Menu & Search

ယုံကြည်မှုအကြောင်း

July 15, 2020

မိန်းမပျိုတဦးဟာ လူခြေရှင်းစ ညအချိန်မှာ တယောက်တည်း အငှားယာဉ်စီးလာပါတယ်။ မဲမှောင်ပြီး လူပြတ်တဲ့ နေရာတွေရောက်တဲ့အခါ လွန်ခဲ့တဲ့ရက်တွေက မသမာသူ အငှားယာဉ် မောင်းသမားတွေရဲ့ လုပ်ရပ်အချို့ကို ကြားသိရပြီး ငါမှားပြီလားလို့လည်း တွေးမိပါတယ်။ ကားသမားကို အကဲခတ်ကြည့်တော့လည်း  ဦးထုပ်ငိုက်ငိုက်နဲ့ တစုံတရာကို သဲသဲမဲမဲ ကြံစည်နေသလိုလို။

မီးရောင်လင်းတဲ့ လမ်းကျယ်တွေဘက် မောင်းခိုင်းပေမဲ့ မြန်မြန်ရောက်တဲ့လမ်းက မောင်းပေးနေတာပါဆိုတဲ့ အကြောင်းပြချက်ကလည်း မသင်္ကာစရာ။

ဒါနဲ့ လက်ကိုင်ဖုန်းကို ထုတ်ပြီး အိမ်ကလူတွေကို ဆက်သွယ်တော့လည်း တယ်လီဖုန်းလိုင်းတွေက မမိ။ တခုခုဖြစ်လာရင် ဘာလုပ်ရမလဲ တွေးရင်း ဇောချွေးလေးများ ပျံလာပါတယ်။ ကံအားလျော်စွာ ဖုန်းလိုင်းမိပြီး အိမ်နဲ့ အဆက်အသွယ်ရပါတယ်။ “သမီးဘယ်နေရာကို ရောက်နေပြီလို့ သတင်းပေးရင်း၊ အိမ်နဲ့ အဆက်အသွယ်မပြတ်အောင် စကားကို ရှာကြံပြီး ပြောနေရတယ်။ အိမ်နဲ့အဆက်အသွယ်ရသွားတော့ အားရှိလာသလို ခံစားတာမှ မကြာသေးဘူး ဖုန်းက ဘက်ထရီကုန်သွားတော့ ရှိလာတဲ့အားတွေ အပြင်၊ နဂိုက ရှိတဲ့ စိတ်အားတွေပါလျော့ပြီး ကုန်သွားပါတော့တယ်။

မလုံမလဲနဲ့ ကားသမားကို အကဲခတ်တော့လည်း ဦးထုပ်ငိုက်ငိုက်အောက် မျက်နှာက လှောင်ပြုံးပြုံးနေသယောင်ယောင်။ တခုခုဖြစ်လာရင် ဘာလုပ်ရမလဲလို့ အရေးပေါ် ဉာဏ်ထုတ်တော့လည်း အားငယ်စိတ်ကို မကျော်နိုင်ရှာပါဘူး။ အားသွင်းဖို့ ကြိုးရှိလားလို့ မေးတော့လည်း မရှိဘူးလို့ ဖြေတာကိုက စိုးရိမ်စိတ်ကို ပိုကြီးထွားစေတော့တာပါပဲ။

မှောင်ရိပ်ကြီးစိုးတဲ့ နေရာတခုအရောက် ကားသမားရဲ့ လက်ဟာ ဒတ်ရှ်ဘုတ်(Dash Board) ပေါ်ရောက်သွားပြီး တစုံတရာကို ဆွဲယူလိုက်တာ အထိတ်တလန့် တွေ့လိုက်ရပါတယ်။ ကားသမားဟာ ထိုအရာကို လက်တဖက်နဲ့ ကိုင်ပြီး ဆွဲမလိုက်တာနဲ့ မိန်းမပျိုဟာ သတိအနေအထားနဲ့ တံခါးလက်ကိုင်ကို လက်ရောက်သွားတော့တာပါပဲ။ ပါးစပ်ကလည်း ဘယ်လိုအော်ရမလဲဆိုတာပါ ဟန်ပြင်လိုက်တော့တာပေါ့။

“သမီး…ကျူရှင်က ပြန်ပြီလား။ အဖော်ပါရဲ့လား။ အဖေစိတ်ပူနေတယ်။ အဖေလည်း ဒီမှာ ခရီးသည် တယောက်ကို ပို့ပြီးရင် ပြန်လာခဲ့တော့မယ်။ အမေ့ကို လမ်းထိပ်ထွက် ကြိုခိုင်းဖို့ မမှာထားဘူးလား။”

ကားသမားရဲ့ ဖုန်းဆက်သံကြားမှ မိန်းမပျိုဟာ သက်ပြင်းမောကြီး ချနိုင်ပါတော့တယ်။

——-*———-*————-*————*

ကားသမားက ရှင်းပြပါတယ်။ ခရီးသည်ဟန်ဆောင်ပြီး ကားကို လုယက်မှုတွေရှိနေလို့ ညဉ့်နက်လူပြတ်တဲ့ လမ်းတွေကို မလိုက်ရဲကြောင်း။ လုယက်သူတွေဟာ ယောက်ျားတွေပဲဖြစ် လိမ့်မယ်လို့ မှတ်ထားရင်တောင် မပြည့်စုံသေးကြောင်း။ အမျိုးသမီး တဦး ( တချို့ဆို ကလေး တယောက်တောင်ပါသေး။) ငှားတယ်ဆိုပြီး လျှော့တွက်လို့မရ။ လူပြတ်ရာ ရောက်မှ ရပ်ခိုင်းပြီး သစ်ပင်အကွယ်က ထွက်လာတဲ့ လက်နက်ကိုင်လုယက် သူတွေနဲ့ ချိန်းချက်ထားတဲ့ ကြံစည်မှုမျိုးတွေ ရှိဖူးကြောင်း ပြောပြပါတယ်။

“အဲဒါကြောင့် ကျနော်တို့ ကားသမားတွေက ဘော်ဒါတယောက် ညဘက်ဆို အပိုခေါ်လာရတာဗျ။”

“အာ…ဒါဆို ကျမတို့ ခရီးသည်တွေက ပိုတောင်မသင်္ကာ သေးတယ်။”

“အဲဒါပြောတာပေါ့ဗျာ။ တဖက်နဲ့ တဖက် မယုံကြည် မသင်္ကာတာနဲ့ပဲ …..။”

——-*———-*————-*————*

ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး သံသယတွေနဲ့ သတိကြီးကြီး ဆက်ဆံနေရတာ ကြာပါပြီ။ သံသယဆိုတာမျိုးကလည်း အတိတ်ဖြစ်ရပ်တွေအပေါ် အခြေခံကြသလို သတင်းစကား အကြားတွေနဲ့လည်း မယုံမကြည် ဖြစ်ကြတာပါပဲ။

အချင်အတွယ်တွေကို မယုံတာ၊ အမျိုးအစားကို မယုံတာ၊ အရည်အသွေးကို မယုံတာတွေထက် အဆိုးဆုံးကတော့ လူကို မယုံတာပါပဲ။ ဆိုင်းဘုတ်တွေ အရောင်တွေ ကြည့်ပြီးတော့လဲ မသင်္ကာ စိတ်တွေဖြစ်သလို၊ ကတိစကားတွေ ကြားပေမဲ့ ကတိပျက်ကွက်တာ များခဲ့ဖူးတာမို့ မယုံနိုင်ကြပါဘူး။ ပြိုင်ဘက်ကို မယုံရတာ ဆိုးရွားသလို၊ ဒိုင်လူကြီးကိုပါ မယုံရတဲ့အခြေအနေက ပိုပြီးတော့ လက်ခံချင်စရာ မကောင်းတဲ့ အနေအထားပါ။

နားလည်ပေးလို့ရတဲ့ သာမန်လွဲချော်မှုတွေလောက်နဲ့တော့ မယုံသင်္ကာစိတ်တွေ မကြီးထွားပါဘူး။ အစဉ်အလာဆိုးကြောင့် မသင်္ကာတိုးရတဲ့သူတွေကို အပြစ်မမြင်သင့်ပါ။ ယုံကြည်စရာ ဘယ်လောက်ကောင်းသလဲဆိုတာ ယုံလောက်အောင် သက်သေပြနိုင်ဖို့ပါပဲ။

လူ့အဖွဲ့အစည်းတခုဟာ မဟုတ်တာလုပ်တဲ့သူတွေကို ဒဏ်ခတ်နိုင်မှ လူတွေဟာ ယုံကြည်မှု ရအောင် ကျင့်ကြံကြမှာပါ။ မဟုတ်တာလည်း လုပ်သေးတယ်၊ ဒဏ်ခတ် မခံရတဲ့အပြင် လုပ်ပိုင်ခွင့် (သို့မဟုတ်) တစုံတရာအရှိန်အဝါကြီးနေမြဲဆဲပဲ ရှိသေးတယ် ဆိုရင်တော့ လူတွေက မယုံကြည်တဲ့ အပြင် ရွံရှာမုန်းတီးစိတ်ပါပေါင်းပြီး အခွင့်ပေါ်တာနဲ့ ဆန့်ကျင်ကြမှာပါပဲ။

ကားသမားနဲ့ ခရီးသည် မသင်္ကာတာထက်ဆိုးတဲ့ ယုံကြည်မှု ပျောက်ဆုံးနေတာ…  ဘယ်သူနဲ့ ဘယ်သူတွေလဲ ၊ ဘယ်နေရာမှာလဲဆိုတာ အားလုံးအသိပါ။

သံသယကင်းတဲ့လူ့အဖွဲ့အစည်းမှာ သက်ပြင်းမချရဲတဲ့ဘဝ လွန်မြောက်သင့်လှပါပြီ။

Min Ko Naing

မင်းကိုနိုင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ၏ ထင်ရှား‌သော ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search