Menu & Search

မေတ္တာဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်း တည်ထောင်သူ လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း

April 16, 2020
အယ်ဒီတာမှတ်ချက်


လဖိုင်ဆိုင်းရော်သည် ၁၉၈၉ - ၉၀ ဝန်းကျင် ကာလများမှစတင်ပြီး စစ်ကြောင့် ဒုက္ခရောက်ခဲ့ကြသည့် စစ်ဘေးဒုက္ခ သည်များ၏ဘဝ ပြန်လည်ထူထောင်နိုင်ရန် ကူညီပေးခဲ့သူတဦးဖြစ်သည်။ ထို့အပြင် ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဩဇာကြီးမားသော အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သည့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူ ဖြစ်ပါသည်။ ၂၀ဝ၃ ခုနှစ်တွင် အာရှ၏ ငြိမ်းချမ်းရေး နိုဘယ်ဆုဟု တင်စားခြင်းခံခဲ့ရသော ရေမွန်မက်ဆေးဆေးဆု (Ramon Magsaysay Award) ကို ရရှိခဲ့သူဖြစ်ပါသည်။ ယခု အင်တာဗျူးအတွက် ဆရာမဆိုင်းရော်ကို ဧပြီ ၉ ရက်တွင် မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အင်တာဗျူးအဖြေတွင် ပါဝင်သော ကိန်းဂဏန်းအချက်အလက် များသည် ဧပြီ ၉ ရက်မတိုင်ခင်က အခြေအနေများကို ထင်ဟပ်ဖော်ပြထားခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။

မေး- ပထမဆုံး Community ရဲ့ ပြင်ဆင်မှုမှာ နည်းစနစ်ကျတဲ့ လမ်းညွှန်ချက် (Guideline) လိုအပ်ချက် အကြောင်း မေးချင်ပါတယ်ခင်ဗျ။ Guideline လိုအပ်ချက် မရှိဘဲ၊ မပါဘဲနဲ့ လုပ်နေမယ်ဆိုရင် လွန်လွန်ကျူးကျူး ဖြစ်မှာတွေ စိုးရိမ်ရသလား။ အခုထက်ပိုကောင်းအောင် ဘယ်လို လုပ်နိုင်မလဲဆိုတဲ့ အကြံပြုချက်ကို သိပါရစေ။

ဖြေ- ကျမတို့ နိုင်ငံကျတော့ သူများနိုင်ငံထက် နောက်ကျမှ ရောက်လာတာပေါ့။ အဲဒီအခါ ကျမတို့ရဲ့ အားသာချက်က သူများတွေရဲ့ လုပ်ဆောင်ချက်ကနေ ပညာယူလို့ ရတာတွေ ရှိတယ်။ သူများ မှားတဲ့အမှားမျိုး မဖြစ်တော့ဘူးပေါ့။ ဥပမာ – WHO  က Mask မတပ်ရဘူး ပြောလိုက်၊ နောက်တယောက်က Mask တပ်ရမယ် ပြောလိုက်။ Mask တပ်တဲ့အခါကျတော့လည်း ဘာပဲပြောပြော လွန်တာ မရှိဘူးပေါ့။ သဘောကတော့ နောက်ကျမှ ကိုယ့်ဆီရောက်လာတဲ့အခါ ပြင်ဆင်မှု ပိုရတယ်။ Community  ရဲ့ ပြင်ဆင်မှုတွေမှာ လွန်လွန်ကျူး ကျူး ဖြစ်လာမယ်လို့တော့ ကျမ မထင်ဘူး။ အဲဒီလို စိုးရိမ်ရ လောက်အောင်၊ အန္တရာယ်ရှိလောက်အောင် မဖြစ်နိုင်ဘူး။ တခုရှိတာကတော့ Facebook မှာကလည်း ကြောက်စရာ တွေ သိပ်ပြောတဲ့အခါကျတော့ လွန်လွန်ကျူးကျူး စိုးရိမ်မှု လွန်ကဲတာတွေတော့ ရှိနိုင်တယ်။

ကျမတို့ ကချင်ဘက်ကို ဥပမာပြောရရင်၊ ဒီမှာ စစ်ဖြစ်နေတဲ့ ကာလတလျှောက်လုံး လူမှုအဖွဲ့အစည်းတွေ အားလုံးက တယောက်နဲ့တယောက် အပြန်အလှန် အရင်းအမြစ်တွေ ဖလှယ်ကြတယ်။ သတင်းတွေ ဖလှယ်ကြတယ်။ အဲဒါတွေကိုလုပ်တဲ့ အလေ့အထကရှိနေတော့ တယောက် တမျိုးစီလုပ်တဲ့ အနေအထား မရောက်သွားဘူး။ နောက်တခုကတော့ သက်ဆိုင်တဲ့ လူကယ်ပြန်တို့၊ ပြည်နယ်မှာရှိတဲ့ ကျန်းမာရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ပြည်နယ်အစိုးရ၊ နောက်တခါ  CSOs တွေ၊ ဘာသာရေးအဖွဲ့တွေလည်း ပါတယ်။ နောက်တခါ အစိုးရဘက်နဲ့ အတူတူ EAOs တွေ၊ ဒီမှာတော့ KIA က အဓိကပေါ့။ တခြား နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံးနဲ့လည်း ကျမတို့ ညှိနှိုင်းလုပ်ဆောင်တဲ့ အလေ့အထရှိတယ်။ ကျမတို့ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး ကာလကတည်းက အဲဒီ အလေ့အထ ရှိနေတော့ တယောက်တမျိုးစီလုပ်တဲ့ အနေအထားကို ရောက်မသွားဘူး။

အရေးကြီးတာက  ဒီကပ်ရောဂါကို မကြုံဖူးတဲ့အတွက် အရမ်းကြီး အကြောက်လွန်ပြီးတော့ လူ မဆန်တော့တဲ့ တုံ့ပြန်မှု မျိုးတွေ ဖြစ်မှာကိုတော့ စိုးရိမ်တယ်။ ကချင်မှာတော့ ညှိနှိုင်းဆွေးနွေးတာပေါ့။ ဘာမဆို ဝိုင်းပြီးတုံ့ပြန်တဲ့ အလေ့ အထရှိတယ်။ ကျမတို့ မေတ္တာ ဖောင်ဒေးရှင်းဆိုရင်လည်း ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်း တာတွေ ဆက်တိုက် လုပ်နေပါတယ်။ တခုက ကျမ အတွေ့အကြုံအရ ပြည်နယ်တွေကို ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး၊ အရေးပေါ်တုံ့ပြန်မှု အခြေအနေ (Emergency Response)  မှာ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင် ခွင့်တွေကို ဒီထက်ပိုပေးရင် ပိုကောင်းပါမယ်။

 

မေး- ဒုတိယမေးခွန်းက အခုလို အရေးပေါ်အခြေအနေတွေမှာ UN က Emergency Assistance in the Conflict Zone လုပ် တာမျိုးတွေရော ရှိပါသလား။ ကချင်မှာလည်း ဖြစ်ရင်ဖြစ်မယ် တခြား ပဋိပက္ခဇုန်တွေမှာရောပေါ့။  အဲဒီအနေအထားမျိုး လုပ်တာတွေ ရှိနေပြီလား။

ဖြေ- UN Agency အကုန်လုံးပေါ့။ အထူးသဖြင့်ကတော့ ပြည်သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ WHO နဲ့ ကျမတို့ မေတ္တာဖောင်ဒေး ရှင်းရော joint strategy team – JST ပေါ့။ joint strategy team  က CSOs ၁၀ ခုကို ကိုယ်စားပြုထားတာပါ။ အဲဒီမှာ KBC လည်း ပါပါတယ်။ အဲဒီ joint strategy team  မှာ မေတ္တာရဲ့ Executive Director  ဂွမ်ရှာအောင်က အဲဒီမှာ အတွင်းရေးမှူးပါ။ သူကလည်း မေတ္တာမှာရော JST မှာပါ အားလုံးနဲ့ ဆွေးနွေး တိုင်ပင်ပါတယ်။ တိုင်ပင်တဲ့အခါမှာ ထူးဆန်းတာက အစိုးရဝန်ကြီးဌာန လူကယ်ပြန်က အများကြီး တုံ့ပြန် ဆွေးနွေးတယ်။ တံခါးဖွင့်ထားပေးတယ်။ UN Agency  တွေကျတော့ ဒီက မြေပြင် အခြေအနေတွေကို တင်ပြပေးပေမဲ့ ဒီနေ့အထိ စာပြန်တာမရှိဘူး။ တခုရှိတာက သူတို့ရဲ့ လူကြီးတွေ အားလုံး ပြန်ကုန်ပြီနဲ့တူတယ်။ ဒါမျိုးတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။ မေးခွန်းကိုဖြေရရင်တော့ UN  ကနေ Emergency Assistance  ကို အခု Conflict Zone  ဇုန် တွေမှာ လုပ်တာမရှိဘူး။ အစိုးရနဲ့လုပ်တာတော့ ရှိရင်ရှိမယ်။ UN Agency တွေ သူတို့အချင်းချင်းမှာလည်း ရှိချင်ရှိမှာပေါ့။

 

မေး – အခု ဒီလိုအခြေအနေမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ပေါ့။ သူတို့ရဲ့ အနေအထားအရ ဘယ်လို ပုံစံမျိုးဖြစ်ရင် အကောင်းဆုံး တုံ့ပြန်နိုင်လိမ့်မယ်လို့ ယူဆသလဲခင်ဗျ။ အခု အခြေအနေက နာဂစ်ကို ပြန်ပြီး အမှတ်ရစရာလည်း ဖြစ်တော့ ဆရာမ အတွေ့အကြုံကို သိချင်ပါတယ်။

ဖြေ – နာဂစ်ကိုလည်း ပြန် အမှတ်ရနိုင်တယ်။ တကယ် အရေးပေါ် အခြေအနေ ဖြစ်လာမယ်ဆိုရင် ဒေသခံ လူမှုအ¸အစည်းတွေ ကို အားကိုးဖို့ လိုကို လိုသွားတယ်။ ဒီအတွေ့အကြုံကို နိုင်ငံတကာက လူမှုအဖွဲ့ အစည်းတွေ အားလုံးလည်း သတိချပ်ဖို့ လိုပါတယ်။ သူတို့တွေ မလာနိုင်မှဘဲ ကျမတို့ကို လုပ်ပိုင်ခွင့် ပေးတာမျိုးတွေ မရှိသင့်တော့ပါဘူး။ ကျမတို့ လုပ်နိုင်တဲ့ Capacity ကို သူတို့က စိတ်မချဘူးဆိုရင် လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကပဲ ကျမတို့ဆီမှာ Capacity Building ဆိုပြီး လုပ် နေကြတာလေ။ နှစ် ၅၀၊ နှစ် ၃၀ လုပ်ပြီးမှ ဒီ Capacity Building ကို စိတ်မချသေးဘူးဆိုရင် ပေးနေတဲ့လူတွေကို လည်း ပြန်ဆန်းစစ်ဖို့ လိုလာတာပေါ့။ ဒါက တပိုင်းပါ။

နာဂစ်ကို ကြည့်လိုက်မယ်ဆိုရင် ကျမတို့ နိုင်ငံသားတွေ ကိုယ်တိုင်က ရှေ့တန်းမှာဖြစ်ပေါ်နေတဲ့ နေရာတွေဆီ သွားရောက်ပြီးတော့ ဒေသခံတွေနဲ့ အတူတူ ရင်ဆိုင်နိုင်တာ ဒီ နိုင်ငံသားတွေပဲ။ နိုင်ငံတကာက ပံ့ပိုးတယ် ဆိုလို့ ရှိရင်လည်း သူတို့ မလာနိုင်မှဘဲ ကျမတို့ကို ပံ့ပိုးတာမျိုး မဖြစ်သင့်ပါဘူး။ လိုကယ်လိုက်ဇေးရှင်း ဆိုတာကို သူတို့ပြောနေတာ နှစ်ပေါင်း ၅၀ လောက် ရှိပြီလေ။ အဲဒီ လိုကယ်လိုက်ဇေးရှင်းကို ကျမတို့ တကယ်ပဲ သတ်သတ်မှတ်မှတ် အသုံးချဖို့ လိုတယ်။ အခုလည်း အတူတူပါပဲ။ အခုလို ဖြစ်လာတဲ့အခါ နာဂစ်နဲ့ အခုလည်း အတူတူပဲ။ ရှေ့ပိုင်းမှာ ကျမတို့ လုပ်နိုင်တာက ဒေသခံ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ အားလုံး ဝိုင်းလုပ်ဖို့ လိုပါတယ်။

ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်ကလည်း ခုနက ပြောသလိုပဲ။ ကချင်ပြည်နယ်မှာ ဆိုရင်လည်း မြို့တော်နဲ့ ဒုတိယ မြို့တော်က ဆေးရုံတွေမှာ အလုံအလောက်မရှိဘူး။ မရှိလို့ ဘာတွေ လိုအပ်လဲ။ တကယ်ဖြစ်လာမယ် ဆိုရင် ဘာတွေလိုအပ်မလဲ။ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေကို အလှူရှင်ရှိတယ် ဆိုရင် လမ်းဖွင့်ပေးဖို့ လိုတယ်။ အခုတော့ အလှူရှင်ရှိရင်တောင် နေပြည်တော်က ခွင့်ပေးမှပဲရမယ်။ အဲဒီအခွင့်ရဖို့ကို ကျမတို့ ပြည်နယ်ဝန်ကြီးချုပ်က အခွင့်တောင်းဖို့ လိုတယ်။ အခွင့်တောင်းဖို့ အခါမသင့်သေးဘူး ဆိုတာမျိုးနဲ့တော့ နောက်မကျသင့်ပါဘူး။

ကျမတို့ အမြဲပြောပြောနေတဲ့ Federal Concept ပေါ့။ ဒါလေးကို  အရေးပေါ်တဲ့အခါမှာ  ကျမတို့ လုပ်လိုက်နိုင်လို့ရှိရင် လက်တွေ့ ကျင့်သုံးတဲ့ နေရာမှာ ပံ့ပိုးရာရောက်မယ်လို့ မြင်ပါတယ်။

 

မေး- EAOs တွေနဲ့ တိုင်းရင်းသားအများစုက အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတယ်။ အခု နယ်စပ်တွေ အကုန် ပိတ်လိုက်တဲ့အခါ ကျတော့ သူတို့ရဲ့ လူမှုစီးပွားဘဝတွေအပေါ် လက်ငင်း ရိုက်ခတ်မှုတွေ ရှိလာမယ်။ ဒါတွေကိုရော ဘယ်လို ကုစားနိုင်မလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ – နယ်စပ်ဒေသတွေမှ မဟုတ်ဘူး၊ တနိုင်ငံလုံးပါပဲ။ တက္ဘာလုံး လည်းပါတယ်။ လူမှုစီးပွားက အကုန်လုံးကို ရိုက်ခတ်မှုရှိပါ တယ်။ တချိန်တည်းမှာပဲ စဉ်းစားမိတာက ကျမတို့ တိုင်းရင်းသား ဒေသတွေကို ကြည့်လိုက်ရင် နယ်စပ်ဒေသ ချည်းပဲ။ ချင်းကနေ အောက်ဆုံး မွန်၊ ရခိုင်အထိ ကြည့်ရင် မြင်နိုင်ပါတယ်။ ကျမတို့က ဒီကပ်ဘေးက တဆင့် သတိထား ကြည့်နိုင်တယ်။ နယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေးကိစ္စဟာ နယ်စပ်ပိတ် လိုက်ရတဲ့ အခါကျတော့ လူမှုစီးပွားရေး ဂယက်ရိုက်သွားတာပေါ့။ ဘာကြောင့် အဲဒီလို ဖြစ်ရတာလဲ ဆိုတာ ပြန်စဉ်းစားဖို့ လိုတယ်။ ကျမတို့က ပြည်တွင်းမှာ စီးပွားရေးလုပ်ဆောင်ဖို့ အဆင်မပြေဘူးဆိုရင် အားလုံးက အဆင်ပြေအောင် အပြင်ထွက်မှာပဲ။ စီးပွားရေးဟာ ကိုယ့်ပြည်တွင်းမှာပဲ ကြပ်ကြပ်မတ်မတ်နဲ့ အားလုံး လက်ခံနိုင်တဲ့ အနေအထားမျိုး လုပ်နိုင်တယ်ဆိုရင် ဟိုနိုင်ငံဒီနိုင်ငံတွေ သွားလုပ်နေစရာမလိုဘူး။

ဒါကြောင့်မို့ (ပြောရမယ်ဆိုရင်) အဆုံးသတ်မှာ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်အောင် သွားရမယ်။ ဒီစစ်ပွဲတွေ ပြီးသွားဖို့လိုမယ်။

ကပ်ဆိုးကြီးကို ဘယ်လောက်ကြီးကျယ်စွာ ခံရမလဲ ဆိုတာ မသိသေးတော့ ပြင်ဆင်မှုတွေ အများကြီး လုပ်ရမှာပါ။ ဒါကိုလုပ်ဖို့အတွက် အခြေအနေကောင်းတွေ ရှိ မရှိဆိုတာ အရေးကြီးတယ်။ အဲဒါကို မလုပ်နိုင်လို့ရှိရင် ကျမတို့ အများကြီး အထိနာမှာပါ။

နယ်စပ်တွေကို ဖွင့်တာ ပိတ်တာထက် ပြည်တွင်းမှာ စီးပွားရေးလုပ်ဖို့က အဓိကပဲ။ အဲဒါတွေကို မလုပ်နိုင်ရင်တော့ လူတွေက ကိုယ်တွေ အမြတ်အစွန်းရဖို့ အပြင်ကို ရောက်ကုန်မှာပဲ။ အားလုံးလည်း အကျိုးမရှိဘူးပေါ့။ ဒါကြောင့် ပြည်တွင်းမှာ အားလုံး လက်ခံနိုင်တဲ့ စီးပွားရေး မူဝါဒရရှိဖို့ လိုတယ်။ ပြီးတော့ ဖက်ဒရယ်ဘက် သွားကို သွားရမယ်။ တဖက်မှာလည်း စစ်ကြောင့် ဆိုပြီးတော့ပဲ ပုံချနေလို့မရဘူး။ တခုပြီး တခု လုပ်နိုင်တာလေးတွေ လုပ်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ နီးစပ်သွားမှာပါ။

 

မေး – အခုအချိန် ကျနော်တို့ဆီမှာ ပြည်ပကနေ ပြန်လာတဲ့လူတွေ ရှိတယ်။ ပြည်တွင်းမှာလည်း မြို့ပြန်တွေ ရှိနေတယ်။ ပြည်တော်ပြန်တွေနဲ့ ဒေသခံတွေအကြား၊  မြို့ပြန်နဲ့ ဒေသခံတွေ အကြား တင်းမာမှု ဖြစ်တာတွေလည်း ရှိတယ်။ တဖက်က ကြည့်ပြန်ရင်လည်း ပြည်ပကို သွားရောက် လုပ်ကိုင်နေသူတွေ ပြည်တွင်း ပြန်ပို့တဲ့ငွေက တနှစ်တနှစ်ကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံ၊ တိုင်းပြည် ဂျီဒီပီရဲ့ ၁၃ ရာခိုင်နှုန်းလောက် ရှိပါ တယ်။ ဒေသခံတွေနဲ့ ပြည်တော်ပြန်၊ မြို့ပြန်တွေအကြား တင်းမာမှုတွေ ရှိတယ်ဆိုရင် အဲဒါတွေ လျော့ပါးအောင် ဘယ်လို လုပ်နိုင်မလဲဗျ။

ဖြေ –  ကျမ မပြောတတ်ပါဘူး။ ဒါပေမဲ့ နုရင်ဘတ် စစ်ခုံရုံးတုန်းက တရားခံတွေကိုစောင့်ကြည့်ဖို့ တာဝန်ပေးထားတဲ့ စစ်တပ်က စိတ်ပိုင်းဆိုင်ရာပညာရှင် ဗိုလ်ကြီး G. M. Gilbert ပြောတာကို စဉ်းစားမိတယ်။  “ “ကျနော် တရားခံတွေနဲ့ အလုပ်လုပ်ရတဲ့အခါ (နုရင်ဘတ်ခုံရုံးကာလ ၁၉၄၅ – ၁၉၄၉ ခုနှစ်) ကျနော်က သူတို့ရဲ့ မိစ္ဆာဆန်တဲ့ သဘောသဘာဝကို ရှာဖွေမိတယ်။ အခု ထင်တာတော့ ကျနော် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ဖို့ နီးပြီ ထင်တာပဲ။ သူတို့မှာ ကိုယ်ချင်း စာနာစိတ် မရှိတာပါပဲ။ အဲဒါက အခု တရားခံတွေ အားလုံးကြားထဲမှာ ဆက်စပ် နိုင်တဲ့ ကြန်အင် လက္ခဏာတခုပါ။ တပါးသူတွေ ခံစားသလို လိုက်ပါခံစားဖို့ တကယ့်ကို မတတ်စွမ်းနိုင်ခြင်းပေါ့။ မိစ္ဆာမကောင်းမှုဆိုတာ၊ ကျနော်ထင်တာကတော့ ကိုယ်ချင်း စာနာစိတ် မရှိတာပါပဲ”တဲ့။

မြန်မာနိုင်ငံက “ရွှေ့ပြောင်းအခြေချသူတွေ” ရဲ့ နိုင်ငံတခု တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကြမ်းတမ်းခက်ခဲခဲ့တဲ့ ပြီးခဲ့သော ဆယ်စုနှစ်တွေမှာ မြန်မာနိုင်ငံက ကျွမ်းကျင် ပညာတတ်တွေရော၊ ကျွမ်းကျင်မှုနည်းတဲ့ နိုင်ငံသားတွေပါ အခြားနိုင်ငံတွေကို အစုလိုက် အပြုံလိုက် ထွက်ခွာသွားကြတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ၊ တရုတ်၊ မလေးရှားနဲ့ ဂျပန်ပဲ။ သေချာတာကတော့ သူတို့ ရွေးချယ်ခဲ့တဲ့ နိုင်ငံတွေမှာ ဘဝအသစ်ကို တည်တည် ငြိမ်ငြိမ်နဲ့ ပြန်စ နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရှင်သန်ရုံမျှ သက်သက်တော့မဟုတ်ဘူး။ သူတို့ မိသားစုတွေအတွက် အဓိပ္ပာယ် ရှိတဲ့ ဘဝတွေကို အနီးနားက နိုင်ငံတွေမှာရော၊ အဝေးနိုင်ငံ တွေမှာပါ တည်ဆောက်နိုင်ခဲ့တယ်။ ဝင်ငွေ ကောင်းကောင်း ရှာနိုင်သူတွေက အိမ်ကို ပြန်ပို့နိုင်ကြတယ်။ အခုတော့ သူတို့ အိမ်ကို ပြန်လာကြပြီ။ လူအများက သူတို့ကို ကောင်းကောင်း ကြိုဆိုတယ်လို့လည်း မခံစားကြရပါဘူး။ သူတို့ လေကြောင်းက ပြန်လာပြီးတော့ လေဆိပ် စင်္ကြံထဲမှာ၊ လူသွား လမ်းပေါ်မှာ သီးခြား ခွဲထားတာမျိုးလည်း ခံကြရတယ်။ ထိုင်းနိုင်ငံ၊ တရုတ် နိုင်ငံတွေက ပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သား တသိန်းကျော်က နယ်စပ်ဂိတ်တွေမှာ လုံးဝနီးပါး လျစ်လျူ ရှုထားတာ ခံခဲ့ကြရတယ်။ သူတို့ ရွာတွေရောက်တော့လည်း လက်ဖြစ် ဆောက်ထားတဲ့ ယာယီ တဲတွေမှာ သီးသန့် ခွဲခြားထားတာမျိုး ကြုံတွေ့ရပါတယ်။ သူတို့ထဲက တယောက်က သစ်ပင်ပေါ် ကိုယ့်ဘာသာ လင့်စင်ဆောက်ပြီး နေတာလည်း တွေ့ရတယ်။

ဆရာဝန်တွေ၊ သူနာပြုတွေကိုလည်း သူတို့ အဆောင် တွေကနေ အိမ်ပိုင်ရှင်တွေက နှင်ထုတ်တဲ့ သတင်းတွေလည်း ကြားရပါတယ်။ သူတို့ဆီက ရောဂါ ကူးစက်လာမှာ စိုးလို့တဲ့။ ပြင်ဦးလွင်(မေမြို့) လီဆူး ကျမ်းစာကျောင်းမှာ ကလေးတွေကို အင်္ဂလိပ် စာသင်ပေးတဲ့ အမေရိကန် အမျိုးသမီး ဆိုရင် ထွက်သွားဖို့ နှင်ထုတ် ခံရတာမျိုးရှိတယ်။ လူတွေက ရူးသွပ်သလိုဖြစ်ပြီး (သတင်းတခုက ပြောသလိုဆိုရင်) လူတွေက အုပ်စုဖွဲ့ပြီး မန္တလေးမှာ နေထိုင်သူ တရုတ်တွေကို သွားဝိုင်းကြတယ်။ ကိုဗစ်ပိုး ရှိ မရှိ စစ်ရမယ်လို့ တောင်းဆိုကြတယ်တဲ့။

ကျမ အရမ်းကြောက်လာတယ်။ ကျမတို့မှာ လူသားချင်း စာနာစိတ် မရှိကြတော့ဘူးလား ဆိုတာကိုပါ။ ဒါဟာလေ  ကပ်ဆိုးနဲ့တောင် သိပ်မဆိုင်တော့ဘူး။ ဥပမာ – ကပ်ဆိုး ကြောင့် လူတွေသေနေတာကို အရမ်း ကြောက်နေရတယ်။ တဖက်တလမ်းကလည်း ရခိုင်က ကလေးတွေဆိုရင် အိမ်ထဲမှာ နေရင်တောင် မလုံခြုံတော့ဘူး။ အဲဒီလိုပဲ စစ်ပွဲပဋိပက္ခကြောင့် ကျဆုံးသွားတဲ့ လူတွေ အကြောင်းကို ဘယ်သူမှ မရေးကြဘူး။

ပြည်ပကနေ ပြန်လာတဲ့လူတွေလည်း တပါးသူတွေကို ဒုက္ခရောက်တာမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူး ။ သူတို့ကလည်း မပြန်မဖြစ်လို့ ပြန်လာရတာလေ။ သူတို့က ကိုယ့်နိုင်ငံသားတွေပဲလေ။ အဲဒါတွေ ကျမတို့ လုပ်ဖို့လိုတယ်။ တကယ်တမ်းကျတော့ ဘယ်ပြည်နယ်ကဖြင့် ဘယ်နှယောက် ဘယ်နေ့ ဘယ်ရက်မှာ ပြန်လာဖို့ ရှိတယ်။ သူတို့ကို ဘယ်မှာ ထားမယ်။ ကုသဖို့ စီစဉ်မယ် ဆိုတာ ဒါမျိုးတွေ ရှိသင့်တာ။ မရှိရင်တောင် ရောက်လာ လို့ရှိရင် အမြန်ဆုံး ဖြေရှင်းရမှာပဲ။ အဲဒီလို မဖြေရှင်းဘဲနဲ့ သူတို့ပြန်လာတာ ကိုယ်ကပ်ဆိုက်ဖို့ သေချာသွားသလို လက်ညှိုးထိုးမယ်ဆိုရင်တော့ ကျမတို့ ဟာ တကယ်ပဲ  တော်တော်ကြီး ကြောက်စရာကောင်းတဲ့ လူတန်းစားတွေ ဖြစ်မှာပေါ့။

ပြီးတော့ Facebook ကလည်း ကြောက်စရာ မကောင်းပေဘူးလား။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကပ်ရောဂါ အတွင်း ခြေချုပ်ထိန်းချုပ်မိန့်ကို ဖောက်ဖျက်ပြီး အပြင်ထွက် ရင် “ပစ်မိန့်” ပေးမယ်ဆိုတဲ့ သတင်းမျိုး။ ဒီလို လှူအခွင့်အရေး ချိုးဖောက်တဲ့ အာဏာ သုံးတာကိုလည်း လူအများက ထောက်ခံအားပေးကြတာ တွေ့ရတယ်။ ဧရာဝတီ သတင်း ဌာန Facebook မှာ အဲဒီသတင်းတင်ထားတာမှာ (၄ နာရီအတွင်း) Like လုပ်တဲ့သူ ၉၁၀ဝ ကျော် ရှိတယ်။ Share တဲ့သူက ၂၅၈၀ ကျော် ရှိတယ်။ အဲဒါက ကြောက်ဖို့ ကောင်းတယ်။ ဘာနဲ့တူသလဲဆိုတော့ ဗိုလ်ချုပ် နေဝင်းက ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်တုန်းက ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ရင် မိုးပေါ် ထောင်မပစ်ဘူး၊ တည့်တည့်ပစ်မယ်လို့ သတိပေးတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မိန့်ခွန်းလိုပါပဲ။

ဒီကြားထဲမှာပဲ မြစ်ကြီးနားမှာလည်း ပြဿနာဖြစ်စေတဲ့ ပန်းချီကား ကိစ္စတခု ဖြစ်ခဲ့သေးတယ်။ လူငယ် ပန်းချီဆရာတဦးက နံရံမှာ ပန်းချီဆွဲတယ်။ Covid-19 ကာကွယ်ရေး လူထုပညာပေးဖို့ ဆွဲတာပါပဲ။ ပန်းချီ ဆရာလေး ဆွဲတာက ကြောက်စရာကောင်းတဲ့ သေမင်းဗိုင်းရပ်စ်က လူမျိုး၊ ဘဝ၊ နေရာ မရွေး လူတွေကို လိုက်ဖမ်းနေတယ် ဆိုတဲ့ သတင်းစကား ပေးချင်တာပဲ။ ကံဆိုးချင်တော့ အဲဒီ ပန်းချီကားကြောင့် ဒေါသတွေ ထွက်ကြ၊ ပန်းချီဆရာကိုလည်း တမင်သက်သက် ဗုဒ္ဓဘာသာရဟန်းကို သေမင်းအသွင်နဲ့ ဆွဲတယ် ဆိုပြီး စွပ်စွဲ ကြတယ်။ လူအများက တရားစွဲဖို့ တောင်းဆိုကြ တယ်။ အချို့က ဆဲဆို ပြစ်တင် ရှုတ်ချကြတယ်။ အချို့ဆိုရင် ပန်းချီဆရာကို “သတ်ပစ်” လို့တောင် Facebook ပေါ်ကနေ တောင်းဆိုကြတယ်။ အခုတော့ ပန်းချီဆရာက ရာဇဝတ်မှုနဲ့ တရားစွဲခံရတော့မယ်။

ဗိုင်းရပ်စ်က ကျမတို့ကို ပိုပြီး ကြောက်လန့်အောင်၊ သည်းညည်းခံတဲ့တရား ဆိတ်သုဉ်းအောင် လုပ်နေပြီ။ ဒါဟာ ကျမတို့ တန်ဖိုးထားမှု၊ လူသားဆန်မှု၊ သူတော်စင် သဖွယ် မြင့်မြတ်မှုတွေကိုလည်း ပြန်ပြီး စာမေးပွဲ စစ်ဆေးနေတဲ့ ကာလပါပဲ။ ရင်ဆိုင်နေရတဲ့ တိုက်ပွဲ စစ်မျက်နှာက ပိုနီးလာတယ်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…

Lဂျာနန်အားမေးမြန်းခြင်း

Lဂျာနန်အားမေးမြန်းခြင်း

မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ်…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search