Menu & Search

ရှော့(ခ) ဒေသနာ (The Shock Doctrine)

July 15, 2020

အိပ်(ချ)ဂျီဝဲ()စကား

စာရေးဆရာကြီး အိပ်(ချ)ဂျီဝဲ၏ နာမည်ကျော်စကားတခွန်းရှိသည်။ ‘သမိုင်းဆိုသည်မှာ ပညာရေးနှင့် ကပ်ဘေးကြီးများကြား သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြရသော ပြိုင်ပွဲကြီးပင် ဖြစ်တော့သည်’ ဟူ၏။ ဝဲ(လ) ပြောသော ပညာရေးဆိုသည်မှာ-သိပ္ပံတွေ့ရှိချက်များ၊ နည်းပညာတီထွင်မှုများ အပါအဝင် “ဉာဏ်အလင်းပရောဂျက်” (Enlightenment Project) တခုလုံးဖြစ်ပါလိမ့်မည်။ ကပ်ဘေး ဆိုသည်မှာကား သဘာဝမိခင်၏ ဒဏ်ခတ်ချက်ဖြစ်သည်။ ထင်ရှားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီ “ရော့ဝပ်ဆန်” က သဘာဝမိခင်ဆိုသည်ကို ယခုလို အဓိပ္ပာယ်ဖွင့်ဖူးသည်။ “သဘာဝမိခင် ဆိုသည်မှာ ဓါတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ တို့သာဖြစ်သည်။ ဤပညာရပ်များကို တိုးလျှိုးတောင်းပန်လို့မရ၊ လိမ်လည်လှည့်ဖျားလို့မရ၊ လိုင်းဝင်လို့မရ။ ဓါတု ၊ ရူပနှင့် ဇီဝတို့ သတ်ပုံခေါ်သည့်အတိုင်း တသဝေမတိမ်း တုံ့ပြန်ရလိမ့်မည်” ဟုဆိုပါသည်။

ယေဘုယျသဘောပြောရလျှင် ပညာက “အကောင်း” နှင့် “အပြု” ကို ကိုယ်စားပြု၍ ကပ်ဘေးကြီးတွေက “အဆိုး” နှင့် “အဖျက်” ၏ ကိုယ်စားလှယ်တွေ ဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင် ပညာမှာ ‘အပြု’ ဟုဆိုရသည့်တိုင် သက်တမ်းအရ ‘အဖျက်’ လည်းရှိလာနိုင်သည်။ ၂၀ ရာစုခေတ်ဦးက ထင်ရှားသော ဘောဂဗေဒပညာရှင် “ဂျိုးဇက်ရွှမ်းပီတာ” က ဤသဘောကို “တီထွင်ဖန်တီးမှုရှိသော အဖျက်စွမ်းအား” (Creative Destruction) ဆိုသော အယူအဆနှင့် ဖော်ထုတ်ခဲ့ဖူးသည်။ နည်းပညာတခု သက်တမ်းရှိချိန်တွင် တီထွင်ဖန်တီးမှုကြောင့် စီးပွားတက် တတ်ပြီး၊ သက်တမ်းကုန်ချိန်ရောက်လျှင်မူ အဖျက်စွမ်းအားကြောင့် ပြိုကျတတ်သည်ဟု ဆိုပါသည်။

အလားတူကပ်ဘေးကြီးတွေမှာလည်း “အဆိုး” ဟုဆိုရသည့်တိုင် “အသက်ရှင်ရေးမဟာဗျူဟာ” (Survival Strategy) ကြောင့် အကောင်းဘက်သို့လည်း ဦးတည်သွားနိုင်သည်။ ဥပမာ-ကမ္ဘာကြီးပူနွေးလာမှု ဆိုပါစို့။ သတ္တလောက ဆိုရာတွင် အပင်၊ တိရစ္ဆာန်နှင့် လူတို့ရှိရာ တိရစ္ဆာန်တို့မှာ ရာသီဥတု ပူပြင်းမှုဒဏ်ကို ပို၍ခံရသည်။ ဤတွင် ပို၍ပူနွေးလာသော ကမ္ဘာကြီးနှင့် သဟဇာတမျှစေရန် “ဇီဝနာရီ” (Biological Clock) ကို ပြင်ဆင်ပြောင်းလဲရတော့သည်။ ဆိုလိုသည်မှာ သားပေါက်ချိန်ကို စော၍ သို့မဟုတ် နောက်ကျ၍ဆောင်ရွက် ခြင်း ဖြစ်သည်။ လူတွေကတော့ အိပ်ချိန်ကို အပြောင်းအလဲလုပ်ကြသည်။ အမေရိကန်တွေဆိုလျှင် နိုဝင်ဘာ ၂၇ ရက် ရောက်တိုင်း တနာရီ နောက်ဆုတ်လိုက်ကြသည်။

ဤသို့ရှည်ရှည်ဝေးဝေးပြောနေ၊ ရေးနေမိသည်မှာ အကြောင်းရှိ၍ဖြစ်ပါသည်။ ဆိုခဲ့ပါ အကောင်း၊ အဆိုးတွေမှာ စာရေးသူ၏ အသက်မွေးဝမ်းကျောင်းအလုပ်နှင့် ဆက်စပ်နေသောကြောင့်ဖြစ်သည်။ စာရေးသူတွင် ယခုချိန်ထိ စိုက်လိုက်မတ်တပ်လုပ်ဖူးသော ဝင်ငွေရသည့်အလုပ်ဆို၍ စာသင်ခြင်းနှင့် စာရေးခြင်း နှစ်မျိုးသာရှိပါသည်။ ကျောင်းသားဘဝကတည်းက စာသင်သည့်အလုပ်ကို စလုပ်ခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ စာရေးသော အလုပ်တခုတည်း လုပ်တော့သည်။ ယခုနောက်ပိုင်း စာရေးတာတခုတည်းနှင့် မစားလောက်၍ စာပါတွဲသင်နေရသည်။ စာရေးသူ၏ အသက်မွေးဝမ်းကျောင်း အလုပ်နှစ်ခုလုံး တဖြည်းဖြည်း ပွန်းပြတ်ပြတ်ရာမှ ယခုအခါ လုံးဝဇီဝိန်ချုပ်တော့မည့် သဘောတွေပြလာသည်။

 

စာရေးဆရာ၏ ဈာပန

ပထမဆုံး စာရေးသူဘဝ၏ ပထမခံစစ်စည်း စာရေးသည့်အလုပ်မှ စပါမည်။ စာရေးသူ စာရေးခါစ ကာလ ခရစ်နှစ် ၂၀၀၀ တဝိုက်မှာ အင်ဖော်မေးရှင်းတက္ခနိုလိုဂျီ အထူးအရှိန်ရနေစဉ်ဖြစ်သည်။ ဤကာလမှာပင် စာရေးသူ စာတပုဒ်ကို ဖတ်လိုက်ရရာ မိမိရွေးချယ်လိုက်သော အသက်မွေးဝမ်းကျောင်းအလုပ်၏ မရေရာ မသေချာမှုကို ‘ဆဝါး’ နိုင်ခဲ့ပါသည်။ Michael Giesecke ရေးသော ဆောင်းပါးတိုလေးဖြစ်သည်။ ခေါင်းစဉ်က မထိတ်သာမလန့်သာ “The End of the Author” ဟူ၏။ “စာရေးဆရာရဲ့ဈာပန” ဆိုပါတော့…။

ဆောင်းပါးရှင်က “စာရေးဆရာ” ဆိုသော ဝေါဟာရကို ပထမရှင်းပြသည်။ ပုံနှိပ်စက်မပေါ်ခင်က စာရေး  ဆရာဆိုသော အသုံးအနှုန်းမရှိသေး။ “စာတော်ဖတ်၊ “စာရေးတော်” စသည်များသာရှိသည်။ ပုံနှိပ်မီဒီယာ အရှိန် ရလာမှ “စာအုပ်” ဆိုသော “ကွန်တင်နာ” နှင့်အတူ စာရေးဆရာဆိုသော အနွတ္တ ဖြစ်တည်လာခြင်းဖြစ်သည်။ ဤ အခိုက်မှာ ဈေးကွက်စီးပွားရေးစနစ် ခြေကုပ်ရလာချိန်နှင့်လည်း ချိန်ခါသင့်တိုက်ဆိုင်နေပြန်ရာ စာရေးဆရာမှာ စာပေဈေးကွက်၏ ရောင်းလိုအားဘက်တွင် အဓိကအကျဆုံး အင်အားစုဖြစ်လာရသည်။ သည်လိုနှင့် “ပညာပစ္စ ည်းပိုင်ဆိုင်ခွင့်” ( Intellectual Property Right) နှင့်အတူ စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ လူမှု အင်အားစုတခု ပေါ်ထွက်လာတော့သည်။

သို့နှင့်တိုင် အင်ဖော်မေးရှင်းတက္ခနိုလိုဂျီမှာ စာရေးဆရာကို သမိုင်းထဲသို့တွန်းပို့လိုက်မည့် အကြောင်း ခြင်းရာတခုလိုဖြစ်လာသည်။ အင်တာနက်ခေတ်ရောက်သောအခါ ဤသဘောမှာ ပို၍ပင်ထင်ရှားလာသည်။ စာရေးဆရာ၏ “ကုန်ထွက်” (စာပေ)က စာအုပ်ကွန်တင်နာကို ဖောက်ထွက်ပြီး မိုးပေါ်တက်သွားသည်။ ပညာ ပစ္စည်းပိုင်ဆိုင်ခွင့်မှာလည်း တိမ်တွေကြား အငွေ့ပျံသွားတော့သည်။ သို့ဖြင့် သမာရိုးကျ စာပေ‌ဈေးကွက် ပြိုကျ သွားခြင်းနှင့်အတူ “စာမူခ”ဖြင့် ရပ်တည်နေရသော စာရေးဆရာဘဝလည်း နေဝင်ချိန်နီးလာရတော့သည်။

ဆိုခဲ့ပါ ဆောင်းပါးကိုမှီး၍ စာရေးသူ စာတပုဒ်ရေးလိုက်ရာ စာရေးဆရာတွေ ဝိုင်းဆဲကြတော့သည်။ မကြာသေးခင်ကာလကလည်း မီဒီယာ မိတ်ဆွေတယောက်မေး၍ အဆိုပါဆောင်းပါးအကြောင်းပြောလိုက် မိသေးသည်။ မီဒီယာထုံးစံအတိုင်း သူတို့လိုသမျှလောက်သာ ဖြတ်တောက် အသံလွှင့်လိုက်ရာ မန္တလေးမှ စာရေးဆရာတယောက်က ပယ်ပယ်နယ်နယ်တွယ်ပါလေတော့သည်။ အမှန်စင်စစ် “ကမ္ဘာပျက်ခါနီးမှ လူဖြစ်လာ သူတွေလို စိတ်ကူးတွေသိပ်မယဉ်ကြဖို့” သတိပေးလိုရင်းသာဖြစ်သည်။ ကြည့်ပါ…ဩဇာကြီး၊ မဂ္ဂဇင်းကြီးတွေ တစောင်ပြီး တစောင်ပျောက်ကုန်သည်။ နောက် ဂျာနယ်နှင့် သတင်းစာခေတ်ရောက်လာသည်။ ခုတော့ သူတို့ လည်း ယဲ့ယဲ့သာကျန်တော့သည်။ စာရေးသူတို့ ရေးသည့်စာတွေ ဂျာနယ်ထဲ ထည့်သော်လည်း အရင်ကလောက် ဖတ်မည့်သူမရှိ။ အွန်လိုင်းပေါ်တင်လိုက်မှ ဖတ်မည့်သူရှိလာသည်။ အချို့ဆိုလျှင် ပုံနှိပ်မီဒီယာပင် မသုံးတော့၊ အားလုံး “ဘလော့ဂါ” (Blogger) တွေဖြစ်ကုန်သည်။

သည်လိုနှင့် စာရေးဆရာမှာ “လုံးချင်း” သာမျှော်နေရတော့သည်။ လုံးချင်းထွက်မှ စာမူခ မျိုးမျိုးမြက် မြက်ရသည်လေ။ ယခု “ကိုဗစ်” နှင့်ကြုံတော့ လုံးချင်းဈေးကွက်ပါ ပျက်လေတော့သည်။ စာအုပ်ရောင်းစရာ စာအုပ်ဆိုင်တွေက မရှိ။ တဆိုင်စ၊ နှစ်ဆိုင်စ စမ်းသပ်ဖွင့်သော်လည်း လာဝယ်ရဲသူကမရှိ။ သည်တော့ ထုတ်ဝေ သူက ထုတ်မည့်ဆဲဆဲစာအုပ်ကိုပင် မထုတ်တော့။ အကန့်အသတ်မရှိ ရွှေ့ဆိုင်းပစ်လိုက်သည်။ မြန်မာနိုင်ငံတွင် စတင်ခါစ အွန်လိုင်းမှတဆင့် ဖြန့်ချိသူအချို့သာ အခြေအနေကောင်းသည်ဟုသိရသည်။ အိုင်တီက ဖန်တီးလိုက် သော စာရေးဆရာ၏ဈာပနခရီးကို ကိုဗစ်က မြန်မြန်ကိစ္စကုန်အောင် အရှိန်မြင့်လိုက်လေပြီကော…။

 

စာသင်ခန်းပျောက်ပညာရေး

ဘဝ၏ ဒုတိယခံစစ်စည်းအကြောင်း ဆက်လိုပါသေးသည်။ “ဂူတင်ဘတ်” တယောက် ပုံနှိပ်စက်ကို စတင်တီထွင်လိုက်သည်မှ ခေတ်သစ်ပညာရေး အစပြုလာသည်ဟု အမှတ်အသားရှိပါသည်။ ဤတွင် “စာအုပ်၊ ဆရာနှင့် စာသင်ခန်း” တို့မှာ ခေတ်သစ်ပညာရေး၏ မရှိမဖြစ် သင်ထောက်ကူများ ဖြစ်လာသည်။

၁၉၈၀ ပြည့် လွန်နှစ်များအရောက်တွင် စာအုပ်နေရာ “ကွန်ပျူတာ” က အစားဝင်လာရာ ကျောင်းသားကို အချိန်၏တုပ်နှောင် မှုမှ လွတ်လပ်စေခဲ့သည်။ ဆရာ၏အခန်းကဏ္ဍ သိသိသာသာလျော့သွားသည်။ စာသင်ခန်းတော့ ရှိသလောက် ရှိသေးသည်။ ၂၀၀၀ ပြည့်နှစ်လွန်များတဝိုက်ရောက်တော့ “ဝက်(ဘ)အခြေခံပညာရေး” (Web-based Training) သို့ တစစရွေ့လာသည်။ ကျောင်းသားကို နေရာ၏တုပ်နှောင်မှုမှ လွတ်လပ်စေလိုက်သည်။ ဆရာမှာ ဆရာ မဟုတ်တော့။ “အဆင်ပြေလွယ်ကူစေသူ” (Facilitator) အခန်းလောက်သာရှိတော့သည်။ စာသင်ခန်းပင် ‌ပျောက်စပြုလာသည်။ “ကမ္ဘာကြီးသည်ပင် စာသင်ခန်း” ဟုကြွေးကြော်လာကြသည်။

ဤနောက်ခံ အခင်းအကျင်းမှာပင် ပညာရေးဆိုင်ရာ အသုံးအနှုန်းတွေ ပြောင်းလာသည်။ “အက်ကျူကေးရှင်း” (Education) မဟုတ်၊ “ဝက်ကျူကေးရှင်း” (Webducation) ဖြစ်လာသည်။ ဝက်(ဘ)ဆိုဒ်ပညာရေး တနည်း အင်တာနက်ပညာရေးဟု နားလည်ရသည်။ အဆင့်မြင့်ပညာသင်ကြားရေးဗဟို “ယူနီဗာစတီ” (University) သည်ပင်။ ဆယ်စုနှစ်အနည်းငယ်အတွင်း “ယူနီဗာ့(စ)” (Universe) ဟု ပြောင်းလဲခေါ်ဝေါ်ရတော့မည်။ သို့မှသာ အနာဂတ် တက္ကသိုလ်များ၏ “ဆောင်တာ” ကို အပြည့်အဝ ထင်ဟပ်နိုင်လိမ့်မည်ဟုဆိုပါသည်။ ယခုလောလောဆယ် ယူနီဗာ့(စ) မဖြစ်သေးသည့်တိုင် “ဝက်စင်းထရစ်” (Web-centric) ဆိုသော နာမဝိသေသန ထည့်ပေးပါမှ အနာဂတ်အမြင်ထင်ဟပ်နိုင်လိမ့်မည်ဟု ပြောလာဆိုလာကြသည်။ “ဝက်စင်းထရစ်တက္ကသိုလ်” ဆိုပါတော့…။

သို့တစေ ဆိုခဲ့ပါ “အနာဂတ်အမြင်” (Vision) နှင့် ပတ်သက်၍ ဘဝင်မကျသူတွေလည်း မနည်းမနောရှိပါသည်။ လူက နည်းပညာအပေါ်မှီခိုလာရခြင်း၊ လူ့အဖွဲ့အစည်းနှင့်ကင်းကွာပြီး “လူမှုရေးအထီးကျန်ဝါဒ” (Social Isolation) ဖြစ်လာနိုင်ခြင်း၊ တက္ကသိုလ်အငွေ့အသက်များ ပျောက်ဆုံးကုန်ခြင်း စသည်ဖြင့် ဝေဖန်လာကြသည်။ အထူးသဖြင့် ဆရာ၏အခန်းကို ဦးတည်ဆန်းစစ်လာကြသည်။ အချို့ကလည်း ဤသို့ဝေဖန်သူများကို “အိမ်လွမ်း ဝေဒနာ” (Nostalgia) ဟု ထပ်ဆင့်ဝေဖန်ကြပြန်သည်။

ဤသို့ ငြင်းလို့ခုံလို့မှ မဆုံးသေးမီမှာပင် ကိုဗစ်နှင့် ဝင်တိုးရာ ကျောင်းတွေပိတ်လိုက်ရသည်။ ကိုဗစ်က မည်သည့်အချိန်ပြီးမည်ကို ခန့်မှန်းရခက်နေဆဲမှာပင် နောက်ထပ်ကပ်ဘေးကြီးတွေ လာနိုင်သေးသည်ဆိုပြန်ရာ ကျောင်းတွေပြန်ဖွင့်ရေးမှာ အရေးတကြီးလိုအပ်ချက်ဖြစ်လာသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဝက်(ဘ)အခြေခံပ ညာရေးသို့ မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်သော်လည်း အိုင်တီနှင့် မယဉ်ပါးလှသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ ကျော်လွှားဖို့မလွယ်လှသော အခက်ခဲကြီးတခုဖြစ်နေရသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များထဲတွင် “နိုင်ငံခြားဘာသာတက္ကသိုလ်” တခုသာ အချိန်တိုအတွင်း အွန်လိုင်းမှ သင်ကြားနိုင်ခဲ့သည်။ “ဝက်စင်းထရစ်တက္ကသိုလ်” အဆင့် ရှိသည်။

စီမံခန့်ခွဲမှုပညာ၏ ဂုရုကြီးတဦးဖြစ်သော “ပီတာဒရပ်ကာ” က အိုင်တီ မတိုင်မီခေတ်ကို “အဆက်စပ်ရှိ သောခေတ်” (Age of Continuity) ဟု အမည်ပေးသည်။ အိုင်တီနောက်ပိုင်းခေတ်ကိုမူ “အဆက်ပြတ်သွား သောခေတ်” (Age of Discontinuity) ဟု ဝိဂြိုဟ်ပြုသည်။ အဆက်စပ်များပြုတ်ပျက်ထွက်ကုန်သည့်သဘော ကို ရည်ညွှန်းလိုရင်းဖြစ်ပါလိမ့်မည်။ ယခု ကိုဗစ်က ပြုတ်ပျက်ထွက်ကုန်ရုံမျှမက အကုန်ရှင်းလိုက်မည့်သဘောဟု ယူဆရမလိုရှိသည်။ အားလုံးသည် “လေဟာနယ်” (Vacuum)၊ အားလုံးမှာ “ကွက်လပ်” (Blank)…။

 

ကွက်လပ်သည် လှ၏

ကိုဗစ်နှင့်အတူ ရှေ့ရောက်လာသော စကားလုံးတလုံးရှိသည်။ “Quarantine” ဘာသာပြန်ဖို့ မလိုလောက်အောင်ပင် အဓိပ္ပာယ်သိပြီးသားမို့ “ကွာရန်တင်း” လို့ပဲ အသံဖလှယ်သုံးနေကြပါသည်။ စာရေးသူကတော့ လူ၏ “ပေါင်းသင်းဆက်ဆံရေးသတ္တဝါ” (Social being) အခန်းကို ချဲ့တွေးနေမိသည်။ သမားရိုးကျပေါင်းသင်းဆက်ဆံရေးတွင် မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောခြင်းရှိသည်။ ပထမမျက်နှာစာ ဆိုပါတော့။ နောက်တော့ ဖုန်း၊ အီး မေး(လ)၊ အင်တာနက် စသည်တို့နှင့် ဆက်သွယ်လာသည်။ ထိုမတိုင်ခင်ကာလကလည်း စာဖတ်ခြင်းဖြင့် နိုင်ငံတကာမှ လူများ၊ နေရာများ၊ အိုင်ဒီယာများနှင့် ထိတွေ့နိုင်သည်။ ဒုတိယနှင့် တတိယမျက်နှာစာများ ဆိုပါတော့…။ ယခု ကွာရန်တင်းကြောင့် ပထမမျက်နှာစာပြုတ်သွားရာ ဒုတိယနှင့် တတိယကိုသာ အားကိုးနေရတော့သည်။ ဒါလည်း ကြာကြာမလုပ်နိုင်။ မျက်စေ့က မကောင်း၊ မီးကပျက်နှင့်…။ မတတ်နိုင် ဖတ်ပြီးသားစာအုပ်တွေကိုသာ အကြိမ်ကြိမ် ပြန်တွေးနေရတော့သည်။ (ထောင်ထဲမှာလိုပေါ့။)

ဒီရက်ပိုင်းအတွင်း စာရေးသူ မကြာမကြာစဉ်းစားနေမိသော စာတအုပ်ရှိသည်။ စာရေးသူမှာ နာမည်ကြီး “နော်မီကယ်လင်” (Naomi Klein)။ သူမ၏ ‘No Logo’ မှာ ဂလိုဘယ်လိုက်ဇေးရှင်း အစာမကျေသူများကြားတွင် အထူးကျော်ကြားလှသည်။ ယခု စာအုပ်အမည်ကိုတော့ “ရှော့(ခ)ဒေသနာ” (The Shock Doctrine) ဟု အမည်ပေးထားသည်။ “ဘေးဒုက္ခအသုံးပြု အရင်းရှင်စနစ်ပေါ်ထွက်လာခြင်း” (The Rise of Disaster Capitalism) ဆိုသော ဒုတိယအမည်ပါသည်။ စာအုပ်က ကပ်ဘေးကြီးတွေအကြောင်း ရှင်းပြထားသည်။

ကပ်ဘေးကြီးတွေပေါ်လာသည်နှင့် ဟင်းလင်းပြင်လို ကွင်းပြင်လိုဖြစ်သွားတတ်သည်။ ပျက်စီးသွားသော အဟောင်းတွေကို လွမ်းမနေနှင့်တော့။ မရှိသေးသော အသစ်တွေကိုသာ အာရုံပြုသင့်သည်။ ဤနည်းဖြင့် ပြောင်းလဲမှုများကို ဖန်တီးယူရမည်။ ဤအဓိပ္ပာယ်အရဆိုလျှင် “ကွက်လပ်သည် လှ၏” (Blank is beautiful) ဟု စဉ်းစားသင့်သည်။ ကွက်လပ်ထဲတွင် လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ဆောင်ရွက် ရမည်။ လိုအပ်လျှင် ရှော့ရိုက်ကုသ (Shock Therapy) ရမည်။ ရှော့ရိုက်ကုထုံးသည်ပင် မူဝါဒလိုဖြစ်လာ၍ စာအုပ်၏ ဒုတိယခေါင်းစဉ်ကို The Rise of Disaster Capitalism ဟု အမည်ပေးလိုက်ခြင်းဖြစ်သည်။

ဘဘာဝကပ်ဘေးနှင့် ပတ်သက်၍ သူမက နယူးအော်လင်းတွင် ကျရောက်သော “ကက်ထရီနာမုန်တိုင်း” ကို ဥပမာပေးသည်။ မုန်တိုင်းကြောင့် နယူးအော်လင်းတွင် အစိုးရကျောင်းတွေ ပျက်ကုန်သည်။ ဒါကို အခွင့်အ လမ်းအဖြစ် အသုံးချပြီး ပုဂ္ဂလိကကျောင်းတွေ ထူထောင်ကြဖို့ သူကအကြံပြုသည်။ “ပညာရေးကို ဈေးကွက် ဘောင်သွင်းသည့်သဘော” ဟုဆိုသည်။ လူလုပ်ကပ်ဘေး၏ ဥပမာအဖြစ် အီရတ်စစ်ပွဲကို ပြောသည်။ အီရတ်စစ် ပွဲကို “ရှော့(ခ)နှင့် ထိန့်လန့်ဖွယ်” (Shock and awe) အမည်ဖြင့် တဟုန်ထိုးဆင်နွှဲသည်။ စစ်ပွဲကြောင့်ဖြစ်သွား သော ကွက်လပ်တွင်မှ ဒီမိုကရေစီ တည်ဆောက်ရမည်ဟု ဆိုသည်။ (သည်တခါ သူမ၏ အဆိုပြုချက်ကတော့ ခုချိန်ထိ လွဲနေဆဲပင်။)

ယခု ကိုဗစ်နှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင်ရော “ကယ်လင်” ၏ ဆိုခဲ့ပါနည်းကို မသုံးနိုင်ပါသလော။ စာပေလောကရော၊ ပညာရေးလောကကိုပါ အွန်လိုင်းပေါ်ရောက်အောင် ကြိုးစားရတော့မည်။ သို့မှသာ လက်ရှိ ကိုဗစ်ရော၊ နောင်လာလတံ့သော ကပ်ဘေးတွေကိုပါ ရှောင်နိုင်ပါလိမ့်မည်။ အခက်ခဲတော့ အမှန်ပင်ရှိပါ လိမ့်မည်။ အခက်ခဲလည်း ကြီးလိမ့်မည်။ မတတ်နိုင်။ အစိုးရတခုတည်းမနိုင်လျှင် ပုဂ္ဂလိကအကူအညီယူရပါလိမ့် မည်။ သည်လိုနှင့် နောက်ပိုင်း ပုဂ္ဂလိကက ရှေ့ဆောင်၍ အစိုးရက အထောက်အကူမျှသာပေးလျှင် အရင်းရှင်စနစ်ပင် ပိုပီပြင်လာနိုင်စရာရှိသည်။

ကိုဗစ်နှင့်အတူ နောက်တကြိမ်ရှေ့ရောက်လာသော နောက်ထပ်စကားလုံးတခုရှိပါသေးသည်။ New Normal ဆိုသော ဝေါဟာရပင်။ “ပုံမှန်အသစ်” ဆိုပါစို့။ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်း နောက်ဆက်တွဲ ၂၀၀၈-၂၀၁၂ ဂလိုဘယ်စီးပွားရေး ကျဆင်းမှုကာလက ပေါ်ထွက်ခဲ့သောစကားလုံးဖြစ်သည်။ မူလက ဘောဂဗေဒနယ်ပယ်တွင်သာ သုံးခဲ့ကြသော်လည်း ကိုဗစ်ကာလတွင်မူ နေရာတော်တော်များများသုံးလာသည်။ ယခင်က ပုံမှန်မဟုတ်သော်လည်း ယခုအခါ သူလိုငါလို ပုံမှန်ဖြစ်လာသည်မျိုးကို ရည်ညွှန်းသည့်စကားဟု အဘိဓာန်များက ဖွင့်ဆိုကြသည်။ မြန်မာပြည်မှ လူတော်တော်များများအတွက် အွန်လိုင်းတွင် စာရေး၊ အွန်လိုင်းတွင် စာသင် ဆိုသည်မှာ မကြားဖူးသော ဒဏ္ဍာရီဖြစ်နေသော်လည်း ယခုတော့ New Normal ဖြစ်ရပါတော့မည်။ ဖြစ်အောင်လည်း ကြိုးစားရတော့မည်ထင်သည်။

 

မျှော်လင့်ချက်နှင့် အကြောက်တရား

ဆူနာမီကပ်ဘေးကြီးနှင့် ကြုံရစဉ်က UNDP အကြီးအကဲ ‘မတ်မလော့ဘရောင်း’ က “ဆူနာမီမှာ သမ္မာကျမ်းစာလက္ခဏာ အပြည့်ရှိသည်” ဟု ကောက်ချက်ချဖူးသည်။ သမ္မာကျမ်းစာလာ “ကမ္ဘာပျက်ကိန်း” (Apocalypse) ဟု ပြောချင်ဟန်တူပါသည်။ ဘာသာရေးတော်တော်များများတွင် ကပ်ဘေးကြီးတွေနဲ့ကြုံတိုင်း  “ဘုရားသခင် ဒုတိယအကြိမ် ပြန်လည်ရှင်သန်ခြင်း” (Second Coming) ကို မျှော်တတ်ကြသည်။ ဗုဒ္ဓဘာသာတွင် လည်း ‘ကပ်ကျော်’ ဆိုသော ဝေါဟာရရှိပါသည်။ ဒုတိယကမ္ဘာစစ်ဆိုသော ကပ်ဘေးကြီးကို ကျော်လွှားရန် ရည်ရွယ်ချက်ဖြင့် မိုးညှင်းဆရာတော်ကြီး ဦးဆောင်တည်ခဲ့သော ဘုရားသည်ပင် “သမ္ဗုဒ္ဓေကပ်ကျော်စေတီ” ဟု အမည်တွင်ခဲ့သည်။ လူတွေ ဒုက္ခရောက်တိုင်း သက်ဆိုင်ရာဘာသာတရားများက မျှော်လင့်ချက်ဖြင့် အားပေး ကြသည့်သဘော ဖြစ်ပါလိမ့်မည်။ နိုင်ငံရေးတွင်လည်း ဤသဘောရှိသည်။

ယခုစာစုကို “ရှော့(ခ)ဒေသနာ” စာအုပ်ရေးသူ “နော်မီကယ်လင်” ၏ စကားတခွန်းနှင့် နိဂုံးချုပ်လိုသည်။ ယခုလို…”နိုင်ငံရေးသည် လေဟာနယ်ကို မုန်း၏။ မျှော်လင့်ချက် တစုံတရာဖြင့် ကွက်လပ်မဖြည့်နိုင်လျှင် တစုံတယောက်က အကြောက်တရားဖြင့် ဝင်ဖြည့်သွားလိမ့်မည်”…..ဟူ၏။ သတိ…..။

စာညွှန်း

  1. Giesecke, Micheal. 2001. The End of Author
  2. Klein, Naomi. 2007. The Shock Doctrine: The Rise of Disaster Capitalism. Canada: Knopf Canada.
  3. Schayan, Janet. Dec 2014. Learning on the Internet. European Education: Vol 33, No 4.
Kyaw Win

ကျော်ဝင်းသည်ထင်ရှားသော စာရေးဆရာတဦးဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search