ကိုဗစ်နောက်ကြောင်းပြန်၊ ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း (စာအုပ်မိတ်ဆက်)
တကယ်တမ်းတော့ ကပ်ရောဂါ ကူးစက်မှုက လူသားတွေ ဖန်တီးပြီး ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ ပုစ္ဆာအဟောင်း၊ ပြဿနာအဟောင်းပဲ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါက ကမ္ဘာ့ကပ်အသွင်နဲ့ ခြိမ်းခြောက်နေတာကြောင့် နိုင်ငံအရပ်ရပ်က အစိုးရတွေ အနေနဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို အသီးသီး လုပ်ဆောင်နေကြရပါတယ်။ မြန်မာနိုင်ငံအစိုးရကလည်း အဆိုပါ လုပ်ငန်းစဉ်တွေကို တိုးမြှင့် လုပ်ဆောင်နေပါတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်တွေ၊ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအပေါ် ပြည်သူလူထုက ဘယ်လောက်ထိ ပူးပေါင်း ဆောင်ရွက်မှုရှိသလဲ၊ အောင်မြင်မှု ဘယ်လောက်ရှိလဲ စတဲ့အချက်တွေအပေါ် မူဝါဒချမှတ်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ လိုအပ်ပါတယ်။ ယခုဖော်ပြမယ့် စာစုက အဆိုပါအချက်တွေကို ဆွေးနွေးချဉ်းကပ်ထားတဲ့ သုတေသန စာတမ်းတစောင်ကို မိတ်ဆက်တင်ပြမှာ ဖြစ်ပါတယ်။
သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့နဲ့ အာနန္ဒာဒေတာအဖွဲ့ တို့က ၂၀၂၀၊ မေ ၄ ရက်မှာ ကိုဗစ်–၁၉ ရောဂါပိုး ကူးစက်နိုင်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်တမ်း အမည်ရတဲ့ သုတေသနစာတမ်းကို ပြုစုထုတ်ဝေခဲ့ပါတယ်။ အဆိုပါစာတမ်းရဲ့ တွေ့ရှိချက်များထဲမှ အချို့ကို အကျဉ်းချုပ် ဆက်လက်ဆွေးနွေးပါမယ်။
သုတေသနစာတမ်းရဲ့ အဓိကလားရာ
စာတမ်းရဲ့ ရည်ရွယ်ချက်က ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ရေးကို လုပ်ဆောင်နေကြတဲ့ အစိုးရ အဖွဲ့အစည်း၊ လွှတ်တော်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအတွက် လက်ရှိရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်တွေက ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် ကာကွယ်နိုင်မှု၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်နိုင်မှု အခြေအနေတွေကို သုံးသပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ၂၀၂၀၊ ဧပြီ ၂၆ ရက်မှ ၂၉ ရက်အတွင်း ဖြေဆိုသူပေါင်း ၁၁၁၁၄ ဦးကို အွန်လိုင်း စစ်တမ်း ပြုလုပ်ကောက်ခံခဲ့တဲ့ အရေအတွက်အခြေပြုသုတေသနစာတမ်းမှာ အဓိက အဖြေထုတ်ဖို့ ကြိုးပမ်းထားတဲ့ မေးခွန်းနှစ်ခု ရှိပါတယ်။ ဒါတွေကတော့
◼ လက်ရှိအစိုးရက ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ် ကာကွယ်နိုင်ပြီလား၊ ဘယ်လိုရလဒ် ကောင်းတွေ မြင်တွေ့ရပြီး ဘယ်လိုကိစ္စတွေကို ထပ်မံအားဖြည့် လုပ်ဆောင်ဖို့ လိုအပ်နေသေးသလဲ။
◼ ကူးစက်နှုန်းမြန်ဆန်ပြီး ကာကွယ်ဆေး၊ ကုသဆေးမရှိသေးတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဘယ်လို အကောင်းဆုံးထိန်းချုပ်ပြီး ပုံမှန်စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို ပြန်လည်ဆောင်ရွက်နိုင်မလဲ စတဲ့ မေးခွန်းတွေဖြစ်ပါတယ်။
စာတမ်းရဲ့ အဓိကတွေ့ရှိချက်များ
ပြည်သူတွေရဲ့ သဘောထား အမြင်စစ်တမ်းကို အဓိက အခြေပြု ဆွေးနွေးထားတဲ့ ယခုသုတေသနစာတမ်းမှာ အဓိကတွေ့ရှိချက်ကဏ္ဍနှစ်ရပ် ရှိပါတယ်။ ပထမတခုက ကိုဗစ်–၁၉ ရောဂါ ကူးစက်မှု၊ ထိန်းချုပ်မှု လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် ထင်မြင်ချက်များ ဖြစ်ပါတယ်။
အိမ်တွင်သာနေထိုင်ခြင်း၊ ဗိုင်းရပ်စ်မကူးစက်အောင် သေချာစွာကာကွယ်ခြင်းက မိမိရဲ့မိသားစု၊ ပတ်ဝန်းကျင်၊ နိုင်ငံအတွက် အထောက်အကူ ဖြစ်စေသည်ဆိုတဲ့ အချက်ကို စစ်တမ်း ဖြေဆိုသူစုစုပေါင်းရဲ့ ၉၇ ဒသမ ၈၅ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ အလွန်ကာလမှာ မိသားစု စားဝတ်နေရေးနဲ့ လူမှုစီးပွားအခြေအနေတွေ ပြောင်းလဲသွားနိုင်မည်ဆိုတဲ့ အချက်ကို ဖြေဆိုသူစုစုပေါင်းရဲ့ ၇၇ ဒသမ ၇၄ ရာခိုင်နှုန်း က လက်ခံခဲ့ကြပါတယ်။ ဒီအချက်က ပြည်သူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအလဲတွေအပေါ် ကြိုတင် သတိပြုနေကြတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ကူးစက်ရောဂါကို မိမိအနေနဲ့ ကာကွယ်နိုင်မယ်ဆိုတဲ့ အချက်ကို စစ်တမ်းဖြေဆိုသူ ၈၅ ဒသမ ၇၃ ရာခိုင်နှုန်း က ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မိမိပတ်ဝန်းကျင်မှာ ရောဂါပိုးပြန့်ပွားမှုရှိနေနိုင်ပြီး ဖြစ်တယ်ဆိုတဲ့ အချက်ကို လက်ခံသူ ၆၀ ဒသမ ၁၄ ရာခိုင်နှုန်း ရှိနေပါတယ်။ အကယ်၍ မိမိရပ်ရွာအတွင်းမှာ ကူးစက်မှုရှိပါက လျင်မြန်စွာ ပြန့်ပွားသွားနိုင်တယ် ဆိုတဲ့ ယူဆချက်ကို ဖြေဆိုသူအများစု (၇၂ ဒသမ ၅၃ ရာခိုင်နှုန်း) က လက်ခံကြပါတယ်။ ဒါ့အပြင် ဖြေဆိုသူရဲ့ ၇၁ ဒသမ ၃၆ ရာခိုင်နှုန်းက မိမိမှာ ရောဂါပိုး ကူးစက်ခံရမှုမရှိလို့ ယုံကြည်ထားကြပါတယ်။ စစ်တမ်းရဲ့ သုံးသပ်ချက်အရ အဆိုပါ အချက်အလက်တွေက “နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေခြင်း” (Social Distancing) နဲ့ ပတ်သတ်ပြီး လိုက်နာနိုင်မှု အခြေအနေအပေါ် စိုးရိမ်မှုရှိနေတယ်ဆိုပြီး ဆက်စပ်ဆွေးနွေးထားပါတယ်။ သတိပြုဖွယ်ကောင်းတဲ့ အချက်က “ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ မည်သို့နေထိုင်လုပ်ဆောင်ရမည်ဆိုတဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထုအားလုံး သိရှိကြတယ်လို့ ထင်ပါသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးမြန်းတဲ့အခါ ဖြေဆိုသူ စုစုပေါင်းရဲ့ ၅၈ ဒသမ ၈၉ ရာခိုင်နှုန်း က “မထင်ပါ” လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
စာတမ်းတွေ့ရှိချက်ရဲ့ ဒုတိယကဏ္ဍက ကူးစက်ရောဂါ ကာကွယ်ရန် လုပ်ဆောင်မှုများနှင့် ပတ်သတ်သည့် ထင်မြင်ချက်များ ဖြစ်ပါတယ်။
ကူးစက်ရောဂါ ကာကွယ်နိုင်ဖို့အတွက် တတ်နိုင်သမျှ အိမ်မှာနေသင့်တယ်ဆိုတဲ့ အချက်ကို ဖြေဆိုသူ အများစု (၉၄ ဒသမ ၉၂ ရာခိုင်နှုန်း) က ထောက်ခံဖြေဆိုခဲ့ပါတယ်။ ဒါပေမဲ့ တကြိမ်မှ အပြင်မထွက်ဘဲ အိမ်ထဲမှာသာနေတဲ့ ပမာဏက ဖြေဆိုသူရဲ့ ၁၂ ဒသမ ၃၉ ရာခိုင်နှုန်းသာ ရှိတာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ နေ့စဉ်အိမ်ပြင်ပထွက်နေရတဲ့ မိသားစုရှိနေတယ်လို့ ဖြေဆိုသူက ၆၂ ဒသမ ၃၉ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ အိမ်အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း သေချာစွာတပ်တယ်လို့ ဖြေဆိုသူ ၈၃ ဒသမ ၈၃ ရာခိုင်နှုန်း ရှိပါတယ်။ သို့သော် အပြင်က ပြန်လာပြီးတဲ့အခါ လိုအပ်တဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အတိအကျလိုက်နာသူက ဖြေဆိုသူရဲ့ ၅၆ ဒသမ ၅၆ ရာခိုင်နှုန်း သာ ရှိပါတယ်။
စာတမ်းရဲ့ သုံးသပ်ချက်များ
သုတေသနစစ်တမ်းက တွေ့ရှိချက်တွေကို အခြေပြုပြီး၊ အဖြေရှာဖို့ ရည်ရွယ်ထားတဲ့ မေးခွန်းတွေအပေါ် သုံးသပ်ချက်တွေကို စာတမ်းက ဆက်လက်ဆွေးနွေးထားပါတယ်။ အစိုးရရဲ့ ရောဂါကူးစက်ကာကွယ်နိုင်မှုမှာ အတိုင်းအတာ တခုအထိ အောင်မြင်တယ်လို့ စာတမ်းက ယူဆပါတယ်။ လိုအပ်တဲ့ ကျန်းမာရေးအစီအမံတွေကို လိုက်နာနေကြတဲ့ သူတွေ ရှိနေပေမဲ့ နှာခေါင်းစည်းမပါဘဲ ယခင်အတိုင်း ဆက်လက်သွားလာနေကြတဲ့သူတွေ ရှိနေတဲ့ အချက်က ပြည်သူလူထုအတွက် သူတို့ရဲ့ စိုးရိမ်မှုတွေ ဆက်လက်မြင့်တက်စေပါတယ်။ “ရောဂါ ကူးစက်နှုန်းကို ထိန်းချုပ်နိုင်ပြီလား”ဆိုတဲ့ အမေးအတွက် အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်တွေ အသက်ဝင်အောင် လုပ်ဆောင်နိုင်ခဲ့ရင်၊ အောက်ခြေက အကောင်အထည်ဖော်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ သေချာကိုင်တွယ်နိုင်မယ်ဆိုရင်၊ လိုအပ်ချက်တွေကို လျင်မြန်စွာ အရေးယူတုံ့ပြန်နိုင်ရင် ဖြစ်နိုင်ပါတယ်လို့ စာတမ်းက ဆွေးနွေးထားပါတယ်။
“နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လို ပြန်လည်ဆောင်ရွက်နိုင်မလဲ” ဆိုတဲ့ မေးခွန်းအတွက်လည်း စာတမ်းက ဆက်လက် ဆွေးနွေးထားပါတယ်။ အခြေခံကျတဲ့ လူတန်းစားတွေရဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကို ဖြေရှင်းပေးဖို့လိုအပ်တဲ့အပြင် အလုပ်အကိုင်နဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
အစိုးရအနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍအတွက် စနစ်တကျ အစီအစဉ်ရေးဆွဲကာ ရင်းနှီးမြှုပ်နှံသင့်ပြီး စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီရာမှာလည်း လုပ်ငန်းစုတွေအလိုက် ထိရောက်တဲ့အကြံဉာဏ်၊ ငွေကြေး၊ နည်းပညာ၊ လိုအပ်တဲ့ မူဝါဒတွေနဲ့ လက်တွေ့ထိရောက်အောင် စနစ်တကျ ကူညီနိုင်ဖို့ လိုအပ်ကြောင်း ထောက်ပြဆွေးနွေးထားပါတယ်။ ဆိုင်ရာကဏ္ဍအသီးသီးအတွက် လုပ်ဆောင်သင့်တဲ့ သုံးသပ်ချက်တွေကို စာတမ်းက ဆွေးနွေးတင်ပြထားတာ ဖြစ်ပါတယ်။
စာတမ်းရဲ့ အကြံပြုချက်များ
တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေကို ဖော်ပြပြီးတဲ့အခါမှာ ရောဂါကူးစက်မှု ကာကွယ်ရေး ထိရောက်စေရန်နဲ့ စီးပွားရေးကဏ္ဍတွေအတွက် အကြံပြုချက်တွေအပေါ် ဆွေးနွေးထားချက်တွေက သတိပြုစရာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ရောဂါကာကွယ်ခြင်းအလေ့အထကို ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းသာမက နောင်ကာလတွေအထိ ဆက်လက်ကျင့်သုံးလုပ်ဆောင်သွားသင့်ပြီး အခြားဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါအန္တရာယ်တွေကလည်း ကြိုတင်ကာကွယ်နိုင်ဖို့ လိုအပ်ကြောင်းဆွေးနွေးပါတယ်။ ပြည်သူတွေထံကို သတင်းအချက်အလက် ပိုမိုရောက်ရှိနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြန်ကြားရေးဌာနခွဲ ထားသင့်သလို ပြန်ကြားရေးဝန်ကြီးဌာနကလည်း ကျန်းမာရေးဌာနခွဲထားပြီး ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအပြင် ရောဂါပိုးကူးစက်ခံရသူနဲ့ သံသယလူနာတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပေါ် နှစ်သိမ့်ဆွေးနွေးနိုင်ဖို့ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်သင့်ကြောင်း ဆွေးနွေးထားပါတယ်။ စားဝတ်နေရေး အခက်အခဲတွေနဲ့အတူ ရာဇဝတ်မှုတွေ များပြားလာနိုင်တဲ့အချက်လည်းရှိနေတာကြောင့် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ ကျန်းမာရေးရှုထောင့်တခုတည်းက မဟုတ်ဘဲ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဆွေးနွေးထားပါတယ်။ ဒါအပြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းသင့်ပြီး အစိုးရရဲ့ ပံ့ပိုးကူညီမှုကို အမှန်တကယ် အကျိုးသက်ရောက်မှုအားကောင်းအောင် ဆောင်ရွက်သင့်ကြောင်း စတဲ့ အကြံပြုချက်များစွာကို ဖတ်ရှုဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ယခုသုတေသနစာတမ်းက လက်ရှိအစိုးရ ဦးဆောင်ဦးရွက်ပြုနေတဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေအပေါ် ပြည်သူလူထုရဲ့ နားလည်နိုင်မှု၊ လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ ထင်မြင်ယူဆချက်တွေကို အသားပြုဆွေးနွေးထားပါတယ်။ ဒါ့အပြင် ပြိုလဲယိုင်နဲ့နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြင်ဆင်နိုင်ဖို့အတွက် ဖြစ်တန်ချေရှိတဲ့ မူဝါဒပိုင်းဆိုင်ရာနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ စဉ်းစားချက်တွေကို ဆက်စပ်ဖော်ပြထားပါတယ်။ စာတမ်းရဲ့ တွေ့ရှိချက်တွေကလည်း မူဝါဒရေးဆွဲဖော်ဆောင်သူတွေအတွက် အစိုးရရဲ့ ရောဂါကာကွယ်ရေး လုပ်ထုံးလုပ်နည်းတွေ ဘယ်အတိုင်းအတာအထိ ပေါက်မြောက်နိုင်နေပြီလဲဆိုတာ တိုင်းတာနိုင်မယ့် စံပေတံတချောင်း ဖြစ်လာနိုင်ပါတယ်။
ဇော်ထက်ဦးသည် ISP-Myanmar ၏ Research Assistant တဦးဖြစ်သည်။
တကယ်တမ်းတော့ ကပ်ရောဂါ ကူးစက်မှုက လူသားတွေ ဖန်တီးပြီး ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ ပုစ္ဆာအဟောင်း၊ ပြဿနာအဟောင်းပဲ ဖြစ်ပါတယ်။
ယခုစာတမ်းဟာ မတ်လကုန်အထိ လက်လှမ်းမီတဲ့ သတင်း အချက်အလက်တွေပေါ်မူတည်ပြီး ရေးသားထုတ်ဝေတာဖြစ်ပေမဲ့ အစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေဟာ စာတမ်းမှာဖော်ပြထားတဲ့…
Discussion about this post