Menu & Search

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

July 17, 2020

ခရီးသွားလုပ်ငန်းသည် နိုင်ငံတနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများအနက်မှ တခုအပါအဝင် ဖြစ်ပါသည်။ ထို့ကြောင့် ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရန် အမြန်ဆုံး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း ပြန်လည်အောင်မြင်အောင် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများစွာ ရှိနေပါသည်။ထို့ ကြောင့် ထိုစိန်ခေါ်မှုများကို ခရီးသွားကဏ္ဍတွင် ပါဝင်ပတ်သက်နေသူများ အားလုံး အမြန်ဆုံးကျော်ဖြတ်နိုင်ရန် တက်ညီလက်ညီဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

လုပ်ငန်းများ ပြန်လည်ထူထောင်ရန် နိုင်ငံတိုင်းမှ အလျင်အမြန် ကြိုးစားလာကြရာ လုံခြုံစိတ်ချရမှုသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ ဧည့်သည်များ ယုံကြည်စွာဖြင့် ဝင်ရောက်လာနိုင်ရန် မိမိတို့နိုင်ငံသည် လုံခြုံစိတ်ချရသည့် ခရီးသွားဒေသတခု၊ ခရီးစဉ်တခုအဖြစ် ကမ္ဘာလှည့်ခရီးသွားများအကြားတွင် ပြန်လည် ထွက်ပေါ်လာနိုင်ရန် ခရီးသွားကဏ္ဍတွင် ပါဝင်ပတ်သက်နေသူများအားလုံး၌ တာဝန်ရှိပါသည်။ ခရီးသွား ဧည့်သည်များအတွက် မိမိတို့နိုင်ငံသို့ မလာရောက်မီ လိုက်နာရမည့်အချက်များကို ကြိုတင်ထုတ်ပြန်ထားမှသာ မိမိတို့နိုင်ငံသည် လုံခြုံစိတ်ချရသည့် ခရီးသွားဒေသတခု၊ ခရီးစဉ်တခုအဖြစ် ကမ္ဘာလှည့်ခရီးသွားများအကြားတွင် ပြန်လည် ပါဝင်လာနိုင်မည် ဖြစ်သည်။ ဧည့်သည်များ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဟိုတယ်လုပ်ငန်းနှင့် တည်းခိုမည့်နေရာများတွင် လိုက်နာရမည့်အချက်များ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် လိုက်နာရမည့်အချက်များ၊ ဧည့်သည်များ သွားလာလည်ပတ်ရာတွင် လိုက် နာရမည့် အချက်များကို စနစ်တကျထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ အချိန် နှင့်တပြေးညီ စစ်ဆေးပြီး လိုအပ်သည့် လုံခြုံစိတ်ချစွာအသုံးပြုနိုင်သော နေရာများ အဖြစ် အသိအမှတ်ပြုလက်မှတ်များ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပေးထားမှ သာလျှင် နိုင်ငံတကာခရီးသွားများ၏ယုံကြည်မှုကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။

 

ဧည့်သည်များအတွက် ပြင်ဆင်ရမည့် အချက်အလက်များ

ဧည့်သည်များ အိမ်မှ Quarantine ဝင်လာရန် လိုအပ်ခြင်း ရှိ၊ မရှိ၊  နိုင်ငံအဝင်တွင် Quarantine ဝင်ရန် လိုအပ်ခြင်း ရှိ၊ မရှိ၊ Antibody Test၊ COVID Test စသည်တို့ စစ်ဆေးလာရန် လိုအပ်ခြင်း ရှိ၊ မရှိကို  ကြိုတင်၍ တိတိကျကျ ထုတ်ပြန်ပေးထားရမည်။ ယခုထုတ်ပြန်ထားသော နိုင်ငံခြားသားများအနေဖြင့် Quarantine ၂၁ ရက် နေရမည် ဆိုသည့် ထုတ်ပြန်ချက်အား ဆက်လက်အတည်ပြုမည် (သို့မဟုတ်) ဖြေလျှော့ပေးမည် စသည့် အစီအစဉ်နှစ်ရပ်အား စဉ်းစားရမည်ဖြစ်သည်။ ဆက်လက်ထားရှိမည်ဆိုပါက နိုင်ငံခြားသားဧည်သည့် ဝင်ရောက်မှုသည် လွယ်ကူမည်မဟုတ်ပေ။ အာဆီယံနိုင်ငံ တနိုင်ငံဖြစ်သော က‌မ္ဘောဒီးယားနိုင်ငံ အဝင်တွင် ကိုဗစ်-၁၉ အစစ်ဆေးခံရပြီး ရောဂါ မရှိပါက Quarantine ၁၄ ရက် ဝင်ရမည်ဟုထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်တွင်လည်း ကိုဗစ်-၁၉စစ်ဆေးမည့် ဓာတ်ခွဲခန်း ဖွင့်လှစ်ထားရှိပါသည်။

ထို့အတူ ဧည့်သည်နှင့်အတူပါလာရမည့် အထောက်အထား အချက်အလက်များ ဥပမာ-Travel Certificate  များကို နိုင်ငံအဝင်တွင် ပြသရန် လိုအပ်ခြင်း ရှိ၊ မရှိကို ထုတ်ပြန်ထားသင့်ပါသည်။ ဥပမာ- စင်ကာပူနိုင်ငံတွင် ကျန်းမာ ရေးဖောင်ကို Website (သို့မဟုတ်) Mobile Application တွင် ဖြည့်စွက်နိုင်အောင် စီစဉ်ထားသည်။ သို့မှသာ ဧည့်သည်အနေဖြင့် ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်ပြီး မိမိတို့ နိုင်ငံသို့ လာရောက်လည်ပတ်ရန် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

 

ဆောင်ရွက်ရမည့် အချက်အလက်များ

ခရီးသွားတယောက်သည် ခရီးသွားလာရေးအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာ တွင် တလမှ နှစ်နှစ်အထိ အချိန်ယူ၍ ကြိုတင်ပြင်ဆင်ရသည်။ မကြာမီမှာလည်း High Season (အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ) ရောက်ရှိတော့မည်ဖြစ်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါသည်။  ထို့အတူ ပြည်ဝင်ခွင့် (visa) နှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ကြိုတင်ထုတ်ပြန်ထားရှိရမည် ဖြစ်သည်။ ဥပမာ သီရိ လင်္ကာနိုင်ငံနှင့် ကမ္ဘောဒီးယားတို့တွင် Visa ပေးမည့်နိုင်ငံများ၊ E- Visa ထုတ်ပေးနိုင်မှု၊ Visa ကင်းလွတ်ခွင့်ပြုမည့်နိုင်ငံများကို စာရင်းပြုစု ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်ရန် အတွက် ဆိုက်ရောက်ဗီဇာ (Visal On Arrival) ပေးမည့်နိုင်ငံများ၊ E-Visa ပေးမည့်နိုင်ငံ များ၊ Visa ကင်းလွတ်ခွင့်ပြုမည့်နိုင်ငံများကို မည်သည့်အချိန်တွင် မည်သို့မည်ပုံ ပြန် လည် ခွင့်ပြုသွားမည်ကို အမြန်ဆုံး ထုတ်ပြန်သင့်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသည် ဩစတြေးလျ၊ နယူးဇီလန်၊ ကိုလံဘီယာ၊ တရုတ်၊ ဟောင်ကောင်၊ မက္ကာအို၊ ဂျပန်၊ လာအို၊ မြောက်ကိုရီးယား၊ မြန်မာ၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် အရှေ့တောင်အာရှ နိုင်ငံအချို့ကို Travel Bubble တွင် ရွေးချယ်ထည့်သွင်းပြီး ခရီးသွားလုပ်ငန်းကို ပြန် လည်အစပြုရန် စီစဉ်နေပြီဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံတွင်လည်း Travel Bubble ပုံစံဖြင့် လေ ကြောင်း ဆက်သွယ်ရေးကို အာရှပစိဖိတ်လေးနိုင်ငံ ဖြင့် ပြန်လည်စတင်ရန် စီစဉ်နေပြီဖြစ်သည်။ ထို့ ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အစီအစဉ် အသစ်များဖြင့် ခရီးသွားလုပ်ငန်းပြန်လည် ဦးမော့ လာစေရန် ပြုလုပ်ဆောင်ရွက်သင့်ပါသည်။

 

နိုင်ငံတကာမှ ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည့် အချက်များ

မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် များကို မည်သည့်အချိန်တွင် ဖွင့်ခွင့်ပေးမည်၊ မည် သည့် လေကြောင်းလိုင်းများကို ပျံသန်း၊ ဆိုက် ရောက်ခွင့်ပြုမည်ကိုလည်း အသေးစိတ် ကြိုတင် ပြင်ဆင် ကြေညာထားသင့်ပါသည်။ လေယာဉ် လက်မှတ်ဝယ်ယူပြီး နိုင်ငံတကာသို့ ခရီးသွားရန် အတွက် အနည်းဆုံးတလခန့် ကြိုတင်ပြင်ဆင်ရ သဖြင့် လေဆိပ်ပိတ်မည်ကို နှစ်ရက်၊ သုံးရက်ခန့် သာ ကြိုတင်ကြေညာပါက ခရီးသွားမည့်သူ အနေ ဖြင့် ခရီးစဉ်အတွက် အဆင်ပြေမည်မဟုတ်ပေ။ လေဆိပ်များ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို အချိန် ကပ်ပြီး မကြေညာသင့်ပေ။ အစစအရာရာတွင် ကြိုတင်စီစဉ်ထုတ်ပြန်ရမည် ဖြစ်သည်။ လေဆိပ် တွင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဆောင် ရွက်မှု အစီအမံများ၊ ကာကွယ်ရေးအစီအစဉ်များကို ထုတ်ပြန်ကြော်ငြာ ထားသင့်သည်။ သို့မှသာ  နိုင်ငံသားဝန်ထမ်းများနှင့် ဧည့်သည်များအတွက် ဘေးကင်းလုံခြုံမှုရှိမည် ဖြစ်ပါသည်။ အကယ်၍ ဧည့်သည်တယောက်တွင် ရောဂါလက္ခဏာတွေ့ရှိပါက ရောဂါအခြေအနေပေါ် မူတည် ပြီး ဆေးရုံသို့ ပို့ဆောင်မည် (သို့မဟုတ်) Facility Quarantine ထားရှိမည် (သို့မဟုတ်) Save ယူမည် (သို့မဟုတ်) မည်သည့်ဌာနသို့ လွှဲပြောင်းပေးမည်၊ မည်ကဲ့သို့လွှဲပြောင်းမည်၊ မည်သူက ကုန်ကျစရိတ်တာဝန်ယူမည်၊ မည်သို့မည်ပုံ ဆောင်ရွက်မည်စသည်ဖြင့် ကြိုတင်ပြင်ဆင် ကြေညာထားသင့်ပေသည်။

 

တည်းခိုရန်နေရာများ၊ ပို့ဆောင်ရေးကဏ္ဍ၊ စားသောက်ဆိုင်များ

တည်းခိုရန်နေရာများ၊ လည်ပတ်သွားလာသော အထင်ကရနေရာများ၊ စား သောက်ဆိုင်များအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) မှ ထုတ်ပြန်ထားမှုကို တိကျစွာလိုက်နာပြီး စစ်ဆေးမှုပြီးစီးကြောင်း Certificate ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့်ထုတ်ပြန်ပြီး ဧည့်သည်ရောက်ရှိလာပါက လိုက်နာဆောင်ရွက်ရန် အချက်အလက်များကို ထုတ်ပေးထားရန် လိုအပ်မည် ဖြစ်ပါသည်။ ဟိုတယ် ဝန်ထမ်းများ အနေဖြင့်လည်း ဧည့်သည်နှင့် ထိတွေ့မှုအနည်းဆုံးဖြင့် ဝန်ဆောင်မှုပေး ရန် လိုအပ်ပေသည်။ ဟိုတယ်များအနေဖြင့် ဧည့်သည်နှင့်ပတ်သက်သည့် ခရီးသွား ရာဇဝင်များကို မှတ်တမ်းတင်၍ ဧည့်သည်အား Contact Request Form များ ဖြည့် ထားစေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ဟိုတယ်မှထုတ်ပြန်ထားသော လုံခြုံရေး လမ်းညွှန်ချက်များ (Safety Guide) များကို သေချာစွာ လိုက်နာစေရန် ညွှန်ကြားခြင်းတို့ လုပ်ဆောင်သင့်ပါသည်။ ဟိုတယ်တွင် မိသားစုတစုတည်း အတူလာရောက် တည်းခို ပါက Extra Bed အသုံးပြုခြင်းအား ခွင့်ပြုပေးရန်လိုပါမည်။ စားသောက်ခန်းများတွင် စားပွဲတခုနှင့်တခုကြား အကာအရံများကို ပြောင်းလဲပြုပြင်ထားသင့်ပါသည်။ သို့မဟုတ်ပါက တညတာလုံး အခန်းတခန်းထဲတွင် အတူတည်းခိုခဲ့ကြပြီး နံနက်စာ သုံး ဆောင်ချိန်မှ ကန့်သတ်ထားရှိခြင်းသည် ထိရောက်သည့် ဟန့်တားမှုမဖြစ်နိုင်ပေ။ ဧည့်ကြိုနေရာများနှင့် အများသုံးနေရာများကို လုံခြုံစိတ်ချရမှုဖြစ်စေရန် ကြိုတင်ပြင်ဆင် ပြီး ဝန်ထမ်းများအား သင်ကြားပြသ ညွှန်ကြားထားသင့်ပါသည်။

ပြည်တွင်းပို့ဆောင်ရေး လုပ်ငန်းများသည်လည်း MOHS မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် လိုအပ်ပါသည်။ ပြည်တွင်းပို့ဆောင်ရေး ကဏ္ဍများဖြစ်သည့် လေယာဉ်၊ ဘတ်(စ်)ကား၊ တက္ကစီနှင့် Private Coach များကို ညွှန်ကြားချက်အတိုင်း ဖြစ်စေရေး၊ ခွင့်ပြုမည့် လူဦးရေ၊ ကာကွယ်ရေး အစီအစဉ်များ ကို ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါမည်။ မည်သူက မည်သို့မည်ပုံ တာဝန်ယူ ကြီးကြပ် ကွပ်ကဲရမည်ကိုလည်း စီစဉ်ဆောင်ရွက်ထားရှိသင့်ပါသည်။

ထို့အပြင် ခရီးတိုသွားလာရာတွင် အသုံးပြုသည့် လှည်း၊ လှေ၊ စက်ဘီး၊ တုတ် တုတ်၊ Ebike စသည်တို့အတွက်လည်း  လုံခြုံစိတ်ချရမှုဖြစ်စေရန်အတွက် စည်းကမ်း ကြပ်မတ်ခြင်း၊ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ညွှန်ကြားကြပ်မတ် ပေးရန် လိုအပ်ပါသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများကို စစ်ဆေးပြီး အရည်အသွေးပြည့်မီသူများကိုသာ ပြေးဆွဲခွင့် ပေးသင့်ပါသည်။

စားသောက်ဆိုင်များအနေဖြင့်လည်း ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင် ရွက်ရမည့် အချက်များကို MOHS မှ ထုတ်ပြန်ထားပြီးဖြစ်ရာ တိကျစွာလိုက်နာ၍ စားသုံးသူများ လိုက်နာရမည့်အချက်များကိုလည်း မြင်သာထင်သာအောင်ချိတ်ဆွဲ ပြသထားသင့်ပေသည်။

 

ပုဂ္ဂလိကနေရာများ၊ ဘုရား၊ ဘုန်းကြီးကျောင်းများ၊ ဈေးများ

ဧည့်သည်များလည်ပတ်သွားလာရာတွင် ပုဂ္ဂလိကဧရိယာများဖြစ်သော လက်မှု ပစ္စည်းအရောင်းဆိုင်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ ဒေသထွက်ပစ္စည်း အရောင်း ဆိုင် စသည့်နေရာတို့တွင် လိုက်နာဆောင်ရွက်ရန်အချက်များ ထုတ်ပြန်ထားပြီး တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လည်း လိုအပ်ပါမည်။ ၎င်းအပြင် ထိုနေရာများသို့ သွားရောက်လည်ပတ်ရန် စိတ်ချရသော နေရာဖြစ်ကြောင်း Certificate ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပေးထားရှိရန် လိုအပ်မည် ဖြစ်ပေသည်။

လူအများ သွားရောက်လည်ပတ်သော နေရာများဖြစ်သည့် ဘုရား၊ ဘုန်းကြီး ကျောင်း၊ ဈေး စသည်တို့တွင်လည်း စည်းကမ်းချက်များကို တိကျစွာလိုက်နာရန်၊ မည် သည့်နေရာကို  မည်သူကတာဝန်ယူ၍ ဆောင်ရွက်မည်၊ ကုန်ကျစရိတ်ကို မည်သူမှ ကုန်ကျခံမည်ကို တိတိကျကျ သတ်မှတ်ပေးရန် လိုအပ်ပါသည်။

ထို့ကြောင့် ဒေသဆိုင်ရာ Destination Management Organization(DMO) များအနေဖြင့် မိမိဧရိယာအတွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ပို့ဆောင်ရေး ကဏ္ဍများ၊ သွားလာလည်ပတ်ရန် နေရာများအတွက်ကို သက်ဆိုင်ရာ DMO မှ အဖွဲ့အစည်းအသီးသီးက အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲပြီး ဆက်လက်ဆောင်ရွက်သင့်ပေ သည်။

DMO များအနေဖြင့် အများပြည်သူနေရာများတွင် အသုံးပြုမည့်  PPE၊ Mask၊ Gloves၊ Face Shield၊ Thermometer ၊  လက်ဆေးကန် ပိုးသတ်ဆေးဖြန်းရန်စသည့် ကာကွယ်ရေးပစ္စည်းများအတွက် ကုန်ကျစရိတ်များကို မည်သို့ကျခံ ဆောင်ရွက်မည်ကို လည်း ထည့်သွင်းစဉ်းစားသင့်ပေသည်။ ဘုရား၊ ဘုန်းကြီးကျောင်းများတွင် ပြုလုပ်မည့် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင်  တာဝန်ယူမည့် အဖွဲ့အစည်းနှင့် ကုန်ကျစရိတ်များကို စဉ်းစားတွက်ချက်ရမည်ဖြစ်သည်။ ဥပမာ-ဘုရားတွင် ဘုရားဂေါပကအဖွဲ့မှ တာဝန်ယူ မည်၊ ဘုန်းကြီးကျောင်းတွင် အလှူမှ တာဝန်ယူမည်၊ ဈေးတွင် စည်ပင်သာယာမှ တာဝန်ယူရမည် သို့တည်းမဟုတ် ဒေသဆိုင်ရာ DMO က တာဝန်ယူမည်၊ နယ်မြေ Zone ဝင်ကြေးမှ မျှဝေပြီး ကာကွယ်ရေးပစ္စည်းများ ဝယ်ယူထောက်ပံ့ပေးမည် အစရှိ သဖြင့် စဉ်းစားကာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။ ဈေးများတွင် ပြန်လည်ပြင်ဆင် ရမည့် လုပ်ငန်းများစွာ ရှိပေသည်။ ဈေးအတွင်းသို့ ဝင်ရောက်လည်ပတ်မည့် ခရီးသွား ဧည့်သည်များအား မည်ကဲ့သို့ စစ်ဆေးမည်၊ မည်သည့်ဝင်ပေါက်မှ ဝင်ရောက်ခွင့်ပြုမည် မည်သည့်အချက်များနှင့် ကိုက်ညီမှုမရှိပါက ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းကို လည်း မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူဖြေရှင်းကာ ရှင်းလင်းဆောင်ရွက်ပေးမည် ဆိုသည်မှာလည်း အရေးကြီးသည့်အချက် ဖြစ်ပေသည်။ ဖော်ပြပါ အချက်များအားလုံး သည် ကဏ္ဍအလိုက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်သင့်သည့် အချက်များ ဖြစ်ပါသည်။

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ ဘက်ပေါင်းစုံမှ စီမံခန့်ခွဲ၍ ကြိုတင်ပြင်ဆင်ပြီး အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံတနိုင်ငံ၏  အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်သော ခရီးသွားလုပ်ငန်းသည် အမြန်ဆုံး ပြန်လည်ဦးမော့ကာ အရှိန်အဟုန် မြင့် မားစွာဖြင့် အလျင်အမြန် ပြန်လည်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါသည်။ ကိုဗစ်တားဆီးကာကွယ် ရေး ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု၊ နည်းပညာ၊ လူအင်အားသာမက ငွေကြေး အင်အားဖြင့်လည်း ကျခံဆောင်ရွက်ရသဖြင့် ရရှိနိုင်မည့် ဘဏ္ဍာရေးအရင်းအမြစ်များ အပေါ် အခြေခံပြီး ငွေကြေးအခက်အခဲအား ကူညီဖြေရှင်း ဆောင်ရွက်ပေးသင့်ပါ ကြောင်း အကြံပြုရေးသားအပ်ပါသည်။

Zaw Myo Swe

ဇော်မျိုးဆွေသည် လုပ်ငန်းရှင်တဦးဖြစ်ပြီး ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးကို စိတ်ဝင်စားသူတဦးဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search