင်အခြေအနေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခင်းအကျင်း တွေ အများကြီး ဖော်ဆောင်နေနိုင်တာ ဖြစ်ပြီး၊ ဒီလိုပုံစံမျိုးကိုပဲ အားကောင်းအောင် ဆက်လက်ဆောင်ရွက်သင့် ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ပြည်သူနဲ့ အစိုးရအကြား ပေါင်းကူးညှိနှိုင်း လုပ်ဆောင်ပေးနေရ မယ့်အစား၊ ကိုယ်ကိုယ်တိုင်က အစိုးရရဲ့ အစီအမံတွေကိုသာ ခြွင်းချက်မရှိ လိုက်နာနေရတဲ့ အခင်းအကျဉ်းမျိုး မဖြစ်အောင် အာရုံစိုက်ရမှာပဲ ဖြစ်ပါတယ်။

 

∎ ဒုတိယအချက်ကတော့ နိုင်ငံတော်အနေနဲ့ ပံ့ပိုးသင့်၊ ပံ့ပိုးအပ်တဲ့ အစုအဖွဲ့အဝန်းအဝိုင်းအတွင်းမှာ ပုဂ္ဂလိက မီဒီယာကဏ္ဍကို ထည့်သွင်းစဉ်းစားသေးဟန် မရှိသေးတာပါ။ ကိုဗစ်ကာလအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ချည်နဲ့လာတဲ့ အကြောင်းတရားမျိုးက နိုင်ငံအတွက် ရုတ်ချည်းသိသာလွန်းလှတဲ့ အကျပ်အတည်း ဖြစ်တာ ကြောင့် အစိုးရရဲ့အာရုံစိုက်မှုကို အပြည့်အဝရနိုင်ပါတယ်။ ဒါပေမဲ့ ရေတိုလတ်တလောမှာ အကျိုးအပြစ် သိပ်သိသိသာသာ မရှိလှပေမယ့်၊ ရေရှည်ကာလမှာ လူမှုအဖွဲ့အစည်းတွေရဲ့ မျှခြေတွေကို ယိုင်နဲ့စေနိုင်တဲ့  အကြောင်းတရား တချက်ကတော့ အရပ်ဖက်အဖွဲ့အစည်း၊အင်အားစုတွေ အားနည်းလာရခြင်းကြောင့် ဖြစ်ပါတယ်။

ဒီအချက်ကြောင့်ပဲ ပုဂ္ဂလိကမီဒီယာလုပ်ငန်းတွေဟာ နိုင်ငံတော်အတွက် အရေးပါတဲ့ကဏ္ဍတွေအထဲက တခု အပါအဝင် ဖြစ်ကြောင်း မူဝါဒချမှတ်သူတွေ သတိပြုမိဖို့လိုပါတယ်။ ဒါပေမဲ့ အစိုးရက မီဒီယာအင်အားစုတွေ အပေါ် ထားရှိတဲ့ သဘောထားအမြင်ကလည်း မှန်းဆရခက်ပါတယ်။ နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အပြန်အလှန်ထိန်းကျောင်းတဲ့နေရာမှာ မီဒီယာလုပ်ငန်းတွေကို စတုတ္ထမဏ္ဍိုင်အဖြစ် တင်စားလေ့ ရှိပေမယ့်၊ အစိုးရကိုယ်တိုင်ကတော့ သံသယကြီးကြီးနဲ့ ရန်ဘက်သဖွယ် မသတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ရှင်သန်နိုင်ရေးအတွက် အစဉ်မပြတ်လိုအပ်နေတဲ့ လုပ်ဖော်ဆောင်ဖက်တွေအဖြစ်၊ လူမှုအဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ကဏ္ဍတခုအဖြစ် ရှုမြင်သင့်ပါတယ်။

 

∎ နောက်ဆုံးအချက်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရပ်ဝန်းပေါ်ပေါက်လာနိုင်ရေး ကိစ္စရပ်မှာ လက်ရှိကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီတွေရဲ့ လူထုနဲ့ ထိတွေ့နိုင်မှုအားကောင်းနေခြင်း အကြောင်း တရားမှတဆင့်၊ အာဏာရပါတီကသာ အသာစီးရနေတယ်ဆိုတဲ့ အမြင်သဘောထားတွေ အခြားနိုင်ငံရေးပါတီတွေ အကြားမှာ ပေါ်ပေါက်နေလာရခြင်း ဖြစ်ပါတယ်။ ဒီအချက်က ဝိဝါဒကွဲစရာ ဖြစ်ပေမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအားလုံးအဖို့ တူညီတဲ့ နိုင်ငံရေးမျက်နှာစာ၊ အခွင့်အရေး ရရှိဖို့ကတော့ အရေးပါနေပါတယ်။ ဒီလိုမှမဟုတ်ရင် နိုင်ငံရေးရပ်ဝန်းမှတဆင့် လူ့အဖွဲ့အစည်းအထိပါ ယုံကြည်မှုပျက်ပြား လာနိုင်ပြီး လူမှုအရင်းအနှီးအားကောင်းလာရေးကိုပါ ထိခိုက်လာနိုင်ဖွယ် ရှိပါတယ်။

ယခုလိုအခြေအနေမှာတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍက အဓိကကျလာပါတယ်။ ကိုဗစ်ကြောင့် ပြောင်းလဲနိုင်တဲ့ New Normal ပုံစံရပ်ဝန်းတွေထဲမှာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ ပါဝင်လာမှာ အသေအချာ ဖြစ်ပါတယ်။ ဒါကြောင့် မူဝါဒအကြံပြုချက်တွေ အဖြစ်

  • တကယ့်လက်တွေ့ မြေပြင်က မဲဆွယ်စည်းရုံးမှုတွေမှာ ကျန်းမာရေး အစီအမံတွေ ပေါင်းစပ်နိုင်ဖို့၊
  • ဆိုရှယ်မီဒီယာက မဲဆွယ်စည်းရုံးမှုတွေအတွက် တိကျတဲ့ မူဝါဒတွေ ရှိနေဖို့၊
  • ရောဂါကပ်ဘေးအခြေအနေနဲ့ လိုက်လျောညီထွေရှိနိုင်မယ့် အထွေထွေသော ကြိုတင်ပြိုဆင်မှုတွေကို အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီတွေ အားလုံးကြားမှာ ကျေလည်အောင် ဆွေးနွေးညှိနှိုင်းနိုင်ဖို့ စတဲ့ အချက်တွေကို ဖော်ဆောင်နိုင်ဖို့ လိုအပ်ပါကြောင်း အကြံပြု တင်ပြအပ်ပါတယ်။ ∎

 

စာညွှန်း

  • ကင်မီလာဘူဇီ၊၂၀၁၆၊ အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာ အရေးပါသည့် ရှုထောင့်အမြင်များ၊ Myanmar Quarterly
  • မင်းဇင်၊ ၂၀၁၆၊ ဒီမိုကရေစီတပိုင်း စပ်ကြားအုပ်စိုးမှုစနစ်အောက်က အရပ်ဘက်အဖွဲ့အစည်းများ၏ နိုင်ငံရေး၊ Myanmar Quarterly
  • မင်းခက်ရဲ၊ ၂၀၁၆၊ နိုင်ငံရေးဒဿနပညာ အခြေခံကျမ်း ၊ Myanamr Knowledge Society(MKS)
  • မင်းခင်မောင်ရင်၊ ၂၀၁၆၊ အားကောင်းရှင်သန်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်း၊ Myanmar Quarterly
  • ဒေါက်တာဆုမွန်သဇင်အောင်၊ ၂၀၂၀၊ အစိုးရ၏စီးပွားရေးကုစားမှုအစီအစဉ်(CERP)အား လွှမ်းခြုံနိုင် စွမ်းရှိမှုနှင့် အကောင်အထည်ဖော်နိုင်မှု ရှုထောင့်များမှ သုံးသပ်ခြင်း၊ ISP-Myanmar Special Series (No-3)

https://ispmyanmarspecialseries.com/drsmtza03/

  • ဖြိုးသီဟချို၊ ၂၀၂၀၊ အငြင်းပွားဖွယ်ဖြစ်လာနိုင်တဲ့ Facebook ပေါ်က မဲဆွယ်စည်းရုံးမှုများ၊ Myanmar Now

https://myanmar-now.org/mm/news/3889?fbclid=IwAR0oHmesaEQ6IDRtpQkseX055Y4BtM0_8oerDPKxfmYDvNkVRpwQRMPIugA

  • ထက်နိုင်ဇော်၊ ၂၀၂၀၊ ကိုဗစ်ကာလတွင် သတင်းသမားတွေ အလုပ်လက်မဲ့ဖြစ်လာ၊ ဧရာဝတီ

https://burma.irrawaddy.com/news/2020/05/16/222785.html?fbclid=IwAR0mle-vsh_SUHMcG9s4P8KoxKJlxMvSBbU3V46luE-9JSVwKeIBTnf_Wmg

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်မှုများ

https://www.uec.gov.mm/

  • ဖြိုးသီဟချို၊ ၂၀၂၀၊ ကိုဗစ်ကာလကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်း မရွေးရသေး၊ Myanmar Now

https://myanmar-now.org/mm/news/3729?fbclid=IwAR0IGycWtIeCId18RkLEu8RWa30gxEGZ9XsXEYjjzAwQH6VZWAJ5I5zjyLY

  • မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည်ထောင်သူ လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း၊ ISP-Myanmar Special Series (No-1)

https://ispmyanmarspecialseries.com/sengraw/

  • နော်ဘတ်တီဟန်၊ ၂၀၂၀၊ ကိုဗစ်၁၉ လှိုင်းဒဏ်သင့် ယိုင်နဲ့နဲ့ မီဒီယာ ၊ Frontier Myanmar

https://frontiermyanmar.net/mm/news/17425?fbclid=IwAR1Im6f6Wx_PAuXabCkQTaI1XEsXBPzkRi2zb9hW-QoaJk5P2SpRjzVCL4k#.Xuc3FmofIH4.facebook

  • မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ သဘောထားထုတ်ပြန်ကြေငြာချက်(၁၇/၂၀၂၀)

http://myanmarpresscouncil.org/activities-mpc/statements-mpc/423-statements17-18june20.html?fbclid=IwAR0Bpjbt60GstKmtfrvBCCVPK3ibbia4gfp7CZcReiZRocKcthyi9g7PPCU

 

 

 

 

 

 

 

အကိုးအကား

ကင်မီလာဘူဇီ၊ ၂၀၁၆

ISP-Myanmar ၏မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၊ အောက်တိုဘာ ၂၀၁၆ မှ ဆောင်းပါးများကို ဖတ်ရှုစေလိုပါသည်။

မင်းခင်မောင်ရင်၊ ၂၀၁၆

မေလ၁၆ ရက်တွင် ဧရာဝတီသတင်းဌာနမှ ဖော်ပြခဲ့သော “ကိုဗစ်ကာလတွင် သတင်းသမားတွေ အလုပ်လက်မဲ့ဖြစ်လာ”သတင်းဆောင်းပါးပါအချက်အလက်များကို မှီငြမ်းပြုစုထားသည်။

၅ ဇွန်လ ၅ ရက်တွင် Frontier Myanmar သတင်းဌာနမှ ဖော်ပြခဲ့သော “ ကိုဗစ်-၁၉ လှိုင်းဒဏ်သင့် ယိုင်နဲ့နဲ့ မြန်မာ့မီဒီယာ” သတင်းဆောင်းပါးမှ ကောက်နုတ်တင်ပြထားပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ သဘောထားထုတ်ပြန်ကြေငြာချက်(၁၇/၂၀၂၀)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းအချက်အလက်များကိုမှီငြမ်းသည်။

ဇွန်လ ၁၁ရက်၊ ၂၀၂၀ တွင် Myanmar Now မှ ဖော်ပြခဲ့သော “အငြင်းပွားစရာ ဖြစ်လာနိုင်တဲ့ Facebook ပေါ်က မဲဆွယ်စည်းရုံးမှုများ” သတင်းဆောင်းပါးပါ အချက်အလက်များကို မှီငြမ်းထားပါသည်။

မင်းခက်ရဲ၊ ၂၀၁၆

၁၀ မေလ ၁၄၊၂၀၂၀ တွင် Myanmar Now မှဖော်ပြခဲ့သော “ကိုဗစ်ကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်းမရွေးရသေး” သတင်းဆောင်းပါးမှ မှီငြမ်းထားပါသည်။

၁၁ မင်းဇင်၊ ၂၀၁၆

၁၂ “ကိုဗစ်ကပ်ဘေး အတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏အသံများ” အိတ်ဖွင့်အကြံပြုစာတမ်းမှ အချက်အလက်များကို ဆောင်းပါးအဆုံးတွင် အကျဉ်းချုပ် စုစည်းဖော်ပြထားပါသည်။

၁၃ ‌ဒေါက်တာဆုမွန်သဇင်အောင်၊ ၂၀၂၀

၁၄ ISP-Myanmar Special Series (No-1) မှ ဖော်ပြထားသော “မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည်ထောင်သူ လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း” အမေးအဖြေဆောင်းပါးမှ ကောက်နုတ်တင်ပြထားသည်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း…

တကျော့ပြန်ကိုဗစ်နှင့် မြန်မာနိုင်ငံ

တကျော့ပြန်ကိုဗစ်နှင့် မြန်မာနိုင်ငံ

ကာကွယ်ရေး ကိစ္စတွေကို တာဝန်ရှိသူတွေဘက်ကလည်း လျော့တိလျော့ရဲ ကိုင်တွယ်နေမယ်၊ လူတွေကလည်း သတိရှိရှိနဲ့ လေးစားလိုက်နာဖို့ ပျက်ကွက်နေမယ်ဆိုရင် ဆိုးရွားတဲ့လမ်းကြောင်းပေါ်ကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search