မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ယနေ့မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသော COVID-19 ကပ်ရောဂါသည် မကြာမီအနာဂတ် ကာလတွင် World Order ဟုခေါ်ဆိုသော ကမ္ဘာလုံးဆိုင်ရာ စနစ်အစီအစဉ်တခုလုံး ပုံစံအသစ် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုကြီးပင် ဖြစ်ပါသည်။ ၁၉၁၈ ခုနှစ် တွင်ကျရောက်ခဲ့သော စပိန်တုပ်ကွေးဟု ခေါ်ကြသည့် (Spanish Flu) ကမ္ဘာ လုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ပထမဦးဆုံးအကြိမ် ကမ္ဘာတဝန်းသို့ ပျံ့နှံ့ခဲ့သော ကပ်ရောဂါဖြစ်ပါသည်။ ဤကပ်ရောဂါဖြစ်ပွားမှုမှာ ဆင်းရဲ ချမ်းသာမရွေး ကမ္ဘာနိုင်ငံအသီးသီး ရင်ဆိုင်ထိန်းချုပ်နိုင်သည့် အနေအထားထက် ကျော်လွန် ပျံ့နှံ့ခဲ့သည့်အတွက် ယနေ့တိုင် ကမ္ဘာနိုင်ငံအသီးသီးတွင် နိုင်ငံသားအသက်အများအပြား ပေးဆပ်၍ ရင်ဆိုင် နေရဆဲ ဖြစ်ပါသည်။
နိုင်ငံရေးအရ ရင်ဆိုင်မှုမျက်နှာစာ နှစ်ရပ်
ဤကပ်ရောဂါ ဖြစ်ပွားချိန်တွင် နိုင်ငံရေးအရ အဓိကရင်ဆိုင်ရသည့် ကိစ္စရပ် နှစ်ခုရှိပါသည်။ ယင်းတို့မှာ ကပ်ရောဂါကို ရင်ဆိုင် ထိန်းချုပ်၍ နိုင်ငံသားများ၏ အသက်ဆုံးရှုံးမှုကာကွယ်ရန်နှင့် နိုင်ငံ့စီးပွားရေး တုံ့နှေးရပ်တန့် ပြိုကျမသွားရန် မျှခြေတခု ရှာဖွေရခြင်းပင် ဖြစ်ပါသည်။ သို့သော် တရုတ်၊ ကိုးရီးယားတို့မှလွဲ၍ အခြားနိုင်ငံများတွင် စီးပွားပျက်ကပ် မဆိုက်ရောက်ရန် ကြိုးပမ်းလုပ်ဆောင်မှုအားလုံး ရှုံးနိမ့်ခဲ့ရသည်ကို တွေ့မြင်နေရပြီး ရောဂါပြန့်ပွား မှုကိုလည်း မထိန်းချုပ်နိုင်သေးဘဲ သေဆုံးမှုများ မြင့်တက်နေသည်ကို တွေ့မြင်ရဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံက လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအစီအမံများ အသက်ဝင်မှုအနေအထားသည် လုံလောက်သည့် အခြေအနေတွင် ရှိပါသည်။ ထို့သို့ လုပ်ဆောင်ရာတွင် State Capacity ဟုခေါ်သော အစိုးရအုပ်ချုပ်ရေး ယန္တရား၏ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်များ ရှိသော်လည်း ဝန်ထမ်းအဖွဲ့အစည်း၊ နိုင်ငံဝန်ထမ်း တဦးချင်းစီ၏ စိတ်ရင်းစေတနာများသည် အားရကျေနပ်နိုင်သည့် အဆင့်အတန်းရှိပါသည်။ လတ်တလော အစိုးရမှ လက်လုပ်လက်စားများအတွက် အထောက်အပံ့ ပေးအပ်နေခြင်းသည်လည်း မှန်ကန်သည့် လုပ်ရပ်ဖြစ်ပါသည်။ တဖက်တွင်လည်း ပြည်သူလူထု၏ ငွေကြေးလှူဒါန်းခြင်း၊ ကျန်းမာရေး အထောက်အကူပစ္စည်းများ လှူဒါန်းခြင်း၊ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ခြင်း အစရှိသော ကူညီထောက်ပံ့ခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ့လူ့ အဖွဲ့အစည်း၏ Social Capital အားကောင်းမှုကို ထင်ဟပ်စေပါသည်။ ထို့ပြင် တပ်မတော်အစိုးရများ လက်ထက်တွင် ပြည်သူတရပ်လုံးကို အလေးထား အသိပေးတင်ပြခြင်းဆိုသည့် နိုင်ငံရေးဆက်ဆံမှု ပျောက်ဆုံးခဲ့ခြင်းမှ ခွဲထွက်၍ နိုင်ငံ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အချိန်နှင့်တပြေးညီ ပြည်သူလူထုထံ တင်ပြပြောကြားနေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ယဉ်ကျေးမှု တဆင့်မြင့်တက်လာခြင်းဟု ဆိုရမည်ဖြစ်ပါသည်။ ဤအချက်များသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုမှ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ရရှိနေသည့် အကျိုးအမြတ်များပင် ဖြစ်ပါသည်။
ကမ္ဘာ့သမိုင်း အခြေအနေများကို လေ့လာကြည့်ပါက ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေး (Spanish Flu) ကပ်ရောဂါ ဖြစ်ပွားခြင်း သည် ပထမကမ္ဘာစစ်၏ ဆိုးကျိုးကို တကမ္ဘာလုံး ခံစားရခြင်းဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာ့လူဦးရေ သန်း ၅၀ အသက်ဆုံးရှုံးခဲ့ရသည့် ကပ်ရောဂါကြီးအဖြစ် နိုင်ငံတိုင်း ခံစားကြုံတွေ့ခဲ့ရပါသည်။ ထိုကပ်ဆိုးအပြီး ဆယ်စုနှစ်တခု အကြာတွင် ပထမဦးဆုံး ကမ္ဘာ့စီးပွားပျက်ကပ်ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ ထိုစီးပွားပျက်ကပ်၏ အကျိုးဆက် အနေဖြင့် မြန်မာနိုင်ငံတွင်လည်း ဆရာစံ အရေးတော်ပုံပေါ်ပေါက်သည်အထိ စီးပွားရေးဒုက္ခများကို ကြုံတွေ့ခဲ့ရပါသည်။ လက်ရှိ တကမ္ဘာလုံးကြုံတွေ့နေရသော COVID-19 ကပ်ရောဂါသည် အထက်ဖော်ပြပါ ကပ်ရောဂါ ကြုံတွေ့ခြင်းနှင့် စီးပွား ပျက်ကပ်ကြုံတွေ့ခြင်းတို့ကို တပြိုင်နက်တည်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုကြီး တရပ်ပင်ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ယနေ့ကမ္ဘာသည် လွန်ခဲ့သော နှစ် ၁၀၀ က အခြေအနေနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ချိတ်ဆက်မှု ရှိသောကမ္ဘာ ဖြစ်သည့်အတွက်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများ၊ စီးပွားရေး လုပ်ငန်းများ၊ ပြည် သူများ၊ လူ့အဖွဲ့အစည်းများသည် လတ်တလော ကပ်ရောဂါပြန့်ပွားမှုနှင့် သေဆုံးမှုများကို ရင်ဆိုင်ဖြေရှင်း နေရသည့် တပြိုင်နက်တည်းတွင် စီးပွားရေး တုံ့နှေးရပ်တန့် ပြိုကျမသွားရန် နည်းလမ်းမျိုးစုံနှင့် ဖြေရှင်းရန် လုပ်ဆောင်နေရသည့် အခြေအနေ ဖြစ်ပါသည်။
စီးပွားရေး တုံ့နှေးရပ်တန့်ပြိုကျမသွားစေရန်ဆိုသော စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိ နိုင်ငံနှင့် လိုက်လျောညီထွေရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
လူအများလက်တွင်း ငွေကြေးရောက်ရှိ လည်ပတ်စေရေး
ထိုသို့ ကြိုးပမ်း ဆောင်ရွက်မှုများတွင် ဆင်းရဲ ချမ်းသာမရွေး နိုင်ငံအသီးသီး လုပ်ဆောင်နေသည့် တူညီသော အချက်တခု မှာ COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကို ခံစားရသည့် ပြည်သူတဦးချင်း၏ လက်ထဲသို့ လတ်တလောပြဿနာများ ဖြေရှင်းနိုင်ရန် ငွေကြေးရောက်ရှိစေရေးကို ကြိုးပမ်းနေကြသည်ဆိုသော အချက်ပင် ဖြစ်ပါသည်။ ဤကြိုးပမ်းမှု၏ အဓိကရည်မှန်းချက်မှာ COVID-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် ဝင်ငွေထိခိုက်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းစသည့် လတ်တလော ပြဿနာများကို ဖြေရှင်းရန် ဆောင်ရွက် ခြင်းဖြစ်ပါသည်။ လက်ရှိအစိုးရ ဆောင်ရွက်နေသော လက်လုပ် လက်စားများအား ထောက်ပံ့ခြင်း လုပ်ငန်းစဉ်သည် လတ်တလော စားဝတ်နေရေးပြဿနာကို အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်သည့်အတွက် ထိရောက်မှုရှိမည်ဖြစ်ပါသည်။ သို့သော် ဤနည်းလမ်းသည် အချိန်တိုဖြေရှင်းမှု ဖြစ်သည့် အတွက် အချိန်အတိုင်းအတာတခုအထိ ဆက်လက်ကြုံတွေ့နေရဦးမည့် လူမှုစီးပွားပြဿနာများကို ဖြေရှင်းရန် အကန့်အသတ် ရှိမည်ဖြစ်ပါသည်။
အုပ်ချုပ်ရေးယန္တရား အားနည်းသည့် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေနှင့် အလုပ်လုပ်သည့် လခစားဝန်ထမ်း တဦးချင်းစီကို တိုက်ရိုက်ထောက်ပံ့ရန် အခက်အခဲ၊ အကန့်အသတ်ရှိပါသည်။ လခစားဝန်ထမ်းများသည် စီးပွားရေး ပြန်လည်နာလန်ထူရန် အဓိကလိုအပ်သည့် မောင်းနှင်အား ဖြစ်သည့်အတွက် စီးပွားရေး တုံ့နှေးနေသည့် ကာလများ တွင်ပင် ယင်းတို့အတွက် အထောက်အပံ့ ငွေကြေးအတိုင်းအတာတခု ဖန်တီးပေးထားရမည်ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း ဖြစ်သည့် လခစားဝန်ထမ်းများကို ထောက်ပံ့မှုများ ပေးအပ်ရန် မခက်ခဲသော်လည်း နိုင်ငံတော်အနေနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို တိုက်ရိုက်ထောက်ပံ့ရန် အခက်အခဲများစွာရှိပါသည်။ ထို့ကြောင့် ထိုဝန်ထမ်းများကို အလုပ်အကိုင်များ တုံ့နှေးနေချိန်တွင် ပုဂ္ဂလိက ကုမ္ပဏီများအနေနှင့် လစာပေး ထောက်ပံ့ထားရန် ငွေကြေးအခက်အခဲ ရှိနေသည်ကို နိုင်ငံတော်မှ နည်းလမ်းရှာ၍ ပံ့ပိုး သင့်ပါသည်။ ပံ့ပိုးမှုဟု ဆိုရာတွင် တရားဝင်မှတ်ပုံတင်ထားသော တိုင်းရင်းသား ကုမ္ပဏီများကို ယင်းတို့၏ လစာပေးရန်အသုံးပြုသည့် ငွေကြေးပမာဏ အတိုင်းအတာတခုအား အတိုးမဲ့ချေးငွေအဖြစ် သတ်မှတ် ထုတ်ပေးသင့်ပါသည်။
ဤပံ့ပိုးမှုကို သုံးလတကြိမ် ပြန်လည်တွက်ချက် ပံ့ပိုးပေးသင့်ပါသည်။ ဤပံ့ပိုးမှုသည် ချေးငွေဖြစ်သည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီများအနေနှင့် ပြန်လည်ပေးဆပ်ရန် တာဝန်ရှိမည် ဖြစ်ပါသည်။ အထောက်အပံ့ငွေ ရယူရာတွင်လည်း ပုဂ္ဂလိကကုမ္ပဏီ အသီးသီး၏ ပြန်လည်ပေးဆပ်နိုင်ရေးအတွက် ချင့်ချိန်ရယူရန် ဆောင်ရွက်စေရမည် ဖြစ်ပါသည်။
စီးပွားရေး ပြန်လည်ဦးမော့လာချိန်တွင် လုပ်ငန်းမည်မျှ လည်ပတ်တိုးတက်လာသည်ကို ပုဂ္ဂလိက ကုမ္ပဏီအသီးသီးများက ထဲထဲဝင်ဝင် အသိဆုံးဖြစ်ရာ ထိုအချက်ကို အခြေခံ၍ နိုင်ငံတော်၏ အထောက်အပံ့ကို ပြန်လည် ပေးအပ်နိုင်စေရေး တွက်ချက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ပူးပေါင်းညှိနှိုင်း အဖြေရှာ၍ တွက်ချက်နည်းများ ဖော်ထုတ်ရမည် ဖြစ်ပါသည်။
မူဝါဒများ ဖြေလျော့ရေးနှင့် စီးပွားလှုံ့ဆော်ရေး အကူအညီ
ပြန်လည်ပေးဆပ်ရန် ညှိနှိုင်းမှုများကို COVID-19 ကပ်ရောဂါအလွန် စီးပွားရေးပြန်လည် ဦးမော့လာသည့်အထိ နိုင်ငံတော် ဘက်မှ မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ဖြေလျော့ပေးထားရမည် ဖြစ်ပါသည်။ ဤ Stimulus Package ကို အကောင်အထည်ဖော်ပေးခြင်းအားဖြင့် ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်ခြင်းမှ ပေါ်ပေါက်လာ နိုင်သည့် ဆိုးကျိုးများကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။ တဆက်တည်းမှာပင် ကပ်ရောဂါအလွန်ကာလတွင် စီးပွားရေး လုပ်ငန်းများ လျင်လျင်မြန်မြန် အသက်ဝင်လာပြီး နိုင်ငံ့စီးပွားရေး ဦးမော့လာမည် ဖြစ်ပါသည်။
အခြားကဏ္ဍတခုမှာ မြန်မာနိုင်ငံတွင် အခြေတကျဖြစ်ပြီးသည့် အသေးစားငွေချေးလုပ်ငန်းများ၏ လက်လှမ်းမီမှုကို နိုင်ငံ ရေးအားအဖြစ် ရယူပြီး ယင်းအဖွဲ့အစည်းများ ဝန်ဆောင်မှုပေးနေသည့် ပြည်သူတဦးချင်းစီ၏ ငွေကြေးလိုအပ်ချက် လွယ်ကူချောင်လည်စေရန် စဉ်းစားဆောင်ရွက် သင့်ပါသည်။ အသေးစားငွေချေးလုပ်ငန်းများ၏ အခြေတကျဖြစ်နေသည့် မတူညီသည့် ပံ့ပိုးမှုများကို နိုင်ငံတော်မှ ဦးဆောင်ပြီး ယင်းတို့ လိုအပ်မည့် ငွေကြေးဆိုင်ရာ ဖြေလျော့မှုများ ပြုလုပ်ပေး ခြင်း၊ လိုအပ်မည့် အရင်းအနှီးမတည်မှုအတွက် အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှ ချေးငွေများ ထုတ်ချေးပေးခြင်းတို့ကို လုပ်ဆောင်ပေးသင့်ပါသည်။ ဤသို့လုပ်ဆောင်ပေးခြင်းအားဖြင့် အခြေခံလူတန်းစားများအတွက် လိုအပ်မည့် ငွေကြေး အရင်းအနှီး ရရှိနိုင်မှုကို ပံ့ပိုးပေးရာရောက်ပြီး အခြေခံ လူတန်းစားများ၏ လူမှုစီးပွား ပြဿနာများကို ကူညီဖြေရှင်းပေးရာ ရောက်ပါသည်။ ဤကူညီ ဖြေရှင်းမှုသည် အခြေခံလူတန်းစားအလွှာအတွက် နိုင်ငံရေးတည်ငြိမ်မှုကို ဖန်တီးပေးနိုင်မည့် အကျိုးကျေးဇူး ရရှိမည်ဖြစ်ပါသည်။
လူမှုဆက်ဆံရေး ပုံစံသစ် (New Normal)
အထက်ပါလုပ်ငန်းစဉ် နှစ်ရပ်ကို COVID-19 ကပ်ရောဂါအား ရင်ဆိုင်ဖြေရှင်းနေသည့် ကြားကာလအတွက် နိုင်ငံရေး အဖြေများအဖြစ် ရှုမြင်နိုင်ပါသည်။ ဤကြားကာလ နိုင်ငံရေးတည်ငြိမ်မှုကို ဖန်တီးနိုင်မှသာလျှင် ကပ်ရောဂါအလွန် ကာလများတွင် နိုင်ငံ့စီးပွားရေးကို ပြန်လည်ထူထောင် တည့်မတ်နိုင်မည်ဖြစ်ပါသည်။ ကပ်ရောဂါအလွန်ဆိုသည့် ကာလတွင် ပြောင်းလဲသွားမည့် အပြောင်းအလဲများကိုလည်း ကြိုတင်မျှော်လင့်ထားရမည်ဖြစ်ပါသည်။ မည်သည့် ကာလတွင် ဤကပ်ရောဂါကို ကျော်လွန်နိုင်မည်ဆိုသည့် ကိစ္စရပ်ကို အပ်ကျမတ်ကျမပြောနိုင်သော်လည်း ရောဂါ၏ သဘောသဘာဝအရသော်လည်းကောင်း အမြဲတစေ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ထားရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားရန်အတွက် New Normal ဟုခေါ်ဆိုသော လူမှုဆက်ဆံရေးပုံစံသစ်တခု ပေါ်ပေါက်ရမည် ဆိုသည်မှာ အရှိတရားပင် ဖြစ်ပါသည်။ လူမှုဆက်ဆံရေး ပုံစံသစ်ကို အခြေခံ၍ စီးပွားရေးလုပ်ငန်း ပုံစံများလည်း လိုက်လျောညီထွေပြင်ဆင်ရမည် ဖြစ်ပါသည်။ ဤအချက်များသည် မဖြစ်မနေ ဖြစ်ပေါ်လာမည့် ကိစ္စရပ်များပင် ဖြစ်ပါ သည်။
မိမိပတ်ဝန်းကျင်တွင် ရှိသော၊ ရှိနိုင်သော အခြားသူတဦးချင်းစီတွင် ရောဂါရှိနေနိုင်သည်ဆိုသည့် သံသယကို အခြေခံသည့် Social Distancing Norms များသည် အသစ်ပေါ်ပေါက်လာမည့် လူမှုဆက်ဆံရေးပုံစံ၏ အခြေခံများဖြစ်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် လူမှုရေးလိုအပ်ချက်တခုအနေဖြင့် ရောဂါကင်းရှင်းကြောင်း အာမခံချက်သည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကိစ္စရပ်များတွင် အခြေခံ လိုအပ်ချက် ဖြစ်လာပါမည်။ ဤပေါ်ပေါက်လာမည့် ပုံစံသစ်ကြောင့် ရောဂါကင်းရှင်းကြောင်း စစ်ဆေးနိုင်သည့် သူတဦးနှင့် မစစ်ဆေးနိုင်သည့်သူ တဦးအကြား၊ ကာကွယ်ဆေးထိုးနိုင်သည့် သူတဦးနှင့် ကာကွယ်ဆေးမထိုးနိုင်သည့် သူတဦးအကြား လူမှုရေးကွာဟချက် ပေါ်ပေါက်လာမည်ဖြစ်သကဲ့သို့ မိမိပြည်သူများကို ရောဂါကင်းရှင်းမှု စစ်ဆေးပေးနိုင်သည့် နိုင်ငံနှင့် မစစ်ဆေးပေးနိုင်သည့် နိုင်ငံ၊ ကာကွယ်ဆေးထိုးပေးနိုင်သည့် နိုင်ငံနှင့် ကာကွယ်ဆေးမထိုးပေးနိုင်သည့် နိုင်ငံအကြား ကွာဟမှုဖြစ်လာမည်ဖြစ်ပါသည်။ ထိုကွာဟချက်များကို အခြေခံ၍ ကုန်လုပ်ဆက်ဆံရေးပုံစံများနှင့် ကုန်သွယ်စီးပွားကူးသန်းမှု ပုံစံသစ်များ ပေါ်ပေါက်ရမည် ဖြစ်ပါသည်။ ဤကဲ့သို့သော အချက်များကို အခြေခံ၍ New World Order တခုပေါ်ပေါက်မည် ဖြစ်ပါသည်။
ထိုပုံစံသစ်ပေါ်မူတည်၍ နိုင်ငံ၏ စီးပွားရေးပုံစံကိုလည်း လိုက်လျောညီထွေ ပြောင်းလဲရမည် ဖြစ်ပါသည်။ ဥပမာ ကပ်ရောဂါအလွန်ကာလတွင် ချမ်းသာသည့်နိုင်ငံများတွင် ဖက်ရှင်နှင့် အဝတ်အထည်များပေါ်တွင် အသုံးပြုသည့်ဝယ်လိုအား ကျဆင်းသွားနိုင်ပြီး ယင်းနှင့် တိုက်ရိုက်ချိတ်ဆက်နေသည့် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင်လည်း သက်ရောက်မှု ရှိနိုင်ပါသည်။ EU ၏ GSP ကိုမျှော်မှန်း၍ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေသော တရုတ်အထည်ချုပ်လုပ်ငန်းများ ထွက်ခွာသွားနိုင်ပါသည်။ ကပ်ရောဂါ ထိခိုက်ခံစားထားရသော နိုင်ငံအများစုသည် ကပ်ရောဂါအလွန် ရေတိုကာလတွင် ခရီးသွားလာမှုများ လျော့ကျသွားနိုင်ပါသည်။ ဤကဲ့သို့သောကိစ္စရပ်များကိုစီးပွားရေးကဏ္ဍအလိုက်အသေးစိပ်လေ့လာ၍ကပ်ရောဂါအလွန်စီးပွားရေးပြန်လည်ထူထောင်မှုများ ပြုလုပ်သင့်ပါသည်။ ဤသို့ပြုလုပ်ရန် မြန်မာ့စီးပွားရေး လုပ်ငန်း၏ အဓိကမောင်းနှင်အားဖြစ်သော ပုဂ္ဂလိကကုမ္ပဏီများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများ အတွက်လည်း ရင်းနှီးမြှပ်နှံမှုများ ပြင်ဆင်နိုင်ရန် လိုအပ်မည့်ချေးငွေများကို ပုံစံမျိုးစုံဖြင့် ရရှိနိုင်ရန် ပုဂ္ဂလိကဘဏ်၊ အစိုးရဘဏ်၊ နိုင်ငံခြားဘဏ်များ အားလုံးနှင့် ညှိုနှိုင်းရန် ဗဟိုဘဏ်မှဦးဆောင်ကာ ဖြေလျော့ပေးမှုများ ပြုလုပ်ပေးရမည့် အချိန်ကာလ ဖြစ်ပါသည်။
ဤကဲ့သို့ နိုင်ငံတော်မှ အထောက်အပံ့ပေးခြင်းလုပ်ငန်းအတွက် တွက်နည်းမျိုးစုံရှိသော်လည်း ယင်းတွက်နည်းများသည် အကန့်အသတ်နှင့် ပေါ်ပေါက်ခဲ့သော အကျပ်အတည်းများကို ကျော်လွှားစဉ်က အသုံးပြုခဲ့သည့် နည်းများဖြစ်သည့် အတွက် လက်ရှိအခြေအနေတွင် တိုက်ရိုက်အသုံးပြုရန် အကန့်အသတ်များရှိပါသည်။ အခြေခံမှာ မိမိနိုင်ငံ၏ GDP ပေါ် အခြေခံ၍ အချိုးအစားတခု သတ်မှတ်လုပ်ဆောင်ရမည် ဖြစ်ပါသည်။ အဓိကအကျဆုံးမှာ နိုင်ငံတော် အစိုးရအနေနှင့် အထောက်အပံ့ အစီအစဉ်များရယူမည့် စီးပွားရေးလုပ်ငန်းများနှင့် ယုံယုံကြည်ကြည် ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်းပါက အနာဂတ်တွင် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေမည့် အတိုင်းအတာတခုကို တွက်ချက်ရယူနိုင်မည် ဖြစ်ပါသည်။
ယခုအခါ အစိုးရ အသီးသီးအနေဖြင့် အစိုးရအာဏာ၏ လုပ်ပိုင်ခွင့်ဖြစ်သည့် ငွေကြေးရိုက်နှိပ်ထုတ်ဝေခြင်းကို လက်ကိုင် ပြု၍ အရေးတကြီးလိုအပ်နေသော ငွေကြေးများကို ပြည်သူတဦးချင်းစီ၊ စီးပွားရေး လုပ်ငန်းများဆီသို့ ရောက်ရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် မြန်မာနိုင်ငံအနေနှင့်လည်း တွေဝေကြောက်ရွံ့ရန် မလိုအပ်ဘဲ အတိုင်းအတာတခုအထိ ရဲရဲတင်းတင်း လုပ်ဆောင်သင့်သည့် အချိန်ကာလဖြစ်ပါသည်။ ဥပမာ လာမည့် ခြောက်လကာလ ကိစ္စရပ်များဖြေရှင်းရန် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တည်ငြိမ်မှုများအား စိန်ခေါ်နေသည့် ကိစ္စရပ်များကို ဖြေရှင်းရန်၊ တိုင်းပြည် GDP ၏ ၅ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ကိုအခြေတည်၍ ညှိုနှိုင်းအဖြေရှာ ဆောင် ရွက်သင့်ပါသည်။
ဆောင်ရွက်သင့်သည့် နည်းလမ်းများမှာ ပုဂ္ဂလိကဘဏ်များအပါအဝင် နိုင်ငံတော်ငွေကြေး အဖွဲ့အစည်းများတွင်ရှိသော အရန်ငွေများ၊ ပုဂ္ဂလိကဘဏ်များတွင်ရှိသော စုဆောင်းငွေများ၏ အစိတ်အပိုင်းအချိုးနှင့် အခြားတီထွင်ဖန်တီးနိုင်မည့် Financial Instruments များ ဖော်ထုတ်၍ နိုင်ငံတော်အဆင့် ညီမျှခြင်းတခုတည်ဆောက်ပြီး လိုအပ်မည့်အစိတ်အပိုင်းရှိပါက ငွေကြေးရိုက်ထုတ်ခြင်းဖြင့် ဈေးကွက်အတွင်းသို့ လိုအပ်မည့်အရင်းအနှီးများကို နေ့စဉ်လူနေမှုကိစ္စရပ်များဖြေရှင်းရန် ပြည်သူတဦးချင်းထံသို့ ငွေကြေးရောက်ရှိသွားရန် အဓိကဖြစ်ပါသည်။ ကမ္ဘာ့သမိုင်းတွင်လည်း စပိန်တုပ်ကွေး (Spanish Flu) ကပ်ရောဂါ၊ ကမ္ဘာ့စီးပွားပျက်ကပ် ပေါ်ပေါက်ပြီးချိန်တွင် အကျိုးဆက်အနေဖြင့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်ပါသည်။ ဤအကျပ်အတည်းများကို ကျော်လွှားရန် ကြိုးပမ်းရာတွင် ထိုခေတ်ကာလတွင် နိုင်ငံရေးစနစ်သစ် နှစ်ခုဖြစ်သော ကွန်မြူနစ်စနစ်နှင့် လက်ယာအစွန်းရောက် နာဇီစနစ်တို့ ပေါ်ပေါက်ခဲ့ပြီး ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ဒုတိယကမ္ဘာစစ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ယခုကြုံတွေ့နေရသော ကပ်ရောဂါ၏လားရာသည် အခြားနိုင်ငံများ၏ နိုင်ငံရေးစနစ်များ၏အုတ်မြစ်များကို ထိခိုက်နိုင်စွမ်းရှိမရှိ မသိနိုင်သော်လည်း နုနယ်သည့် ဒီမိုကရေစီစနစ်တည်ဆောက်နေသော မြန်မာနိုင်ငံအနေနှင့် ဤ အကျပ်အတည်းကို ကျော်လွှားရာတွင် နည်းလမ်းမှန်ကန်မှု ရွေးချယ်ခြင်းသည် အလွန်ပင်အရေးကြီးပါသည်။ ရွေးချယ်မှု မှားယွင်းခြင်းကြောင့် ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်လှည့်ခြင်းမဖြစ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။
ဤစာတမ်း၏ အဓိကအချက်မှာ လုပ်ဆောင်သင့်သည့် ကိစ္စရပ်များ နောက်တွန့်ခြင်းကြောင့် အကျပ်အတည်းသစ်များ ရင်ဆိုင်ရပြီး ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်လှည့်ခြင်း မဖြစ်စေရန်နှင့် ကုန်ကျစရိတ်များပြားသည့်တိုင် အကျပ် အတည်းကို ရင်ဆိုင်ဖြေရှင်းနိုင်သည်ဆိုသည့် နိုင်ငံရေးရွေးချယ်မှုကို အဓိကဇောင်းပေးလုပ်ဆောင်စေလိုခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်မျိုးဆက်များအတွက်လည်း ဒီမိုကရေစီတည်ဆောက်ရေးအတွက် လုပ်အားဖြင့် ပေး ဆပ်ရခြင်းဆိုသည့် အခွင့်အလမ်းက နောက်ပြန်လှည့်၍ ဖိနှိပ်ချုပ်ချယ်မှုစနစ်အောက်တွင် ထပ်မံနေရခြင်းထက် ပိုမို ကောင်းမွန်သည်ဟု ခံယူပြီး အနာဂတ်ကို ပျော်ရွှင်စွာ အတူတကွတည်ဆောက်နိုင်မည်ဟု ယုံကြည်သည့်အတွက် ဖြစ် ပါသည်။
တင်မောင်သန်းသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ဖွံ့ဖြိုးရေးဆိုင်ရာပညာရပ် ကျွမ်းကျင်သူတဦး ဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post