Menu & Search

ပုဂ္ဂလလား…ဓမ္မလား…ဟန်ချက်လား…

July 15, 2020

ကိုဗစ်အ‌ကြောင်းကို စသတိထားမိတာ ပါရီမှာပါ။ ဇန်နဝါရီလလယ်လောက်ပေါ့။ တရုတ်က သတင်းစထွက်ချိန်။ ပဲန်အင်တာနေရှင်နယ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့အစည်းအ‌ဝေးအတွက် ပါရီ ရောက်နေခဲ့ပြီး ရန်ကုန် ပြန်ရောက်လာ တော့ ဝူဟန်ရဲ့အခြေအနေက ဆိုးလာနေပါပြီ။ ကိုယ်နဲ့နီးတယ်လို့ သတိထားနေခဲ့ပေမဲ့ ကိုဗစ်က ဥရောပဘက် ရောက်သွားတယ်။ ကိုယ့်ဘက် ရောက်လာမလား စိုးရိမ်ခဲ့ပေမဲ့ တော်ရုံနဲ့ ရောက်မလာတော့ ထုံးစံအတိုင်း ပြည် တွင်းခရီးတွေ၊ အလုပ်တွေ လုပ်ရင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကိုပဲ မျက်ခြည်မပြတ် ကြည့်ပေါ့။ မတ်လဆန်းလောက်မှာ ဧရာ၀တီဒိတ်လိုင်းစကားဝိုင်းမှာ အခုအချိန်ဟာ လူတယောက်ချင်းစီရဲ့ အခန်းကဏ္ဍ အနေနဲ့ သိပ်ကို အရေးကြီး၊ အရေးပါတဲ့အချိန်ပဲလို့ ပြောခဲ့တယ်။ တကိုယ်တည်း လုပ်နိုင်တာရဲ့ အတိုင်းအဆဟာ အများအပေါ်မှာ သက်ရောက်မှု သိပ်များ သိပ်ကြီးနိုင်တဲ့ အခိုက်အတန့်ဆိုတာကို ယုံစေချင်တာပါ။ လက်ဆေးမယ်၊ လူအများကြား လျှောက်သွားတာကို ရှောင်မယ်၊ လူစုလူ‌‌ဝေး မလုပ်ဘူးဆိုတဲ့ တယောက်ချင်း ဆောင်နိုင်၊ ရှောင်နိုင်၊ လုပ်နိုင်တာတွေက ကိုယ်တယောက်တည်းတင်မက ကိုယ့်မိသားစုကအစ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအလယ် ကမ္ဘာ ကြီးတခုလုံးအထိတောင် သက်ရောက်မှုကောင်းတွေ ဖြစ်စေနိုင်နေတဲ့ ကပ်ကာလကိုး။

အဲဒီလိုနဲ့ အိမ်တွင်းပုန်းရေးမူ၀ါဒနဲ့ ကြေညာချက်တွေ ထွက်လာတော့ ပိုးကူးခံရမှာ၊ ဝင်ငွေတွေ ပျောက်သွားမှာ စတဲ့ ပူပန်စရာ‌တွေကို အသိအမှတ်ပြုပေမဲ့ နဂိုမူလဉာဉ်အတိုင်း ‘အိမ်မှာ နေရတာဟာ အားလပ်သွားတာ မဟုတ်ဘူး၊ အရင်က တခြားလုပ်စရာတွေနဲ့ ရှုပ်နေလို့ လုပ်ချင်ရက် မလုပ်နိုင်ခဲ့တဲ့ လုပ်စရာတွေကို လုပ်မယ်’ ဆိုတဲ့ ထွက် ပေါက်ဗျူဟာကို အစီအစဉ် ဆွဲဖြစ်ခဲ့ပါတယ်။ အဓိကကတော့ အနှစ်နှစ်အလလ ရေးချင်နေခဲ့ပြီး မရေးဖြစ်တဲ့ စာ အုပ်ကို ပြီးအောင် ရေးမယ်လို့ ဆုံးဖြတ်တယ်။ ကိုယ် ရေးချင်တဲ့ပုံစံက ခက်ခဲရှုပ်ထွေးတော့ ဈာန်ဝင်စားဖို့ အချိန်ယူ မှာမို့ တော်ရုံနဲ့ ရုပ်လုံးမပေါ်ရင် ကပ်ကြီးသာ ပြီးရော ကိုယ် လုပ်ချင်တာလေး လုပ်မပြီးသွားမှာ စိုးတော့ ရသအရေး အသားကို အမြန်ပြန်ဝင်စားနိုင်ဖို့ ကိုယ့်ဘာသာ ပရိယာယ်ပြန်ဆင်တဲ့အနေနဲ့ အင်္ဂလိပ်လိုပဲ ရေးခဲ့ထုတ်ခဲ့ပြီး မြန်မာလို မရှိသေးတဲ့ ကိုယ့်စာအုပ်ကို ကိုယ့်ဘာသာ မြန်မာလို ပြန်ရေးတာကနေ ပြန်နှိုးယူတယ်။ ရသနှလုံးသားက နိုးလာတော့ မရပ်နိုင်ဘူး။ ရေးချင်တာ များနေတယ်။ စိုးရိမ်မှုက ပြောင်းလာတယ်။ ရေးချင်နေတာတွေက ကပ်ကြီး မပြီးခင် မီအောင် ရေးပြီးပါ့မလား၊ မီမှ မီပါ့မလားပေါ့။ ရုံးတက်ရုံးဆင်းလို မဟုတ်တော့ အချိန်ပြည့်လို ရေးဖို့ အား ထုတ်ဖြစ်သွားတယ်။

ဒါပေမဲ့ တဘက်ကလည်း အိမ်မှာ နေရတုန်း တရားထိုင်ချိန်ကို သတ်သတ်မှတ်မှတ် အချိန်ပိုပေးမယ်ဆိုတဲ့ ပိုင်း ဖြတ်ထားတာလည်း ရှိနေတယ်။ ကိုယ်ခန္ဓာ ကိုယ်ခံအားအတွက် ကာယလေ့ကျင့်ခန်း လုပ်ရမယ်ဆိုတဲ့အသိက လည်း ဒီအခိုက်အတန့်လေးကို အမြတ်ထုတ်ချင်နေတယ်။ အိမ်ပြင်မှာ လမ်းလျှောက်နိုင်တာ မဟုတ်ပေမဲ့ အိမ်တွင်း မှာ လုပ်လို့ရနေတာပဲလေ။ အပြင်ကို နေ့တိုင်း မသွားသင့်သလို မနက်စောစောစာအတွက် အလွယ်တကူ သိပ် မဖြစ်ချိန်မှာ ထောင်ထဲမှာတုန်းကလို တပတ်မှာ သုံးရက် ဥပုသ်မစောင့်နိုင်ရင်တောင် ကျန်းမာရေးအတွက်လည်း အကျိုးရှိ၊ ကိုယ်အလေးချိန်လည်း ကျ၊ သွေးတွင်းအဆီများနေတာကိုလည်း ချပေးနိုင်တဲ့  တရက်မှာ ၁၆ နာရီ အစာမစားဘဲ ၈ နာရီပဲ စားတာကို လုပ်လိုက်မယ်လို့ ပိုင်းဖြတ်လိုက်တယ်။ တနပ်စာအတွက် ငွေတင်မဟုတ် တွေး ရပြင်ရ သက်သာသွားတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် ထမ်းထားရတာ သက်သာသွားသလိုပဲ။

ထားပါတော့။ ဒါက ကိုဗစ်နဲ့ပတ်သက်တဲ့ ကျမရဲ့တကိုယ်ရည်တုံ့ပြန်မှုပေါ့။ လူတယောက်ချင်းစီမှာ ကိုယ့်မူကိုယ့် ဟန်နဲ့ကိုယ် တုံံ့ပြန်ပုံချင်း၊ ရွေးချယ်မှုချင်း မတူနိုင်ပါဘူး။ အဲဒီလိုပဲ တကမ္ဘာလုံးက နိုင်ငံအသီးသီးကလည်း သူ့အခြေ အနေနဲ့ သူ့တုံ့ပြန်မှုဟန်ပန် အဆုံးအဖြတ်တွေ မတူကြပါဘူး။ တရုတ်က အစပိုင်းမှာ ဖုံးဖိထားဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ပိုင်းမှာ သူ့လူထုကို သူ စေလိုရာစေနိုင်တာမို့ ပြင်းထန်တက်ကြွတဲ့ ပိတ်ဆို့မှုတွေကို ပီပီပြင်ပြင် လုပ်ရာက  ကိုဗစ်ကို ထိန်းချုပ်နိုင်သွားတယ်။ အီတလီနဲ့ စပိန်အပါအ၀င် ဥရောပနိုင်ငံတွေကတော့ ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ကောင်းတဲ့ကြားက လူချင်းအနီးကပ်ထိတွေ့ဆက်ဆံတတ်တဲ့ ယဥ်ကျေးမှုအပါအဝင် ပိတ်ဆို့မှုတွေ နောက်ကျခဲ့မှုအတွက် ပိုးကူးခံရသူနဲ့ သေဆုံးသူအရေအတွက်တွေ မြင့်ခဲ့ကြပါတယ်။ အင်္ဂလန်ကတော့ အစပိုင်းမှာ ထိန်းထားတဲ့မူကနေ ပိတ်ဆို့မှုကို မသွားဘဲ အများစုကိုယ်ခံအားရသွားတာမျိုးဖြစ်သွားရင် အဆင်ပြေမှာပဲလို့ တွေးပြီး ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေတဲ့အရာတွေကိုတောင် ကြိုတင်ပြင်ဆင်ပေးထားတာ မလုံလောက်တဲ့အတွက် ပိုးကူးခံရသူတွေ များသလို ကျန်းမာရေးဝန်ထမ်းတွေပါ စတေးလိုက်ရတဲ့အထိ ဖြစ်လာတယ်။ အမေရိကကလည်း ပိုးသတ်ဆေးကို ထိုးထည့်ပေးလိုက်ပါလားတို့၊ ငှက်ဖျားဆေးကို ကြိုသောက်ထားတယ်၊ မကြောက်ဘူးကွတို့၊ ဘယ်တော့မှ နှာခေါင်းစည်း တပ်မှာမဟုတ်ဘူးတို့ဆိုတဲ့ အပြောတွေနဲ့ အုပ်ချုပ်တဲ့ သမ္မတမျိုး ရှိနေတော့ ဆေးပညာရှင်တွေလည်း အလုပ်လုပ်ရ ခက်သလို ကိုယ့်အမှတ်လက္ခဏာကို ဖုံးကွယ်တာမျိုး လက်မခံ တတ်၊ လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်တာမျိုးကို သည်းမခံတတ်တဲ့ ယဥ်ကျေးမှုနဲ့ ကြီးပြင်းရတဲ့ လူထုအချို့ ကြောင့်လည်း ပိုးကူးစက်ခံရပြီး သေဆုံးသူအရေအတွက်က တသိန်း ကျော်သွားပါပြီ။ ဥရောပနိုင်ငံတွေထဲမှာ အ ဆင်ပြေနေတာက ဂျာမဏီ၊ ကမ္ဘာ့တောင်ပိုင်းမှာ နာမည်ကောင်းရနေတာက နယူးဇီလန်၊ တရုတ်ရဲ့ ဖိနှိပ်ထားမှု ကြားက အကောင်းဆုံးကျော်ဖြတ်နိုင်တာက တိုင်ဝမ်ဆိုတဲ့နိုင်ငံတွေမှာ ခေါင်းဆောင်တွေက အမျိုးသမီးတွေ ဖြစ် နေတာကလည်း ကိုဗစ်ကမ္ဘာ့သတင်းတွေထဲက ထင်ရှားသတင်းတခုပေါ့။

နောက်ထပ် ထင်ရှားသတင်းကတော့ ကိုဗစ်ဟာ ဓာတ်ခွဲခန်းလုပ်လား၊ သဘာ၀တရား ပျက်ယွင်းလို့ ဖြစ်လာတာ လားဆိုတဲ့ အငြင်းအခုံပေါ့။ တကယ်တော့ ဒီနှစ်ခုလုံးမှာ လူသားဟာ တရားခံ ဖြစ်နေတာတော့ ငြင်းမရပါဘူး။ ဒါပေမဲ့ လူသားဟာ ဓမ္မဓိဋ္ဌာန်အားဖြင့် သူ့ဘာသာ ပြန်အပြစ်တင်ဖို့ ငြင်းပယ်ပြီး ကမ္ဘာ့အရှေ့ခြမ်းကလူသားနဲ့ အနောက်ခြမ်းကလူသားဆိုတာမျိုး ပြန်သင်းခွဲလိုက်ကာ ပုဂ္ဂလဓိဋ္ဌာန်နဲ့ အပြန်အလှန် အပြစ်တင်တာတွေ လုပ်ကြ ပါတယ်။

ဒီတော့ တကိုယ်ရည်ပဲဖြစ်ဖြစ် နိုင်ငံအလိုက်ပဲဖြစ်ဖြစ် ကပ်ကြီးကို တုံ့ပြန်တဲ့အခါမှာ အချက်အလက် (Information) ရဲ့အရေးပါမှုကိုတော့ မပြောမဖြစ် ပြောရတော့မှာပေါ့။ ကိုဗစ်ဟာ ပိုးအသစ် ဖြစ်နေလို့ သူ့အကြောင်း သေ သေချာချာ မသိသလို သူ့အကြောင်းကို ထုတ်ပြန်ရာမှာ စိတ်ချယုံကြည်နိုင်ပါတယ်ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးရဲ့ ဦးဆောင်နေသူတွေဟာ တရုတ်ကို ငဲ့နေတယ်လို့ ယူဆမှုတွေ ထွက်လာတော့ အချက်အလက်အခြေပြုပြီး အဆုံးအဖြတ်လုပ်တတ်သူတွေအားလုံး စိတ်ပျက်မိကြပါတယ်။ ဒီကြားထဲမှာ အချက်အလက်မှားတွေကို ဖြန့်တာ ကလည်း ကမ္ဘာနဲ့အ၀ှမ်း ဖြစ်နေလေတော့ စိုးရိမ်နေရာက ခြောက်ခြားကြောက်ရွံ့ကုန်တာမျိုးလည်း တွေ့ရတာပါပဲ။ နှာခေါင်းစည်း တပ်ရေး မတပ်ရေးကအစ၊ ပိတ်ဆို့မှုတွေကို ဘယ်လောက်ကာလအထိနဲ့ ဘယ်လောက်ပြင်းပြင်း ထန်ထန် လုပ်သင့်သလဲဆိုတာအလယ်၊ ဒီပိုးဟာ လုံး၀ပျောက်ကွယ်သွားမှာ မဟုတ်တဲ့အတွက် သူနဲ့အတူယှဥ်တွဲ နေထိုင်သွားနိုင်ဖို့ နေ့စဥ်ဘဝ အပြုအမူတွေကို ဘယ်လိုညှိယူမယ်ဆိုတာအဆုံး၊ အားလုံးဟာ အချက်အလက်အစစ် အမှန်ကိုသာ အခြေခံမှ ထိရောက်မှန်ကန်တဲ့ အဆုံးအဖြတ်တွေ ဖြစ်မယ်ဆိုတာလည်း သေချာနေတယ်လေ။

ဒါကြောင့် လူတယောက်ရဲ့ အပြုအမူဟာ သူကိုယ်တိုင်သာမက တကမ္ဘာလုံးအတိုင်းအတာပေါ်မှာတောင် သက် ရောက်နိုင်ပါတယ်ဆိုတဲ့ အခုလို အခိုက်အတန့် အခြေအနေမျိုးမှာ အချက်အလက်အစစ်အမှန်တွေကို လက်လှမ်း မီရေးဟာ သိပ်အရေးကြီးလာပါတယ်။ အင်တာနက်ဖြတ်တောက်မှုတွေ မလုပ်ဖို့၊ စစ်ပွဲတွေ ရပ်ပေးဖို့ဆိုတဲ့ တောင်း ဆိုမှုတွေ၊ ညွှန်ကြားချက်တွေဟာ အချက်အလက်အစစ်အမှန်ကို လူတိုင်း လက်လှမ်းမီခွင့်အတွက်ကိုသာ အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။

တကယ်တော့ ဒီနေ့ခေတ်ဟာ သတင်းအချက်အလက် ပေါက်ကွဲမှုကပ်ကြီး Infodemic လည်း ရှိနေတဲ့ခေတ်မို့ တဖက်ကကြည့်ရင် ကောင်းပေမဲ့ တဖက်က ကြည့်ရင် အန္တရာယ်များတယ်လို့ ပြောနိုင်နေတဲ့ခေတ်ပေါ့။ ခုနက ပြောသလို ဘယ်သတင်းအချက်အလက်က မှန်တယ်၊ မှားတယ်၊ အမှန်နည်းနည်း အမှားများများ ဖြစ်တယ်၊ အမှန် များများ အမှားနည်းနည်း ဖြစ်တယ် စတဲ့ ပိုင်းခြားစိတ်ဖြာနိုင်တဲ့ အစွမ်းအစမှ မရှိရင် သတင်းအချက်အလက်ဟာ အစစ်အမှန် ဖြစ်ဦးတော့ အကျိုးမများနိုင်ဖြစ်နေဦးမှာပဲလေ။ ကိုယ် အာရုံကျရာ အကြောင်းအရာနဲ့ ပတ်သက်တဲ့ အ ချက်အလက်ကိုပဲ ရွေးရှာမိ ကြည့်မိနေတာမို့ တခြားအခြေခံအချက်အလက်တွေကို ကလစ်တချက်ခေါက်ရုံနဲ့ သိ နိုင်တာဖြစ်တဲ့တိုင် အားမထုတ်ဖြစ်လိုက်လို့ မသိလိုက်တာမျိုး၊ မသိတဲ့အတွက် မလိုအပ်ဘဲ စိတ်တိုရ စိတ်ဆိုးရ  ဖြစ်မိတာမျိုးကိုလည်း တွေ့နေရတာပါပဲ။ ဘာကြောင့်ညာကြောင့် မီးဖြတ်မယ်လို့ ကြေညာထားပေမဲ့ မရှာမိ မတွေ့ မိထားတော့ မီးပြတ်သွားချိန်မှာ စိတ်ခွန်အားတွေ ပြုန်းတီးရတာမျိုး၊ ဒါကိုလည်း တကိုယ်ရည်ဘ၀ထဲမှာပဲ မထား နိုင်ဘဲ အများဆိုင်စာမျက်နှာပေါ်ထိ တက်ဆဲမိတာမျိုးတွေက နမူနာ ဖြစ်မယ် ထင်ပါတယ်။ (ဒီနေရာမှာ မီးပျက်တာ သင့်-မသင့်ဆိုတာကို ဆွေးနွေးနေတာ မဟုတ်ပါဘူး။)

နိုင်ငံအဆင့် အများဆိုင်တကိုယ်ရည် နမူနာကတော့ အမေရိကန် သမ္မတကိုပဲ ကြည့်ရမယ် ထင်ပါတယ်။ သတင်း အချက်အလက်ကို လက်လှမ်းမီသူတယောက် ဖြစ်ပေမဲ့၊ တနည်းအားဖြင့် သတင်းအချက်အလက်ကို သိခွင့်ရ သိနေရပေမဲ့ ဗဟုသုတနဲ့ အမြော်အမြင် မရှိတာက ပြဿနာပဲလေ။ ဒါပေမဲ့ ဘရာဇီးလ်က အမေဇုန်တောထဲ နေထိုင်ကြတဲ့ ဌာနေလူမျိုးစုတွေကြားမှာ ကိုဗစ် ဖြစ်လာတော့ လူမျိုးပြုတ်သွားတဲ့အထိ ဖြစ်လာနိုင်လို့ စိတ်ပူကြရ တယ်ဆိုတာမျိုးကတော့ စစ်ဖြစ်မနေပေမဲ့ သတင်းအချက်အလက် လက်လှမ်းမီနိုင်စွမ်းဆိုတာ အခြေခံအဆောက် အအုံဖြစ်တဲ့ လျှပ်စစ်မီး၊ အင်တာနက်အပြင် ဘာသာစကား အကန့်အသတ်နဲ့ပါ သက်ဆိုင်နေတာကိုလည်း ထည့် တွက်ရတော့မှာပေါ့။ ကျမက ဘာသာစကား အကန့်အသတ်ကို ကျော်လွှားနိုင်စွမ်း အတန်အသင့် ရှိနေလို့ ကပ် ကာလမှာ ကိုယ်ရော စိတ်ပါ သန်စွမ်းအောင် လိုအပ်တဲ့အချက်အလက်ကို လက်လှမ်းမီနေတာ မဟုတ်လား။ ဒီ တော့ တကိုယ်ရည်အတွက် သတင်းအချက်အလက် အစစ်အမှန်ကို လက်လှမ်းမီဖို့ဆိုတာ သူ့တကိုယ်ရည်သာ တတ်နိုင်တဲ့ကိစ္စမျိုး မဟုတ်ဘဲ နိုင်ငံအဆင့် အများပြည်သူဆိုင်ရာ အစီအမံတွေပေါ်မှာပါ မူတည်နေတယ်ဆိုတာ ထင်ရှားပါတယ်။

တဘက်က ကြည့်တော့လည်း သတင်းအချက်အလက် အစစ်အမှန်ကိုလည်း ရနေတယ်၊ ဆင်ခြင်နိုင်လောက်တဲ့ ဗ ဟုသုတ အခြေခံနဲ့ အမြော်အမြင်လည်း အတန်အသင့် ရှိတယ်ပဲ ဆိုစေဦး။ ဒီနေ့ဒီအချိန်မှာ နေ့စဥ်လိုလို ပိုးကူးစက် ခံရသူအရေအတွက်တွေ အတိုးအဆုတ် ရှိနေတဲ့ သတင်းတွေကသာ တကမ္ဘာလုံးမှာ လွှမ်းလာသလို အိမ်မှာ နေရင်း အွန်လိုင်းကနေ အလုပ်လုပ်နေကြ၊ ဆွေးနွေးပြောဆိုနေကြ၊ ရုပ်ရှင်လို ဖျော်ဖြေရေးတွေ၊ သင်တန်းလို ပညာရေး တွေဆိုတာမျိုးကိုလည်း လက်လှမ်းမီလာကြပါတယ်။ ဒီတော့ အချက်အလက်တွေအပေါ် အာရုံညောင်းလာတာမျိုး ကိုလည်း ခံစားကြရစပြုနေပါပြီ။ တနည်းအားဖြင့် ပြောရရင် ကိုယ့်နိုင်ငံတွင်း ပိုးကူးစက်ခံရမှု ရှိကာစမှာ အား လုံးလိုလိုက ဘယ်နေ့မှာ ဘယ်နေရာက ဘယ်နှယောက်ဆိုတာကို သည်းသည်းလှုပ် သိချင်ကြ၊ သိသမျှ အချက်အ လက်တွေကို ဆိုရှယ်မီဒီယာမှာ ရှယ်ကြပေမဲ့ ခုနောက်ပိုင်းမှာတော့ ကိုယ်နေထိုင်ရာ မြို့မှာ ဖြစ်လာကြမှ ဟင်ခနဲ ဟာခနဲ ‌ဝေဖန်လေကန်တာတွေ တက်လာပေမဲ့ တမြို့ထဲမှာတောင် ကိုယ့်မြို့နယ်မှာ မဖြစ်ရင် စိတ်ဝင်စားမှု ရေချိန်က ကျလာတာတွေကိုလည်း သတိပြုမိပါတယ်။ အချက်အလက်တွေအပေါ် အာရုံညောင်း (information fatigue) လာတာ၊ စိတ်ပန်းလာတာဟာ စာနာနိုင်စွမ်းမှာပါ စိတ်ပန်းကျ (empathy fatigue) စေပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာ သက်ရောက်မှုရှိနေတဲ့ခေတ်မှာ အချက်အလက်တွေရဲ့ သက်ရောက်မှုဟာ တကိုယ်ရည်ဘ၀ အတွက်ရော အများဆိုင်ဘ၀တွေအတွက်ပါ အကောင်းအဆိုး ဒွန်တွဲနေတဲ့ အနေအထား ဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုရှယ်မီဒီယာကိုယ်တိုင်ဟာ တကိုယ်ရည်ဘ၀နဲ့ အများဆိုင်ဘ၀ကို ပေါင်းကူးပေးထားတဲ့ ပလက် ဖောင်းဖြစ်နေတာမို့ ဒီနေ့ခေတ်မှာ လူတွေရဲ့ ဘ၀နေထိုင်ဖြတ်သန်းမှုအကြောင်းကို ပြောရင် ဆိုရှယ်မီဒီယာ အကြောင်းကို မဖြစ်မနေ ထည့်ပြောလာကြရပါတယ်။ ကပ်ဘေးကို တုံ့ပြန်ပုံမှာ တကိုယ်ရည်နဲ့ နိုင်ငံအလိုက်လို့ ခွဲပြောနေပေမဲ့ ဒီနေ့ခေတ် ကမ္ဘာကြီးရဲ့အနေအထားမှာ လူတိုင်းလိုလိုအတွက် အဓိက စိန်ခေါ်မှုဟာ တကိုယ်ရည် ဘ၀နဲ့ အများဆိုင်ဘ၀ကြားက ဟန်ချက်ကို ဘယ်လိုထိန်းမလဲဆိုတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုရှယ်မီဒီယာဆိုတာ အဲဒီဘ၀နှစ်ခုရဲ့ဆုံရပ် ဖြစ်လာနေလို့ပါပဲ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖေ့စ်ဘွခ် အကောင့်ကနေတဆင့် လူထုနဲ့ ဆက်သွယ်လာတာမျိုးကို ကိုဗစ်ကို တုံ့ပြန်ဖို့ ပလက်ဖောင်း ရှာတာမျိုးအပြင် အခြားအဓိပ္ပါယ် ရှိတယ်လို့ အနက်ဖွင့်ကြသလို အများဆိုင်ပုဂ္ဂိုလ်များက သူတို့ရဲ့တကိုယ်ရည်ဘ၀တွေကို ဒီပလက်ဖောင်းကနေ လှစ်ပြချိတ်ဆက်ခြင်းဟာ ဒီနေ့ခေတ် နေမှုပုံစံသစ်နဲ့ အလိုက်သင့်ဖြစ်လာနေလို့ပါပဲ။

ကိုဗစ်ကို အကောင်းဆုံးတုံ့ပြန်ဖို့ လူချင်း ခပ်ခွာခွာနေကြဖို့ လိုတယ်လို့ ဆုံးဖြတ်လိုက်ရချိန်ဟာ စပိန်တုပ်ကွေးခေတ်လို နက်တစ်ဇင်လို့ခေါ်တဲ့ ပုံရိပ်ယောင်ကမ္ဘာသူကမ္ဘာသားတွေ မပေါ်ထွန်းသေးတဲ့ခေတ် မဟုတ်ဘူးလေ။ လူချင်းသာ ခွာပေးကြပါ၊ စိတ်ချင်း လူမှုဆက်ဆံရေးချင်းတော့ နီးနိုင်သလောက် နီးကြပါလို့ ဆော်ြသရချိန်မှာ ရေကန်အသင့် ကြာအသင့်ကတော့ ဖေ့စ်ဘွခ်၊ ဇွန်း၊ ဂူဂဲလ်မိ၊ စကိုပ်၊ မက်ဆင်ဂျာစတဲ့ အွန်လိုင်းပလက်ဖောင်းပါပဲ။ ပရိုဗိတ် ဆိုလည်း ဒီပလက်ဖောင်း၊ ပတ်ဗလစ်ဆိုလည်း ဒီပလက်ဖောင်းဆိုတာက လွဲပြီး လူချင်းချိန်းတွေ့ဖို့ ခဲယဥ်းလာချိန်မှာ စိန်ခေါ်မှုအသစ်ကတော့ ဒီအွန်လိုင်းပလက်ဖောင်းပေါ်မှာ ကိုယ့်ရဲ့တကိုယ်ရည်ဘ၀နဲ့ အများဆိုင်ဘ၀ကို ဘယ်လိုစည်းခြား၊ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ဟန်ချက်ပဲလို့ မြင်ပါတယ်။

ကိုဗစ်နဲ့ပတ်သက်လို့ ပိတ်ဆို့ထားရမှု (lockdown)၊ အိမ်တွင်းပုန်းခိုင်းထားမှု (stay at home) ဆိုတာတွေကို ဖြေလျှော့ရတော့မယ်၊ အဲဒီလိုမှ မလုပ်ရင် ငတ်သေကုန်မယ်၊ ဒေ၀ါလီခံတဲ့ လုပ်ငန်းတွေ၊ နိုင်ငံတွေ ပေါ်လာလိမ့်မယ်ဆိုတဲ့ အသိတရားက တဖက်၊ လူလူချင်း နီးနီးနေတာနဲ့အမျှ ဇီဝိန်ကိုတောင် ချွေနိုင်စွမ်းတဲ့ ကိုဗစ်ကူးစက်ခံရနိုင်ခြေနဲ့ လူအများကြီးသာ ကူးစက်ခံရရင် ထိန်းချုပ်ရခက်နိုင်တယ်ဆိုတဲ့ အရှိတရားက တဖက်။ အဲဒီလို ဆူးတွေကြားမှာ ရောက်နေရတဲ့ မဟာလူသားတွေအတွက် လတ်တလော ထွက်ပေါက်ဟာ အွန်လိုင်းပလက်ဖောင်း ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ရေရှည်ထွက်ပေါက်က ဘာဖြစ်မလဲ၊ ဘယ်လိုဗျူဟာတွေ ခင်းပြီး ဖြတ်ကြမလဲဆိုတဲ့ မေးခွန်းက ရှိနေပါသေးတယ်။ ဒါပါပဲ။ အဖြေက ရှိပြီးသားပါ။ တကိုယ်ရည်ဘ၀နဲ့ အများဆိုင်ဘ၀ကြားက ဟန်ချက်ပါပဲ။

အဲဒီအဖြေအတွက် တကိုယ်ရည် ပြင်ဆင်ထားရမှာရော အများဆိုင်အဆင့်၊ နိုင်ငံအဆင့် ပြင်ဆင်ထားရမှာရောက လည်း နောက်ထပ်ဟန်ချက်တခုပဲ ဖြစ်တယ်လို့ မြင်ပါတယ်။ ပုဂ္ဂလဓိဋ္ဌာန် နဲ့ ဓမ္မဓိဋ္ဌာန်ကြားက ဟန်ချက်ပေါ့။

ဒီနေရာမှာ အွန်လိုင်းပလက်ဖောင်း၊ ဆိုရှယ်မီဒီယာပလက်ဖောင်းဆိုတာရဲ့ သဘောသဘာ၀အပေါ် ပုဂ္ဂလိကနေရာ (private space) နဲ့ အများဆိုင်နေရာ (public space) တို့ ရောယှက်နေတဲ့နေရာအဖြစ် မြင်ကြရမှာ ဖြစ်ပါတယ်။ ဘယ် လောက်ပဲ မိတ်ဆွေရာဂဏန်းလောက်နဲ့ ဒီထဲမှာ ရှင်သန်ဖြတ်သန်းနေတယ်ဆိုဆို ကိုယ့်အိမ်မှာ တံခါးပိတ်နေသလို တကိုယ်ရည်ဘ၀ကို ဖြတ်သန်းနေရတာ မဟုတ်ဘဲ အများကိုပါ လှစ်ဟပြပြီးသား (exposed) ဖြစ်နေတာကို သတိ မမေ့ကြဖို့ပါပဲ။ ဒါမှ ဟန်ချက်ကို ချဥ်းကပ်ဖို့ အားထုတ်နိုင်မှာမို့ပါ။ ဒီနေ့ဆိုရှယ်မီဒီယာခေတ်ဆိုတာ ချစ်သူရော မုန်းသူကပါ ကိုယ့်ကို ‘အရင်ဆုံး မြင်တွေ့ပါရစေ (see first)’လို့ လုပ်ထားကြတဲ့ခေတ်၊ မျက်မှန်းတန်းမိရုံသူတွေရော ကိုယ်က မြင်သိတွေ့ချင်လို့ မိတ်ဆွေဖွဲ့လိုက်လို့ တုံ့ပြန်လက်ခံပေးပေမဲ့ လူချင်းမရင်းနှီးသူတွေရော အားလုံးက ပလက်ဖောင်းတခုတည်းမှာ ရောထွေးရှိတဲ့ခေတ်လေ။ တနည်းအားဖြင့် လူလုံးခွဲဖို့ ခဲယဥ်းတဲ့ ဆည်းဆာချိန်နဲ့ တူ တာကိုး။ ဒီတော့ ကိုယ့်တကိုယ်ရည်ဘ၀ရဲ့ ဘယ်အစိတ်အပိုင်းတွေကိုပဲ အများကို သိခွင့်ထိတွေ့ခွင့် ပေးမလဲ ဆိုတာကို စဥ်းစားကြဖို့ လိုလာပါပြီ။ နေ့စဥ်ဘ၀ ဖြတ်သန်းမှုမှာ အိမ်နီးချင်းတွေနဲ့ တွေ့ရင် ကိုယ့်အစားအသောက် အနေအထိုင်ကို ဘယ်လောက်ထိ ထုတ်ပြောပြလဲ၊ မျက်မှန်းတန်းမိရုံလူတယောက်ကို ကိုယ့်မိသားစုအတွင်းရေး အကြောင်း ပြောမလား၊ အများနဲ့ဆိုင်တဲ့ သတင်းပလက်ဖောင်းလိုမျိုးမှာ တုံ့ပြန်မှု ပေးတဲ့အခါနဲ့ မှတ်ချက်ပြုတဲ့ အခါ အပြင်အော့ဖ်လိုင်းက ကိုယ့်ပင်ကိုယ်ပုဂ္ဂလိက အတွေးနဲ့အပြောအတိုင်း ပြောမှာလား၊ အပြင်မှာဆို ကိုယ့် ဘေးကလူတွေကို ဘယ်လောက်ထည့်တွက်ပြီး ပြောဆိုတုံ့ပြန်သလဲ၊ လမ်းပေါ် ပတ်ရမ်းဆဲဆိုသွားတဲ့ အမူးသမား တယောက်၊ သိထားတာတွေအရ လူကောင်းမဟုတ်သူတယောက်ကို ဖြတ်ခနဲ မြင်ရတဲ့အခါတိုင်း အပြေးထွက် သွားပြီး လိုက်ဆဲဖြစ်လား၊ သူ ကျော်သွားတာတောင် မကျေနိုင်မချမ်းနိုင် မြည်တွန်တောက်တီးဖြစ်လား။

ကျမတို့ရဲ့ နေ့စဉ်ဘ၀ ဖြတ်သန်းမှုတွေမှာ ဘယ်သူမှ သိစရာမလိုတဲ့ ကိုယ့်တကိုယ်ရည်ဘ၀ကိုရော အများနဲ့ထိ စပ်နေတဲ့ဘ၀ကိုပါ ပုဂ္ဂလိကအဆုံးအဖြတ်နဲ့ပဲ မျှတအောင် ကြိုးပမ်းရတာ ဓမ္မတာပါ။  ဘာသာရေးကိုးကွယ်ယုံ ကြည်မှုဆိုတာ ပုဂ္ဂလိကဘဝပါ။ ဒါပေမဲ့ အများနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်တယောက်ယောက်ရဲ့ ဘာသာရေးဆိုင်ရာ အပြု အမူ အပြောအဆို အတွေးအကြံကတော့ ပုဂ္ဂလိကနယ်ပယ်ကို လွန်ပြီး အများဆိုင်နယ်ပယ်ထဲကို ရောက်တတ်တာ သဘာ၀ပါပဲ။  ဒါပေမဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းမှာတော့ သုံးစွဲပုံပေါ် မူတည်ပေမဲ့ ယေဘူယျအားဖြင့် လူတ ယောက်စီတိုင်းဟာ အများဆိုင်နယ်ပယ်ကို အလိုလို ရောက်နှင့်နေပြီး ဖြစ်တာကို အမှုမဲ့ အမှတ်မဲ့နေလို့ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် ကိုဗစ်မဖြစ်ခင်ကတည်းက ကျမတို့ရဲ့ လူသားအဖြစ်မှာ တဦးတ‌‌ယောက်ချင်းစီရဲ့ အခန်း ကဏ္ဍဟာ အရေးပါပြီးဖြစ်နေတာကိုလည်း သတိပြုရမှာပါ။ ဒါမှလည်း ဟန်ချက်ကို ချဥ်းနိုင်မှာပါ။ မလိုအပ်ဘဲ ပြော ဆိုရေးသားကြ၊ တုံ့ပြန်‌ဝေဖန်ကြနဲ့ အွန်လိုင်းမှာ အချိန်ကုန်နေလွန်းလို့ တကယ့်ဘ၀ထဲမှာတော့ ဘာအလုပ်မှ ဟုတ် တိပတ်တိ မဖြစ်လိုက်ဘူး၊ လမ်းတွေ ပျောက်နေပြီဆိုတာလည်း ဒီကနေ့ အွန်လိုင်းညည်းချင်းရှင်များ ဝန်ခံထားတဲ့ အရာပါပဲ။ တနည်းအားဖြင့် ပုံရိပ်ယောင်ကမ္ဘာမှာ ရှင်သန်မှုအားကောင်းနေရင် ပုံရိပ်စစ်ကမ္ဘာမှာ အလုပ်ဖြစ်နေရဲ့ လားလို့ သံသယဖြစ်စရာပေါ့။ ဒါကြောင့် လူတိုင်းအနေနဲ့ အဲဒီပုဂ္ဂလိကဘ၀နဲ့ အများဆိုင်ဘ၀ကြားက ဟန်ချက်ကို ပြန်ရှာဖို့ လိုအပ်တာ ဖြစ်ပါတယ်။

နိုင်ငံအဆင့် အများဆိုင်အဆင့်မှာလည်း ဒီလိုပဲလို့ ထင်ပါတယ်။ ကိုဗစ်ကြောင့် ဂလိုဘယ်လိုင်ဇေးရှင်းဆိုတာကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ပြန်စဥ်းစားရတဲ့ အနေအထားကို ပြန်ရောက်သွားတာကိုး။ လိုကယ်လိုင်ဇေးရှင်း တနိုင်ငံချင်း ဖြေရှင်းမှုတွေကိုပဲ ဦးစားပေးလာကြရတယ်။ သူလည်း အဆင်မပြေ ကိုယ်လည်း အဆင်မပြေဆို တော့ အုပ်စုတွင်းမှာတောင် ကိုဗစ်တုံ့ပြန်ရေးကို ဘုံမူဝါဒဆိုတာမျိုး မရှာနေတော့ဘူး။ ရှာချိန်မရဘူး။ ဘယ်သူတွေက ဘာတွေ တုံ့ပြန်နေလဲဆိုတာ စောင့်ကြည့်ပြီး ကိုယ့်နိုင်ငံမှာတော့ ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်း လာကြရတယ်။ နောင်မှာလည်း နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံမှုတွေမှာ ပုဂ္ဂလဆန်တဲ့ ချဥ်းကပ်မှုမျိုး ပိုများလာ မလားမပြောနိုင်ဘူး။ ထိုင်ဝမ်ရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို တုံ့ပြန်‌ဝေဖန်ပုံနဲ့ တရုတ်က ဟောင်ကောင်အတွက် လုံခြုံရေးဥပဒေအသစ် ပြဌာန်းဖို့ ကြိုးစားလာတာကို ကျန်နိုင်ငံတွေ ဘယ်လိုတုံ့ပြန်ကြလဲဆိုတာကို ကြည့်ရင် စိတ် ဝင်စားစရာပေါ့။ ထားပါတော့။

ပြည်တွင်းကို ပြန်ကြည့်တော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကိုဗစ်ကာလမှာ အိမ်ခြံဝင်းအတွင်း စားပင်သီးနှံစိုက်ပျိုး ရေးအတွက် ပျိုးပင်နဲ့ စိုက်နည်းအတတ်ပညာကို အခမဲ့ပေးတာမျိုး လုပ်လာတာကို သတိထားမိပါတယ်။ နိုင်ငံ အဆင့် ဓမ္မဓိဋ္ဌာန်ကျကျအတွေးမှာ ရေတိုအိမ်တွင်းအောင်းနေရချိန်အတွက်ရော ရေရှည်နိုင်ငံ့စီးပွားရေးထွက်ပေါက် လုပ်ငန်းအတွက်ပါ စိုက်ပျိုးမွေးမြူရေးဟာ အလားအလာ အကောင်းဆုံးထဲ ပါနေတာမို့ အဲဒီအတွေးကို ပုဂ္ဂလဓိဋ္ဌာန် မြောက်သွားအောင် နိုင်ငံသူ ပြည်နယ်သားအဆင့်ထဲ လက်တွေ့အကောင်အထည်ဖော်စေတာမျိုးမို့ သဘောကျမိပါ တယ်။ ဒါကြောင့် ပုဂ္ဂလလား၊ ဓမ္မလား၊ အဖြေက ဟန်ချက်ပါလို့ ဆိုရပါတယ်။

လူတယောက်ချင်းစီ ပုဂ္ဂိလကဘ၀အတွက် ရေတိုရေရှည်ထွက်ပေါက်ကတော့ ဘဝကို အခြေခံလိုအပ်ချက်တွေနဲ့ သာ တင်းတိမ်လုံလောက်အောင် နေတတ်ထိုင်တတ်ဖို့ ဖြစ်လာပါပြီ။ အိမ်မှာပဲ ချက်ပြုတ်စားသောက်တတ်လာတဲ့ အခါ ဝင်ငွေ နည်းသွားပေမဲ့ ထွက်ငွေလည်း အတော်ကြီး လျော့သွားလို့ အဆင်ပြေသားပဲဆိုပြီး တွေးလာတာမျိုး ပေါ့။ ခြိုးခြံချွေတာတယ်ဆိုတာမှာလည်း ပုဂ္ဂိလကအနေနဲ့ တကိုယ်တော် ဆောင်ရွက်ရတာပေမဲ့ ဓမ္မဓိဋ္ဌာန်ကျကျ တွေးနိုင်ရင် ကိုယ့်ဘ၀အပေါ်မှာရော အများဆိုင်ဘ၀နဲ့ နိုင်ငံအဆင့်အပေါ်မှာပါ သက်ရောက်တတ်တာပါပဲ။

ပလတ်စတစ် မသုံးစွဲရေး ခြိုးခြံမှုကို ကြည့်ရအောင်ပါ။ တကယ်တော့ ကိုဗစ်မတိုင်ခင်ကတည်းက ဟောပြောပွဲ တွေမှာ ပြောဖြစ်နေတာ ရှိပါတယ်။ အဲဒါက လူသားတွေရဲ့ ပြဿနာအများစုဟာ ဘယ်သူမပြု မိမိမှု ဆိုသလို လူသားတွေရဲ့ သဘာ၀တရားကို လွန်ဆန်ဖို့ ကြိုးစားမှုတွေကနေ စတာပဲဆိုတဲ့အကြောင်းပေါ့။ ပလတ်စတစ်ဟာ ကမ္ဘာ့ပြဿနာ ဖြစ်လာပြီဆိုတာကို အားလုံးက လက်ခံနေကြပါတယ်။ ပလတ်စတစ်ဆိုတာ ဘယ်က ဘယ်လိုပေါ် လာသလဲဆိုတော့ သဘာ၀ကို လွန်ဆန်လိုတဲ့ အတွေးကနေ ပေါ်လာတာလို့ ဆိုရမှာပေါ့။ ကုန်ကျစရိတ် နည်းနည်း နဲ့ တော်ရုံတန်ရုံ မပျက်မစီး တာရှည်ခံမယ့်အရာကို လိုချင်ရာကနေ ပေါ်လာတာ မဟုတ်လား။ သဘာဝတရားက ဘယ်အရာမဆို ပျက်စီးလွယ်တယ်၊ ပျက်စီးတတ်တယ်လို့ ပြဌာန်းထားတာကို လွန်ဆန်ဖို့ မဟာလူသား စွမ်းပကား တွေ ထုတ်သုံးကြရာက ပလပ်စတစ် ပေါ်လာပြီး နောက်ဆုံးတော့ အဲဒီပလပ်စတစ်ကိုပဲ မဟာလူသားက ရန်သူ တော်အဖြစ် စာရင်းသွင်း အပြတ်ရှင်းကြရဖို့ ဆုံးဖြတ်ကြရပြန်ပါတယ်။ ကိုဗစ်လည်း ဒါပါပဲ။ သတ္တလောကမှာ သတ္တဝါဝေနေယျဟာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်နိုင်ရင် ကာလကြာ အေးချမ်းနိုင်ပေမဲ့ အဲဒီသဘောတရား သဘာဝတရားကို လွန်ဆန်ချင်တဲ့ မဟာလူသားတွေက တောရှင်းတောတိုးပြီး ကိုယ့်နေရာကို ဇွတ်ချဲ့ကြရာက တခြားသတ္တဝါတွေရဲ့ ဟန်ချက်တွေ ပျက်စီးပြီး လူသားမှန်ရင် လူမျိုးဘာသာနိုင်ငံမရွေး ဒုက္ခပေးနိုင်တဲ့ ကိုဗစ်လို ပိုး အသစ်တွေ ထွက်လာတာပဲလေ။ ကိုဗစ်ကို ဓာတ်ခွဲခန်းမှာ မွေးဖို့ကြိုးစားရင်း ထွက်လာတယ်လို့ တွေးသူတွေအ တွက်လည်း ကစားနည်းတခုရဲ့ ဥပဒေသ သဘောသဘာဝကို လွန်ဆန်ပြီး တခြားနည်းနဲ့ အနိုင်ယူဖို့ တွေးတဲ့ တကိုယ်ကောင်းအတွေးကသာ တရားခံအစစ်ဆိုတာကို သတိပြုကြစေချင်ပါတယ်။

ဒါကြောင့် ကိုဗစ်ဟာ ကာကွယ်ဆေး မပေါ်မချင်း၊ ကုသဆေး မရမချင်း မဟာလူသားများနဲ့ အတူတကွ ဆက်လက် ရှင်သန်နေမယ့်အရာအဖြစ် အသိအမှတ်ပြုလိုက်ကြရပါပြီ။ ဒီတော့ ထွက်ပေါက်ဗျူဟာ ဘာလဲလို့ မေးကြ၊မမဆွေးနွေး ကြရပြီပေါ့။ ကျမက ပညာရှင်ကြီးတယောက် မဟုတ်တော့ အသေးစိတ် သုတေသနတွေနဲ့ အဖြေတွေကို မပြော ပြနိုင်ပါဘူး။ ဒါပေမဲ့ ကျမတို့မှာ အဖြေက ရှိနှင့်ပြီးသားလို့ ထင်ပါတယ်။ ဟန်ချက်ကို ပြန်ချဉ်းကပ်ဖို့လေးပါဘဲ။ တကိုယ်ရည်ဘ၀နဲ့ အများဆိုင်ဘ၀ကြားက ဟန်ချက်ကို အမြန်ဆုံး အကောင်းဆုံး ပြန်ရှာကြမယ်၊ ဓမ္မဓိဋ္ဌာန် ကျကျ တွေးကြပြောကြပြီး ပုဂ္ဂိလကဘ၀ရဲ့နယ်နမိတ်ကို ကျယ်အောင် ကြိုးပမ်းမယ်၊ လူတယောက် ဖြစ်တည်မှု အတွက် မဖြစ်မနေ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေက လွဲရင် ကျန်တဲ့အရာတွေကို မလိုနိုင်သမျှ မလိုအောင် နေထိုင်ကြမယ်။ ပုဂ္ဂိလကဘ၀ဆိုပေမဲ့ အများဘ၀တွေအပေါ် အများကြီး သက်ရောက်နိုင်တယ်ဆိုတဲ့ သတိကြီးကြီး ထားပြီး နေ့စဥ်ဘ၀ အပြုအမူတွေကို ပြောင်းကြမယ်။ (နှာခေါင်းစည်း စည်းမယ်၊ လက်ဆေးမယ်၊ ကိုယ်ကာယ ကြံ့ခိုင်ရေး အားထုတ်မယ်၊ လူချင်း ခွာမယ်၊ လူမှုရေးအရ နီးစပ်မယ်၊ သတင်းအချက်အလက်တွေကို ရှာမယ်၊ သုံး သပ်မယ်၊ ဆင်ခြင်မယ်) အဲဒီလိုပဲ ပုဂ္ဂိလိကဘ၀နဲ့ အများဆိုင်ဘ၀ ရောယှက်နေတဲ့ အွန်လိုင်းပလက်ဖောင်း၊ ဆိုရှယ် မီဒီယာပလက်ဖောင်းမှာလည်း ဓမ္မဓိဋ္ဌာန်ကျကျ တွေးပြီး၊ အများအတွက် ထည့်တွက်ပြီးပဲ ခံစားတွေးကြံပြောဆို ရေးသားကြမယ်။ ဒါဟာ တယောက်ချင်းစီအတွက် အစွမ်းထုတ်နိုင်သလောက် ထိရောက်မှု၊ သက်ရောက်မှု ကြီး မယ့် ထွက်ပေါက်ဗျူဟာပါပဲ။

နိုင်ငံအတွက်လည်း လိုကယ်လိုင်ဇေးရှင်းဆိုတဲ့ နိုင်ငံရဲ့ ပုဂ္ဂိလကဘ၀အတွက် အခြေခံလိုအပ်ချက်တွေကို ကာယကံ မြောက် အားထုတ်ပြင်ဆင်ကြမယ်။ ကျန်းမာရေးအခြေခံအဆောက်အအုံအတွက် ဘတ်ဂျက်၊ ချေးငွေတွေကို ဘယ် လိုခွဲ‌ဝေရယူမလဲ၊ ကျန်းမာရေးလုပ်သားအင်အား အရေအတွက်နဲ့ အရည်အသွေး ဖြည့်တင်းဆောင်ရွက်မှုတွေကို ဖက်ဒရယ်ဒီမိုကရေစီအခြေခံနဲ့ ကိုက်ညီအောင် ဘယ်လိုလုပ်မလဲ။ ဆက်စပ်အဆောက်အအုံတွေဖြစ်တဲ့ ရေသန့်၊ မိလ္လာ၊ သန့်ရှင်းတဲ့ အစားအစာ ရနိုင်မှုစနစ်တွေ ဘယ်လိုလုပ်မလဲ။ အခြားဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အများပြည်သူ့ ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုကို ကြိုတင်သုတေသနပြုလေ့လာတာတွေ ဘယ်လိုလုပ်မလဲ။ အဲဒါတွေကို အများပြည်သူ သိအောင် သတင်းအချက်အလက် စီးဆင်းအောင် ဘယ်လိုပြင်မလဲ။ နိုင်ငံအဆင့် အချက်အလက် တတ်မြောက်နားလည်မှု (information literacy) ရအောင် ဘာတွေ လုပ်မလဲ။ ယူနီဗာဆယ်ကျန်းမာရေးစောင့် ရှောက်မှုကို  တိုင်းပြည်နယ် တန်းတူညီမျှမှုပေါ် အခြေခံပြီး ဘယ်လိုအားထုတ်မလဲ။ ဒါတွေဟာ ကမ္ဘာကလည်း လက်ခံနိုင်မယ့် ထွက်ပေါက်ဗျူဟာတွေ ဖြစ်ပါမယ်။

ဒီတော့ ကိုဗစ်ကို ရင်ဆိုင်ရာမှာ သိပ်အရေးကြီးတဲ့ ဗျူဟာဆိုတာ တယောက်ချင်းစီရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံအလိုက် အများပြည်သူဆိုင်ရာအစီအစဥ်တွေရဲ့ အခန်းကဏ္ဍကြားမှာ ကွာခြားမှု မရှိလောက်အောင် ဆတူအရေးပါလာမှုပေါ် မှာ မူတည်နေတယ်လို့ပဲ ပြောပါရစေ။  တယောက်ချင်းစီရဲ့အခန်းကဏ္ဍနဲ့ အများပြည်သူဆိုင်ရာ အခန်းကဏ္ဍ။ ပုဂ္ဂလဓိဌာန်နဲ့ ဓမ္မဓိဌာန်။ အဲဒါတွေကြားထဲက ဟန်ချက်ကို တယောက်ချင်းစီရော နိုင်ငံအဆင့်ပါ ရှာနိုင်လာရင် ကပ်ကြီးကို အေးအေးဆေးဆေး ကျော်နိုင်မယ်လို့ မြင်ပါတယ်။ တခုပဲ။ သဘာဝတရားကို မလွန်ဆန်တဲ့ အတွေး မျိုး၊ အများကို ထည့်တွက်တဲ့ အတွေးမျိုးတော့ မြဲဖို့ လိုတာပေါ့။   ။

 

Ma Thida

မသီတာ (စမ်းချောင်း)သည် အမျိုးသမီး စာရေးဆရာ၊ အယ်ဒီတာ တဦးဖြစ်ပြီး PEN Myanmar Center ၏ ဥက္ကဌဟောင်းတဦးလည်းဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search