မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ပြည်သူ ရွေးမြှောက် တင်မြှောက်လိုက်လို့ နိုင်ငံရေးအာဏာ ရရှိလာခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့အစိုးရ လျှောက်လမ်းနေရတဲ့ နိုင်ငံရေး ခရီးလမ်းက ကြမ်းလွန်းပါတယ်။ တက်လာကာစ ကတည်းက အရင်လူတွေ ပုံဖျက်ခဲ့တဲ့ စီးပွားရေးစနစ်ကို ပြန်လည် တည့်မတ်ရင်း လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုတွေနဲ့ အကဲစမ်းခံခဲ့ရတာ နောက်ဆုံး အပြည်ပြည်ဆိုင်ရာတရားရုံး ရောက်သည့်တိုင်အောင် ပြည်တွင်း၊ ပြည်ပ ဖိအားတွေ အမြင့်ဆုံး ရောက်ခဲ့ပါတယ်။ ဒါတင်မက အခုအချိန်မှာ နိုင်ငံရေးငါးနှစ်သက်တမ်းပြည့်ခါနီး နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုပဲ ကြုံတွေ့ရတဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ကပ်ရောဂါ ကိုဗစ် – ၁၉ ကျရောက်နိုင်မှု အန္တရာယ်ဟာဖြင့် ရေနစ်သူ ဝါးကူထိုးနေသည့်ပမာ မညှာမတာ ရက်စက်ရာကျလွန်းပါတယ်။
မပြေးသော်လည်း ကန်ရာရှိခဲ့ပြီမို့ ကိုဗစ် – ၁၉ ရောဂါ စတင် ခြိမ်းခြောက်လာတဲ့ ၂၀၂၀ ဇန်နဝါရီ လဆန်းပိုင်းကတည်းက အတတ်နိုင်ဆုံး ကြိုးစား ပြင်ဆင်နေခဲ့တယ် ဆိုတာကတော့ လုံးဝ ယုံမှား သံသယ ရှိစရာ မလိုပါဘူး။ တသက်နဲ့တကိုယ် ဒီလို အရေးအကြောင်းမျိုးကို မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်တာ မတွေ့ဖူးခဲ့တဲ့အတွက် သက်ဆိုင်ရာ ဌာနများနဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်သလို လူထု တင်မြှောက်တဲ့ အစိုးရမို့ ဖြစ်မယ် ဆိုပြီးတော့ပဲ မှတ်ချက်ပြုပါတယ်။ စစချင်းမှာ ကူးစက်ရောဂါကြောင့် စီးပွားရေးလုပ်ငန်း ထိခိုက်ခံစားရတဲ့ လုပ်ငန်းရှင်တွေကို ဒေါ်လာ သန်း ၇၀ နီးပါးရှိမယ့် အတိုးသက်သာချေးငွေ ပေးမယ်ဆိုပြီး ထွက်လာပါတယ်။ အရေးပေါ် တုံ့ပြန်ရေး စီမံ ချက် ရေးဆွဲတာကို တွေ့ရသလို၊ လူထုကို ပုံမှန် ပြန်ကြား ဆက်သွယ်မှုကောင်းအောင် ကြိုးပမ်းဆောင်ရွက်တာကိုလည်း တွေ့ရပါတယ်။ ထိုင်ဝမ်နိုင်ငံရဲ့ အတွေ့အကြုံအရ လူထုကို ပုံမှန်အချက်အလက် ဖြန့်ဖြူးပေးတာဟာ လူထုရဲ့ စိုးရိမ်ပူပန်မှုကို အကောင်း ဆုံး တုံ့ပြန် ဆောင်ရွက်တာလို့ ဆိုတဲ့အတွက် ယခင်ကထက် စာရင် ပိုမို သွက်လက်မြန် ဆန်လာတဲ့ လူထု ဆက်သွယ်ရေးဟာ တိုးတက်မှုတခုလို့ မြင်ပါတယ်။ အစိုးရ ဌာနတွေ ကို အဆိုးမြင်လေ့ရှိတဲ့ မြန်မာ အများစုဟာလည်း အစိုးရရဲ့ ကိုဗစ်- ၁၉ ဆိုင်ရာ သတင်း ဖြန့်ချိမှုကို တစထက်တစ ပိုတိုးလို့ ယုံကြည် အားကိုး လာတာကိုလည်း တွေ့ရပါတယ်။ ပြည်တွင်းမှာ ကိုဗစ် – ၁၉ လူနာ စပြီး စမ်းသပ် တွေ့ရှိကတည်းက lockdown လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိပေမဲ့ ထူးခြားတဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ ပုံစံတခုကို ဆောင်ရွက်ဖို့ ကြိုးပမ်း ဆောင်ရွက်လာတာကိုလည်း တွေ့ရပါတယ်။ အသွားအလာ အကန့်အသတ်တွေ ပြုစဉ်မှာ အခြေခံလူတန်းစားတွေ ကသီလင်တ ဖြစ်ကာ အခြေမပျက်အောင် နိုင်ငံတော်က တတ်စွမ်းသမျှ ကူညီမယ့် အစီအစဉ် ပေါ်ထွက်လာတာကလည်း အတော် ထူးခြားပါတယ်။ ကူညီမှု ပမာဏဟာ နည်းတာ များတာထားလို့ ဘယ်တုန်းကမှ ပြည်သူကို မကူညီဖူးတဲ့ အစိုးရမျိုးကနေ တတ်နိုင်သမျှ ပြည်သှူလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ အစိုးရမျိုးကို မြင်တွေ့ရတဲ့အတွက် ကျေနပ်ရပါတယ်။
အခုလို အစိုးရရဲ့ ကိုဗစ် – ၁၉ ဆိုင်ရာ ပြင်ဆင် ဆောင်ရွက်ချက်တွေကို အကောင်း တွေချည်း ပြောနေတော့ “အားလုံးကောင်းပါသည်” “ဘာမှလုပ်စရာ မလိုတော့ဘူးများ ဖြစ်နေသလား”လို့ အစိုးရကို အမြင် မကြည်လင်သူတွေ၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ကို အားမလို အားမရ ဖြစ်နေသူများက မေးစရာ ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတာကိုလည်း သတိပြုမိပါ တယ်။ သို့သော် ဒီအချိန်မှာ အသက်ပေးပြီး လူအများရဲ့ ကျန်းမာရေးကို ရှိသမျှလေးနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာဝန်များ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနဲ့ တာဝန်ရှိသူ အုပ်ချုပ်သူတွေကို ဝေဖန် ကဲ့ရဲ့နေတာက ဘာမှ အကျိုးမများဘူးလို့ မြင်ပါတယ်။ အပြစ်မြင်တဲ့ မျက်လုံးနဲ့ ကြည့်ပြီး ဝေဖန်ရင်တော့လည်း ပြောမဆုံးပေါင် တော သုံးထောင်လောက် ရှိပါလိမ့်မယ်။ ဒီတော့ ကြုံတွေ့နေရဆဲ ကူးစက်ရောဂါ အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ မဆောင်ရွက်ရသေးတဲ့၊ လိုအပ်တဲ့ ကိစ္စရပ်တွေကိုပဲ အပြု သဘောဆောင် ဆွေးနွေးတာက တာဝန်ယူ လုပ်ကိုင် ဆောင်ရွက်နေရသူတွေ အတွက် ပို အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
တာစူနေသော အန္တရာယ်
အားလုံးသိတဲ့ အတိုင်းပါပဲ။ လက်ရှိ ကိုဗစ် – ၁၉ ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှုက မရေရာမသေမချာ အခြေအနေမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လူနာအသစ် ထပ်မတွေ့ဘူး ဆိုသော်လည်း မလေးရှားမှာလို ရက်အနည်းငယ် တည်ငြိမ်သလို ဖြစ်ပြီးမှ ဖြစ်ပွားမှု ပြန် ခေါင်းထောင်လာတာမျိုးကို ကြောက်ရပါတယ်။ လက်ရှိ စာရေးနေ စဉ်မှာပင် လူနာအမှတ် ၂၅ နဲ့ ၂၆ ဟာ ပြည်ပ ခရီးသွား မှတ်တမ်းမရှိဘဲ ပြည်တွင်းမှာ ဘယ်ကမှန်းမသိတဲ့ သူတွေဆီက (unknown source) ကူးစက်တာတွေ တွေ့နေရတဲ့ အတွက် အတော် စိုးရိမ်စရာ ကောင်းလာပါတယ်။ ဒါကြောင့် ရောဂါ လက္ခဏာ မပြဘဲ ပိုးသယ်ဆောင်နေသူတွေကို တတ်နိုင်သမျှ ဖော်ထုတ်ပြီး ကူးစက် ပြန့်ပွား မသွားအောင် ထိန်းချုပ်နိုင်မှသာလျှင် စိတ်ချရပါမယ်။ အစိုးရ ရေးဆွဲထားတဲ့ Contingency Plan မှာ တနေ့ စမ်းသပ်နိုင်တဲ့ လူနာ အရေအတွက်ဟာ ၃၂၀ လို့ ဖတ်ရှုရတဲ့အတွက် ဒီ အရေ အတွက်ဟာ ခြိမ်းခြောက်နေတဲ့ အန္တရာယ်နှင့်ယှဉ်လျှင် မပြောပလောက်အောင် နည်း ပါးတာ တွေ့ရပါတယ်။ ဒါကို တိုးပြီး စမ်းသပ်နိုင်ဖို့ဆိုရင်တော့ အချက်နှစ်ချက် စဉ်းစား ရပါမယ်။ တစ်က ယုံကြည်စိတ်ချရတဲ့ စမ်းသပ် စစ်ဆေးနည်း နည်းလမ်းမျိုးစုံကို အသုံး ပြုဖို့နဲ့ နှစ်က ပိုး စမ်းသပ်စစ်ဆေးခြင်းကို အစိုးရကပဲ ထိန်းချုပ်မထားဘဲနဲ့ အခြား စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂလိကအဖွဲ့စည်းများ၊ NGOs များနဲ့ ပူးပေါင်းဆောင်ရွက်သွားပြီး ကျယ်ပြန့်စွာ ဆောင်ရွက်သွားဖို့ပါ။ လက်ရှိ ပိုးစမ်းသပ်စစ်ဆေးတာဟာ RT-PCR နည်းလမ်း တခုတည်းကိုသာ အားထားပြီး စစ်ဆေးနေရတဲ့အတွက် အကန့်အသတ်တွေ များနေပါတယ်၊ ဂျာမနီ၊ ကိုရီးယား၊ အမေရိကားတို့မှာ အချိန်မြန်မြန်နဲ့ စစ်ဆေးနိုင်တဲ့ နည်းတွေ တိုးတက်အသုံးပြုနေလာတာမို့ ဒါတွေကိုလည်း အသုံးပြုနိုင်ဖို့ စဉ်းစားရပါမယ်။
မရေရာမှုများနှင့် ချောင်ပိတ်မမိစေချင်
အစိုးရရဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု စာတမ်းကို ကြည့်တဲ့အခါ အရေးပေါ် ကူးစက်ရောဂါ စောင့်ကြည့်ရေးစင်တာ ဖွဲ့စည်းထားရှိဖို့ အလေးထား ပြောဆိုနေတာ တွေ့ပြီး ကိုဗစ် – ၁၉ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ နည်းပညာအဖွဲ့ Technical Task Force ဖွဲ့စည်းထားတာတော့ မတွေ့မိပါဘူး။ ကျန်းမာရေး ဝန်ကြီးဌာနမှာ ဖွဲ့စည်းပြီးသား ဆေးပညာရှင်များအဖွဲ့ကပဲ ဒီကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ နည်းပညာပိုင်းဆိုင်ရာ တွေ အကြံပြုနေလား။ ဒါမှမဟုတ် ဖွဲ့ဖို့ လိုနေတာလား။ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ ဆေးပညာရှင်များကပဲ တာဝန်နှစ်ရပ်လုံး ထမ်းဆောင်နေတာလား မကွဲပြားပါ။ ဒီရောဂါဟာ အသစ်ဖြစ်နေတာမို့ ပညာရှင်တယောက်တဖွဲ့ တည်း စဉ်းစားဆုံးဖြတ်တာ ထက် အားလုံးပေါင်းပြီး ဝိုင်းစဉ်းစားတာက ပိုပြီး သင့်တော်မယ်လို့ ယူဆရပါတယ်။
လက်ရှိအနေအထားကို ခန့်မှန်း ကြည့်ရှုရတာကတော့ ကျန်းမာရေးဌာနဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုပဲ နည်းပညာပိုင်းဆိုင်ရာ မှီခို အားထားနေရတာလို့ မြင်ပါတယ်။ WHO ဟာ ဘက်လိုက်မှုတွေ ရှိနေတယ်။ အချို့ကိစ္စရပ်တွေမှာ သုံးသပ်တာတွေ လိုနေတယ်လို့ ဝေဖန်မှုတွေရှိနေတဲ့အတွက် WHO ရဲ့ နိုင်ငံရေးနဲ့ ဗျူရိုကရက်တွေ အကြား မှာ ချောင်ပိတ်မိမနေစေချင်ပါဘူး။ WHO က အကြံဉာဏ်ပေး ညွှန်ကြားနေတာကို စောင့်ဆိုင်းနေတာမျိုးဆိုရင်တော့ အချိန်ကိုက် လုပ်ဆောင်နိုင်စရာရှိတာတွေ လုပ် ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်တွင်းက ပညာရှင်အားတွေကိုလည်း ယူကာ ခေါင်းချင်းဆိုင်လိုက်မယ် ဆိုရင်ဖြင့် ပိုမိုသင့်တော်မယ် ထင်ပါတယ်။ WHO ကပေးတဲ့ အကြံဉာဏ်ကို ပြည်တွင်း နည်းပညာဆိုင်ရာအဖွဲ့ (task force) က သုံးသပ်ပြီး တတိယ အဖွဲ့စည်းဖြစ်တဲ့ အခြား မိတ်ဖက်နိုင်ငံများက ပညာရပ်ဆိုင်ရာ ယူဆချက်များကို ပေါင်းစည်း ကျင့်သုံး နိုင်မယ်ဆိုရင် triangulation ဆိုတဲ့ မရေရာ မသေချာမှုတွေ များတဲ့ အချိန်မှာ အချက်အလက်တွေ၊ သတင်းအရင်းအမြစ်တွေကို သုံးပွင့်ဆိုင် တိုက်ဆိုင်စစ် ဆေးပြီး အမှားအနည်းဆုံးဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ နှာခေါင်း စည်း တပ်သင့် မတပ်သင့် အငြင်းပွားမှုဟာ ကိုဗစ်- ၁၉ကပ်ရောဂါနဲ့ ပတ်သက်ပြီး အကောင်းဆုံး သင်ခန်းစာတခုပါ။ တကယ်လို့များ နှာခေါင်းစည်း လူတိုင်းတပ်သင့် တယ်လို့ ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ဇန်နဝါရီ လဆန်းကတည်းက ချမှတ် ခဲ့ရင် အစိုးရက ဝယ်ယူ စုဆောင်းထားပါတယ်ဆိုတဲ့ Mask ၅ သန်း ထက်မက ပိုပြီး ရရှိနိုင်အောင် လုပ်နိုင်မှာဖြစ်သလို ပြည်တွင်းက Mask ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ဒီထက်ပိုပြီး ပြည်သူတွေ အလှမ်းမှီမယ့်ဈေးနဲ့ အမြောက်အမြား ထုတ်နိုင်အောင် ကုန်ကြမ်းစုဆောင်းတာ၊ ထုတ်လုပ် ဖြန့်ချိနိုင်တာတွေ လုပ်နိုင်မယ်လို့ ယူဆရပါတယ်။
ကိုဗစ် – ၁၉ ကူးစက်ရောဂါပိုး စမ်းသပ် စစ်ဆေး တာနဲ့ ပတ်သက်ပြီး ပြည်တွင်း ဆေးကုမ္ပဏီ တခုက တနေ့ကို စမ်းသပ်မှု အကြိမ်တထောင်ကျော် ပြုလုပ်နိုင်တဲ့ Cobas 6800 analyser စက်နဲ့ လိုအပ်တဲ့ reagent တွေ လှူဒါန်းတာကို ဝမ်းမြောက်စွာနဲ့ ဖတ်လိုက်ရပါတယ်။ ဒီကုမ္ပဏီဟာ ရောဂါပိုးစစ် ဆေးတာနဲ့ ပတ်သက်ပြီး တောက်လျှောက် စနည်းနာနေပြီး၊ အဲဒီ စမ်းသပ်နည်းကို အမေရိကန် FDA က အတည် မပြုခင်ကတည်းက သှူရဲ့ နိုင်ငံတကာ စီးပွားရေး အဆက်အသွယ်ကနေတဆင့် တကယ်လို့များ သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်ပြုတဲ့ အခါ ဆောလျင်စွာ ဝယ်ယူခွင့်ရအောင် ကြိုးပမ်း ဆောင်ရွက်နေပုံ ရပါတယ်။ ဒီစက်ဟာ ဒေါ်လာငါးသိန်းလောက် ကုန်ကျတယ်လို့ သိရတဲ့အတွက် ဈေးမသေးဘူးလို့ ပြောလို့ရသော်လည်း ဒေါ်လာ သန်း ၇၀ ကျော် ပုဂ္ဂလိက ကုမ္ပဏီတွေကိုတောင် ငွေထုတ်ချေးပေးဖို့ ဆောင်ရွက်နေတဲ့ အစိုးရအဖို့ ဒီလိုစက်မျိုး ၁၀လုံး လောက်ဝယ်ဖို့ အလွယ်တကူ ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။ ဒီစက်အသုံး ပြုဖို့ တပ်ဆင်ရမယ့် ဓာတ်ခွဲခန်းရဲ့ ဇီဝလုံခြုံရေး အဆင့်မြှင့်တင်ရမယ့်ကိစ္စတွေ၊ စက်ကို ကိုင်တွယ် နိုင်မယ့် ကျွမ်းကျင်ပညာရှင် ရရှိရေးကိစ္စတွေဟာ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စရပ်တွေ ဖြစ်ပေမဲ့ ရှင်းလို့မရအောင် ရှုပ်ထွေးတဲ့ ပြဿနာမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ကတော့ နိုင်ငံတကာ ဓာတ်ခွဲခန်း ကျွမ်းကျင်သူတွေ ခြောက်လ၊ တနှစ် ငှားရမ်းတာ၊ လိုအပ်တဲ့ ဓာတ်ခွဲခန်းတွေကို ပြည်ပကုမ္ပဏီတွေ ငှားရမ်းပြီး ပြုပြင် တည်ဆောက်လို့ မရဘူးလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ စမ်းသပ်စက်က ဒေါ်လာ ငါးသန်း ကုန်ကျရင် သူ့ကို အသုံးပြုနိုင်အောင် ထပ်လုပ်ရတဲ့ ကုန်ကျစရိတ်ဟာ နောက်ထပ် ငါးသန်းလောက်ပဲ ကုန်ကျစရာရှိပြီး တလနှစ်လအတွင်း ဆောင်ရွက်နိုင် ဖွယ်ရှိတယ်လို့ မြင်ပါတယ်။ (အသစ် မတည်ဆောက်ဘဲ ရှိတဲ့ အဆောက်အဦကိုပဲ ပြုပြင်ရင်ရတယ်လို့ ယူဆထားပါတယ်၊ တပ်မတော်က ဇီဝလုံခြုံရေး အဆင့် – ၃ ရှိတဲ့ ဇီဝဓာတ်ခွဲခန်းရှိတယ် ပြောတဲ့အတွက် အဲဒီဓာတ်ခွဲခန်းကိုလည်း အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်)
ဒါတွေအားလုံးဟာ နိုင်ငံတော်ကတတ်နိုင်တဲ့ ပမာဏ ဘောင်အတွင်းမှာရှိတယ်လို့ ထင်ပါတယ်။ အမှန်တကယ်အရေးကြီးတာက ပုဂ္ဂလိက အလှူရှင်လို proactively စက်ကို ရရှိအောင် ဆောင်ရွက်နိုင်ရေးပါ။ တကမ္ဘာလုံးမှာ ဒီစက်ကို အလိုရှိနေတာမို့ အလွယ်တကူ မှာယူမရနိုင်ပါ၊ ဒါကြောင့် သံတမန်ရေး ချဉ်းကပ်ပြီး အမြန်ရရှိအောင် ဆောင်ရွက်နိုင်ကာမှ အဆင်ပြေဖွယ် ရှိပါတယ်။ စာရေးသူ ရရှိတဲ့ အချက်အလက်အရ လည်း မြန်မာပြည်မှာ တီဘီတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ထောက်ပံမှုတွေနဲ့ Human papillomavirus ; HPV ကို စမ်းသပ်နိုင်တဲ့ Cobas စက်တွေ တရာနီးပါး ဝယ်ယူ ထားပြီး နိုင်ငံအနှံ့ တပ်ဆင် ထားပြီးလို့ ဆိုပါတယ်။ ဒီစက်တွေဟာ Cobas 6800 model ထုတ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Roche ကုမ္ပဏီက မှာယူထားတာဖြစ်ပြီး American Society of Oncology Journal အရ စမ်းသပ်ချက်တခုရဲ့ ကုန်ကျစရိတ်ဟာ ဈေးသိပ်မကြီးဘဲ ၄၂ ဒေါ်လာလောက်ပဲ ကျတယ်လို့ ဆိုပါတယ်။ ဒီစက်တွေဟာ Cobas 6800 နဲ့ 8800 လို တနေ့ ရှစ်နာရီ တဆိုင်းကို စမ်းသပ်ချက် ၃၀ဝ ကျော်ကနေ ၁၀ဝ၀ ကျော် လုပ်လို့ရမရ မသိပါဘူး။ အတိုင်းအတာတခုအထိ အသုံးပြုလို့ ရမယ်ဆိုရင်တော့ အတော် အဆင်ပြေမယ့် ကိစ္စမို့ ကုမ္ပဏီကို တိုက်ရိုက်ဆွေးနွေးသင့်ပါတယ်။ ဒီစက်တွေဟာ စမ်းသပ်ချက်ကို ဓာတ်ခွဲခန်းအတွင်းမှာပဲ အသုံးပြုနိုင်တာမို့ လူအများ နေရာတကာမှာ စမ်းသပ်ဖို့ decentralized အတွက်တော့ သင့်တော်မှာ မဟုတ်ပါဘူး။ သို့သော် ရန်ကုန်၊ မ္တလေးမှာ တနေ့ လူနာ ၅၀ဝ၀ လောက်အထိ စမ်းသပ်ပေးနိုင်ရင် လက်ရှိ မျှော်မှန်းရေးဆွဲထားတဲ့ ၃၂၀ ထက်တော့ အများကြီးထိရောက်မယ် ထင်ပါတယ်။ ဒါ့အပြင်ကို သာမန် ဆေးခန်း တွေမှာ စမ်းသပ်လို့ရနိုင်မယ့် သွေးရည်ကြည်ကနေ စမ်းသပ်နည်း (Serological test) ကိုပါ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ဒီနည်းက ဗိုင်းရပ်စ်ပိုး လူခန္ဓာကိုယ်ထဲ ဝင်တဲ့အခါ လူကပြန်ထုတ်တဲ့ Antibodies ကို ထောက်လှမ်းတဲ့ နည်းပါ။ ဒီနည်းရဲ့ အကောင်းအဆိုးကို ပညာရှင်တွေကြားမှာ အငြင်းပွားလျက်ရှိပြီး ဧပြီ ၇ ရက်ကထုတ်တဲ့ အမေရိကန် FDA က တရားဝင်ထုတ်ပြန်တဲ့ အချက်အလက် တချို့ကို အောက်မှာ ဖော်ပြထားပါတယ်။
“….Serological tests measure the amount of antibodies or proteins present in the blood when the body is responding to a specific infection, like COVID-19”
“…when the body’s immune response is still building, antibodies may not be detected ……… This limits the test’s effectiveness for diagnosing COVID-19 and why it should not be used as the sole basis to diagnose COVID-19”
“…. Serological tests can play a critical role in the fight against COVID-19 ……… this may potentially be used to help determine, together with other clinical data, that such individuals are no longer susceptible to infection and can return to work”
“….. In March, the FDA issued a policy to allow developers of certain serological tests ……. to allow early patient access to certain serological tests with the understanding that the FDA has not reviewed and authorized them”
အဓိက US/FDA ပေးချင်တဲ့ message ကတော့ ဒီနည်းလမ်းဟာ မရေရာ မသေချာမှုတွေ ရှိသေးတယ်။ သို့သော် ဒီကပ်ရောဂါကို တိုက်ဖျက်တဲ့ နေရာမှာ အလားလာ ကောင်းတွေရှိတာမို့ ရောဂါ ပျောက်ကင်းသွားတဲ့သူတွေ အလုပ်ပြန်လုပ်ဖို့ သင့်မသင့် စစ်ဆေးဖို့ရယ်၊ ဒီနည်းလမ်းဟာ လုံးဝဥဿုံ စိတ်မချရသေးတာကို သိသော်လည်း ရောဂါရှိမရှိ စိုးရိမ်ပူပန်နေတဲ့သူတွေ ရှေ့ပြေးစမ်းသပ်မှုတခုနဲ့ စမ်းသပ်နိုင်ဖို့ ခွင့်ပြုပေး ထားတာလို့ ဆိုလိုပါတယ်။ ထိုင်းနိုင်ငံမှာလည်း အလားတူ စမ်းသပ်နည်းကို ရောဂါ ရှေ့ပြေး စမ်းသပ်ခန့်မှန်းနိုင်ရေးအတွက် ထိုင်းပညာရှင်တွေ တီထွင် အသုံးပြုနိုင်ဖို့ ကြိုး ပမ်းနေတယ်လို့လည်း သိရပါတယ်။
ခုခံမှာလား၊ ချေမှုန်းမှာလား
အမှန်တကယ်ကတော့ စမ်းသပ်မှုနည်းတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြပြီး နှိုင်းနှိုင်းချိန်ချိန်သုခမိန် ဆိုသလိုပဲ ကိုယ်က ဘယ်လို ချင့်ချိန်အသုံးပြုမလဲ အပေါ်ပဲ မူတည်တယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာ အားလုံးလက်ခံနိုင်တဲ့ Gold Standard တခု ရနိုင်ဖို့က မဖြစ်နိုင်သလို Out of the box thinking စည်းဘောင် ကျော်လွန် စဉ်းစားလေ့ မရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာတော့ ဆေးပညာရှင်တွေအနေနဲ့ ဒီလို မရေရာမသေချာတဲ့ နည်းကို မသုံးလိုမှာ အသေအချာပါပဲ။ သို့သော် ဒီနည်းကလည်း အကျိုးပြုနိုင်တဲ့ အလားအလာ များစွာလည်းရှိတဲ့အတွက် လုံးဝ မပစ်ပယ်ဘဲ ဖြစ်နိုင်ခြေတခုအနေနဲ့ တစိုက်မတ်မတ် လေ့လာဆန်းစစ် ဆုံးဖြတ်သင့်ပါတယ် ဆိုတာကို ပြောချင်ပါတယ်။ Mask တပ်ခြင်း၊ မတပ်ခြင်းလိုပဲ အငြင်းပွားရတဲ့ ကိစ္စရပ်မျိုးပါပဲ။ သေချာတဲ့နည်းကို ကျယ်ကျယ်ပြန့်ပြန့် မစမ်းနိုင်လို့ မသိဘဲ ရောဂါကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်နဲ့ မသေ ချာတဲ့နည်းကို အသုံးပြုမိလို့ မှားယွင်းသုံးသပ်ပြီး ပေါ့ဆမိလို့ ရောဂါကူးစက် ပျံ့နှံ့နိုင် မယ့် အန္တရာယ် ဘယ်ဟာက ဆုံးရှုံးနိုင်ခြေ များလဲလို့ နှိုင်းယှဉ်စဉ်းစား ရွေးချယ်ရမယ့် အချိန်ကျပြီလို့ ထင်ပါတယ်။ စာရေးသူအမြင်က နှစ်ခုစလုံးက အ္တရာယ်များပါတယ်၊ သို့သော် ဒုတိယနည်းက စီမံခန့်ခွဲမှုနည်းအရ သတိနဲ့ မပေါ့ဆအောင် လုပ်နိုင်ရင် သက်သာရာ သက်သာကြောင်း ရှိသေးတယ် ဆိုတဲ့ ဘက်ကို အားသန်မိပါတယ်။ ရောဂါ အခြေအနေက ဘာဖြစ်နေမှန်းမသိ ရန်သူရောဂါပိုး ကိုယ့်ကို လာသတ်တဲ့အချိန်အထိ ဒီအတိုင်း ငုတ်တုတ်ကြီး ထိုင်စောင့်နေရတာထက် ရန်သူရှိတဲ့နေရာကို တတ်နိုင်သမျှ ကိုယ့်အားလေးနဲ့ရှာဖွေပြီး ပြန်လည်တိုက်ခိုက် ချေမှုန်းရတာကို ပင်ကိုယ်သဘောအရ ပိုနှစ်ခြိုက်မိပါတယ်။ ဒါကြောင့် ဒီအရေးကြီးတဲ့ ကိစ္စရပ်အပေါ်မှာ (က) ရန်သူ လာ တိုက်မှာကိုစောင့်ပြီး ခုခံနေတာကပဲ ကောင်းသလား ဒါမှမဟုတ် (ခ) ရန်သူကို ရှာဖွေ ပြီး ပြန်လည်ချေမှုန်းတိုက်ခိုက်တာက ပိုသင့်တော်သလားဆိုတာ Public Debate တခု လိုအပ်နေတာတော့ အမှန်ပါပဲ။ ဒီအပေါ်မှာ မူတည်ပြီး နိုင်ငံရေး ရွေးချယ်မှု ပြုစေချင်ပါတယ်။ ပြီးတော့ ခုခံမှာလား၊ ချေမှုန်း တိုက်ခိုက်မှာလားဆိုတဲ့ စာဖတ်သူတွေရဲ့ ရွေး ချယ်မှုကိုလည်း သိချင်မိပါတယ်။ အထူးသဖြင့် ပြည်ပကပြန်လာတဲ့ ရွှေ့ပြောင်းလုပ် သား အရေအတွက်ဟာ အများအပြားရှိမှာဖြစ်ပြီး လက်ရှိ စောင့်ကြည့်ရေးစခန်းတွေ မှာတင် သောင်းချီရှိတယ်လို့ သိရပါတယ်။ သူတို့အားလုံး အိမ်ပြန်မလွှတ်မီ စစ်ဆေးဖို့ လိုနေတာမို့ တနေ့ကို လူလေးငါးထောင်စစ်ဆေးနိုင်တဲ့ capacity ရှိမှသာလျှင် ထိရောက်စွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဝန်းကျင်ကောင်းတခု ဖန်တီးရေး ဗဟိုချုပ်ကိုင်မှု လျှော့ချပေး
တကယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးသင့်တယ်လို့ နိုင်ငံရေးရွေးချယ်မှု လုပ် တယ်ဆိုရင် လက်ရှိ တည်ဆဲ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ (၁၉၉၅ နှင့် ၂၀၁၈ ပြင်ဆင်ဥပဒေ)ပါ တားမြစ် ကန့်သတ်ချက်များကို ပြန်လည် သုံးသပ်ပြီး လိုအပ်သလို ဖြေလျှော့ပေးဖို့လိုတယ်လို့ တွေးမိပါတယ်။ ကူးစက်ရောဂါရဲ့ သဘော သဘာဝအရ ဗဟိုကထိန်းချုပ်ပြီး ဖိဖိစီးစီး Consistent and persistent ရှိရှိ ခုတမျိုး တော်ကြာတမျိုး ဝိဝါဒ မကွဲပြားဘဲ တသမတ်တည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ကိစ္စတရပ် ဖြစ် ပါတယ်။ သို့သော် ဗဟိုချုပ်ကိုင်မှုကြောင့် အောက်ခြေမှာ ကာလံ၊ ဒေသံအလိုက် ဆောင်ရွက်ရမယ့် ကိစ္စတွေကို မဆောင်ရွက်နိုင်တဲ့အနေအထား ဖြစ်သွားနိုင်တဲ့ အတွက် ဒီအတွက်ကို ဘယ်လို လူးသာလွန့်သာဖြစ်အောင် စီစဉ်ထားမလဲဆိုတာက အသက် ဖြစ်နေပါတယ်။ တနည်းအားဖြင့် ဗဟိုရဲ့ ထိန်းကျောင်း တည့်မတ်မှုအောက်မှာ ဒေသအလိုက် အဖွဲ့အစည်းနဲ့ stakeholders သက်ဆိုင်သူတွေ အချိန်ကိုက် အကောင်း ဆုံး လိုက်လျောညီထွေ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကူးစက်ရောဂါ နှိမ်နင်းနိုင်ရေး ယန္တရားနဲ့ စနစ်တခု ဘယ်လို တည်ဆောက်မလဲဆိုတဲ့ အမေးဖြစ်ပါတယ်။ ရောဂါကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးရမယ့် ကိစ္စမျိုးမှာ စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂလိကနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်မယ့် enabling environment ဝန်းကျင်ကောင်းတခုကို ဖန်တီးပေးပြီး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ထပ်ပေါင်း အကျိုး ဘယ်လို ရအောင်ယူမလဲ ဆိုတာကို စဉ်းစားဖို့ လိုနေပါတယ်။ ဘယ်သူမှလည်း မယုံဘူး၊ ဥပဒေအရလည်း ခွင့်မပြုနိုင်ဘူး ဆိုမယ်ဆိုရင်တော့ ဒီ ကူးစက်ရောဂါအန္တရာယ် ကို အစိုးရ တခုတည်းနဲ့ တိုက်ဖျက်နိုင်ဖို့ အတော်ခက်မယ်လို့ ယူဆပါတယ်။ စီးပွားရေး ပညာရပ်ဆိုင်ရာ နိုဘယ်ဆုရှင် ကိန်းဘရစ်တက္ကသိုလ်က ပရော်ဖက်ဆာ အမတရာ့ဆန် က ဒီလို ကပ်ဘေးတွေကို ရင်ဆိုင်တဲ့နေရာမှာ ဒီမိုကရေစီနဲ့ participatory governance လို့ဆိုတဲ့ ပြည်သူတွေကပါ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ပါဝင်ဆောင်ရွက် အုပ်ချုပ်လုပ် ကိုင်နိုင်မှုက အခရာကျပါတယ်လို့ ဒုတိယ ကမ္ဘာစစ်အပြီး အိန္ဒိယမှာ ငတ်မွတ်ခေါင်းပါး မှုဘေး တိုက်ဖျက်နိုင်ခဲ့တာကို ဥပမာပေးပြီး အစိုးရတွေ သတိပြုမိဖို့ ပြောဆိုခဲ့ပါတယ်။
ဒါဟာ တရုတ်ပြည် ဝူဟန်မှာ တရုတ် ကွန်မြူနစ်အစိုးရက ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့ နောက် ဗဟို ဦးစီးစနစ်ကသာ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်တယ်၊ ဒီမိုကရေစီနိုင်ငံတွေဆို ထိန်းချုပ်လို့မရဘူး၊ အမေရိကားကြည့်ပါလား၊ ဥရောပကြည့်ပါလားဆိုတဲ့ ပြောဆို ချက်တွေကို အမတရာ့ဆန်က တုံ့ပြန်ပြောဆိုတာလို့ ယူဆပါတယ်။ ကိုယ်ပိုင်အုပ်ချုပ် ရေးနဲ့ အာဏာခွဲဝေရေးကို ငြိမ်းချမ်းရေးဆွေးနွေးဝိုင်းတွေမှာ ဆွေးနွေးနေတဲ့ မြန်မာ နိုင်ငံအနေနဲ့လည်း ဒီ နိုင်ငံရေးဆိုင်ရာ အကောက်အယူတွေကို ကိုဗစ် – ၁၉ ကာကွယ် နှိမ်နင်းစဉ်မှာပဲ သတိပြုသင့်တယ်လို့ ထင်ပါတယ်။ လက်ရှိမှာတင် ပြည်နယ်နှင့်တိုင်း တွေရဲ့ ကိုဗစ် – ၁၉ဆိုင်ရာ ဒေသဆိုင်ရာ ညွှန်ကြားချက်တွေကို ဗဟိုအစိုးရက ပယ်ဖျက် နေတာ တွေ့ရလို့ပါ။ အင်ဒိုနီးရှားလိုနိုင်ငံမှာ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရတွေ ကြားမှာ ကွဲလွဲမှုတွေများပြီး ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ် အားနည်းရ တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေသလို ဂျာမနီလို ဖက်ဒရယ်နိုင်ငံမျိုးမှာတော့ ဒေသဆိုင်ရာ အဖွဲ့အစည်း (institution) တွေက အားကောင်းပြီး စွမ်းဆောင်ရည်မြင့်တာမို့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးမှာ ဗဟိုနဲ့ ပူးတွဲဆောင်ရွက်နိုင်ပြီး (a Joint Situa-tion Centre of the Federal government and the Länder (Gemeinsames Lagezentrum von Bund und Ländern) အောင်မြင်မှုတွေ ရရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း တွေ့ရပါတယ်။ အထူးသဖြင့် ဂျာမနီမှာ ဒေသဆိုင်ရာ အစိုးရတွေက ဗဟိုအစိုးရရဲ့ လမ်းညွှန်မှုအောက်မှာ ရောဂါစမ်းသပ်မှုကို မိမိအစီအစဉ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားနိုင်မှုက အတုယူ စရာပါပဲ။
ဗဟိုက ထိန်းချုပ်ထားတဲ့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းမှု ဥပဒေအောက်မှာ အဓိက သက် ဆိုင်သူ key stakeholders များရဲ့ ပူးပေါင်း ပါဝင်နိုင်မှုဟာ အကန့်အသတ်နဲ့ တည်ရှိနေပါတယ်။ ရောဂါပိုး ရှိသူကို စစ်ဆေးတာနဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့ အချက်တချက်က အမေရိကားက ပြန်လာပြီး ချင်းပြည်နယ် တီးတိန်မှာ ရောဂါ ပထမဆုံး စမ်းသပ်တွေ့ရှိတဲ့ လူနာအမှတ် – ဝ၁ ရဲ့ အမေကို စောင့် ကြည့်စခန်းက ပြန်လွှတ်ခါလေးနီးကာမှ ဆိုရှယ် မီဒီယာထဲ “ရောဂါလက္ခဏာမပြလို့ ဆေးမစစ်ဘဲ ဒီအတိုင်း ပြန်လွှတ်မှာလား”၊ ဝိုင်းမေးကာမှ စစ်ဆေးတဲ့အခါ ပိုးတွေ့ရှိတဲ့ case ပါ။ ဒါဟာ ဗဟိုက ထိန်းချုပ်ထားတဲ့ ရောဂါ စစ်ဆေးမှုဆိုင်ရာမူနဲ့ လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်တွေမှာ လိုအပချက်တွေ ရှိနေတာကို ထောက်ပြနေတဲ့ အချက် ဖြစ်ပြီး ကံကောင်းထောက်မလို့ အထူးသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက လူထုအသံကို နားထောင်လိုက်နိုင်လို့သာ ရောဂါ သယ်ဆောင်သူကို လူထုအကြား ပြန်မလွှတ်တော့ဘဲ လိုအပ်တဲ့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အချိန်မီ ဆောင် ရွက်လိုက်နိုင်တာပါ၊
ဒါကြောင့် ဒေသအလိုက် ရောဂါကို စူးစမ်း လေ့လာလို့ အလျင်အမြန် ကင်းထောက်နိုင်တဲ့ စနစ်တခုကို တည်ထောင်နိုင်ရေးဟာ လိုအပ်ချက် တခုလို့ မြင်မိပါတယ်။ ဒီအတွက် key stakeholders များအတွက် legitimated space က ဘယ်မှာလဲဆိုတဲ့ အမေးရှိပါတယ်။ ၂၀ဝ၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းရဲ့ အတွေ့အကြုံအရ မြန်မာပြည်မှာ အရေးအကြောင်းကြုံလာရင် အရပ်ဘက်အဖွဲ့အစည်း တွေဟာ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြတဲ့ အစဉ်အလာရှိပါတယ်။ လက်ရှိ ကိုဗစ် – ၁၉ ရောဂါကူးစက်မှု နှိမ်နင်း တိုက်ဖျက်တဲ့ နေရာမှာ အရပ်ဘက် အဖွဲ့အစည်း တွေဟာ လူထုအကြား ကျန်းမာရေးဆိုင်ရာ အမြင်ဖွင့်ခြင်း၊ ရပ်ကျေးအလိုက်ထားရှိတဲ့ community quarantine center စောင့်ကြည့် လူနာ စခန်းများကို ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခြင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ပြဋ္ဌာန်းတဲ့ သွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကို လူအများ လိုက်နာနိုင်အောင် ကူညီ ထိန်းကျောင်းပေးနိုင်ခြင်း၊ ရောဂါ ထိန်းချုပ်ကန့်သတ် နေစဉ် ကာလအတွင်း အကူအညီ အမှန်တကယ် လိုသူများကို စာရင်းကောက် စိစစ်ပေးခြင်း၊ နိုင်ငံတော်က ပံ့ပိုးသော အထောက်အပံ့များကို ယိုဖိတ်မှု အနည်းဆုံးနဲ့ ရသင့်ရထိုက်သူများထံ ရောက်ရှိသွားအောင် ကူညီ ဆောင်ရွက်ပေးနိုင်မယ့် အလားအလာ များစွာ ရှိတာတွေ့ရပါတယ်။ အောက်ခြေ ဒေသဆိုင်ရာ အစိုးရများက အရပ်ဘက် အဖွဲ့စည်းတွေနဲ့ လိုအပ်သလို ပူးပေါင်း ဆောင်ရွက်နေတာ တွေ့ရပေမဲ့ မရှိ သုံး ad hoc ဖြစ်နေပြီး သူတို့ရဲ့ စွမ်းအားအပြည့်ကို အသုံးမချ နိုင်သေးတာကိုလည်း တွေ့ရပါတယ်။ ကိုဗစ် – ၁၉ ရောဂါဟာ အချိန်မရွေး ပြန်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိ တယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေတာမို့ ပြည်တွင်းမှာရှိတဲ့ social capital လူမှုရေး အရင်းအနှီးကို အပြည့်အဝ အသုံးချနိုင်ဖို့ ကြိုးစားနိုင်ရင် နောက်မကျသေးဘူးလို့ ထင် မြင်မိပါတယ်။
ကုသရေးအတွက် Telemedicine
အထက်မှာ ဆွေးနွေးခဲ့တဲ့ရောဂါကို တွန်းတွန်းတိုက်တိုက် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခြင်းလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်သွားဖို့ လိုသလို ကာကွယ်ကုသရေးနဲ့ ပတ်သက်တဲ့ နည်းဗျူဟာကို ပြည်သူလူထု ကြိုတင် သိရှိထားအောင် ဆောင်ရွက်ဖို့လိုတယ်လို့ ထင်ပါတယ်။ ကိုဗစ် – ၁၉ရောဂါ ကုသရေးနဲ့ ပတ်သက်ပြီး မြန်မာပြည် အတိုင်းအတာ အရ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး စောင့်ရှောက်သူ အင်အားစုများကို ပြည့်စုံအောင် စီစဉ်ဆောင်ရွက်ထားပါတယ်လို့ အစိုးရတာဝန်ရှိသူက ပြောဆိုတာကို မီဒီယာမှာ ဖတ် လိုက်ရပါတယ်။ အင်္ဂလန်နိုင်ငံအနေနဲ့ သူတို့ကိုင်တွယ်ကုသနိုင်တဲ့ လူနာအရေအတွက် ဟာ တသောင်းကျော်လေးပဲရှိပြီး ဒီပမာဏထက် များလာရင် ကျန်းမာရေးစောင့် ရှောက်မှုစနစ်ဟာ ပြိုကွဲသွားနိုင်တယ်လို့ပြောတာ ဖတ်ရှုမိလို့ တာဝန် ရှိသူပြောတဲ့ မြန်မာပြည်အတိုင်းအတာက ဘယ် လောက်လဲ ဆိုတာကို သိချင်မိပါတယ်။ ရေးဆွဲထားတဲ့ contingency plan ထဲမှာ လိုက်ရှာ ကြည့်ပေမဲ့ မတွေ့မိပါဘူး။ များသောအားဖြင့် contingency plan တွေမှာ တွေ့ကြုံနိုင်မယ့် အခြေအနေ အမျိုးမျိုးကို မှန်းဆခြင်း scenario assessment ကို လုပ်လေ့ရှိကြပြီး ဆောင်ရွက်မယ့် နည်းဗျူဟာအမျိုးမျိုး tactical options ကို ရေးဆွဲ အသိပေးထားတတ် ကြပါတယ်။ ဒီလို worst case scenario ကို မှန်းဆ ရေးဆွဲ နိုင်ခြင်းအားဖြင့် လူထုကို နိုးကြားလာအောင် လုပ်သလို ဖြစ်ပြီး လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က စီမံခန့်ခွဲနိုင်စွမ်း မရှိတော့တဲ့အခါ၊ လူထု စိုးရိမ်ထိတ်လန့်မှု မရှိအောင်နဲ့ မလိုလားအပ်တဲ့ နိုင်ငံရေး မတည်မငြိမ်မှုမျိုး မဖြစ်အောင် စီမံခန့်ခွဲပြီးသား ဖြစ်ပါတယ်။ အတိတ်နဲ့ နိမိတ်နဲ့ နေတဲ့လူမျိုးမို့ ဒီလိုမကောင်း အနိဋ္ဌာရုံ တွေကို မပြောချင်လို့သာနေမယ် လူထုကျန်းမာရေး ပညာရှင်တွေက ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို ကြိုတင် ခန့်မှန်းပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီတော့ လူထုကို ချပြပေးဖို့ သတ္တိရှိပါလို့ ဆိုချင် ပါတယ်။ တပြိုင်နက်တည်းမှာ တကယ်လို့ ဆေးရုံ၊ ဆေးခန်းက လက်ခံနိုင်တဲ့ပမာဏ ကျော်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်ကို သိချင်ပါတယ်။ ဒါဆိုရင် ပြည်တော်ပြန် ရွှေ့ပြောင်းလုပ် သားတွေများတဲ့ မကွေး၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်၊ မွန်၊ တနင်္သာရီ ဒေသတွေမှာ alternative ဘယ်လို လုပ်မလဲ ဆိုတဲ့ ကြိုတင် စီစဉ်မှုတွေကို လူထု ပူးပေါင်းပါဝင်မှုနဲ့ ပြင်ဆင် ဆောင်ရွက်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
လက်ရှိ ကိုဗစ် – ၁၉ ကို ကုသနိုင်တဲ့ ဆေးဝါး မရှိသေးတာမို့ လိုအပ်ချက်အရ အရေးပေါ် ဖွင့်ရမယ့် ကုသရေး စင်တာတွေမှာ လူနာ ကိုယ်ခံအားကောင်းအောင် တတ်နိုင်သမျှ ဆေးဝါး တိုက်ကျွေးတာရယ်၊ အခြား ရောဂါတွေ complication ရှုပ်ထွေးမှုတွေ ထပ်မဖြစ်အောင် ထိန်းထားဖို့ပဲ တတ်နိုင်မယ်လို့ မှန်းဆရပါတယ်။ Ventilator အသက် ကူရှူစက် အလုံအလောက်ရဖို့က လက်တွေ့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ရနိုင်သလောက်လေး ခုကတည်းက ကြိုတင်စီစဉ်ထားနိုင်ရင် အနီးကပ်မှ လူနာထားဖို့ ခုတင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ဆေးဝါးကအစ စီစဉ်ရဖို့ အခက်အခဲရှိနိုင်သလို့ ဆေးဝါး ထောက်ပံ့ရေးစနစ် medical supply and logistic ရပ်တန့်သွားတာမျိုးကို ရှောင်ရှား နိုင်မယ် ထင်ပါတယ်။ လူနာတွေ အသက်ဆုံးရှုံးသွားရင်တောင်မှ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့တာပဲလေဆိုတဲ့ စိတ်ဖြေသိမ့်မှု ရနိုင်ပါလိမ့်မယ်။ ဒါဟာ တအုံနွေးနွေး စိတ်ထဲမှာဖြစ်နေနိုင်တဲ့ နိုင်ငံရေးအကြိတ်အခဲကို ကြိုတင်ဖြေရှင်းပြီးသားလည်း ဖြစ်ပါ လိမ့်မယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို Telemedicine နဲ့ ပတ်သက်ပြီး အကူအညီ ပေးဖို့ ကမ်းလှမ်းထားတာ ကြာပြီဖြစ်ပါတယ်။ အထူးကု ဆရာဝန်ကြီးတွေ မရနိုင်တဲ့ ခရိုင်ဆေးရုံ ဒါမှမဟုတ် ကိုဗစ် – ၁၉အတွက် အထူးဖွင့်ရတဲ့ ကုသရေး စင်တာတွေမှာ အင်တာနက် အမြန် တပ်ဆင်ခြင်း၊ အင်အားကောင်းတဲ့ ကင်မရာများ တပ်ဆင်ခြင်း၊ မြင်ကွင်းရှင်းတဲ့ Zoom လို software (အင်တာနက်လုံခြုံရေးနဲ့ ပတ်သက်ပြီး အငြင်း ပွားဖွယ် ဖြစ်နေသော်လည်း ကျန်းမာရေးကိစ္စမှာ သုံးသင့်ပါတယ်) တပ်ဆင်ခြင်း၊ လူနာမှတ်တမ်း ထိန်းသိမ်းရေးဆိုင်ရာ Database များ တည်ဆောက်ခြင်း၊ လိုအပ်တဲ့ ဆေးဝါး များ ပို့ဆောင်ပေးနိုင်ဖို့ logistic system ထောက်ပံ့ ပို့ဆောင်ရေး နည်းလမ်းတွေ တည်ထောင်ထားမယ် ဆိုရင်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးများနည်းတူ အထူးကု ဆရာဝန် ကြီးများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို နယ်က လူနာတွေ အချိန်နဲ့ တပြေးညီ အလှမ်းမီနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဆေးရုံဆေးခန်းတွေအပေါ် ကျနေတဲ့ ဖိအား ကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပြင်ဆင်ချိန် တလခွဲလောက် ရပါတယ်၊ ကျနော်တို့နိုင်ငံအနေနဲ့ လုပ်နိုင်တဲ့ ငွေအား၊ နည်းပညာအား၊ စီမံခန့်ခွဲနိုင်မှု ဘောင်ထဲမှာ ရှိနေပါတယ်။ ဒါဆိုရင် အကြောင်းကြောင်းကြောင့် ဒီကူးစက်ရောဂါ ပေါက်ကွဲလို့ လူနာတွေများလာမယ့် စွတ်စိုထိုင်းမှိုင်းတဲ့ မုတ်သုံရာသီ မေလလောက်ကို ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်နိုင်ပါတယ်။
ချုပ်ရရင်တော့ ကိုဗစ် – ၁၉ ဟာ လှူသမိုင်းမှာ မကြုံတွေ့ဖူးသေးတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ လူသားအားလုံးကို စိန်ခေါ်လာတာ ဖြစ်ပါတယ်။ ဒီကြီးမားတဲ့ စိန်ခေါ်မှုကြီးကို ကျနော်တို့ လုပ်ရိုးလုပ်စဉ် နည်းတွေနဲ့ ကိုယ်တွယ် ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ ဆန်းသစ်တဲ့ out of the box thinking သမားရိုးကျ စဉ်းစားတွေးခေါ် လုပ်ဆောင် နေတာတွေကနေ ဖောက်ထွက်ပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ချေမှုန်းမှသာ သူ မသတ်ခင် ကိုယ်က ဦးအောင် နှိမ်နင်း နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကုသဆေး မပေါ်ခင်စပ်ကြား မိုးမပြိုဘူး၊ ပြိုခဲ့သည်ရှိသော်ဆိုတဲ့ စဉ်းစားမှုမျိုးနဲ့ ဒီဆောင်းပါးကို အများ ဖတ်ရှု ငြင်းခုန်ကြပြီး သကာလ ပိုမိုအကျိုးရှိတဲ့ နည်းလမ်းတွေကို ကြံဆနိုင်အောင် အထောက်အကူပြု ရေး သားလိုက်ရပါတယ်။ ကျနော်တို့အားလုံး ကိုဗစ် – ၁၉ အ္တရာယ်က ကျော်လွှားနိုင်မှာ အသေအချာပါပဲ။ ကျန်းမာ လန်းဖြာနိုင်ကြပါစေ။
“Be Proactive, Stay Strong & Only Fit can Survive”
(Survival of Fittest, Darwin 1864)
ဝင်းမျိုးသူသည် စိမ်းလန်းအမိမြေ Advancing Life and Regenerating Motherland (ALARM) တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post