Menu & Search

ကိုဗစ် အလွန် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

July 15, 2020

ကမ္ဘာ့နိုင်ငံအတော်များများ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုအား ကာကွယ်ထိန်းချုပ်ရာတွင် စစ်ပွဲနှင့် တင်စားကြသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကပင်  ကမ္ဘာကြီးသည်  ဗိုင်းရပ်စ်နှင့် စစ်ပွဲ ဆင်နွဲနေရပြီဟု  ထုတ်ဖော်ပြောကြား ခဲ့ရသည်။ စစ်ပွဲဟု တင်စားသည့်အတွက် အရပ်ဘက် ဝန်ကြီးဌာနများနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ကြသည်။ နိုင်ငံ့အရင်းအမြစ်အားလုံးကို စုစည်းအသုံးချကြသည်။ သို့သော် ဤစစ်ပွဲက လေယာဉ်များ၊ အမြောက်များ၊ မောင်းပြန်သေနတ်များ၊ တင့်ကားများ၊ ခြေလျင်စစ်သည်များနှင့် သူသေ ကိုယ်သေ တိုက်ခိုက်သည့် တိုက်ပွဲ မဟုတ်။ သမားရိုးကျ မဟုတ်သော လုံခြုံရေး (non-traditional security)နှင့်သက်ဆိုင်သည့် စစ်ပွဲဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ကိုဗစ်-၁၉  ကူးစက်ရောဂါကပ်ဘေးနှင့် ရင်ဆိုင်နေရသော နိုင်ငံဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ကို စစ်ပွဲတပွဲလို ခုခံတိုက်ခိုက်မည်ဆိုသည့် စကားသံ မကြားရ။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ဘယ်လို ကိုင်တွယ် မလဲဆိုသည့် ဆွေးနွေးမှုတွေ မမြင်ရ။  တွေ့မြင်နေရသည့်သတင်းများအရမူ  ဒေသအလိုက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ဆောင်ရာတွင်ပင်လျှင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် တပ်မတော်အကြားတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်။ မိမိအစီအစဉ်နှင့် မိမိဆောင်ရွက်နေသည်က ပိုများနေသည်ဟု ခံစားရသည်။

ဤအခြေအနေက မြန်မာနိုင်ငံ၏ လက်ရှိ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအခြေအနေကို မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။ ကိုဗစ်-၁၉  ကူးစက်ရောဂါ ကပ်ဘေးမှသာမဟုတ် ၂၀၁၆ ခုနှစ် နောက်ပိုင်း ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးဒဏ်များတွင်လည်း အင်န်အယ်လ်ဒီ အစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့သည်ကို တွေ့ရသည်။

ထိုအချက်သည်လည်း ၁၉၆၂ ခုနှစ်ကစပြီး မြန်မာ့နိုင်ငံရေးတွင် တိုက်ရိုက် တမျိုး၊ သွယ်ဝိုက်ပြီး တဖုံ ပါဝင်လာခဲ့သည့် တပ်မတော်၏ အခန်းကဏ္ဍကို လက်မခံနိုင်သည့် အင်န်အယ်လ်ဒီပါတီ၏ မူဝါဒနှင့်  အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အဓိက အခန်းကဏ္ဍက ပါဝင်ရမည်ဟု ခံယူထားသည့် တပ်မတော်၏ မူဝါဒတို့အကြား  ထိပ်တိုက်တွေ့နေခြင်း၏ ရလဒ် ဖြစ်သည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်နိုင်မည့် ယန္တရားနှစ်ခုရှိသည်။ ပထမတခုမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် လွှတ်တော်အဆင့်ဆင့် ဖြစ်သည်။ ဒုတိယတခုကမူ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) ဖြစ်သည်။ သို့သော် ထိုနှစ်ခုလုံး အသက်မဝင်။ ပြည်ထောင်စုအဆင့် လွှတ်တော်များက နိုင်ငံရေး အားပြိုင်ရာနေရာ ဖြစ်နေပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကမူ ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်မှ ယနေ့အချိန်အထိ တကြိမ်မျှ အစည်းအဝေးကျင်းပနိုင်ခြင်း မရှိပေ။ ကာ/လုံ ခေါ်ရေး၊ မခေါ်ရေးဆိုသည်မှာ အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စမဟုတ်တော့ဘဲ ကာ/လုံ ခေါ်ခြင်းသည် တပ်မတော်က နိုင်ငံရေးတွင် ပါဝင်နေမှုကို ထောက်ခံခြင်း၊ ကာ/လုံ မခေါ်ခြင်းသည် တပ်မတော်က နိုင်ငံရေးတွင်ပါဝင်နေမှုကို ဆန့်ကျင်ခြင်း ဆိုသည့် စည်း/စံ တိုက်ပွဲ ဖြစ်နေသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်း ချက်များကို လေ့လာလျှင် အဓိကအချက်နှစ်ခုကို တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ ကာ/လုံ သည် သမ္မတကို အကြံပေးရန်သာ ဖြစ်သည်။ ကာ/လုံ၏ ဆုံးဖြတ်ချက်ဖြင့်  ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားခြင်းမဟုတ်။ ကာကွယ်ရေးဦးစီးချုပ်အား ခန့်အပ်ရာတွင်သာ ကာ/လုံ၏ ထောက်ခံချက်ဖြင့်  ဆောင်ရွက်ရန်ဟု ပြဌာန်းထားသည်။ ဒုတိယအချက်မှာ ကာ/လုံ အစည်းအဝေးကို မဲခွဲဆုံးဖြတ်ရမည်ဟု ပြဌာန်းထားခြင်းမရှိခြင်း ဖြစ်သည်။ သမ္မတ၏ အဆုံးအဖြတ်က အတည်ဖြစ်သည်။ သမ္မတ အမိန့်ပေးမှ ကာ/လုံအစည်းအဝေး ခေါ်လို့ရသည့်အချက်ကို ကြည့်လျှင်လည်း ကာ/လုံ တွင် သမ္မတ အဆုံးအဖြတ်က အဓိကဖြစ်သည့်အချက်မှာ ထင်ရှားသည်။ အများစုဖြစ်သည့် တပ်မတော်ဘက်မှ ကိုယ်စားလှယ်များ၏ ဆန္ဒသက်သက်ဖြင့် ကာ/လုံ အစည်းအဝေးကျင်းပ၍မရပေ။

မည်သို့ပင်ဖြစ်စေ အတိုက်အခံဘဝကတည်းက ကာ/လုံသည် တပ်မတော်က အာဏာသိမ်းရန် ရည်ရွယ် ထားသည့် အဖွဲ့အစည်းဟု ရှုမြင်ခဲ့သည့် အင်န်အယ်လ်ဒီပါတီအစိုးရလက်ထက်တွင် ကာ/လုံ ခေါ် ရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းသည်။ ထို့ကြောင့် ကာ/လုံ အလုပ်မဖြစ်သည့် အခြေအနေတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် ကဏ္ဍတခု၊ ယန္တရားတခုကို စဉ်းစားရန်လိုအပ်လာသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏ အောင်မြင်မှုမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ခိုင်မာမှုအပေါ် မူတည်သည်။ ထိုဆက်ဆံရေးကို တည်ဆောက်ရာတွင်  ဒီမိုကရေစီစံနှုန်းဖြစ်သည့် အရပ်ဘက်ထိန်းချုပ်မှုအောက်တွင် တပ်မတော်အား ထားရှိရေးကို မည်သည့်စံနှင့် တိုင်းတာမည် ဆိုသည့်အချက်သည် အရေးကြီးဆုံးဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သမိုင်းကြောင်းနှင့် ပကတိ အရှိတရားများကို ထည့်သွင်းစဉ်းစားပါက အရပ်ဘက် ထိန်းချုပ်မှုသည် လက်တွေ့ကျသော အရပ်ဘက်ထိန်းချုပ်မှု (Objective Civilian Control) ဖြစ်ရေးကို ပထမဦးစားပေးဆောင်ရွက်ရမည် ဖြစ်သည်။

လက်တွေ့ကျသော အရပ်ဘက်ထိန်းချုပ်မှုဆိုသည်ကို အကျဉ်းချုပ်ဖွင့်ဆိုရလျှင် တပ်မတော်ကို ပရော်ဖက်ရှင်နယ်ဆန်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးသမားများကလည်း တပ်မတော်၏ ပရော်ဖက်ရှင်နယ်သဘောသဘာဝကို နားလည်လက်ခံခြင်းနှင့် အရပ်ဘက်နှင့် စစ်ဘက်အကြား လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များတွင် ပဋိပက္ခ မဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်

ထိုကဲ့သို့ အရပ်ဘက်နှင့် စစ်ဘက်အကြားတွင် လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များ ပဋိပက္ခမဖြစ်စေဘဲ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖြစ်နိုင်ခြေအရှိဆုံးကဏ္ဍမှာ သမားရိုးကျမဟုတ်သော လုံခြုံရေး (non-traditional security) ကဏ္ဍ ဖြစ်သည်။

သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုသည်မှာ စစ်ရေးနှင့်မသက်ဆိုင်သော ရာသီဥတု ပြောင်းလဲမှု၊ ကူးစက်ရောဂါဖြစ်ပွားမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ စားနပ်ရိက္ခာရှားပါးမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှု၊ ဒုက္ခသည် ပြဿနာ၊ နယ်စပ်ဖြတ်ကျော်မှုခင်း ကဲ့သို့သော လုံခြုံရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်သည်။ ထိုပြဿနာများသည် တနိုင်ငံတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်၊ ဒေသတွင်းနိုင်ငံများနှင့်လည်း သက်ဆိုင်သည်။ မိမိနိုင်ငံအတွင်း ဖြေရှင်းရာတွင်လည်း နည်းလမ်းတခုတည်းဖြင့် ဖြေရှင်း၍မရ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံ နည်းလမ်းများကို အသုံးပြုရသည်။  အဖွဲ့အစည်းတခုတည်း ဆောင်ရွက်၍မရ။ နယ်ဘက်ဌာနများ၊ တပ်မတော်အပါအဝင် လုံခြုံရေးဆိုင်ရာအဖွဲ့စည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်ရသည်

ထို့ပြင် သမားရိုးကျမဟုတ်သောလုံခြုံရေးသည် စစ်အေးခေတ်လွန်ကာလတွင် “အမျိုးသားလုံခြုံရေး၏ ရည်မှန်းချက်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ရန်သက်သက် မဟုတ်တော့၊ ပြည်သူတဦးချင်းနှင့် လူ့အဖွဲ့အစည်းတခုလုံး၏ ဘဝလုံခြုံ ရေး၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေး၊ အသက်ရှင်သန်ရေးများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်”  ဆိုသည့် ပြောင်းလဲလာသော အယူအဆအရ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားလုံခြုံရေးကို ဦးစားပေးပြောဆိုလေ့ရှိသည့် တပ်မတော်အနေဖြင့်  သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စများတွင် အရပ်သားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အခက်အခဲရှိမည်မဟုတ်ပေ။

အင်န်အယ်လ်ဒီပါတီအနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ကျရောက်ချိန်၊ ကူးစက်ရောဂါဘေး ကျရောက်ချိန်များတွင် တပ်မတော်အင်အားကို အသုံးပြုပါက အရပ်ဘက် ဝန်ကြီးဌာနများက  တပ်မတော်၏ ကွပ်ကဲမှုအောက်ရောက်သွားမည်၊ အရပ်သားအစိုးရက စွမ်းဆောင်နိုင်မှုမရှိသည့်အတွက် တပ်မတော်အကူအညီယူရသည်ဟု အထင်ခံရမည်ကို စိုးရိမ်ဟန် ရှိသည်။

သို့သော် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆောင်ရွက်ရာတွင် စစ်တပ်နှင့် အရပ်ဘက် ကာကွယ်ရေးအဖွဲ့အစည်းများကို အသုံးပြုခြင်းနှင့်ပတ်သက်သည့်  ကုလသမဂ္ဂ၏  အခြေခံမူများတွင် တပ်အင်အားကို အသုံးပြုသည့်အခါတွင် လက်ရှိဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီများတွင် လိုအပ်နေသည့် ကွက်လပ်များကို ဖြည့်ဆည်းပေးရန် ဖြစ်ရမည်၊ လက်နက်ကိုင်တပ်ဖွဲ့များက ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို တိကျစွာသတ်မှတ်ထားရမည်၊ လူသား ချင်းစာနာမှု အကူအညီများနှင့်ပတ်သက်သည့် အာဏာပိုင်သည် လူသားချင်းစာနာမှုအကူအညီ  ပေးရေးအတွက် တာဝန်ရှိသည့် အရပ်ဘက်အဖွဲ့အစည်းများသာ ဖြစ်ရမည်ဟု တိကျစွာဖော်ပြထားပြီးဖြစ်သည်

ထို့ကြောင့် အရပ်သားအစိုးရအနေဖြင့်လည်း သဘာဝဘေးနှင့် ကူးစက်ရောဂါ ကပ်ဘေးများတွင် တပ်မတော်အင်အားကို ထိထိရောက်ရောက်အသုံးချရန်အတွက် နှောင့်နှေးမနေသင့်ပေ။ တပ်မတော်သည် အဖွဲ့အစည်း၏ သဘောသဘာဝအရ ကွပ်ကဲကြီးကြပ်မှုစနစ်၊ ဆက်သွယ်မှု စနစ်၊ အုပ်ချုပ်ထောက်ပံ့မှုစနစ်များ အပြည့်အစုံရှိသည့်အတွက် အရေးပေါ်အခြေအနေများကို လျှင်မြန်စွာတုံ့ပြန်နိုင်စွမ်းရှိသည်။ ထို့ကြောင့်လည်း နိုင်ငံတိုင်းလိုလိုက ကိုဗစ်-၁၉  အပါအဝင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာအရေးပေါ်အခြေအနေများတွင် တပ်မတော်ကို အသုံးပြုခြင်းဖြစ်သည်။

သို့သော် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာအရေးပေါ်အခြေအနေများတွင် တပ်မတော်ကို အသုံးပြုရာ၌  မြန်မာ့နိုင်ငံရေး၏ အကဲဆတ်မှုအနေအထားကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ထိုအချက်ကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းမှာ သဘာဝဘေး၊ ကူးစက်ရောဂါကပ်ဘေးများတွင် တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးပြုခြင်းနှင့်ပတ်သက်သည့် ဥပဒေတရပ်အား  ပြဌာန်းရန်ပင်ဖြစ်သည်။ ထိုဥပဒေကြမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မလိုအပ်သည့်အတွက် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်တွင် သာမန် အများစု မဲဆန္ဒဖြင့်  ပြဌာန်းနိုင်သည်။

ထိုဥပဒေမျိုးအတွက် အကောင်းဆုံးနမူနာတခုမှာ အမေရိကန်နိုင်ငံ၏ Robert T.Stafford Disaster Relief and Emergency Assistance Act (1988) ပင် ဖြစ်သည်။ အမေရိကန်နိုင်ငံသည်လည်း အမြဲတမ်းတပ်ဖွဲ့ဝင်များကို ပြည်တွင်းရေးရာ ကိစ္စများတွင် အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ထိရှလွယ်သည့် လူထုသဘောထားရှိသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် Stafford  ဥပဒေတွင် လက်နက်ကိုင်တပ်ဖွဲ့ အမျိုးအစားတခုချင်းအတွက် အခြေအနေတခုစီတွင် ထမ်းဆောင်ရမည့် တာဝန်၊ ကွပ်ကဲမှု စနစ်များကို အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုဥပဒေနှင့် အခြားဆက်စပ်ဥပဒေများကို မူတည်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဘေးအန္တရာယ် အမျိုးမျိုးတွင် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်ဆောင် ရွက်ရမည့် လက်စွဲစာစောင်များကို ထုတ်ပြန်ထားခဲ့သည်

မြန်မာနိုင်ငံတွင် ဤကဲ့သို့သော ဥပဒေတရပ်ကို ပြဌာန်းနိုင်လျှင် သဘာဝဘေး၊ ကူးစက်ရောဂါ ကပ်ဘေးများနှင့် ကြုံတွေ့ချိန်တွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုအတွက် ဥပဒေဘောင်အတွင်းမှ တိတိကျကျ ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ခွင့်ရမည်။ တနည်းအားဖြင့် အရပ်ဘက်နိုင်ငံရေးသမားများ၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်မှုအပေါ် သံသယရှိနေသည့် တပ်မတော်ကိုလည်း အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်များ၏ စွမ်းဆောင်နိုင်မှုကို သက်သေပြနိုင်မည်။ တပ်မတော်၏ ကွပ်ကဲကြီးကြပ်မှုစနစ်များ၊ အုပ်ချုပ်ထောက်ပံ့မှုစနစ်များနှင့် အလှမ်းဝေးနေသည့် အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့်လည်း လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ငန်းသဘာဝကို    လေ့လာခွင့်ရမည်ဖြစ်သည်။

ထိုကဲ့သို့ ဘုံသဘောတူညီချက်ရနိုင်မည့် လုံခြုံရေးဆိုင်ရာကဏ္ဍများတွင် စတင်ပူးပေါင်း  ဆောင်ရွက်ခြင်းသာလျှင် မြန်မာနိုင်ငံတွင်  အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တိုးတက်ခိုင်မာအောင်  ဆောင်ရွက်နိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည်။

၂၀၁၅ ခုနှစ်က စပြီး နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်နှင့် ယခု ကိုဗစ်-၁၉  ကူးစက်ရောဂါ ကပ်ဘေးတို့က မြန်မာနိုင်ငံအနေဖြင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများအတွက် အမျိုးသားအဆင့် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်နေပြီ၊ အစဉ်အလာအရ လက်ခံထားသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ အယူအဆများကို ပြန်လည် သုံးသပ်ရတော့မည်ဟု အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။

ကိုဗစ်အလွန်ကာလတွင် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါက လူသားလုံခြုံမှုအတွက်သာမက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ပါ ခိုင်မာသော ခြေလှမ်းတခု ဖြစ်လာပါလိမ့်မည်။

 

ကိုးကား

သမ္မတ ဦးသိန်းစိန်ကာလတွင် ကာ/လုံ အစည်းဝေး၌ တပ်မတော်၏ စိုးရိမ်မှုကို ကျော်လွှားပြီး သမ္မတက အဆုံးအဖြတ်ပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။ ဥပမာ- ဘူးသီးတောင်၊ မောင်တော ဒေသမှ နစက ကို ဖျက်သိမ်းခြင်း

Samuel P. Huntington, The Soldier and the State. Harvard University Press, 1985. Page 83.

http://rsis-ntsasia.org/about-nts-asia

Caballero- Anthony, M. (2006), Regional Security in Southeast Asia, Beyond the ASEAN Way. Singapore: Institute of Southeast Asian Studies

The Use of Foreign Military and Civil Defense Assets in Disaster Relief – “Oslo Guidelines” ( Revision 1.1. November 2007)

ဥပမာ- Disaster Response Staff Officer’s Handbook, US Army

Ye Htut

ရဲထွဋ်သည် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search